Saturday, July 16, 2011

တဲ့တဲ့လုပ် အဟုတ်ဖြစ်တယ်

July 16, 2011
ဇော်မင်း

မပြောချင်တော့တဲ့ဟာကို ပြောရဦးတော့မယ်။ ကချင်မှာလည်း တိုက်ပွဲတွေဖြစ်၊ ရှမ်းဖက်မှာလည်းဖြစ်၊ ကရင်နယ်ထဲ မှာလည်းဖြစ်။ စစ်တိုက်တယ်ဆိုမှတော့ အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ အကြမ်းဖက်တဲ့အ တွက် မြေဇာပင်ဖြစ်ရတဲ့ သူတွေ လည်း အများကြီးပါ။ တိုက်ပွဲတွေ ဖြစ်ရတာကလည်း အုပ်ချုပ်သူက အေးအေးချမ်း ချမ်း ဖြေရှင်းလိုတဲ့ ဆန္ဒမရှိတာကနေ စတာ ကိုး။ ဘယ်သူပဲဖြစ်ဖြစ် အစော်ကားခံရတာများလာရင် တန်ပြန်ကြမှာပဲ။


ဒီနေရာမှာ တန်ပြန်တဲ့ ကိစ္စကို နည်းစနစ်ကျကျ တန်ပြန်ဖို့ ပြောလိုပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေအား လုံးဟာ နယ်စပ်မျဉ်း တခုခုနဲ့ ပတ်သက်နေရတယ်။ ထိုင်းမဟုတ်ရင် တရုတ်ပေါ့။ အိန္ဒိယနယ်စပ်မျဉ်း မှာတော့ လောက်လောက်လားလား တိုက်နေတဲ့ အဖွဲ့မရှိလေတော့ သိပ်တော့ မပြောလိုပါဘူး။ ပြောချင်တာက ဒီလို။ လက်နက်ကိုင် တိုက်နေတဲ့ အခြေအနေဆိုတော့ လက်နက်လိုတာပေါ့။ ကိုယ်ပိုင် ပန်းပဲဖိုက လက်နက်မထုတ်နိုင်ဘူး ဆိုရင် သူများဆီက ဝယ်ရမှာက သေချာတယ်။ အဲဒီတော့ လက်နက်ဝယ်ဖို့ ငွေလိုတယ်။ တချိန်ထဲမှာလည်း ငွေရှိဦးတော့ ကိုယ့် နယ်စပ်မှာ လက်နက်ဈေးကွက်က ကိုယ်ဝယ်လိုသလောက် ဈေးကွက်ရှိသေးရဲ့လား။ ဈေးကွက်ပျက်သွားပြီလား ဆိုတာကိုလည်း စောကြောဖို့ လိုပါတယ်။ သေနတ် အလက် နှစ်ဆယ်သုံးဆယ်လောက် ဝယ်လို့ရတာမျိုးကို ဆိုလိုတာ မဟုတ်ပါ။ ရာစည်း ထောင်စည်း ဝယ်ဖို့ ငွေရှိရင်ကော ဝယ်လို့ရသေးရဲ့လားလို့ ဆိုလိုတာ ဖြစ်ပါတယ်။

သမရိုးကျ စစ်တိုက်ခြင်းဟာ ငွေအတော်ကုန်တဲ့ အလုပ်ဖြစ်ပါတယ်။ ကြာရင် ငွေသိပ်မတတ်နိုင်တဲ့ဖက်က ရှုံးလေ့ရှိ တယ်။ ဒါဟာလည်း နေ့စဉ် စီးပွားရေး ကိစ္စလို ဖြစ်တယ်ဆိုတာ သဘောပေါက်မှာပါ။ နောက် တိုက်မယ့် ခိုက်မယ့် လူကလည်း လိုတယ်။ လူရတော့လည်း ကျွေးဖို့ မွေးဖို့၊ ဆေးကုဖို့၊ လေ့ကျင့်သင်တန်းပေးဖို့ ဒါတွေ လိုပြန်သေးတယ်။ မဆုံးနိုင်ဘူး လုပ်ရမယ့် အလုပ်က။ ရန်သူက ကိုယ့်ကို သမရိုးကျ စစ်ပွဲထဲ ဆွဲသွင်းတာကို ကိုယ့်ဖက်က နားလည်ထားဖို့ လိုတယ်။ ရေရှည်မှာ ကိုယ်က သမရိုးကျ စစ်ကို ဘယ်လောက် အချိန်ယူပြီး တိုက်နိုင်မလဲ။ စဉ်းစားဖို့ ဖြစ်ပါတယ်။

တိုတိုပြောရရင် တချိန်တုန်းက အိုင်ယာလန် သူပုန်တွေ လုပ်သလို လုပ်မှဖြစ်တော့မယ်။ စစ်ကြောင်းတွေနဲ့ ချီပြီး တိုက်ရတာကို အကန့်အသတ်နဲ့ ထားထားဖို့ လိုတယ်။ အိုင်ယာလန်က အိုင်အာအေ သူပုန်တွေဟာ အိုင်ယာ လန် တောတောင်တွေထဲမှာ သူပုန်စစ်သားတွေနဲ့ ချီတက်ပြီး အင်္ဂလိပ်တွေကို တိုက်ခဲ့တာမဟုတ်ဘူး။ မြို့ပေါ်မှာ အစိုးရ ယန္တယားတွေကို တိုက်တယ်၊ ခွဲတယ်၊ အစိုးရလူတွေကို သုတ်သင်တယ်။ အိုင်အာအေဟာ စစ်ယူနီဖောင်း မဝတ်ဘူး။ သူလိုငါလို အဝတ် အစားတွေနဲ့ မြို့ပေါ်မှာသာ လှုပ်ရှားတယ်။ နောက်ဆုံးတော့ အင်္ဂလိပ်အစိုးရဟာ အိုင်ယာလန် တောင် ပိုင်းကို လွတ်လပ်ရေး ပေးလိုက်ရတယ်။

ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရေရှည်တိုက်ပွဲဝင်ဖို့ အိုင်အာအေ နည်းကိုသုံးဖို့ လိုလာတယ်။ စစ် သွေးကြွအောင် မြှောက်ပေးတာ မဟုတ်ပါ။ ကိုယ်နိုင်တဲ့ဝန်နဲ့အားကို ပြောလိုတာသာ ဖြစ်ပါတယ်။ ဒီလိုနည်းကို ရွေး ရတာကလည်း အုပ်ချုပ်သူတွေရဲ့ ဗိုလ်ကျလွန်းတဲ့ စနစ်ကြောင့်ပါ။ နောက်တချက်က နယ်စပ်တွေကိုအားပြုပြီး တိုက် ရတော့ ထိုင်းမျက်နှာကြည့်ရ၊ တရုတ်မျက်နှာကြည့်ရ၊ ကုလားမျက်နှာကြည့်ရ ဖြစ်လာတယ်။ ရေရှည်မှာ ကိုယ့်ဘက် က အရှုံးချည်းပဲ။ ဒါကြောင့် စစ်မြေပြင်ဟာ တောတောင်တွေထက် မြန်မာပြည်ထဲက မြို့တွေသာ ဖြစ်သင့်တယ်။ သူ ပုန်တွေအတွက် ခံစစ်သေ သဘောဟာ ရေရှည်မှာ နစ်နာတယ်။ ခံစစ်သေသဘောမှာ ရေရှည်ခံစစ်သေကော၊ ရေတို ခံစစ်သေကော ဘယ်ဟာမှ မကောင်းဖူး။ ယာယီနာရီပိုင်း ခံစစ်သေမျိုးတောင် ခဏခဏကြုံလာရင် မကောင်းပါ။ ကျည်ဆံ သိပ်ဖြုန်းရလို့ ဖြစ်ပါတယ်။ ကျည်ဆံက ဝယ်ရတာကိုး။ ကိုယ့်စက်ရုံက ထွက်နေတယ်ဆိုရင်တော့ တမျိုး ပေါ့။

ကိုယ်လုပ်ရမယ့် အလုပ်ကို တဲ့တဲ့ လုပ်တာသာ အကောင်းဆုံးပါ။ တိုက်မယ့်သူကလည်း တိုက်သာတိုက်။ သို့သော် ဘယ်နည်းနဲ့ တိုက်မှာလဲ။ တောထဲမှာ တိုက်မှာလား မြို့ထဲမှာ တိုက်မှာလား။ လမ်းရွေးရပါတော့မယ်။ အရင်တုန်းက အဝေးရောက်အစိုးရ ဖွဲ့ပြီးစ အတော်လေး အားကိုးရမယ်လို့ ထင်ခဲ့ကြတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် လိုအပ်မယ့် ပစ္စည်းတွေ ကမ္ဘာပတ်ပြီး ရှာဖွေပေးနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အောက်က လူတွေကလည်း ခင်ဗျားတို့ သာရှာ ကျုပ်တို့ကတိုက်မယ်ဆိုတဲ့ ဝမ်းသာအားရ စိတ်မျိုး ရှိခဲ့ကြတယ်။ ဒါပေမယ့် အဝေးရောက်အစိုးရဟာ တိုက်ပွဲ ဝင်မယ့် အလုပ်မျိုးကို ဘေးဖယ်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ လော်ဘီလုပ်တဲ့ ဂွင်မျိုးထဲမှာပဲ နေခဲ့တယ်။

ကုလသမဂ္ဂလို နေရာမျိုးမှာ အစည်းအဝေး ထိုင်ရတာတွေကို ပိုပြီးနှစ်သက်သလို ဖြစ်ခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲ ဝင်နေ သူတွေအတွက် ဘာမှ ဆောင်ရွက် မပေးနိုင်ခဲ့ဘူး။ အပြစ်တင်တာ မဟုတ်ပါ။ ပြန်ပြီးသုံးသပ်ပြတာသာ ဖြစ်ပါ တယ်။ လက်နက်ကိုင် တိုက်တဲ့သူတွေအတွက် ဘာမှ လုပ်မပေးနိုင်ဘဲ လက်နက်ကိုင်နယ်ထဲမှာလာပြီး အခြေစိုက် တာကိုက စမှား နေတယ်။ လက်နက်ကိုင် ဒေသခံတွေ အဖွဲ့တွေအတွက် ကူညီတိုက်ပွဲဝင်တာမျိုး မဟုတ်တဲ့အတွက် ရေ ရှည်မှာ အဲသလို အဖွဲ့မျိုးတွေ တင်ကြွေးထားရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်ခဲ့ရတယ်။ အဲသလို အဖွဲ့မျိုးတွေ အတော်များများ တောထဲမှာ ရှိခဲ့တယ်။ ကိုယ့်ဟာကို သိကြမယ်လို့ ပြောလိုပါတယ်။

မီဒီယာမှာ လူသိပိုများတာကလွဲလို့ စစ်ရေးလုပ်ငန်းအရ ဘာအမြတ်မှ မထွက်ခဲ့ပါ။ ပြောခြင်တာကတော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တဲ့တဲ့ လုပ်ကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ တိုက်မယ်ဆိုလည်း တိုက်ပါ။ ကမ်ပိန်းလုပ်မယ့် သူကလည်း ကမ်ပိန်း လုပ်ပေါ့။ အကြမ်းမဖက်ကို ကြိုက်တဲ့သူက အကြမ်းဖက်နေတဲ့ နေရာဒေသအတွင်းမှာ တလွှားလွှား လာလုပ် နေတာမျိုးကတော့ သရုပ်ပျက်တယ်။ ရောကျော်လုပ်တာမျိုးက မရိုးသားဟု ပြောလိုတယ်။

ရှေ့မှာ မြို့ပေါ်တိုက်ပွဲတွေ အုပ်တာတွေ နှက်တာတွေ များသထက်များလာရင် အကြမ်းဖက်သမားလို့ ပြောကြပါလိမ့် မယ်။ ပြော ပါစေ။ ဒီလမ်းကို မိမိတို့က ကြိုက်လို့ရွေးတာ မဟုတ်ပါ။ နောက်ဆုံးရွေးစရာ မရှိလို့ ရွေးခဲ့ရတာသာ ဖြစ် တယ်။ နောက်ဆုံး ပြောလိုတာက သမရိုးကျ စစ်တိုက်တဲ့နည်းကို လျှော့ပြီး မြို့ထဲတွေမှာ တိုက်ပွဲဝင်မှသာ အာဏာ ရှင်တို့ဘက်က ကိုယ့်ဘက်ကို အရေးစိုက်ပြီး တန်းတန်းတူတူ စကားပြောလာမှာ ဖြစ်ပါတယ်။ အဲသလိုပဲ အာဏာရှင် တွေရဲ့ လက်ကိုင်ဒုတ်တွေလည်း ဝပ်ဆင်း သွားမှာ ဖြစ်ပါတယ်။ အရပ်ဝတ်ဝတ်ပြီး မြို့ပေါ်မှာသာ တက်ချကြပါလို့ နောက်ဆုံး အကြံပြုလိုပါတယ်။

Ref: နေ့သစ်

Read More...

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ

July 16, 2011
ဂါမဏိ

ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီ တိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံတခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီး ပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာနဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာနဲ့ မြေပြန့် ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည် က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေ ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့၅၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေ နဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။


မြန်မာနိုင်ငံလို့ ဒီကနေ့ခေါ်နေကြတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ လောက်က စပေါ်ထွန်းခဲ့တဲ့ ဧရာဝတီကို လွန်ခဲ့ တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကစပြီး စိုက်ပျိုးရေးကနေ သယ်ယူပို့ဆောင်ရေးနဲ့ သောက်ရေသုံးရေအထိ မှီခိုအား ထားခဲ့ကြပါတယ်။ ဧရာဝတီဟာ ကမ္ဘာမှာ ပဉ္စမမြောက်နုံးတင်မြေနု အဖြစ်ထွန်းဆုံး မြစ်ဝကျွန်းပေါ်ဒေသကိုလဲ ပေါ် ထွက်စေခဲ့ပါတယ်။ ဧရာဝတီ ကြောင့် တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဟန်လင်း၊ အင်းဝ၊ မန္တလေး၊ ပုဂံ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုသိမ်၊ မြောင်းမြ၊ တွံတေး၊ ဒလ၊ ဒဂုံ စတဲ့ ရှမ်း၊ ဗမာ၊ ပျူ၊ မွန် မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပါ တယ်။ ဒါပေမဲ့ ကိုယ်ကျိုးရှာ စစ်အာဏာရှင် အစိုးရ အဆက်ဆက်လက်အောက်မှာ ဧရာဝတီကို မျက်နှာလွှဲနေခဲ့လို့ ဧရာဝတီရဲ့ကျန်းမာရေးဟာ ယိုယွင်းကျဆင်းလာခဲ့ရပါတယ်။

အဲဒီအခြေအနေကို ကမ္ဘာကြီးပူနွေးလာမှု ကပ်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်စိုးရိမ်စရာကောင်းတဲ့ အနေအ ထား ရောက်လာ ပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်ကာလတွေအတွင်းမှာ နွေရာသီတွေဆို ဧရာဝတီဟာ သင်္ဘောသွားလို့ ရနိုင်ပါ့ မလား လို့တောင် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ရေအနက် လူတရပ်တောင်မရှိတာတွေ ဖြစ်လာတယ်၊ ဒါ့အပြင် ရေနည်း လတွေ ဟာလဲ ပိုများ ပိုရှည်ကြာလာ၊ သောင်တွေက ပိုကျယ်ပြော ပိုများပြား ပိုခိုင်မာလာပါတယ်။ အခုဆိုရင် ဧရာဝတီထဲ က ငါးဖမ်းရ တာတွေ က တနှစ်ကို ၃၅% ကျဆင်းနေပါပြီ။

ဒါပေမယ့် အခုတော့ စိုးရိမ်စရာအခြေအနေကနေ အသဲအသန်အခြေအနေကို ရောက်လာပါပြီ။ အဲဒါကတော့ ဧရာဝ တီမြစ်ရဲ့ အဖျားပိုင်း သို့မဟုတ် ရေဝေဒေသမှာ ရေကာတာကြီး ၁၂ ခုထက်မနည်း ဆောက်လုပ်ဖို့ တရုတ်နိုင်ငံ ကို ရောင်းစားလိုက် တာကြောင့် ဖြစ်ပါတယ်။

ဧရာဝတီရဲ့ရေတွေကို တရုတ်နိုင်ငံရောင်းစားလိုက်တဲ့ ရေအားလျှပ်စစ်ထုတ် ရေကာတာတွေကတော့ …

(၁) ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြီးနားမြောက်ဖက် မိုင် ၂၀ အကွာက မြစ်ဆုံရေကာတာဟာ မီဂါဝပ် ၆၀၀၀ ထုတ်မှာဖြစ် ပြီး တနှစ်ကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းစားထားတာ ဖြစ်ပါတယ်။

(၂) ဧရာဝတီရဲ့မြစ်ဖျားတခုဖြစ်တဲ့ မလိခမြစ်ပေါ်မှာ တည်မယ့် လာဇာရေကာတာက မီဂါဝပ် ၁၉၀၀ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဧရာဝတီရဲ့ နောက်မြစ်ဖျားဖြစ်တဲ့ မေခမြစ်ပေါ်မှာ ရေကာတာကြီး ၅ ခု ဆောက်မှာဖြစ်ပါတယ်။

(၃) တောင်ဖက်အကျဆုံး ချီဖွေ ရေကာတာက မီဂါဝပ် ၃၄၀၀ ထုတ်မယ်။

(၄) ပါရှီး (ခေါ်) ဝူဆောက် ရေကာတာက မီဂါဝပ် ၁၈၀၀ ထုတ်မယ်။

(၅) လာကင် (ခေါ်) ယီနန် ရေကာတာက ၁၄၀၀ မီဂါဝပ်ထုတ်မယ်။

(၆) ဖီဇော ရေကာတာက ၂၀၀၀ မီဂါဝပ် ထုတ်မယ်။

(၇) မြောက်ဖက်အကျဆုံး ခေါင်လန်ဖူး ရေကာတာက ၂၇၀၀ မီဂါဝပ်ထုတ်မယ်။

ဧရာဝတီမြစ်ဖျားခံရာ မဟုတ်ပေမဲ့ မြစ်ညာအထက်ပိုင်းမှာ ဧရာဝတီထဲစီးဝင်တဲ့ တပိန်မြစ်ပေါ်မှာလဲ ရေကာတာ ၂ ခု နဲ့ ပိတ်မှာ ဖြစ်ပါတယ်။

(၈) တပိန်-၁ ရေကာတာက မီဂါဝပ် ၂၄၀ ထုတ်မယ်။

(၉) တပိန်-၂ ရေကာတာက မီဂါဝပ် ၁၆၈ ထုတ်မယ်။

ဒီရေကာတာကြီး ၉ ခုက ကချင်ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။

မြစ်ညာအထက်ပိုင်းမှာဘဲ ဧရာဝတီထဲ စီးဝင်တဲ့ ရွှေလီမြစ်ပေါ်မှာလဲ ရေကာတာကြီး ၃ ခုနဲ့ ပိတ်မှာ ဖြစ်ပါတယ်။ ဒါ တွေကတော့ …

(၁၀) ရွှေလီ-၁ ရေကာတာဟာ မီဂါဝပ် ၆၀၀ ထုတ်လုပ်နေပြီး တရုတ်နိုင်ငံကို တင်ပို့နေပြီဖြစ်ပါတယ်။

(၁၁) ရွှေလီ-၂ ရေကာတာက မီဂါဝပ် ၄၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။

(၁၂) ရွှေလီ-၃ ရေကာတာက မီဂါဝပ် ၃၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။

ဒီ ၃ ခုက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီအောက်ပိုင်းအတွက် အဓိကရေဝေဖြစ်တဲ့ ချင်းတွင်းမြစ်ပေါ်မှာလဲ ရေကာတာကြီး ၅ ခု ဆောက်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး အိန္ဒိယနိုင်ငံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးဖို့ ရည် ရွယ်ထားပါတယ်။

ဒီရေကာတာတွေရဲ့ ပမာဏတွေကတော့ …

(၁၃) ထမံသီ ရေကာတာက မီဂါဝပ် ၁၂၀၀ ထုတ်မယ်။

(၁၄) ရွှေစာရေး ရေကာတာက မီဂါဝပ် ၆၆၀ ထွက်မယ်။

(၁၅) မော်လိုက် ရေကာတာက မီဂါဝပ် ၄၀၀ ထွက်မယ်။

(၁၆) ဟုမ္မလင်း ရေကာတာက မီဂါဝပ် ၁၅၀ ထွက်မယ်။

(၁၇) ချင်းတွင်းရဲ့မြစ်လက်တက်ပေါ်က မဏိပူရ ရေကာတာက မီဂါဝပ် ၃၈၀ ထွက်မယ်။

ဒီရေကာတာတွေဟာ မြန်မာပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား ဖောဖောသီသီသုံးနိုင်ဖို့၊ မြန်မာပြည် စက်မှုလုပ် ငန်းတွေ ထွန်းကားဖွံ့ဖြိုးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ တရုတ်အရင်းရှင်၊ ကုလားအရင်းရှင်တွေအကျိုးအတွက် ဖြစ်နေပါ တယ်။

ဒါတွေကိုကြည့်ရင် ဧရာဝတီ-ချင်းတွင်းတို့ရဲ့ရေတွေကို ပိတ်ဆို့လိုက်ပြီး တရုတ်နဲ့ကုလားလက်ထဲထည့်လိုက်မယ့် ပမာဏဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ တရုတ်နဲ့ လုပ်ငန်း တွေက စတင်နေပြီဖြစ်ပြီး အိန္ဒိယနဲ့လုပ်ငန်းတွေကတော့ မစနိုင်သေးပါဘူး။ ဒါကြောင့် ဧရာဝတီကို တရုတ်က စတင် မုဒိမ်းကျင့်နေပြီလို့ ပြောနိုင်ပါတယ်။

ဒါတွေနဲ့ယှဉ်ကြည့်ရင် ပြည်တွင်းမှာသုံးစွဲဖို့ ဆောက်လုပ်ထားတဲ့ ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ကလေး ကစားစရာလို ဖြစ်နေပါတယ်။ ပြည်တွင်းမှာ အကြီးဆုံးတည်ဆောက်ထားတဲ့ ရေကာတာတွေက ရဲရွာ (မီဂါဝပ် ၇၉၀)၊ ပေါင်း လောင်း (မီဂါဝပ် ၂၈၀)၊ လောပီတ-မိုးဗြဲ (မီဂါဝပ် ၂၀၀) တို့လောက်ပဲရှိပြီး ကျန်တာတွေက မီဂါဝပ် ၁၀၀ အောက် ၅၀ အောက် တွေချည်း ဖြစ်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေကို လျှပ်စစ်ဓာတ်အား ရောင်းစားဖို့ရည်ရွယ် ချက်နဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆောက်နေတဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း ရေကာတာ တွေကတော့ မီဂါဝပ် ထောင်ချီပြီး ထွက်မယ့် ဧရာမရေကာတာကြီးတွေ ဖြစ်နေပါတယ်။ အသေးဆုံးကတောင် မီဂါဝပ် ရာဂဏန်းအထက် ထွက်မယ့်ရေကာတာတွေ ဖြစ်နေပါတယ်။

စစ်အုပ်စုရဲ့ ရေကာတာဆောက်လုပ်ရေး ရည်ရွယ်ချက်က အပေါ်ယံအားဖြင့်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ် ဓာတ်အားပြည်ပတင်ပို့ရေး၊ လယ်ယာမြေတွေအတွက် ရေပေးဝေရေးလို့ပြောပေမဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ် ချက်တခုလဲ ရှိပါ တယ်။ အဲဒါကတော့ တော်လှန်ရေးအင်အားစုများ အနေကြုံ့စေရေး၊ တားဆီးကန့်သတ်ရေး ဖြစ်ပါ တယ်။ ပြည်တွင်းမှာ တည်ဆောက်တဲ့ ရေကာတာအငယ်တွေကော၊ နယ်စပ်အနီးအနားမှာ တည်ဆောက်တဲ့ ရေကာ တာကြီးတွေပါ ဒီရည်မှန်းချက် ထားပါတယ်။

ဒါ့အပြင် အများသိပြီးဖြစ်တဲ့ နောက်ကွယ်ရည်ရွယ်ချက်နှစ်ခုကတော့ ရေမြုပ်ဧရိယာကသစ်တောတွေ ခုတ်လှဲရောင်း စားဖို့၊ ရေကာ တာတည်ဆောက်ရေးမှာသုံးတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီ စတာတွေ ရောင်းစားပြီး သူဌေးဖြစ် ကြဖို့လဲ ဖြစ်ပါတယ်။

မဆလခေတ်မှာ ပထမဆုံးဆောက်ခဲ့တဲ့ မိုးဗြဲဆည်ဟာ ရှမ်းပြည်တောင်ပိုင်း အင်းဒေသက ကွန်မြူနစ်တွေနဲ့ ပအိုဝ်း တော်လှန်ရေး တွေရဲ့ အခြေခံဒေသပျက်ပြားဖို့၊ မြန်မာပြည်အတွင်းပိုင်း ထိုးဖောက်ရေးကို အဟန့်အတားဖြစ်ဖို့ ရည် ရွယ်ခဲ့ပါတယ်။ ပဲခူးတိုင်းမှာ ဆောက်ခဲ့တဲ့၊ ဆောက်နေတဲ့ တောင်နဝင်း မြောက်နဝင်း ပဲခူးချောင်း ရဲနွယ် ဇောင်းတူ ကွန်ချောင်း ဖြူးချောင်း ခပေါင်း စတဲ့ ရေကာတာတွေဟာလဲ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ ကရင်တော်လှန်ရေးသမားတွေ ပြန်အခြေမခံနိုင်အောင်၊ စစ်တောင်းမြစ်ကူးလာပြီး ကွင်းထဲကနေရိုးမပေါ် တက်ရခက်အောင်၊ ရိုးမပေါ် သွားလာရ ခက်အောင်၊ ရိုးမပေါ်ကနေ အဓိကကွင်းဒေသတွေကို ထိုးဖောက် ဝင်ရောက်ရခက်အောင် တည်ဆောက်ခဲ့တာဖြစ်ပါ တယ်။

မန္တလေးတိုင်းက ကင်းတား (ညောင်ကြပ်)ဆည်ဟာ ရွာငံ-ရေဦးနယ်ကနေ ကျောက်ဆည်နယ်ကို ဗကပ တွေ စိမ့်ဝင် မလာ နိုင်အောင် တားဆီးဖို့ရည်ရွယ်ခဲ့သလို ဆည်တော်ကြီးဆည်ကတော့ မိုးမိတ်-မိုးကုတ်နယ်ကနေ ဗကပ တွေ၊ ရှမ်း နဲ့ ပလောင် တော်လှန်ရေးတွေ မန္တလေးဘက် မထိုးဖောက်နိုင်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည် ရပ်စောက် ဒေသက ဇော်ဂျီ ရေကာတာ ဟာ ဗကပ တွေနဲ့ ရှမ်းသူပုန်တွေရဲ့ အခြေခံမှု လှုပ်ရှားမှုတွေ၊ မသုံးလုံးဒေသ ထိုးဖောက် ရေးတွေကို ဟန့်တား ဖို့ဖြစ်သလို မူးချောင်းဖျား သဖန်းဆိပ်ရေကာတာက ဗကပ၊ ကချင်နဲ့ ကျောင်းသားတော်လှန်ရေး တွေ ကဒူးကနန်းဒေသ မြစ်ဖျား တိုင်းကနေ ရွှေဘို စစ်ကိုင်း မန္တလေးဘက် ထိုးဖောက်မှာကို တားဆီးဖို့ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံနဲ့ မေခ-မလိခမြစ်ပေါ်က ရေကာတာတွေ၊ တပိန်မြစ်ပေါ်ကရေကာတာတွေဟာ ကချင်တော်လှန်ရေး တွေရဲ့ အခြေခံနယ်မြေသေးကြုံ့ရေးနဲ့ ဆက်သွယ်သွားလာမှုခက်ခဲရေးကို ရည်ရွယ်သလို ရွှေလီရေကာတာတွေဟာ ကချင်၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ ဆက်သွယ်သွားလာမှုခက်ခဲစေဖို့၊ နယ်မြေကြုံ့သွားစေဖို့ ဖြစ်ပါတယ်။ ဗကပ၊ ရှမ်း နဲ့ ပလောင် တော်လှန်ရေးတွေ နောင်မှာ ပြန်ပြီးခြေချမရအောင် ရှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူ နဲ့ နမ့်လန် ရေကာတာဆောက်ဖို့ စီမံကိန်းလဲ ချထားပါတယ်။

အထက်သံလွင်နဲ့ တန့်ယန်းရေကာတာတွေဟာ ဗကပဟောင်း ကိုးကန့် ဝ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်း-ကချင်တော် လှန်ရေး တွေရှိရာ သံလွင်အနောက်ခြမ်း အဆက်ပြတ်အောင် ရည်ရွယ်ပြီး ရှမ်းပြည်တောင်ပိုင်းက ကျိုင်းတောင်း၊ တိန်း ချောင်း၊ တာဆန်း၊ နမ့်ခုတ် (မိုင်းဆတ်) ရေကာတာတွေက ရှမ်းတော်လှန်ရေးတွေကို ခက်ခဲအောင်ရည်ရွယ်တာ ဖြစ် ပါတယ်။

အထက်ပေါင်းလောင်း နဲ့ နန်းချို ရေကာတာတွေ ကတော့ ဗကပ၊ ပအိုဝ်း နဲ့ ကယန်း လက်နက်ကိုင်တွေကို ဟန့်တား ဖို့ဖြစ်ပြီး ကရင်နီပြည်က ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန် (ဘောလခဲ)၊ ရှားတော ရေကာတာတွေဟာ အပစ်ရပ်တွေအပါ အဝင် ကရင်နီနဲ့ ကျောင်းသားလက်နက်ကိုင်တွေကို ဟန့်တားဖို့ ရည်ရွယ်ချက် ပါရှိပါတယ်။

ကရင်နဲ့ ကျောင်းသားတော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ဖို့ရည်ရွယ်တဲ့ ရေကာတာတွေကတော့ သောက်ရေခပ်၊ ရွှေကျင်၊ ဘောဂထာ၊ ယွန်းစလင်း၊ ဒေါင်းဂွင်၊ ဝဲကြီး (ကရင်နီတော်လှန်ရေးကိုပါ ဟန့်တားနိုင်မယ်)၊ ဟတ်ကြီး၊ ဘီးလင်း နဲ့ တနင်္သာရီရေကာတာတွေဖြစ်ပါတယ်။

ရခိုင်ပြည်မှာလဲ ရခိုင်လက်နက်ကိုင်အင်အားစုတွေကို ကြိုတင်ဟန့်တားတဲ့အနေနဲ့ စိုင်းတင် နဲ့ လေးမြို့ ရေကာတာ တွေဆောက်ဖို့ စီမံကိန်းဆွဲထားပါတယ်။

“သောင်းကျန်းသူနှိမ်နင်းရေး မဟာဗျူဟာ” ဆိုတဲ့ စစ်ရေးအဓိကအမြင်နဲ့ ရေလှောင်တမံတွေ ရေကာတာတွေ ဆောက်သလို စစ်ရေးအမြင်နဲ့ပဲ နည်းပညာညံ့ မြစ်ကူးတံတားကြီးတွေ ဆောက်ခဲ့တဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်း တွင်း မြစ်ကြောင်း ပျက်စီးမှု တွေလဲ ဘယ်ခေတ်နဲ့မှမတူအောင် ဖြစ်ခဲ့ရပါတယ်။

စစ်အုပ်စုဟာ တချက်ခုတ် သုံးချက်ပြတ်အဖြစ် ကိုယ့်အာဏာစည်းစိမ်မြဲရေးအတွက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို ပိတ်ဆို့ကန့်သတ်ဖို့တင်မက တရုတ် ကုလား ယိုးဒယားတို့သဘောကျစေဖို့နဲ့ နိုင်ငံခြားငွေရစေဖို့ နယ်ခြား ဒေသရေကာတာကြီးတွေ ဆောက်လုပ်ခဲ့ရာမှာ နိုင်ငံ့အချုပ်အခြာအာဏာကို ဘေးချိတ်လိုက်ပါတော့တယ်။ ကိုယ့် တိုင်းပြည်က အဓိကပင်မသယံဇာတတွေကို နိုင်ငံခြားသားလက် ထိုးအပ်တာလောက် အချုပ်အခြာအာဏာ ထိခိုက် တာ မရှိပါဘူး။ အခုလိုထိုးအပ်လိုက်တာဟာ နိုင်ငံ့အသက် သွေးကြော ဧရာဝတီမြစ်ကို သေဒဏ်ပေးလိုက်တာနဲ့ အ တူတူ ဖြစ်ပါတယ်။

နိုင်ငံ့ရဲ့ အသက်သွေးကြော မြစ်မကြီးတွေ၊ နိုင်ငံ့ရဲ့ အခြေခံသယံဇာတရင်းမြစ်တွေကို ရောင်းစားတာ၊ နိုင်ငံတွင်းက အခြေခံ ပြည်သူလူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဘဝတွေကို ပျက်သုဉ်းစေတာဟာ တကယ်တော့ အ ချုပ်အခြာအာဏာကို ရောင်းစားတာ ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။ အထွက်ကောင်းလှတဲ့ သဘာဝဓာတ်ငွေ့တွေ ကို ပြည်တွင်းမှာ အကြီးအကျယ် လိုအပ်နေတဲ့ လျှပ်စစ်မီးရရေး၊ စက်မှုထွန်းကားရေးမှာ မသုံးဘဲ ၈၀% လောက်ကို ထိုး အပ် လိုက်ကတည်းက အချုပ်အခြာ အာဏာ ပါသွားခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အကြီးအကျယ်အော်နေတဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အပါအဝင် ဒို့တာဝန်အရေးသုံးပါး နဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆိုတာ လိမ်လုံးညာလုံးတွေဖြစ်ကြောင်း လယ်ပြင်မှာဆင်သွား သလို ရှင်းလင်းလှပါတယ်။

တကယ်လုပ်ရမှာက သူပုန်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းတာ (ရေကာတာတွေဆောက်လို့ သူပုန်တွေ မထိခိုက် တာကို မိုးဗြဲရေကာတာဝန်းကျင်က ရလလဖ-ပအိုဝ်းနီ၊ ကယန်း နဲ့ ဗကပ သူပုန်တွေက သက်သေပြခဲ့ပါပြီ)၊ တိုင်းရင်း သားတွေကို တန်းတူအခွင့်အရေး အပြည့်အဝပေးတာ၊ မြစ်ဝှမ်းတလျှောက်သစ်တောတွေ ထိန်းသိမ်းတာ ပျိုးထောင် တာ၊ မြစ်ကြောင်း အနေ အထား မပျက်ယွင်းစေတဲ့ မြစ်ကူးတံတားကြီးတွေ တည်ဆောက်တာ၊ မြစ်ကြောင်းပျက် အ ဆိပ်သင့်စေတဲ့ ရွှေတူးမှု ယူရေနီယမ် တူးမှုတွေကို ကန့်သတ်ကြီးကြပ်တာ၊ မြစ်ကြောင်းတခုလုံးကို ခေတ်မီယန္တရား စက်ကြီးတွေနဲ့ သောင်တူး သောင်ဖြိုပစ်တာတွေ လုပ်ရမှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားအတွက်လဲ သဘာဝပတ် ဝန်းကျင်ပညာရှင်တွေ၊ ရေကာတာပညာရှင်တွေ၊ ဒေသခံလူထု တွေဆီက သေသေချာချာ အကြံဉာဏ်ရယူပြီးမှ (လျော်ကြေးလဲ လောက်လောက်ငှငှပေးပြီးမှ) တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒါတွေကို ဗဟိုအစိုးရကပဲ လုပ်နိုင်မှာဖြစ်ပေမဲ့ လက်ရှိဗဟိုအစိုးရ စစ်အာဏာရှင်တွေကတော့ တိုင်းပြည့်အချုပ်အခြာ အာဏာကို ရောင်းစားနေတာဖြစ်လို့ အခုအခါ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က တပြည်လုံးအကျိုးအတွက် သူ နိုင်သလောက်ကို လုပ်နေပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ရဲရဲကြီးအာဏာဖီဆန်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲ လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရာဇဝင်များရဲ့သတို့သမီးကို အထည်ကြီးပျက်မုဆိုးမ မဖြစ်အောင် ကယ်တင်ဖို့ တိုက် ပွဲ ဖြစ်တဲ့အပြင် ပြည်ထောင်စုရဲ့ အချုပ် အခြာအာဏာပြန်လည်ရယူရေးတိုက်ပွဲလဲ ဖြစ်ပါတယ်။

တချိန်ကတော့ လောပိတ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ ကရင်နီပြည် ရှမ်းပြည်က လူထုတွေအဖို့ စိုင်းထီးဆိုင် သီချင်း ထဲကလို “ဖြတ်သာသွားတယ် မနားတယ်” ဖြစ်ခဲ့ပေမဲ့ အခုတော့ ကချင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ တနိုင်ငံ လုံးက ပြည်သူလူထုတွေအတွက် လျှပ်စစ်လိုင်းကြိုးတွေနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ “ဖြတ်သာသွားတယ် မနား တယ်” ဖြစ်လာပါပြီ။

အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင်မလုပ်တဲ့ စစ်အစိုးရလက်ထက်မှာ ဗမာပြည်ဗဟိုချက် မန္တလေးမြို့တော် ရဲ့ မြေယာ အိုးအိမ်တွေ နောက်တိုး’လူဝါ’များလက်ထဲရောက်သွားတာ တဆက်တစပ်တည်း ဖြစ်လာပါတယ်။ သီပေါ မင်းလက်ထက် ၁၈၈၄-၈၅ ခုမှာ မန္တလေးလူဦးရေ တသိန်းနီးပါးမှာ တရုတ်ဦးရေက ၇၀၀၀ ရှိခဲ့ပါတယ်။ ဒီကနေ့ မန္တ လေး လူဦးရေတသန်းမှာ တရုတ်လူဦးရေက ၄ သိန်းနီးပါးရှိနေပြီး သခင်လူတန်းစားသစ် ဖြစ်လာပါတယ်။

အချုပ်အခြာအာဏာဆိုတာ ဒြဗ်မဲ့ မဟုတ်ပါ။ အကောင်အထည်ရှိတဲ့ ရေ မြေ တွင်းထွက်နဲ့ လူသားတွေကို ထိန်းချုပ် တာဟာ အချုပ်အခြာအာဏာကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ အခု ဒါတွေကို ဘယ်သူကထိန်းချုပ်ထားသလဲ ဆိုတာ မန္တလေးသားတွေ သိပါတယ်၊ ကချင်ပြည်သားတွေ၊ ရခိုင်ပြည်သားတွေ၊ ရှမ်းပြည်သားတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး အစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံသားတွေ သိကြပါတယ်။

ဒါကြောင့် ဒီကနေ့ ဒီအချိန်မှာ ဧရာဝတီကိုကယ်တင်ဖို့ဆိုရင် ကေအိုင်အိုရဲ့လက်နက်ကိုင်တိုက်ပွဲကို ပြည်တွင်းပြည်ပ အားလုံးက ဝိုင်းရံပံ့ပိုးပြီး ဧရာဝတီ၊ တပိန်၊ ရွှေလီ၊ သံလွင်၊ ချင်းတွင်းမြစ်တွေပေါ်က ရေကာတာစီမံကိန်းတွေကို ရိုက် ချိုးဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။ ကေအိုင်အိုရဲ့ ဧရာဝတီအရေးတော်ပုံကို တပြည်လုံးအနှံ့လက်နက်ကိုင်တိုက်ပွဲတွေ လူထုတိုက်ပွဲတွေ တပ်တွင်း ပုန်ကန်မှုတွေနဲ့ ပေါင်းစပ်ဖို့နည်းမှတပါး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခြားလမ်း မရှိပါ။

Ref: နေ့သစ်

Read More...

တနိုင်းမြို့က မာရှယ်လော

July 16, 2011

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင်း အစိုးရတပ်ထောင်ထားသောမိုင်းကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် လုပ်ကိုက် စားသောက်ဖို့ ခက်ခဲနေကြကြောင်း သိရှိရသည်။

“အရင် ဒကစမှူး ဗိုလ်မှူးချုပ် အောင်မြတ်ဦး ရှိစဉ်၊ တနိုင်းဒေသဟာ အေးချမ်းပြီး သေနတ်သံ မိုင်းသံများလည်း မ ကြားရဘူး။ ဗိုလ်မှူးချုပ် အောင်မြတ်ဦး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးတာဝန်နဲ့ ပြောင်းသွားပြီး ဇူလိုင် ၃ ရက်နေ့ ပြန်ရောက် လာ သော ဒု ဒကစမှူး ဗိုလ်မှူးကြီး အောင်တိုး လက်ထက်မှာ တနိုင်းဒေသခံပြည်သူများဟာ အမြဲ ကြောက်လန့်စိုးရိမ်နေရတယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရသည်။


ဗိုလ်မှူးကြီး အောင်တိုးသည် ယခင် မိုးမိတ်ဗျူဟာမှူးတာဝန်ယူနေစဉ် KIA တပ်ရင်း – ၁၅ ဆန်ဂန် (sang gang) နဲ့ ဘွမ်ဆန် (Bum Sen) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြည်တွင်းစစ်ကို ဖန်တီးလိုက်သော အဓိကတရားခံလည်း ဖြစ်သည်။

ယခု တနိုင်း ဒု ဒကစမှူးတာဝန်နဲ့ ဇူလိုင် ၃ ရက်မှာ ရောက်လာပြီး ဇူလိုင် ၁၂ ရက်နေ့မှာ တနိုင်းမြို့ရှိ ဌာနဆိုင်ရာကို အစည်းအဝေးတရပ်ပြုလုပ်ပြီး မာရှယ်လော ထုတ်ပြန်ရန် တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ကို ညွှန်ကြားခဲ့ ကြောင်း စစ်ဘက်နှင့် နီးစပ်တဲ့သတင်းများအရ သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် မှတဆင့် ဇူလိုင် ၁၃ ရက်နေ့တွင် ရပ်ကွက်လူကြီးများအား “ယနေ့မှ စ၍

(၁) ည ၉း၀၀ နာရီနောက်ပိုင်း အပြင်မထွက်ရ

(၂) အိမ်ထောင်စု စစ်ဆေးမည်ဖြစ်ကြောင်း

(၃) တောင်/လယ်ယာ လုပ်ကိုင်သူများအား တပတ်အတွင်း မိမိအိမ်၌ ပြန်ရောက်ရှိရမည်။

(၄) ညနေပိုင်း ၄း၀၀ နာရီကျော်၍ မြို့ပြင်မှာ သွားလာတာတွေ့ရင် သေနတ်နဲ့ပစ်ဖို့ စစ်သားများအား ညွှန်ကြားထား ကြောင်း

(၅) တနိုင်းမြို့ပြင် ၃ မိုင် ပတ်လည်မှာ မိုင်းများထောင်ထားကြောင်း” ဟု ပြောကြားကြောင်း အစည်းအဝေး တက် ရောက်ခဲ့တဲ့ ရပ်ကွက်လူကြီးတဦး ပြောကြားချက်အရ သိရှိရပါသည်။

လွန်ခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ခလရ (၈၆) ထောင်ထားသောမိုင်းကြောင့် တနိုင်းဒေသခံ ဦးသီဟဇော်နှင့် ဦးဒိန်ရိန်တူး တို့ တောင်ယာမှ ပြန်လာချိန် မိုင်းနင်မိပြီး ခြေထောက်နှစ်ဖက်လုံး ကျိုးသွားသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

တနိုင်းမြို့ အခြေစိုက်တပ်များတွင် ခလရ (၈၆) ၊ ခလရ (၂၃၈) ၊ ခလရ (၃၁၈) ၊ နှင့် အမြောက်တပ်ရင်းများရှိပြီး ၎င်းတို့ဟာ နေ့စဉ် မြို့ပြင်ဘက်သို့ လက်နက်ကြီးလက်ငယ် ပစ်ခတ်လေ့ကျင့်မှု၊ မိုင်းထောင်ခြင်း၊ သေနတ်ဖောက်သံ များနှင့် မာရှယ်လော အမိန့်ကြောင့် ဒေသခံများဟာ မိမိလုပ်ကိုင်နေရသော လယ်ယာများကို ဆက်မလုပ်နိုင်တော့ဘဲ ကျွဲ၊ နွားများကိုပါ စွန့်ခွာထားပြီး ရွာထဲသို့ ပြန်သွားကြရကြောင်း သိရသည်။ ယခုကဲ့သို့ ဟူးကောင်းဒေသ တနိုင်းမြို့တွင်း မာရှယ်လော အမိန့် ကြောင့် ဒေသခံ ပြည်သူများ၏ ခရီးသွားလာမှုနှင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နိုင် ဖွယ်ရှိကြောင်း တွေ့မြင်ရပါသည်။

Ref: နေ့သစ်

Read More...

မောင်မောင်တိတ် (သို့မဟုတ်) ၇၄ ကျောင်းသားခွပ်ဒေါင်း သူပုန်ကြီး

July 16, 2011
ကိုဆက်

သူ့ကို ကြီးသူနှင့် ရွယ်တူများက “ကိုတိတ်” ဟု ခေါ်ကြသည်။ သူ့ထက်ငယ်သူ ကျနော်တို့ အားလုံးကတော့ အဘ တိတ် ဟု ခေါ်သည်။ ချာတိတ်တွေကလည်း ချစ်စနိုးနှင့် “အဘတိတ်”။ ထိုသို့ခေါ်ဝေါ်ခြင်းတွင် ချစ်ခင်လေးစားမှုနှင့် ရိုသေသ မှုများ ပါဝင် နေသလို၊ ဒါကို သူကလည်း သိပါသည်။

သေချာသည်မှာ သူ့ အသက်အရွယ်သည်။ ယနေ့ကာလ၌ အဘအရွယ်သို့ ရောက်ရှိနေပြီ။ ၅၀ ကျော် ၆၀ တန်း၊ ဆံ ပင်ဖြူ၊ နှုတ်ခမ်းမွှေးဖြူ မုတ်ဆိတ်မွှေးများဖြူ၍ တင်စားဆိုရမလား ကဗျာဆန်ဆန်ပြောရမလားမသိ ကမ္ဘာကျော် ဗီယက်နမ် ခေါင်း ဆောင်ကြီး “ဟိုချီမင်း” လိုလို သို့မဟုတ် တရုတ်ပြည်မှ တော်လှန်ရေး စာရေဆရာကြီး လူရွှန်း လိုလို။ လူချင်း တွေ့ခိုက်, ယင်းသို့ ပြောလျှင်သူသည် မကြိုက်သလိုလိုနှင့် ( စိတ်ထဲမှာကျိတ်၍) “တဟဲဟဲ” သဘောကျနေ တတ်သည်။ ဒါကို ကျနော် တို့ကသိသည်။ သူ့ပုံစံကလည်း ထိုအတိုင်းဖြစ်နေသည်။ ထားတော့…


သူ့အမည်ရင်းသည် မောင်မောင်တိတ် ပဲခူးသား။ အဘတိတ်သည် ဗမာပြည် ဗိုလ်နေ၀င်းခေတ်၊ မဆလ တပါတီအာ ဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်နှင့် စစ်အစိုးရပြုတ်ကျရေး၊ ကျောင်းသားရေးများတွင် အသက်အ ရွယ်နှင့်မမျှ ဦးဆောင် ပါဝင်လှုပ်ရှားခဲ့သူ လူငယ်ကျောင်းသားတဦး ဖြစ်သည်။ သေချာသည်မှာ နိုင်ငံရေးအရ စိစစ်သုံး သတ်ရလျှင် ဗိုလ်နေ၀င်း၏ မတရားတဲ့ ၇၄ အခြေခံဥပဒေကို၊ ပထမဆုံးတရားဝင် ဗြောင်ဆန့်ကျင်ကန့်ကွက်သည်ဟု မှတ်ချက်ပြုရမည်။ ဦးသန့် အရေး အခင်းတွင် တိုက်ပွဲဝင် ခွပ်ဒေါင်းကျောင်းသား ခေါင်းဆောင်တဦး (၀ါ) ကျနော်တို့ အဖေများလက်ထက်မှ ဆက်၍ လက် ဆင့်ကမ်းခဲ့သည့် ဗကသများအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံတော်ကို သူတို့ခေတ် သူတို့အခါ၌ အမြင့်မားဆုံး လွှင့်ထူ အစမ်းသပ် ခံလုပ်ဆောင်ခဲ့သည့် သမိုင်းများရှိခဲ့သည်။

ဦးသန့်အရေးအခင်းနှင့် အဘတိတ်၏ ရာဇ၀င်များသည်။ အတော်များများသိပြီးဖြစ်၍၊ ကျနော်အကျယ်ချဲ့မရေးတော့ မရေးလိုတော့၊ ကျနော် အဓိကရေးလိုသည်မှာ ဗမာပြည် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ စောမောင် စစ်အစိုးရမှ ၁၉၈၈၊ စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းပြီးနောက် တောခိုသွားခဲ့ရသည်။ (တနည်း) တော်လှန်ပုန်ကန် ခဲ့ရသည်။

ကျောင်းသားတပ်မတော်ခေါ် ABSDF ကျောင်းသားသူပုန် လှုပ်ရှားမှုထဲမှ အဖြစ်အပျက်တချို့ပဲ ဖြစ်သည်။ ကျနော်တို့ ဗမာပြည်တွင် သူပုန်သကန်ဟူသည်။ တည်ဆဲတိုင်းပြည် အုပ်ချုပ်မင်းလုပ်သူကို ဆန့်ကျင်ပုန်ကန်သူများအဖြစ်၊ ရှေး ပဒေသရာဇ် မင်းဘုရင်များခေတ်၌ ထောင်ထားခြားနားသူများအဖြစ် မကောင်းသတင်း ဖွင့်ခဲ့ကြသည်။ အသေချာဆုံးမှာ မည့်သည့်ခေတ်ဖြစ်စေ မင်းကျင့်တရားဆယ်ပါးခေါ် အစိုးရများ၏ တာဝန်ဝတ္တရားများကို မှန်မှန်ကန်ကန် ကျင့်သုံးဆောင် ရွက်နေလျှင်၊ ပုန်ကန်သူမရှိ၊ ဆန့်ကျင်ထောင်ထားခြားနားမည့်သူ မရှိ၊ အေးချမ်းသာယာနေမည် ဖြစ်သည်။

သို့သော် ထိုအချက်ကဏ္ဍများဟာ ပျက်ကွက်ချို့ယွင်းနေပါလျှင်၊ သူပုန် သကန်ဟူသည်, မတရားမဟုတ်၊ တရားမှုဖြစ် သည်။ မမှန်ကန် မတရား၊ အဓမ္မ ဓါးမိုး အုပ်ချုပ်ဖိနှိပ်မှုများကို ဆန့်ကျင်အံတု ပုန်ကန်သူများပဲ ဖြစ်မည်။ တည့်တည့် ပြော ရလျှင် ယနေ့ ဗမာပြည်စစ်အစိုးရများခေတ်တွင် သူပုန်ဟူသည် အမှန်တရား တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဓမ္မတရား တို့၏ သင်္ကေတ၊ နိမိတ်ပုံများပဲ ဖြစ်နေပါပြီ၊ ယနေ့ခေတ်သည်။ စစ်အေးခေတ်အပြီး၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေါ်၊ မာကီ စစ်စတန်၊ တကမ္ဘာလုံးခြုံ ၀ါဒ အယူအဆပေါင်းစုံ ဆက်နွယ်ပေါင်းကူး ဆက်စပ်ပတ်သက်နေခဲ့သော အချိန်ကာလ ကြီး ဖြစ်နေသည်။ သူပုန်မှားသည် အပြတ်ပြောမရ၊ တရားဝင် အစိုးရတရပ်မှားလျှင် မှားနေမည်။ မည်သို့ပင် ဖြစ်စေ ကျနော်တို့ချစ်သော “အဘတိတ်” သည် (သို့မဟုတ်) ဦးမောင်မောင်တိတ်သည် သူပုန်ဘ၀သို့ရောက်ခဲ့သည်။

သူဟာ ကျနော့ကို အဖြစ်အပျက်တစုံအား အမှတ်တရ ပြောပြခဲ့သည်။ သူ ကျောင်းသားသူပုန်အဖြစ်၊ ရှစ်ဆယ်ရှစ်တွင် ကရင်ပြည်နယ်သို့ တောခိုဝင်ရောက်ခဲ့ချိန် တပ်ရင်းအမည် စခန်းနံပါတ်များကိုတော့ ကျနော်မမှတ်မိတော့၊ တော ထဲ တောင်ထဲ သူပုန် စခန်းထဲတွင် သူပုန်လူငယ်လေးတဦး သွေးဝမ်သွားနေချိန် အညစ်ကျေးများ သုတ်သင် သန့်စင်ရန်၊ စက္ကူ သွားရှာသည်။ တောထဲ တောင်ထဲ ရှားပါးလှသော စက္ကူရှာဖွေရရှိပြီး ထိုလူနာရဲဘော်လေးဆီသို့ ပြန်ရောက် ချိန် ၌၊ ဖြစ်သွားခဲ့ပုံများ ထိုရဲဘော်လေးအနီး ကျန်ရစ်ခဲ့သူ ရဲဘော်လေးတဦးဟာ သူ၏လက်ဖြင့် လူနာရဲဘော်ငယ်၏ သွေးမ စင်များကို (စက္ကူမပါ) ဗလာသက်သက် သုတ်သင်သန့်စင်ပြီး ဖြစ်နေသည်။

ရဲဘော်ကိုတိတ် (သို့) အစဉ်အလာရှိခဲ့ပြီး၊ မိမိကိုယ်မိမိ၌ ပီဘိတော်လှန်ရေးသမားကြီး (ရဲဘော်ချေဂွေဗားရားတမျှ) အဖြစ် ခံယူထားခဲ့သော တော်လှန်စိတ်ဓါတ်သည် ကလေးလေးဘ၀ ရောက်ရှိသွားခဲ့ပါပြီ၊ စက္ကူမလို၊ ဘာမှမလို၊ လက်ဖြင့် သုတ်သင် သန့်စင်၍ရသည်။ ပြီးမှ လက်ဆေး၊ ထိုအလုပ်ကို၊ ထို ရဲဘော် ရဲဘက်စိတ်ဓာတ်၊ ပြောရလျှင် ထိုသို့သော တော်လှန်ရေး စိတ်ဓာတ်၊ အယူအဆမျိုးကို သူကပြတ်ပြတ်သားသား မလုပ်နိုင်ခဲ့၊ ထို အမည်မသိသော လူငယ် ကျောင်းသား ရဲဘော်ငယ် လေးတဦးက ပြတ်ပြတ်သားသားပင် ရွံရရှာရမှန်းမသိ လက်တွေ့လုပ်ဆောင်ပြသ သွားခဲ့သည်။ တနည်းအားဖြင့် သင်ခန်းစာ ပေးသွားခဲ့ပါသတဲ့။ သူကသာ စက္ကူရှာ ဘာရှာ သွားလုပ်နေခဲ့ခြင်း ဖြစ်သည်။

ထိုကျမှ သူ့ကိုယ်သူ၊ ပြန်လည်ဝေဖန်သုံးသပ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အတွင်း သူ့ကိုယ်သူ တွေဝေသူ စိတ်ကူးယဉ်သူ သူပုန်တဦး အဖြစ်ပြန်ဝေဖန် သုံးသပ်မိခဲ့ရသည်ဟု ပြောဆိုခဲ့သည်။ သူ့ကိုယ်တွေ့အဖြစ်တွင် ကျနော် ကိုယ်တိုင်လည်း တွေးကြည့်မိ ပြီး၊ ကျနော် တခုသွားသတိရမိပါသည်။ တော်လှန်ရေးဟူသည် ဇာထိုးပန်းထိုးမဟုတ် ဟူသော အရှေ့တိုင်း ဒဿနပညာရှင် အတွေးခေါ်ရှင်တဦး၏ အဆိုအမိန့်ပဲ ဖြစ်ပါသည်။ အဘတိတ် မိမိကိုယ်ကိုယ် ဝေ ဖန်ရေး စစ်မှန်လျှင်၊ တော်လှန်ရေး လက်တွေ့ လုပ်ငန်းအတွက် တစုံတရာ (သို့မဟုတ်) ရေရှည်အကြိုးတရားတရပ် မုချရရှိနေမည် ဖြစ်ပါသည်။

တော်လှန်ရေးသည်။ ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်၊ ဆက်၍ သင်ကြားနေပါဦးမည်။

Ref: နေ့သစ်

Read More...

ခွန်ယင်လပ်ရဲ့ လေထန် ရေဆန်လမ်း

July 16, 2011

ရွေူးကောက်ပွဲအပြီး ကြမ်းတမ်းခက်ထန်တဲ့လမ်းဖြစ်ပေမဲ့လည်း တိုင်းပြည်ကိုဥဲီးဆောင်ဖို့ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အ စိုးရရဲ့အစိတ်အပိုင်းအနေနဲ့ သူ့ကိုရွေးတယ်ဆိုရင် ခွန်ယင်လပ်အနေနဲ့ စမ်းတ၀ါးဝါးနဲ့ လျှောက်လေမလားဆိုတာကို ပြောဖို့ သိပ်မကြာတော့ပါဘူး။ ဇူလိုင်လ ၃ ရက်နေ့ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးနောက်ပိုင်း ရွေးကောက် ပွဲကော်မရှင်က ခွန်ယင်လပ်ကို အခုထိ တရားဝင် အသိအမှတ်ပြုတာ မလုပ်ရသေးပါဘူး။ ၀ရမ်းပြေးဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ သူမရဲ့အကိုက လုပ်ငန်းအစီအစဉ်တွေကို ထိန်းချုပ်ထားပေမဲ့လည်း အစိုးရအဖွဲ့ဝင်ရာထူးနေရာတွေ ခန့်အပ်ရာ မှာ သူမဟာ တစိတ် တပိုင်းပါဝင် ဆောင်ရွက်နေရတယ်ဆိုတာကို သူမရဲ့ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာတွေက သက် သေပြနေပါ တယ်။


အစိုးရအဖွဲ့ထဲမှာ သူတို့အုပ်စုထဲကလူတွေကို ထဲ့ပေးဖို့ သူ့ယောင်းမဖြစ်တဲ့ ထပ်စင်ရဲ့ဇနီးဟောင်းခွန်ယင် ဖို့ကျမန်းနဲ့သူ့ အမကြီး ယောက်ဝါဖဝေါင်ဆ၀ပ်နဲ့ဆုံချိုင်းတို့ဇနီးမောင်နှံတို့က ကြိုးပမ်းနေတာမျိုးတွေအပါအ၀င် ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ၀င်ရောက် စွက် ဖက်တာမျိုးတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် သူ့ပါတီထဲက ရှပ်နီအဖွဲ့ဝင်တွေက အနိုင်ရတဲ့ သူတို့အမတ်တွေထဲက အနည်းဆုံး အမတ် ၃၂ ယောက်ကို အစိုးရအဖွဲ့ထဲမှာ ထဲ့ပေးဖို့ တောင်းဆိုနေပါတယ်။ နောက် စိန်ခေါ်မှု တခုကတော့ ခွန်ယင် လပ်အနေနဲ့ တပ်မတော်အုပ်စုဟောင်းတွေနဲ့ ခေါင်းဆောင်တွေ လက်ခံထားတဲ့ လူ ၁၂ ယောက်ထဲကနေ ကာကွယ်ရေးဝန်ကြီးကို ရွေးပေးရမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင်ရာထူးတွေ ခွဲဝေပြီးနောက်မှာ သူမ ဦးဆောင်တဲ့ အစိုးရအနေနဲ့ မဲဆွယ်တုန်းက ကတိပေးထားခဲ့တဲ့ အ နည်းဆုံး တနေ့လုပ်ခ ဘတ်၃၀၀၊ ဘွဲ့ရတွေအတွက် လစာ ဘတ် ၁၅,၀၀၀က စပေးဖို့နဲ့ ဆန်တတန်ကို ဘတ် ၁၅,၀၀၀ ပေးဖို့ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ပြဿနာတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ၀န်ကြီး ချုပ်အသစ် တယောက်ဖြစ်လာမယ့်သူ တယောက်အနေနဲ့ သူမဟာ ဘ၀ကို ချင့်ချိန်စဉ်းစားနေရချိန်မှာ ဒါတွေဟာ သူမရင်ဆိုင်နေရတဲ့ ကြောက်လန့်စရာ တာဝန်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ သူ့အပေါ်ပုံနေတဲ့ ဖိအား တွေအကုန်လုံး ဖြေရှင်းနိုင်မယ်ဆိုရင် မျှော်လင့်ထားတာထက်ကို သူ့အာဏာသက်တမ်း ပိုရှည်ကြာနိုင်ပါတယ်။

ခွန်ယင်လပ်ဟာ နိုင်ငံရေးမျက်နှာ သစ်တဦးအနေနဲ့ ထွက်သွားတဲ့ ၀န်ကြီးချုပ်ပ်ဟောင်း အဖိဆစ် အပါအ၀င် အရင်ဝန် ကြီးချုပ်တွေထက်ကို အစိုးရသက်တမ်း အစဟာ ပိုပြီး ရှည်ကြာနိုင်ပါတယ်လို့ ထမ္မာဆတ်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ရှင် ဆုမ်ကျိုင်ဖန်ကာဖတ်စ်ဝိဗတ်က ပြောပါတယ်။

ပါလီမန်ပြင်ပမှာတော့ ခွန်ယင်လပ်ဟာ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့လို ထပ်စင်ဆန့်ကျင် ရေး အုပ်စု တွေနဲ့ ပြဿနာရှိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ထဲက အများစုကို ထပ်စင်က မိတ်ဆွေဖွဲ့ပြီးသွား လို့ ဖြစ်ပါတယ်။ ဖွေ့ထိုင်းပါတီအနေနဲ့ ထပ်စင်ကို အိမ်ပြန်စေချင်တယ်ဆိုရင်လည်း ရှပ်ဝါတွေက ထပ်စင်ကို ဆန့်ကျင်မှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ရှပ်ဝါတွေနဲ့ရှပ်နီတွေဟာ နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့်ရမှာ ဖြစ်လို့ပါလို့ ဆုမ် ကျိုင်း က ပြောပါတယ်။ သူမ အနေနဲ့ တိုင်းပြည်ကို လွတ်လွတ်လပ်လပ်အုပ်ချုပ်ဖို့ ထပ်စင်က ခွင့်ပြုပေးသင့်တယ်။

နောက်ပြီး ပါလီမန်ထဲမှာ အများစုရတိုင်းလဲ အစိုးရတည်ငြိမ်ဖို့ အာမမခံဘူးဆိုတာ သူမကို သတိပေးသင့်တယ်လို့ သူက ပြောပါ တယ်။ အတိတ်တုန်းက ထပ်စင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ မောင်းထုတ်ခံရတဲ့ တစိတ်တပိုင်းအကြောင်းရင်းက တိုင်းပြည်ကို ဦးဆောင်တဲ့နေရာမှာ ထင်သာမြင်သာတဲ့ ပွင့်လင်းမှု မရှိလို့ဖြစ်တယ်လို့ သူက ပြောပါတယ်။ သူမရဲ့အောင်မြင်မှုက တိုင်းပြည်မှာ တရားဥပေဒအရစိုးမိုးအုပ်ချုပ်တာကို ထိန်းသိမ်းနိုင်စွမ်း ရှိတာနဲ့ သူမ ကတိပေးထားတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အကောင်အထည်ဖော်နိုင်မှုအပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောပါတယ်။

Ref: နေ့သစ်

Read More...

ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြင်းထန်

July 16, 2011

ဒီကနေ့ နေ့လည် ၁ နာရီကစလို့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်မှာ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်နေပါတယ်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)လက်အောက်ခံ ခလရ (၂၁) က ဧရာဝတီမြစ်ကမ်းပေါ်က တာ လောကြီးကနေ ကားတွေနဲ့ ချီတက်လာစဉ်မိုးမောက် မြို့နယ် နားလုံနဲ့ နန့်ဆန်ယန် ကျေးရွာအကြား အောင်ဂျာယန် ကျေးရွာမှာ ရှိနေတဲ့ ကေအိုင်အေ တပ်ဖွဲ့က တားဆီးခဲ့ရာ မြန်စစ်တပ် ဘက်မှ စတင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား (၁ဝဝ) ခန့်ပါတဲ့ ခလရ (၂၁) အဖွဲ့ကို အင်အား (၂ဝဝ) ကျော်ရှိတဲ့ ကေအိုင်အေတပ်ဖွဲ့က ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို မြန်မာစစ်တပ် အဝိုင်းခံထားနေရတာကြောင့် အနီးနားမှာရှိတဲ့ လဂျားယန်ကျေးရွာမှာ ရှိနေတဲ့ မပခလက်အောက်ခံ မြန်မာစစ်တပ်က ကား(၂)စီးနဲ့ စစ်ကူသွားရောက်ရာမှာ လမ်းခုလတ်မှာရှိတဲ့ ငှက်ပျော စိုက်ပျိုးရေးခြံ အရောက်မှာ ကေအိုင်အေအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်က ပြောပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လိုင်ဇာကနေ ဗန်းမော်နဲ့ မြစ်ကြီးနား သွားမယ့် ယာဉ်တွေအားလုံး လိုင်ဇာမှာ ရပ်နား ထားရတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

Ref: ဒီဗွီဘီ

Read More...

မြေဧက ၃,၀၀၀ကျော် မတရားသိမ်းဆည်းခံရမှု အာဏာပိုင်များ လျစ်လျူရှု

16 July 2011
စောသိန်းမြင့်

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ နတ်ထိပ်ကျေးရွာတွင် ရွာသားများပိုင်ဆိုင်သည့် ဧက ၃,၀၀၀ကျော်ရှိ မြေလွတ်မြေ ရိုင်းများ ယခင် ဒီကေဘီအေ တပ်မှူးအချို့က မတရား ရောင်းပစ်လိုက်သည့်အပေါ် နစ်နာကြေးများ ရရှိရန် ပြီးခဲ့သည့်မေလက ဖားအံမြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးရုံးသို့ ရွာသားများ သွားရောက်တင်ပြခဲ့သော်လည်း အာဏာပိုင်များက ယနေ့အထိ အရေးယူ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

မြေသိမ်းဆည်းခံရသည့် ရွာသားတစ်ဦးက “ကျနော်တို့ ရွာသူရွာသားတွေ ပိုင်ပြီးသားမြေကွက်တွေကို အရင် ဒီကေဘီအေ ဗိုလ်တစ်ယောက်က ဘာမှမပြောဘဲ သူ့ဟာသူအကွက်ချပြီး အခြားသူတွေကို ရောင်းလိုက်တယ်။ အဲဒီလို မတရားတာကို အရေး ယူပေးဖို့ ရွာသားတွေက ကျေးရွာ ရ.ယ.က ဥက္ကဌကနေ မ.ယ.က ဥက္ကဌဆီကို တင်ပြခဲ့တယ်။ အဲဒီတုန်းက အာဏာပိုင် တချို့ကို သူတို့(ဒီကေဘီအေ)က ပိုက်ဆံထိုးထားတော့ ရွာသားတွေလည်း ဘာမှလုပ်လို့မရဘူး။ အခုလည်း ရွာက အုပ်ချုပ် ရေးမှူး ကိုယ်တိုင် ထပ်ခါထပ်ခါ သွားတင်ပြတယ်။ အဲဒီလိုပဲ ဘာမှအရေးမလုပ်ဘူး။”ဟု ပြောသည်။


၂၀၀၇ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ နတ်ထိပ်ကျေးရွာ အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းရှိ ၎င်းမြေလွတ်မြေရိုင်းများကို ဒီကေဘီ အေမှ ဗိုလ်ကြာဝင်းနှင့် အစိုးရအာဏာပိုင်အချို့ ပူးပေါင်း၍ မြေကွက်ချကာ ရောင်းချနေမှုများကို အရေးယူပေးရန် ၂၀၁၀ ခုနှစ်၊ မေလတွင် ကျေးရွာအေးချမ်းသာယာရေး(ရ.ယ.က) ဥက္ကဌက မြို့နယ်အေးချမ်းသာယာရေး (မ.ယ.က)ဥက္ကဌအား တရားဝင် စာဖြင့် တင်ပြတောင်းဆိုခဲ့သော်လည်း အာဏာပိုင်ဘက်က အလားတူ မဖြေရှင်းပေးခဲ့ပေ။

ထို့အတွက် ၎င်းရွာသားများက ယခုနှစ် မေလတွင်လည်း ပြည်နယ်ရုံးသို့တဖန် ထပ်မံ တောင်းဆိုခဲ့ရာ ယနေ့အချိန်ထိ တစုံတ ရာ အရေးယူခြင်းမရှိသေးကြောင်း မြေသိမ်းဆည်းခံရသူ ရွာသားများက ပြောသည်။

နတ်ထိပ်ကျေးရွာပိုင် မြေလွတ်မြေရိုင်းများနှင့် ကြိုးဝိုင်းမြေများအား ယခင်က နောင်လုံအခြေစိုက် တပ်မဟာ(၉၉၉) တပ်ရင်း (၄)မှ ဗိုလ်ကျော်ရွှေ၊ ကျေးရွာသား ဦးကြာဟဲနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစောသန်းစိန်နှင့် မြေ တိုင်းစာရေး ဦးစ၀င်းထွန်း၊ ဦးပါပီတို့နှင့်ပေါင်းပြီး တရုတ်၊ မွန် စီးပွားရေးသမားများနှင့် ဖားအံမြို့ရှိ ဒေါက်တာသောင်းစိန်၏ သား မက်ဆိုသူများအား အကွက်ချကာ ကာလပေါက်ဈေး သိန်းနှင့်ချီ၍ ပြန်လည်ရောင်းချခြင်း ဖြစ်သည်။

ရွာသားတစ်ဦးက “အမှန်ဆို အဲဒီမြေလွတ်မြေရိုင်းတွေက ကျနော်တို့ ဘိုးဘွားပိုင်မြေတွေပဲ။ အဲဒါကို ဒီကေဘီအေက အကွက် ချပြီး ကျနော်တို့ကို အတင်းပြန်ဝယ်ခိုင်းတယ်။ ၀ယ်ပြီးသားမြေတွေကို ရွာသားတွေက စိုက်ပျိုးရေးတွေ မလုပ်ပေမဲ့ သစ်ခုတ်၊ ထင်းခွေတော့ လုပ်တာပေါ့။ ကိုယ့်အပိုင် ဖြစ်သွားပြီးပဲ။ အခုတော့ မြေပိုင်ရှင်တွေကို အသိမပေးဘဲ အခြားသူတွေကို ထပ် ရောင်းတော့ ဖြစ်နိုင်ရင် ကျနော်တို့ကို ဒီမြေဧက ၃,၀၀၀ကျော်အတွက် တန်ရာတန်ကြေးလေး ပေးစေချင်တယ်။”ဟု ဆိုသည်။

နတ်ထိပ်ရွာသူရွာသားများသည် ၎င်းတို့၏မြေကွက်များ ပြန်လည်ရရှိရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ပြည်နယ်ရုံးသို့ အ ကြိမ်ကြိမ် သွားရောက်တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ယနေ့အချိန်ထိ လာ ရောက်ဖြေရှင်းပေးခြင်း မရှိသလို ၎င်းမြေကွက်များအတွင်း သစ်ခုတ်၊ ထင်းခွေသည့် ရွာသားများကို ယခုအချိန်တွင် ဒဏ်ငွေ ပေးဆောင်ခိုင်းကြောင်း ရွာသားများက ပြောသည်။

“ရွာသားတွေအားလုံးက ဒီလိုမြေကွက်တွေ မတရားရောင်းစားခံရတာကို ပြန်ရဖို့အတွက် ၁၈.၅.၁၁ရက်မှာ သပိတ်မှောက်မ လို့ ပြည်နယ်ရုံးကိုသွားတာ အာဏာပိုင်ဘက်က လက်မခံဘူး။ သူတို့က ရွာမှာပဲလာပြီး ရှင်းမယ်ဆိုပြီးတော့ ရွာမှာ အစည်းအ ဝေးလာလုပ်တယ်။ မြေတွေကို ပြန်ရအောင်လုပ်ပေးမယ်ဆိုပြီး ရက်ထပ်ချိန်းတယ်။ နောက် ဘာမှလည်းမထူးဘူး။”ဟု ပြော သည်။

ယခုအချိန်တွင် ရောင်းချလိုက်သည့် မြေကွက်များတွင် ရော်ဘာပင်များအပြည့် စိုက်ပျိုးထားကြပြီဖြစ်သည့်အပြင် ထိုမြေနေရာ များသို့ ရွာသားများ ထင်းခွေသွားပါက အဆိုပါ ဒီကေဘီအေတပ်မှူးဟောင်းကို ဒဏ်ငွေ ၂,၀၀၀ကျပ် ပေးဆောင်ရသည်ဟု လည်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ထိုမြေလွတ်မြေရိုင်းများမှာ ၂၀၀၄ခုနှစ်က ဒီကေဘီအေ တပ်မဟာ(၉၉၉) အမှတ်(၄)တပ်ရင်းမှ ဗိုလ်ကျော်ရွှေနှင့် အခြား ဒီကေ ဘီအေ တပ်မှူးအချို့က တစ်အိမ်ထောင်လျှင် ငွေကျပ် ၅,၀၀၀စီ မ၀ယ်မနေရစနစ်ဖြင့် ရွာသားများအား အတင်းအဓမ္မ ရောင်း ချခဲ့သည့် မြေကွက်များဖြစ်သည်။

ရွာသားများမှာ မည်သို့ပင် တိုင်ကြားနေစေကာမူ မြေရောင်းသူများနှင့် မြေ၀ယ်သူများက မ.ယ.ကဥက္ကဌအား ငွေပုံအောပေး ထားသဖြင့် မြေကွက်များ ပြန်လည်ရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း ရွာသားအများစုက ယုံကြည်နေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ရုံးသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းပြတ်တောက်နေခဲ့သည်။

အိမ်ခြေ ၇၀ကျော်ရှိသည့် နတ်ထိပ်ကျေးရွာသည် ဖားအံမြို့၏ အရှေ့ဘက် ၂မိုင်အကွာအဝေးတွင် တည်ရှိပြီး ရွာသူရွာသား များမှာ လယ်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ အလားတူ နတ်ထိပ်ရွာ အနီးဝန်းကျင်ရှိ ကျေးရွာများ သည်လည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက မြေကွက်ရိုက်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချမှုများ လုပ်ဆောင် လျှက်ရှိ ကြောင်း သိရသည်။

Ref: ကေအိုင်စီ

Read More...

“ချွတ်ချော်တဲ့ လွှတ်တော်” ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ WLB ပြုလုပ်

16 July 2011
နန်းသူးလေ

မြန်မာအစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲညီလာခံကို သရော်ထားသည့် ‘ချွတ်ချော်တဲ့လွှတ်တော်’ အမည်ရှိ ရုပ်သံဗီဒီယို ဟာသ ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့Holiday Garden Hotel တွင် ဇူလိုင်လ ၁၄ရက်နေ့၊ ည ၇နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။


မိတ်ဆက်ပွဲတွင် WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်နွယ်က “အဓိကကတော့ ဘက်ပေါင်းစုံက ဆုတ်ယုတ်မှုတွေ ဖြစ်နေတယ်။ အဲ့ဒီထဲက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စတာတွေကို ပြည်သူတွေ သိလာစေချင်တယ်။ အဲ့ဒါဆို ရင် အခု တက်လာ တဲ့အစိုးရကို မေးခွန်းတွေ ထုတ်လာနိုင်မယ်။ ဖိအား တွေ ပေးလာနိုင်မယ်။ ပြီးတော့ အပြောင်းလဲတွေဖြစ် လာပြီး ကျား၊မ တန်းတူအခွင့်အရေးတွေ သိလာအောင်လို့ အခွေထုတ်နေတာပါ။”ဟု ၎င်းဇာတ်လမ်းခွေ၏ ရည်ရွယ် ချက်ကို ရှင်းပြပြောဆိုသည်။

အဆိုပါဇာတ်ကားမှာ မကြာသေးမီက မြန်မာပြည်၌ ကျင်းပခဲ့သည့် လွှတ်တော်ညီလာခံတွင် တက်ရောက်ခဲ့သော နိုင်ငံရေးပါ တီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များသည် မြန်မာအစိုးရ၏ အစီအစဉ်အတိုင်း လုပ်ဆောင်နေရသည်ကို သရုပ်ဖော် တင် ဆက်ထားပြီး သီးညီနောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်လမ်းမှ သရုပ် ဆောင် ဦးသိန်းဝင်းကလည်း ကရင်အမတ်အဖြစ် ပါဝင်အားဖြည့်ထားခြင်း ဖြစ်သည်။

ထိုရုပ်သံဗီဒီယိုဇာတ်လမ်းသည် မကြာသေးမီက တက်လာခဲ့သည့် စစ်ဝတ်လဲ ဒီမိုကရေစီရုပ်ပြအစိုးရ၏ လွှတ်တော် မည်မျှဒီမို ကရေစီနည်းလမ်းကျသည်၊ ဒီမိုကရေစီ သက်ဝင်မှု မည်မျှရှိသည်ကို ထောက်ပြလှောင်ပြောင် သရော်ထားသည့် ဇာတ်လမ်းခွေ အဖြစ် ပြည်သူများ သိရှိသွားအောင် ဟာသဆန်ဆန် ရိုက်ကူးထား ခြင်းဖြစ်ကြောင်း ဇာတ်လမ်း၏ ဒါရိုက်တာလည်းဖြစ်၊ သရုပ် ဆောင်ထားသူလည်းဖြစ်သည့် ကိုပန်းသီးက ယခုလို ရှင်းပြသည်။

“ဒီဇာတ်လမ်းကို အားလုံးကြည့်ရင် ဟာသလေးလို့ ထင်ရတယ်။ ဒါပေမဲ့ ဟာသဇာတ်လမ်းလေးကိုကြည့်ပြီး အဲဒီနောက်ကွယ် မှာရှိတဲ့ ပြည်သူတွေကို အသိပေးချင်တာကတော့ ဒီလွှတ်တော်ကြီးက ဘယ်လိုလွှတ်တော်မျိုးလဲ၊ တကယ်ကော ကျနော်တို့ ပြ သလို ချွတ်ချော်နေကြလား၊ ဒါမှမဟုတ် ဒီမိုကရေစီဆန်တဲ့ လွှတ်တော်ကြီးလားဆိုပြီး ပြည်သူက အသိပညာလေးတွေ ရသွား အောင် ဇာတ်ညွှန်းနဲ့ စကားလုံးတွေထဲမှာ ချွတ်ချော်နေတဲ့ အဖြစ် အပျက်လေးတွေကို ဟာသဆန်ဆန် ထည့်ပေးထားပါတယ်။”
ဟု ကိုပန်းသီးက ဆိုသည်။

အဆိုပါဇာတ်လမ်းကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)တွင် လာမည့် ဇူလိုင်လ ၂၃ရက်နေ့၌ ထုတ်လွှင့်သွားပြီးမှသာ WLB အ နေဖြင့် ဆက်လက်၍ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ငြိမ်းချမ်းရေးကို ဖော်ကျူးနိုင်သည့် ဇာတ်လမ်းခွေကို လာမည့် စက်တင်ဘာလ ၂၁ရက်နေ့ နိုင်ငံတကာ ငြိမ်းချမ်းရေး နေ့တွင်လည်းကောင်း၊ နိုဝင်ဘာလ ၂၅ရက် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင်လည်း ၎င်းနှင့် အလားသဏ္ဍာန်တူသည့် ဇာတ်လမ်းခွေမျိုးထုတ်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)သည် ပြီးခဲ့သည်နှစ်က ရုပ်သံအစီအစဉ်ကို စတင်ခဲ့ပြီး ၂၀၁၀ခုနှစ်တွင် စစ်တပ်ကို သရော်ထားပြီး ရွေးကောက်ပွဲနှင့်ဆိုင်သည့် တပ်ဂေါ်လီသံချပ်ခွေ၊ အမျိုးသမီးလူရွှင်တော်များ ပါဝင်သရုပ်ဆောင်ထားသည့် မော်ဒန် အငြိမ့်သဘင်ခွေ၊ ၂၀၁၁ခုနှစ်တွင် နှစ်သစ်အားမာန်သံချပ်ခွေနှင့် ယခုထုတ်မည့် ‘ချွတ်ချော်တဲ့ လွှတ်တော်’ အပါအ၀င် စုစုပေါင်း ဇာတ်လမ်းခွေ ၄ခွေ ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။

Ref: ကေအိုင်စီ

Read More...

နောက်ထပ် မြန်မာ ငါးဖမ်းသမား ၂၂ ဦးကို အိန္ဒိယက ဖမ်းဆီး

7/16/2011
ထွန်းထွန်း

အိန္ဒိယနိုင်ငံ အန္တမန်ကျွန်း မြောက်ဘက် မာယာဘူဒါ ကျွန်းတွင် မြန်မာ ငါးဖမ်းသမား ၂၂ ဦးကို ငါးဖမ်းဘုတ် နှစ်စီးနှင့် အတူ အိန္ဒိယကမ်း ခြေစောင့် ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၁၄ ရက်နေ့ကဖမ်းဆီးလိုက်သည်ဟု Newkerala တွင် ရေးသားထားသည်။

Reef ကျွန်းမြောက်ဘက်ပိုင်း၏ အနောက်ဘက် ရေပြင်တွင် ဘုတ် ၂ စင်းနှင့်အတူ ကျူးကျော်ငါးဖမ်းနေသော မြန်မာများအား နီကိုဘာကျွန်း မာယာဘူဒါ အခြေစိုက်အိန္ဒိယ ပင်လယ်ပြင်ထဲ ကျူးကျော် ငါဖမ်းသူများ တားဆီးရေး ရဲတပ်ဖွဲ့မှ လိုက်လံ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။


မြန်မာ ငါးဖမ်း ဘုတ်သမားများမှာ စက်ကို စကုန်တင်ပြီးထွက် ပြေးရန် ကြိုးစားကြသော်လည်း မအောင်မြင်ခဲ့ဟု ရဲအရာရှိ တစ်ဦးကို ကိုးကားပြီး အဆိုပါ သတင်းတွင် ရေးသားထားသည်။

ဇူလိုင်လ (၈) ရက်နေ့ကလည်း မြန်မာ ငါးဖမ်းသမား ၃၂ ဦးကို အန္တမန် ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် ငါးဖမ်းဘုတ် သုံးစီးနှင့် အတူ အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သော ၆ လအတွင်း မြန်မာနိုင်ငံသား ၁၇၁ ဦးကို ငါးဖမ်းဘုတ် ၁၅ စီးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု အိန္ဒိယက ပြောသည်။

အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ မြန်မာ ငါးဖမ်းသမားများ ကျူးကျော်ဝင်ရောက်၍ ဖမ်းဆီးရသည်ဟု ပြောဆိုသော်လည်း မြန်မာ နိုင်ငံသားများ အဖမ်းခံရသော ရေပြင်ပိုင်မှာ မြန်မာပိုင်လား၊ အိန္ဒိယ ပိုင်လား ဆိုသည်ကို သဲကွဲစွာ မသိရှိရကြောင်း ပေါ့ဘ လေယားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့မြန်မာ့ ငါဖမ်းသမားများကို ကျူးကျော် ငါးဝင်ခိုးဖမ်းသည်ဟု စွပ်စွဲကာ အုပ်စုလိုက် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ နေ့စဉ်ရက်ဆက် ဆိုသလို ဖမ်းဆီးနေသော်လည်း မြန်မာအာဏာပိုင်များက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

Ref: နိရဉ္စရ

Read More...

NLD ရပ်တည်ခွင့် ကုလသမဂ္ဂသို့ တင်ပြမည်

ထွန်းထွန်း
ဇူလိုင်လ ၁၅ ရက် ၂၀၁၁ ခုနှစ်

ပါတီပျက်ပြယ်ပြီး ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် အစိုးရက သတိပေးထားသော အတိုက်အခံ ပါတီကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၎င်းတို့ ရပ်တည်ခွင့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မကြာခင် တင်ပြသွားမည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်၊ စည်းရုံးခွင့်ကိုပြဋ္ဌာန်း ထား သော်လည်း လက်ရှိအစိုးရက NLD ရပ်တည်ခွင့် အတွက် ဥပဒေကြောင်းအရ ဖိနှိပ်ချုပ်ချယ်နေသဖြင့် ကုလ လူ့အခွင့်အရေး ကောင်စီသို့ လာမည့် ရက်သတ္တပတ် ၂ ပတ်အတွင်း တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး လုပ်ထုံး လုပ်နည်းတွေမှာ ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို နိုင်ငံတခုရဲ့ အတွင်းမှာ ဖြေရှင်းလို့ လမ်းဆုံးသွားတယ်၊ မရနိုင်တော့ဘူးဆိုရင် အဲဒီလိုတင်နိုင်တယ်လို့ ပါပါတယ်။ အဲဒါကြောင့်ပါ” ဟု NLD ပြောခွင့်ရ ရှေ့နေကြီးဦးဉာဏ်ဝင်းက မဇ္ဈိမကို ရှင်းပြသည်။


ပါတီမှတ်ပုံခြင်း မပြုတော့သဖြင့် NLD သည် ပါတီတရားဝင်မှု ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။ ထို့ကြောင့် NLD က ပါတီရပ်တည်ခွင့် အတွက် ဥပဒေ ကြောင်းလမ်းအရ တရားရုံး တော်သို့ဦးတိုက် လျှောက်ထား ခဲ့ပြီးနောက် နောက်ဆုံးအဆင့် အယူခံကို နေပြည်တော် တရားရုံးချုပ်သို့ တင်သွင်းခဲ့သော်လည်း ပလပ်ခံခဲ့ ရသည်။

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ် များ၏ရပိုင်ခွင့်၊ စစ်အစိုးရ ကတိပေးထားသည့် လွှတ်တော်ခေါ်ယူရေး အကောင် အထည် မဖော်ခြင်း များသည် လူ့အခွင့်အရေးချိုးဖောက်မှုဟု ပါတီဘက်က တင်ပြခဲ့သည်။

ဦးသိန်းစိန်အစိုးရ ရက်ပေါင်း ၁ဝဝ မပြည့်မီမှာပင်ပြည်ထဲရေး ဝန်ကြီးဌာနက NLD ပျက်ပြယ်ကြောင်းနှင့်နိုင်ငံရေး လှုပ်ရှားမှု မလုပ်ရန် သတိပေးစာကြောင့်ပါတီကို အင်အားသုံး ဖြိုခွင်းတော့မှာလားဟူသော စိုးရိမ်မကင်း ဖြစ်လာခဲ့ကြသည်။

လက်ရှိ အခြေခံဥပဒေအရ ဥပဒေပြုပိုင်ခွင့်ရှိသော လွှတ်တော်မှသာလျှင် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် ဥပဒေ ပြဋ္ဌာန်း နိုင်၍ “အဖွဲ့ချုပ်သည် ပျက်ပြယ်ခြင်း မရှိပါ” ဟု ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးသည့်ပြန်စာကို ပို့လိုက်ပြီး၊ ပြည်ထဲ ရေးဝန်ကြီးနှင့် ဆွေးနွေးလိုပါသည်ဟုလည်း တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အားမရသူ၊ သဘောထားပြင်းထန် သူအချို့က လူ့အခွင့်အရေးကောင်စီသို့ တင်ပြမည့် NLD ၏ လုပ်ရပ်ကို ဝေဖန်သံထွက်လာသော်လည်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ကတော့ ထောက်ခံသည်။

“လက်ခံတယ်ဆိုရင် NLD ကို ပြည်တွင်း ဥပဒေတွေအရ မှတ်ပုံတင်ခွင့် မရအောင် လုပ်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချပေးနိုင်ပါတယ်။ အဲဒီလို သတ်မှတ်လိုက်ရင် မြန်မာနိုင်ငံက လွှတ်တော်ကလည်းပဲ မျက်စိမှိတ်ပြီး ငြင်းလို့မရဘူးဆိုတဲ့ အနေအထားမျိုးကို ရောက်လာမှာ” ဟု BLC ဥက္ကဋ္ဌ ဦးသိန်းဦးက မဇ္ဈိမကို ပြောသည်။

“NLD က လက်နက်ကိုင် အကြမ်းဖက်မှုလည်း မလုပ်ကိုင်ဘူး။ ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားစေရေး အတွက် လုပ်တယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တိုးတက်ဖွံ့ဖြိုးအောင် လုပ်နေတဲ့ အဖွဲ့အစည်းမျိုးဟာ ရှိသင့်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒါကို ကုလသမဂ္ဂကလည်း ဒီကိစ္စအပေါ်မှာ လက်ခံရမယ့် အနေအထားဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

NLD ကဲ့သို့ပင် တင်ပြခဲ့သော တောင်အာဖရိကနှင့် အာဖရိကနိုင်ငံများသို့ လူ့အခွင့်အရေး ကောင်စီကဝင်ရောက်ဖြေရှင်းပေးခဲ့ဖူး ကြောင်း ဦးဥာဏ်ဝင်းကလည်း ပြောသည်။

ဝေဖန်သူများက ကုလသမဂ္ဂထံ မြန်မာစစ်အစိုးရများ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များ တင်ပြလာခဲ့သည်မှာ နှစ် ၂ဝ ခန့် ရှိပြီဖြစ်သော်လည်း တိုးတက်မှု မရှိခြင်းကို ထောက်ပြကြသည်။

Ref: မဇ်ၥိမ

Read More...

ရဟတ်ယာဉ်ပျက်ရှိရာ တောင်ပေါ် တက်ခွင့်ပိတ်ပင်

ကိုပေါက်
ဇူလိုင်လ ၁၅ ရက် ၂၀၁၁ ခုနှစ်

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ် ပျက်ကျခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖုန်ကန် ရာဇီတောင်ပေါ်သို့ တက်ရောက်ခွင့်ကို အာဏာပိုင်များက ကန့်သတ်ထားဆဲ ဖြစ်သည်ဟုဒေသခံ များကပြောသည်။

ပူတာအိုမြို့နယ်ကောင်စီ၏ မတ်လ ၇ ရက်နေ့ထုတ် အမိန့်ကို ဌာနဆိုင်ရာများနှင့် ဘုရားရှိခိုးကျောင်းများ၌ဖတ်ပြ ခဲ့ပြီး၊ ဖုန်ကန်ရာဇီ တောင်ခြေရှိ ခါးလမ်ကျေးရွာတွင် ‘တောင်ပေါ်မတက်ရ၊ ကန့်သတ်နယ်မြေ’ ဟု ဆိုင်းဘုတ် ထောင်ထားသည်။


တောင်ပေါ်တက်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပြီး၊ကယ်ဆယ်ရေး ပစ္စည်းများ တွေ့ရှိလျှင် ထိုက်တန် စွာ ဆုချမည်ဟု အမိန့်တွင် ပါရှိသေးသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ရေခဲပြင်ပေါ် အဆင်း ရဟတ်ယာဉ် ကျွံကျခဲ့ပြီးနောက် ရေခဲတောင်လေ့လာ ရေးခရီး သွားရောက်ခဲ့သော ဦးတေဇ တို့ အဖွဲ့ကို ကယ်ဆယ်ရေး ရဟတ်ယာဉ်က ဝေဟင်မှ ပစ်ချပေးခဲ့သည့် ရိက္ခာထုပ်များနှင့် ဆက်သွယ်ရေး ဂြိုဟ်တုဖုန်း များမှာ ယနေ့ထိတိုင် ရှာမတွေ့သေးသလို၊ ရဟတ်ယာဉ်ကိုလည်းပြန်မသယ်ရသေးဘဲ ဖြစ်နေသည်။

“အတိအကျတော့ ဘယ်နှထုပ်လဲဆိုတာ မသိကြဘူး။ အဲဒီမှာ အစားအသောက်တွေ၊ အဝတ်အစားတွေ၊ဆေးဝါးတွေနဲ့ ဂြိုလ်တု ဖုန်းတွေ ပါတယ်လို့ ပြောကြတယ်။ အဲဒါတွေ ကောက်ရကြရင် ပြင်ပနဲ့ ဆက်သွယ်ကြမှာကို သူတို့က မလိုလားဘူးပေါ့။ အဲဒါ ကြောင့် ဒီတောင်ပေါ်ကို ဘယ်သူမှ မတက်ရဘူးလို့ အမိန့်ချထားတာ” ဟု ပူတာအိုမှ ဘာသာရေးခေါင်းဆောင် တဦးက မဇ္ဈိမကို ပြောပြသည်။

အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်တဦး ဖြစ်သော ဦးတေဇသည် ရေခဲတောင်တက်ရန် လမ်းကြောင်း သွားကြည့်ခဲ့ရာ ပူတာအို မှ ထွက်ခွာလာခဲ့ပြီး ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်အဆင်း ရဟတ်ယာဉ်မှာ ကျွံကျခဲ့ခြင်း ဖြစ်သည်။ သူအပါအဝင် လူ ၆ ဦးမှာ တောင်ပေါ်တွင် ၃ ရက်ကြာ သောင်တင်နေခဲ့ပြီး ပူတာအို စစ်ဗျူဟာနှင့် မိတ္ထိလာ လေတပ်က ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် လုပ်ဆောင်ခဲ့ကာ၊ ထိုင်းနိုင်ငံမှငှားရမ်းသော ရဟတ်ယာဉ်ဖြင့် ကြိုးချ၍ ကယ်ဆယ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းပြိုမှုများ ရှိနေကာ၊ နှင်းထုမှာလည်း ပိုမိုသိပ်သည်းစွာ ကျနေသဖြင့် အဆိုပါ ရဟတ်ယာဉ်နှင့် ကယ်ဆယ်ရေးအထုပ်များအား ပြန်လည်ရှာဖွေရန် ခက်ခဲနေဆဲဖြစ်သည်။

အမြင့်ပေ ၁၂ဝဝဝ ခန့်ရှိ ဖုန်ကန်ရာဇီ တောင်အနီးရှိ ဒါကူရှီဇား၊ မာမူးလဲ့၊ ဖန်ခိုင်၊ မန်ဇယ်၊ လူမူဒမ်း၊ အောက်ရှန်ဂေါင်၊ အထက်ရှန်ဂေါင်၊ ဝဟန်ဒမ်း၊ ဇီယာဒမ်း၊ ခါးလမ် စသည့် ရွာများမှာ တောင်ယာလုပ်ငန်း အနည်းငယ် လုပ်ကိုင်ပြီး၊ အဓိက ဝင်ငွေအတွက် ဤတောင်ကို အမှီပြုကာ ရပ်တည်နေကြသည်။

“အဲဒီဘက်က ဝါးတွေက ထူးခြားတယ်။ အဲဒီဝါးတွေနဲ့ လက်ဖက်ရည်ကြမ်းသောက်တဲ့ ခွက်တွေ လုပ်တယ်။ မချိဥတို့၊ ခန်းတောက်မြစ်တို့၊ ဆေးမြစ်၊ ဆေးဥတွေ ယူလို့မရတော့ဘူး။ တချို့ကျ အမဲလိုက်တာတွေ ရှိတယ်လေ။ အဲဒါတွေ လုပ်လို့ မရတော့ ခက်ခဲကုန်တာပေါ့” ဟု ရဝမ်လူမျိုး ဒေသခံက မဇ္ဈိမကို ပြောသည်။

ထူးကုမ္ပဏီမှ ရေခဲလျှောစီးလုပ်ငန်းအတွက် လေ့လာပြင်ဆင်နေပြီး၊ ဤလုပ်ငန်းအတွက် တာဝန်ယူထားသည့် လုံခြုံရေးများက တောင်ခြေတဝိုက် စောင့်ကြပ်နေကြသည်။

“အဓိကက ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တောင်ပေါ်ကို ဘယ်သူတက်တယ်ဆိုတာ ကြည့်ထားခိုင်းတာပေါ့။ လမ်းဖောက် တာကတော့ တောင်ပေါ်ထိ မရောက်သေးဘူး။ တောင်ခြေထိတော့ ရောက်နေပြီ” ဟု ဒေသခံက ဆိုသည်။

Ref: မဇ်ၥိမ

Read More...

တောင်တရုတ်ပင်လယ်တင်းမာမှု အမေရိကန် စိုးရိမ်

15 ဇူလိုင် 2011

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဟာ တွက်ချက်မှုလေးတခု လွဲချော်သွားတာနဲ့ကို အခြေအနေ ပိုပြီး ဆိုးသွားနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုက စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန် စစ်ဘက် ထိပ်တန်းအရာရှိကြီးတဦးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံဆီ သူသွားခဲ့တဲ့ ခရီးစဉ်ဟာ အကျိုးရှိခဲ့တယ်လို့ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူလန်က တိုကျိုမြို့မှာ သောကြာနေ့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ စစ်အင်အား တည် ဆောက်မှုအပေါ် စိုးရိမ်တယ်ဆိုတာကို အမေရိကန်က ဆက်ပြီး ပြောဆိုသွားချင်တယ်ဆိုတာကိုတော့ သူက အရိပ်အယောင်ပြ ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို သူ ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ပြောထားပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေကလည်း အဲဒီဒေသတခုလုံး ဒါမှမဟုတ် တစိတ်တပိုင်းကို ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။ အဲဒီပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများရှိနေမယ်လို့ ယူဆကြပါတယ်။

သူတို့ပိုင်ဆိုင်တယ်လို့ပြောထားတဲ့ ပင်လယ်ရေပြင်ပိုက်နက်ထဲကို တရုတ်တို့က ထပ်ခါတလဲလဲ ကျူးကျော် ၀င်ရောက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက စောဒကတက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တချို့မှာဆိုရင် တရုတ် စစ်ရေယာဉ်တွေတောင် ပါတယ်လို့ အဲဒီနိုင်ငံတွေကဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မားဒေါ့ခ်ပိုင် နောက်မီဒီယာတခုဖြစ်တဲ့ Dow Jones ရဲ့ အကြီးအကဲ ဖြစ်သူ Les Hinton ဟာ ရာထူးက နှုတ်ထွက်သွားပါတယ်။

Ref: ဗွီအိုအေ

Read More...

ဖုန်းခိုးနားထောင် သတင်းယူမှု မီဒီယာသူဌေးကြီး တောင်းပန်

15 ဇူလိုင် 2011


ပြီးခဲ့တဲ့သီတင်းပတ်က ပိတ်ပစ်လိုက်ပြီဖြစ်တဲ့ စာဖတ်သူ သည်းခြေကြိုက် ပေါ်ပင်သတင်းတွေပါတဲ့ News of the World သတင်းစာက ဖုန်းခိုးနားထောင်တာ ခံရသူတွေကို မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ခ် (Rupert Murdoch) က တောင်းပန်လိုက်ပါတယ်။

သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ တောင်းပန်စာကို ဗြိတိန်နိုင်ငံက အထင်ကရ သတင်းစာကြီးတွေမှာ လာမယ့် ရက်ပေါင်း အတော်ကြာကြာ ထည့်သွင်း ဖော်ပြမယ်လို့ မားဒေါ့ခ်ရဲ့ ဗြိတိန်နိုင်ငံ သတင်းစာလုပ်ငန်း အဖွဲ့က ပြောပါတယ်။ ဆိုးဆိုးရွားရွား မှားယွင်းတဲ့လုပ်ရပ်အတွက် သူက စာထဲမှာ တောင်းပန်ထားပြီး သူ့သတင်းထောက်တွေရဲ့ ဖုန်းခိုးနားထောင်တဲ့ဖြစ်ရပ် အများအပြားနဲ့ သတင်းရဖို့ ရဲကို ငွေပေးခဲ့တာတွေကနေ နစ်နာရသူတွေအတွက် အလွန်အမင်း ၀မ်းနည်းပါကြောင်း ပြောထားပါတယ်။

လူသိရှင်ကြား တောင်းပန်စာကိစ္စကို သူ့ရဲ့ News Corporation က ကြေညာလိုက်တာနဲ့အမျှ အသတ်ခံလိုက်ရတဲ့ အသက် ၁၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူလေး မီလီ ဒေါင်လာ (Milly Dowler) ရဲ့ မိဘတွေနဲ့ မားဒေါ့ခ်တို့ လန်ဒန်မြို့က ဟော်တယ် တခုမှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၀ အရွယ် မားဒေါ့ခ်ဟာ အင်မတန်ကို နှိမ့်ချသူဖြစ်ပြီး တောင်းပန်စကား ပြောတဲ့ အချိန်မှာ အလွန်အမင်းကိုပဲ တုန်တုန်ယင်ယင်ဖြစ်နေတယ်လို့ ဒေါင်လာမိသားစုရဲ့ ရှေ့နေ တယောက်ကပြောပါတယ်။

Ref: ဗွီအိုအေ

Read More...

SSA မြောက်ပိုင်းဌာနချုပ်ကို မြန်မာအစိုးရတပ် ထိုးစစ်ဆင်

5 ဇူလိုင် 2011
ကိုနိုင်ကွန်းအိန်

ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ SSA တပ်ဖွဲ့တွေ အခြေပြုထားတဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်ကိုင်ဖိတ်ဒေသ ဘက်ကို မြန်မာအစိုးရတပ်က အင်အား အလုံးအရင်းနဲ့ လေးရက်ကြာ တိုက်ခိုက်နေရာမှာ အခုထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ အခုတိုက်ပွဲက SSA မြောက်ပိုင်းက ၀မ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရတပ်က သိမ်းယူဖို့ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ SSA မြောက်ပိုင်း က ပြောပါတယ်။ ဒီသတင်းအပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းက SSA/ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေ ခြေကုပ်နေရာယူ ထားတဲ့ နမ့်ကိုင်ဖိတ် ဒေသတလျှောက်မှာ မြန်မာစစ်တပ်တွေ ထိုးစစ်ဆင်လာနေတဲ့အတွက် အခုချိန်အထိ တိုက်ပွဲတွေ ပြင်းထန် စွာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အခု တိုက်ပွဲဟာဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို ၀င်ရောက်သိမ်းယူဖို့ မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒီနေ့ ကျေးသီးကို သူတို့ ဟိုက်စကီးတွေ ဆင်းမယ်လို့ သတင်း ရထားတယ်။ အဲဒီမှာ သူတို့ တိုင်းချုပ်လား ဘာလားက ဒီမှာလာပြီး ကွပ်ကဲမယ်ပြောတာပဲ။ အင်အားပေါင်းလိုက်ရင် ၁ ထောင်ကျော်သွားမယ် ထင်တယ်။ သူတို့က ၀မ်ဟိုင်းကို သိမ်းမယ့်စစ်ပွဲမျိုး ဆင်နွှဲနေတော့ အခုတော့ ခံတိုက်နေတုန်းပဲ။ ကျနော်တို့ဘက်က တတ်နိုင်သလောက်တော့ ခံတိုက်နေတယ်။ အခု ယာယီအခြေစိုက်ထားတဲ့ တောင်ကြောတွေမှာပေါ့။ အဲဒီ နမ့်ကိုင်ဖိတ် တလျှောက်ပေါ့။ အဲဒီနေရာ ကျသွားရင် သူတို့က ၀မ်ဟိုင်းကို အလွယ်တကူ ၀င်လို့ရပြီလေ။”

အခုတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်ကူတွေ တိုးမြှင့်ထားပြီး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့လည်း ပြင်းထန်နေတယ်ခင်ဗျ။ ကျနော်တို့ အဲဒီ နမ့်ကိုင်ဖိတ် နေရာမှာပဲ စစ်ကူလာတဲ့ တပ်ဖွဲ့ (၂၂) နဲ့ (၆၇) ပေါ့။ အဲဒီမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်။ ပြီးတော့ ဒီနေ့ မိုင်းယန်က စစ်ကား ၂၂ စီးပေါ့။ ဘယ်တပ်ကလဲတော့ မသိတော့ဘူး။ အဲဒီမှာ စစ်ကူရောက်လာသေးတယ်။ မိုင်းယန် ကနေ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာကို လာတာပေါ့။ အဲဒီအဖွဲ့က ၁၂၀-မမ လက်နက်တွေ တင်လာပြီးတော့ အဲဒါနဲ့ ပြန်ပစ်တာပေါ့။ ကျနော်တို့လူတွေကို။ တနေ့လုံးပဲ ဒီနေ့ တနေ့လုံးပဲ။ ၁၂၀-မမ တွေ၊ နောက်ပြီးတော့ ၈၁၊ ၈၂ တွေနဲ့ပစ်တာ အလုံး ၁၀၀ လောက် ရှိမယ်။ ထိခိုက်မှုကတော့ တိုက်ပွဲက အဲဒီမှာ အပြင်းအထန်ဖြစ်နေတော့ ကျဆုံး၊ ဒဏ်ရာရ သတင်းတွေ အတိအကျ မသိရသေးဘူးဗျ။”

ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသက ဖနမ်ရွာ၊ ခေးပွန်ရွာ၊ ၀မိန်ရွာတွေကိုပါ လက်နက်ကြီးတွေ ကျရောက်ခဲ့ပြီး ရွာသွားတွေပါ ထိခိုက်မှု ရှိနေတယ်ဆိုပေမဲ့ ဒီသတင်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ယခင်က မြောက်ပိုင်း ရှမ်းပြည်တပ်မတော်လို့ခေါ်တဲ့ ဗိုလ်ချုပ် ပန်ဖ ခေါင်းဆောင်တဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ မြန်မာအစိုးရက ဖိအားပေးထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ၂၀၁၀ ခုနှစ် မတ်လမှာ မြန်မာ စစ်တပ်ကနေ ရှမ်းပြည်တိုးတက်ရေး ပါတီကို စတင် တိုက်ခိုက်လာရာကနေ နှစ်ဘက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အခု တိုက်ပွဲဟာ အရင်ကထက် ပိုမိုပြင်းထန်လာတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အရင်တုန်းကဖြစ်တဲ့ တိုက်ပွဲတွေနဲ့စဟာရင်တော့ ဒီတိုက်ပွဲက ရက်လည်းကြာတယ်၊ အပြင်းထန်ဆုံးလည်း ဖြစ်တယ်။ အနည်းဆုံး ကျနော်တို့က နှစ်နာရီ သုံးနာရီလောက်ပဲ တိုက်တာပေါ့။ အခုဟာက လေးငါးရက် ရှိသွားပြီ။”

ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် မိုင်းရယ်နဲ့ ၀မ်ဟိုင်း လမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ကိုင်ဖိတ် စခန်းကို SSA တပ်ဖွဲ့တွေကနေ ၀ိုင်းဝန်း ပိတ်ဆို့ထားစဉ်မှာပဲ အစိုးရစစ်တပ်က လေယာဉ်ပျံနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ၀မ်ဟိုင်းအနီးက နမ့်ကိုင်ဖိတ် တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု များပြားနေခဲ့လို့ အခုလို ဗုံးကျဲတိုက်ခိုက်လာတာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုလို မြန်မာစစ်တပ်အနေနဲ့ အင်အားတိုးပြီး စခန်းသိမ်း စစ်ဆင်ရေး ပြုလုပ်လာနေပေမဲ့လည်း SSA/ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေ အနေနဲ့ကတော့ အစွမ်းကုန် ခုခံတိုက်ခိုက်သွားမယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: ဗွီအိုအေ

Read More...

NLD က ကျောင်းသုံးပစ္စည်း သိန်းတရာဖိုး လှူဒါန်း

2011-07-15

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာဒါန လုပ်ငန်းတွေကို ကူညီပံ့ပိုးတဲ့ အနေနဲ့ ပြည်ပက စေတနာရှင်တွေ ပေးပို့ လှူဒါန်းတဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပညာဒါနကျောင်းတွေကို မနေ့က လှူဒါန်းလိုက်ပြီလို့သိရပါတယ်။


ခန့်မှန်းခြေ ကျပ်ငွေ သိန်းတရာကျော်ဖိုး ရှိတဲ့ ကျောင်းသုံး ပစ္စည်းတွေကို လှူဒါန်းလိုက်တာ ဖြစ်ကြောင်း၊ ကွန်ပါဘူး တထောင်၊ ဘောပင် ၂ ထောင်၊ ဗလာစာအုပ် ဒါဇင် ၂ ထောင် လှူဒါန်းလာရာမှာ ရောက်ပြီး ၂ ရက်အတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း တို့က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးကျောင်း အပါအ၀င် မူလတန်း အလယ်တန်း ကျောင်းပေါင်း ၁၃ ကျောင်းကို ကျောင်းသား ဦးရေ အလိုက် ခွဲတန်းချပြီး ဖြန့်ပေးလိုက်ပြီလို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

စာရွက် အမျိုးအစားအလိုက် ဗလာ စာအုပ်ဈေး အစားစား ရှိပြီး တဒါဇင် ကျပ် ၄၀၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကွန်ပါဘူး တဘူးဆိုရင်လည်း နှစ်ထောင်ကျော် ၀န်းကျင် ရှိပြီး ဘောပင် တချောင်း ကျပ် ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလဆန်းပိုင်းမှာတင် ဘိုကလေး မြို့နယ် NLD က ဦးစီးပြီး ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ပေါင်းတည် ကျေးရွာ အုပ်စု အောက်မိုးညို ကျေးရွာမှာ ပညာဒါန အခမဲ့ မူလတန်းကျောင်း တကျောင်း ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ (၂) ရက်ကွက် မာဃလမ်းက ကျောင်းတာဝန်ခံ ဆရာဦးအေးမြင့်ရဲ့ ခြံအတွင်းမှာ ဆောက်လုပ်ထားတဲ့ အမေ့အိမ်ကျောင်းကို စည်ပင် နယ်မြေမှာ ဆောက်လုပ်ထားတယ် ဆိုပြီး အမြန်ဆုံး ဖျက်ပေးဖို့ စည်ပင်သာယာက မနေ့ ညနေပိုင်းမှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆရာဦးအေးမြင့် ကပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ

2011-07-15

မုံရွာမြို့ပေါ်က လူစည်ကားရာ နေရာ ၇ နေရာလောက်မှာ ကျောင်းသား လူငယ်လို့  နံမည်တပ်ထားတဲ့ အဖွဲ့တွေက လာမည့်ရက်ပိုင်းမှာ ဆန္ဒပြရေး အပါအ၀င် တောင်းဆိုချက် သုံးရပ် ပါဝင်တဲ့ နှိုးဆော်စာတွေကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒီစာဖြန့်ဝေတာကို တွေ့ခဲ့ရတဲ့ ဒေသခံ လူငယ်တဦး က-

“ဒီကနေ့ မနက် ၅ နာရီလောက်မှာ မုံရွာမှာ ရွှေစည်းခုံ ဘုရား၊ စိုက်ပျိုးရေးဝင်း လုံထိန်းတွေရှိတဲ့ နေရာ၊ စံလာဝီ ကမ်းနား၊ ဒေါနပြင် ရပ်ကွက်၊ အထက ကျောင်းတွေ အားလုံး ၇ နေရာလောက် ရှိတယ်။ စာတွေ ဖြန့် တာဗျ။ ကျောင်းသား လူငယ်လို့ ရေးထားတယ်ဗျ။ စာတွေကတော့ အမျိုးမျိုး ရေးထားတာပေါ့။ ၁၈၊ ၁၉ မှာ ဆန္ဒပြကြမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံ ဆွေးနွေရေး၊ ဖမ်းဆီး ကျောင်းသားများ ပြန်လွှတ်ရေး၊ ဒို့ အရေး ဆိုပြီး စာရွက်တွေမှာ ရေးထားတယ်။ ကျွန်တော်တို့ ကောက်တယ်ဗျ။ ဖတ်တယ်ဗျ။ အချင်းချင်း အပြန်အလှန် ဖြန့်ဝေတာတွေလည်း လုပ်တယ်ဗျ။ စည်ပင်ကတော့ အဲဒီစာတွေကို ကားနဲ့ ပတ်ပြီး လိုက်သိမ်းတာတွေ ကျွန်တော်တွေ့ခဲ့ရတယ်”

- လို့ ပြောပါတယ်။

စာပါ အကြောင်းအရာတွကို ပြည်သူလူထုက စိတ်ဝင်စားကြကြောင်း၊ ပြန့်ကျဲနေတဲ့ စာတွေကို စည်ပင်သာယာက လိုက်လံ သိမ်းဆည်းခဲ့ပေမဲ့  တစုံတရာ အရေးယူတာ မရှိကြောင်း အဲဒီ ဒေသခံက ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

KIO က ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်

2011-07-15

KIO ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ လူထု အစည်းအဝေးက ထွက်လာတဲ့ ဆွေးနွေးချက်တွေကို ဒီကနေ့ည ကြေညာချက် ထုတ်ပြန်ပါတယ်။


အဲဒီကြေညာချက်မှာ အဓိက အချက်တွေက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ နဲ့ နိုင်ငံရေးအရ ရေရှည် အာမခံချက်ရှိတဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ လူထုက လိုလားတယ်ဆိုတဲ့ အချက် တွေ ပါဝင်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် အဖွဲ့ရဲ့ တွဲဘက် အတွင်းရေးမှုးလည်း ဖြစ်တဲ့ ဦးလာနန်းက RFA ကို အခုလို ပြောပါတယ်။

"နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာဖို့ လူထုက လိုလားတယ် ဆိုတဲ့ အချက်၊ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ခိုင်မာတဲ့ ကတိတ၀တ် ရမှသာလျှင် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ဖို့ အကြံပြု ထားသလို၊ တနိုင်ငံလုံး အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဖို့ လိုလားတယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီအချက်တွေကို မူတည်ပြီး ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။"

နယ်ပေါင်းစုံက ကိုယ်စားလှယ် တရာကျော် တက်ရောက်တဲ့ လူထု စည်းဝေးပွဲကို ဇူလိုင်လ ၁၂ နဲ့ ၁၃ ရက် တွေမှာ နှစ်ရက် ကြာ ကျင်းပခဲ့ပြီး၊ အဲဒီ အစည်းအဝေးရဲ့ ရလာဒ် အဖြစ် ဒီအချက်တွေ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီကနေ့အထိ ကချင် စစ်ပြေး၊ စစ်ရှောင် ဒုက္ခသည်တွေ အိမ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်သားတွေ စစ်ကြောင်း ထွက်တဲ့ အခါမှာ သူတို့ လုံခြုံရေး အတွက် ရွာမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုနဲ့အမျိုးသမီးတွေကို ကျဉ်ကာ အဖြစ် လမ်းတလျှောက် ခေါ်လာပြီး သွားလာ လှုပ်ရှားနေတယ်လို့ဦးလာနန်းက ပြောပါတယ်။

တဆက်တည်းမှာပဲ ကချင် ဒုက္ခသည် အရေးနဲ့စစ်ပွဲ ပြဿနာတွေကို တရုတ်အစိုးရက ရေငုံနှုတ်ပိတ် နေပြီး၊ တဘက်မှာတော့ မြန်မာ အစိုးရ အတွက် စစ်အသုံးအဆောင် ပစ္စည်းတွေ ပို့နေတဲ့ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဦးလာနန်းက ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြန်မာအလုပ်သမား ၅ သိန်းခွဲ ထိုင်းမှာ မှတ်ပုံတင်

2011-07-15

ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ပြုခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅-သိန်းခွဲကျော် ပါဝင် မှတ်ပုံတင်ခဲ့ပါတယ်။


ထိုင်း လုပ်ငန်းရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားပေါင်း ၈-သိန်းခွဲကျော်ကို မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီ အထဲမှာ ကမ္ဘောဒီးယား နိုင်ငံသား ၂-သိန်းနီးပါးနဲ့ လာအို ၈-သောင်းခန့်တို့ ပါဝင်ပါတယ်။

မြန်မာ အလုပ်သမား အများဆုံး မှတ်ပုံတင်တဲ့ ဘန်ကောက်မြို့ အမှတ် ၇ ရုံးရဲ့ ညွှန်ကြားရေးမှူး ခွန် ဖိရိုင်ဆန် က “ဒီနေ့အထိ နောက်ဆုံးလာ မှတ်ပုံတင်တာ ၃ သောင်းခွဲ ရှိပါတယ်။ အဲဒီ အထဲမှာ မြန်မာ ၂ သောင်းခွဲ ပါပါတယ်” လို့ ပြောပါတယ်။

အလုပ်သမား ဘတ်လက်မှတ် ပြုလုပ်တဲ့ အချိန်ကာလ သတ်မှတ်ချက်ကို ထပ်မံ သက်တမ်း တိုးပေးမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာ မမှန်ကန်ကြောင်း၊ ၁၄ ၇က်နေ့ဟာ နောက်ဆုံး ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး က ပြောသွားပါတယ်။

အခုလို မှတ်ပုံတင် စာရင်းသွင်းမှုတွေ ပြီးစီးသွားပေမယ့် အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူကာ အလုပ်သမား ဘတ်လက်မှတ် လက်ဝယ် ပိုင်ဆိုင်မှု ရဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထား ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဆရာတော် ဦးပညာသာမိ ၅၁နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ ကျင်းပပြီးစီး

15 July 2011--
စောညွှန့်သောင်း

ယမန်နေ့က သက်တော် ၅၁နှစ်ပြည့်မြောက် သည့် တောမှီရဟန်းတစ်ပါးဖြစ်သူ တောင်ကလေးဆရာတော် ဦးပညာသာမိ၏ မွေးနေ့မင်္ဂလာပွဲကို ဖားအံမြို့အရှေ့ဘက် တောင်ကလေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ မွေးနေ့မင်္ဂလာပွဲကို အကျဉ်းချုံး ကျင်းပခြင်းသာဖြစ်ပြီး ဖားအံနှင့် လှိုင်းဘွဲမြို့နယ်နှစ်ခုမှ လူထုပရိဿတ်များ လာ ရောက်အားပေး ချီးမြှင့်ခဲ့ကြသော်လည်း အစိုးရဌာနဆိုင်ရာ အရာရှိများ လာရောက်ခြင်းမရှိကြောင်း သွားရောက် ခဲ့သူများက ပြောသည်။


“ဒီနှစ် ဆရာတော်မွေးနေ့က အဖြစ်သဘောလောက်သာ လုပ်ကြတာ။ ခါတိုင်းနှစ်လို မဟုတ်ဘူး။ ဆရာတော် လည်း ကြီးကြီး ကျယ်ကျယ် မလုပ်စေချင်ဘူး။ အထိမ်း အမှတ်လောက်ပါ။ ရပ်ဝေးက လူတွေလည်း သိပ် မလာဖြစ်ဘူး။ ဖားအံနဲ့လှိုင်းဘွဲနယ် လောက်သာ လာကြ ပါတယ်။ အစိုးရဋ္ဌာနဆိုင်ရာ လူတွေလည်း သိပ်မတွေ့ဘူး။”ဟု ပြောသည်။

ယခုနှစ် ဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတွင် ထူးခြားမှု အနည်းငယ်ရှိကြောင်း ရွာခံတစ်ဦးက အခုလို ပြောဆို လိုက်သည်။

သူက “ဒီနှစ်မွေးနေ့မှာ ထူးခြားတာကတော့ ဆရာတော်ရဲ့ ဓမ္မာရုံအရှေ့မှာ ထိုင်စောင့်နေတဲ့ပုံ ခွေးရုပ်နှစ်ကောင်ကို ထားထား တယ်။ ပြီးတော့ နွားနှစ်ကောင်လည်း မွေးထားသေးတယ်။ နွားတွေကတော့ အရှင်တွေပါ။ အနောက်ပန်းရုံမှာ မျောက်ပုံတွေ၊ ငှက်ပုံတွေ လုပ်ထားတာကိုလည်း တွေ့ရတယ်။ ဘာအဓိပ္ပါယ်လဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ဆိုသည်။

မွေးနေ့မတိုင်ခင် ဇူလိုင်လ ၁၃ရက်နေ့ညနေတွင် တောင်ကလေးစေတီ၌ ဒါယိကာ ဒါယိကာမများက ပန်းများ၊ သစ်သီးဝလံ များ လှူဒါန်းပူဇော်ခြင်း၊ ဖားအံမြို့နှင့် တောင်ကလေးမှ ဓမ္မစင်္ကြာအဖွဲ့များက လာရောက်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၄ရက်နေ့ မွေးနေ့နံနက်တွင် ဓမ္မစင်္ကြာအဖွဲ့များက အလှည့်ကျ ရွတ်ဆိုပူဇော်ကြပြီး မွေးနေ့ပွဲသို့ လာရောက်သည့် ဧည့်ပရိ သတ်များကို ဆရာတော်က တရားဘာဝနာများ နာကြားစေကာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးသည်ဟု သိရသည်။

ဆရာတော် ဦးပညာသာမိ၏ မွေးနေ့မှတ်တမ်း ရိုက်ကူးရေးကိုမူ တောင်ကလေးဆရာတော်မှ ဖွင့်လှစ်ထားသည့် ကရင်ပညာ ကျေးရွာ (ဖလုံပွန်ညာ့တဝေါင့်) တာဝန်ခံ ဆရာတော် မောင်နဲဟိမှ ဦးဆောင်သည့် P.E.D.U မီဒီယာအဖွဲ့မှ ရိုက်ကူးပေးခဲ့ သည်ဟု သိရသည်။

Ref: ကေအိုင်စီ

Read More...

လွှတ်တော်အမတ်များ မီဒီယာနှင့် မပတ်သက်ရန် ကရင်ပြည်နယ် ၀န်ကြီးချုပ် တားမြစ်

15 July 2011
နန်းဖော့ဂေ

လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းသည် ပြည်နယ်အတွင်းရှိ လွှတ်တော်အမတ်အချို့အား သတင်းမီဒီယာ များနှင့် ပြောဆိုခြင်း မပြုလုပ်ရန် ပြီးခဲ့သည့်လက ခေါ်ယူတားမြစ်ခဲ့ကြောင်း အမတ်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြော ဆိုနေကြသည်။

“အရင်လကတည်းက ၀န်ကြီးချုပ်က ခေါ်ပြောတာလေ။ သူတို့ ကူးယူထားတဲ့ သတင်းစာမျက်နှာကို ထုတ်ပြပြီး နောက်ဆို မီဒီ ယာနဲ့ ဘယ်တော့မှ စကားမပြောရဘူးဆိုပြီး ပြောတယ်။ အထူးသဖြင့် ကရင်ပါတီကိုပေါ့။ ဖလုံ-စဝေါ်ပါတီက ဒေါ်နန်းစေအွာ လည်း ပါတယ်။”ဟု အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက ဆိုသည်။


ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (Plone-Swor Democratic Party-PSDP)သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ တွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်၌ လွှတ်တော်အမတ် ၁၈ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ဦးမှာ မဲအနိုင်ရရှိခဲ့သည်။

ယခုနှစ် မတ်လတွင် ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပထမဦးဆုံး လွှတ်တော်အစည်းအဝေးတွင် PSDP အနေ ဖြင့် ကရင်ပြည်သူများ၏ လိုလားချက်အရ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ကရင်တပ်ဖွဲ့များအကြား တွေ့ဆုံ ဆွေးနွေးနိုင်ရေး သမ္မတထံ တင်ပြထားခဲ့ခြင်းကိုလည်း ပိတ်ပင်သည့်စကားမျိုး ပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါနီးစပ်သူက “ပါတီအနေနဲ့ ဒေါ်နန်းစေအွာတို့၊ ဦးစောသိန်းအောင်တို့က သမ္မတဆီ ပြည်နယ်ငြိမ်းချမ်းရေးကိစ္စ တင်ပြ ထားတာ ရှိတယ်မဟုတ်လား။ အဲဒါကို ငြိမ်းချမ်းရေးကိစ္စက ဘာမှပြောဖို့ မလိုဘူးတဲ့လေ။ ဒါက ပါတီက လုပ်ကြံပြောယူတာမှ မဟုတ်တာ။ လူထုက ဖြစ်ချင်တာကို သူတို့က တင်ပြတာပဲလေ။”ဟု ပြောသည်။

မေလအတွင်းက ကေအိုင်စီနှင့် PSDP ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းစေအွာထံ ဆက်သွယ်မေးမြန်းချက်တွင် “ကျမတို့ ပြည်နယ် ငြိမ်းချမ်းချင်တယ်။ တခြားပြည်နယ်တွေမှာ အကုန်လုံး ငြိမ်းချမ်းနေပြီ။ ငြိမ်းချမ်းမှုမရှိရင် တိုးတက်လို့မရဘူးလေ။ အဲဒါကြောင့် ငြိမ်းချမ်းမှုကို လိုလားတဲ့အတွက် ကျမတို့ တောင်းဆိုတာပါ။”ဟု ကေအိုင်စီကို ဖြေကြားခဲ့ပြီး ဖြစ်သည်။

ဖလုံ-စဝေါ်ပါတီသည် ဖွံ့ဖြိုးတိုးတက်ရေး(Development)ထက် ငြိမ်းချမ်းရေး(Peace)ကို ပို၍ လိုလားကြောင်း ပါတီဝင်များက ဆိုသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ၀န်ကြီးဌာန ၀န်ကြီးများအနက် ကရင်လူမျိုး ၀န်ကြီး ၅ဦးဖြစ်သည့် စောဝင်းထိန်၊ စောခရစ္စ တိုဖာ၊ စောဆာလောလ၊ စောခင်မောင်မြင့်နှင့် စောကြည်လင်းတို့ ပါဝင်ပြီး ၎င်းတို့အား ဘဏ္ဍာရေးနှင့်အခွန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနများတွင် ယခုလ ၅ရက်နေ့ တွင် တာဝန် ပြောင်းလဲပေးအပ်ခဲ့သည်။

Ref: ကေအိုင်စီ

Read More...

Friday, July 15, 2011

အလုပ်သမား လက်မှတ်သစ် ပြုလုပ်သူ မြန်မာ ၆ သိန်းခန့်ရှိ

ဘစောတင်
15 July 2011

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းနီးပါး အလုပ်သမား လက်မှတ်သစ် ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။


ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသားများအတွက် အလုပ်သမား လက်မှတ်သစ်များကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့အထိ ယင်းသုံးနိုင်ငံမှ စုစုပေါင်း အလုပ်သမား ၉ သိန်းခွဲကျော် မှတ်ပုံတင်ပြီးဖြစ်ရာ မြန်မာက ၇၀ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ဧရာဝတီသို့ ပြောသည်။

“မနေ့က နောက်ဆုံးပြုလုပ်ခဲ့တဲ့ စာရင်းအတိအကျကိုတော့ ကျနော်တို့ မပြောနိုင်သေးဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီနေ့ဝါဆိုလပြည့်နေ့မို့လို့ ရုံးပိတ်ရက် ခံသွားပြီလေ။ ဒါပေမယ့် ၁၃ ရက်နေ့အထိ သိထားရတာကတော့ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာ ၃ နိုင်ငံက အလုပ်သမား ၉ သိန်းခွဲနီးပါး လက်မှတ်လုပ်ပြီးနေပြီဆိုတာကို သိရတယ်။ အရင်တုန်းကလည်း လက်မှတ်သစ်လုပ်တိုင်း မြန်မာက ၇၀ ရာခိုင်နှုန်းလောက် ပါနေကျ” ဟု ပြောသည်။

ယနေ့ ၀ါဆိုလပြည့်နေ့ အပါအ၀င် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များသည် ထိုင်းအစိုးရရုံးပိတ်ရက်များဖြစ်သဖြင့် အလုပ်သမားဝန်ကြီးဌာနက စာရင်းများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ (HRDF) မှ အကြံပေး မစ္စတာ အန်ဒီဟောလ်က “ဇူလိုင်လ ၁၃ ရက်နေ့အထိကတော့ မြန်မာက ၅၅၂၂၈၉ ယောက် ပါဝင်တယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် အလုပ်သမားလက်မှတ် မပြုလုပ်သေးဘဲ ကျန်ရှိနေသော အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ရရှိစေရန် ရည်ရွယ်ပြီး ထိုင်းအစိုးရက ယခုအကြိမ် ထံမံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား လက်မှတ်သစ် ပြုလုပ်ပေးမည်ဟု သတင်းထွက်ပေါ်ချိန်မှစ၍ ပွဲစားများက နည်းမျိုးစုံဖြင့် တင်သွင်းလာခဲ့ကြသော အလုပ်သမားသစ် အများအပြားလည်း ယခုလက်မှတ်သစ် ပြုလုပ်ရာတွင် ပါဝင်သည်ဟု သိရသည်။

ယခုပြုလုပ်သော အလုပ်သမားလက်မှတ်သစ် ပြုလုပ်ရေးအစီအစဉ်တွင် ရွှေ့ပြောင်းအလုပ်သမားများ အားလုံးပါဝင်ခြင်းမရှိနိုင်ဘဲ တချို့ဒေသများတွင် ကျန်ရှိနေသေးသည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသော မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

၎င်းက “စိုက်ပျိုးရေး လုပ်ငန်းလိုနေရာမျိုးနဲ့ ချောင်ကျတဲ့နေရာမျိုးက လူတွေ ကျန်နေဦးမှာ သေချာတယ်။ နောက်ပြီး အလုပ်ရှင်တွေကိုယ်တိုင်က အလုပ်သမားလက်မှတ် မလုပ်ပေးချင်တဲ့အတွက် လက်မှတ် မလုပ်ရတာမျိုးလည်း ရှိတယ်။ နောက်ပြီးတော့ ပွဲစားတွေနဲ့ အချိန်မီတက်လာခဲ့ကြတဲ့ လူသစ်တွေ အကုန်လုံးလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကယ်ရီခ၊ အလုပ်ဝင်ခ၊ ဟိုခ ဒီခတွေကလည်း များတော့ လက်မှတ်လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့သူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

ယခင်က လက်မှတ်ပြုလုပ်ပြီး ထိုင်းနိုင်အတွင်းတွင် အလုပ်လုပ်နေသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ ၁ သန်း ၃ သိန်းနီးပါးရှိရာ ယခုအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု အလုပ်သမားလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နေသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေမှာ ၂ သန်းနီးပါး ရှိလာမည်ဖြစ်သည်။

အလုပ်သမားလက်မှတ်သစ် ပြုလုပ်ပြီးနောက် ယင်းအလုပ်သမားများသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ယာယီ နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်လုပ်နေသူ မြန်မာ ၅ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများမှာ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

Ref: ဧရာဝတီ

Read More...

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများ ၃ လနား

15 July 2011

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများကို ဇူလိုင်လဆန်းမှ စတင်၍ ၃ လ ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

“ဘက်ဂျက်လျှော့ချရေး အစီအစဉ်အရ အရေးမကြီးသေးတဲ့ တည်ဆောက်ရေး စီမံကိန်းတွေကို ခေတ္တရပ်နားတယ်လို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါတယ်” ဟု ACE ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာတဦးက ပြောသည်။ ACE ဆောက်လုပ်ရေးလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်သည်။


ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်ကောင်စီရုံးအနီးတွင် တည်ဆောက် နေသော ဒုတိယ ဝန်ကြီးများအတွက် အိမ်ရာများ၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း နှင့် စစ်တပ်မှ ဆောက်လုပ်သည့် စီမံကိန်း များမှအပ ကျန် တည်ဆောက်ရေး လုပ်ငန်း များအားလုံး ပါဝင်ကြောင်း နေပြည်တော် အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင် များထံမှ သိရသည်။

“အစိုးရက အရေးမကြီးသေးတဲ့ စီမံကိန်းတွေကို ရွှေ့ဆိုင်းပြီး အရေးကြီးတဲ့ စီမံကိန်းတွေကို အရင်ပြီးစီးအောင် လုပ်မယ်လို့ ပြောပါတယ်” ဟု ACE မှ အင်ဂျင်နီယာက ပြောသည်။

ယင်းရွှေ့ဆိုင်းမည့် အစီအစဉ်တွင် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်တည်ဆောက်နေသာ ဇေယျာ သီရိနှင့် ဇမ္ဗူသီရိမြို့နယ်များရှိ မက်စ်မြန်မာမှ ဘောလုံးကွင်းနှစ်ကွင်း ပါဝင်ခြင်းရှိ၊ မရှိ မသိရသေးကြောင်းလည်း ၎င်းက ပြော ကြားသည်။

“ကျနော်တို့လည်း ရပ်နား၊ မရပ်နား မသိရသေးပါဘူး” ဟု ဇေယျာသီရိမြို့နယ်ရှိ ဘောလုံးကွင်းတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာက တယ်လီုဖုန်းဖြင့် ဖြေကြားသည်။

ရပ်တန့်လိုက်သည့် တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်ဧည့်ဂေဟာ၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမျိုးသားစာကြည့်တိုက် စသည့် တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်သည်။

“၃ လ ဆိုပေမယ့် ပိုရင်လည်း ပိုနိုင်တယ်ကြားတယ်။ အလုပ်သမားတွေကိုလည်း ပြန်လွှတ်လို့ မဖြစ်သေးဘူး။ အလုပ်မလုပ်ရဘဲ နေ့တွက်၊ လစာပေးနေရမလားပဲ မသိပါဘူး” ဟု နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ စီမံကိန်းဒါရိုက်တာတဦးက ပြောသည်။

ACE, အေဝမ်း၊ IEG, TZTM, ရွှေတောင် စသည့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ အနေဖြင့်မူ အမြဲတမ်းဝန်ထမ်းများကို လစာဆက်ပေးထားမည် ဖြစ်သော်လည်း လက်ခွဲဆောက်လုပ်ရေးလုပ်ငန်းများကမူ လုပ်သားများကို ပြန်လွှတ်နေရကြောင်း ဆောက်လုပ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတရပ်တွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် အရေးကြီးသော စီမံကိန်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လောလောဆယ် မလိုအပ်သော အသုံးစရိတ်များကို လျှော့ချရန်ပြောကြားခဲ့သည်။

ယခင် အစိုးရလက်ထက်က နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွင် တရက်လျှင် မြန်မာငွေကျပ် သန်း ၄ဝဝဝ ခန့် သုံးစွဲခဲ့ကြောင်း စည်ပင်သာယာရေး ဘဏ်အရာရှိတဦးက ပြောသည်။

နအဖ အစိုးရလက်ထက်တွင် နေပြည်တော်ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ တွင် အပြီးသတ်ရန် စီမံကိန်း ချထားခဲ့သည်။

Ref: ဧရာဝတီ

Read More...

ကျောက်မျက် အရောင်းပွဲ ပြည်တွင်း ဝယ်လက် ပိုများ

ရန်ပိုင်
15 July 2011

နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ၄၉ ကြိမ်မြောက် ကျောက်စိမ်း၊ ကျောက်မျက် ပုလဲ အထူးရောင်းချပွဲ၌ နိုင်ငံခြားသားများ အထူးသဖြင့် တရုတ် ကျောက်ကုန်သည်များထက် ပြည်တွင်းကျောက်ကုန်သည်များ၏ ၀ယ်ယူမှုက ယခုအကြိမ်တွင် ပိုမိုများပြားကြောင်း သိရသည်။


ပြပွဲသို့ သွားရောက်သည့် ပြည်တွင်းကျောက်ကုန်သည် ဦးညီညီနိုင်က “ဒီတခါ တရုတ်တွေ ပြပွဲလာကြပေမယ့် အခါတိုင်း လောက် ဈေးမပေးတော့ဘူး၊ ပြည်တွင်းကုန်သည်တွေကပဲ ဈေးအောင်ကြတယ်” ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကျောက်ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်၏တန်ဘိုး အပေါ်၌ ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်ကုန်သည်များမှာ ၎င်းတို့အစိုးရသို့ ပေးဆောင်ရမည့် အခွန်ငွေကိုပါ တွက်ချက်၍ လေလံဈေးကို ပေးရသည့်အတွက် လေလံပွဲတွင် ပြည်တွင်းကုန်သည်များကို မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အရောင်းပြပွဲများ၌ ကျောက်စိမ်းအတွဲများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်ကုန်သည်များက ဈေးအမြင့်ဆုံးပေးကာ ၀ယ်ယူသည်ကို တွေ့ရသည်ဟု ဦးညီညီနိုင်က ပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာတွင် တရုတ်လူမျိုး ကျောက်စိမ်းကုန်သည် Mr. Cai Xiaowu က ကျောက်စိမ်း အတွဲများကို ဈေးအများဆုံးပေးကာ ၀ယ်ယူသည်ဟု ဖော်ပြထားပြီး ပတ္တမြား၊ နီလာ စသည့် ကျောက်မျက် ရတနာများ ၀ယ် ယူမှုတွင် Ruby Dragon ကုမ္ပဏီမှ ပြည်တွင်းရတနာကုန်သည် ဦးမောင်မောင်နိုင်က အများဆုံး ၀ယ်ယူ သူဆုကို ရရှိခဲ့ ကြောင်းသိရသည်။

ကျောက်မျက်ရတနာ အရောင်းပြပွဲများကို မြန်မာဆိုရှယ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် ၁၉၆၄ ခုနှစ်မှ စတင်ကာ တနှစ်တကြိမ်ပြပွဲများ ကျင်းပပြီး နိုင်ငံခြားသားများကိုသာ ရောင်းချခဲ့ရာ ၁၉၉၇ ခုနှစ် စစ်အစိုးရလက်ထက်ရောက်မှ နိုင်ငံသား များကို ၀ယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၀၄ ခုနှစ်တွင် တနှစ်လျှင် သုံးကြိမ်အထိ အရောင်းပြပွဲများ ပြုလုပ်ခဲ့ရာ ယခု ၄၉ ကြိမ်မြောက် အထူးရောင်းချပွဲ တွင် ကျောက်စိမ်းအတွဲ ၂၂၃၁၇ တွဲ၊ ကျောက်မျက် အတွဲ ၂၄၈ တွဲ၊ ပုလဲအတွဲ ၃၅၅ တွဲကို တင်ပြရောင်းချခဲ့သည်။

ယခုတကြိမ် ပြုလုပ်သည့် ရောင်းချပွဲသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲကို ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ကျောက်မျက်ပွဲများသည် အစိုးရ၏ ဘဏ္ဍာကို အဓိက ဖြည့်တင်းပေးနေသည့် ရောင်းချပွဲများဖြစ်ပြီး ၄၇ ကြိမ်မြောက်ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ (ကျပ်သန်း ၁၄၀၀ ၀၀၀ ) ရောင်းချခဲ့ရကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ပြပွဲ၌ ကျောက်စိမ်းများ ရောင်းဝယ်ရာတွင် အိတ်ပိတ် တင်ဒါစနစ်၊ ဈေးပြိုင်လေလံစနစ်ဟု စနစ်နှစ်မျိုးကျင့်သုံး၍ ရောင်းဝယ်သည်။

ပြည်တွင်း ကျောက်စိမ်းကုန်သည်များ အနေဖြင့် ချိတ်ပိတ်တင်ဒါစနစ်ထက် ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းဝယ်မှုကို ပိုမို ကြိုက် နှစ်သက်ကြောင်း ယခုပြပွဲတွင် ကျောက်စိမ်းအတွဲများကို ပြပွဲတင်ရောင်းချသည့် ပြည်တွင်းကျောက်စိမ်းကုန်သည် ဦးမောင်မောင် ခင်ကလည်း ဆိုသည်။

“တင်ဒါစနစ်ကတော့ ပစ္စည်းကြည့်၊ ပေးမယ့်ဈေးနှုန်းရေး၊ ပုံးထဲထည့်။ လေလံကျတော့ အပြိုင်အော်ဟစ် ဈေးပေးတော့ ပိုပြီး စိတ်လှုပ်ရှား ရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

သို့သော် ရောင်းဝယ်ရာတွင် အစိုးရက ပြဋ္ဌာန်းထားသည့် ရောင်းဝယ်မှု ဆိုင်ရာ ဥပဒေများ၌ ပျော့ကွက်ဟာကွက်များ ရှိနေသည့် အတွက် ပြပွဲတင်ရောင်းချသည့် ပြည်တွင်းကုန်သည်များတွင် နစ်နာမှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အစိုးရက ကျောက်စိမ်းနှင့် ကျောက်မျက် ၀ယ်ယူသည့် နိုင်ငံခြားသား ကုန်သည်များကို ၀ယ်ယူလိုသည့် ကျောက်အား လက်ငင်း ငွေချေရန် မလိုဘဲ ၂ လအကြာမှသာ လာရောက် စရံငွေ ပေးနိုင်ကြောင်း၊ ၃ လအကြာမှသာ အပြီးသတ် ငွေချေပြီး ကျောက်ကို ယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထိုအချက်ကို အခွင့်ကောင်းယူကာ နိုင်ငံခြားသားကုန်သည်များသည် လာရောက်ယူငင်ခြင်း မပြုတော့ဘဲ ရောင်းဝယ်မှု စည်းကမ်းကို ဖောက်ဖျက်မှုများ မကြာခဏ ကြုံနေရသည့်အတွက် ပြည်တွင်းကုန်သည်များသည် အချိန်၊ ငွေ စသည့် ရင်းနှီးမြုပ်နှံမှု အပိုင်းတွင် နစ်နာမှုများ ရှိနေသည်ဟု ဦးမောင်မောင်ခင်က ဆိုသည်။

ထိုသို့ ရောင်းဝယ်မှု စည်းကမ်းဖောက်ဖျက်သည့် ပြည်ပကုန်သည်များကို နာမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မည်ဟု အစိုးရက ပြဋ္ဌာန်းထားသော်လည်း အထူးသဖြင့် စည်းကမ်းချိုးဖောက်သည့် တရုတ်ကုန်သည်များသည် နာမည် အမျိုးမျိုး၊ မှတ်ပုံတင်အမျိုးမျိုး၊ နိုင်ငံကူးလက်မှတ် အမျိုးမျိုးဖြင့် ပြပွဲသို့ လာရောက်နေသည်ကိုလည်း မြင်တွေ့နေရကြောင်း
၎င်းက ပြောသည်။

တရုတ်နိုင်ငံ ကွမ်ကျိုး (ကန်တုံ) ကျောက်မျက်ပြပွဲတွင်မူ လေလံ ၀င်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် လေလံအောင်လျှင် စရံငွေအဖြစ် ကျောက်မျက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ပေးရသည်။

ပြည်တွင်းကျောက်မျက်ကုန်သည် တဦးဖြစ်သည် ဦးညီညီနိုင်ကလည်း ပြည်ပကုန်သည်များ၏ ရောင်းဝယ်မှုစည်းကမ်း ဖောက်ဖျက်မှုမှာ မှန်ကန်ကြောင်း၊ ပြီးခဲ့သည် ၄၈ ကြိမ်မြောက်ပြပွဲတွင် ၎င်းပြသခဲ့သည့် ကျောက်စိမ်းအား တရုတ်ကုန်သည် တဦးက ယူရို ၁၀ သန်းဖြင့် ၀ယ်ယူမည်ဆိုခဲ့သော်လည်း ယခုအထိ လာရောက်ယူဆောင်ခြင်း မရှိသေးကြောင်း ပြောသည်။

“အရောင်းအ၀ယ်မှာ ပါးစပ်နဲ့ ၀ယ်ပြီး ၃ လလောက်ကြာတဲ့အထိ လာပြီးမယူဘူးဆိုတော့ ရင်းနှီးထားတဲ့ငွေတွေ၊ အချိန်တွေ နစ်နာတာပေါ့” ဟု ဦးညီညီနိုင်က ဆိုသည်။

အစိုးရအနေဖြင့် ကျောက်မျက်ပြပွဲများကို ပြုလုပ်နေသော်လည်း ပြည်တွင်းကုန်သည်များ၏ နစ်နာနေမှုများကိုလည်း လျစ်လျူရှု မထားသင့်ဟု ၎င်းက ဆက်ပြောသည်။

ကျောက်စိမ်းတွင် ဂျေဒိုက် (Jadeide – Jade) နှင့် နက်ဖရိုက် (Nephrite- Jade) ဟု နှစ်မျိုးရှိရာ ဂျေဒိုက်ကိုသာ ကျောက်စိမ်းအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်သည့် ဂျေဒိုက်ကျောက်စိမ်းသည် အရည်အသွေးကောင်းမွန်ပြီး အဖိုးအတန်ဆုံး ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကို တရုတ်လူမျိုးများက အလွန်ကြိုက်နှစ်သက်ပြီး အမြတ်တနိုး ၀တ်ဆင်ကြသည့်အတွက် မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို ၀ယ်ယူပြီး ကွမ်ကျိုးမြို့၌ လက်ကောက်၊ လည်ဆွဲစသည့် အချောထည် ပုံအမျိုးမျိုး ထုဆစ်ကာ ရောင်းဝယ်ကြ သည်။

မြန်မာ့ကျောက်မျက်ရောင်းချပွဲများသို့ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများမှ အများဆုံးလာရောက်ကြပြီး၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ရုရှား စသည့်နိုင်ငံများမှလည်း လာရောက်ကြသည်။

Ref: ဧရာဝတီ

Read More...

အကျဉ်းသားပေါ်တာများကို မြန်မာ စစ်တပ် အသုံးပြုမှုရပ်တန့်ရန် လိုအပ်

14 July 2011--
နန်းသူးလေ

မြန်မာပြည်အရှေ့ဘက်ခြမ်းရှိ ရှေ့တန်းနယ်မြေတွင် အစိုးရစစ်တပ်က အကျဉ်းသား များကို ရှေ့တန်းနယ်မြေတွင် ပေါ်တာအဖြစ် အသုံးပြုနေခြင်းမှ ရပ်တန့်ပစ်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နှင့် လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့(HRW)တို့က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နိုင်ငံခြား သတင်းထောက်များအသင်း(FCCT)တွင် အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူများက “Dead Men Walking – သေလူတွေ လမ်းလျှောက်ခြင်း”ဟု အမည်ရသည့် အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။


၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ၂၀၁၁ ဇန်န၀ါရီလမှာ မြန်မာစစ်တပ်မှ အကျဉ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံတ၀ှမ်းရှိ ရဲဘက်စခန်းနဲ့ အကျဉ်းထောင် ၁၂ခုမှ အကျဉ်းသားပေါင်း ၇၀၀ဦးကို ပေါ်တာအဖြစ် အသုံးပြုရန် ကရင်ပြည်နယ် တောင်ပိုင်းသို့ ပို့ဆောင်ခဲ့ပြီး တဆက်တည်းတွင် အကျဉ်းသား ၅၀၀ကို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းသို့ ပို့ဆောင်ခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာထဲတွင် ၂၀၁၀နှင့် ၂၀၁၁ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသည့် အကျဉ်းသားပေါ်တာ ၅၈ဦး အား တွေ့ဆုံမေးမြန်းထားချက်များကို ထည့်သွင်းဖော်ပြထားပြီး ရှေ့တန်းနယ်မြေတွင် စစ်တပ်က ပေါ်တာများကို မိုင်းရှာခိုင်း ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခြုံခိုတိုက်ခိုက်မှုမှ ကာကွယ်ရန် စစ်ကြောင်းရှေ့မှ သွားခိုင်းခြင်း၊ အစာရေစာ မလုံ လောက်ခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KHRG က ထောက်ပြပြောဆိုလိုက်သည်။

KHRG ပြောရေးဆိုခွင့်ရှိသူ စောဖိုးဇော်က “ပေါ်တာတွေကို မိုင်းတွေထမ်းခိုင်းရုံမကဘဲ လက်နက်ကိုင်နယ်မြေတွေမှာ ရှေ့က နေ သွားခိုင်းတယ်။ မိုင်းတွေဘာတွေရှိရင် မိုင်းရှင်းသလိုဖြစ်အောင်လို့ ရှေ့က သွားခိုင်းတယ်။ မသွားဘူးဆိုရင် သေနတ်တွေနဲ့ ထု ထောင်းပြီး ကန်တယ်။ ပေါ်တာတွေ ရှေ့တန်းကနေ ထွက်ပြေးမယ်လို့ ယူဆရင် ရိုက်နှက်ရုံမကဘဲ အစားအစာတွေလည်း ၀အောင် မကျွေးဘူး။ ညှင်းပမ်းနှိပ်စက်ပြီး လူသားအတိုင်း မဆက်ဆံခဲ့ဘူး။”ဟု ကေအိုင်စီကို ပြောသည်။

အစိုးရစစ်တပ်သည် ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင်လည်း ရှေ့တန်းစစ်မြေပြင်၌ အရပ်သားများကို နှိပ်စက်နေဆဲဖြစ်ပြီး အကျဉ်းသားများကို ပေါ်တာအဖြစ် အသုံးပြုနေသည့် သက်သေအထောက်အထားများမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင်ဖြစ် ကြောင်း HRW အာရှရေးရာ ညွှန်ကြားရေးမှူး Elaine Pearson က ထောက်ပြပြောဆိုလိုက်သည်။

KHRG နှင့် HRW အနေဖြင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေး ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့မှ အရေးယူ လုပ်ဆောင်ရန်အပြင် အာဆီယံနိုင်ငံ များ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုမှ မြန်မာလူထုအတွက် ပံ့ပိုးပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

“အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့၊ ILO၊ ICRC နဲ့ နိုင်ငံတကာမှာရှိတဲ့ ခေါင်းဆောင်တွေ နောက်ပြီး ဥရောပသမဂ္ဂ၊ ဂျပန်တို့အနေနဲ့ စစ်အစိုးရရဲ့စစ်ရာဇ၀တ်မှု ကျူးလွန်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတာတွေ ရပ်တန့်အောင် စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့ပြီး အရေးယူ ဆောင်ရွက်သွားပေးဖို့တောင်းဆိုချင်တယ်။”ဟု KHRG မှ စောဖိုးဇော်က ပြောသည်။

Ref: ကေအိုင်အေ

Read More...

တနိုင်ငံလုံး​ အပစ်ရပ်​ရေး​ ကချင်လူထုလိုလား

July 14, 2011
အေး​နိုင်

ကချင်လွတ်လပ်​ ရေး​အဖွဲ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်မှာလုပ်တဲ့​ ကချင်လူထုစည်း​ဝေး​ပွဲမှာ တက်​ရောက်လာတဲ့​ မြို့နယ်အသီး​သီး​က ကချင်ကိုယ်စား​လှယ်​တွေက တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​လုပ်​အောင် ​ကေအိုင်အိုက ရပ်တည်ဖို့​ တင်ပြ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စမှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲတုန်း​ကလို ​ကေအိုင်အိုတဖွဲ့တည်း​မဟုတ်ဘဲ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ဖို့​၊​ နိုင်ငံ​ရေး​ဆွေး​နွေး​ရာမှာလည်း​ ကချင်တဖွဲ့တည်း​မဟုတ်ဘဲ ကျန်တိုင်း​ရင်း​သား​တွေအား​လုံး​ စုံညီပါဝင်တဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေလုပ်ဖို့​ တင်ပြခဲ့​ကြပါတယ်။


ဇူလိုင် ၁၂ နဲ့​ ၁၃ ရက် နှစ်ရက်တာ ဒီ​တွေ့ဆုံပွဲမှာ နယ်ပယ်အသီး​သီး​က ကိုယ်စား​လှယ် ၁၃၀ ​ကျော် တက်​ရောက်လာတယ်လို့​ ​ကေအိုင်အိုက ​ပြောပါ တယ်။

ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က “အခု အစိုး​ရက​နေပြီး​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ ကမ်း​လှမ်း​လာတဲ့​ပေါ်မှာ အား​လုံး​လိုလိုက အပစ်အခတ်ရပ်စဲ​ရေး​ လုပ်မယ်ဆိုရင် ခိုင်မာရမယ်၊​ ရိုး​သား​ဖြူစင်မှု ရှိရ မယ်ဆိုတဲ့​အမြင်သ​ဘော​တွေ တင်ပြ​ဆွေး​နွေး​ကြတယ်။ ၁၉၉၄ ခုနှစ်မှာ လုပ်ခဲ့​တဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ကို အား​လုံး​လိုလိုက ဝိုင်း​ပြီး​ အား​နည်း​ချက်​တွေရှိခဲ့​တယ်ဆိုတဲ့​အ​ကြောင်း​၊​ ၉၄ အပစ်အခတ်ရပ်စဲမှုဟာ အချိန်ဆွဲပြီး​တော့​ ​ကေအိုင်​အေကို လုံး​ဝလုံး​ပါး​ပါး​ ​အောင်လုပ်တယ်၊​ နိုင်ငံ​ရေး​အရ လုံး​ဝလှုပ်ရှား​မှုမရှိ​အောင် နယ်ခြား​စောင့်​တပ်ဆိုတဲ့​ ဟာနဲ့​ အဆုံး​သတ်​အောင် လုပ်တယ်ဆိုတဲ့​အ​ကြောင်း​၊​ အဲဒီတုန်း​က လုပ်ခဲ့​တာဟာ ​ကေအိုင်အိုရဲ့​ ကိုယ်စား​လှယ်အဖွဲ့နဲ့​ နဝတရဲ့​ ကိုယ်စား​လှယ်အဖွဲ့ လက်မှတ်ထိုး​ကြတာ​ကြောင့်​ အဲဒီသ​ဘောတူညီချက်ဟာ ဘာမှ တိကျခိုင်မာမှု မရှိဘူး​ဆိုတဲ့​အ​ကြောင်း​တွေ ​ထောက်ပြကြတယ်” လို့​ ​ပြောပါတယ်။

ဒါ​ကြောင့်​မို့​ ပြန်ပြီး​တော့​ ​စေ့​စပ်​ရေး​လုပ်မယ်ဆိုရင် ပထမအဆင့်​အ​နေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်တဲ့​အခါမှာ အချိန်ကို အကန့်​အသတ် ​ဘောင်ထဲမှာ ဖြစ်ရမယ်ဆိုတဲ့​ဟာရယ်။ ​နောက်ပြီး​တော့​ တနိုင်ငံလုံး​ အတိုင်း​အတာ အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်​စေရ မယ်ဆိုတဲ့​ဟာရယ်၊​ ​နောက်တခါ လုပ်တဲ့​အခါမှာ နိုင်ငံတခုခု ဒါမှမဟုတ် အဖွဲ့အစည်း​တခုခုက​နေပြီး​တော့​ ကြား​မှာ သက်​သေခံ​ပေး​တဲ့​ ဟာမျိုး​ကိုလည်း​ ​ပြောဆိုခဲ့​ကြတယ်လို့​ ဆိုပါတယ်။

ကေအိုင်အိုဌာနချုပ်ရဲ့ ​ ဒီလူထု​တွေ့ဆုံပွဲဟာ အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ ဇွန်လ ၉ ရက်က​နေ ခုထက်တိုင် တိုက်ပွဲ​တွေဖြစ်​နေတာကို ဖြစ်စဉ်အလိုက် ရှင်း​လင်း​တာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

Read More...

နောက်ထပ် မြန်မာသံအရာရှိတဦး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်တောင်း

2011-07-14

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ဟာ သူရဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံစာကို မနေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်က ၀ါရှင်တန် ဒီစီမြို့မှာ ရှိတဲ့ မြန်မာ သံရုံး ဒုတိယ သံမှူးကြီး ဦးကျော်ဝင်း ခိုလှုံခွင့် တောင်းခံပြီးတဲ့နောက် အခု ဒီသံရုံးကပဲ နောက်ထပ် သံအရာရှိ တဦး ခိုလှုံခွင့် တောင်းလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဌာနက သူ့ကို ၂၄ နာရီ အတွင်း စစ်တပ်က အရာရှိ တဦးနဲ့ အတူ ပျဉ်းမနား နေပြည်တော်ကို ပြန်လာရမယ်ဆိုပြီး အမိန့် ထုတ်ခဲ့တာကြောင့် အခုလို အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ဦးစိုးအောင်ရဲ့ ခိုလှုံခွင့် တောင်းခံမှုဟာ သံမှူးကြီး ဦးကျော်ဝင်း ကိစ္စနဲ့ပတ်သက်လို့ မြန်မာ အစိုးရက အရပ်ဖက် သံအရာရှိ တွေကိုပဲ အရေးယူတဲ့ ပုံစံမျိုး ဆောင်ရွက်လာတာကို မကျေနပ်ဘူးဆိုတဲ့ အကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့
မြန်မာ စစ်သံမှူးဟောင်း ဦးအောင်လင်းထွတ်က ပြောပါတယ်။

"တိုင်းပြည်အတွင်းမှာ ဒီအရပ်သား ၀န်ထမ်းတွေ အနေနဲ့က မကျေနပ်ဘူး ဆိုတာကို ပြတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပြည်ပမှာ ရှိတဲ့ ၀န်ထမ်းတွေ အနေနဲ့ကတော့ ပြည်တွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေထက် ပိုပြီး လွတ်လပ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဦးစိုးအောင် အနေနဲ့ကလည်း မခံမရပ်နိုင်လွန်းလို့ လုပ်တဲ့ အနေအထားမျိုးပါ။"

ဦးစိုးအောင်ဟာ ၁၉၇၉ ခုနှစ် ကတည်းက နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ စတင် တာဝန် ထမ်းဆောင်ခဲ့တဲ့ အရပ်ဖက် အရာရှိ တဦးဖြစ်ပြီး၊ ၀ါရှင်တန် ဒီစီရှိ မြန်မာ သံရုံးမှာ ပထမ အတွင်းဝန် အဖြစ် ၂၀၀၈ ခုနှစ်က စတင် တာဝန် ထမ်းခဲ့တာပါ။ အဲဒီ မတိုင်ခင်ကတော့ ဆွစ်ဇာလန်၊ ထိုင်းနဲ့စင်္ကာပူ နိုင်ငံတွေက မြန်မာသံရုံးတွေမှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။

ဦးစိုးအောင် အပါအ၀င် ၂၀၀၅ ခုနှစ် နောက်ပိုင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံတဲ့ မြန်မာ သံအရာရှိ သုံးဦး ရှိသွားပြီ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

လယ်သမားတွေ ILO တိုင်ကြား

2011-07-14

မကွေးတိုင်း နတ်မောက် မြိ့နယ်ထဲမှာ ဒေသခံ အာဏာပိုင်တွေနဲ့မြေစာရင်း ဦးစီးဌာန ဝန်ထမ်းတွေ မမှန်မကန် ဆောင်ရွက် နေတာကို လယ်သမားတွေက ILO အရာရှိကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့သတင်းရရှိ ပါတယ်။

မကွေးတိုင်း နတ်မောက် မြိ့နယ်ထဲမှာ ပင်မ စစ်လက်နက် ပစ္စည်းတပ်က သိမ်းထားတဲ့ လယ်မြေတွေ အတွက် ILO ရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် လျော်ကြေးပေးတဲ့ အခါမှာ မမှန်မကန် ဆောင်ရွက်နေတာပါ။

မြေသိမ်းခံ လယ်သမားတွေရဲ့ လယ်ယာမြေတွေ အတွက် နစ်နာကြေး အဖြစ် တဧက ၃ သိန်းနှုန်း ပေးတဲ့ အခါမှာ အသိမ်းခံ ရတဲ့ လယ်တွေ အကုန်လုံးအတွက် မရပဲ တစိတ်တပိုင်းပဲ ရကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။

နတ်မောက်မြို့နယ် ရွာမွန်အုပ်စု ကျောက်ရွာလေးက လယ်သမားတဦးကလဲ သူ့နစ်နာချက်ကို အခုလို ပြောပါတယ်။

"၁၆ ဧက ရှိတာ နဲနဲ လေးဘဲ ပြန်ရတယ်လေ။ မြေစာရင်းမှာ အပြောင်းအလဲတွေ လုပ်ပြီးတော့ သူတို့ အချင်းချင်း နားလည်မှု တွေ လုပ်လို့ ရန်ကုန်ဆင်းပြီး ဒီမိုကရေစီ အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ILO လာတိုင်တာပါ။"

ဒီအတွက် နစ်နာရတဲ့လယ်သမားတွေက ILO ရုံးကို တိုင်ကြားခဲ့လို့  ပြီးခဲ့တဲ့ မတ်လက စပြီး လျော်ကြေး ပေးနေရတာပါ။ ဒါပေမယ့် မြေစာရင်းဌာနနဲ့အာဏာပိုင်ပေါင်းပြီး၊ လယ်သမားတွေရဲ့ မူလ ပိုင်ဆိုင်မှု မြေပမာဏကို အမှန်အတိုင်း မဖေါ်ပြပဲ လျော်ကြေးပေးတဲ့ အတွက် ထိခိုက်နစ်နာနေရတာလို့လယ်သမားတွေက ပြောပါတယ်။

အခုကိစ္စကို ဒီနေ့ပဲ ILO အရာရှိနဲ့ တွေ့ပြီး တိုင်ကြားလိုက်တယ်လို့NLD ရဲ့ အလုပ်သမား လယ်သမား အရေး ဆောင်ရွက် နေသူ ဦးသက်ဝေက ပြောပါတယ်။

"မြေစာရင်း ဦးစီးဌာနနဲ့ သက်ဆိုင်ရာ ရရက ဥက္ကဌတွေ ကနေပြီးတော့ မြေဧကတွေ လျှော့ပြီးတော့ သူတို့ရဲ့ကိုယ်ကျိုးစီးပွါး အတွက် လုပ်နေပါတယ်။ အဲဒါ ကျနော်တို့ကို အကူအညီတောင်းလို့ ILO အရာရှိကို တိုင်ထားတယ်ပေါဗျာ။"

၂၀၀၄-၂၀၀၅ ခုနှစ်က စလို့ပင်မ စစ်လက်နက် ပစ္စည်းတပ်က အဲဒီ ဒေသတဝိုက် ရွာပေါင်း ၂၀ လောက်က သိမ်းထားတဲ့ လယ်မြေ ဧကပေါင်း တသောင်းကျော် ရှိပြီး အဲဒီ နေရာမှာ ဂိုဒေါင်တွေ ဆောက်ထားတယ်လို့ပြောကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အပေါ်သို့