Friday, August 20, 2010

ရွေးကောက်ပွဲအကြို ဒုဗိုလ်ချုပ်ကြီး ၁ဝ ဦး အငြိမ်းစား ယူမည်

သောကြာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) - မြန်မာ စစ်အစိုးရသည် နောက်အပတ်တွင် အကြီးအကျယ် ရာထူး အပြောင်းအရွှေ့များ ပြုလုပ်ရန်ရှိပြီး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်အရာရှိကြီး ၁ဝ ဦးရာထူးမှ အနားယူကာ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဟု မကြာသေးခင်က ကြေငြာထားသော အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ကြလိမ့်မည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်တခုက ယမန်နေ့ နှောင်းပိုင်းက ပြောသည်။

`မြန်မာစစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီး အဆင့်နဲ့ အရာရှိကြီး ၁၄ ဦး ရှိတဲ့ထဲက ၄ ယောက်ပဲ ကျန်မယ်။ ကျန်တာ အကုန် သွားတော့မှာ´ ဟု အဆိုပါသတင်း ရပ်ကွက်က ပြောသည်။

လစ်လပ်သွားသော နေရာများကို လက်ရှိ ဗိုလ်မှူးချုပ် ရာထူးရှိ စစ်အရာရှိများက အစားထိုး ထမ်းဆောင်သွားမည် ဖြစ်သည်။ ထိုအထဲမှ အများစုမှာ စစ်တိုင်းမှူးများ ဖြစ်ကြသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်မှပင် ဆက်လက် ပြောဆိုသည်။

လက်ရှိ ရာထူးတွင် ဆက်လက် ကျန်ရှိနေခဲ့မည့် ဒုဗိုလ်ချုပ်ကြီး ၄ ဦးမှာ စစ်ဘက်ရေး ရာလုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိ ချုပ် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ကာကွယ်ရေး အထူး စစ်ဆင်ရေးဌာန (ကစထ) ၆ မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်တို့ ဖြစ်ကြသည်။

ကစထများအနက် ဒုဗိုလ်ချုပ်ကြီး ခင်ဇော် တဦးတည်းသာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိ စစ်ကျောင်းတော်ကြီး ဖြစ်သော ဗိုလ်သင်တန်းကျောင်း (OTS) တက်ရောက်ခဲ့သူ ဖြစ်ပြီး ကျန်နေမည်ဖြစ်ကာ အခြား ကစထမှူး ၅ ဦးမှာ ရာထူးမှ နှုတ်ထွက် ပေးကြရမည် ဖြစ်သည်။ ဤရာထူး အပြောင်းအရွှေ့များကို နောက် သောကြာနေ့တွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူရာတွင် အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ပါဝင်ခဲ့သော စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး တင်အေးလည်း မမျှော်လင့်ဘဲ ရာထူးမှ နှုတ်ထွက် ရသူများတွင် ပါဝင်သွားသည်။

ဤသို့ စစ်အရာရှိကြီး အများအပြား ရာထူးမှ အစုလိုက် အပြုံလိုက် အငြိမ်းစား ယူရစေမည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ယခင်အပတ်က နေပြည်တော်တွင် ကျင်းပခဲ့ သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) အမာခံ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လူအများက ကန့်ကွက် ရှုတ်ချထားကြသော နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် နိုင်ရန်အတွက် စစ်ဘက် ရာထူးများမှ အငြိမ်းစား ယူရသည်မှာ ယခုအကြိမ်သည် ဒုတိယ အကြိမ် ဖြစ်သည်။ ဧပြီလဆန်းက ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် စစ်ဘက်အရာရှိ နှစ်ဒါဇင်ကျော် စစ်ဘက် ရာထူးများမှ အနား ယူခဲ့ကြပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ခေါင်းဆောင်မှု နေရာများကို အမွေ ဆက်ခံခဲ့ကြသည်။

အငြိမ်းစားယူကြမည့် စစ်ဘက် အရာရှိကြီးများ

၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့် (ကစထ ၁ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကစထ ၂ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ကိုကို (ကစထ ၃ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး (ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကစထ ၅ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် (လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊ စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး (စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့် (စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင် (စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊ အပတ်စဉ် ၁၆)

Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၈ - ၁၀ )

NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ပြီ သတင်း
စစ်ရာဇ၀တ်မှု ကုလစုံစမ်းရေးကိစ္စ အီးယူ ထောက်ခံရန် တိုက်တွန်း သတင်း
လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် အမေရိကန် ထောက်ခံမှု ကုလအထူးသံ ကြိုဆို သတင်း
မြန်မာကိစ္စ စုံစမ်းရေး အမေရိကန် ထောက်ခံမှု အတိုက်အခံ ကြိုဆို သတင်း
စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံဖို့ ဥရောပအမတ်များအဖွဲ့ တောင်းဆို သတင်း
NDF ပါတီခေါင်းဆောင်က NLD မရှိတော့ကြောင်း ပြောဆို သတင်း
War Crimes နဲ့ Crimes against Humanity ဆိုတာ ဘာတွေလဲ သတင်း
ဒီကေဘီအေတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီ သတင်း
နယ်ခြားစောင့်တပ်နယ်မြေတွင် အထူးတိုက်ခိုက်ရေးရဲ ထပ်ဖွဲ့မည်လော သတင်း
ဒုံးခွင်းဒုံးနှင့် ဟယ်လီကော်ပတာများ အပြည့်အစုံပါသည့် တရုတ်စစ်သင်္ဘော ဆိုက်ရောက်မည် သတင်း
တောင်ကိုရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ် ရွှေ့ဆိုင်း သတင်း
မဲဆွယ်ရေး စည်းကမ်းတွေ ထုတ်ပြန် သတင်း
နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်ကို ပိုတင်းကျပ် သတင်း
နိုင်ငံတဝန်း ကြံ့ဖွံ့ပါတီရုံးများ မနက်ဖြန် ဖွင့်မည် သတင်း
စင်္ကာပူမှာ ဒုတိယအကြိမ် စာပေဟောပြောဦးမည် သတင်း
နာဂစ်ဇာတ်ကား ဂျပန်တွင် ရုံတင်မည် သတင်း
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မိုးကြောင့် ပြတ်တောက် သတင်း
စီးပွားရေး - စားသောက်ဆိုင်တချို့ ရောင်းရ၊ ကားဈေး ကျနေဆဲ သတင်း
အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများဖြင့် နိုင်ငံမဖွံ့ဖြိုးနိုင် သတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ သတင်း
ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည် သတင်း
လူမှုအကျိုးဆောင် ပါရမီဖြည့်ဖက် ရွှေဇီးကွက် (အင်တာဗျူး)
၂၀၁၀ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ (ဆောင်းပါး)
တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး (ဆရာတော် အရှင်ဇ၀နနှင့် အင်တာဗျူး)
မျက်ရည်သုတ်မည့် လက်များ (ဆောင်းပါး)

Read More...

Thursday, August 19, 2010

ကုလမှ စစ်အစိုးရအား ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံရန် ဦးဝင်းတင်မှ ကနေဒါကို တိုက်တွန်း

သောမတ်စ် မောင်ရွှေ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် ပြီးခဲ့သည့် အပတ်က အင်တာဗျူး တခုတွင် မြန်မာ စစ်အစိုးရက ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ကုလသမဂ္ဂမှ ကော်မရှင် တရပ်ဖွဲ့၍ စုံစမ်း စစ်ဆေးပေးရန် အကြံပြု ပြောဆိုမှုများအား ထောက်ခံရန် ကနေဒါ အစိုးရနှင့် အခြား နိုင်ငံများအား တောင်းဆိုလိုက်သည်။

သြစတြေးလျ၊ ဗြိတိန်၊ ချက်ပြည်ထောင်စု၊ ဆလိုဗက်ကီးယားနှင့် အမေရိကန် နိုင်ငံတို့သည် ထိုကဲ့သို့ ကော်မရှင် တရပ်ဖွဲ့၍ စုံစမ်း စစ်ဆေး ပေးရန်အတွက် ထောက်ခံမည်ဟု ကတိကဝတ် ပြုခဲ့ကြပြီး ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေဟာ အရမ်း ဆိုးဝါး ပြင်းထန် လွန်းတဲ့အတွက် အခုလိုမျိုး စုံစမ်းစစ်ဆေးပြီး ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို မှတ်တမ်းတင်ဖို့ လိုပါတယ်။ စစ်အစိုးရရဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းရင်းသား လူနည်းစုတွေ အတွက်လည်း အချက်ပေး ခေါင်းလောင်းထိုးသံ တခု ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အားထားရသော လုပ်ဖော်ကိုင်ဘက် တဦးဖြစ်ပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၉ နှစ်ခန့် အကျဉ်းချခြင်း ခံခဲ့ရသူ ဦးဝင်းတင် က မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ကနေဒါ အစိုးရထံသို့ ကနေဒါ ပါလီမန် အမတ် ၆၃ ဦးနှင့် ဆီးနိတ်အမတ် ၁၂ ဦးတို့က မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများအား ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို တိုက်တွန်းရန် အတွက် လက်မှတ် ရေးထိုးကာ ပန်ကြားခဲ့သည်ကို ရည်ညွှန်း၍ ဦးဝင်းတင်က “ကနေဒါ နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို စစ်ဆေးဖို့ မြန်မာနိုင်ငံ အတွက် အထူး လိုအပ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

ယခုနှစ် မတ်လက ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်(စ်) အိုဂျေ ကွင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံသို့ အစီရင်ခံစာတစောင် တင်ပြခဲ့ရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စနစ်တကျ ကျူးလွန် နေသည့် ပုံစံဖြစ်နေပြီး အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးရာ ဌာနများကပါ ပါဝင် ကျူးလွန်နေသည့် ပုံစံမျိုး ဖြစ်နေသည်ဟု ပါရှိသည်။ မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား နိုင်ငံတကာ ရာဇဝတ် ခုံရုံး၏ ဖွင့်ဆို သတ်မှတ်ချက် အရ လူသားချင်း စာနာ ထောက်ထားမှုနှင့် လူ့အဖွဲ့အစည်း တခုလုံးကို ဆန့်ကျင်သည့် စစ်ရာဇဝတ် မှု များအဖြစ် သတ်မှတ် နိုင်ကြောင်းလည်း ထိုအစီရင်ခံစာ ထဲတွင် ဖော်ပြထားသည်။

ကွင်တားနားသည် ထိုအစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများ အတွက် ကော်မရှင် တခုဖွဲ့စည်း၍ ထပ်မံ အသေးစိတ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂအား အကြံပြု တိုက်တွန်း ထားသည်။

ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့ (CFOB) မှ အလုပ်အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက မဇ္ဈိမသို့ “မစ္စတာ ကွင်တားနားရဲ့ အစီရင်ခံစာက ကုလသမဂ္ဂ အနေနဲ့ မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို စနစ်တကျ စုံစမ်း စစ်ဆေးဖို့ လေးလေး နက်နက် အကြံပြု ထားပါတယ်။ ဒါကို လျစ်လျူရှု လိုက်ဖို့ မသင့်ပါဘူး။ ကနေဒါ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂက မစ္စတာကွင်တားနားရဲ့ အကြံပြုချက်ကို အကောင်အထည် ဖော်ဖို့၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးပေးဖို့ တိုက်တွန်း သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က CFOB အဖွဲ့သည် ဘားမားကမ်ပိန်း (ယူကေ) အဖွဲ့နှင့် ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့ရာတွင် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Lawrence Cannon အား ကွင်တားနား၏ အကြံပြုချက်ကို တွန်းအားပေးရန် တောင်းဆိုခဲ့ပြီး ကနေဒါ ဝန်ကြီးချုပ် Stephen Harper ၏ အစိုးရ အဖွဲ့သည် မြန်မာ အတိုက်အခံများကို အစဉ်အမြဲ ထောက်ခံလေ့ ရှိသဖြင့် ယခု ကွင်တားနား၏ အကြံပြုချက်ကိုလည်း ထောက်ခံရန် တောင်းဆို ထားသည်။

ဘားမားကမ်ပိန်း၏ ဒါရိုက်တာ Mark Farmaner က အဖွဲ့၏ ကြေညာချက်ထဲတွင် “ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်ရဲ့ အကြံပြုချက် ဖြစ်တဲ့ ကော်မရှင် ဖွဲ့စစ်ဆေးရေးကို ကနေဒါနိုင်ငံက ထောက်ခံကြောင်း တရားဝင် မထုတ်ပြန်သေးတဲ့ အတွက် အလွန် အံ့သြမိပါတယ်။ နိုင်ငံပေါင်း မြောက်များစွာရဲ့ ထောက်ခံမှုကို ကျနော်တို့ လိုအပ် နေပါတယ်။ ကနေဒါ နိုင်ငံရဲ့ နှုတ်ဆိတ်နေမှုဟာ မြန်မာ စစ်အစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်စေဖို့ အားပေးသလို ဖြစ်သွား စေနိုင်ပါတယ်” ဟု တိုက်တွန်း ထားကြောင်း ပြောပြခဲ့သည်။

ကနေဒါနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့် ရှိသူ Laura Markle က မဇ္ဈိမသို့ ပြောကြားရာတွင် ကနေဒါ နိုင်ငံသည် ဦးဝင်းတင် တိုက်တွန်းသည့် ကိစ္စနဲ့ ပတ်သတ်၍ ကြေညာချက် တစောင် ထုတ်ရန် ရှိကြောင်း ပြောကြားခဲ့သည်။

ကနေဒါမှ အိုင်ဗင်ဟိုး သတ္ထုတွင်း ကုမ္ပဏီအား စုံစမ်းစစ်ဆေးရန် ဦးဝင်တင်က တိုက်တွန်း

ဦးဝင်တင်သည် ကနေဒါအစိုးရက ဗန်ကူးဗား အခြေစိုက် အိုင်ဗင်ဟိုး သတ္ထုတွင်း ကုမ္ပဏီအား လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိမရှိနှင့် ကနေဒါနိုင်ငံမှ မြန်မာ စစ်အစိုးရ အပေါ် ချမှတ်ထားသည့် စီးပွါးရေး အရေးယူ ပိတ်ဆို့မှုများအား အိုင်ဗင်ဟိုးမှ ချိုးဖောက် နေမှုများကို စုံစမ်း စစ်ဆေးရန်ကိုလည်း တောင်းဆိုခဲ့သည်။

မဇ္ဈိမသတင်းဌာန၏ ဇွန်လက သတင်းတပုဒ်တွင် မြန်မာနိုင်ငံ မုံရွာတွင် ကြေးနီ သတ္ထုမိုင်း လုပ်ငန်းကို ဖက်စပ် လုပ်ကိုင်နေသည့် မြန်မာ အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက် (MICCL)၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်း ကို တရုတ် လက်နက် ကုမ္ပဏီကြီး နိုရင်ကို (Norinco) နှင့် တရုတ် သတ္တုကုမ္ပဏီကြီး တခုဖြစ်သော ချိုင်းနားကိုးလ် (Chinacol) တို့နှင့် ပတ်သက် ဆက်နွယ်မှုရှိသည့် မြန်မာ စစ်အစိုးရ၏ လက်ရင်း လူယုံများကို လျှို့ဝှက်စွာ ရောင်းချခဲ့ကြောင်း ယုံကြည် စိတ်ချရသည့် လျှို့ဝှက် သတင်းရပ်ကွက် တခုက အတည်ပြု ပြောကြားကြောင်း ဖော်ပြခဲ့ဖူးသည်။

ဦးဝင်းတင်က အိုင်ဗင်ဟိုးအနေဖြင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆက်နွယ်နေသည့် လက်ရင်း လူယုံများအား မုံရွာရှိ ရှယ်ယာများအား ရောင်းချ လိုက်သည် ဆိုသော သတင်းများကြောင့် အထူး စိုးရိမ်မိကြောင်းနှင့် ထိုအပြုအမူသည် ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ အပေါ် ချမှတ် ပြဌာန်းထားသော အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက် လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျနော်တို့ အသေးစိတ် မသိရပေမယ့် အိုင်ဗင်ဟိုး ကုမ္ပဏီဟာ သူတို့ရဲ့ အစုရှယ်ယာ တွေကို တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သတ်နေတဲ့ သူတွေကို ရောင်းလိုက် တယ်လို့ သိရပါတယ်။ ကနေဒါ အနေနဲ့ ဒီကိစ္စကို စုံစမ်း စစ်ဆေးသင့်ပါတယ်” ဟု ဦးဝင်းတင်က ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများ တောင်းဆိုနေကြသော အချက်ဖြစ်သည့် ‘အိုင်ဗင်ဟိုးအနေဖြင့် ကနေဒါ ပါလီမန်တွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ပါဝင်ပတ်သတ် လုပ်ကိုင်နေသည့် သတင်းအချက်အလက်များနှင့် ၄င်းမြန်မာနိုင်ငံမှ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ရှင်းလင်းပြောဆိုသင့်သည်’ဟူသော အချက်အား ကမ္ဘာသိ နိုင်ငံရေးအကျဉ်းသမားဟောင်း တဦးဖြစ်သူ ဦးဝင်းတင်က သဘောတူသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးခွန်မြင့်ထွန်းသည် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Cannon ထံသို့ ကနေဒါ အစိုးရအဖွဲ့ အနေဖြင့် အိုင်ဗင်ဟိုး ကုမ္ပဏီ၏ ယာဉ်မောင်းဖြစ်သူ ဦးသက်လွင် အဖမ်း ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သတ်၍ စုံစမ်းဖြေရှင်းပေးရန် တရားဝင် တိုက်တွန်းစာ တစောင် ပို့ခဲ့သည်။ ဦးသက်လွင်သည် ၄င်း၏ အထက် အရာရှိဖြစ်သူ အိုင်ဗင်ဟိုး ကုမ္ပဏီမှ အဆင့်မြင့် ဘူမိဗေဒ ပညာရှင် Andrew Mitchell က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ နေအိမ် အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်လိုသဖြင့် ပို့ဆောင် ပေးခဲ့ပြီး နောက်ပိုင်းတွင် အကျဉ်းချ ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ မောင်းနှင်သွားပြီး နောက်ပိုင်းတွင် ဦးသက်လွင်နှင့် မစ္စတာ Andrew Mitchell တို့ နှစ်ဦးစလုံး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး ဗြိတိသျှ နိုင်ငံသားဖြစ်သည့် မစ္စတာ Mitchell အား မကြာခင် ပြန်လွှတ် ပေးခဲ့သော်လည်း ဦးသက်လွင်ကိုမူ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့သည်ဟု ဦးသက်လွင်၏ မိသားစုက ပြောခဲ့သည်။

ဦးခွန်မြင့်ထွန်းကဲ့သို့သော လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဦးသက်လွင် အင်းစိန်ထောင်ထဲတွင် ဆုံးပါးသွားမည်ကို စိုးရိမ်သည့်အတွက် ကနေဒါ အစိုးရအနေဖြင့် အိုင်ဗင်ဟိုး ကုမ္ပဏီအား ထိုအမှုကိစ္စနှင့် ပတ်သတ်၍ စစ်ဆေးပေးရန် အလိုရှိနေကြသည်။

ဦးခွန်မြင့်ထွန်း၏ ပေးစာထဲတွင် အိုဗင်ဟိုး ကုမ္ပဏီနှင့် ကုမ္ပဏီ ဥက္ကဌဖြစ်သူ Robert Friedland တို့မှ ထိုကိစ္စအား သိရှိကြောင်း ဝန်ခံပြောဆိုရန် အချိန် ၅နှစ်ကျော် ယူခဲ့သဖြင့် ၄င်းတို့ကို အပြစ်တင်ထားသည် ဟုဆိုသည်။ ၁၉၉၆ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အတွင်း အကျဉ်းချခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးခွန်မြင့်ထွန်းက “ကိုသက်လွင် အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ အိုင်ဗင်ဟိုး ကုမ္ပဏီ အနေနဲ့ အရေးတယူ ဂရုစိုက်မှု မရှိခဲ့ပါဘူး။ ကိုသက်လွင်နဲ့ သူ့ရဲ့မိသားစုအနေနဲ့ အရမ်း ခံစားနေရမှာပါ။ အိုင်ဗင်ဟိုးက ကိုသက်လွင်ကို ပြုမူတဲ့ ပုံစံကတော့ တကယ့် ရာဇဝတ်သား တယောက်ကို ဆက်ဆံတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု မဇ္ဈိမသို့ ပြောကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို

ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀

နွားထိုးကြီး (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲ ပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း လူယုံဖြစ်သူ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ခန့်မှန်း ပြောဆိုလိုက်သည်။

သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်သောင်းက ပြောကြားသွားခြင်း ဖြစ်သည်။

လာမည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လူဦးရေ ၅၉ သန်း ကျော်ရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူမှာ သန်း ၃ဝ ခန့်ရှိသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့သည် ”မိုးရွာ၍ ဖားအော်သော ပါတီမဟုတ်” ဟု ဆိုကာ ပါတီသည် အခြားပြိုင်ဘက်များထက် အစစ အရာရာ သာလွန်မှု ရှိသည်ဟု ဦးအောင်သောင်းက ဆိုသည်။ သူသည် တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ ဇာတိသားဖြစ်ပြီး မန္တလေးတိုင်းမှ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

သူကိုယ်တိုင်ပင် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံတို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းမှုများ လုပ်နေခဲ့သည်။ တောင်သာ မြို့နယ်များရှိ ကျေးရွာများကို ကြံ့ခိုင်ဖြိုး စံပြကျေးရွာများ အဖြစ် ထူထောင် ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဒီပဲယင်းတွင် ၂ဝဝ၃ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၂ဝဝ၇ ခုနှစ် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်မှုဖြင့် ကြံ့ဖွံ့မှာ နာမည်ပျက်ဖြင့် ကျော်ကြားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ၏ နိုင်ငံတဝှမ်း ရုံးဖွင့်ပွဲများနှင့် အလံတင် ပွဲများကို မနက်ဖြန် နံနက်တွင် ကျင်းပမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၈ - ၁၀ )

မြန်မာစစ်အစိုးရရဲ့ ရာဇ၀တ်မှုများကို စုံစမ်းဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံ သတင်း
စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံမှု HRW ကြိုဆို သတင်း
အမေရိကန် ထောက်ခံမှုကို အာဆီယံလူ့အခွင့်အရေးအဖွဲ့ ကြိုဆို သတင်း
မြန်မာကိစ္စ စုံစမ်းရေး အမေရိကန်ထောက်ခံမှု ကင်တားနား ကြိုဆို သတင်း
စုံစမ်းရေးကော်မရှင်ဖွဲ့ကို အမေရိကန်ထောက်ခံချက်ကို ဗြိတိန်မှအဖွဲ့က ကြိုဆို သတင်း
စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် ဖွဲ့စည်းရေး ထောက်ခံမည့်နိုင်ငံ ထပ်တိုးဖို့ USCB မျှော်လင့် သတင်း
ကုလမှ စစ်အစိုးရအား ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံရန် ဦးဝင်းတင်မှ ကနေဒါကို တိုက်တွန်း သတင်း
ဒုတိယပင်လုံညီလာခံ ခေါ်ယူဖို့ ဦးဝင်းတင် အကြံပြု သတင်း
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ နိုင်ငံရေးအကျဉ်းသားမိသားစုများကို တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည် မပါဘဲ အဖြေမထွက်နိုင်ဘူးဟု ကိုဌေးကြွယ် ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှုကို စည်ပင်ဌာနမှူး လာရောက်စစ်ဆေး သတင်း
အညာဒေသ စားနပ်ရိက္ခာဖူလုံရေး ကုလသမဂ္ဂ ဦးဆောင် ဆွေးနွေး သတင်း
တောင်ကိုရီးယား နိုင်ငံခြားရေး ဒု-၀န်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ရက်ရွှေ့ဆိုင်း သတင်း
ကင်းမ်ဒေးဂျုန် အောက်မေ့ဘွယ် လှုပ်ရှားမှုများတွင် မြန်မာ့အရေးဆောင်ရွက်သူတို့ ပါဝင် သတင်း
ဖမ်းဆီးထားသည့် ရခိုင်ဆရာတော်ကို ပုဒ်မ (၇) ခုတပ်ပြီး တရားစွဲ သတင်း
သီတဂူဆရာတော်ဘုရားကြီး အင်းစိန်ထောင်၌ တရားချီးမြှင့်မည် သတင်း
ဒီကေဘီအေ နယ်ခြားစောင့်တပ်ဖွဲ့စည်းသည့် အခမ်းအနား ကျင်းပ သတင်း
ခရမ်းမြို့နယ်၌ မဲမပေးရေး ဆန့်ကျင်စာကပ် သတင်း
ယူဒီပီပါတီကြေညာချက်ကို စာစောင်မှာ ဖော်ပြခွင့် ပိတ်ပင် သတင်း
လွှတ်တော်ကိုယ်စားလှယ်ထားရှိရေး ပါတီများ အခက်တွေ့ သတင်း
KNP ပါတီဝင်ဦးရေ ကော်မရှင်သို့ တင်ပြပြီး သတင်း
အရာရှိကြီးတွေ ကြံ့ဖွံ့ပါတီထဲ ပြောင်းခံရ သတင်း
မျက်မှန်တွေ အခမဲ့ လုပ်ပေးနေ သတင်း
ဗန်းမော်မြို့တွင် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမည် သတင်း
ကြွက်ကျ ချင်းရွာ (၁၂ဝ) ခန့် အကူအညီ မရ သတင်း
မြန်မာနစက၏ ပြန်ပေးဆွဲခံ ဘင်္ဂလီငါးဖမ်းသမားများ ပြန်လည် မလွတ်မြောက်သေး သတင်း
လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု သတင်း
သေနတ်သံတွေ ကြားပါစ (၁) (ဆောင်းပါး)
သေနတ်သံတွေ ကြားပါစ (၂) (ဆောင်းပါး)

Read More...

Wednesday, August 18, 2010

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နျူကလီးယားအရေး တောင်ကိုရီးယား ဆွေးနွေးနိုင်

ဦးသားညွန့်ဦး
အင်္ဂါ, 17 သြဂုတ် 2010

အခုအပတ်အတွင်း တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိတဲ့အခါ မြောက်ကိုရီးယား နဲ့ မြန်မာ နျူကလီးယား လုပ်ငန်း ဆက်စပ်မှုကို မေးမြန်းစုံစမ်းဖို့ ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား တရားဝင် သံဆက်ဆံမှုကလည်း ပြန်စ ထားတယ်ဆိုတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကို ဆက်ဆံရေးမှာ ဘယ်ဘက် အလေးသာနိုင်သလဲ၊ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှင်ကက်ဆူး (Shin Kak-soo) ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ကနေ စပြီး ၂၁ ရက်နေ့ အထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ တောင်ကိုရီးယား နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အတော်များများ ရှိထားတာကြောင့် ဒီခရီးစဉ်ဟာ စီးပွားရေးနဲ့ အဓိက ပတ်သက်မယ်လို့ ယူဆနိုင်ပေမဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယားနဲ့ မြန်မာ နျူကလီးယား ဆက်ဆံမှု ကိစ္စကို မေးမြန်း ဆွေးနွေးမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကိုလည်း မျှမျှတတဖြစ်အောင် တိုက်တွန်း အားပေးဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့က မြောက်ကိုရီးယားနိုင်ငံနဲ့ သံအဆက်အဆံ ပြန်စထားသလို တဘက်မှာ မြောက်ကိုရီးယား နဲ့ စစ်ရေး ဆက်ဆံမှုတွေ တိုးမြှင့်လာတယ်လို့ အများက သံသယ ရှိထားပါတယ်။ စီးပွားရေးအရ ဆက်ဆံနေတဲ့ တောင်ကိုရီးယားနဲ့ စစ်ရေးအရ ပတ်သက်လာတဲ့ မြောက်ကိုရီးယား ဆက်ဆံရေးပိုင်းမှာ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အလေးသာနိုင်တယ်လို့ အရင် မြန်မာ နိုင်ငံခြားရေး ဌာနမှာ လုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“မြန်မာအစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားဘက်ကို ယိမ်းပါလိမ့်မယ်။ တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး သွားတဲ့ ခရီးစဉ်မှာလည်း မြောက်ကိုရီးယား ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဏုမြူ ကိစ္စသော်လည်းကောင်း၊ ဒုံးလက်နက် ကိစ္စ သော်လည်းကောင်း မေးမြန်းလာခဲ့ရင် ထုံးစံအတိုင်း ဗြောင်ပဲ ငြင်းပါလိမ့်မယ်။

“ကျနော့်အတွေ့အကြုံပေါ့၊ ၁၉၉၄-၉၅ လောက်က တပ်မတော် ထောက်လှမ်းရေးက Delegation တခု တောင်ကိုရီးယား ထောက်လှမ်းရေးက ဖိတ်လို့ သွားခဲ့ဖူးပါတယ်။ အဲဒီအချိန်၊ အဲဒီအခါကတည်းက မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးကို တောင်ကိုရီးယား အနေနဲ့ သံသယ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ မေးတာတွေ ရှိပါတယ်။

“အဲဒီ Delegation ပြန်ပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်ကနေပြီး တောင်ကိုရီးယားဘက်ကို ဘာလိုက်လျော လိုက်လဲ ဆိုတော့ ရန်ကုန်မှာရှိတဲ့ တောင်ကိုရီးယား သံရုံးက ပထမ အတွင်းဝန်ကို ကျနော်နဲ့ အတူပါပဲ အင်းစိန်ထောင်ထဲမှာ ရှိတဲ့ မြောက်ကိုရီးယားတွေ ဗုံးခွဲတုန်းက ကျန်ခဲ့လို့ မိခဲ့တဲ့ ကင်မင်ချူးနဲ့ ၄ ကြိမ်လောက် ပေးတွေ့ခဲ့တာ ရှိပါတယ်။

“တဘက်ကတော့ တောင်ကိုရီးယားနဲ့ ကုန်သွယ်မှုအပိုင်း သူတို့ အဆက်အဆံ တော်တော်များများ ရှိခဲ့ပါတယ်၊ ဒေ၀ူး အပါအ၀င်ပေါ့။ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ တောင်ကိုရီးယားက မေးလာတိုင်းမှာ အထူးလျှို့ဝှက်ချက်တခု အနေနဲ့ လုံးဝ၊ လုံးဝ ပြောခြင်း မရှိပါဘူး။ အဲဒီ အချိန်တုန်းကတော့ သံတမန် အဆက်အသွယ်လည်း မရှိဘူး။ အခုအချိန်ခါမှာလည်း ဘယ်လောက်ပဲ မေးမေး ပြောမယ့် အနေအထားမျိုး မရှိပါဘူး။”

တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးက တကယ်တမ်း ပြောရရင်တော့ စစ်အစိုးရ တက်လာ ကတည်းက စီးပွားရေးအရ တော်တော်လေး ခိုင်ခိုင်မာမာ ရှိခဲ့တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ အဲဒီတော့ အခုလို အခြေအနေမျိုးမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီးတော့ နီးသွားတာကြောင့် တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာရော တစုံတရာ အနှောင့်အယှက် ရှိနိုင်လားခင်ဗျ။

“ပုံမှန်အားဖြင့်တော့ တောင်ကိုရီးယားတွေက မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့အခါမှာ စီးပွားရေး တခုတည်းကိုပဲ ဦးတည်ပြီး ဆက်ဆံ လာခဲ့ပါတယ်။ အခုနောက်ဆုံး ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အရရော၊ နိုင်ငံတကာ အခြေအနေ အရရော ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Sanction ကို မိထားပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတို့ရဲ့ ပူးပေါင်းပြီး လုပ်နေတဲ့ အဏုမြူကိစ္စတွေ၊ ဒုံးလက်နက် ကိစ္စတွေ၊ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အနေနဲ့ အထူးသံသယ ရှိပါလိမ့်မယ်။”

ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားဝန်ကြီး ပတ်အူချွန်း (Pak Ui Chun) ဟာ ပြီးခဲ့တဲ့လကပဲ မြန်မာ၊ မြောက်ကိုရီးယား သံဆက်သွယ်ရေး ပြန်စပြီး ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အခြေအနေကို နိုင်ငံအတော်များများက အနီးကပ် အကဲခတ်နေသလို မြန်မာနိုင်ငံ ဒုံးလက်နက်နဲ့ နျူကလီးယားဆိုင်ရာ အစီအစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်မှု ရှိတယ်လို့လည်း အနောက်နိုင်ငံတွေက သံသယ ၀င်နေကြပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေး အတော်လေး ပြန်ကောင်းလာနေတာကြောင့် အခုလို တောင်ကိုရီးယားဘက်က စိုးရိမ်စရာ ဖြစ်လာပြီး နှစ်ဘက် သံဆက်ဆံရေး အရှိန်မြှင့်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

Ref: VOA News

Read More...

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အာဆီယံ တိုက်တွန်း

အင်္ဂါ, 17 သြဂုတ် 2010

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အာဆီယံ အဖွဲ့ကြီးက ကြိုဆို လိုက်ကြောင်း အာဆီယံ အဖွဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ဗီယက်နမ်က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ရွေးကောက်ပွဲ တရပ် ကျင်းပပေးဖို့ အတွက် အာဆီယံ ၁၀ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ကြီးက အားပေး တိုက်တွန်းလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ် သွေးစည်းရေးဟာ အင်မတန် အရေးပါကြောင်း အထူး ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာတော့ ကာလ ကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို နိုဝင်ဘာလ ၇ ရက်နေ့လို့ မြန်မာ စစ်အစိုးရက ကြေညာ ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပပေးမယ့် နိုဝင်ဘာလ ၇ ရက်နေ့ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်ဖို့အတွက် တပတ်လောက် အလိုမှာ သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် အချိန်ကိုက် စီစဉ်ထားပုံ ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေအရ အကျဉ်းကျ ခံနေရသူတွေဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိပါဘူး။

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ အများ ယုံကြည်မှုရတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က တောင်းဆိုခဲ့တဲ့ အပြင် အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ကလည်း ပါဝင် တောင်းဆိုခဲ့ကြပြီး အင်္ဂါနေ့မှာတော့ ကနေဒါ နိုင်ငံကပါ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ EU ဥရောပသမဂ္ဂ နိုင်ငံများကိုယ်စား မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိန် သံရုံးကလည်း အလားတူ တောင်းဆိုမှု ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ အပြင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာလည်း အာဆီယံ နိုင်ငံတွေက အခုလို တောင်းဆိုခဲ့ကြပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၈ - ၁၀ )

သံဃာများကို နှောင့်ယှက်လျှင် သပိတ်မှောက်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည် မပါသည့် ရွေးကောက်ပွဲ အဖြေမထွက်ဟု ကိုဌေးကြွယ် ပြောဆို သတင်း
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အန်ဒီအက်ဖ် တောင်းဆို သတင်း
ကိုသန့်ဇင်မျိုး ထောင်ပြောင်းရာတွင် နှိပ်စက်ခံခဲ့ရ သတင်း
Transocean နှင့် မြန်မာဘိန်းဘုရင် ဆက်နွယ်မှု အမေရိကန် စစ်ပြီ သတင်း
မိုးနဲ-ကျိုင်းတုံ ရထားလမ်း စစ်ရေးအတွက်ဖောက် သတင်း
ရှမ်းပြည် ရထားလမ်းဖောက်မှု စစ်ရေးအတွက်သာဖြစ် သတင်း
နအဖ၏ မိုးနဲ-ကျိုင်းတုံ ရထားလမ်း ဖောက်လုပ်နေမှုများရပ်ရန် ရှမ်းအဖွဲ့များ တောင်းဆို သတင်း
တရုတ်နယ်စပ်တွင် မြန်မာဘက်မှ လုံခြုံရေးတင်းကျပ် သတင်း
မြန်မာနှင့် မြောက်ကိုရီးယား၏ နျူကလီးယားကိစ္စ တောင်ကိုရီးယား မေးမြန်းမည် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရန် DKBA နေပြည်တော်သွား သတင်း
ကေအိုင်အို၏ ရှေ့ခရီးအတွက် လူထုဆန္ဒသဘောထား ရယူ သတင်း
စီးပွားရေးပိတ်ဆို့ထားသည့် နိုင်ငံများနှင့် ဘဏ္ဍာရေးပတ်သက်သည့် ဘဏ်ကို အပြစ်ပေး သတင်း
ကိုဖြိုးဝေအောင်အတွက် ဇနီးဖြစ်သူက တရားသူကြီး ပြောင်းပေးရန် လျှောက်ထား သတင်း
ထိုင်းသို့ ကျောက်မီးသွေးနှင့် လျှပ်စစ်တင်ပို့နိုင်ရေး နအဖ စိုင်းပြင်း သတင်း
စစ်အစိုးရ၏ ရွေးကောက်ပွဲအခြေအနေ ကနေဒါ စိုးရိမ် သတင်း
၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း ကနေဒါမှ ကရင်နီအဖွဲ့က ဆို သတင်း
အဖွဲ့ချုပ်ခေါင်းဆောင်များ ကော့သောင်းတွင် မဲပညာပေး သတင်း
ရွေးကောက်ပွဲကြောင့် စာမေးပွဲများ စောစစ်မည် သတင်း
လွှတ်တော်အဆောက်အအုံ အပြီးသတ်ရန် ဗိုလ်ချုပ်မှူးကြီး မှာကြား သတင်း
အမတ်စာရင်း တင်မည့်ရက် နည်းသဖြင့် ပါတီများ “ကသုတ်ကရက်” ဖြစ် သတင်း
တင်းကြပ်သည့် ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ သတင်း
ရွေးကောက်ပွဲကာလ လာနီညာကြောင့် မိုးများနိုင် သတင်း
ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖြစ်ကြောင်း ကချင်ပါတီ ကြေညာ သတင်း
လူထု (၁၀၀) ကျော်၏ သဘောထား မေးမြန်းခြင်းမပြုဘဲ ကြံ့ဖွတ်ပါတီဝင်အဖြစ် သိမ်းသွင်း သတင်း
ဘယ်ပါတီကို မဲပေးကြမလဲ (ဆောင်းပါး)
ရှင်သန်နေမယ့် ၈၈၈၈ စိတ်ဓာတ် (ဆောင်းပါး)
ခွင့်တူညီမျှ ရှိရမည့် မြန်မာ့စီးပွားရေးပေါ်လစီ (ဆောင်းပါး)

Read More...

Tuesday, August 17, 2010

အမေရိကန် ပိတ်ဆို့မှု ချမှတ်ခံ နိုင်ငံများနှင့် ငွေကြေးလွှဲပြောင်းမှုကြောင့် Barclay ဘဏ်ကြီး ဒဏ် တပ်ခံရ

တနင်္လာ, 16 သြဂုတ် 2010

ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ မြန်မာနိုင်ငံတွေအပေါ် ဘဏ္ဍာငွေကြေးအရ အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ ထားတာကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တင် ခံထားရတဲ့ ဘာကလေ (Barclay) ဘဏ်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ နယူးယောက် အာဏာပိုင်တွေကို အမေရိကန်ဒေါ်လာ ၂၉၈ သန်း ပေးလျော်ဖို့ သဘော တူလိုက်ပါတယ်။

မနေ့ တနင်္လာနေ့ နယူးယောက်ခ် ဖက်ဒရယ် တရားရုံးမှာ အစိုးရ ရှေ့နေတွေနဲ့ လန်ဒန်အခြေစိုက် ဘာကလေ ဘဏ်တို့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ဘာကလေဘဏ်ဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ငွေကြေးအရ အရေးယူထားတဲ့ နိုင်ငံတွေက ဘဏ်တွေနဲ့ ဒေါ်လာ သန်း ၅၀၀ ဖိုး အဆက်အဆံ လုပ်ခဲ့တယ်လို့ တရားရုံးမှာ စွဲချက် အတင်ခံရတာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုလို ငွေကြေးအရ ဒဏ်ခတ် အရေးယူမှုတွေကို ကျူးဘားနိုင်ငံနဲ့ သမ္မတ ကနေဒီ လက်ထက် ကတည်းက စခဲ့သလို လစ်ဗျားနိုင်ငံနဲ့ ၁၉၈၆ ခုနှစ်၊ အီရန်နိုင်ငံနဲ့ ၁၉၉၅ ခုနှစ် မြန်မာနဲ့ ဆူဒန်နိုင်ငံနဲ့ ၁၉၉၇ ခုနှစ်ကတည်းက စပြီး ဥပဒေအဖြစ် အတည်ပြုခဲ့တာပါ။

အဲဒီနိုင်ငံတွေက ဘဏ်တွေနဲ့ အမေရိကန် ငွေကြေးစနစ် အဆက်အဆံ လုပ်နိုင်အောင်လို့ ဘာကလေ ဘဏ်ကနေ နယူးယောက်က တဆင့် ဆောင်ရွက် ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို နယူးယောက်ဘဏ် တာဝန်ရှိသူတွေက ဘာကလေဘဏ်ကို သတိပေးခဲ့ပေမဲ့ ဆက်ပြီး ငွေ အလွှဲအပြောင်းတွေ လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် ရန်သူနဲ့ ကုန်သွယ်မှုဆိုင်ရာ အက်ဥပဒေ၊ နိုင်ငံတကာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေတွေကို ချိုးဖောက်တယ် ဆိုပြီး အမေရိကန် တရားရေးဌာန ဖက်ဒရယ် ရှေ့နေတွေက ဒီအမှုကို နယူးယောက်မြို့မှာ တရားရုံး တင်ခဲ့တာပါ။

အခုတော့ ဘာကလေဘဏ်ဘက်ကလည်း ညှိနှိုင်းမှုလုပ်ပြီး ဒေါ်လာ သန်း ၃၀၀ နီးပါး ပေးလျော်ဖို့ သဘော တူလိုက်တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကုလညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တင်သွင်းဖို့ EU နိုင်ငံများ ပြင်ဆင်

ဒေါ်ခင်မျိုးသက်
တနင်္လာ, 16 သြဂုတ် 2010

မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၀ အတွက် မူကြမ်းကို EU ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးတွေက ရေးဆွဲ နေချိန်မှာပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ် ပြစ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ထူထောင်ဖို့ အတွက် ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့သမျှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည် ဖြစ်စေမှာမို့ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို စက်တင်ဘာလထဲမှာ ကျင်းပတော့မှာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံ ကြချိန်မှာ ဆွေးနွေးကြမယ့် မြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်ပြီး တင်သွင်းမယ့် ဆုံးဖြတ်ချက် မူကြမ်းကို အခု EU ဥရောပ နိုင်ငံတွေ ရေးဆွဲ နေကြပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။

“အခုချိန်မှာ EU ဥရောပ သမဂ္ဂကနေ လာမယ့် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တင်သွင်းမယ့် ဆုံးဖြတ်ချက် အတွက် မူကြမ်းတွေ ရေးဆွဲနေပါတယ်။ အဲဒီမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာ နိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ အတွက် ပြစ်တင် ရှုတ်ချကြမှာပါ။ များသောအားဖြင့် မြန်မာနိုင်ငံ စစ်အစိုးရကို လူ့အခွင့်အရေး မချိုးဖောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်တုန်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ စာပိုဒ် နှစ်ပိုဒ် သုံးပိုဒ်ပဲ ပါပေမဲ့ အခုနောက်ပိုင်းမှာ စာမျက်နှာတွေ အများကြီး ဖြစ်လာတာကို တွေ့ရပါတယ်။”

မြန်မာနိုင်ငံအတွက် ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ၁၉ ခု ရှိခဲ့ပြီ ဖြစ်ပေမဲ့ ဒါတွေဟာ Non Binding လို့ခေါ်တဲ့ မလိုက်နာ ရင်လည်း ရတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတာမို့ ထိရောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုတွေကို မြန်မာ စစ်အစိုးရက လိုက်နာ ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် အခုနောက်ဆုံး ထုတ်ပြန်မယ့် အမှတ် ၂၀ မှာ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာဖို့အတွက် Burma Campaign UK က တောင်းဆို လိုက်ပါတယ်။

“မနှစ်က ဆုံးဖြတ်ချက် အမှတ် ၁၉ ကိုလည်း ဗိုလ်ချုပ်ကြီးတွေက ဂရုမစိုက်ဘဲ ထားတာကြောင့် အခု အမှတ် ၂၀ မှာတော့ တောင်းဆိုတာတွေ မလုပ်ဘဲ အရေးယူ ဆောင်ရွက်ကြဖို့ လိုပါပြီ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ မြန်မာနိုင်ငံထဲက စစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာစစ်ခေါင်းတွေအပေါ် စစ်ရာဇ၀တ်မှုနဲ့ လူမဆန်တဲ့ ရာဇ၀တ် မှုတွေနဲ့ စွဲချက် တင်နိုင်မယ့် အချက် အမြောက်အမြား ပါနေတာ တွေ့ရပေမဲ့ အခုထိ အရေးယူ ဆောင်ရွက်တာမျိုး မတွေ့ရ သေးဘူးလို့လည်း ပြောပါတယ်။ ဒီလို ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မတ်လတုန်းက တောင်းဆိုခဲ့တာမို့ အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်ကောင်း တရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု နိုင်ဖို့အတွက် ရေးဆွဲ ထားတာဖြစ်ပြီး ဒီဥပဒေ အတည်ပြုသွားရင် ဒီရာဇ၀တ် ပြစ်မှုတွေကို မြန်မာနိုင်ငံတွင်းက ဥပဒေနဲ့ အရေးယူ နိုင်တော့မှာ မဟုတ်တဲ့အတွက် နိုင်ငံတကာ ဥပဒေနဲ့ အရေးယူနိုင်ဖို့ ကုလသမဂ္ဂက ပါဝင် ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

အာရှ လူ့အခွင့်အရေးကောင်စီ (AHRC) ကလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတာမို့ ကုလသမဂ္ဂကပါ ပါဝင်ဆောင်ရွက်လာဖို့ တိုက်တွန်းတယ်လို့ AHRC ပြောခွင့်ရ ဦးမင်းလွင်ဦးက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ အစိုးရတရပ်က နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ မူဝါဒ လမ်းညွှန်ချက်တွေ၊ ဆောင်ရွက်ချက်တွေ၊ တာဝန်နဲ့ ရပိုင်ခွင့် အားလုံးကို ဆက်ခံတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြဋ္ဌာန်း ထားတယ်။ အစိုးရအဖွဲ့ဝင် တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်များပေါ်မှာ အကြောင်းပြုပြီး ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ ဆိုပြီးတော့ တားမြစ်ထားတာကို တွေ့ရတယ်။

“ဒါကြောင့် နောင် တက်လာတဲ့ အစိုးရ အနေနဲ့ နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်တွေ အပေါ်မှာ အရေးယူဖို့ အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ပြည်တွင်းဥပဒေအရ ဆောင်ရွက်လာမယ် ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပြီးသတ် ပိတ်ပင်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ စစ်အစိုးရကနေပြီး ကျူးလွန်ခဲ့တဲ့ တချို့ကိစ္စ ရပ်တွေက ရွာလုံးကျွတ် မီးရှို့တဲ့ ကိစ္စရပ်တွေ၊ အစုအပြုံလိုက် သတ်တဲ့ကိစ္စတွေ၊ ဒီဥစ္စာတွေက လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ကိစ္စရပ်တွေ၊ ဒါကြောင့်လည်း နိုင်ငံတကာကနေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နေပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာ ကျူးလွန်ခဲ့တဲ့ လူသား မဆန်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ နအဖ စစ်အစိုးရကို အရေးယူနိုင်ဖို့ အတွက် ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့လည်း လိုအပ်တယ်။

“ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း စုံစမ်း စစ်ဆေးဖို့အတွက် ကော်မရှင် သော်လည်းကောင်း၊ အထူးကိုယ်စားလှယ် သော်လည်းကောင်း ခန့်အပ်ပြီး တာဝန်ပေးဖို့ လိုတယ်။ ဒါကိုလည်း ထိထိ ရောက်ရောက်နဲ့ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ လိုတယ် ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”

AHRC အဖွဲ့ ပြောခွင့်ရ ဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၁၆ - ၈ - ၁၀ )

ကျောက်ဖြူတွင် လုံခြုံရေးများ တင်းကျပ်ချထား သတင်း
အပစ်ရပ် SSA (မြောက်ပိုင်း) တပ်မဟာ (၃) ပြည်သူ့စစ် ယူနီဖောင်း ပြောင်းဝတ် သတင်း
ကေအိုင်အို၏ ရှေ့နိုင်ငံရေးကိစ္စ လူထုကိုယ်စားလှယ်များနှင့် ဆွေးနွေး သတင်း
‘စက်တင်ဘာမှာ ပြန်လာမှာလား’ စာသားကြောင့် ဂျာနယ် ပိတ်ခံရ သတင်း
မြန်မာကျပ်ငွေ (၅,၀၀၀) တန်ကို အစိုးရရုံးများ လက်မခံ သတင်း
မိုက်တိုင်စန် မြန်မာနိုင်ငံတွင် သာသနာပြုမည် သတင်း
ဘုရားသုံးဆူတွင် ဗုံးကွဲ သတင်း
ရခိုင်ပြည်နယ်မှ မြေဧက (၁) သိန်းကျော် ရာဘာစိုက်ရန် ဗီယက်နမ်သို့ ငှားရမ်းမည် သတင်း
ရွေးကောက်ပွဲ ရက်ကြေညာချက်ကို နိုင်ငံတကာ တုံ့ပြန် သတင်း
ပါတီများ နိုင်ငံတဝန်း ဝင်ပြိုင်ရန် အင်အားမရှိ သတင်း
တာချီလိတ်၌ ကျားဖြူပါတီ ရုံးခွဲဖွင့်လှစ် သတင်း
ဆန္ဒမဲပေးရေး ဝါဒဖြန့်သီချင်းများ စလွှင့် သတင်း
သာသနာနုဂ္ဂဟအသင်းကြီးသို့ အဓမ္မ၀င်ခိုင်း သတင်း
ကြံ့ဖွံ့ပါတီ ပိုမိုတက်ကြွစွာ စည်းရုံးလှုပ်ရှား သတင်း
ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အောင်နိုင်ရေး ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီမံ သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ငွေချေးမှု မမျှတကြောင်း ပြောဆိုသူ အဖမ်းခံရ သတင်း
ဘုရားသုံးဆူနယ်စပ်မှ စိတ်ကြွဆေးပြား သယ်ဆောင်သူတဦး ထိုင်းရဲ ဖမ်းဆီးမိ သတင်း
ကြူကုတ်(ပန်ဆိုင်း) ဒေသခံများ လမ်းလုပ်အားပေးနေရ သတင်း
စီဒီအမ်အေဖုန်း လျှောက်ထားသူများ ရန်ပုံငွေပေးနေရ သတင်း
လေကြောင်းလိုင်းတချို့ အရှုံးပေါ်၍ အခွန်မဆောင်နိုင် သတင်း
နယ်စပ်ဖြတ်ကျော်ခ ပိုပေး၍ ကားတင်သွင်း သတင်း
ကျောင်းကိစ္စပြင်ပသို့ မတိုင်ကြားရန် ကျောင်းသားမိဘများကို ၀န်ခံလက်မှတ်ထိုးခိုင်း သတင်း
လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် လိုလားသည့် ဦးအောင်သန်း (အင်တာဗျူး)
စိန်ခေါ်သူကို စိန်ပြန်ခေါ်နိုင်အောင် ပြင်ဆင်ကြ (ဆောင်းပါး)
ရုန်းမထွက် နိုင်သေးသော နာဂစ်ဒေသ ဘဝများ (ဆောင်းပါး)

Read More...

Monday, August 16, 2010

လည်လွန်းတဲ့ဘီး ချေးသင့်ခြင်း

ဝတုတ်
16, August ,2010

လက်ရှိမြန်မာစာနယ်ဇင်းလောကတွင်းမှ စစ်အုပ်စုနှင့် ဝါးစေသတင်းဆရာတချို့ အကြောင်း ဖြောင့်ဖြောင့်ရှင်းရှင်း သုံးသပ် ပြထားသော ပညာရှင် သတင်းသမား တဦး၏ လက်ရာ (ကောင်းကင်)

ကမ္ဘာ့ဖလား ပြီးသွားပြီ ဆိုပေမင့် ကိုယ်တို့တိုင်းပြည်ထဲမတော့ ကိုယ့်ဂိုး ကိုယ်ရှုးတဲ့ ဖြစ်ရပ်တွေ ခဏခဏ တွေ့နေရတုံးပါလား။ ဟိုတလောက နေ၀င်းမောင်တို့ အုပ်စုရဲ့  ဒီမိုကရေစီ ပညာပေး ဆောင်းပါးကြီးကို ကြပ်ပြေး မောင်တွေက သဘောတွေ့ပုံ မရလို့ The Voice လည်း နှစ်ပတ်လောက် လျှာခင် အဖြတ် ခံလိုက်ရရှာတယ်။ နေ၀င်းမောင်ဆီက အသံထွက် မလာပေမဲ့ (သလိပ်ကပ် နေပုံရတယ်) ကျော်မင်းဆွေကတော့ လျှာလိပ် သံလေးနဲ့ ဖေ့ဘွတ်မှာ ညည်းရှာတယ်။ ဂျာနယ်ကို လျှာခင် တိခံရတဲ့ ကိစ္စမှာ သဘောရိုးနဲ့ ၀င်လုပ်နေသူတွေကို စာနာ စိတ်ထားနိုင်ပေမယ့် အငှားဗိုက်နဲ့ ဓားထိုးခံရမဲ့ အန္တရာယ်ကို မကြောက်လို့ မိုက်တိမိုက်ကန်း ၀င်လုပ်တာဆိုရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်လို့ပဲ သဘော ထားရမှာဘဲ။

နေ၀င်းမောင်တို့ အပြီး ခုတခါ အလှည့်ကျသူကတော့ ဟိန်းလတ်ပါ။ သူ့ကျတော့ ကိုယ့်ဂိုး ကိုယ်ရှုးတယ် မပြောဘဲ လည်လွန်းတဲ့ဘီး ဟိုဟာသင့်တယ်လို့ ဆိုရမလား။ ဒါပေမယ့် ကိုယ့်ဆရာက နေ၀င်းမောင်ထက် ပိုသတ္တိ ကောင်းတယ်။ အဲ နေ၀င်းမောင်လောက် မလည်ဘူးလို့ဘဲ ပြောမလား။ ဘာလို့ဆို ဟိုတယောက်က သူ့ဂျာနယ် နှစ်ပတ် အသံတိတ် ခံရတာကို ဘာမှ ထုတ်မပြောဘူး။ ကြာကြာဝါးမဲ့သွား အရိုး ကြည့်ရှောင် တာပဲလားတော့ မသိဘူး။ ပေါ်ပြူလာ ဆရာသမား ကတော့ ဧရာဝတီမှာ သွားရင်ဖွင့်တယ်။ ဖြစ်ကြောင်း ကုန်စင်ကို ပြောသလား၊ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ထား သလား ဆိုတာကတော့ ကာယံကံ ရှင်တွေပဲ သိမှာဘဲ။ ဘာပဲဖြစ်ဖြစ် သူပြောတဲ့ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတွေ၊ သံသယ ဖြစ်စရာ ကောင်းတာ တွေ့ပါတယ်။

ပထမ တချက်အနေနဲ့ မြောက်ကိုရီးယား သံရုံးက စိစစ်ရေးရဲ့ ခွင့်ပြုချက် မယူဘဲ သိမ်းသလား ဆိုတာ သူကိုယ်တိုင်တောင် မသိဘူးလို့ ပြောတယ်။ ဒါဖြစ်ကော ဖြစ်နိုင်ရဲ့လား။ မြောက်ကိုရီးယား သံရုံးက လက်ကျန် စာအုပ်တွေကို အပ်ခိုင်းတဲ့ အခါမှာ ဟိန်းလတ်က အသာတကြည် အပ်လိုက်ရောလား။ သူ့စာအုပ်ကို အပြတ်ဝယ်ထားတဲ့ ဆိုင်တွေကတောင် အသိမ်းမခံရင် သူကဘာ့ကြောင့် အသိမ်းခံလဲ။ ဒီစာအုပ်ကို စာပေ စိစစ်ရေးက ခွင့်ပြုပေးပြီးသားမို့ မအပ်နိုင်ဘူးလို့တောင် ပြန်မပြောလိုက် ဘူးလား။ ဒါနည်းလမ်း မကျဘူး။ ဟိန်းလတ်က စိစစ်ရေးနဲ့ပါ စစ်မျက်နှာ နောက်တခု မဖွင့်ချင်လို့ ပြောတာပဲလား ဆိုတာတွေးစရာ ဖြစ်နေတယ်။ တခုတော့ရှိတယ်။ ၀င်္ကပါတောထဲက ခုထိ မထွက်နိုင်သေးတဲ့ စိစစ်ရေး အုပ်စုကို အိတ်ထဲ ထည့်ထားလို့ ရတယ်လို့ မောက်မောက်မာမာ သဘောထားပုံရတဲ့ မြောက်ကိုရီးယား သံရုံးက ဟိန်းလတ်က စာအုပ် မအပ်ရင် စိစစ်ရေးနဲ့ တိုင်မှာမို့ ဇာတ်လမ်း မရှည်ချင်တာနဲ့ အသာတကြည် လက်နက် ချလိုက်တာလဲ ဖြစ်နိုင်တယ်။ ဘာလို့ဆို ‘ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်.. ကျနော်လည်း စကားနဲရန်စဲ ပြန်ပေး လိုက်တယ်။’ လို့ ဟိန်းလတ်ကိုယ်တိုင် ၀န်ခံထားတာကိုး။

သူပြောတဲ့ထဲမှာ နောက်တခုက ‘မြန်မာအစိုးရဘက် ပြန်ကြားရေးရော၊ စိစစ်ရေးရော ဘာမှ မပြောပါဘူး၊ အမှန်အတိုင်း ပြောရရင် အဲ့သည့် ကိုရီးယားတွေကိုပဲ ကြောက်တာ’။ Excuse me!! ကိုယ့်တိုင်းပြည်ထဲမှာ နေပြီး မြောက်ကိုရီးယားကို ကြောက်တယ် ဟုတ်လား။ နောက်ပြောသေးတယ်။ ‘သူတို့က မထင်ရင် မထင်သလို လုပ်တတ်လို့’ တဲ့။ ဘာလုပ်တတ်တာလဲ ဆိုတာ သိခွင့်ရရင် သိချင်ပါရဲ့ ဆရာရယ်။ ခုမြောက်သံရုံး လုပ်ပုံကိုင်ပုံ ကြည့်ရင် မြောက်ကိုရီးယားဟာ ကျုပ်တို့ တိုင်းပြည်မှာ လူပါး ၀ချင်တိုင်း ၀လို့ ရတယ်လို့ အထင် ရောက်နေပုံ ရတာကို ညွှန်ပြနေတယ်။ ဒီလို အထင် ရောက်စေခြင်းရဲ့ နောက်ခံ အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ။ ကောင်းတာတွေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒါတွေကို လောလောဆယ်မှာတော့ တိတိကျကျ သိနိုင်ဦးမှာ မဟုတ်ဖူး။

နေ၀င်းမောင်တို့ ဟိန်းလတ်တို့အနေနဲ့ သတိမူသင့်တာက စစ်အုပ်စုက ကိုယ့်ကို ရေးချင်တာ ရေးခွင့် ပြုထားဆိုတာ သူတို့ အကျိုးစီးပွားနဲ့ ယှဉ်လာရင် သက်ညှာမယ် ဆိုတဲ့ အဓိပ္ပါယ် မထွက်ဖူး ဆိုတာပဲ။ ကိုယ့်ဆရာတွေလည်း သိချင်သိမှာပါ။ အချဉ်တွေမှ မဟုတ်ဘဲ။ ဘယ်ကွေ့ ဘယ်တက်နဲ့ လှော်ရမလဲဆိုတာ သဘောပေါက်မှာပါ။ ဒါပေမယ့် လူရှေ့ မှာဗြောင်ကြီး ပုဆိုး ချွတ်ခံရတာကတော့ မကောင်းဘူး။ စစ်အုပ်စုနဲ့ အလုပ် လုပ်တယ်ဆိုတာ ကိုယ့်ဂုဏ် သိက္ခာကို ဒင်းတို့ဆီမှာ အတိုးကြီးကြီးနဲ့ အပေါင်ထား လုပ်ရတာမျိုး ကလား။ ဒင်းတို့က သူတို့အုပ်စု ကွက်ကွက်လေးရဲ့ အကျိုးစီးပွား လောက်ကိုပဲ စိတ်ဝင်စားဒါ၊ အကာအကွယ် ပေးတာကလား။

နောက်ပြီးတော့ မြောက်ကိုရီးယားက ဘာ့ကြောင့်သိမ်းသလဲ ဆိုတာလည်း မသိရဘူး။ ဟိန်းလတ် စာအုပ်ရယ် သူကိုးကားတဲ့ နယူးရောက်ထုတ်လို့ ဆိုတဲ့ စာအုပ်တွေရယ် အားလုံးကို နှိုင်းယှဉ် ဖတ်ကြည့်နိုင်ရင်တော့ ဟိန်းလတ်က ဒီစာအုပ်တွေ ထဲက မြောက်ကိုရီးယားတွေ မငြိုငြင်လောက်မဲ့ ဒါမှမဟုတ် မနောခွေ့မဲ့ အကြောင်းအရာတွေ ကိုပဲ အတော်များများ ယူပြီး ရေးထားသလား၊ ဒါမှမဟုတ် ကင်ဂျူံအီနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဘာတွေ ချန်ရေးထားသလဲ ဆိုတာ သိနိုင်မှာဘဲ။ နောက်ပြော သေးတယ်။ ‘ဒီစာအုပ်မှာတော့ မကောင်းတာ မပါဘူး။ … တကယ်ရေးမယ် ဆိုရင်တော့ မကောင်းတာ အများကြီးပဲ’ တဲ့။ သေဟဲ့ နန္ဒိယရဲ့ လို့သာ အော်ညည်း မိတော့တယ်။ ဒါဖြင့်ရင် ခုစာအုပ်က တကယ် ရေးထားတာ မဟုတ်ဖူးပေါ့။ seriously ပြောတာပါ။ ဒါကိုကြည့်ရင် ဟိန်းလတ် စာအုပ်မှာ အကောင်းတွေကို အသားပေး ရေးထားတယ်ဆိုတာ ၀န်ခံထားတာပေါ့။ လူငယ်တွေကို ‘အသိပညာ ကြွယ်အောင်၊ နိုင်ငံတကာ သုံးသပ်ချက်တွေ ရအောင်၊ ဗဟုသုတရအောင်’ ရည်ရွယ်ရေးတယ် ဆိုရင် အကောင်းတွေချည်း ရေးရုံနဲ့ ရမလား ဆရာရယ်။

ဒီနေရာမှာ ကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်လေးတခုနဲ့ တိုက်ဆိုင်လွန်းလို့ ပြောလိုက်ဦးမယ်။ ငယ်ငယ်က စတိတ်ရှိုး တခုသွားကြည့်တယ်။ စိန်ပေါ ကျောင်းထဲက heavy metal show ဆိုတော့ သိပ်မကြာဘူး၊ ၀ရုန်းသုန်းကား ဖြစ်ရော၊ ဒါနဲ့ ရဲတွေရောက်လာတယ်။ အဲဒိမှာ ၀ရုန်းသုန်းကား လုပ်တဲ့ထဲမှာ မပါတဲ့ လူငယ် တယောက်က ရဲကိုသွားပြီး သူတို့ လာတာကို ကြိုဆိုတဲ့ အနေနဲ့ လက်ဆွဲ နှုတ်ဆက်တယ်။ စောစောက အုံးအုံး ကြွက်ကြွက်လုပ်ပြီး ခုံတွေ ရိုက်ချိုးတဲ့ လူတွေကို ဆော်မဲ့ သူ ရောက်လာပြီဆိုပြီး ပန်းခြင်း သွားဆက်ချင်ပုံ ရတယ်။ ဘာပြောကောင်းမလဲ ရဲက ကမ်းပေးတဲ့ သူ့လက်ကို ယူပြီး နပန်ကျင်း ထဲ့လိုက်တယ်။ ခုလည်း အဲ့သလိုပုံမျိုးဖြစ်နေပြီ။ ကင်ဂျူံအီး အကြောင်း လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ရေးကြည့်ပါလား၊ ဘယ်ရမလဲ။ ခုရွှေလမ်းငွေလမ်း ဖောက်ချိန်မှာ ကိုယ်က ဟီးဟီးဟီးဟီးနဲ့ ပါးလျက်နားလျက် သွားလုပ် ကြည့်တယ်။ မြောက်ကိုရီးယား ဆိုတဲ့ ကောင်က ဦးနှောက်မှ မရှိတာ။ စစ်အုပ်စုလိုပဲ မြင်မြင်ကရာ ရန်သူထင်နေတာ ကိုယ့်အကောင်းပြောလို့ ပြောမှန်းလည်း သိချင်မှသိတာ။

ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ဒါနဲ့ တခုတော့ ရှိတယ်။ ကိုးကားတဲ့ ‘စာအုပ် နှစ်အုပ်မှာပါတဲ့ အချက် အလက်တွေ မှန်မမှန်တော့ မသိဘူး၊ … စာရေးတဲ့သူ ဆိုတာ ဘယ်အမှားအမှန် သိမလဲ။ ဇယားထဲ ပါတာတွေ ရေးရတာပဲ။’ တဲ့။ အဲဒါလည်း သဘာဝ မကျဘူးထင်တယ်။ ဧရာဝတီက မှတ်ချက်ရေးသူ တယောက် ပြောခဲ့သလိုပဲ ဟိန်းလတ်ပြုစုသည်လို့ ဆိုထားရင် မျက်တောင် အဖွင့်အပိတ် ထဲက အပြောကို မရေးသင့်ဘူး။ ဘာသာပြန်လို့ ရေးရင် ရေးပေါ့လေ။ စိတ်တော့မရှိပါနဲ့။ အရင်ကလည်း သူများ ရေးထားတာကို ကိုယ့် own tune လုပ်ပြီး ထည့်ထည့်နေတဲ့ ဇာတ်လမ်းတွေက ဆရာ့ဆီက ထွက်ထွက် လာဖူးတယ်မလား။

Ref: ကောင်းကင်

Read More...

PDC Monthly News Commentary - August 2010


PDC Monthly News Commentary - August 2010

Read More...

သန်းရွှေ အသည်းသန် ဖြစ်နေတဲ့ သတင်း ထွက်ပေါ်နေခြင်း

သြဂုတ်လ ၁၆၊ ၂၀၁၀

ကျနော်တို့ ဘလောက်ကို အားပေးနေတဲ့ ရဲဘော်များ၊ မိတ်ဆွေများကို ပြည်တွင်းနေရရှိတဲ့ သတင်းတခု တင်ပြချင်ပါတယ်။ သတင်းကတော့ ဗိုလ်ချုပ် သန်းရွှေ အသည်းသန် ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းပါ။

ဗိုလ်ချုပ်သန်းရွှေ တယောက် အိန္ဒယက ပြန်လာကထည်းက သွေးတိုးနှလုံးနဲ့ ဆီးချို ရောဂါမျိုးစုံ ပြန်ထပြီး ဆေးရုံကို အရေးပေါ်တက် ရောက်နေရပြီဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ အပတ် ကတည်းက ကျနော်တို့ ရရှိခဲ့ပါတယ်။ အိန္ဒယ အစာများကို စားသုံးလာတဲ့ အတွက် ကိုလက်စထောတွေ တက်ပြီး သွေးကြောပိတ် ရောဂါကို ခံစားနေရတယ် လို့ အတွင်းသတင်းများ အရ သိရတယ်။ ထူးခြား တာကတော့ အရင်က သူကျမ္မာရေး အသည်းသန် ဖြစ်နေပြီ ဆိုတဲ့ သတင်းတွေထွက်ပေါ်တိုင်း သူဟာ မီဒီယာမှာ ထွက် ထွက်ပြရလေ့ ရှိပါတယ်။

ဒီတခါတော့ သူမထွက်ပြနိင်တာ တပတ်ကျော်နေပြီဖြစ်တဲ့ အတွက် သံတမာန်တွေက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် တရုပ်သံ တွေက ပိုပြီး ဂဏာမငြိမ် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ တရုပ်သံတွေ မကြာခန ကြပ်ပြေးကို တက်နေတာရယ်၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဆင်ဖြူ ပူဆော်ပွဲမှာ သန်းရွှေ မတက်နိုင်ပဲ တင်အောင်မြင့်ဦးကိုပဲ သူကိုယ်စား ဆင်ဖြူ ကန်တော့် ခိုင်းတာရယ်ကြောင့် အနောက်တိုင်း သံတမန်တွေက အခြေအနေတော့ ထူးနေပြီလို့ ဆိုရာ မှ ဒီ သတင်းတွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ကြပ်ပြေး ရပ်ကွက်မှာလည်း စစ်ဗိုလ်ချုပ်တွေကြားမှာ သန်းရွှေ အလွန် ခေတ် အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပြီလို့ သိရပါတယ်။ လောလောဆယ်မှာ စစ်ဗိုလ်ချုပ်တွေ ကြားမှာ အုပ်စုသုံးခု ဖြစ်နေတယ်။

တန်ခိုးအထွားဆုံး အုပ်စုကတော့ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်တင်အေး၊ ဗိုလ်ချုပ်ဝေလွင် တို့ စစ်ဝင်ရိုးတန်း ဖွဲ့ထား လိုက်ကြတယ်လို့ သတင်းရပါတယ်။ သူတို့ ကိုနောက်ကွယ်က ကြိုးကိုင်နေတာကတော့ ဒေါ်ကြိုင်ကြိုင် လို့ ဆိုတယ်။

ဒုတိယအုပ်စုကတော့ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေမန်း တို့က တဖွဲ့ဖြစ်နေပါတယ်။ သူတို့ နောက်မှာတော့ ဆရာကျောင်းတို့လို စီးပွားရေး သမားတွေနဲ့ တတိယအုပ်စုဝင် နေ၀င်းမောင် တို့ အဖွဲ့တွေ က ကြောထောက် နောက်ခံ ပြုထားတယ်လို့ ဆိုပါတယ်။

တတိယအုပ်စုကတော့ သိန်းစိန်၊ ညဏ်ဝင်းတို့အဖွဲ့ ဖြစ်ပါတယ်။ သူတို့က ကြားအုပ်စုလို့ ခေါ်ကြပါတယ်။ ကြားအုပ်စု ၀င်တွေကတော့ သူတို့ အချင်းအချင်း ပြောဆိုတဲ့ အခါမှာ ဒေါ်ကြိုင်ကြိုင် ဗိုလ်ချုပ်မြင်ဆွေ၊ တင်အေးတို့ အုပ်ကို အုပ်ကြီးလို့ ခေါ်ကြပြီ။ မောင်အေးတို့ကိုတော့ အုပ်သေးလို့ ခေါ်ဆိုကြောင်း သိရပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေထက် အလွန်ဟန်ဆောင်ကောင်းသူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ အိန္ဒယက ပြန်လာတော့ မောင်အေးနဲ့ အဖွဲ့ဟာ ပြ၀ပ်ကြိုးနွံစွာ လက်အုပ်ချီပြီး ကြိုဆိုနေကြတဲ့ ပုံတွေကို တီဗွီက တခန်းတနား ပြသခဲ့ကြပါတယ်။ ဒါကိုကြည့်ပြီး ညီညွတ်နေတယ်လို့ ကောက်ချက် ချလို့မရကြောင်း Mr. Blue လို့ အမည်ဝှက်ပေးထားတဲ့ အနောက်တိုင်း စစ်သံတမန် တဦးက ဆိုပါတယ်။ မြန်မာ စစ်တပ်ရဲ့  နည်းဗျူဟာ တရပ်ဖြစ်ကြောင်း Mr. Blue က ဆိုပါတယ်။

ရန်ကုန်ခေတ်ပျက်သူဌေးလောကမှာလည်း ထူးခြားမှုတွေဆက်တိုက် ဖြစ်နေပါတယ်။ တေဇ၊ မက်ဇော်ဇော် တို့လိုလည်း သန်းရွှေ သတင်းကြောင့် ထိန့်လှန့် တုန်လှုပ်လျှက် ရှိပါတယ်။ သန်းပေါင်းများစွာ ဒေါ်လာတွေကို ထရပ်ကားပေါ်တင်ပြီး ညစဉ် ဟိုပြောင်း ရွေ့ နေကြတယ်လို့ သိရပါတယ်။ သူတို့ တည်ထောင်ထားတဲ့ ဘဏ်တွေထဲ ကို သူတို့ မအပ်ထားကြဘူးလို့ ဆိုတယ်။ နောက်တယောက် တက်လာရင် ဘာဖြစ်မှန်း မသိဘူးလို့ သူတို့ စိုးရိမ် နေကြကြောင်း သိရပါတယ်။

ရန်ကုန် ကားပွဲစားတန်းမှာတော့ အစားမတော်တလုပ်၊ အဖားမတော် တအုပ် ဆိုတဲ့စကား အလွန် ရေပန်း စားနေတယ်လို့ သိရပါတယ်။ အစားမတော် တလုပ် ဆိုတာကတော့ ဗိုလ်ချုပ်သန်းရွှေ အိန္ဒိယမှာ ကုလားအစားတွေ လိမ်စားခဲ့တာကို ဆိုလို ပုံရတယ်။ အဖါးမတော် တအုပ် ဆိုတာကတော့ စာရေးဆရာ ဟိန်းလတ် အဖါးလွန်ပြီး မြောက်ကိုးရီးယား အာဏာရှင် ကင်ချုံအီး အထုပ္ပတ္တိကို ရေးပြီး ဖါးသော်လည်း အတီးခံရပုံကို ရည်ညွန်းပြီး တယောက်နဲ့ တယောက် နောက်ပြောင် ပြောဆိုနေကြကြောင်း သိရပါတယ်။

ဗိုလ်ချုပ်သန်းရွှေ တယောက် ဒီတခါ မီဒီယာမှာ ထွက်ပြ နိုင်မပြနိုင် ဆက်လက် စောင့်ကြည့်ကြပါစို့။


Ref: We Fight We Win

Read More...

နေ့စဉ်သတင်းများ ( ၁၅ - ၈ - ၁၀ )

မြန်မာပြည် ရွေးကောက်ပွဲကို ကမ္ဘာက စောင့်ကြည့်နေကြောင်း အီးယူ ပြောဆို သတင်း
ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လူငယ်အများစုက စိတ်မ၀င်စား သတင်း
ရွေးကောက်ပွဲရက် ကြေညာသည့်အပေါ် မတူကွဲပြားသည့် တုံ့ပြန်ချက်များ သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးခရီးအတွင်း သံဃာတပါး လူဝတ်လဲရ သတင်း
ဘုရားသုံးဆူမြို့မှာ ဗုံးပေါက်ကွဲ သတင်း
Modern Times ဂျာနယ် အပိတ်ခံရ သတင်း
၂၀၁၀ ရွေးကောက်ပွဲက လူထုအုံကြွမှုတွေ ဖြစ်လာနိုင် သတင်း
ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ပါတီများကို ၈၈ မျိုးဆက်ကျောင်းသားတွေ တိုက်တွန်း သတင်း
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်မချင်း ရွေးကောက်ပွဲ တရားဝင်မှုမရှိနိုင် သတင်း
အာဏာမှာ ကြာကြာနေနိုင်ဖို့ ဗိုလ်ချုပ်ကြီးတွေ ပြင် သတင်း
(၁၇) ဦးပါ ကော်မရှင်က အဓိကလို့ဆို သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မသမာတဲ့ နည်းတွေနဲ့ စည်းရုံး သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေထုတ်ချေးတာကို စောဒကတက်မိလို့ အဖမ်းခံရ သတင်း
အပစ်ရပ်နဲ့ ရွေးကောက်ပွဲ သတင်း
မြစ်ကြီးများ သြဂုတ်လတွင် စိုးရိမ်ရေမှတ်ရောက်နိုင် သတင်း
မြန်မာ့အပေါ် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့် သတင်း
ရွေးကောက်ပွဲအချိန်စာရင်း ကြေညာသော်လည်း ထောက်ခံအားပေးသံ မကြားရ သတင်း
မြန်မာဘက်မှ ခိုးသွင်းလာသည့် ယာဘားဆေးပြားများ ဘင်္ဂလားတွင် ဆက်တိုက်ဖမ်းဆီး သတင်း
လူထုအုံကြွမှုနဲ့ နိုင်ငံရေးသမားတွေရဲ့ ပိုင်းဖြတ်မှု အခန်းကဏ္ဍ (ဦးဝင်းတင်နဲ့ အင်တာဗျူး)
ရွေးကောက်ပွဲနဲ့ ပြည်သူ့အမြင် (မျက်မှောက်ရေးရာ)
မြန်မာပြည်အလယ်ပိုင်း အစာရေစာ မလုံလောက် (ရုပ်သံ)

Read More...

Sunday, August 15, 2010

လူထုအုံကြွမှုနဲ့ နိုင်ငံရေးသမားတွေရဲ့ ပိုင်းဖြတ်မှု အခန်းကဏ္ဍ

ဦးဝင်းတင်နဲ့ မေးခွန်းများ


သြဂုတ် ၁၄၊ ၂၀၁၀

ဆရာနဲ့ ၈ လေးလုံးနှစ်ပတ်လည် ကာလမှာ မေးမြန်းဖြစ်တာက ယခင်က လမ်းပြကြယ် ဦးအေးမြင့်နဲ့ စကား ပြောဖြစ်စဉ်က အကြောင်း ဖြစ်ပါတယ်။ ယခုအချိန်မှာ စစ်အာဏာရှင်တွေရဲ့ မတရား ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေကြောင့် သည်းမခံနိုင်တဲ့အဆုံး လူထုက အုံကြွ လာခဲ့ရင်တောင် စစ်အာဏာရှင် တွေက လက်နက်အားကိုးနဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ကျုးလွန်ဖို့ ၀န်မလေးဘူး၊ လက်မတွန့်ဘူး ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။

အတိတ်မှာကော အနာဂတ်မှာပါ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းမှာ စစ်အာဏာရှင် တွေကို ဆန့်ကျင်တဲ့ လူထု အုံကြွမှုတွေ ဆိုတာ ရှောင်လွဲလို့ မရခဲ့ဘူး၊ ရှောင်လွဲလို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်း … အဲသည် အချိန်အခါမှာ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း ဆိုသည်တွေရဲ့ နေရာနဲ့ သဘောထားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာကို မေးမြန်းဖြစ်ပါတယ်။

ဆရာက ၎င်းရဲ့ အမြင်ကို ပြန်လည် ပြောကြားရာမှာ -
“အခုတလောမှာ ဆရာနဲ့ စီအာရ်ပီပီတို့နဲ့ တွေ့တဲ့အခါမှာ ပြောဖြစ်တယ်။ သံတမန်တွေ အခြား အဖွဲ့ အစည်းတွေက မေးလာတဲ့ အခါမှာလည်း ပြောဖြစ်တယ်။ လက်ရှိ အခြေအနေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုက များလာတယ်။ သူတို့ ပိုင်းဖြတ်ချက်က ရှင်းရှင်း ပြောရရင် ကြံ့ဖွံ့ကို အစွမ်းကုန် လှုပ်ရှားနိုင်အောင် သြဇာ အာဏာတင်မက၊ ငွေကြေး အားလုံး သုံးနိုင်အောင် အတွက် အသင်းတောင် မထားတော့ဘူး၊ ပါတီ ဖွဲ့လိုက်တယ်။ အသင်းက အင်အားတွေ၊ ပိုင်ဆိုင်မှုတွေ အားလုံးကို ပါတီထဲကို ပုံအော ထည့်လိုက်တယ်။

အဲသည်အတွက် ကျနော်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တွေကိုလည်း ပြောတယ်၊ နိုင်ငံခြား သံတမန် တွေကိုလည်း ပြောပါတယ်။ လက်ရှိ အခြေအနေက နိုင်ငံရေး အကြပ်အတည်းတွေ ကြုံနေပြီ၊ ဖြေရှင်းလို့ မရနိုင်လောက်အောင် တဖက်က တင်းမာနေပြီ။ စီးပွားရေး လူမှုရေး အခက်အခဲ အကြပ် အတည်းတွေ ကြုံနေရပြီ။ ဒီလို အချိန်မျိုးမှာ ဒီလို အကြပ်အတည်းမျိုးတွေ ကြုံနေတဲ့ အခါမှာ လွန်ခဲ့တဲ့ ၈ လေးလုံးက လူထုအုံကြွမှုကြီးတွေကို မေ့ပျောက်လို့ မရဘူး။

သို့သော် ၈ လေးလုံး ဆိုတဲ့ အုံကြွမှုမျိုးကို ခင်ဗျား ဖော်ထုတ်နိုင်သလား၊ ဖန်တီး နိုင်သလားလို့ ပြောလာကြရင် ကျနော့် အနေနဲ့ ဘယ်လုပ် နိုင်မလဲ၊ ဖော်ထုတ်နိုင်ဖို့ကို မပြောနဲ့ဦး ပေါ်ပေါက် လာရင်တောင်မှ ဦးဆောင်ဖို့ မလွယ်ဘူး၊ တော်ရုံတန်ရုံလူ လုပ်လို့ မရဘူး။ ဒါပေမယ့်လည်း လူထုအုံကြွမှု ဆိုတာမျိုး ဆိုတာ မပေါ်ပေါက် လာနိုင်ပါဘူး လို့လဲ ပြောလို့ မရဘူး။ လူထု အုံကြွမှုဆိုတာ Spontaneous ပေါ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော် ပြောနိုင်တာကတော့ - ၈ လေးလုံး လို အုံကြွမှုမျိုးက အခုလို အချိန်မျိုးမှာ အချိန်မရွေး အခါမလပ် ပေါ်ပေါက် လာနိုင်တယ် ဆိုတာကို မမေ့ကြပါနဲ့ ဆိုတာဖြစ်ပါတယ်။

အဲသည်နေရာမှာ အဲသည်လို အုံကြွမှုတွေ ဘယ်လိုမျိုး ဖြစ်လာမှာလဲ၊ ဘယ်သူလုပ်မှာလဲ။ ဘယ်သူ ဦးဆောင်မှာလဲ။ ဘာတွေ ဖြစ်လာမှာလဲ ဆိုတာတွေကိုတော့ ကျနော်လည်း မသိဘူး။ သို့သော် သည်အချက် အလက် ဖြစ်တဲ့ လူထု အုံကြွမှု (Mass Uprising Factor) ကိုတော့ မေ့ထားလို့ မဖြစ်ဘူး ဆိုတာကို ပြောဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြောရရင် ၂၀၀၃ ခုနှစ်တုံးက ဒေါ်အောင်ဆန်းစုကြည် တပြည်လုံးကို လှည့်ပြီး တရားဟောတယ်၊ လူထုနဲ့ တွေ့ဆုံတယ် ဆိုတာဟာ လူထု အုံကြွမှုကြီး တခု ဖြစ်ပေါ် လာတာမျိုးနဲ့ အလားသဏ္ဍန် တူပါတယ်။ သက္ကရာဇ် ၂၀၀၀ ကစပြီးတော့ တိုင်းပြည်မှာ အထွေထွေ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အဲသည်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု နောက်ကို လိုက်ပါတဲ့ လူထုအုံကြွမှုကြီး တခု ဖြစ်ပေါ်လာတဲ့ အချိန်မှာ သူတို့က ဒီပဲယင်းလိုဟာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို ချေမှုန်း ပစ်တာပဲ။

နောက်ပိုင်းမှာကျတော့ ၂၀၀၇ မှာလည်း နောက်ထပ်လူထု အုံကြွမှုကြီး တခု နဲ့ ကြုံပြန်တယ်။ အဲသည် အခါမှာ ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့ ခေါင်းဆောင်မှုလည်း မရှိဘူး။ တခြား ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေလည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားကြရတယ်။ နိုင်ငံရေး ပါတီတွေကလည်း အဲသည်လို ဖြစ်ပေါ်လာတဲ့ အချိန်မှာ ၀င်ရောက် ပါဝင်မယ်၊ ဦးဆောင်မယ်၊ ပတ်သက်မယ်လို့ လှုံဆော်မယ် ဆိုတဲ့ သဘောထားတွေ ဆန္ဒတွေ မရှိကြဘူး။ အနည်းဆုံးကတော့ ဦးဆောင်နိုင်စွမ်း မရှိကြရင်တောင်မှ ဒို့ ပါဝင် ပတ်သက်ကြမယ် ဆိုတဲ့ ပိုင်းဖြတ်မှု လောက်တော့ ရှိဖို့ ကောင်းတယ် လို့ ထင်တယ်။

အဲသည်တုံးက အဖြစ်အပျက်တခုကို ပြန်ကြားရတာတခု ပြန်ပြောပြ ရရင် အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးအောင်ရွှေက မေးတယ်တဲ့။ သံဃာ့ အရေးအခင်း ဖြစ်နေပြီ၊ ပါတီက ဘာလုပ်ကြမှာလဲ ဆိုတော့ … ကော့ကရိတ် ဦးသိန်းညွန့်က ဖြေတယ်တဲ့။ စစ်အစိုးရရဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အတွက်ကြောင့် ပါတီအနေနဲ့ အခု လူထုအုံကြွမှုမှာ ပါဝင်စရာ မလိုဘူး တဲ့။ အဲသည် ဦးသိန်းညွန့် ဆိုတာက အင်န်အယ်ဒီ ပါတီက လွင့်စင်ပြီး အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်တဲ့ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ အတူ သွားကြတဲ့ သူပေါ့ကွာ။

ဆိုလိုချင်တာကတော့ ဘုန်းကြီးတွေ သံဃာတွေက ရှေ့တန်းက ထွက်ပြီး လှုပ်ရှား နေကြတဲ့ အချိန်မှာ သာမန် လူတွေကို မပြောနဲ့ဦး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်း ဆို တာတွေက မပါကြဘူး။ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ မျိုးဆက်သစ်တွေ ပါဝင် လက်တွဲ နေကြတာကတော့ အားလုံး မြင်တွေ့ကြတဲ့ အတိုင်းပဲ။ သည်နေရာမှာ ကျနော်က ထောက်ပြ ချင်တာကတော့ နိုင်ငံရေး ပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုတာက လူထု အုံကြွမှုကြီး တခုနဲ့ ရင်ဆိုင် ကြရပြီဆိုရင် မဦးဆောင်နိုင်ရင် တောင်မှ ပါဝင်ရမယ်၊ ပတ်သက်ရမယ်၊ ၀င်ရောက် ဆောင်ရွက်မယ် ဆိုတဲ့ ပိုင်းဖြတ်မှု မျိုးကတော့ ရှိရမယ်၊ ရှိသင့်တယ် လို့ ပြောချင်တယ်။

လူထုအုံကြွမှုကြီးကို မဦးဆောင် နိုင်ရင်တောင်မှ ပါဝင် ပတ်သက်မယ်၊ Involve လုပ်ကြမယ်၊ လက်တွဲမယ်၊ ချီတက်မယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး၊ ကြိုတင် ဆုံးဖြတ်ထားမှုမျိုး ကျနော်တို့မှာ ရှိသင့်တယ်၊ ရှိရမယ်လို့ အခု အချိန်မှာ ကျနော်ကတော့ ပြောနေတယ်။

ဒါက အင်န်အယ်ဒီ တခုတည်း ပြောတာ မဟုတ်ဘူးနော်။ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ နိုင်ငံရေး သမားတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ပါတီတွေ အားလုံးကို ဆိုလိုပါတယ်။ လူထု အုံကြွမှုကြီးကို မလှုံဆော်နိုင်ရင်ထား၊ မဦးဆောင် နိုင်ရင်ထား၊ လူထုကြီး တရပ်လုံးက မခံ မရပ်နိုင်ဖြစ်လို့ အုံကြွမှုကြီး ဖြစ်လာရင် ငါတို့ ပါဝင်မယ်၊ ပတ်သက်မယ်၊ မသိချင်ယောင် ဆောင်နေတာတွေ၊ ရှောင်လွဲ နေတာတွေ မလုပ်ဘူး၊ ငါတို့ ပတ်သက်ကြရမယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး ရှိကြရမယ် ဆိုတာကို ပြောနေတာ ဖြစ်တယ်။ သာမန် ဘေးက ရပ်ကြည့်နေတဲ့ ပရိသတ်လိုမျိုး နေလိုက်ဦးမယ်ကွာ၊ ရပ်ကြည့် လိုက်ဦးမယ်ကွာ၊ စောင့်ကြည့် လိုက်ဦးမယ်ကွာ၊ လက်ခုတ် တီးလိုက်ဦးမယ်ကွာ၊ ဥပဒေနဲ့ မညီလို့ မပါဘူးကွာ ဆိုတာမျိုးတွေနဲ့ နေလို့ မရဘူး။ သည်လိုမျိုး အချက်ကို နိုင်ငံရေးသမား ဆိုသူတွေ၊ အဖွဲ့အစည်းတွေ ပါတီတွေ ထောင်ထားတဲ့ သူတွေက သိရှိသင့်တယ်၊ ဆုံးဖြတ် ထားသင့်တယ် ဆိုတာကို ပြောချင်တယ်။

အဲဒါမျိုး ပိုင်းဖြတ်ချက်၊ ဆုံးဖြတ်ချက်တွေ မရှိကြရင်တော့ လူထု အုံကြွမှုတွေမှာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ဦးဆောင်သူတွေနဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ပါဝင်မှု၊ လက်တွဲ ဆောင်ရွက်မှုတွေ မရတဲ့ အတွက် တဖက်က ဖိနှိပ် ချေမှုန်းမှုတွေနဲ့ ကြုံကြရ လိမ့်မယ်။ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်။”

ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်များ ဖြစ်ပါတယ်။ ။


Ref: မိုးမခ

Read More...

အပေါ်သို့