Friday, November 9, 2012

အစိုးရက ဖုန်းနံပါတ် ဂဏန်းလှလှလေးများ လေလံတင်တော့မည်

ဉာဏ်ဉာဏ် (မြစ်မခ)
9 Nov, 2012

GSM/WCDMA မိုဘိုင်း တယ်လီဖုန်းများတိုးချဲ့ရာတွင် ဖုန်းနံပါတ်အပူးနှင့် နံပါတ်အလှများအား လေလံစနစ်ဖြစ် ရောင်းချသွား မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယခုလိုရောင်းချရာတွင် GSM ဖုန်း အရှေ့ကုဒ် ၄၂၀ နောက်တွင် အပူး နံပါတ်များ တန်းစီပါရှိမည့် ဖုန်းကတ်များနှင့် အလှ နံပါတ်များကို လေလံတင်လိုခြင်းဖြစ်သည်။

“ဘယ်သူမဆို လေလံလာဆွဲလို့ ရပါတယ်။ တစ်လုံးချင်းစီ ရောင်းပေးမှာပါ။ ကြမ်းခင်းဈေးရယ်လို့ မသတ်မှတ်ထားဘဲ ကနဦး တပ်ဆင်ခ နှစ်သိန်းအပေါ်မှာ သူတို့ စပေးတဲ့ဈေးနဲ့ စမှာပါ။ အများဆုံးပေးတဲ့သူကို ပေးသွားမှာပါ။” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ပထမအကြိမ်လေလံတင်ရောင်းချမှုကို နိုဝင်ဘာလ(၁၅)ရက်နေ့တွင် မန္တလေးမြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာလ (၂၂) ရက်နေ့၌ ရန်ကုန်မြို့ရှိ MICT တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ လေလံစနစ်ဖြင့်ဝယ်ယူရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့် လေလံဝယ်ယူခွင့်ပုံစံများကို နိုဝင်ဘာလ(၁၂) ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ ဆက်သွယ်ရေးရုံးနှင့် မန္တလေးမြို့ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာရုံးတို့တွင် ငွေကျပ် တစ်ထောင်ဖြစ် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။

အဆိုပါ လေလံတင် ရောင်းချရာတွင် ရန်ကုန်မြို့မှာ GSM ဖုန်း အလုံး အရေအတွက်(၂၉)လုံး WCDMA (၃၆)လုံး၊ မန္တလေး မြို့မှာ GSM ဖုန်း အလုံး အရေအတွက်(၃၇) လုံးနှင့် WCDMA(၂၃) လုံးခန့် တို့ကို ရောင်းချ သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

Read More...

Model ခုနှစ်အလိုက် ပုံစံပြောင်းလဲမည့်ဖြစ်သော်လည်း ကားဈေးကွက်လှုပ်ခတ်မှုမရှိနိုင်

ယမင်း (မြစ်မခ)
9 Nov, 2012

မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမူများအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်၍ လုပ်ငန်းဆိုင်ရာ သတ် မှတ်အချက်များအရ Model ခုနှစ် အလိုက် ပြောင်းလဲဆောင်ရွက်တော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်း ခွင့် ဆိုင်ရာကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

အဆိုပါပြောင်းလဲမှုမှာ ကားဈေးကွက်အတွင်း သိသိသာသာလှုပ်ခတ်မှုမရှိနိုင်ကြောင်း ကားကုမ္ပဏီမှ တာဝန်ရှိတစ်ဦးက သုံးသပ် သည်။

"ဒါကတော့ နှစ်စဉ်ပြောင်းလဲမှုဖြစ်နေတာပါ၊ နှစ်အလိုက်တင်သွင်းခွင့်သတ်မှတ်ပြီးသားပါ ၂၀၁၁မှာ ၉၅ အထက်မော်ဒယ်တွေပဲ တင်သွင်းခွင့်ရှိတယ်၊ (၅)နှစ်သတ်တမ်းလျော့ပြီး တင်သွင်းခွင့် ရှိပြီးသားပါ၊ ၂၀၁၂မှာဆိုရင် ၉၆ အထက် မော်ဒယ်၊ ၂၀၁၃ မှာဆိုရင်တော့ ၉၇ အထက် မော်ဒယ်ပေါ့၊ ကားဈေးကွက်ကတော့ လှုပ်ခတ်နိုင်မှု မရှိနိုင်ပါဘူး၊ ဖြစ်နေကြပဲလေ"ဟု SAKURA Auto Auction ကားကုမ္ပဏီမှ ကိုဇော်ဇော်အောင်က ပြောသည်။

၂၀၁၃ခုနှစ် ဇန်န၀ါရီ (၁)ရက်နေ့တွင် ယာဉ်အို/ယာဉ်ဟောင်းအပ်နှံ၍ အစားထိုး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထား ရာတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော မော်တော် ယာဉ်များ၊ ၂၀၀၈ ခုနှစ်နှင့် အထက် ထုတ်လုပ်သော 1350CC နှင့် အောက် လူစီးမော်တော်ယာဉ်ငယ်များကို ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မော်တော်ယာဉ်တင်သွင်းခြင်း ခွင့်ပြုချက်တွင် နိုင်ငံခြားသဘောင်္သားများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်သံဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်း ရှင်များ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ် ကိုင်နေ သူများသည် လူစီးမော်တော်ယာဉ် လျှောက်ထား ရာ၌ ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများ လူစီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထား ရာ၌ ၂၀၀၈ ခုနှစ်နှင့် အထက်လူစီး မော်တော်ယာဉ်များကို လည်းကောင်း ၊ ၂၀၀၃ခုနှစ်နှင့်အထက် Light Truck / Truck (တစ်တန်နှင့်အထက်) မော်တော်ယာဉ်များ၊၂၀၀၃ခုနှစ် နှင့် အထက်ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ခုနှစ်အထက် ဘယ်မောင်း Busမော် တော်ယာဉ်များကိုလည်းကောင်း ခွင့်ပြုသွားမည်ဖြစ်သည်။

ထို့အပြင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော Taxi ယာဉ် များအတွက် ၂၀၀၈ ခုနှစ်နှင့် အထက် Taxi ယာဉ်များကို လည်းကောင်း လျှောက်ထားတင်သွင်းခွင့် ပြုမည်ဖြစ်ပါသည်။

သက်ဆိုင်ရာ မော်တော်ယာဉ်အမျိုးအစားများ၏ ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနူန်း (C.I.Fတန်ဖိုး) Model Year အလိုက်၊ Brand အလိုက်၊ အင်ဂျင်ပါဝါအလိုက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ လုပ်ငန်းရှင် များနှင့် ဆွေးနွေးညှိနှိုင်းကာ အချိန်မီထုတ်ပြန်ပေးသွား မည်ဖြစ်သည်ဟုလည်း သိရသည်။

Ref: မြစ်မခ

Read More...

မြေယာကိစ္စများဟန့်တားနိုင်ရန် ချောင်းသာလယ်သမားသမဂ္ဂဖွဲ့စည်း

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
9 Nov, 2012

ချောင်းသာကျေးရွာရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေအရေးကိစ္စများအား ထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် ကျေးရွာရှိ တောင်သူ(၁၈၀)ကျော်စုစည်း၍ ချောင်းသာလယ်သမား သမဂ္ဂတစ်ရပ် ဖွဲ့စည်းခဲ့သည်။

ချောင်းသာမြို့အမှတ်(၇)ရပ်ကွက်ရှိ တောင်သူဦးလှမြင့် နေအိမ်တွင် နိုဝင်ဘာလ(၉)ရက်နေ့က ဖွဲ့စည်းခဲ့သော ချောင်းသာ ကျေးရွာတောင်သူလယ်သမားသမဂ္ဂသည် ယခုဖြစ်ပွားလျက်ရှိသော ချောင်းသာ ကျေးရွာမှ တောင်သူများ၏ လယ်ယာမြေသိမ်း ဆည်းမူအားရပ်တန့်ရန် အတွက် အဓိကထားဆောင် ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းခံလယ်ယာမြေ များအား လျှော်ကြေး ပြန်လည်ရရှိရန် လုပ်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း လယ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးတင်မြင့် ထံက သိရသည်။

"လယ်ယာမြေတွေထပ် အသိမ်းမခံရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ဒီအတွက် ဧရာဝတီတိုင်းထဲက ဖွဲ့စည်း ထားပြီး ဖြစ်တဲ့ အခြားမြို့နယ်တွေက တောင်သူလယ်သမားသမဂ္ဂတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာပါ။ ဒီရက် အတွင်း ဆိုးရွာနေတဲ့ ချောင်းသာက မြေကိစ္စကိုလည်း အတက်နိုင်ဆုံး ဟန့်တားသွားမှာပါ"ဟု ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးသိပ္ပံစိုးက ပြောသည်။

ချောင်းသာကျေးရွာ၌ ယခုရက်ပိုင်းအတွင်း မြေကွက်အလွတ်များကို ဒေသတွင်း အာဏာပိုင်များဖြင့် ပူးပေါင်း၍ ငွေကြေး တတ်နိုင်သူ တို့က မူလမြေပိုင်ရှင်များထံ ခွင့်မတောင်းဘဲ ဥပဒေအရ ပျက်ပြယ်ပြီး ဖြစ်သော အထောက် အထားများ ကိုင်ဆောင်ကာ မြေကွက် အလွတ်များအဖြစ်(၁၅)နှစ်ကျော် ကြာခဲ့ ပြီးဖြစ်သောမြေကွက်များ အပြင်မိသားစု အလိုက်နေ ထိုင်နေသော အိမ်များကိုပါ ဖျက်၍ ပြောင်းရွှေ့ ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ က ဆိုသည်။

"မိသားစုနေလာတာ နှစ် ၂၀ကျော်ပြီ အခုမှ ဒီမြေကသူတို့ပိုင်တယ် ဒါကြောင့် အိမ်ဖျက်ပြီး ပြောင်းပေးပါလို့ လာ ပြောတယ်။ ပြောင်းပေးလို့ ကျွန်တော်တို့မိသားစု ဘယ်မှာသွားနေရမှာလဲ"ဟု ချောင်းသာကျေးရွာ(၇)ရပ်ကွက်နေ အသက်(၆၄) နှစ်အရွယ်ရှိ ဦးထွန်းကြည်က ပြောသည်။

သိမ်းယူသွားသော လယ်မြေများကို အလွယ်တကူ ရရှိခဲ့ခြင်းများ မဟုတ်ပဲ တောထူထူထဲထဲများကို(၅)နှစ် ခုတ်ထွင်ရှင်းလင်းပြီးမှ မြေအခွန်အစိုးရသို့ဆောင်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဓ္ဓမ္မသိမ်းယူခံခဲ့ရခြင်းဖြစ်ကြောင်း အသက်(၈၈)နှစ်အရွယ် တောင် သူကြီး ဦးသာချမ်းဖြူက ပြောသည်။

တောင်သူများခေါင်းငြိမ့်၍ ပေးခဲ့ခြင်း မဟုတ်ပဲ ခေါင်းငုံခံခဲ့ရသော လယ်မြေများအတွက် မိမိတို့ သမဂ္ဂမှ တရား မျှတမူရှိစေရေး အတက်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသမဂ္ဂ အဖွဲ့ဝင်များထံက သိရသည်။

ဧရာဝတီတိုင်းအတွင်း ချောင်းသာကျေးရွာအပါဝင် ပုသိမ်၊ ကန်ကြီးဒေါင့်၊ မြောင်းမြနှင့် လပ္ပတ္တာမြို့နယ် များ၌လည်း တောင်သူ လယ်သမားသမဂ္ဂများ ဖွဲ့စည်းပြီးဖြစ်သည်။

Ref: မြစ်မခ

Read More...

ဝါကျွတ်ကာလ အငှားနှင့် အရောင်းဈေးမြောက်နေသည့် မုံရွာအိမ်ခြံမြေဈေးကွက်

ငြိမ်းချမ်း(မြစ်မခ)
9 Nov, 2012

သီတင်းကျွတ်ပြီး မုံရွာအိမ်ခြံမြေဈေးကွက်မှာ စီးပွားရေးလုပ်ငန်းရှင်များက လာရောက်လုပ်ကိုင်မှုများ နေခြင်းကြောင့် အိမ်အငှား ဈေးကွက်နှင့် မြေအရောင်းအ၀ယ်ဈေးကွက်မှာ လှုပ်ခတ်လျှက်ရှိပြီး ဆိုဈေးနှင့်ပင် အရောင်းအ၀ယ် ဖြစ်လျှက်ရှိကြောင်း မုံရွာ အိမ်ခြံမြေ အကျိုးတော်ဆောင်များထံက သိရှိရသည်။

မုံရွာအိမ်ခြံ မြေဈေးကွက်သည် အရောင်းအ၀ယ်ခွန်(၃၇)ရာခိုင်နှုန်းတိုးမြင့်ပြီး နောက်ပိုင်းမှစပြီး ၀ါတွင်းကာလ တစ်လျောက်လုံး အိမ်အဌားဈေးကွက်နှင့် မြေအရောင်းအ၀ယ် ဈေးကွက်မှာ အေးစက်လျက်ရှိခဲ့ရာမှာ ယခုသီတင်း ကျွတ်ပြီး နောက်ပိုင်းတွင်ပြန်လည် လှုပ်ခတ်လာ ခြင်းဖြစ်သည်။

“၀ါတွင်းကာလတွေတုန်းက ဘာမှအရောင်းအ၀ယ်မရှိဘူး၊ ၀ါတွင်းကာလကလည်း ဖြစ်ပြန်၊ အခွန်ကလည်း တိုးလိုက် တော့ကြတော့ ပိုဆိုးတာပေါ့၊ အခုတော့ဝါလည်းကျွတ်သွားပြီဆိုတော့ အ၀ယ်တွေလည်း လိုက်လာလို့ ဈေးတွေ လည်း လျော့မရောင်းကြ တော့ ဘူး”ဟု မုံရွာအိမ်ခြံမြေအကျိုးဆောင်ဒေါ်ခင်အုန်းမြင့်က ပြောသည်။

မုံရွာမြို့ အိမ်အငှားဈေးကွက်မှာ ယခင်နှစ်များက(၁)သိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ စီးပွား ရေးလုပ်ငန်း ရှင်များမှ လာရောက်လုပ်ကိုင်လျှက်ရှိသောကြောင့် အိမ်အငှား ဈေးကွက်မြင့်တက်လာရခြင်း ဖြစ်သည်။

မုံရွာမြိုသစ်ဘက်တွင် လုံခြင်းအိမ် တစ်လုံးလျင် တစ်လ(၅)သောင်းကျပ် အထိဈေးရှိနေပြီး၊မြို့ပေါ်ရပ်ကွက်လုံးခြင်းတိုက် တစ်လုံး လျှင် ကျပ်(၁)သိန်းဝန်းကျင်၊ အချက်အချာကြပြီး အဓိကနေရာများ၌ ရေမီးအပြည့်အစုံ(၂) ထပ်တိုက်မှာ ယခင်ကာလများက (၂)သိန်းဝန်းကျင် အထိသာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်(၁၀)သိန်း အထိ ပေါက်ဈေးရှိနေ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမှာတော့အိမ်အငှားဈေးကွက်က တော်တော်ကိုဈေးမြင့်တယ်၊ လုပ်ငန်းရှင်တွေက နှစ်ထပ်တိုက်တွေ အငှားများတယ်၊ နှစ်ထပ် တိုက်တွေဆိုရင် ဆယ်သိန်းဝန်းကျင်ရှိတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်တင်တင်မြင့်က ပြောသည်။

မုံရွာမြို့၏ တက္ကသိုလ်များရှိရာ သွားသည့် အဓိက လမ်းမကြီးဖြစ်သည့် ကျောက္ကာ လမ်းဘေးနေရာများတွင် ကျပ် သိန်း(၁)သောင်း ၀န်းကျင်ရှိပြီး၊ စီးပွားရေးတက္ကသိုလ်ရှေ့နေရာများတွင် ပေ(၆၀x၈၀)မြေ တစ်ကွက်လျင် ကျပ်သိန်း(၂)ထောင်ဝန်းရှိပြီး၊ တိုင်းရုံများ ရှိရာ အနော်ရထာလမ်းဘေးတွင်(၆၀×၈၀) မြေတစ်ကွက်လျှင် သိန်း(၅)ရာ ၀န်းကျင်ရှိကြောင်းကိုလည်းသိရှိရသည်။

သံလာမြို့သစ်ဘက်တွင် ပေ(၆၀×၈၀)တစ်ကွက်လျှင်၊ သိန်း(၄)ရာမှ(၅)ရာအထိ ပေါက်ဈေးရှိပြီး၊ ပြည်တော်သာ ရပ်ကွက်တွင် ပေ(၆၀×၈၀)တစ်ကွက်လျင် သိန်း(၃)ရာဝန်းကျင်နှင့် ပြည်ထောင်စု လမ်းမကြီးဘေးနေရာ များတွင် ပေ(၆၀×၈၀) တစ်ကွက် လျှင် သိန်း(၂)ထောင်မှ(၃)ထောင်အထိ ပေါက်ဈေးရှိကြောင်းကိုလည်း သိရှိရ သည်။

မုံရွာမြို့၏ အချက်အချာကျပြီး ဈေးမြင့်သော နေရာ နောက်တစ်ခုမှာ မြင်းမှုလမ်း(ဗိုလ်ချုပ်လမ်း)လမ်းဘေးရှိ နေရာ များတွင် ပေ(၆၀×၈၀)လျှင် ကျပ်သိန်း(၅)ထောင်မှ(၁)သောင်းဝန်းကျင်ဈေးရှိကြောင်း မြို့ခံအိမ်ခြံမြေ အကျိုးဆောင်များ က ဆိုသည်။

Ref: မြစ်မခ

Read More...

တော်ဝင်မိသားစုကုမ္ပဏီမှ ဆန္ဒပြအလုပ်သမားများတောင်းဆိုသည့် အချက်(၅)ချက်အား လိုက်လျောရန်မဖြစ်နိုင်ကြောင်း ပြောဆို

ကျော်ဇင်မန်း(မြစ်မခ)
9 Nov, 2012

တော်ဝင်မိသားစုကုမ္ပဏီ သစ်အချောထည်စက်ရုံမှဆန္ဒပြအလုပ်သမားများတောင်းဆိုသည့် အချက်(၅)ချက်မှာ လက်ခံ နိုင်စရာ မရှိသည့်အတွက် လိုက်လျောပေးဖို့မဖြစ်နိုင်ဟုတော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဌ ဦးကိုကိုထွေးက နိုဝင်ဘာ ၈ရက် နေ့ နေ့လည်(၁) နာရီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။


“စတိုးဆိုင်တစ်ခုမှာတောင် စည်းကမ်းဆိုတာ အလုပ်သမားကထုတ်တာမဟုတ်ပါဘူး။ဆိုင်ရှင်က ပဲထုတ်တာပါ။ အဲဒီ့တော့ ကျွန်တော့်ကိုလာပြီးတော့အလုပ်သမားတွေမသိပဲနဲ့ စည်းကမ်းမထုတ်ရဘူးဆိုတော့ အလုပ်သမားကို စည်းကမ်းထုတ်တယ်ဆိုတာ အလုပ်သမားအလုပ်လုပ်အောင်၊ မဟုတ်တာမလုပ်အောင်နည်းလမ်းမမှန်တာတွေကို မလုပ်အောင်၊ မဖောက်ပြန်အောင် ကျွန်တော် တို့ကစည်းကမ်းထုတ်ရတာ။ လိုအပ်တာပဲထုတ်တယ်။ မလိုအပ်တာ မထုတ်ဘူး။ အလုပ်ရှင်ဆိုတာတစ်ယောက်နဲ့ တစ်ယောက် အကျိုးတူလုပ်ကြတဲ့သူတွေချည်းပါပဲ”ဟု ဦးကိုကိုထွေး ကပြော သည်။

ဆန္ဒပြအလုပ်သမားများ တောင်းဆိုထားသည့်အချက်(၅)ချက်မှာ (၁)စက်ရုံရှိအလုပ်သမားများ၏ ဆန္ဒမပါပဲ အပြင် ဆိုဒ်သို့ မပို့ရန်၊ (၂)အလုပ်သမားများ၏သဘောတူညီချက်မရှိပဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်၊ (၃)စက်ရုံ အတွင်းဝင်ခွင့်မပေးသော အလုပ် သမားများအား Onduty ပေးရန် လုပ်ခပေးရန်၊ (၄)E/Cစာချုပ် အမြန်ချုပ် ဆိုရန်နှင့်(၅)လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း ထုတ်ပေးရန်တို့ ဖြစ်ကြောင်း သိရပြီး အဆိုပါ အချက်(၅)ချက် စလုံးမှာတော်ဝင်မိသားစုကုမ္ပဏီအနေဖြင့် လက်ခံနိုင်စရာမရှိ ကြောင်း သိရသည်။

“တောင်းဆိုတဲ့အချက်တွေအကုန်ကြည့် အလုပ်မဆင်းတဲ့ အလုပ်သမားကို Ondutyပေးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ”ဟု ဦးကို ကိုထွေးကပြောသည်။

လက်ရှိအချိန်ထိ အလုပ်သမားများ ဆန္ဒပြခြင်းမှာ ပြီးဆုံးခြင်းမရှိသေးပဲ။အစာငတ်ခံဆန္ဒပြသူတစ်ချို့မှာ ဆေးရုံသို့ ရောက် ရှိနေ ကြောင်း၎င်းတို့၏တောင်းဆိုမှုများမရမခြင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားများ ကပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ တော်ဝင်မိသားစု(Taw WinFamily CO;LTD) သစ်အချော ထည်စက်ရုံမှ အလုပ်သမား(၂၂၀)ခန့်မှာတောင်းဆိုထားသည့်အချက်(၅)ချက်မရရှိသဖြင့် ဆန္ဒပြမှု(၁၄) ရက်မြောက် နေ့တွင်မရမ်းကုန်းမြို့နယ် အတွင်းရှိ အလုပ်သမားဝန်ကြီးရုံးရှေ့တွင်ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

“အရင်နေ့တွေကတော့ စက်ရုံထဲမှာပဲဆန္ဒပြခဲ့ကြတာပါ။ အစပိုင်းကတော့စက်ရုံပိုင်ရှင်ဘက်က ကိုယ်စားလှယ် တွေနဲ့ ညိုနှိုင်း တာတွေလုပ်သေးတယ်။နောက်ပိုင်း ညှိနှိုင်းမှုတောင်မလုပ်တော့လို့ ဒီထိရောက်လာပြီးငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာပါ ”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူအလုပ်သမားတစ်ဦးက ပြောသည်။

ဆန္ဒပြအလုပ်သမားများ တောင်းဆိုထားသော အချက်(၅)ချက်မှာ(၁)စက်ရုံရှိအလုပ်သမားများ၏ ဆန္ဒမပါပဲ အပြင်ဆိုဒ် သို့မပို့ရန်၊ (၂)အလုပ်သမားများ၏ သဘောတူညီချက်မရှိပဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်၊ (၃)စက်ရုံ အတွင်းဝင်ခွင့် မပေးသော အလုပ် သမားများအား Onduty ပေးရန် လုပ်ခပေးရန်၊ (၄)E/Cစာချုပ် အမြန်ချုပ် ဆိုရန်နှင့်(၅) လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း ထုတ်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ တောင်းဆိုချက်တွေမရမခြင်း လုပ်ဆောင်သွားမှာ”ဟုအလုပ်သမားတစ်ဦးက ပြောသည်။

ဆန္ဒပြအလုပ်သမားဦးရေမှာ(၂၀၀)ဝန်ကျင်ခန့်ရှိပြီးအစာငတ်ခံအလုပ်သမား(၁၀)ဦးပါဝင်၍ (၃)ဦးခန့်မှာဆေးရုံ သို့ပို့ ဆောင်ထား ရကြောင်း သိရသည်။အစာငတ်ခံဆန္ဒပြသူများထဲမှ မတော်မဆသေဆုံးသွားသူများရှိခဲ့ပါက မည့်ကဲ့ သို့တာဝန် ယူသွားမည်နည်း ဆိုသော မေးခွန်းကို ဦးကိုကိုထွေးကလည်းပြန်လည်ဖြေကြားခဲ့သည်။

“မိသားစုမှာတောင် မိဘဖြစ်သူကို သားသမီးတွေက အစာငတ်ခံဆန္ဒပြတာမျိုးဆိုရင်တောင် မိဘဖြစ်သူက သားသမီး ဘ၀တခုလုံး နစ်နာမှာစိုးလို့တားမြစ်တာကို သားသမီးက အစာငတ်ခံနေမယ်ဆိုရင် ဥပေက္ခာပြုရမှာပဲ။ ဒီကိစ္စမှာလည်း ဥပေက္ခာပြုရမှာ မို့လို့ ပြုရတာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

Ref:

Read More...

သူတို့ပြောသော သူတို့အကြောင်း (Hpyen Num တို့ပြောတဲ့ သူတို့ဘ၀)

ဂျာတော့(ပ်)-ကချင်ပြည်နယ်(မြစ်မခ)
8 Nov, 2012

“ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ်တပ်ကို ကျွန်တော် ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့အသက် (၂၄) နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။

အနော
ပုလိပ်တပ်ကြပ်ကြီး
KIO တပ်မဟာ(၃)

ကချင်လွတ်မြောက်ရေးအဖွဲ့၌ အမျိုးသမီးစစ်သမီးများတာဝန်ထမ်းဆောင်နေရပုံ၊ တာဝန်ထမ်းဆောင်မှုအခြေအနေနဲ့ ၄င်းတို့ဖြတ် သန်း ခဲ့ရသည့် ဘ၀များနှင့်ပတ်သက်၍ သူမက ဆက်ပြောသည်။

ကျွန်တော်တို့ မောင်နှမ (၅) ယောက်ရှိတယ်လေ။ အိမ်မှာ အရမ်း ခက်ခဲတာ။ ခက်လို့ ၁၀ တန်း ရောက်တော့ ကျွန်တော် ကျောင်းမတက်နိုင်တော့ဘူး။ အမေ မုဆိုးမ ကလည်း ဘုရားအမှုဆောင် သင်းထောက်ဆိုတော့ ပိုက်ဆံမရှိဘူးလေ။ ပိုက်ဆံ ရှာမယ်ဆိုပြီး။ ကျွန်တော် နေ့စား လုပ်တယ်။ အဲ့တာလည်း အဆင်မပြေဘူး။ နောက် ရှဂမ်ပါမှာ အလုပ်လုပ်ဖို့ ခေါ်တာပေါ့။ အဲ့တာနဲ့ အလုပ်လုပ်မယ်ဆိုပြီး သွားတာ။ ဂါးရာယန်မှာ အလုပ်ရှင်တွေက လာကြိုတယ်။ နောက် လိုင်ဇာမှာရှိတဲ့ ပုလိပ်တပ်ရုံး ချုပ်ကို ရောက်မှ ကိုယ်က စစ်သားစုဆောင်း ခံရမှန်း သိတာ။ ထွက်ပြေးမယ်လို့ အကြိမ်ကြိမ် စိတ်ကူး… စိတ်ကူး ခဲ့တယ်။ ကိုယ့်ကို ဖမ်းခေါ်လာတဲ့ သူကိုလည်း အကြာကြီးပဲ စကားမပြောဘူး။

အမျိုးသမီးခေါင်းဆောင်

အဲ့ဒီရောက်တော့ စစ်သင်တန်း(၃)လ သင်တန်းယူတယ်။ ပြီးဗဟို ပုလိပ်ရုံးမှာ တာဝန်ကျတယ်။ အမျိုးသမီးအဖွဲ့ရဲ့ အတွင်းရေးမှူး ခန့်အပ်ခံရတယ်။ သင်တန်းမှာ အမျိုးသမီး (၁၀)ဦး၊ ယောက်ကျား (၄၈)ဦး အားလုံးပေါင်း(၅၈)ယောက်ရှိတယ်။ နောက် စစ်ကျောင်း တက်တယ်။ ကျောင်းပြီးတော့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်ဖြစ်လာတယ် ။

ပုလိပ်ရုံးမှာက ဒူအင်ဂျန်းယောနှင့် ဒူခေါန်ဘူတို့ ရှိတယ်။ အဲ့ဒီအောက်မှာ ကိုယ်ပဲ။

တစ်နှစ်ပြည့်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ကျောင်းသားအသစ် ပုလိပ်တွေ ရောက်လာတယ်။ သူတို့ကိုကြည့်ဖို့ ကျွန်တော် လိုင်စင်ကို တာဝန်ကျတယ်။ (၄)လ လောက် နီးပါး တာဝန်ကျတယ်။ တပ်ကြပ် ရာထူး တက်တယ်။ ကျွန်တော် ၀မ်းသာတယ်။ ကျွန်တော့်လိုမျိုးကို ဘုရားက ကြည့်ပါလားပေါ့။ ဘာလုပ်လုပ် ဆုတောင်းတယ်။ နောက် တပ်ကြပ်ကြီး အဆင့်ထိ ရောက်လာ တာ အမေ့ကို သတိရတယ်။ ကျွန်တော် အမြဲ တွေးတယ် သူရဲကောင်းကြီးတစ်ဦးဖြစ်အောင်..။ ပုလိပ် ရဲကြီးဖြစ်အောင် လုပ် မယ်။ ရည်ရွယ်တယ်။

စစ်သမီး ဖြစ်လာတော့ …………….

စစ်ဆေးရတယ်။ ကျွန်တော့်ကို တစ်ချို့လည်း အမြင်မကြည်ကြဘူး။ ပုလိပ်၊ ပုလိပ်ဆိုတဲ့ စကားလုံးကိုလည်း မလိုလားဘူး။ မကြိုက်ဘူး။ ကျွန်တော်က လူတွေကို ဂိတ်မှာ စစ်ဆေးတယ်။ ရိုက်တယ်ဆိုတာလည်း ကိုယ်တွေ့ ကြိုက်လို့ လုပ်တာ မဟုတ်ဘူး။ အထက်က ခိုင်းရင်တော့ လုပ်ရမှာပဲ။

ဘိန်းတွေ တွေ့ပြီး အချုပ်ထဲမှာ ထည့်တယ်။ ထည့်ပြီးတာနဲ့ ကိုယ်က တောင်းပန်တယ်။ စိတ်မကောင်းဘူးလေ။ ဒါက တာဝန် အရပဲ။ မနှစ်တုန်းက ဘိန်းနဲ့ ပတ်သက်ပြီး လူတော်တော် များများကို အရမ်းရိုက်လိုက်မိတယ်။ လက်ရောက်တဲ့ သူတွေကို အားလုံးကိုတောင်းပန်တယ်။ အချုပ်ထဲ ထည့်လိုက်ရင်လည်း သူတို့နေမကောင်းရင် ကိုယ်က ဆေးဝါးဝယ်ပေးပါတယ်။

လူတွေက ပုလိပ်ဆို မကြိုက်ကြဘူး။ မကောင်းတာ တစ်ခုခုဆို ပုလိပ်၊ ပုလိပ်ပဲ။ စိတ်အားငယ်လာတယ်။

KIO မှာလည်း အထက်လူကြီး လာတိုင်း ……………….

လာလာဆူဆူ ။ ဒါတောင် ကိုယ့်ဘက်က လူကြီး မဟုတ်ဘူး။ အဲ့တာ စဉ်းစားရင် စိတ်ပျက်တယ်။ တစ်ခါတစ်လေတော့ စစ်သမီး မလုပ်ချင်တာတွေ ဖြစ်လာတယ်။ စိတ်အားငယ်တယ်။ ဘာဖြစ်လို့ ပုလိပ်ကခွဲခြား ဆက်ဆံတာလဲ။ ပုလိပ်ဆိုတာလည်း စစ်သင် တန်းတက်ပြီးမှ ဖြစ်လာတာပဲ။ ကချင်လွတ်မြောက်ရေးအဖွဲ့က ပုလိပ်ပဲ။

အမြဲ ခွဲခြားထားတော့။ ပုလိပ်တာဝန် ထမ်းဆောင်နေတဲ့ လူကြီး၊ လူငယ်၊ အားလုံးက ကိုယ့်လို စိတ်ရှိပြီး ခံစားရမယ်လို့ထင် တယ်။

ရုံးဝန်ထမ်းချင်းချင်းတွေက မနာလိုတာမျိုးတွေတော့ မရှိဘူး။ ကျွန်တော့်ကိုတော့ လူချစ် လူခင်ပေါတယ်။ အာကုန်လုံးက ခင်ကြ တယ်။ ကျွန်တော့်ကို စစ်တပ်ထဲမှာ ကြိုက်တဲ့ လူလည်း အများကြီးရှိတယ်။ မိန်းကလေးတွေကလည်း ချစ်ကြတာ ရှိတယ်။ ကျွန်တော့်ကို ကြိုက် ကြတာ..။ ကျွန်တော် သိတယ်လေ။ ကိုယ့်က ဘာလဲဆိုတာ သိတယ်။ ကိုယ်က မိန်းကလေးလေ။ ဒါပေမယ့် ကျွန်တော် စတိုင်ကယောက်ကျားလိုပဲ။ ကျွန်တော့် အသံကအစ ယောက်ကျား အသံဖြစ်နေတာ..။

စစ်သားဆိုတော့ ပိုက်ဆံမရှိရင်အာဏာလိုလာတယ်

အရမ်းခက်ခဲတဲ့ချိန်တွေက ကိုယ့်အတွက်အဖော်လိုဖြစ် လာတယ်။ ပြီးတဲ့လဆို ဆပ်ပြာတောင်မသုံးနိုင်ဘူး။ ကျွန်တော် ထွက်ပြေး ချင်တယ်။

စီနီယာ အစ်မတစ်ယောက်ပြောတာကတော့ ကျွန်တော်တို့ စစ်သားဆိုကတည်းက ပိုက်ဆံမရှိရင်လည်း အာဏာရဖို့ လိုတယ်။ ဒါကို ကျွန်တော် ခံယူပါတယ်။ ဟုတ်ပါတယ်..ကျွန်တော်က ကချင်တိုင်းရင်းသားတစ်ဦးပဲ ထွက်ပြေးရင် တာဝန်မကျေရာ ရောက်မှာပေါ့။ ကျွန်တော် အခု ဆုံးဖြတ်လိုက်ပါပြီ ပန်းတိုင်ထိ ရောက်အောင် ကြိုးစားသွားမယ်။ ခက်ခဲတာကို ကျော်ဖြတ်မှ ပျော်တာကို ခံစားရမယ် ဆိုတာ ခံယူတယ်။

တာဝန်ထမ်းဆောင်နေချိန်မှာ အပျော်ဆုံးချိန်က ရာထူးတိုးတဲ့အချိန်ပဲ..။ စစ်သားဆိုတာက ရားထူးတိုးချိန်မှာပဲ ပျော်တာ.. တစ်ခြားချိန်ပျော်တာ မရှိဘူး။

တပ်မဟာ (၃) မှာ ……………..

ဆမားမှာ တာဝန်ကြတယ်။ (၃- ၄)လ ကြာတယ်။ တကယ့် စစ်တိုက်တဲ့ရှေ့တော့ မသွားရပါဘူး။ မသွားခိုင်းလို့ပေါ့။ သွားခိုင်း ရင်တော့ သွားမှာပေါ့။ တစ်ချို့ကတော့ မျိုးချစ်စိတ်သိပ် မရှိကြဘူးထင်တယ်။ ခု ဒီပုလိပ်တပ်မှာ မိန်းကလေး(၄)ယောက်ပဲရှိ တယ်။

ခုဆို Corporal နှစ်ခု ကပ်တာ နှစ်ယောက်။ နှစ်ရစ်က နှစ်ယောက်ပေါ့။ ပုလိပ် အားကုန်လုံးပေါင်းက (၃၀၀)လောက် တော့ရှိမယ်။ ဒီမှာက လူသိပ်မရှိတော့ဘူး။ ဒီတပ်မဟာ (၃) ဌာနချုပ်မှာ အားလုံး (၄၀) ကျော်လောက်တော့ရှိတယ်။

ကျွန်တော် တာဝန်ထမ်းဆောင်တာလည်း (၄) နှစ်ရှိပြီ။ ကျွန်တော့် ပန်းတိုင်ဆိုတာက ကျွန်တော်သွားရမယ့် ခရီးအဆုံးထိ ကြိုးစားသွားမယ်လို့ အနောက ပြောခဲ့ပါတယ်။

ဆက်လက်၍ KIO တွင် စစ်မှုထမ်းဟောင်းအမျိုးသမီး ခေါန်တောင်လည်း သူမ၏ သူငယ်ချင်း(၅)ဦးနှင့်အတူ ကေအိုင်အိုထဲ ဝင်ရောက်ခဲ့ပုံ၊ သူမမိဘများနှင့် အသက်(၁၅)နှစ် စတင်ခွဲခွာစဉ်မှ လက်ရှိ အသက်(၆၀)ကျော်အထိ တစ်ကြိမ်တစ်ခါမှ မဆုံ တွေ့ဘူးကြောင်း ပြောရင်း သူမ၏ အတွေ့အကြုံများအား ယခုကဲ့သို့ ဆိုသည်။

-----------------------------------------------------------------------------------------

ခေါန်တောင် (ရှေ့တန်း ဆေးဆရာမ)

စစ်မှုထမ်းဟောင်းအမျိုးသမီး

၁၉၆၁ ခုနှစ်တွင် KIO သည် ကချင်တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့် အခွင့်အရေးများ အတွက် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ ကချင်လူငယ်အများ စုစည်းကာ ကေအိုင်အိုကို ဖွဲ့စည်းခဲပြီး ထိုအဖွဲ့တွင်ဆယ့်ကျော်သက် မိန်းမပျိုလေးများဟာ စစ်တပ်ထဲကို မည်သူတစ်ဦးတစ်ယောက်၏ တွန်းပို့မှုမပါဘဲ စစ်တပ်ထဲ ဝင်ရောက်လာခဲ့သည်။

“ဟေ့ တောမှာကချင်လူမျိုးတွေ အတွက် တိုက်ပွဲဝင်နေတဲ့ ကချင်တော်ခိုတဲ့အဖွဲ့ရှိတယ်”ဟု ကချင်လူမျိုးစုကြားမှာ သဲသဲပြော ဆိုသံတွေ ထွက်ပေါ်နေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မရန်းကျေးရွာတွင်နေထိုင်နေသည့် အသက်(၁၅)နှစ် အရွယ် ကျောင်းသူမလေး လေးကလည်း တပ်ထဲဝင်ရောက်ခဲ့သည်။

ငယ်ရွယ် ဖျက်လတ်သည့် သူမဟာ ကေအိုင်အိုအဖွဲ့ထဲ ဝင်ရောက်ခဲ့သည့်အချိန်တွင် ပညာမပြည့်စုံသေးပေ။ ထို့အဖြစ်ကို တွေးမိတိုင်း စိတ်ထိခိုက် ဝမ်းနည်းကြောင်း သူမက ပြောသည်။ လွတ်မြောက်နယ်မြေအဖွဲ့ (ကေအိုင်အို)မှလည်း သူမတို့အား အသက် အလွန်အမင်း ငယ်သေးသဖြင့် ပညာဆက်သင်ဖို့ အိမ်ပြန်ရန် ဖျောင်ဖြသော်လည်း သူမနှင့် သူငယ်ချင်းများ၏ ဆုံးဖြတ် ချက်ကိုမှု ပြန်မပြင်ခဲ့ပေ။

“ကေအိုင်အိုထဲ ရောက်တော့ သေနတ်ကိုင်ရတယ်။ ငါတို့မိန်းကလေးတွေကို စတန်းဆိုတဲ့ သေနတ်ပေးကိုင်ကြတယ်။ သေနတ်က တိုတယ်။ ဒီပခုံးမှာ လွယ်ထားလို့ရှိရင် အရမ်း စတိုင်ကျတယ်။ အဲဒီသေနတ် အရမ်းလှတဲ့ သေနတ်လေးပေါ့”ဟု သူမ အပြုံး ချိုချို ပီတိဖြင့် ပြောသည်။

တစ်ကြိမ်မှာတော့ အထက်အမိန့်အရ ရှမ်းပြည်နယ်၊ မြောက်ပိုင်း ဂင်ရောရွာမှ ဂိုင်ဒေါရွာသို့ လျှို့ဝှက်စာပို့ရန် သူငယ်းချင်း တစ်ဦးနှင့် ခရီးဆက်ခဲ့ကြသည်။ ငါးတောင်ဟု ခေါ်သည့် လွယ် ဖျပ် တောင်အရောက်တွင် သေနတ်ပစ်ခက်သံ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ကျည်ဆံတစ်ထောင့် သူငယ်ချင်းထံတည့်တည့်တိုးဝင် လာသည်။

သူမ ကြောက်လှန့်တကြား ခြေဦးတည့်ရာ ခြေလှမ်းကျဲကျဲဖြင့် တောအုပ်ထဲမှ ပြေးလွှားနေခဲ့သည်။ သူစိတ်ထဲမှာ တစ်ခုပဲတွေး နေမိတယ်။ “ငါ့သူငယ်ချင်းဆုံးပြီ”ဟုသာ တစ်လမ်းလုံး အသိစိတ်တစ်ခုလုံး ထိတ်လန့် စိုးထိတ်မှုက လွဲ၍ သူမဘာမှ မသိ တော့ချေ။

သူမပြေးလွားရာမှ သတိရလာချိန်တွင် ညဦးယံ ဖြစ်နေပါပြီ။ သူမတစ်ညလုံး အိပ်မပျော်ခဲ့။ သူ့စိတ်ထဲမှာ သူငယ်ချင်းတွေကို တွေးနေမိသည်။ နံနက် ဝေလီဝေလင်းချိန် သူငယ်ချင်းကို ရှာဖို့ သူထလိုက်သည်။

“ငါ့သူငယ်ချင်း သေနေလို့ရှိရင် ငါဘယ်လိုလုပ်မလဲ။ ကျွန်မ အရူးတစ်ပိုင်းလိုပဲ ခံစားနေ ရတယ်။”ဟု သူမ ပြန်ပြောင်းပြောပြ နေသည်။

သူငယ်ချင်းသည် စမ်းချောင်းနံဘေး သွေးများနှင့် လှဲနေသည်။ မျက်နှာဖြူရော် ဖျော့တော့နေသည့် သူငယ်ချင်းအား သူပြေးပွေ့ လိုက်ကာ စကားတစ်ခွန်းမျှဖြင့် ခွန်အား ပေးနေတော့ သည်။``သူငယ်ချင်းအားတင်းထားပါ။ နင်မသေရဘူး”ဟု သူမတသွက် သွက်ပြောနေမိသည်။

ကျည်ဆံကသူငယ်ချင်း၏ ဘယ်ဘက်ရင်အုပ်ပေါ်မှာ.. ။

သူမ ချက်ခြင်းထလိုက်ကာ ဂင်ရောဘွမ် သို့ နောက်ပြန်ဆုတ်ပြီး အထက်အရာရှိများနှင့်အတူ သူငယ်ချင်းကို သယ်ယူဆေးကုသမှ သူငယ်ချင်းမှာ အသက်ဆက်ခဲ့ရသည်။ ဒါက သူမ အတွက် ထမဦးဆုံးရန်သူနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။ စစ်မှု ထမ်းသက် ကြာလာပြီးနောက် ပိုင်းတော့ သူမထိန့်လန့်ကြောက်လန့်မှုနှင့်အတူ စစ်တွင် မွေ့လျော်ကာ တာဝန်ကျေပွန်သည့် ရှေ့တန်း ဆေးဆရာမ ဖြစ်လာခဲ့သည်။ (၈)နှစ်ကြာရှေ့တန်း စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း သူမတွင် ရာထူးမ ရှိခဲ့ပေ။

ခုတော့ အသက် (၆၀)ကျော် အဘွားခေါန်တောင်သည် လိုင်ဇာမြို့မှာပင် ဘုရားအမှုဆောင် သင်းထောက်တာဝန်ယူကာ အသင်းသူအသင်းများအိမ်တွင် လိုက်လံဆုတောင်းသည့် အလုပ်များနေပါတော့သည်။

ကေအိုင်အိုအတွင် ပထမဆုံး ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး စစ်သမီးများမှာ

ထွယ်ဘူ (Htoi Bu)၊
ပရီထန် (PriHtam)၊
နန်ဆိုင်း (Nang Seng)၊
ဂျာနူး( Ja Nu)
ဒွမ်ဒေါ့ခေါန် (DumdawHkawn)၊
ဆိုင်းတောင် (SengTawng)၊
မခေါကိုင် (Mahkaw Kai)
ရွယ်နူး (Roi Nu)၊
ဂျော်တိန်း (Jaw Ting) တို့ဖြစ်ကြောင်း သိရသည်။

၁၉၆၃ခုနှစ်တွင် စစ်သမီး စုစုပေါင်းအယောက် (၅၀)ခန့်က တာဝန်ထမ်းဆောင်ရန် တစ်ဖက် တစ်လှမ်းမှ ပါဝင်ခဲ့ကြောင်း သိရသည်။

၁၉၆၈ခုနှစ်မူ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ပထမဦးဆုံးအမျိုးသမီးစစ်သင်တန်း(WAC- Women Army Cord)အားအမျိုးသမီး (၁၀)ဦးကျော် ဖြင့် စတင်ခဲ့သည်။ စစ်တပ်တွင် အမျိုးသမီးများသည် အမျိုးသားနှင့်တန်းတူ ပါဝင်ကြိုးပမ်း တာဝန်ထမ်းဆောင် ခဲ့ရသော်လည်း ရာထူးတိုးမြင့်မှုတွင် အခွင့်အလမ်း နည်းပါးခဲ့သည်။

စစ်သမီးများ၏ ရာထူး

လက်ရှိ ကေအိုင်အိုတွင် အမြင့်ဆုံးရာထူးအနေဖြင့် (၃)ပွင့် ….အဖြစ် လဖိုင်တောင်နူး (LahpaiTawng Nu)၊ မရူကော့လိန် (Moiru Kaw Ling)တို့ ဖြစ်သည်။ စစ်သမီးများသည် ကေအိုင်အိုအဖွဲ့၏ ဆေးရုံများနှင့် ရှေ့တန်းဆေးကုသမှုအပိုင်း၊ စစ်ဒုက္ခ သည်များကူညီရေး၊ လူ့အခွင့်အရေးဌာနဆိုင်ရာ၊ လုံခြုံရေး၊ ယဉ်ကျေးမှုဌာနများတွင် တာဝန်ထမ်းဆောင်ရသည်။ ထို့ပြင် ကေအိုင် အို ဌာနချုပ်၏ အနောက်တန်းလုံခြုံရေးကိုလည်း တာဝန်ယူထားရခြင်းဖြစ်သည်။

ယခင် အပစ်အခတ်မရပ်စဲမည် ကာလတိုက်ပွဲတွင် ဗိုလ်ရုထနှင့် ဗိုလ်ထွယ်မိုင်တို့သည် စစ်စွမ်းရည်နှင့် ပြည့်စုံသည့် ထူးချွှန် ထက်မြတ်သော စစ်သမီးများဖြင့်ကျော်ကြားခဲ့သည်။

လိုင်ဇာမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့အစည်းမှ ဥက္ကဋ္ဌဖောင်ရွယ်ခေါန်ဂျာသည် ပထမဦးဆုံး စစ်သမီးသင်တန်းမှအမှတ်စဉ်နံပါတ်(၃) ဖြစ်သည်။ သူမနှစ်အတော်ကြာရှေ့တန်းတွင် ဆေးဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုတိုင် ရာထူးမရှိခဲ့ပေ။

“အမျိုးသမီးတွေဆိုတော့ အိမ်ထောင်ပြုရင် ဒီအမှုကနေ အနားယူလိုက်ရတာ များတယ်။ အိမ်ထောင်မှုတွေနဲ့ဆိုတော့ အမျိုး သမီးအခွင့်အရေးတွေ ကျဆင်းတာပေါ့၊ ကျွန်မတို့ဘက်က တောင်းခံထားတာတော့ရှိတယ်။”ဟု ဆရာမဖောင်ရွယ်ခေါန်ဂျာက ပြောသည်။

အပစ်ရပ်စဲပြီး နောက်ပိုင်းစစ်သမီးများမှာ ရာထူးတိုးမြင့်သည့် အခွင့်အရေးများရရှိခဲ့သည်။

ဆေးတပ်မှ ပင်ဆင်ယူပြီး စစ်သမီးလဖိုင်ထုဘူနှင့် ချမ်းလွမ့်တို့မှာ ဗိုလ်မှူးအဖြစ် စစ်သမီးရာထူးအမြင့်ဆုံးရရှိခဲ့ပြီး ဗိုလ်ကြီးအဆင့်ဖြစ် စစ်သမီးတောင်နူးတို့ ရှိခဲ့သည်။

လက်ရှိအချိန်တွင် ရှေးတန်းထွက် စစ်သမီးများ ရာထူးတက်နှုန်းနည်းခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ရာထူးအာမခံချက်များ ရှိလာကြောင်း အရပ်ဖက်အုပ်ချုပ်ရေးဌာန၊ ဒု-တာဝန်ခံဆလန်က ပါဒွဲပီဆာက ယခုကဲ့သို့ပြောသည်။

“အမျိုးသမီးက နှစ်အတော် ကြာမလုပ်ကြဘူး၊ အဲတော့မပေးဖြစ်ဘူး။ တစ်ချို့ဆေးကျောင်းမှာဆို တစ်သက်လုံး လုပ်မယ်လို့ ဝန်ခံ ဂတိပေးထားကြတယ်။ ဒါပေမယ့် မလုပ်ဖြစ်ဘူး။ နှစ်ရှည်လုပ်လာတဲ့ စစ်သမီးတွေကလည်း ရာထူးပေးပါတယ်”ဟု ဆိုသည်။

ဆက်ပြီး အမျိုးသမီးတွေကို ခုနောက်ပိုင်း အခွင့်အရေးတွေ ပေးကာကျောင်းဆရာမ၊ ဆေးဆရာမ၊ ဖျော်ဖြေရေးအဖွဲ့၊ ရုံးဝန်ထမ်း အဖြစ်အခွင့်အရေးပေးထားကြောင်းလည်း၎င်းက ပြောသည်။

လက်ရှိကေအိုင်အိုတပ်မဟာ(၅)ခုတွင်ဌာနအသီးသီး၊ အဘက်ဘက်မှတာဝန်ထမ်းဆောင်နေသည့်အမျိုးသမီး စုစုပေါင်း(၄၀၀၀) ကျော်ခန့်ရှိပြီး စစ်သမီးမှာ(၈၀၀)ကျော်ခန့်ရှိသည်ဟု သိရသည်။

ကေအိုင်အိုတွင် စစ်သမီးဦးရေစာရင်းကောက်ခံထားမှုကို အတိအကျမလုပ်ထားရသေးသော်လည်း ကေအိုင်အိုအရာရှိ များ၏ ပြောဆိုချက်အရ စစ်မှုထမ်း(၁၀၀)ရာခိုင်နှုန်းတွင်(၁၀)ရာခိုင်နှုန်းမူ စစ်သမီးများဖြစ်ကြောင်း သိရသည်။

KIOအဖွဲ့ကို ၁၉၆၁ခုနှစ်ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ကချင်ကျောင်းသားခေါင်းဆောင်ဇော်တူးနှင့် ဇော်ဆိုင်းတို့နှစ်ဦးက စတင်ဖွဲ့စည်းကာ ကချင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။



Ref: မြစ်မခ

Read More...

မိုင်(၄၀)ခရီးကို ဒု-အကြိမ် ခြေလျှင်ချီတက်ဆန္ဒဖော်ထုတ်ကြမည့် မိုးထိမိုးမိလုပ်သားတစ်ရာ

ထက်အောင်ခန့် (မြစ်မခ)
8 Nov, 2012

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့တွင် သုံးကြိမ်မြောက်ဆန္ဒထုတ်ဖော်ပြီးနောက် မိုးထိမိုးမိရွှေလုပ်သား များအား ကုမ္ပဏီမှ ညှိနှိုင်းဆောင်ရွက်ပေးည်ခြင်း မရှိသည့်အတွက် ယနေ့နိုဝင်ဘာ နေ့လည်၁ နာရီခန့်တွင် နေပြည်တော်ရှိ အမှတ်(၂)သတ္တု တွင်းဝန်ကြီး ဌာနရုံး ရှိရာသို့ တူညီဝတ်စုံများဝတ်ဆင်ကာ လမ်းလျှောက် ချီတက် နေပြီ ဖြစ်ကြောင်း ရေလုပ်သားများထံက သိရသည်။

ယခင် ဇွန်လ (၁၁) ရက်နေ့တွင်လည်း မိုးထိမိုးမိမှ ရွှေလုပ်သားများသည် မိုးထိမိုးမိမှ နေပြည်တော်သို့ မိုင် ၄၀ခရီးကို လမ်း လျှောက်ချီတက်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက် လမ်းလျှောက်ချီတက်သည့် ခရီး စဉ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အမျိုးသားကြီးပွားတိုးတက်ရေးအရှေ့မှာ သုံးကြိမ်တိုင်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ကို လစ်လှူ ရှုထားတဲ့ အတွက်ကြောင့် သူ့ထက်မြင့်တဲ့ နေရာကို သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ ဒီအမှန်တရာကို မပေါ် ပေါ်အောင် ဖော်ထုတ် ရမှာဖြစ်ပါတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးစောနောင်က ပြောသည်။

မိုးထိမိုးမိမှရွှေလုပ်သားများမှာ အချက်(၉)ချက်တောင်းဆိုထားပြီး ကုမ္ပဏီမှ လာရောက်ညှိနှိုင်းပေးခြင်း မရှိသည့်အတွက်ကြောင့် ရန်ကုန်တွင်ရှိသော ကုမ္ပဏီသို့ လာရောက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

“ညှိနှိုင်းချင်တယ်ဆိုရင် ရမည်းသင်းမှာ သွားပြီး ညှိနှိုင်းပါ။ အဲ့မှာ ညှိနှိုင်းတဲ့ အဖွဲ့ရှိတယ်။ ရွှေလုပ်သားတွေကို ညှိနှိုင်းဖို့ လွန်ခဲ့တဲ့ (၃၊ ၄) လကတည်းက တရားဝင် စာထုတ်ပေးပြီးသွားပြီ။ ဒီမှာလာပြီး တောင်းဆိုနေရင်လည်း ဘာမှမထူးပါဘူး။ တကယ်တမ်း တောင်းဆိုချင်တယ် ဆိုရင်ရမည်းသင်းမှာ သွားတောင်းဆိုလို့ရပါတယ်။ ကျွန်မတို့ ရန်ကုန်အနေနဲ့ ဘာမှ လုပ်ပေးစရာမရှိပါဘူး။” ဟု အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်နဒီလွင်က ပြောသည်။

အောက်တိုဘာလ(၁၀)ရက်နေ့တွင် တစ်ကြိမ်၊ (၃) ရက်နေ့တွင်တစ်ကြိမ်၊(၈) ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ဆန္ဒထုတ်ပြီးနောက် နေပြည်တော်သို့ လမ်းလျှောက်ချီတက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရွှေလုပ်သားတွေက ဆုံးဖြတ်ပြီးပြီ လမ်းလျှောက်ပြီး ပြန်မယ်။ ဖမ်းချင်ရင် ဥပဒေအရဖမ်းမယ်ဆို လည်းဖမ်း၊ လမ်းမှာ သေရင် လည်းသေပါစေ၊ ကျွန်တော်တို့အသက်တွေ စွန့်လွှတ်ပြီးပြီ ကျွန်တော်တို့မိုးထိမိုးမိ ဒီကုမ္ပဏီရှိနေတဲ့ ကာလပတ်လုံး သေတာမှ ကောင်းသေးတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ရွှေလုပ်သားတစ်ဦးက ပြောသည်။

လမ်းလျှောက်ချီတက်ရာတွင် လူအင်အား(၁၀၀)ခန့်ဖြင့် နှစ်ယောက် တစ်တွဲ လမ်းလျှောက်ချီတက်ခြင်း ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော် အမှတ် (၂)သတ္တုတွင်းဝန်ကြီးဌာနအရှေ့တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး သတ္တုတွင်း ၀န်ကြီးဌာန အရှေ့မှ မိုးထိမိုးမိဒေသသို့ ပြန်လည် လမ်းလျှောက်ချီတက်ကြမည် ဖြစ်သည်။

“ကျွန်တော်တို့က ကုမ္ပဏီအရှေ့မှာ နေ့တိုင်း ဆန္ဒဖော်ဖို့ခွင့်တောင်းပါတယ်။ ခွင့်ပြုမိန့် မရဘူး။ ကျွန်တော်တို့က တတ်နိုင်ရင် နေ့တိုင်းပြချင်တာပါ။ အခုက ကျွန်တော်တို့ကို ၅ ရက် တစ်ကြိမ်ပဲ ခွင့်ပြုတဲ့အတွက် ၅ ရက်ခြား တစ်ခါ ပြရတာပါ။ “ ဟု ရွှေလုပ်သား ခေါင်းဆောင်တစ်ဦးမှ ပြောသည်။

မိုးထိမိုးမိရွှေလုပ်သားများသည် ကုမ္ပဏီမှ တစ်စုံတစ်ရာညှိနှိုင်းဆောင်ရွက်ခြင်းမပြုသရွေ့ ဆက်လက်ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

“သူတို့ လုပ်ကိုင်ပုံတွေမှားနေတာ ကျွန်မတို့အနေနဲ့ ဘာမှ ဆွေးနွေးပေးစရာမလိုဘူး။ လုပ်ပေးသင့်တာ လုပ်ပေး ပြီးသွားပြီ။ သူတို့ ဒီမှာလာတောင်းလဲ ဘာမှ မထူးဘူးပါဘူး။”ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်နဒီ လွင်က ဆက်ပြောသည်။

Ref: မြစ်မခ

Read More...

ကျူးကျော်နေထိုင်ခွင့် ပါမစ်အတွက် စည်ပင်သို့ စာရင်းပေးသွင်းနိုင်

ယမင်း(မြစ်မခ)
8 Nov, 2012

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ကျူးကျော်နေထိုင်သူများအနေဖြင့် ကော်မတီဖွဲ့စည်းကာ နေထိုင်ခွင့်ပါမစ် ရရှိနိုင်ရန် မြို့တော် စည်ပင်ဌာနသို့ စာရင်းတင်သွင်းထားနိုင်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေကော်မတီ အဖွဲ့က သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်း မြို့နယ်ပေါင်း (၄၅)မြို့နယ်ရှိပြီး မြို့နယ်အသီးသီး၌ ကျူးကျော်နေထိုင်ကြ သူများမှာ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ကျူးကျော်နေထိုင်သူများအနေဖြင့် ကော်မတီဖွဲ့စည်းကာ စည်ပင်ဌာနသို့ စာရင်းပေးသွင်း ထားရန် ဦးအေးသိန်းက တိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"အစည်းအဝေးဆုံးဖြတ်ချက်အရ ကျူးကျော်သမားတွေ အတွက် မြေနေရာပေးမယ်။ သူတို့က ဘယ်နေ့ ရမယ်တော့ မပြောဘူး။ လာတင်ထားလို့ ရတယ်လို့ပြောတယ်။ ကျူးကျော်သမားတွေက လူဦးရေ၊ အိမ်နံပါတ်၊ လမ်းနံပါတ်၊ မိသားစုဦးရေ စာရင်းပြုစုပြီး စည်ပင် ကော်မတီကို စာရင်းပေးသွင်းနိုင်တယ်” ဟု NDF ပါတီမှ တရားလွှတ်တော်ရှေ့နေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေရေးရာ ကော်မတီဝင် ဦးအေးသိန်းက ပြောသည်။

ကျူးကျော်နေထိုင်နေကြရသူများအတွက် စတုတ္ထအကြိမ် တိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေးတွင် ကျူးကျော် ဥပဒေ ရေးဆွဲပြဌာန်းရန် အဆိုကို ဒေါပုံမဲဆန္ဒနယ်အမှတ်(၁)မှဦးသောင်းစိန်က တင်သွင်းခဲ့ကြောင်း သိရှိရ သည်။

၎င်းအဆိုတင်သွင်းချက်ကို လွှတ်တော် ဥက္ကဌ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းလွှတ်တော် ကော်မတီဝင် (၉)ဦးနှင့် မြို့တော်စည်ပင် တွဲဘက်အထွေထွေဗိုလ်မှူးကြီး တင်ထွန်း၊ ဌာနမှူးများ၊ အိုးအိမ်ညွှန်မှူးတို့သည် အောက်တို ဘာ(၂၃)ရက်နေ့တွင် မြို့တော် ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။

"ကျွန်တော်တို့လို ကျူးကျော်နေထိုင်သူတွေကို အခုလိုစဉ်းစားပေးတဲ့အတွက် ၀မ်းသာပါတယ်။ အဆို နေရာတွေကဆို နှစ် ပေါင်း သုံးလေး ဆယ်လောက်ရှိပြီး ဘယ်သူပိုင်တယ်ဆိုတာလည်း မရှိခဲ့မသိခဲ့ကြဘူး။ အခုမှ ဘယ်ကုမ္ပဏီက ပိုင် တယ်၊ ဘာလုပ် ဖို့ သတ်မှတ်ထားတာဆိုပြီး ပြောင်းခိုင်းကြတယ်"ဟု လှိုင်သာယာမြို့နယ် ရွှေလင်းပန်းမှ ဦးစိန်ထွန်းက ပြော သည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်ဌာနအနေဖြင့် ကျူးကျော်နေထိုင်သူများကို မြေဂရန်ချထားပေး နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ကျူးကျော်နေထိုင်သူများ ၁၉၉၁ ခုနှစ်ကထည်းကပင် ရှင်းလင်း ထားမှုများ ပြုလုပ်ခဲ့ကြောင်း မြို့တော် စည်ပင်ဌာနက သိရှိရသည်။

Ref: မြစ်မခ

Read More...

ကျန်းမာရေးနှင့်ပညာရေးဋ္ဌာနမှ ၂၀၁၂-၂၀၁၃ နှစ်အတွက် ငွေချေးလိုသော ၀န်ကြီးဋ္ဌာန ၆ ခုတွင် မပါဝင်

ဝင့်သင်ဇာကျော် (မြစ်မခ)
9 Nov, 2012

၂၀၁၂ခုနှစ် နိုဝင်ဘာ ၈ရက် နေပြည်တော်၌ ကျင်းပသော စတုတ္ထအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် နိုင်ငံတော် သမ္မတမှ ပေးပို့ခဲ့သည့် သ၀ဏ်လွှာတွင် ၀န်ကြီးဌာန(၆)ခုမှ ၂၀၁၂/၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် ငွေချေးယူ လိုခြင်း သာပါရှိပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာမှ ချေးယူလိုခြင်းမပါရှိခဲ့ဟု လွှတ်တော်ကိုယ်စား လှယ်အချို့ထံမှ သိရှိရသည်။

“၀န်ကြီးဌာနတွေက သူ့ဟာနဲ့သူ ဘယ်လိုနေရာတွေမှာ ဘာတွေလိုအပ်နေတယ်ဆိုတဲ့ အကြောင်း အရင်းခိုင်ခိုင်မာမာ နဲ့ပြော ကြတယ်။ ထူးခြားတာ တစ်ခုက ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဘာလို့ချေးငွေမယူတာလဲဆိုတာပေါ့။ လိုအပ်နေတဲ့ နေရာတွေက ဘာလို့မတင်ပြတာလဲဆိုတာပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြော သည်။

၂၀၁၂/၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများဖြစ်သည့် ၀န်ကြီးဌာန (၆)ခုမှာ ပြန်ကြားရေး ၀န်ကြီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့ဖြစ်ကြသည်။

အဆိုပါ ၀န်ကြီးဌာန(၆)ခုပေါင်း ချေးယူလိုသော ကျပ်ငွေပမာဏမှာ ၄၃၀.၃၉၅ ဘီလျှီယံဖြစ်ပြီး ချေးငွေယူ ရသည့်အကြောင်း အရင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်စက္ကူများ စာရွတ်စာတမ်း ၀ယ်ယူရန်ဖြစ် ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ၀ယ်ယူရန်ဖြစ်ကြောင်း နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ဘရာဇီး နိုင်ငံထုတ် လေယာဉ်(၂)စင်း ငှားရမ်းထားခြင်းကြောင့်ဖြစ် သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

“ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဓာတ်ဆီဈေးနှုန်းတွေမြင့်တက်နေလို့ဝယ်တဲ့အခါ အခက်အခဲဖြစ်နေတယ်၊ လျှပ်စစ်ဝန်ကြီး ဌာနကကျတော့ ဓာတ်အားတိုးမြှင့်ဖို့ လောင်စာဆီတွေဝယ်ရမယ် အဲ့လိုသူတို့က အချက်အလက်နဲ့ ခိုင်ခိုင်မာမာ ချေးယူလိုတဲ့ အကြောင်းအရင်းတွေကို ရှင်းပြကြတယ်။ “ဟု ဦးမင်းသူက ပြောသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ချေးယူလိုသော ငွေပမာဏနှင့်ပတ်သက်ပြီး ၀န်ကြီးဌာနများမှ အချက်အလက် နှင့်ခိုင်မာစွာ ရှင်းလင်း ပြောပြသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များမှာ သဘောမတူနိုင်စရာ အကြောင်းမရှိကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

“ကမ္ဘာ့ဘဏ်တွေကလဲ လူ့စွမ်းအားအတွက် ငွေချေးဖို့ သဘောတူထားတာရှိတယ်လေ မြန်မာနိုင်ငံလည်း မကြာ ခင်ဖွံ့ဖြိုး တိုးတက်လာတော့မှာပါ။ ၀န်ကြီးဌာနတွေက ဒီလောက်ချေးယူလိုတယ်ဆိုတာကိုလည်း လက်မခံနိုင်စရာ မရှိပါဘူး၊ လိုအပ်လို့ ချေးယူတာပဲလေ၊”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

အဆိုပါ ၀န်ကြီးဌာန(၆)ခုသည် နိုင်ငံတော်သမ္မတထံသို့ ယခင်နှစ်များတွင် ငွေကျပ် ၁၇၈၄.၆၈၈ ဘီလျှီယံ ချေးယူလိုသည်ဟု တင်ပြ ခဲ့သော်လည်း နိုင်ငံတော်သမ္မတမှ ငွေကျပ် ၁၅၅၅.၄၈၈ ဘီလျှီယံသာ ချေးယူခွင့်ပြုခဲ့ပြီး ယခုသည်ထပ်မံ၍ ငွေကျပ် ၄၃၀.၃၉၅ ဘီလျှီယံ ချေးယူလိုသည်ဟု သမ္မတထံတောင်းဆိုကာ သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေး ပို့ခြင်းဖြစ်သည်။

ဝန်ကြီးဌာန(၆)ခု၏ ၂၀၁၂/၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူလိုခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသူများသည် နိုဝင်ဘာလ ၁၂ရက်နေ့နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အဆိုပါ ကိစ္စကို နိုဝင်ဘာ(၁၄)ရက် နေ့တွင်ဆွေးနွေးကာ အတည်ပြုမည်၊ မပြုမည်ကို ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ် သည်ဟုဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

Ref: မြစ်မခ

Read More...

ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ခင်မျိုးသွယ်
နိုဝင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက် စသည့် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများ ပါဝင် သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်ရန် အတွက် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ယင်းဥပဒေကြမ်းတွင် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မဝင်ပေါက် ထွက်ပေါက် သတ်မှတ်ခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်၊ ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်၊ လိုင်စင်ရရှိသူ၏ တာဝန်များ ပါဝင်သည်။

ထို့ပြင် ကွန်ယက် အထောက် အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ထောက်ခံချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း လှိုင်းနှုန်းစည်နှင့် ဂြိုလ်တု ပတ်လမ်းကြောင်း တည်နေရာတို့ကို စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ရေး နံပါတ် လျာ ထားသတ်မှတ်ချက်၊ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ စသည်ဖြင့် အခန်း ၂ဝ ပါဝင် သည်။

အခန်း ၁၉ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ရာတွင် ဖြစ်စေ၊ ဆက်သွယ်ရေး ပစ္စည်းကို အသုံးပြု၍ဖြစ်စေ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာ ယာရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေမည့် ပြုလုပ်မှု တရပ်ရပ် ကျူးလွန်မိပါက ထောင်ဒဏ်အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဆိုထားသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားပါက ပြုလုပ်သူကို ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁ဝ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့အပြင် ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီ ချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ကြည့်ရှု့ခြင်း၊ ဝင်ရောက် အသုံးပြုခြင်း၊ ဝင်ရောက် နှောင့်ယှက်ခြင်း၊ စံချိန် စံညွှန်း သတ်မှတ်ချက် ကိုဖြစ်စေ၊ မူလ အနေအထားကို ဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက်ပျက်စီး စေရန် ရည်ရွယ်၍ မရိုးမဖြောင့်သော သဘောဖြင့် ဝင်ရောက်စေခြင်းတို့ကို ပြုလုပ်ခဲ့ ပါက ၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။


Ref: မဇ္ဈိမ

Read More...

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

ဟင်္သာနီ (မွန်မြေ)
နိုဝင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိပြီး ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအားလည်း တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

“မနက်ဖြန်တော့ ကျနော်တို့တော့၊ ဦးအောင်မင်း အဖွဲ့ကတော့ ဗန်ကောက်၊ ချင်းမိုင်ကို သွားဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ အခြားအဖွဲ့တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘယ်အဖွဲ့တွေနဲ့ တွေ့ဖြစ်မ လဲ ဆိုတာတော့ တွေ့ပြီးမှပဲ ပြောပြနိုင်မှာပါ” ဟု ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

ယခု လာရောက် တွေ့ဆုံမည့် အစီအစဉ်သည်လည်း အလွတ်သဘောဟု ဆိုနိုင်သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ သာ ဖြစ်ကြောင်းလည်း ဦးလှမောင်ရွှေ က ဆိုသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့သည့် သောကြာနေ့ နေ့လည်တွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဆိုက်ရောက်မည် ဖြစ်သည်။

KNPP နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး တွေ့ဆုံကြသည့်အခါ ဆွေးနွေးရန်ရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍ လည်း အတွင်းရေးမှူး ဖြစ်သူ အောင်ဆန်းမြင့် က မဇ္ဈိမကို ပြောပြသည်။

“အခု အချိန်အထိ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေက ဌာနချုပ်မှာပဲ ရှိပါသေးတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ကို အစီအစဉ် ရှိပါတယ်။ ဘယ်နေ့ ဖြစ်မလဲ ဆိုတာ ကျနော်တို့ကို တိတိကျကျ အကြောင်းကြား လာသေးခြင်း မရှိပါဘူး။ ကျနော်တို့ ဘက် ကတော့ ဇွန်လ ၉ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားကြတုန်းက သဘောတူ ထားသည့် အချက် (၁၄) ချက်အား ပြန်လည် သုံးသပ် သွားရန် ဆွေးနွေးကြရန် ရှိကြောင်း” ဦးအောင်ဆန်းမြင့်မှ မဇ္ဈိမအား ပြောသည်။

ထို ဇွန်လ အပစ်အခတ် ရပ်စဲစဉ် သဘောတူထားသည့် အချက်များထဲမှ တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် ကယားပြည်နယ် ထဲ၌ ရှိသည့် ဧည့်တပ်များ ဆုတ်ခွာပေးရန်၊ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ အပစ်အခတ် ရပ်စဲရေးအပေါ် လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ထားရှိရေး၊ ရွာသစ် ရေကာတာ စီမံကိန်း ဆောက်လုပ်ရေး အပေါ် လေ့လာခွင့် ကိစ္စရပ်များ၊ ဖလူးဆိုး မြို့၌ တန်းမြင့် စစ်ရေး လေ့ကျင့်ရေးကျောင်း ရပ်တန့်ပေးပြီး လူထုအတွက် အကျိုးပြုမည့် အခြား စီမံကိန်း တခုခုအား ပြန်ပြောင်း ပေးရန်အတွက် တောင်းဆိုထားသည့် ကိစ္စရပ်များကို တင်ပြ ဆွေးနွေး သွားဖွယ် ရှိသည်ဟု ဆိုသည်။

ဖလူးဆိုး မြို့၌ အစိုးရက တည်ဆောက်လျက်ရှိသည့် တန်းမြင့် စစ်ရေး လေ့ကျင့်ရေးကျောင်းမှာမူ ဆောက်လုပ်ရေး လုပ်ငန်း ခွင်များ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်ဟု ဦးအောင်ဆန်းမြင် က ပြောသည်။

ABSDF နှင့် တွေ့ဆုံရန် အစီအစဉ် ရှိသည့်အပေါ် မဇ္ဈိမမှ ဆက်သွယ် မေးမြန်းခဲ့ရာတွင် “ကျနော်တို့နဲ့ ဦးအောင်မင်း တို့နဲ့ တွေ့ဖို့တော့ ရှိပါတယ်။ တွေ့ပြီးမှပဲ သဘောထားတွေကို ကျနော်တို့ တရားဝင် ထုတ်ပြန်မယ်လေ။ အခု ကြိုပြီး ပြောဖို့အတွက် ကျနော်တို့ဘက်မှာ သဘောထား မရှိပါဘူး” ဟုသာ ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော် မျိုးဝင်း က ပြန်လည် ဖြေကြားခဲ့ပါသည်။

ABSDF မှာ လက်ရှိအထိ အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတရပ် ဖြစ်နေ၍ ထိုအပေါ်၌ ငြိမ်းချမ်း ရေးအဖွဲ့၏ သဘောထားနှင့်ပတ်သက်၍ အကျိုးဆောင် ဦးလှမောင်ရွှေ က “ကျနော့်ဘက်က ပြောလို့ရတာ လက်ရှိ ဦးအောင်မင်း ရှင်းပြတာကိုက ဒီငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ နိုင်ငံ ပြည်လည် ထူထောင်ရေး အစီအစဉ် (Peace Process and Nation Building) မှာ Stake Holder အကုန်လုံးကို သူတို့ ထိတွေ့ ဆက်ဆံပြီး အားလုံးရဲ့ ယုံကြည်မှုနဲ့ တဆင့်ပြီး တဆင့် လုပ်သွားဖို့ ဆိုတာကို ကျနော်တို့ကို ရှင်းပြထားပါတယ်” ဟု မဇ္ဈိမကို ပြောဆိုသွား သည်။

အစောပိုင်း၌ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တွေ့ဆုံကြရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း “ကျနော်တို့ ဒီခရီးစဉ်အတွင်းမှာတော့ UNFC နဲ့ အစည်းအဝေး အစီအစဉ် မရှိပါဘူး” ဟုသာ ဦးလှ မောင်ရွှေ က ဆိုသည်။

ဦးအောင်မင်းနှင့် ABSDF တို့မှာ အလွတ်သဘောအဖြစ် ဇွန်လလယ်ပိုင်းတွင် တကြိမ် တွေ့ဆုံခဲ့ကြပြီးလည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

အနောက်ဒီမိုကရေစီကို တရုတ်ပုံတူကူးမည်မဟုတ်

08.11.2012

တရုတ်သမ္မတ ဟူဂျင်တောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ အုပ်ချုပ်ရေး စနစ်ကောင်းမွန်အောင် ပြုပြင်ဖို့၊ တိုင်းပြည်မပြို ကွဲအောင် ထိန်းသိမ်းဖို့ စီးပွားရေးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ မစ္စတာ ဟူဟာ ခေါင်းဆောင် သစ်တွေရွေးချယ်မယ့် ပါတီကွန်ဂရက်မှာ ကြာသာပတေးနေ့က လမ်းညွှန်မိန့်ခွန်း တရပ်ပြောကြားခဲ့တာပါ။ နိုင်ငံတနံတလျှားက ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောကြားရမှာ၊ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးစနစ် ခေတ်မှီရေးကြိုးပမ်းဖို့၊ တရုတ်နိုင်ငံကို ရေတပ် အင်အားကြီးနိုင်ငံတခုအဖြစ် တည်ဆောက်ဖို့ သမ္မတက ပြောကြားသွားပါတယ်။

ဒါပေမယ့် သူတို့နိုင်ငံဟာ ငြိမ်းချမ်းတဲ့နိုင်ငံခြားရေးဝါဒကိုသာ ဆက်လက်ဖော်ဆောင်သွားမယ်ဆိုတာကို အခိုင်အမာ ပြောကြား သွားပါတယ်။ တရုတ်ပြည်မကြီး နဲ့ ထိုင်ဝမ်တို့ဟာ စစ်ဘက်လုံခြုံရေး ယုံကြည်မှုတည်ဆောက်ဖို့ နဲ့ ငြိမ်းချမ်း ရေးသဘောတူညီမှု တရပ်ရရှိအောင် ဆွေးနွေးဖို့ ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးလှုပ်ရှားမှု ဟူသမျှကို ဆန့်ကျင်ဖို့ လည်း ပြောကြားသွားပါတယ်။

ထိုင်ဝမ်ကျွန်းဟာ နှစ်ပေါင်း ၆၀ ကျော် သီးခြားတည်ရှိနေခဲ့တာဖြစ်ပေမယ့်၊ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသတခုသာ ဖြစ်တယ်လို့ ယူဆထားတာပါ။ ကွန်မြူနစ်ပါတီရဲ့ အနာဂတ်ရေးနဲ့ ပတ်သက်ပြီးတော့ တရုတ် နိုင်ငံရေးစနစ်ကို လူတိုင်းပါဝင်နိုင်တဲ့ ဒီမိုကရေစီပုံစံမျိုးဖော်ဆောင်မှာဖြစ်ပေမယ့်၊ အနောက်တိုင်းပုံစံတွေကိုတော့ ပုံတူ ကူးချလိမ့်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ရက် သတ္တ တပတ်ကြာပြုလုပ်တဲ့ ဒီညီလာခံမှာ ရာထူးက နှုတ်ထွက်မယ့် ဟူဂျင် တောင်းနေရာမှာ ဒုသမ္မတ ရှီကျင်းပင်းက ဆက်ခံပြီး မတ်လမှာ စတင်တာဝန်ထမ်းဆောင်မယ်လို့ မျှော်လင့်ရ ပါတယ်။

Ref: ဗွီအိုအေ

Read More...

ဆီးရီးယားသမ္မတ အသက်နှင့်လဲ ခုခံမည်

08.11.2012

ဆီးရီးယားနိုင်ငံမှာ ရာထူးက မနှုတ်ထွက်ပဲ အသေခံသွားမယ်လို့ ပြောကြားနေတဲ့ သမ္မတ Bashar Al-Assadကို ဖြုတ်ချနိုင်ရေးအတွက်၊ ပိုမိုကျယ်ပြန့်တဲ့ခေါင်းဆောင်မှုတရပ်ကို ဖွဲ့စည်းနိုင်ဖို့အတွက် အတိုက်အခံအုပ်စုတွေဟာ ကာတာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ ပြုလုပ်တဲ့ ဒီအစည်းအဝေးမှာ - ဆီးရီးယားအမျိုးသားကောင်စီ၊ အစ္စလာမ်မစ်ဝါဒီတွေ ၊ လက်ဝဲအင်အားစုတွေနဲ့ ဘာသာရေးကင်းရှင်းသော နိုင်ငံ ရေးအုပ်စုတွေ စတဲ့ ပြိုင်ဘက် အင်အားစုတွေက ကိုယ်စားလှယ်အရေအတွက်နဲ့ ပတ်သက်ပြီး ငြင်းခုံပြီးတော့ ရှေ့မတိုးနိုင်ဖြစ်နေကြပါတယ်။

အမျိုးသမီးကိုယ်စားလှယ်တချို့ကတော့ - အကြံပြုထားတဲ့ အဖွဲ့ဝင် ၄၀ ပါ ကောင်စီထဲမှာ အမျိုးသမီး ကိုယ်စားလှယ် တစ် ယောက် မှ မပါဘူးဆိုပြီး မကျေမနပ်ဖြစ်နေကြပါတယ်။ အခု ဖွဲ့စည်းမယ့် ခေါင်းဆောင်မှု အသစ်ကို အာဆတ် အစိုးရဖြုတ်ချရေး ပုန်ကန်ထကြွရေးမှာ ၊ နိုင်ငံတကာ အထောက်အပံ့ရရှိရေး မျှော်လင့်ချက်နဲ့ ဖွဲ့စည်းကြမှာဖြစ် ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ကတော့ - ဆီးရီးယားအမျိုးသားကောင်စီ တခုတည်းကို တရားဝင် အတိုက် အခံလို့မသတ်မှတ်နိုင်ကြောင်း အသစ် ဖွဲ့စည်းမယ့် ခေါင်းဆောင်မှုထဲမှာ စစ်သွေးကြွအစ္စလာမ်မစ်တွေ မပါဝင်ရဘူးလို့ ပြီးခဲ့တဲ့ အပတ်က အလေးအနက်ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ သမ္မတအာဆတ်ကတော့ တိုင်းပြည်ပြင်ပကို ထွက်ခွာသွားမယ့် ကမ်းလှမ်းချက်အားလုံးကို ပယ်ချပြီး၊ အနောက် နိုင်ငံများရဲ့ ၀င်ရောက်စွက်ဖက်မှုဟာ အရှေ့အလယ်ပိုင်းဒေသတခုလုံး နဲ့ ကျန်ကမ္ဘာတခုလုံးအတွက်ပါ ဆိုး ရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ ရုရှားတူဒေး ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။


Ref: ဗွီအိုအေ

Read More...

သမ္မတအိုဘားမား အရှေ့တောင်အာရှခရီးစဉ် ကြေညာချက်

08.11.2012

သမ္မတအိုဘားမားဟာ ဒီလအတွင်းမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသကို ခရီးထွက်မယ်လို့ အိမ်ဖြူတော်က ကြေညာ လိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံ ကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။ သမ္မတအိုဘားမား ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ နဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်တို့ဆီကို နိုဝင်ဘာလ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလပ်နဲ့တွေ့ဆုံပြီး အမေရိကန်-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တဲ့ နှစ် (၁၈၀) ပြည့် အခမ်းအနားကို ကျင်းပမှာ ဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု ကိုလည်းပိုမိုခိုင်မာအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် လူထုအခြေပြု အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံမှာဆောင်ရွက်ဆဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးတိုက်တွန်းမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ သမ္မတကြီးဟာ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီး အာဆီယံခေါင်းဆောင်များနဲ့ တွေ့ဆုံပါ လိမ့်မယ်။ ဒီဒေသအတွင်း ရောက်ရှိနေစဉ်မှာ ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် စီးပွားဖွံ့ဖြိုးရေး၊ အလုပ်အကိုင်သစ်များ ဖန်တီးရေး၊ စွမ်းအင်နဲ့လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး စံရည်စံညွှန်းများ ညှိနှိုင်း သတ်မှတ်ရေး တို့နဲ့တကွ ဒေသနဲ့ ကမ္ဘာလုံးဆိုင်ရာ အခြားပြဿနာတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

တရားဥပဒေစိုးမိုးရေး သည် မြန်မာအတွက် စိမ်ခေါ်မှု

ဦးကျော်ဇံသာ
08.11.2012

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးဟာ အစိုးရအတွက်သာမက လွှတ်တော် အပါအဝင် သက်ဆိုင်ရာ အား လုံးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ
သောမတ် ကိုဟေး ကင်တားနားက ပြောပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့တဲ ရခိုင်ပြည်နယ်မှာလည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး အထက်အမိန့်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခြေအနေတွေကို ထိန်းသိမ်းမှု ကြိုးပမ်းမှုမျိုး သာရှိတယ်လို့ မစ္စတာ ကင်တားနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးကျော်ဇံသာက ပြောပြ ပေးပါမယ်။

တရားဥပဒေစိုးမိုးဆိုတာဟာ ရခိုင်ဒေသက ပဋိပက္ခကို ရေတို ထိန်းသိမ်းရေး အတွက်ရော ရေရှည်ဖြေရှင်းရေးအတွက်ပါ အရေး တစ်ကြီး လိုအပ်နေတယ် ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ခေါင်းဆောင် များ နှင့်တကွ နိုင်ငံတကာ ကပါ ပြောဆို ထုတ်ပြန် နေကြတာဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်သာမကပါဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာပါ တရား ဥပဒေ တည်ဆောက်ရေးဟာ အခြေခံလိုအပ်ချက်ကြီးတစ်ရပ်ဖြစ်နေပြီး ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ယူ ဆောင် ရွက်ရမဲ့ ကိစ္စဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

"ကျနော့်အယူအဆကတော့ တရားဥပဒေစိုးမိုးရေး ဆိုတာဟာ မျှော်လင့်ချက် တစ်ရပ်ဖြစ်ပါတယ်။ လက်တွေ့အခြေအနေကတော့
ဆယ်စုနှစ်တွေ နဲ့ချီပြီး စစ်အစိုးရအုပ်စိုးခဲ့တဲ့ မြန်မာနိုင်ငမှာ တရားဥပဒေ စိုးမိုးရေး မရှိပါဘူး။ ဒါဟာ အစိုးရအတွက်သာမက လွှတ်တော်အပါအဝင် သက်ဆိုင်သူအားလုံး အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ကော်မတီ တစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် အမှုးပြုပြီး ဖွဲ့စည်း ပေးထားတာလည်း သိရပါတယ်။

ဒီအဖွဲ့အစည်း အပါအဝင် သက်ဆိုင်သူတွေ ဟာ ယုတ်စွ အဆုံး တရားဥပဒေ စိုးမိုးရေးအတွက် အခြေခံဘောင်တစ်ရပ်ကို ဦးစွာချမှတ်သင့်ပါတယ်။ တရားဥပဒေ လုံးဝ ကင်းမဲ့နေတယ်ဆိုတဲ့ နမူနာကိုတော့ ရခိုင်ပြည်နယ်မှာ တွေ့မြင်နေရပါတယ်။ အဲ့ဒီ့ကပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ဥပဒေစိုးမိုးရေးကို အခြေခံချမှတ်ထားတဲ့ မူဝါဒမျိုး မတွေ့ရပါဘူး။ အမိန့်နဲ့ လုံခြုံရေး အဖွဲ့တွေဟာ အခြေအနေကို လိုက်ထိန်းနေတာပဲရှိပါတယ်။”

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခုလို ရခိုင်က ပဋိပက္ခလိုဟာမျိုးကို ဝင်ရောက်ထိန်းသိမ်းကြတဲ့နေရာမှာလည်းပဲ အင်အားသုံးတဲ့အခါ တခါတခါ ပိုသွားတာ ရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေလည်း ဖြစ်နေရတယ်လို့ မစ္စတာကင်တာနားက ထောက်ပြပါတယ်။

“ဒေသန္တရအဆင့်မှာလည်း ပြဿနာရှိပါတယ်။ ဒီအဆင့်မှာ လုံခြုံရေးအာဏာပိုင်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ စံချိန်စံညွှန်းတွေ လိုက်နာခြင်းမရှိဘူးဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ရထားပါတယ်။ ဒီလိုမလိုက်နာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်ပြီး အင်အားအလွဲသုံးစား လုပ်တာမျိုးတွေရှိပါတယ်။”

တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးဆိုတဲ့နေရာမှာ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်စစ်ဆေးဖို့ လိုအပ်နေတယ် လို့လည်း မစ္စတာကင်တာနားက ဆိုပါတယ်။ အဲ့ဒီ့ဥပဒေအရ မြန်မာနိုင်ငံမှာ ဝင်ရောက်လာခဲ့သူတွေရဲ့ တတိယမျိုးဆက်ကို နိုင်ငံ သားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အချက်ကိုရော ပြင်ဆင်သင့်သလားလို့ ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တယ်၊ မပြင်ဆင်သင့်ဘူးဆိုတာ သူ့ရဲ့ သဘောထားကို ပြောဖို့ ငြင်းဆန်ပါတယ်။ဒါဟာ တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်သူ လူထုတရပ်လုံးကသာ ဆုံးဖြတ်သင့်တဲ့ကိစ္စလို့ ပြောသွားပါတယ်။

“ဒီပြဌာန်းချက်ဟာ ပြန်ပြီးတော့ သုံးသပ်ရမယ့် အချက်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့်လို ကုလသမဂ္ဂ ကိုယ်စားလှယ် တယောက် က သုံးသပ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ခင်ဗျားတို့ မြန်မာပြည်သူတွေ၊ အစိုးရသာမက သက်ဆိုင်တဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးက ဆုံးဖြတ်ကြရမှာပါ။ လူထုကိုယ်စားလှယ်တွေ စုဝေးရာ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအမတ်တွေကနေ ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့ ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေးကင်တာနား ဟာ လူအုပ်စုလိုက် အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသကို သွားရောက်လေ့လာခဲ့သူဖြစ်ပါတယ်။ မကြာခင်မှာလည်း ကချင် ဒေသနဲ့ အဲ့ဒီ့ရခိုင်ဒေသကို ပြန်လည်သွားရောက်ဖို့ သူစဉ်းစားနေတယ် ပြင်ဆင်နေတယ်လို့ လည်း ပြောကြားသွားပါတယ်။

Ref: ဗွီအိုအေ

Read More...

အိုဘားမား ခရီးစဉ်နဲ့ မြန်မာ့ အခွင့်အလမ်း

08.11.2012

အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Joseph Crowley က - သမ္မတအိုဘားမား မြန်မာနိုင်ငံကို သွားရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ သမ္မတရဲ့ ဒီခရီးစဉ်ဟာ - မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး အထောက်အပံ့အတွက် ၊ အရေးကြီးဆုံး ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှား တဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် ၊ ဆက်လက် လုပ်ဆောင်စရာတွေလည်း အများကြီးရှိနေပါသေးတယ်၊ နိုင်ငံရေးအကျဉ်းသား အများအပြားကျန်ရှိနေသေးပြီး၊ တိုင်းရင်းသားဒေသတွင်း အကြမ်းဖက်ဆူပူမှုတွေကို ရပ်ဆိုင်းဖို့လိုအပ် နေ ပါတယ်။

လိုအပ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အားလုံး ဖြစ်ထွန်းနေတာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အခု သမ္မတရဲ့ ခရီးစဉ်ဟာ ဒီလို အရေးကြီးတဲ့ ပြဿနာတွေကို ဆက်လက်ဖြေရှင်းဖို့ မြန်မာနိုင်ငံ အစိုးရအတွက် အခွင့်အရေး တရပ်ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ မစ္စတာ ခရိုလီဟာ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံး တရားဝင် သွားရောက်ခဲ့တဲ့ အောက် လွှတ်တော်အမတ်တဦးဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

အိုဘားမား ဒုတိယသက်တမ်း မြန်မာကိစ္စ အရေးကြီး

ကိုဇော်ဝင်းလှိုင်
08.11.2012

အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ် အတွင်း မြန်မာနိုင်ငံကိုပါ သွားဖို့ စီစဉ်တာဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ Joseph Silverstein က သုံးသပ် ပါတယ်။ သမ္မတအနေနဲ့ မြန်မာနိုင်ငံကို သွားဖို့ အခုလို စီစဉ်တာဟာ မြန်မာနိုင်ငံ အတွက် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ အိုဘားမားအနေနဲ့ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို တရားဝင် သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာပဲ ကြေငြာချက် ထုတ်ပြန် လိုက်တာပါ။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပူပူနွေးနွေး အနိုင်ရပြီး မကြာခင် ရက်ပိုင်းအတွင်း အခုလို မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက် လည်ပတ်တာဟာ သူ့အစိုးရ ဒုတိယသက်တမ်းအတွင်း ဒီဒေသဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို ပြသလိုက်တာပဲလို့ မြန်မာ့အရေး ကျွမ်းကျင်သူလည်းဖြစ်၊ Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခလည်းဖြစ်တဲ့ Joseph Silverstein က ပြောပါတယ်။

“ ဒါက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဟာ သူ့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ မြန်မာနိုင်ငံအပါအ၀င် ဒီဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် သူ့အနေနဲ့ စိုးရိမ်ပူပန်မိတယ်၊ သူ့ရဲ့ ဒုတိယသမ္မတ သက်တမ်းအတွင်း ဒီဒေသအတွက် ဘယ်လို မူဝါဒတွေ ချမှတ် လုပ်ဆောင်သင့် တယ်ဆိုတဲ့ ဆုံးဖြတ်ချက် မချခင် အခြေအနေတွေကို သူကိုယ်တိုင် မြင်တွေ့လိုတဲ့ သဘောကို ပြသလိုက်တာလဲ ဖြစ်ပါတယ်။”

ဒါဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ခရီးစဉ်အဖြစ်လည်း ပါမောက္ခ Silverstein က သုံးသပ်ပါတယ်။

“အမေရိကန်သမ္မတယောက်အနေနဲ့ မြန်မာနိုင်ငံကိုသွားပြီး ခေါင်းဆောင်တွေအပါအ၀င် မြန်မာနိုင်ငံသားတွေနဲ့ တွေ့မယ်၊ ဆွေး နွေးမယ်၊ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာမယ်ဆိုတာ မြန်မာလူမျိုးတွေအတွက် အင်မတန် ကောင်း ပါတယ်။”

တချိန်တည်းမှာပဲ အာရှတိုက်အတွင်းမှာ ပြဿနာတွေ အများအပြား ဖြစ်နေတာကြောင့် အမေရိကန်သမ္မတအနေနဲ့ အခုလို မြန်မာနိုင်ငံကို သွားလည်လိုက်တာကြောင့် ဒေသတွင်းက တရုတ်-အမေရိကန်ဆက်ဆံရေး၊ အိန္ဒိယ-အမေရိကန်တွေ ဘယ်လို ဖြစ်လာမလဲ၊ သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကိုသွားတယ်ဆိုတာ အနာဂတ်မှာ ဘယ်လို မူဝါဒတွေ ချမှတ်သင့်တယ် ဆိုတာကို လေ့လာဖို့အတွက် သွားတယ်ဆိုတာကို သူတို့ သဘောပေါက်ကြပါ့မလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုသွားတဲ့ အစီ အစဉ်ထဲမှာ သူတို့ မသိနိုင်တဲ့ တခြား အကြောင်း အချက်တွေများ ရှိနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ တယောက်က တနေရာရာကိုသွားပြီဆိုရင် အဲဒီဒေသအတွက်ရော အမေရိကန်အတွက်ပါ အင်မတန် အရေးကြီးပါတယ်လို့ ပါမောက္ခ Silverstein က သုံးသပ်ပါတယ်။

“ကျနော်အမြင်အရကတော့ အမေရိကန်သမ္မတက တိုင်းပြည်တခုခုကိုသွားပြီး အဲဒီက ခေါင်းဆောင်တွေ၊ လူထုတွေနဲ့ တွေ့ဆုံ တယ်ဆိုတာဟာ အမေရိကန်အတွက်ရော၊ အဲဒီတိုင်းပြည်အတွက်ပါ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် သူအခုလို သွား မယ်ဆိုတဲ့ အစီအစဉ်ကို ကျနော် အပြည့်အ၀ ထောက်ခံပါတယ်။ အဲဒီလို ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေး လိုက်မှလဲ နှစ်ဖက်စလုံးက ရည်မှန်းချက်တခုတည်းကို အတူတူ ဦးတည်ပြီး လုပ်ဆောင်နိုင်မယ့် မူဝါဒတွေ ချမှတ် ကျင့်သုံးနိုင်မှာပါ။”

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီဒေသအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးတင်မောင်သော်ကတော့ သမ္မတ အိုဘားမား မြန်မာပြည်သွားမယ့် ခရီးစဉ်အပေါ် အားတက်မိသလို တဖက်မှာ စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်မိတယ်လို့ ပြောပါတယ်။

“အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်ကိုသွားမယ်ဆိုတာဟာ ကျနော်တို့ကြားတော့ အားတက်စရာဖြစ်သလို၊ တချိန်တည်းမှာပဲ စိုးရိမ်စရာတွေရှိပါတယ်။ ဘာကြောင့် အားတက်စရာတွေရှိသလဲဆိုတော့ မြန်မာပြည်က ဘာပဲဖြစ်ဖြစ် စပြီးတော့ ပြောင်းလဲမှုကို ပြတယ်ဆိုပေမယ့် ဒီမိုကရေစီပြည့်ပြည့်ဝဝတော့ မဖြစ်သေးပါဘူး။ အိုဘားမားအနေနဲ့ကလည်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ ပေါ်လစီမှာ သူ့ရဲ့အောင်မြင်မှုတခုအနေနဲ့ မြန်မာကို ဂုဏ်ယူပြီး အမြဲပြောလေ့ရှိတဲ့အတွက်ကြောင့်။ ဒါပေမယ့် တချိန်တည်းမှာ ကျနော်တို့ စိုးရိမ်တာကတော့ မြို့တွေမှာ နည်းနည်းသက်သာရာရပေမယ့် နယ်တွေမှာ ကချင်ပြည်နယ်တို့ ဘာတို့ဆိုလည်း ဆက်ပြီးတော့ လူတွေ ဒုက္ခရောက်နေတာရှိတယ်။ နောက်ပြီး ရခိုင်ပြည်နယ်မှာလည်း ဒီအတိုင်းပဲ။”

သမ္မတ အိုဘားမားအနေနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကို သီးခြား သွားရောက်ပြီးရင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ မြန်မာနိုင်ငံကိုသွားတဲ့အခါ ရန်ကုန်မြို့ကို သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြ ထားပေမယ့် နေပြည်တော်ကို သွားမသွား ဆိုတာတော့ အခုချိန်ထိ မသိရသေးပါဘူး။

ဒီခရီးစဉ်အတွင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ် ဆိုတာကို ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ သမ္မတရဲ့ ဒီခရီးစဉ်နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ပဲ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။


Ref: ဗွီအိုအေ

Read More...

သမ္မတအိုဘားမား ပြန်ရွေးချယ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြောင်း ဒေါ်စု ပြောကြား

2012-11-08

ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က မနေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာအိုဘားမား အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီမယ်လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်း ရာမှာ အခုလို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာပြည်ဆိုင်ရာ သတင်းတွေကိုဖေါ်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေအနေနဲ့ အစိုးရရဲ့ လှုပ်ရှားမှုသတင်းတွေကို အမှန်ပကတိ အရှိအတိုင်းဖေါ်ပြဖို့လိုကြောင်း ပြောဆိုခဲ့တဲ့အပြင် အာဏာရှိသူတွေနဲ့ သတင်း ထောက်တွေအကြား ထားရှိအပ်တဲ့ ဆက်ဆံရေးကိုလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အမေရိကန်သမ္မတ လာရောက်မယ့် သတင်းကို မြန်မာအစိုးရ အတည်ပြု

2012-11-08

ဒုတိယသက်တမ်းအတွက် နောက် တစ်ကြိမ် ပြန်လည်အရွေးခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ မြန်မာအစိုးရအရာရှိတစ်ဦးက အတည်ပြု ပြောဆိုကြောင်းသိရပါတယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ (၁၉)၇က်နေ့မှာ ရန်ကုန်ကိုရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ် လို့ အမည်မဖေါ်လိုသူ အရာရှိက ပြောကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။ RFA ကတော့ သမ္မတ အိုဘား မား မြန်မာပြည် လာရောက်မှာဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့ကပင် ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

အိုဘားမားရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ကြိုတင်စီစဉ်ဖို့အတွက် ဝါရှင်တန်မှာရှိတဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ ဟာ လာမယ့် နိုဝင်ဘာ (၁၃)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်သွားရောက်မယ်လို့ သံရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သမ္မတ အိုဘားမား လာရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် က ကြိုဆိုကြောင်း ပြောဆိုပါတယ်။ မစ္စတာ အိုဘားမား ဒုတိယအကြိမ် ရွေးကောက်ပွဲ အနိုင်ရတဲ့အတွက် ဝမ်းသာကြောင်း မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းသိသူဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတ အိမ်ဖြူတော်ဆီကတော့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ချက် ထွက်မလာသေးပါဘူး။ သမ္မတ အိုဘားမားအနေနဲ့ ဒုတိယ လေးနှစ်သက်တမ်းအဖြစ် ရွေးချယ်ခံရပြီးနောက် ပထမဆုံးအကြိမ် အာရှတိုက်ကို ခရီးထွက်ရာမှာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရှမ်းပြည်နယ်အတွင်း SNDP ပါတီ တရားမဝင် ဂေါဒန်ကျောက်တူးဖော်

2012-11-08

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပိုင်ဆိုင်တဲ့ ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်မှာ တရားမဝင် ဂေါဒန်ကျောက် တူးဖော်နေတဲ့ အတွက် ဒေသခံဂေါဒန်တူးဖော်ရေး လုပ်ငန်းရှင် တစ်ဦးက ထိပ်တန်းကျားဖြူ ကုမ္ပဏီလီမိတက်ကို ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်မှာရှိတဲ့ သတ္တုတွင်းဝန်ကြီးဌာနရုံးချုပ်မှာ နိုဝင်ဘာ(၆) ရက်နေ့က ကန့်ကွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။

ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ မောက်မယ်မြို့နယ်မှာ တနေ့ကို တန် (၂၀) လောက် တရားမဝင် သတ္တုတူးဖော် နေတာ ၁နှစ်ခွဲ ၂နှစ်ခန့် ကြာမြင့်နေပြီဖြစ်တာကြောင့် တရားဝင်တူးဖော်နေသူတွေ များစွာနစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့အတွက် ခုလိုကန့်ကွက်စာပေးပို့ ရတာလို့ မောက်မယ်မြို့နယ်က ဂေါဒန်ကျောက် တူးဖော်ရေးလုပ်ငန်းရှင်ဖြစ်သူ ဦးစိုင်းတင်အောင် (ခေါ်) စိုင်းအွတ်က RFA ကို ပြောပါတယ်။

ဦးစိုင်းတင်အောင်အနေနဲ့ ပထမအကြိမ် တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပေမယ့် တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းဆောင်ရွက် ပေးတာ မရှိတဲ့အတွက်အခုလို နောက်တကြိမ် ထပ်မံ ကန့်ကွက်စာ ပေးပို့ရတာလို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်က ထွက်ရှိတဲ့ ဂေါဒန်ကျောက်တွေကို တီကျစ်မြို့နယ်မှာရှိတဲ့ တီကျစ် ဘိလပ်မြေ စက်ရုံကို အဓိကထား တင်ပို့နေတယ်လို့ သိရပြီး ရှမ်းပြည်နယ် အစိုးရ သတ္တုတွင်းနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဖြစ်တယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုဖို့ ရွာ ၅ ရွာက နေထိုင်သူတွေ တောင်းဆို

2012-11-08

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၅ ခုမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အစိုးရက စစ်ဆေးနေရာမှာ အဲဒီကျေးရွာအုပ်စုမှာ နေထိုင်သူတွေက ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြတယ်လို့ စစ်ဆေးရေးသွားခဲ့သူတွေထံကတဆင့် သိရှိရပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူနဲ့ နိုင်ငံသားဖြစ်ခွင့်မရှိသူတွေကို ခွဲခြားသိနိုင်ဖို့ ပေါက်တောမြို့ နယ် အတွင်းက ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(ငဝက်ချောင်း)၊ ပြိုင်းတောင် စတဲ့ ကျေးရွာ အုပ်စု ၅ ခုမှာ လူအင်အား ၂၇၀ လောက်နဲ့ အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး တစ်ပြိုင်တည်း စစ်ဆေးနေတာလို့ဆိုပါတယ်။

ပေါက်တောမြို့နယ်ကို စစ်ဆေးအပြီးမှာ နေပြည်တော်က ဝန်ထမ်းအင်အား ၁၅၀ ထပ်မံခေါ်ယူပြီး အဖွဲ့ပေါင်း ၄၅ ဖွဲ့နဲ့ စစ်တွေမြို့ နယ်အတွင်းက ဒုက္ခသည် စခန်းတွေအပါအဝင် ကျေးရွာ အုပ်စုပေါင်း ၉ ခု၊ ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၉ ခုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရတနာပုံတံတားအနားက မြေပြန်ရရှိဖို့ တောင်းဆိုတဲ့ ရွာသားတွေ စစ်ဆေးခံရ

2012-11-08

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရွှေကြက်ယက် ဆိပ်ကမ်းမှာ တည်ဆောက်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာပုံတံတား တည်ဆောက်စဉ်က ယာယီ အသုံးပြုဖို့ သိမ်းယူခဲ့တဲ့ မြေတွေကို ပြန်လည် ရရှိဖို့ တောင်းဆိုခဲ့ကြတဲ့ ဒေသခံရွာသား (၈၄)ဦး ထဲက သုံးဦးကို နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စတင်ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

အဲဒီ ၃ ရွာက ရွာသား ၈၄ ယောက်ဟာ ပြီးခဲ့တဲ့လ ၂၄ ရက်နေ့က ရတနာပုံ တံတားစီမံကိန်းအတွက် ယာယီ အသုံးပြုဖို့ အတွက် သိမ်းယူခဲ့တဲ့မြေ ဧက ၅၀ ကျော်ကို ပြန်လည်ရရှိဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပထမဦးဆုံး ၃ ယောက်ကို စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ ၅ ယောက်ကို ဆက်လက် စစ်ဆေးမှာဖြစ်သလို တောင်း ဆိုသူ အားလုံးကို အလှည့်ကျ ခေါ်ယူစစ်ဆေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းဘက်ခြမ်းက မြေတွေကို မူလပိုင်ရှင်တွေကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပေမယ့် မန္တလေးဘက်အခြမ်းက သိမ်းယူခံထားရတဲ့ လယ်မြေတွေတော့ ပြန်မပေးသေးဘူးလို့ သိရပါတယ်။ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ယာတွေ တည်ဆောက်နေတာကြောင့် အဲဒါကို ကန့်ကွက်တောင်းဆိုနေခဲ့ကြတာပါ။

ရတနာပုံတံတား တည်ဆောက်ရေး စီမံကိန်းကို ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စတင်ခဲ့ပြီး တည်ဆောက်ဖို့ မြေယာတွေသိမ်းယူခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ဒေသခံရွာသား ရာပေါင်းများစွာဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက် အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လယ်သမားတွေက RFA ကို ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဆွီဒင် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်စုနဲ့ တွေ့မည်

2012-11-08

ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ရုံးက မနေ့က ပြောပါတယ်။

ဆွီဒင်ဝန်ကြီးချုပ် ဟာ မြန်မာနိုင်ငံမှာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့ နှစ်ရက် နေထိုင်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဆွီဒင် ဝန်ကြီးချုပ်နဲ့ အတူ ဆွီဒင် ကုန်သွယ် ရေးဝန်ကြီးနဲ့ အဖွဲ့လည်း လိုက်ပါလာမှာဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ဆွီဒင်နိုင်ငံအစိုးရ အကြီးအကဲတစ်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီး ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီမြှင့်တင်ရေး စီမံချက်တွေ စတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ အတွက် ဆွီဒင်နိုင်ငံ ဟာ မနှစ်က အမေရိကန်ဒေါ်လာ (၁၈)သန်း ကူညီခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ကြေညာချက်ထုတ်

လင်းသန့်
November 8, 2012

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တချို့က ရခိုင်ပြည်နယ် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအနေဖြင့် လက်တွေ့ကျသည့် ဖြေရှင်းမှု အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမြန်ဆုံး ပြန်လည်ရရှိရန် အစိုးရအနေဖြင့် “ပဋိပက္ခများ ဖြစ်ပွားနေသော၊ ပဋိပက္ခများ ဖြစ်နိုင်ခြေရှိသော ဒေသများတွင် လုံခြုံရေး လိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားမြှင့်တင်ခြင်း၊ လုံခြုံရေး အစီအစဉ်များ အဆင့်တိုးမြှင့်ခြင်းတို့ကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန် လိုအပ်ပါသည်” ဟု ယမန်နေ့ နေ့စွဲဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်ပဋိပက္ခကိစ္စ အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ဤသဘောထား ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စု အရေးဖြစ်၍ လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်၌ အရေးအကြီး အဆိုအဖြစ် တင်ပြဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဖွား ဌာနေ တိုင်းရင်းသား ရခိုင် လူမျိုးများ၏ စိုးရိမ်ပူပန်ကြောင့်ကြမှုများကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“သာမန် ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင် အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းတော့မည်တို့ကို နိုင်ငံပိုင် သတင်း စာများမှတဆင့် သိရှိရ” ကြောင်း၊ “လူများစုနှင့် လူနည်းစု ဟူ၍လည်းကောင်း၊ လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍ လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း မပြုဘဲ လူသားအားလုံးက လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် တာဝန်ရှိကြောင်း” လည်း ကြေညာချက်က တိုက်တွန်းထားသည်။

နော်ဝေနိုင်ငံနှင့် ဥရောပ ခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ဆန္ဒပြ ကန့်ကွက်မှု တချို့နှင့် ပြင်းထန်သော မေးခွန်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိ ပက္ခအပေါ် တရားဥပဒေစိုးမိုးရေး မရှိ၍ ယခုကဲ့သို့ ဖြစ်ရကြောင်းသာ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ကချင်စစ်ပွဲများကိစ္စအပေါ် သဘောထားတရပ် ရှင်းလင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဆောင်ခဲ့ဟု ထောက်ပြဝေဖန်နေချိန်တွင် ပထမဆုံးအနေဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တိုင်ရင်းသား အမတ်တချို့၏ သဘောထား ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရှိသူလည်း မဟုတ်ပဲ အလွန်ခက်ခဲသိမ်မွေ့သည့် နေရာတွင် ရှိနေခြင်းဖြစ်ပြီး အရာရာကို ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းနေရသည်ကို နားလည်စေလိုကြောင်း NLD ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီး ဒေါ်စုက တဖက်ဖက်က ရပ်ပြီး ပြောတာမျိုးလည်း လုပ်မှာ မဟုတ်ဘူး။ သူ့နေရာက အလွန်သိမ်မွေ့တယ်” ဟု သူက ဆိုသည်။

ယခုကြေညာချက် ထွက်ပေါ်ရေး ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသားလွှတ်တော် ကိုယ် စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာ ချုပ်ငြိမ်းရေးနှင့် ဖြေရှင်းရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဆိုင်ရာ ကိစ္စများ စသည်ဖြင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း သိရသည်။

“ရခိုင်ကိစ္စ ဆွေးနွေးပွဲမှာ ရခိုင်လွှတ်တော်အမတ်တွေက အတူယှဉ်တွဲနေထိုင်ဖို့ကိစ္စ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကို တော်တော်ပြေလည်အောင် ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆွေးနွေးခဲ့ရတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ လွှတ်တော်အမတ်တဦးက ဧရာဝတီကို ပြောသည်။

အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပဋိပက္ခများထပ်မံ မဖြစ်ပေါ်ရေး၊ ဒုက္ခသည်အရေးတို့ အပေါ် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သိမ်မွေ့စွာ ညှိနှိုင်းခဲ့ရသည်ဟုလည်း သူကဆက်ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ပြည်သူအား အသိပေးချပြရန်နှင့် ရခိုင်ပဋိပက္ခကို အစိုးရက မည်သည့်မူဝါဒနှင့် ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကိုလည်း ပြည်သူအား အသိပေးရန်လိုအပ်သည်ဟုလည်း ကြေညာချက်တွင် ထောက်ပြထားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ဘင်္ဂါလီပေါင်း ၈ သိန်းဝန်းကျင်ခန့်နှင့် ပတ်သက်ပြီး အလွန်တင်းကျပ်မှုများ ရှိကြောင်းနှင့် တခြား အငြင်းပွားမှုများ ယနေ့အထိရှိနေပြီး နိုင်ငံမဲ့ဖြစ်နေသည့် ၄င်းတို့အား မြန်မာနိုင်ငံသား သတ်မှတ်ရေး၊ မသတ်မှတ်ရေး၊ အဆိုပါ ဥပဒေနှင့် ငြိစွန်းပါက မည်သို့ အရေးယူ ဆောင်ရွက်မည်တို့နှင့် ပတ်သက်၍ ရှင်းလင်းသဲကွဲမှု မရှိကြောင်း ထောက်ပြ ဝေဖန်နေကြသူများ ရှိသည်။

မကြာသေးမီကပင် အဆိုပါ နိုင်ငံသား ဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲရေးကို အမျိုးသားလွှတ်တော်တွင် အဆိုတင်ခဲ့သော်လည်း ကန့်ကွက်ခံခဲ့ရပြီး လွှတ်တော်တွင် မှတ်တမ်းတင်ခြင်းသာ အဆုံးသတ်ခဲ့သည်။

နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော၊ အားပေးကူညီနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက်သူများ၊ ဥပဒေ ချိုးဖောက်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် စပ်လျဉ်း၍လည်း ဥပဒေအရ ထိရောက်စွာ စစ်ဆေး အရေးယူမှု၊ စီရင်ဆုံးဖြတ်မှုတို့ကို ပွင့်လင်းမြင်သာစွာ ပြည်သူအား အသိပေးရမည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားသော အကူ အညီများနှင့် ပတ်သက်၍ အကူအညီလိုအပ်နေသူ အားလုံးအတွက် ၂ ဦး ၂ ဖက် လက်ခံနိုင်သော နည်းလမ်းနှင့် အမြန်ဆောင် ရွက်ပေးရန် လိုကြောင်း၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍လည်း နယ်မြေ ထိစပ်နေသည့် ၂ နိုင်ငံ အစိုးရများက တာဝန်ရှိ ကြောင်း လည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထပ်မံဖြစ်ပွားခဲ့ရသည့် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဖြစ်ရသည့် လူပေါင်း ၃ သောင်းကျော်နှင့် လူပေါင်း ၈၉ ဦး သေဆုံးခဲ့ရသည့်အပေါ် အစိုးရ၏ ကိုင်တွယ်မှု မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိရေး အစိုးရက ရှင်းလင်းပြောကြားရန် လိုအပ် ကြောင်းကြေညာချက်တွင် တောင်းဆိုထားသည်။

ယခင် မေလနှင့် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူ ၈၀ ခန့် သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူ ပေါင်း ၇၅၀၀၀ ခန့် ရှိခဲ့သည်။

Ref: ဧရာဝတီ

Read More...

မော်ဒန် သူဖုန်းစား

တော်တီဆွေ
November 8, 2012


Ref: ဧရာဝတီ

Read More...

ထားဝယ် စီမံကိန်း ဒေသခံ ၃၀၀၀၀ ကျော် ၂၀၁၃ ဇွန်လ မတိုင်ခင်ရွှေ့မည်

ငြိမ်းငြိမ်း
November 8, 2012

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းရှိ ရွှေ့ပြောင်းရမည်ဖြစ်သော ရွာသား ၃၀၀၀၀ ကျော်ကို လာမည့်နှစ် ဇွန်လ မတိုင်ခင် စတင်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့(ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မည့် ဧရိယာ အတွင်း ကျရောက်သော ထားဝယ်ခရိုင် ရေဖြူမြို့နှင့် လောင်း လုံမြို့နယ်က ရွာပေါင်း ၁၆ ရွာကို နေရာသစ် ၃ နေရာဆီ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရွာတွေ ဆောက်ပြီးတာနဲ့ ကျောင်းဖွင့်ချိန်အမီ ရွှေ့မှာပါ။ မရွှေ့ခင်မှာ ရွာတွေအတွက် အိမ်တွေကို အရင်ဆောက်ပေး နေတယ်။ ရေတွေ မီးတွေ အရင်ဆုံး သွယ်ပေးမယ်။ အဲဒါတွေအပြင် စိုက်ပျိုးရေး မွေးမြူရေးပါ လုပ်ကိုင် စားသောက်လို့ ရ အောင် ဖန်တီးပေးမယ်။ အားလုံးပေးပြီးတော့မှ ကျနော်တို့က ရွာတွေကို အစုလိုက် အစုလိုက် ကျောင်းဖွင့်ချိန်အမီ ရွှေ့ပေးသွား မှာ ဖြစ်ပါတယ်။ သူတို့နဲ့ ညှိနှိုင်းပြီးတော့။ အခုဆိုရင် အိမ် ၃၄၃ လုံး ဆောက်ပြီး ပါပြီ။ ဒီနိုဝင်ဘာမှာ စုစုပေါင်း အလုံး ၅၀၀ လောက် ပြီးနိုင် မယ်”ဟု ဦးတင်မောင်ဆွေ ဆိုသည်။

နေရာသစ်တွင် ပေ ၁၀၀ ၊ ပေ ၈၀ ပတ်လည် မြေ အကျယ်အ၀န်းအတွင်း ကွန်ကရစ် တိုက်အိမ်များဖြင့် မြို့ပြ စီမံကိန်း အစီအစဉ် (Town plan) ဆွဲပြီး မြို့ပုံစံ တည်ဆောက်ခြင်း ဖြစ်၍ ရေ၊ မီး နှင့် ဆက်သွယ်ရေး လိုအပ်ချက်များ ဖြည့် ဆည်းထားသည်ဟုလည်း ၎င်းက ပြောသည်။

ရေနက်ကွင်းဘက် နဘုလယ် ဒေသ ရှိ မူးဒူး၊ ပရဒပ်၊ လဲရှောင်၊ ဆင်ကြီးနှင့် မရင်ကြီးရွာများကို ဘ၀ါ ကျေးရွာသစ်သို့ အရင် ပြောင်း ရွှေ့မည် ဖြစ်ပြီး ရေဖြူမြို့ရှိ မင်းဒပ်၊ ပိန်းရှောင်၊ ကျောက်ဘွဲ့ကုန်း၊ သစ်တိုထောက်၊ ယလိုင်၊ ပုဂေါဇွန်း၊ သပြေဇွန်း၊ ရက္ခတပင်အင်း၊ ၀က်ချောင်း၊ ခမောက်ချောင်း စသည်တို့ကို ပုဂေါဇွန်းရှိ စက်မှုဇုန်သစ် အနီးသို့ ပြောင်းရွှေ့မည် ဖြစကြောင်း၊ လောင်းလုံမြို့နယ်ရှိ ညောင်ပင်ဆိပ် ရွာကိုမူ ပန်းတင်အင်း ရွာဆီသို့ ရွှေ့မည် ဖြစ်ကြောင်းလည်း သိရသည်။

ထားဝယ် အထူး စီးပွားရေးဇုန် ပထမ အဆင့် လုပ်ငန်းမှာ ၂ လမ်းသွား ကာလမ်း ၂ လမ်းဖောက်ခြင်း၊ အသေးစားနှင့် အလတ် စား စက်မှု လုပ်ငန်းများ အတွက် စက်မှုဇုန်ငယ် တခု တည်ဆောက်ရန် မြေနေရာရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားအတွက် ၃၃ မီဂ္ဂါဝပ် ရှိ ဂက်စ် တာဘိုင် တည်ဆောက်ခြင်းနှင့် ဒေသခံများအတွက် မြို့သစ် တည်ဆောက်ခြင်းများကို ၂၀၁၄ ခုနှစ်တွင် အပြီး ဆောင်ရွက် မည် ဖြစ်ကြောင်း၊ ယင်း စီမံကိန်းဒေသတွင် လက်ရှိ အလုပ်သမား ၁၉၀၀ ကျော် အလုပ်လုပ်လျက်ရှိပြီး ထိုင်းနှင့် မြန်မာ အလုပ် သမားများ ဖြစ်ကြောင်း၊ မြန်မာအလုပ်သမား အများစု ဖြစ်ပြီး ၃ ပုံ ၂ ပုံ ခန့် ရှိကြောင်း ဦးတင်မောင်ဆွေက ပြောဆိုသည်။

စက်မှုဇုန်အတွက် ပဂေါဇွန်းနယ်မြေ၌ စက်မှုဝန်ကြီးဌာနပိုင် ပဂေါဇွန်းဆီအုန်းခြံတွင် မြေနေရာရှင်းလင်းရေး စတင်ဆောင်ရွက်နေပြီး ဂျပန်၊ ထိုင်း စသည့် စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ ရှိကြောင်း သိရသည်။

ဦးတင်မောင်ဆွေက ဒေသခံများကို ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက် စသည်တို့ စိုက်ပျိုးနိုင်ရန် မျိုး နှင့် အဆင့်မြင့် နည်းပညာ များ ထောက်ပံ့ ကူညီပေးမည် ဖြစ်ပြီး ဇုန် အပြင်ဘက်တွင် စိုက်ပျိုးမြေများ ရှိမည်ဟုလည်း ဦးတင်မောင်ဆွေက ပြောသည်။

“မျိုး ပေးမယ်ခင်ဗျ။ အဲဒါ အိမ်တိုင်းမှာ ပါတယ်။ မိသားစု နှစ်ရှည်ဝင်ငွေ ရအောင်၊ အိမ်တိုင်း အိမ်တိုင်းမှာ ထည့်ပေးမယ်။ ဒါပေမယ့် စီးပွားဖြစ် စိုက်ပျိုးရေး အတွက်ကျ မျိုးရှာပေးမယ်။ ကိုယ့်ဟာကို ၀ယ်ရမယ်။ သူတို့ အရင်းအနှီး စိုက်ရမှာပေါ့။ ကျနော်တို့ နည်းပညာဖြန့်ဖြူးမယ်။ ပိုးသတ်ဆေး ဘယ်လိုသုံးရတယ်ဆိုတာ လိုက်ကြည့်မယ်။ ကူညီပေးမယ်ပေါ့။ နောက် သူတို့မှာ လျော်ကြေး ရထားတဲ့ ငွေတွေ ရှိမယ်ခင်ဗျ။ အဲဒီငွေတွေနဲ့ ၀ယ်ပြီးတော့ ဇုန်အပြင်ဘက်မှာ စိုက်မှာပေါ့။ သူတို့မှာရှိတဲ့ မိသားစု တွေထဲက အလုပ်ပေးမယ် လေ။ ယောက်ျားရော၊ မိန်းမရော၊ နောက်တခုက အမျိုးသမီးတွေအတွက်ကျ အိမ်တွင်းမှု စက်မှု လုပ်ငန်းဆိုတာ ရှိတယ်။ အိမ်ထဲမှာပဲ စက်မှုဇုန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေလုပ်ပြီး ဇုန်ထဲကို သွင်းဖို့လေ။ နောက်တခုက လူများလာတဲ့အတွက် အရောင်းအ၀ယ် လုပ်ငန်းတွေ ဈေးရောင်းတာတွေ လုပ်နိုင်တယ်”ဟု သူက ဆိုသည်။

ဒေသခံများကမူ ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် လမ်းအူကြောင်း ဖောက်လုပ်ရာတွင် သီးနှံပင်များ ဆုံးရှုံးရမှုရှိကြောင်း၊ လျော်ကြေး ပေးခြင်းသည်လည်း ပေါက်ဈေးထက် လျော့နည်းကြောင်း ဧရာဝတီကို ပြောသည်။

ဒေသခံ တောင်သူများအနေဖြင့် သီဟိုဋ်၊ ရာဘာ၊ ကွမ်းသီး နှင့် ဆီအုန်း စသည့် နှစ်ရှည် သီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယင်း စီမံ ကိန်း ကြောင့် မိရိုးဖလာ လုပ်ငန်းများ ကွယ်ပျောက်ဆုံးရှုံးသွားမည်ကို စိုးရိမ်မှုများ ရှိကြောင်းလည်း သိရသည်။

“လမ်းအူကြောင်း ဖောက်တဲ့အထဲ ဥယျာဉ်သီးနှံပါသွားပြီး လျော်ကြေးမရသေးတာတွေလည်း ရှိတယ်။ လျော်ကြေးက သိပ်နည်း တော့ တချို့လည်း လက်မခံဘူး”ဟု ရေဖြူမြို့နယ် သပြေဇွန်းရွာ ဆရာတော်က ဧရာဝတီကို မိန့်သည်။

လမ်းဖောက်သည့် နေရာများသည် ဥယျာဉ်ခြံများ အတွက် သီးနှံလျော်ကြေးတချို့ပေးပြီးဖြစ်၍ လျော်ကြေး လက်မခံသူများမှာ ဒေသခံ မဟုတ်ဘဲ ၀ယ်ရောင်းသမားများ ဖြစ်ကြောင်း၊ သတ်မှတ်ပေး ဈေးနှုန်းအတိုင်း လက်မခံဘဲ ပိုတောင်းသောကြောင့် အဆင်မပြေသေးခြင်း ဖြစ်ကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။

ဦးတင်မောင်ဆွေ ကဆက်လက်ပြီး“ကျနော်တို့ သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်းပဲ ပေးလို့ရတယ်။ ခုနက လူမျိုး(၀ယ်ရောင်း သမား များ) ရှိပါတယ်။ အဲလိုလူတွေကျတော့ ငွေကို ဘဏ်ထဲမှာ ထည့်ထားတယ်။ ဒေသက သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်း လက်ခံနိုင်ရင် ကျနော်တို့ ထုတ်ပေးမယ်။ လက်မခံရင်တော့ ငွေက ဘဏ်ထဲမှာပဲ ရှိနေတယ်။ သူ့ရဲ့ ဘေးဘယ်ညာခြံတွေလည်း အတူတူပဲ။ ပတ်ဝန်းကျင်မှာ သတ်မှတ် ထားတဲ့ ဈေးအတိုင်းပဲ ရမှာပေါ့။ အဲဒါထက်တော့ ပိုတောင်းလို့ မရဘူးပေါ့။ တချို့ခြံ တွေလည်း ရှိပါတယ်။ ညှိနှိုင်းလို့ မရဘူးပေါ့။ ဥပမာ ဆီအုန်းခြံတွေ ဘာတွေကျတော့ ဈေးနှုန်း မသတ်မှတ်ရသေးဘူး။ အဲဒါ တွေကျတော့ ကျနော်တို့ မထိသေးဘူး။ အဲဒီဟာကျတော့ ကျနော်တို့က ကျွမ်းကျင်တဲ့ အဖွဲ့တွေ ဗဟိုကလာပြီး အဖွဲ့ဖွဲ့၊ စံဈေး နှုန်းတခု သတ်မှတ်ပြီးမှ ချေပေးမှာပေါ့”ဟု ပြောဆိုသည်။

သို့သော် ပြောင်းရွှေ့ရမည့် ရွာများအတွက် လျော်ကြေးကို မသတ်မှတ်ရသေး ဟု လည်း ဆိုသည်။

ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနှင့် ထိုင်း အစိုးရချင်း ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးသည့် ဘန်ကောက်မြို့မှ အစည်းဝေးသို့ ယမန်နေ့က ဒု သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်သည်။

ယင်း အစည်းဝေး၌ ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ကော်မတီ တခုကို ထိုင်းအစိုးရနှင့် ပူးပေါင်း ဖွဲ့စည်း ရန် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးပါက ထိုကော်မတီက ထားဝယ်စီမံကိန်းကို တိုက်ရိုက် ညွှန်ကြားမည် ဖြစ်ပြီး အီတာလျံ-ထိုင်း ကုမ္ပဏီ က ကွန်ထရက်တာတဦး အနေနှင့် ဆက်လက်ပါဝင်မည်ဖြစ်သည်ဟု ဦးတင်မောင်ဆွေကလည်း ပြောဆိုသည်။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံ ရန်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သတ်သည့် နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက ရေးထိုးခဲ့ကြသည်။

Ref: ဧရာဝတီ

Read More...

တရုတ် ဘက်မှ ကြက်သား၊ ကြက်ဥ နှင့် နို့မှုန့်များ တရားမ၀င် တင်သွင်းနေ

ရန်ပိုင်
November 8, 2012

တရုတ်ပြည်မှ ကြက်သားပေါက်၊ ကြက်ဥ၊ ကြက်သား နှင့် နို့မှုန့်များ တရားမ၀င် တင်သွင်းနေမှုကို သက်ဆိုင်ရာ တာဝန် ရှိသူ များအနေဖြင့် တားဆီးပေးရန် မန္တလေးတိုင်း မွေးမြူရေး လုပ်ငန်းရှင်များ အသင်းက ယမန်နေ့က တောင်းဆိုလိုက်သည်။

တရားမ၀င် တင်သွင်းမှုကြောင့် ပြည်တွင်းရှိ အသားစားနှင့် ဥစားကြက် မွေးမြူရေး လုပ်ငန်းများကို ထိခိုက်သည့်အပြင် ကြက်သား ဈေးကွက်တွင်လည်း ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိကြောင်း၊ စားသောက်ကုန် စစ်ဆေးမှုခံယူခြင်းမရှိဘဲ တင်သွင်းခြင်းကြောင့် ကျန်း မာရေး ကဏ္ဍတွင် ထိခိုက်နိုင်ကြောင်း မန္တလေးတိုင်း မွေးမြူရေး လုပ်ငန်းရှင်များ အသင်း ဒု က္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြော သည်။

“ဒီလိုမှောင်ခိုသွင်းတာက အအေးခန်းရှိတဲ့လူတွေ အများဆုံးလုပ်တယ်၊ သူတို့ကတရုတ်ပြည်ကို ပင်လယ်စာ ပို့တယ်၊ အပြန်မှာ ကြက် သား တင်လာတယ်၊ တကယ်တော့ ဒါတွေက ပိတ်ပင်ထားတဲ့ကုန်တွေ၊ သွင်းခွင့်မရှိဘူး”ဟု ၎င်းက ဆိုသည်။

မှောင်ခိုသယ်ယူလာသည့် ကြက်သားများကို မန္တလေးနှင့် အထက်မြန်မာပြည်မြို့ကြီးများတွင် ပြန်လည် ရောင်းချ ကြောင်း၊ ထိုအ သား များမှာ အအေးခန်းများအတွင်း ရက်ကြာကြာထား၍ သိုလှောင်သည့်အတွက် လတ်ဆတ်မှုမရှိသည့်အပြင် ကြက်ငှက်တုတ် ကွေး ရောဂါများလည်း စိုးရိမ်ရကြောင်း ဒေါက်တာ ကျော်ထင် က ဆက်ပြောသည်။

ယခင် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းတွင် စစ်ဆေးရေးစခန်းများ ထားရှိသည့်အတွက် တင်သွင်းမှုနည်းပါး သော် လည်း ယခုအခါ လွတ်လပ်သည့် အာဆီယံ ကုန်သွယ်မှု မူဝါဒအရ အဆိုပါ စခန်းများ ရုပ်သိမ်းသွားသည့် နောက်ပိုင်း ပြည် တွင်းကြက် သား ဈေးကွက်တွင် ထိုသို့သော အေးခဲအသားများ ပိုမို ၀င်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

မန္တလေးမြို့ခံ ကြက်မွေးမြူရေးသမားတဦးဖြစ်သူ ဒေါက်တာ နေသူရိန် ကလည်း“ကြက်ဥဈေးက ကျတယ်၊ အစာဈေးက တက် တယ်၊ အဲဒီကြားထဲမှာ တရုတ်ပြည်ကနေ ဒီလိုတွေထပ်ဝင်တော့ ပြည်တွင်းမွေးမြူရေးသမားက မလွယ်ဘူး၊ ဒါကြောင့်အရေးယူဖို့ ဖိအား ပေးတာ”ဟု ပြောဆိုသည်။

ထိုသို့ တရုတ်နယ်စပ်မှ တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်နေခြင်းကို တားဆီးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနသည် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲ တပ်ဖွဲ့၊ ဒေသ အာဏာပိုင်များသာမက ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း သို့မဟုတ် နယ်စပ်ဒေသ ကုန်သည်ကြီးများ အသင်း၊ သတင်းမီဒီယာ သမားများ ပါဝင် သည့် နယ်လှည့် စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဤကဲ့သို့ တရားမ၀င် ကြက်သားပေါက်၊ ကြက်ဥ၊ ကြက်သားနှင့် နို့မှုန့်များ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှု ရှိမရှိ အဆိုပါ နယ်လှည့်စစ်ဆေးရေး အဖွဲ့သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

Ref: ဧရာဝတီ

Read More...

မြန်မာနိုင်ငံနှင့် ထာဝရတည်တံ့မည့် အပြောင်းအလဲ

အီမန်ညူယယ် ဘရိုင်အာ
November 8, 2012

မြန်မာနိုင်ငံသည် သမိုင်းတွင် အရေးကြီးဆုံး နိုင်ငံရေး အသွင်ကူးပြောင်းမှု တချို့ကို အခုအချိန်တွင် ဖြတ်သန်း နေရသည်။ တမတ်သား အရပ်သားအစိုးရသစ်သည် အကောင်းမြင်ရန်နှင့် သတိကြီးရန်တို့ကို ယူဆောင်လာ သည့် ရည်မှန်းချက်ကြီးသော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို စတင် လျှောက်လှမ်းနေသည်။


၂၀၁၁ခုနှစ် ဧပြီလတွင် သက်ဝင်သော လွှတ်တော်တခု ကျင်းပပေးနိုင်ခြင်း၊၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေး အကျဉ်းသား ရာနှင့်ချီ လွှတ်ပေးခြင်းနှင့် စက်တင်ဘာလတွင် နောက်တဖန် ထပ်လွှတ်ပေးခြင်း၊ ၂၀၁၂ ခုနှစ် အစော ပိုင်းတွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆို နိုင်ခြင်းနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် လွှတ်တော် အမတ်အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ်ဧပြီလ လွတ်လပ်၍ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း စသဖြင့် အပြုသဘောဆောင်သော အဖြစ်အပျက်များ ဖြစ်ထွန်းခဲ့သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုကို စစ်မှန်သော လုပ်ငန်းစဉ် တခုဟု တချို့က ရှုမြင် နေကြသော်လည်း ကြီးမားသော စိန်ခေါ်မှုများ ရှိနေခြင်းနှင့် နိုင်ငံရေးနှင့် စီးပွားရေးတွင် စစ်တပ် အာဏာ အခိုင် အမာ ရှိနေခြင်းကြောင့် ပြုပြင် ပြောင်းမှုတွေများ ရှေ့ဆက်သွားနိုင်မည်လားဟု စိတ်ပူပန်နေဆဲ ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့်လည်း ပြုပြင် ပြောင်းလဲမှုများအပေါ် သတိနှင့် စောင့်ကြည့်နေဆဲဖြစ်ပြီး၊ “သန်စွမ်းသော ဝေဖန်ရေး” အမြင်ကို ဆက်လက် ဆွဲကိုင် ထားဆဲဖြစ်သည်။ တိုင်းပြည်အတွင်း လူထုအခြေပြု လူမှုအဖွဲ့အစည်း များတွင်လည်း ထိုကဲ့သို့သော အမြင် မျိုးရှိသည်။

ဤနေရာတွင် မြန်မာနိုင်ငံ အပြောင်းအလဲများကို အဓိက မောင်းနှင်နေသည်မှာ မည်သည့်အရာများနည်းဟူ၍ မေးခွန်းမေးစရာရှိ လာသည်။

တိုင်းပြည်အတွင်း သြဇာအရမ်းကြီးမားလာနေသည့် တရုတ်သြဇာကို ချိန်ခွင့်ညှာညှိရန် မဖြစ်မနေ လုပ်လာရသော ပြုပြင်ပြောင်းလဲ မှုများဟု တချို့က ရှုမြင်ကြသည်။ တချို့က အတွင်းကြိတ် ပဋိပက္ခများ၏ ပေါင်းစည်းမှုကြောင့်ဟု မြင်ကြပြန်သည်။

ပြည်ပတွင် အခြေစိုက်ကြသည့် မြန်မာအဖွဲ့အစည်းများ၏ အဓိက အခန်းကဏ္ဍမှာမူ အင်္ဂလန်၊ ဥရောပနှင့် ကုလသမဂ္ဂတွင် မြန်မာ့အရေး အသက်ဝင်နေရန် စည်းရုံးတိုက်တွန်းကြခြင်း ဖြစ်သည်။

၂၀၁၅ခုနှစ် မြန်မာနိုင်ငံကို အာဆီယံစီးပွားရေးအသိုင်းအ၀န်း (AEC) အတွင်း ဆွဲသွင်းယူသော အရှေ့တောင်အာရှ နိုင်ငံများ အသင်း၏ အပြုသဘောဆောင် ဆက်ဆံရေးကိုလည်း နောက်ထပ် မောင်းနှင်အားတခုအဖြစ် တချို့က ရှုမြင်ကြသည်။

အချုပ်အားဖြင့် မြန်မာအစိုးရ၏ လက်ရှိသွားနေသော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသည် အတွင်း၊ အပြင် နှစ်ဖက်စလုံး၏ သြဇာလွှမ်းမိုးကြောင့်ဖြစ်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ကြောင်းပြန်လှည့်နိုင်မည့်ပုံ မပေါ်သေးချေ။

သို့သော် ရှေ့တွင် တွေ့ရမည့် စိန်ခေါ်ချက်မှာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်သော အင်စတီကျူးရှင်းများ ဖြစ်လာစေရေး ဒီမိုက ရက်တစ် အတွေးအခေါ်များကို လက်တွေ့ကျင့်သုံးလာနိုင်မည်လား ဆိုသည် ဖြစ်သည်။

၂၀၁၂ခုနှစ် စက်တင်ဘာလ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် Asia Foundation တွင် မိန့်ခွန်းတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့တွင် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ တည်ဆောက်ရန် အနောက်ကမ္ဘာ၏ အကူအညီသည် အရေးကြီးကြောင်း ထည့်သွင်းဟောပြောခဲ့သည်။

မှန်ကန်သော တောင်းဆိုချက်ဖြစ်သည်။ သို့သော် စစ်မှန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဟုတ်မဟုတ် ဆိုသည့်အချက်နှင့်ပတ် သက်ပြီး စစ်တပ်သည် နိုင်ငံရေးတွင် ဆက် ရှိနေ မနေဆိုသည့် အချက်ကလည်း သက်သေပြသင့်စရာ အချက်တခုဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ စစ်တပ်ကြီးစိုးမှုခေတ်လွန်ကာလ ပြုပြင်ပြောင်းလဲမှုများကို လေ့လာသင့်သည်။

ကျောင်းသားလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၉၈ ခုနှစ် ဆူဟာတို အာဏာမှ မစွှန့်လွှတ်ခင် အင်ဒိုနီးရှားနိုင်ငံသည် ၃၂ နှစ်ကြာ ကမ္ဘာပေါ်တွင် အရက်ဆုံးသော စစ်အစိုးရလက်အောက်တွင် ပြားပြားဝပ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် အင်ဒိုနီးရှားတပ်မတော် (TNI)သည် နိုင်ငံရေးတွင် လက်ဝါးကြီးအုပ်ခွင့်ပေးထားသော (Dual-function doctrine)စနစ်ကို ဖျက်သိမ်းလိုက်ပြီး အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သည်။

၎င်းစနစ် မဖျက်သိမ်းခင်က အင်ဒိုနီးရှားစစ်တပ်သည် ကာကွယ်ရေးနှင့်လုံခြုံရေးအခန်းကဏ္ဍအပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ပေးသော လူမှုစီးပွားရေး နယ်ပယ်နှင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် တာဝန်နှစ်ရပ် ထမ်းဆောင်ခွင့်ရထားသည်။

ထို့ကြောင့် စစ်တပ်သည် နိုင်ငံရေးတွင် ထင်ထင်ရှားရှား ပါဝင်ခဲ့ရသည်။ လွှတ်တော်တွင် အမတ်နေရာ ၅၀၀ အနက် TNI အတွက် ၇၅ နေရာ ဖယ်ထားပေးရသည်။ ဒေသဆိုင်ရာ ဥပဒေပြု လွှတ်တော်စုစုပေါင်းတွင် ရွေးချယ်ခံစရာမလိုသော စစ်တပ် ကိုယ်စားလှယ် ၂၈၀၀ ဦးအထိ ရရှိခဲ့သည်။

(Dual-function doctrine) အပြင် အင်ဒိုနီးရှားစစ်တပ်သည် ကီကာယန် (အင်ဒိုနီးရှား ဘာသာစကား ဖြစ်သည်။ မြန်မာလို ယာယီတာဝန်ဟု အဓိပ္ဗါယ်ရသည်) မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖေါ်လုပ်ဆောင်ခဲ့သည်။ ၎င်းမူဝါဒအရ လက်ရှိ တာဝန်ထမ်းဆောင်နှင့် အငြိမ်းစား စစ်တပ်အရာရှိများသည် ရွာသူကြီးမှအစ နိုင်ငံတော်ပိုင် စီးပွား ရေးလုပ်ငန်းများတွင် အမှုဆောင်အရာရှိနေရာများအလယ် အမျိုးသား နှင့်ဒေသဆိုင်ရာအဆင့် မဟာဗျူဟာမြောက်သော အစိုးရရာထူးများကို လက်ဝါကြီးအုပ်ထားခဲ့ကြသည်။

အင်ဒိုနီးရှားစစ်တပ်သည် အစိုးရကျောထောက်နောက်ခံပါတီ ဂိုကာမှတဆင့် နိုင်ငံရေးသြဇာတည်ဆောက်သကဲ့သို့ ရွေးကောက်ပွဲ များတွင်လည်း ဂိုကာပါတီ မဲအနိုင်ရရေး ကူညီပေးခဲ့သည်။

ဆူဟာတိုပြုတ်ကျအပြီး “ပညာတက်နှင့် ပြုပြင်ပြောင်းလဲရေးစိတ်” အခြေခံရှိသူဗိုလ်ချုပ်များဖြစ်ကြသည့် အော်ဂက်စ် ၀ီဒ်ဂျိုဂျို၊ အော်ဂက်စ် ၀ိဒါဟာဒီ ကူဆူမာနှင့် (လက်ရှိ သမ္မတ ဖြစ်နေသူ) ဆူစီလိုဘန်ဘန်ယိုဒိုယိုနိုတို့က TNI အကြီးအကဲ ဗိုလ်ချုပ်ကြီးဝါရင်တိုအား စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲမှုများ စလုပ်ရန် ချည်းကပ်ခဲ့သည်။

ဆူဟာတိုအဆင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြဌာန်းရန် စစ်တပ်အတွင်းနှင့် လူထုဖိအားနှစ်မျိုးစလုံး ရှိခဲ့သည်။

ထို့နောက် TNI သည် “ပါရာဒိုင်းအသစ်” ဟုခေါ်သော အဓိက ပြုပြင်ပြောင်းလဲမှုလေးခုပါသည့် မူအသစ်ကိုချမှတ်ခဲ့သည်။ ထိုလေးချက်မှာ စစ်တပ်သည် အမျိုးသား နိုင်ငံရေး မျက်နှာစာတွင် အမြဲရှိနေရန် မလိုအပ်၊ စစ်တပ်သည် နိုင်ငံရေးတာဝန်များ မယူ၊ သို့သော် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်တွင် ပါဝင်စွက်ဖက်ခွင့်ရှိမည်၊ စစ်တပ်သည် ၎င်း၏ သြဇာကို တိုက်ရိုက်မသုံး၊ သွယ်ဝိုက်၍သာအသုံးပြုမည်နှင့် စစ်တပ်သည် အမျိုးသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟူ၍ ဖြစ်သည်။

၎င်းအဆင့်သည် အင်ဒိုနီးရှားစစ်တပ်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန်အတွက် အရေးကြီးသော အလှည့်အပြောင်း တခုဖြစ်သည်။ စစ်တပ်၏ တာဝန်နှစ်ရပ်မူကို ပယ်ဖျက်လိုက်သော်လည်း ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်လာခဲ့သည်မှာ ၁၄ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း သိသာသော ပြုပြင်ပြောင်းလဲမှုများ မရှိသေး သည်ကိုတော့ သတိချပ်သင့်သည်။

မြန်မာနိုင်ငံ၏ အင်္ဂလိပ် ကိုလိုနီခေတ်လွန် ကာလကို စစ်တပ်မှ ၆၂ နှစ်ကြာ အမျိုးသားနိုင်ငံရေးတွင် အဓိကမင်းမူခဲ့သော ကာလအဖြစ် မက်ခ်ဒီးန် (Mark Dearn) က သတ်မှတ်ခဲ့သည်။

ပေါ်ထွန်းစ မြန်မာနိုင်ငံမှာ ဂိုဏ်းဂဏ၀ါဒ၊ ပါတီတွင်း ပဋိပက္ခများနှင့် လုံးချာလိုက်နေသည့် ညွှန့်ပေါင်းအစိုးရအုပ်စိုးသည့် “ပါလီမန် ခေတ် (၁၉၄၈ – ၁၉၆၂) ” ဟု ကာလတိုတခု ရှိခဲ့သော်လည်း စစ်တပ်စိုးမိုးမှုသည် ယနေ့အချိန်အထိ ပုံစံမျိုးစုံနှင့် ရှိခဲ့သည်။ မြန်မာ့နိုင်ငံရေးစနစ်သည် စစ်အရာရှိကြီးများက ခြိမ်းခြောက် အကြပ်ကိုင် နည်းလမ်းမျိုးစုံသုံး နိုင်ငံရေးအာဏာ ယူလေ့ရှိပြီး “ကာကွယ်စောင့်ရှောက်သူ”အဖြစ် ပုံဖော်လေ့ရှိသည်။

၂၀၁၁ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြုပြောင်းလဲမှုများသည် အသိအမှတ်ပြုထိုက် သော်လည်း စစ်တပ်သည် နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်နေသည့်အချက်မှာ စိုးရိမ်စရာအချက်ကြီးတခု ဖြစ်သည်။

လွှတ်တော်တွင် အခြေခံဥပဒေက ခွင့်ပြုထားသော စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသည်။ လွှတ်တော်အမတ် အများ စုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်ခိုင်ဖြိုး) အမတ်များဖြစ်၍ လွှတ်တော်တခုလုံး၏ ၆၀ ရာခိုင် နှုန်းရှိသည်။ ဦးသိန်းစိန်သည် တခြား စစ်တပ်အကြီးအကဲ ၂၂ ဦးနှင့်အတူ ပြည်ခိုင်ဖြိုးကိုဦးဆောင်သည်။

တပ်မတော်ကိုယ်စားလှယ်များက ၎င်းတို့သည် သမ္မတ၏ ကြီးကြပ်မှုအောက်တွင် တပြေးညီတာဝန်ထမ်းဆောင်နေပါသည်ဟု ပြောနေချိန်တွင် တိုင်းရင်းသားဒေသတချို့တွင် စစ်ရေးထိုးစစ်မှုများ လုပ်နေခြင်းကြောင့် စစ်တပ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့် အာဏာကို မီးမောင်းထိုးပြသလိုလည်း ဖြစ်နေသည်။

စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေစဉ် တပြိုင်နက် စစ်တပ်အနေဖြင့် သမ္မတ ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးကို သဘာတူလက်ခံဖို့ အရေးကြီးသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ထာဝရတည် တန့်စေရေးအတွက် နိုင်ငံတကာအသိုင်းအ၀န်းသည် စစ်တပ်ပြုပြင်ပြောင်းလဲမှုအတွက် ထိထိရောက်ရောက် ကူညီပေးနိုင်သည့် အချက်ကလည်း အရေးကြီးသည်။

စာရေးသူသည် Institute of Resource Governance and Social Change အဖွဲ့တွင် သုတေသီအဖြစ် ဆောင် ရွက်နေပြီး လက်ရှိတွင် ကမ္ဘာဒီးယားနိုင်ငံ၊ ဖနွိုင်းပင်မြို့တွင် အခြေစိုက်နေထိုင်သည်။ The Jakarta Post သတင်းစာပါ Emanuel Bria ၏ Myanmar and Sustainable Change ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Ref: ဧရာဝတီ

Read More...

ရခိုင် နယ်စပ်ခြံစည်းရိုး တာဝန်ကျ အစိုးရ စစ်သား ၃ ဦး ဖမ်းဆီးခံရ

ငြိမ်းချမ်း
November 8, 2012

ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် ကီလိုမီတာ ၁၇၀ အကွာရှိ နယ်စပ် မိုင်တိုင် ၅၀ နှင့် ၅၂ ကြား မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်တွင် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း၌ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက အစိုးရစစ်သား ၃ ဦးကို ဖမ်း ခေါ်သွားပြီး အရပ်သား တဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်သား ၃ ဦးမှာ တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းမှဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေး လုပ်ဆောင်နေသည့် အဖွဲ့သို့ ရိက္ခာပို့ဆောင်ရန် သွားစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသူမှာ အရပ်သား ဖြစ်ကြောင်း ယင်းအခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့သူ အောင်သပြေရွာသားတဦးက ပြောသည်။

အဆိုပါ အောင်သပြေရွာသားသည် ဗန္ဓုလကျေးရွာရှိ တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် စခန်းတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

“ကျနော်တို့ ရောက်သွားတာက ၆ ရက်နေ့ပေါ့။ တယောက် အသတ်ခံရပါတယ်။ တယောက် အသတ်ခံရတာက သေနတ်နဲ့ ပစ်ခဲ့တာပါ။ နောက် ၃ ယောက်ကိုတော့ ဖမ်းသွားကြပါတယ်။ ဖြစ်တာကတော့ ခြံစည်းရိုးလမ်းမှာပါ။ ခြံစည်းရိုးကာနေတဲ့ လူတွေကို ရိက္ခာပို့ သွားတဲ့အချိန်မှာ ဖြစ်တာပါ။ ဖြစ်တဲ့ အခါကတော့ မမြင်လိုက်ပါ။ လူအလောင်းကို တွေ့ခဲ့ရတာပါ။ သေတဲ့ အလောင်းကိုတော့ သင်္ဂြိုလ်လိုက်ပါပြီ။ ပျောက်နေတဲ့ လူ ၃ ယောက်ကိုတော့ လိုက်ရှာနေကြပါတယ်” ဟု အဆိုပါ အောင် သပြေရွာသားက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တပ်ကြပ်ကြီး နိုင်ထူးအောင်နှင့် ရဲဘော် ၂ ဦးဖြစ်ပြီး သေဆုံးသွားသည့် အရပ်သားမှာ ကိုကျော် ကျော်လှ ဖြစ်ကြောင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) မှ ရရှိသည့် သတင်းအရ သိရသည်။

ဖမ်းဆီးခံရသူများကို နယ်မြေလုံခြုံရေး ယူထားသည့် ဘူးသီးတောင် အခြေစိုက် ခမရ (၅၃၅) မှ လိုက်လံ ရှာဖွေနေကြောင်း သိရှိရသည်။

စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အဆိုပါ လက်နက်ကိုင်အဖွဲ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် Rohingya Solidarity Organization (RSO) အဖွဲ့ဟု ဒေသခံများက ယူဆကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

“ဘယ်သူလဲဆိုတော့ သေသေချာချာ မမြင်လိုက်လို့ မသိရပေမယ့် တပ်မတော်က လိုက်ရှာနေပါတယ်။ ဒီနေ့အထိ မတွေ့ သေးဘူး။ စိတ်ပူနေကြတယ်” ဟု အောင်သပြေရွာသားက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်နယ်လုံခြုံရေး အဖွဲ့က ၎င်းတို့ထံ သတင်းပေးပို့ခြင်း မရှိသေးကြောင်း ဖြေကြားသည်။

မြန်မာနိုင်ငံ နယ်ခြားစောင့်တပ် နစက နယ်မြေ (၁) မှ ဗိုလ်မှူး စိန်သာကျော်က အခင်းဖြစ်ပွားသည့် နေရာအနီး ဘင်္ဂလား ဒေ့ရှ်နယ်စပ် ဒူဆိုးရီ စခန်းအခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)အရာရှိထံသို့ ယမန်နေ့က ဆက်သွယ် အ ကြောင်းကြားပြီး အကူအညီတောင်းခံထားကြောင်း၊ BGB တပ်မှ ဗိုလ်မှူး အမားဘူး ရိုဟာမန်း၏ တပ်မျာကလည်း ဖမ်းဆီး ခံရသူများကို လိုက်လံ ရှာဖွေပေးနေကြောင်း ဒူးဆိုရီ ရွာသူကြီးထံမှ သိရသည်။

ကီလိုမီတာ ၃၀၀ ကျော် ရှည်လျှားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးကို စစ်တွေအခြေစိုက် တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းက လုပ်ကိုင်နေသည်မှာ ၄ နှစ်ကြာပြီဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ကူးစက်ယားနာ ဝေဒနာ ခံစားနေရ

နန်းသီရိလွင်
November 8, 2012

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နိုင်ငံ နယ်စပ်အနီးရှိ မဂါးယန် စစ်ပြေး ဒုက္ခသည် စခန်းတွင် ရေကြောင့်ဟု ယူဆရသော အရေပြားရောဂါ တမျိုး ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ထို မဂါးယန် ဒေသသို့ ၂၀၁၁ ခုနစ် ဇူလိုင်လ ၁၇ ရက် နေ့တွင် စစ်ပြေး ဒုက္ခသည်များ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ပတ်ဝန်းကျင်တွင် ထိုအရေပြားနာများ စတင်ခံစားလာရခြင်း ဖြစ်ကြောင်း စစ်ပြေး ဒုက္ခသည် တဦးက ပြောသည်။

“မိုးရာသီတုန်းက ပိုဆိုးတယ်။ ရာသီဥတု ပူရင်လည်း အဖုတွေ ပိုများလာတယ်။ အခု ဆောင်းရာသီရောက်တော့ နည်းနည်း သက်တာတယ် ဆိုပေမယ့် ဆေးလိမ်းတာ ရပ်လိုက်ရင် ပြန်ဖြစ်တယ်။ ဆေးကလည်း နည်းနည်းပဲ ရတော့ ကလေးတွေကိုပဲ ဦးစားပေး လိမ်းပေးနေရတယ်” ဟု ၎င်းက ဆိုသည်။

အသက်အရွယ်ကြီးသူ လူကြီးများ၏ ခြေချောင်း၊ လက်ချောင်းများ ကြားတွင် အရေကြည်ဖုများ ပေါက်နေကြောင်း၊ ကလေး ငယ်များ၏ မျက်နှာနှင့် ခန္ဓာကိုယ် တခုလုံး ယားနာကဲ့သို့သော အနာများ ဖြစ်ပွားနေကြောင်း သိရသည်။

“ကျမတို့ ဒီကို ရောက်တာနဲ့ ရေကို ကျိုသောက်ဖို့ တအိမ်တက်ဆင်း လိုက်ပြောတယ်။ နေ့တိုင်း လိုက်ပြောရတယ်။ သောက် ရေက ကျိုသောက်လို့ ရပေမယ့် သုံးရေကို ဒီအတိုင်း သုံးနေရတော့ ခုခံအားနည်းတဲ့ ကလေးတွေမှာ အခုထိ ဖြစ်ကြတုန်းပဲ” ဟု မဂါးယန် ဒုက္ခသည် စခန်းမှ ကျန်းမာရေးဆရာမ မသိမ်းဝမ်က ပြောသည်။

အဆိုပါ ကူးစက်ယားနာ အရေပြားရောဂါများ အတွက် Caldryl ဆေးကို လိမ်းဆေး အဖြစ်ပေးနေရပြီး အခြေအနေ ဆိုးဝါး သော ကလေးငယ်များကို ပင်နီဆလင်၊ ဆပ်ဒရာဒင်း စသည့် ဆေးများကို အဆင်ပြေသလို ထိုးပေးနေရကြောင်း၊ သို့ရာတွင် ဆေးဝါး လုံလောက်မှု မရှိခြင်းကြောင့် အမြစ်ပြတ် ပျောက်ကင်းအောင် ကုသမှု မပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

မဂါးယန် ဒုက္ခသည် စခန်းသည် ပင်လယ်ရေပြင်အထက် အမြင့်ပေ ၅၀၀၀ ကျော်တွင် တည်ရှိပြီး စစ်ပြေး ဒုက္ခသည် ၃၀၀၀ ကျော် နေထိုင်လျှက်ရှိရာ သောက်သုံးရေအတွက် တောင်ကျချောင်းရေကိုသာ အားထားနေရကြောင်း၊ ဒုက္ခသည်များသည် တရုတ်နိုင်ငံသို့ သစ်ထုတ်လုပ်တင်ပို့သည့် လမ်းအဖြစ် ဖောက်လုပ်ထားသော လမ်းတလျှောက်တွင် နေထိုင်နေကြရပြီး ရေနှင့် သန့်ရှင်းမှု လုံလောက်စွာ မရရှိကြောင်း၊ ထို့အပြင် သွားလာရန် ခက်ခဲသည့် ဒေသဖြစ်သဖြင့် အနွေးထည်၊ ဆေးဝါးနှင့် တခြား အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့ အကြား စစ်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့် ခဲ့ပြီဖြစ်ကာ ကချင်ပြည်နယ် တ၀န်း စစ်ဘေးရှောင်ဒုက္ခသည် သောင်းချီ၍ ဒုက္ခရောက်လျှက်ရှိသည်။ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း တိကျသေချာသော သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ စစ်ရေးအခြေအနေမှာ တင်းမာလျှက်ရှိနေဆဲဖြစ်သည်။

Ref: ဧရာဝတီ

Read More...

Thursday, November 8, 2012

ခေါ်ဈေး မြင့်၍ အရောင်းပါးနေသည့် “ဗ” အက္ခရာ စလစ်

မြတ်မိုးကျော်(မြစ်မခ)
7 Nov, 2012

စလစ်ဈေးကွက်အတွင်း “ဗ” စလစ်များ ထွက်ပေါ်လာသော်လည်း အရောင်းအ၀ယ် အေးလျှက် ရှိကြောင်း စလစ် အကျိုးတော် ဆောင်များထံက သိရသည်။

“ဗ” အက္ခရာယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံခွင့်ပြုပြီးနောက်ပိုင်းတွင် စလစ်များ ဈေးကွက်အတွင်း ဈေးမြင့် တက်နေခြင်း ကြောင့် အ၀ယ်နည်းနေခြင်းဖြစ်သည်ဟု ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားပွဲစား ကိုဇော် က ပြောသည်။

စလစ်ပေါက်ဈေးများမှာ ခေါ်ဈေးသည် (၈၉)သိန်းနှင့် (၉၃)သိန်းဝန်းကျင်ရှိကြောင်း၊ သို့သော် လက်တွေ့ အရောင်း အ၀ယ် ဈေးနှုန်းမှာမူ သိန်း(၈၀)နှင့် အထက်ပတ်လည် ရှိကြောင်း ၄င်းက ဆက်ပြော သည်။

ထိုမျှ ဈေးခေါ်နေသော်လည်း ၀ယ်ယူသူ နည်းပါးလျက် ရှိနေခြင်းကြောင့် နောက်မကြာမီ အချိန်အတွင်း ဈေး ကျဖွယ်ရှိကြောင်း ၀ါရင့်ကားပွဲစားများက သုံးသပ် ပြောဆိုသည်။ ကားပွဲစားတန်းများ၌ စလစ်ဈေးသာမက ကား အရောင်းအ၀ယ်များပါ ငြိမ်နေ ကြောင်း ကားပွဲစားများထံက သိရသည်။

စလစ်ဈေးများ မာနေသည့်အလျှောက် ကားဈေးကွက်အနေအထားမှာလည်း သိသိသာသာ ပြောင်းလဲမှု မရှိဘဲဈေးကွက်ငြိမ် နေကြောင်း သိရှိရသည်။ ထို့အပြင် “ဘ” ယာဉ်ပိုင်ရှင်များမှာလည်း ကားအပ်နှံခွင့်ရရန် စောင့် ဆိုင်းနေကြောင်း သိရှိရသည်။ သို့ရာတွင် လတ်တလော ထိုကိစ္စနှင့် ပတ်သက်၍ မကြားမိ သေးကြောင်း ကား ပွဲစားများထံက သိရှိရသည်။

ယခုလတ်တစ်လော ကားဈေးကွက် အတွင်း၌ Toyota Ipsum ကဲ့သို့သော ကားများ အ၀ယ်လိုက် နေကြောင်း သိရှိရသည်။

Toyota Provox နှင့် Nissan AD Van ကဲ့သို့သော ၁၃၀၀ စီစီကားများလည်း အလိုက်အထိုက် အရောင်း အ၀ယ်ရှိ သည်။ နယ်အကြိုက်ဖြစ်သော Prodo နှင့် Surf ကဲ့သို့သော ကားများလည်း တစ်ခါတစ်ရံ ရောင်းရသည်ဟု Car Show Room များက သိရသည်။

Ref: မြစ်မခ

Read More...

ဗင်နှင့် ပရိုဗောက်ထက် Sticker ကြော်ငြာ ပိုမိုရရှိနေသည့် ချယ်ရီ

မြတ်မိုးကျော်(မြစ်မခ)
8 Nov, 2012

ချယ်ရီကားများမှာ အခြားကားများထက် ကြော်ငြာခနှုန်းထား ပိုမိုသင့်လျော်ခြင်း ကုမ္မဏီနှင့် ကားသမားများ နှစ်ဖက် အဆင် ပြေခြင်းကြောင့် စတေကာကြော်ငြာ ရရှိမှုမှာ အခြားကား အမျိုးအစား များထက် ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ၀န်ဆောင် မှုပေးသည့် ကုမ္ပဏီများထံက သိရသည်။

လက်ရှိ ကြောငြာကပ်ရန် အပ်ထားသည့်ကား စုစုပေါင်း ခန့်မှန်းချေ (၅၀၀)ခန့်ရှိပြီး ချယ်ရီအစီး (၄၀၀) ခန့်၊ AD Van အစီး (၄၀)ခန့် နှင့် Provox ကားအစီးရေ (၆၀) ခန့် ရှိကြောင်း 39 ကုမ္ပဏီက သိရသည်။

ကျန်ကားများဖြစ်သည့် ADVanနှင့် Provoxကဲ့သို့သော ကားများမှာကားဘော်ဒီဆိုဒ်ကြီးသဖြင့် ကြော်ငြာနှုန်း ထားဈေးကြီးခြင်း ကြောင့် ကြော်ငြာခိုင်းသည့် ကုမ္ပဏီနည်းခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ဆီမှာ ကားကြီးနဲ့ ကားသေးအကုန်လုံး ၀န်ဆောင်မှု ပေးပါတယ်။ ကားတွေကို ပေးတဲ့ ဈေးနှုန်းကတော့ သူတို့ ဘာသာ ညှိကြတာဆိုတော့ ကျွန်တော်တို့ မသိပါဘူး။ လက်ရှိတော့ အစီးရေ (၂၀)လောက် ၀န်ဆောင်မှု ပေးပြီးသွားပါပြီ၊ ကျွန်တော်တို့ က ကြော်ငြာ လာကပ်တယ်ဆိုတာနဲ့ တစ်ခါတည်း အားလုံး အပြီးအစီး လုပ်ပေးပါတယ်၊ က.ည.နမှာ လိုင်စင် ခွန်တို့၊ စည်ပင်မှာ ဒဏ်ကြေး ဆောင်တာတို့ အပြီးပေါ့ဟု ပြောသည်။” ဟု ကြော်ငြာဝန်ဆောင်မှုပေးသည့် Thirty Nine ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် ကြော်ငြာဝန်ဆောင်မှုများ ပေါ်ပေါက်စဉ်ကာလက လူသိနည်းသောကြောင့် ၄င်းကုမ္ပဏီများ ကိုယ်တိုင် ကိုယ်တိုင်သွား ရောက် ၀န်ဆောင်မှုပေးခဲ့ရသော်လည်း ယခုနောက်ပိုင်း လူသိများလာ သောကြောင့် မိမိကား ကြော်ငြာကပ်ရရန်ပင် မရသည့် ကားများပင် အများအပြားရှိလာကြောင်း Taxi သမားများထံက သိရှိရသည်။

“ကျွန်တော့်ကားဆို ကြော်ငြာကပ်ထားတာ လေးနှစ်လောက်ရှိပြီ။ ကျွန်တော် စကပ်တုန်းက တစ်နှစ်ကို သုံးသိန်းခွဲအထိ ရတယ်။ ဒါပေမယ့် အခွန်ကိစ္စကတော့ ကိုယ့်ဘာသာကိုယ် ရှင်းရတယ်။ အခု ကျွန်တော် တစ်နှစ်ကို နှစ်သိန်းခွဲပဲ ရတော့တယ်။ ဒါတောင် ကျွန်တော့်ကားက Van မို့လို့၊ ပြီးတော့ ကားကလည်း အဖြူဆိုတော့ အရောင်မရွေးဘူး။ ဒါပေမဲ့ အခွန်ကိစ္စပိုင်းကျတော့ အစကလို မရှုပ်တော့ဘူး။ သူတို့ဘာသာ ရှင်းပေးတယ်” ဟု Taxi မောင်းသမားတစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။

Taxi အတွင်းပိုင်း ကြော်ငြာများမှာ သောင်းဂဏန်းသာ ရရှိကြောင်းကိုလည်း သိရှိရသည်။ ကားကြီး များဖြစ်သော အဝေး ပြေးယာဉ် များနှင့် မြို့တွင်း Bus Car ကြီးများတွင် ကြော်ငြာကပ်ပါက တစ်နှစ်လျှင် ငါးသိန်းမှ ခြောက်သိန်းဝန်းကျင်အထိ ရရှိကြောင်းကိုလည်း မြို့တွင်း ခရီးသည်တင်ယာဉ်မောင်းနှင်သူ များထံက သိရှိရသည်။

မြန်မာနိုင်ငံတွင် စားသုံးကုန်၊ လူသုံးကုန်နှင့် အခြားကုန်ပစ္စည်းများအား မီဒီယာများ၌ သာမက ကားတင်သွင်းခွင့်မူဝါဒဖြေလျော့ပြီး နောက် များပြားလာသည့် ကားအသစ်များတွင် စတေကာ ကပ်သည့် ကြော်ငြာဝန်ဆောင်မှုမှာ ခေတ်စားလာသည်။

ကြော်ငြာအများစုမှာ ပိုက်ဆံအကုန်အကျနည်း၍ ထိရောက်စွာ ကြော်ငြာနိုင်သော နည်းလမ်းများ အသုံးပြုလာကြရာ ကားများတွင် Sticker များကပ်၍ ကြော်ငြာမှုကို အားထားလာခြင်းဖြစ်သည်။

“ကျွန်တော့်ကားမှာ ကြော်ငြာသွားကပ်တာ ကားက ချယ်ရီဆိုတော့ ကားတစ်စီးလုံးအပြည့်ကပ်တာ တစ်နှစ်ကို နှစ်သိန်း ရတယ်။ သူတို့က တစ်ခါတည်း က.ည.န မှာ လိုင်စင်ခွန်ရယ်၊ စည်ပင်မှာ ဒဏ်ကြေးရယ် အပြီးဆောင် ပေးတယ်။ ကြော်ငြာအတွက် ကတော့ ကျွန်တော်တို့ကပဲ အဲဒါတွေ ၀န်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေဆီကို သွားရတယ်။ ပြီးရင် ကိုယ်ကားအရောင်နဲ့လိုက်ဖက်တဲ့ ကြော်ငြာတွေ သူတို့က ရွေးပေးတယ်။ ကိုယ်ကြိုက်တဲ့ ကြော်ငြာ ကပ်ပေါ့။ အရောင်မကြိုက်သေးရင် ကိုယ့်ကားနံပါတ်ပေးခဲ့ပြီး သူတို့က အဆင်ပြေတဲ့ အချိန် ဖုန်းလှမ်းလှမ်းဆက်ပေးတယ်” ဟု Taxi မောင်းသမားတစ်ဦးဖြစ်သူ ကိုကျော်မင်းက ပြောသည်။

ကားပိုင်ရှင်များလည်း လိုင်စင်ခွန်၊ စည်ပင်ခွန်များ သက်သာသည့်အပြင် ကြောငြာခ အသားတင် ရရှိသဖြင့် ကားတွင် ကြော်ငြာ Sticker ကပ်ရန် ပိုမိုစိတ်ဝင်စားကြလာခြင်းဖြစ်သည်ဟု သိရသည်။

Ref: မြစ်မခ

Read More...

အပေါ်သို့