Wednesday, July 13, 2011

ကျောက်မဲမြို့ ဗုံးကွဲ၊ ၄ ဦး ဒဏ်ရာရ

ရန်ပိုင်
13 July 2011

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရကြောင်း သတင်းရသည်။


ပေါက်ကွဲမှု ဖြစ်ပွားသည့် မြို့ဝင်ဂိတ်ကြေး ကောက်ခံသည့် နေရာအနီးတွင် စစ်သားတချို့နှင့် ရဲတပ်ဖွဲ့ဝင်တချို့ ရှိကြောင်း ကျောက်မဲ မြို့ခံတဦးက ပြောသည်။

“ညဆိုတော့ ပေါက်ကွဲသံ ကျယ်တယ်၊ ဒဏ်ရာရတဲ့အထဲက ၃ ယောက်ကတော့ စိုးရိမ်ရတယ်ပြောတယ်” ဟု ဆိုသည်။

ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ ကြားခြင်း မရှိပေ။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာမြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။

ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကမှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်း မရှိပေ။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာရှိ သွားကြောင်း သိရသည်။

ပြီးခဲ့သည့် လကတည်းက ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့် မြို့ကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့