Monday, April 28, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အထူးကြေညာချက် - ၇/၀၄/၀၈

မူရင်းအတိုင်းဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၄) ရက်
၁၃၇၀ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၄) ရက်

အထူးကြေညာချက် - ၇/၀၄/၀၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်တော့မည်ဖြစ်ပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းတွင်လည်းကောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေနှင့် နည်းဥပဒေ တို့တွင်လည်းကောင်း လွတ်လပ်မှုနှင့် တရားမျှတမှုများ ယခုကတည်းက မရှိကြောင်းတို့ကို ဖတ်ရှုလေ့လာတွေ့ရှိရပါသည်။

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်) ၏ "ကူးပြောင်းရေး ကာလပြဌာန်းချက်များ" တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်ကိုတွေ့ ရှိရပါသည်။ ၎င်းမှာ -

"ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများ ဖြင့် အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် xxx" ဟု ရေးသားထားသောကြောင့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လွယ်ကူစွာ အတည်ပြုနိုင်မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ လေးပုံတပုံကျော်မဲဖြင့် လွယ်လင့်တကူ အတည်ပြုနိုင်ရန် ဖန်တီးထားပါသည်။ ယင်းမူကြမ်း၏ အခန်းအချို့မှာ ပြဌာန်းချက်များအား ပြင်ဆင်ခွင့်ကိုမူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်ဟု လွယ်ကူစွာ ပြင်ဆင်ခွင့်မရအောင် ပြဌာန်းထားပါသည်။ ဆိုလိုသည်မှာ ပြင်ဆင်ခွင့်ကိုမူ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ နှစ်ပုံတပုံကျော်မဲဖြင့်သာ ပြင်ဆင်ရမည်ဟု ခက်ခဲအောင် ရေးဆွဲထားပါသည်။

၂။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေနှင့် နည်းဥပဒေတို့မှာလည်း စံချိန်စံညွှန်းမမီသည်ကို တွေ့ရှိရပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို တားမြစ်ချက်နှင့် ပြစ်ဒဏ်များသတ်မှတ်ထားပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း လုံးဝမရှိပါ။ ဤသည်မှာ တဖက်သတ်ကျလွန်းပါသည်။

၃။ မဲရုံပိတ်ပြီးသည့်အချိန်တွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသည် (၁၀) ဦးထက်မနည်းသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တို့ရှေ့မှောက်တွင် ဆန္ဒမဲများအား ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲများကိုခွဲခြား၍ ရေတွက်ခြင်းနှင့် စာရင်း ပြုစုခြင်းတို့ရှိသော်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတွက် အာဏာပိုင်တို့ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များ ဖြင့် အာဏာပိုင်တို့ စိတ်ကြိုက်ဖွဲ့စည်းထားသည့် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်း ကော်မရှင်အဖွဲ့ခွဲများ တွင် အဆင့်ဆင့်ရောက်ရှိလာသော ကန့်ကွက်မဲ၊ ထောက်ခံမဲ၊ ပယ်မဲစာရင်းများကို စုပေါင်းစာရင်းချုပ်သည့် အချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထု စောင့်ကြည့်လေ့လာခွင့်မရှိပါ။ ယခုကဲ့သို့ ပွင့်လင်းမြင်သာမှု မရှိခြင်း သည် မမှန်မကန်လုပ်နိုင်သော အခွင့်အရေးကို ရရှိစေပါသည်။

၎။ ထို့အပြင် အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မရှင် ဥက္ကဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည် ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ဥက္ကဌတို့မှာ တဦးတည်းဖြစ်နေပြန်ပါသည်။ ဤသည်မှာ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မဖြစ်သင့်မဖြစ်ထိုက်ပါ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာ၌ အခြေခံရမည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများကို ဦးဆောင် ချမှတ်ခဲ့သော အမျိုးသားညီလာခံ လုပ်ငန်းကော်မတီဥက္ကဌက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်ဥက္ကဌဖြစ်လာသောအခါ၊ အမျိုးသားညီလာခံတွင် ၎င်းကိုယ်တိုင်ချမှတ်ခဲ့သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများအတိုင်း ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ယခုတဖန် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌအဖြစ် ထပ်မံတာဝန်ယူခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် ဦးစီးဦးဆောင်ရေးဆွဲခဲ့သော ဤမူကြမ်းကို အတည်ဖြစ်အောင် လုပ်မည်ဖြစ်ပါသည်။ ယင်းပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပရေး ကော်မရှင်မှာ လည်း လွတ်လပ်မှုမရှိဘဲ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယင်းကော်မရှင်အပေါ် သြဇာအာဏာ လုံးဝသက်ရောက်လျက် ရှိပါသည်။

၅။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းပါ အချက်များကိုလည်း ဆန္ဒမဲပေးကြရမည့် နိုင်ငံသူ နိုင်ငံသားများ သိရှိနိုင်ရန်၊ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ရှင်းပြခြင်း၊ မြို့ပြမှ သည် ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် ချပြခြင်းတို့ မရှိပါ။ ပြည်သူအများ ဖတ်ရှုလေ့လာနိုင်မည့် လုံလောက်သော အချိန်ရရန် ယင်းဖွဲ့စည်းပုံ မူကြမ်းစာအုပ်ကိုလည်း စောလျင်စွာနှင့် နေရာအနှံ့ ရောင်းချခြင်းတို့ ကို ယခုထိတိုင် မပြုလုပ်ပါ။

၆။ အစိုးရဌာန၀န်ထမ်းများ၊ စက်ရုံ အလုပ်ရုံမှ အလုပ်သမားများသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသည့် နေ့ရက်တွင် မိမိတို့နေထိုင်သော ဆန္ဒခံယူပွဲဒေသမှ ကျော်လွန်၍ ခရီးဝေးသွားရန်ရှိခြင်း၊ အခြားဒေသရှိ လုပ်ငန်းခွင်များသို့ ရောက်ရှိနေသူများဖြစ်ခြင်းတို့ မဟုတ်ပါဘဲလျက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နည်းဥပေဒေများ ပါ ပြဌာန်းချက်များကို ချိုးဖောက်၍ ယင်းဝန်ထမ်းများ၊ အလုပ်သမားများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနေ့တွင် မိမိတို့နေထိုင်ရာ ရပ်ကွက်မဲရုံ၌ ဆန္ဒမဲပေးခွင့်မပြုဘဲ သက်ဆိုင်ရာ အာဏာပိုင်တို့က ကြိုတင်ဆန္ဒမဲ ရယူခြင်း ဖြင့် ၎င်းတို့ထံမှ ထောက်ခံမဲရရှိရန် ဖိအားပေး ကြိုးပမ်းနေကြောင်းတို့ကိုလည်း ကြားသိနေရပါသည်။

၇။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်) တွင် ဒီမိုကရေစီ ကျင့်စဉ်များ၊ ဒီမိုကရေစီ အခွင့်အရေးများ ဆိတ်သုဉ်းနေပါလျက် "ဒီမိုကရေစီ ထွန်းကားရေး အခြေခံဥပဒေ အတည်ပြုပေး" ဟုလည်းကောင်း၊ "အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီရနိုင်သည်" ဟုလည်းကောင်း၊ ဒီမိုကရေစီ ကို အာသာဆန္ဒပြင်းပြစွာ လိုလားတောင့်တနေသော ပြည်သူလူထုကြီးအား အာဏာပိုင်တို့၏ နေ့စဉ်ထုတ် သတင်းစာများတွင် လိမ်လည်လှည့်ဖျား၍ စာလုံးကြီးများဖြင့် ကြွေးကြော်နေပါသည်။

၈။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် ဗဟိုမှသည် အောက်ခြေအထိ အာဏာပိုင် အဖွဲ့အစည်း အသီးသီးနှင့် ၎င်းတို့ ကျောထောက်နောက်ခံပြုထားသော အဖွဲ့အစည်းများအား ဗြောင်မဲဆွယ် စည်းရုံးခွင့်များ ပေးထားပါသည်။ ယင်းအဖွဲ့အစည်းများကလည်း ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ မရိုးမသား ပြောဆိုခြင်း၊ သြဇာအာဏာသုံးခြင်း၊ အခွင့်အရေးပေးခြင်းတို့ဖြင့် မဲဆွယ် စည်းရုံးလျက်ရှိပါသည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်၊ ပန်ကြားချက်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် သိရှိထားရ မည့်အချက်များ စသည့် စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍

(က) ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် စည်းရုံးရေးအဖွဲ့ထံမှ သက်ဆိုင်ရာ အာဏာပိုင်တို့က သိမ်းဆည်းရန် ကြိုးပမ်း ခြင်း၊ ယင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် (၂) ဦးကို ခေါ်ယူစစ်ဆေး မေးမြန်းခြင်း၊
(ခ) ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ် စည်းရုံးရေးအဖွဲ့ထံမှသိမ်းယူပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တို့က အပြည့်အ၀ ပြန်မပေးခြင်း၊ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များကို ခေါ်ယူစစ်ဆေး မေးမြန်းခြင်း၊
(ဂ) မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်တိုင်း ဒလမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် အဖွဲ့ချုပ်၏ စာရွက်စာတမ်း များအား သိမ်းဆည်းခြင်း၊ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းတို့ ရှိနေပါသည်။

၉။ ထို့အပြင် ထောက်ခံမဲပေး/မပေးကို သက်ဆိုင်ရာ အာဏာပိုင်တို့က တနည်းနည်းဖြင့် သိအောင် လုပ်နိုင် သည်။ ထောက်ခံမဲမပေးပါက ကျောင်းသားများဆိုလျှင် ကျောင်းထုတ်မည်၊ အလုပ်သမား ၀န်ထမ်းများဆိုလျှင် အလုပ်ဖြုတ်မည်၊ လယ်သမား ယာသမားများကို လယ်ယာမြေသိမ်းမည်၊ ရပ်သူရွာသားများကို ဖမ်းဆီး ချုပ်နှောင်မည် စသည့် ခြိမ်းခြောက်ခြင်းများလည်း ရှိနေပါသည်။ ဤကဲ့သို့သော နည်းမျိုးစုံဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် လွတ်လပ်မှုနှင့် တရားမျှတမှုများ မရှိအောင် ကြိုးပမ်းအားထုတ် လျက်ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုကြီးအနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် လျှို့ဝှက်ဆန္ဒမဲပေးသည့် စနစ်ဖြစ်သောကြောင့်လည်းကောင်း၊ ယင်းနည်းဥပဒေတွင် ကန့်ကွက်လျှင် ကြက်ခြေ ခတ် (X) အမှတ်အသားကို ရေးခြင်းဖြင့် မိမိ၏ ဆန္ဒကို ဖော်ပြရမည်ဟု ပြဌာန်းထားသောကြောင့် လည်းကောင်း၊ မိမိတို့ အခွင့်အရေး ရှိသည့်အတိုင်း ကြောက်ရွံ့ စိုးရိမ်ခြင်းကင်းစွာဖြင့် ဒီမိုကရေစီ ရရှိရေးအတွက် မဲရုံသို့ သွားကြပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ကြက်ခြေခတ် (X) ၍ မပျက်မကွက် ကန့်ကွက်မဲပေးကြပါစို့ ဟု ထပ်မံ တိုက်တွန်း နှိုးဆော်လိုက်သည်။

၂၁-၄-၀၈ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့


Read More...

အပေါ်သို့