Friday, November 9, 2012

မိုင်(၄၀)ခရီးကို ဒု-အကြိမ် ခြေလျှင်ချီတက်ဆန္ဒဖော်ထုတ်ကြမည့် မိုးထိမိုးမိလုပ်သားတစ်ရာ

ထက်အောင်ခန့် (မြစ်မခ)
8 Nov, 2012

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့တွင် သုံးကြိမ်မြောက်ဆန္ဒထုတ်ဖော်ပြီးနောက် မိုးထိမိုးမိရွှေလုပ်သား များအား ကုမ္ပဏီမှ ညှိနှိုင်းဆောင်ရွက်ပေးည်ခြင်း မရှိသည့်အတွက် ယနေ့နိုဝင်ဘာ နေ့လည်၁ နာရီခန့်တွင် နေပြည်တော်ရှိ အမှတ်(၂)သတ္တု တွင်းဝန်ကြီး ဌာနရုံး ရှိရာသို့ တူညီဝတ်စုံများဝတ်ဆင်ကာ လမ်းလျှောက် ချီတက် နေပြီ ဖြစ်ကြောင်း ရေလုပ်သားများထံက သိရသည်။

ယခင် ဇွန်လ (၁၁) ရက်နေ့တွင်လည်း မိုးထိမိုးမိမှ ရွှေလုပ်သားများသည် မိုးထိမိုးမိမှ နေပြည်တော်သို့ မိုင် ၄၀ခရီးကို လမ်း လျှောက်ချီတက်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက် လမ်းလျှောက်ချီတက်သည့် ခရီး စဉ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အမျိုးသားကြီးပွားတိုးတက်ရေးအရှေ့မှာ သုံးကြိမ်တိုင်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ကို လစ်လှူ ရှုထားတဲ့ အတွက်ကြောင့် သူ့ထက်မြင့်တဲ့ နေရာကို သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ ဒီအမှန်တရာကို မပေါ် ပေါ်အောင် ဖော်ထုတ် ရမှာဖြစ်ပါတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးစောနောင်က ပြောသည်။

မိုးထိမိုးမိမှရွှေလုပ်သားများမှာ အချက်(၉)ချက်တောင်းဆိုထားပြီး ကုမ္ပဏီမှ လာရောက်ညှိနှိုင်းပေးခြင်း မရှိသည့်အတွက်ကြောင့် ရန်ကုန်တွင်ရှိသော ကုမ္ပဏီသို့ လာရောက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

“ညှိနှိုင်းချင်တယ်ဆိုရင် ရမည်းသင်းမှာ သွားပြီး ညှိနှိုင်းပါ။ အဲ့မှာ ညှိနှိုင်းတဲ့ အဖွဲ့ရှိတယ်။ ရွှေလုပ်သားတွေကို ညှိနှိုင်းဖို့ လွန်ခဲ့တဲ့ (၃၊ ၄) လကတည်းက တရားဝင် စာထုတ်ပေးပြီးသွားပြီ။ ဒီမှာလာပြီး တောင်းဆိုနေရင်လည်း ဘာမှမထူးပါဘူး။ တကယ်တမ်း တောင်းဆိုချင်တယ် ဆိုရင်ရမည်းသင်းမှာ သွားတောင်းဆိုလို့ရပါတယ်။ ကျွန်မတို့ ရန်ကုန်အနေနဲ့ ဘာမှ လုပ်ပေးစရာမရှိပါဘူး။” ဟု အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်နဒီလွင်က ပြောသည်။

အောက်တိုဘာလ(၁၀)ရက်နေ့တွင် တစ်ကြိမ်၊ (၃) ရက်နေ့တွင်တစ်ကြိမ်၊(၈) ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ဆန္ဒထုတ်ပြီးနောက် နေပြည်တော်သို့ လမ်းလျှောက်ချီတက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရွှေလုပ်သားတွေက ဆုံးဖြတ်ပြီးပြီ လမ်းလျှောက်ပြီး ပြန်မယ်။ ဖမ်းချင်ရင် ဥပဒေအရဖမ်းမယ်ဆို လည်းဖမ်း၊ လမ်းမှာ သေရင် လည်းသေပါစေ၊ ကျွန်တော်တို့အသက်တွေ စွန့်လွှတ်ပြီးပြီ ကျွန်တော်တို့မိုးထိမိုးမိ ဒီကုမ္ပဏီရှိနေတဲ့ ကာလပတ်လုံး သေတာမှ ကောင်းသေးတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ရွှေလုပ်သားတစ်ဦးက ပြောသည်။

လမ်းလျှောက်ချီတက်ရာတွင် လူအင်အား(၁၀၀)ခန့်ဖြင့် နှစ်ယောက် တစ်တွဲ လမ်းလျှောက်ချီတက်ခြင်း ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော် အမှတ် (၂)သတ္တုတွင်းဝန်ကြီးဌာနအရှေ့တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး သတ္တုတွင်း ၀န်ကြီးဌာန အရှေ့မှ မိုးထိမိုးမိဒေသသို့ ပြန်လည် လမ်းလျှောက်ချီတက်ကြမည် ဖြစ်သည်။

“ကျွန်တော်တို့က ကုမ္ပဏီအရှေ့မှာ နေ့တိုင်း ဆန္ဒဖော်ဖို့ခွင့်တောင်းပါတယ်။ ခွင့်ပြုမိန့် မရဘူး။ ကျွန်တော်တို့က တတ်နိုင်ရင် နေ့တိုင်းပြချင်တာပါ။ အခုက ကျွန်တော်တို့ကို ၅ ရက် တစ်ကြိမ်ပဲ ခွင့်ပြုတဲ့အတွက် ၅ ရက်ခြား တစ်ခါ ပြရတာပါ။ “ ဟု ရွှေလုပ်သား ခေါင်းဆောင်တစ်ဦးမှ ပြောသည်။

မိုးထိမိုးမိရွှေလုပ်သားများသည် ကုမ္ပဏီမှ တစ်စုံတစ်ရာညှိနှိုင်းဆောင်ရွက်ခြင်းမပြုသရွေ့ ဆက်လက်ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

“သူတို့ လုပ်ကိုင်ပုံတွေမှားနေတာ ကျွန်မတို့အနေနဲ့ ဘာမှ ဆွေးနွေးပေးစရာမလိုဘူး။ လုပ်ပေးသင့်တာ လုပ်ပေး ပြီးသွားပြီ။ သူတို့ ဒီမှာလာတောင်းလဲ ဘာမှ မထူးဘူးပါဘူး။”ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်နဒီ လွင်က ဆက်ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့