Friday, November 9, 2012

သူတို့ပြောသော သူတို့အကြောင်း (Hpyen Num တို့ပြောတဲ့ သူတို့ဘ၀)

ဂျာတော့(ပ်)-ကချင်ပြည်နယ်(မြစ်မခ)
8 Nov, 2012

“ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ်တပ်ကို ကျွန်တော် ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့အသက် (၂၄) နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။

အနော
ပုလိပ်တပ်ကြပ်ကြီး
KIO တပ်မဟာ(၃)

ကချင်လွတ်မြောက်ရေးအဖွဲ့၌ အမျိုးသမီးစစ်သမီးများတာဝန်ထမ်းဆောင်နေရပုံ၊ တာဝန်ထမ်းဆောင်မှုအခြေအနေနဲ့ ၄င်းတို့ဖြတ် သန်း ခဲ့ရသည့် ဘ၀များနှင့်ပတ်သက်၍ သူမက ဆက်ပြောသည်။

ကျွန်တော်တို့ မောင်နှမ (၅) ယောက်ရှိတယ်လေ။ အိမ်မှာ အရမ်း ခက်ခဲတာ။ ခက်လို့ ၁၀ တန်း ရောက်တော့ ကျွန်တော် ကျောင်းမတက်နိုင်တော့ဘူး။ အမေ မုဆိုးမ ကလည်း ဘုရားအမှုဆောင် သင်းထောက်ဆိုတော့ ပိုက်ဆံမရှိဘူးလေ။ ပိုက်ဆံ ရှာမယ်ဆိုပြီး။ ကျွန်တော် နေ့စား လုပ်တယ်။ အဲ့တာလည်း အဆင်မပြေဘူး။ နောက် ရှဂမ်ပါမှာ အလုပ်လုပ်ဖို့ ခေါ်တာပေါ့။ အဲ့တာနဲ့ အလုပ်လုပ်မယ်ဆိုပြီး သွားတာ။ ဂါးရာယန်မှာ အလုပ်ရှင်တွေက လာကြိုတယ်။ နောက် လိုင်ဇာမှာရှိတဲ့ ပုလိပ်တပ်ရုံး ချုပ်ကို ရောက်မှ ကိုယ်က စစ်သားစုဆောင်း ခံရမှန်း သိတာ။ ထွက်ပြေးမယ်လို့ အကြိမ်ကြိမ် စိတ်ကူး… စိတ်ကူး ခဲ့တယ်။ ကိုယ့်ကို ဖမ်းခေါ်လာတဲ့ သူကိုလည်း အကြာကြီးပဲ စကားမပြောဘူး။

အမျိုးသမီးခေါင်းဆောင်

အဲ့ဒီရောက်တော့ စစ်သင်တန်း(၃)လ သင်တန်းယူတယ်။ ပြီးဗဟို ပုလိပ်ရုံးမှာ တာဝန်ကျတယ်။ အမျိုးသမီးအဖွဲ့ရဲ့ အတွင်းရေးမှူး ခန့်အပ်ခံရတယ်။ သင်တန်းမှာ အမျိုးသမီး (၁၀)ဦး၊ ယောက်ကျား (၄၈)ဦး အားလုံးပေါင်း(၅၈)ယောက်ရှိတယ်။ နောက် စစ်ကျောင်း တက်တယ်။ ကျောင်းပြီးတော့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်ဖြစ်လာတယ် ။

ပုလိပ်ရုံးမှာက ဒူအင်ဂျန်းယောနှင့် ဒူခေါန်ဘူတို့ ရှိတယ်။ အဲ့ဒီအောက်မှာ ကိုယ်ပဲ။

တစ်နှစ်ပြည့်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ကျောင်းသားအသစ် ပုလိပ်တွေ ရောက်လာတယ်။ သူတို့ကိုကြည့်ဖို့ ကျွန်တော် လိုင်စင်ကို တာဝန်ကျတယ်။ (၄)လ လောက် နီးပါး တာဝန်ကျတယ်။ တပ်ကြပ် ရာထူး တက်တယ်။ ကျွန်တော် ၀မ်းသာတယ်။ ကျွန်တော့်လိုမျိုးကို ဘုရားက ကြည့်ပါလားပေါ့။ ဘာလုပ်လုပ် ဆုတောင်းတယ်။ နောက် တပ်ကြပ်ကြီး အဆင့်ထိ ရောက်လာ တာ အမေ့ကို သတိရတယ်။ ကျွန်တော် အမြဲ တွေးတယ် သူရဲကောင်းကြီးတစ်ဦးဖြစ်အောင်..။ ပုလိပ် ရဲကြီးဖြစ်အောင် လုပ် မယ်။ ရည်ရွယ်တယ်။

စစ်သမီး ဖြစ်လာတော့ …………….

စစ်ဆေးရတယ်။ ကျွန်တော့်ကို တစ်ချို့လည်း အမြင်မကြည်ကြဘူး။ ပုလိပ်၊ ပုလိပ်ဆိုတဲ့ စကားလုံးကိုလည်း မလိုလားဘူး။ မကြိုက်ဘူး။ ကျွန်တော်က လူတွေကို ဂိတ်မှာ စစ်ဆေးတယ်။ ရိုက်တယ်ဆိုတာလည်း ကိုယ်တွေ့ ကြိုက်လို့ လုပ်တာ မဟုတ်ဘူး။ အထက်က ခိုင်းရင်တော့ လုပ်ရမှာပဲ။

ဘိန်းတွေ တွေ့ပြီး အချုပ်ထဲမှာ ထည့်တယ်။ ထည့်ပြီးတာနဲ့ ကိုယ်က တောင်းပန်တယ်။ စိတ်မကောင်းဘူးလေ။ ဒါက တာဝန် အရပဲ။ မနှစ်တုန်းက ဘိန်းနဲ့ ပတ်သက်ပြီး လူတော်တော် များများကို အရမ်းရိုက်လိုက်မိတယ်။ လက်ရောက်တဲ့ သူတွေကို အားလုံးကိုတောင်းပန်တယ်။ အချုပ်ထဲ ထည့်လိုက်ရင်လည်း သူတို့နေမကောင်းရင် ကိုယ်က ဆေးဝါးဝယ်ပေးပါတယ်။

လူတွေက ပုလိပ်ဆို မကြိုက်ကြဘူး။ မကောင်းတာ တစ်ခုခုဆို ပုလိပ်၊ ပုလိပ်ပဲ။ စိတ်အားငယ်လာတယ်။

KIO မှာလည်း အထက်လူကြီး လာတိုင်း ……………….

လာလာဆူဆူ ။ ဒါတောင် ကိုယ့်ဘက်က လူကြီး မဟုတ်ဘူး။ အဲ့တာ စဉ်းစားရင် စိတ်ပျက်တယ်။ တစ်ခါတစ်လေတော့ စစ်သမီး မလုပ်ချင်တာတွေ ဖြစ်လာတယ်။ စိတ်အားငယ်တယ်။ ဘာဖြစ်လို့ ပုလိပ်ကခွဲခြား ဆက်ဆံတာလဲ။ ပုလိပ်ဆိုတာလည်း စစ်သင် တန်းတက်ပြီးမှ ဖြစ်လာတာပဲ။ ကချင်လွတ်မြောက်ရေးအဖွဲ့က ပုလိပ်ပဲ။

အမြဲ ခွဲခြားထားတော့။ ပုလိပ်တာဝန် ထမ်းဆောင်နေတဲ့ လူကြီး၊ လူငယ်၊ အားလုံးက ကိုယ့်လို စိတ်ရှိပြီး ခံစားရမယ်လို့ထင် တယ်။

ရုံးဝန်ထမ်းချင်းချင်းတွေက မနာလိုတာမျိုးတွေတော့ မရှိဘူး။ ကျွန်တော့်ကိုတော့ လူချစ် လူခင်ပေါတယ်။ အာကုန်လုံးက ခင်ကြ တယ်။ ကျွန်တော့်ကို စစ်တပ်ထဲမှာ ကြိုက်တဲ့ လူလည်း အများကြီးရှိတယ်။ မိန်းကလေးတွေကလည်း ချစ်ကြတာ ရှိတယ်။ ကျွန်တော့်ကို ကြိုက် ကြတာ..။ ကျွန်တော် သိတယ်လေ။ ကိုယ့်က ဘာလဲဆိုတာ သိတယ်။ ကိုယ်က မိန်းကလေးလေ။ ဒါပေမယ့် ကျွန်တော် စတိုင်ကယောက်ကျားလိုပဲ။ ကျွန်တော့် အသံကအစ ယောက်ကျား အသံဖြစ်နေတာ..။

စစ်သားဆိုတော့ ပိုက်ဆံမရှိရင်အာဏာလိုလာတယ်

အရမ်းခက်ခဲတဲ့ချိန်တွေက ကိုယ့်အတွက်အဖော်လိုဖြစ် လာတယ်။ ပြီးတဲ့လဆို ဆပ်ပြာတောင်မသုံးနိုင်ဘူး။ ကျွန်တော် ထွက်ပြေး ချင်တယ်။

စီနီယာ အစ်မတစ်ယောက်ပြောတာကတော့ ကျွန်တော်တို့ စစ်သားဆိုကတည်းက ပိုက်ဆံမရှိရင်လည်း အာဏာရဖို့ လိုတယ်။ ဒါကို ကျွန်တော် ခံယူပါတယ်။ ဟုတ်ပါတယ်..ကျွန်တော်က ကချင်တိုင်းရင်းသားတစ်ဦးပဲ ထွက်ပြေးရင် တာဝန်မကျေရာ ရောက်မှာပေါ့။ ကျွန်တော် အခု ဆုံးဖြတ်လိုက်ပါပြီ ပန်းတိုင်ထိ ရောက်အောင် ကြိုးစားသွားမယ်။ ခက်ခဲတာကို ကျော်ဖြတ်မှ ပျော်တာကို ခံစားရမယ် ဆိုတာ ခံယူတယ်။

တာဝန်ထမ်းဆောင်နေချိန်မှာ အပျော်ဆုံးချိန်က ရာထူးတိုးတဲ့အချိန်ပဲ..။ စစ်သားဆိုတာက ရားထူးတိုးချိန်မှာပဲ ပျော်တာ.. တစ်ခြားချိန်ပျော်တာ မရှိဘူး။

တပ်မဟာ (၃) မှာ ……………..

ဆမားမှာ တာဝန်ကြတယ်။ (၃- ၄)လ ကြာတယ်။ တကယ့် စစ်တိုက်တဲ့ရှေ့တော့ မသွားရပါဘူး။ မသွားခိုင်းလို့ပေါ့။ သွားခိုင်း ရင်တော့ သွားမှာပေါ့။ တစ်ချို့ကတော့ မျိုးချစ်စိတ်သိပ် မရှိကြဘူးထင်တယ်။ ခု ဒီပုလိပ်တပ်မှာ မိန်းကလေး(၄)ယောက်ပဲရှိ တယ်။

ခုဆို Corporal နှစ်ခု ကပ်တာ နှစ်ယောက်။ နှစ်ရစ်က နှစ်ယောက်ပေါ့။ ပုလိပ် အားကုန်လုံးပေါင်းက (၃၀၀)လောက် တော့ရှိမယ်။ ဒီမှာက လူသိပ်မရှိတော့ဘူး။ ဒီတပ်မဟာ (၃) ဌာနချုပ်မှာ အားလုံး (၄၀) ကျော်လောက်တော့ရှိတယ်။

ကျွန်တော် တာဝန်ထမ်းဆောင်တာလည်း (၄) နှစ်ရှိပြီ။ ကျွန်တော့် ပန်းတိုင်ဆိုတာက ကျွန်တော်သွားရမယ့် ခရီးအဆုံးထိ ကြိုးစားသွားမယ်လို့ အနောက ပြောခဲ့ပါတယ်။

ဆက်လက်၍ KIO တွင် စစ်မှုထမ်းဟောင်းအမျိုးသမီး ခေါန်တောင်လည်း သူမ၏ သူငယ်ချင်း(၅)ဦးနှင့်အတူ ကေအိုင်အိုထဲ ဝင်ရောက်ခဲ့ပုံ၊ သူမမိဘများနှင့် အသက်(၁၅)နှစ် စတင်ခွဲခွာစဉ်မှ လက်ရှိ အသက်(၆၀)ကျော်အထိ တစ်ကြိမ်တစ်ခါမှ မဆုံ တွေ့ဘူးကြောင်း ပြောရင်း သူမ၏ အတွေ့အကြုံများအား ယခုကဲ့သို့ ဆိုသည်။

-----------------------------------------------------------------------------------------

ခေါန်တောင် (ရှေ့တန်း ဆေးဆရာမ)

စစ်မှုထမ်းဟောင်းအမျိုးသမီး

၁၉၆၁ ခုနှစ်တွင် KIO သည် ကချင်တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့် အခွင့်အရေးများ အတွက် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ ကချင်လူငယ်အများ စုစည်းကာ ကေအိုင်အိုကို ဖွဲ့စည်းခဲပြီး ထိုအဖွဲ့တွင်ဆယ့်ကျော်သက် မိန်းမပျိုလေးများဟာ စစ်တပ်ထဲကို မည်သူတစ်ဦးတစ်ယောက်၏ တွန်းပို့မှုမပါဘဲ စစ်တပ်ထဲ ဝင်ရောက်လာခဲ့သည်။

“ဟေ့ တောမှာကချင်လူမျိုးတွေ အတွက် တိုက်ပွဲဝင်နေတဲ့ ကချင်တော်ခိုတဲ့အဖွဲ့ရှိတယ်”ဟု ကချင်လူမျိုးစုကြားမှာ သဲသဲပြော ဆိုသံတွေ ထွက်ပေါ်နေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မရန်းကျေးရွာတွင်နေထိုင်နေသည့် အသက်(၁၅)နှစ် အရွယ် ကျောင်းသူမလေး လေးကလည်း တပ်ထဲဝင်ရောက်ခဲ့သည်။

ငယ်ရွယ် ဖျက်လတ်သည့် သူမဟာ ကေအိုင်အိုအဖွဲ့ထဲ ဝင်ရောက်ခဲ့သည့်အချိန်တွင် ပညာမပြည့်စုံသေးပေ။ ထို့အဖြစ်ကို တွေးမိတိုင်း စိတ်ထိခိုက် ဝမ်းနည်းကြောင်း သူမက ပြောသည်။ လွတ်မြောက်နယ်မြေအဖွဲ့ (ကေအိုင်အို)မှလည်း သူမတို့အား အသက် အလွန်အမင်း ငယ်သေးသဖြင့် ပညာဆက်သင်ဖို့ အိမ်ပြန်ရန် ဖျောင်ဖြသော်လည်း သူမနှင့် သူငယ်ချင်းများ၏ ဆုံးဖြတ် ချက်ကိုမှု ပြန်မပြင်ခဲ့ပေ။

“ကေအိုင်အိုထဲ ရောက်တော့ သေနတ်ကိုင်ရတယ်။ ငါတို့မိန်းကလေးတွေကို စတန်းဆိုတဲ့ သေနတ်ပေးကိုင်ကြတယ်။ သေနတ်က တိုတယ်။ ဒီပခုံးမှာ လွယ်ထားလို့ရှိရင် အရမ်း စတိုင်ကျတယ်။ အဲဒီသေနတ် အရမ်းလှတဲ့ သေနတ်လေးပေါ့”ဟု သူမ အပြုံး ချိုချို ပီတိဖြင့် ပြောသည်။

တစ်ကြိမ်မှာတော့ အထက်အမိန့်အရ ရှမ်းပြည်နယ်၊ မြောက်ပိုင်း ဂင်ရောရွာမှ ဂိုင်ဒေါရွာသို့ လျှို့ဝှက်စာပို့ရန် သူငယ်းချင်း တစ်ဦးနှင့် ခရီးဆက်ခဲ့ကြသည်။ ငါးတောင်ဟု ခေါ်သည့် လွယ် ဖျပ် တောင်အရောက်တွင် သေနတ်ပစ်ခက်သံ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ကျည်ဆံတစ်ထောင့် သူငယ်ချင်းထံတည့်တည့်တိုးဝင် လာသည်။

သူမ ကြောက်လှန့်တကြား ခြေဦးတည့်ရာ ခြေလှမ်းကျဲကျဲဖြင့် တောအုပ်ထဲမှ ပြေးလွှားနေခဲ့သည်။ သူစိတ်ထဲမှာ တစ်ခုပဲတွေး နေမိတယ်။ “ငါ့သူငယ်ချင်းဆုံးပြီ”ဟုသာ တစ်လမ်းလုံး အသိစိတ်တစ်ခုလုံး ထိတ်လန့် စိုးထိတ်မှုက လွဲ၍ သူမဘာမှ မသိ တော့ချေ။

သူမပြေးလွားရာမှ သတိရလာချိန်တွင် ညဦးယံ ဖြစ်နေပါပြီ။ သူမတစ်ညလုံး အိပ်မပျော်ခဲ့။ သူ့စိတ်ထဲမှာ သူငယ်ချင်းတွေကို တွေးနေမိသည်။ နံနက် ဝေလီဝေလင်းချိန် သူငယ်ချင်းကို ရှာဖို့ သူထလိုက်သည်။

“ငါ့သူငယ်ချင်း သေနေလို့ရှိရင် ငါဘယ်လိုလုပ်မလဲ။ ကျွန်မ အရူးတစ်ပိုင်းလိုပဲ ခံစားနေ ရတယ်။”ဟု သူမ ပြန်ပြောင်းပြောပြ နေသည်။

သူငယ်ချင်းသည် စမ်းချောင်းနံဘေး သွေးများနှင့် လှဲနေသည်။ မျက်နှာဖြူရော် ဖျော့တော့နေသည့် သူငယ်ချင်းအား သူပြေးပွေ့ လိုက်ကာ စကားတစ်ခွန်းမျှဖြင့် ခွန်အား ပေးနေတော့ သည်။``သူငယ်ချင်းအားတင်းထားပါ။ နင်မသေရဘူး”ဟု သူမတသွက် သွက်ပြောနေမိသည်။

ကျည်ဆံကသူငယ်ချင်း၏ ဘယ်ဘက်ရင်အုပ်ပေါ်မှာ.. ။

သူမ ချက်ခြင်းထလိုက်ကာ ဂင်ရောဘွမ် သို့ နောက်ပြန်ဆုတ်ပြီး အထက်အရာရှိများနှင့်အတူ သူငယ်ချင်းကို သယ်ယူဆေးကုသမှ သူငယ်ချင်းမှာ အသက်ဆက်ခဲ့ရသည်။ ဒါက သူမ အတွက် ထမဦးဆုံးရန်သူနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။ စစ်မှု ထမ်းသက် ကြာလာပြီးနောက် ပိုင်းတော့ သူမထိန့်လန့်ကြောက်လန့်မှုနှင့်အတူ စစ်တွင် မွေ့လျော်ကာ တာဝန်ကျေပွန်သည့် ရှေ့တန်း ဆေးဆရာမ ဖြစ်လာခဲ့သည်။ (၈)နှစ်ကြာရှေ့တန်း စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း သူမတွင် ရာထူးမ ရှိခဲ့ပေ။

ခုတော့ အသက် (၆၀)ကျော် အဘွားခေါန်တောင်သည် လိုင်ဇာမြို့မှာပင် ဘုရားအမှုဆောင် သင်းထောက်တာဝန်ယူကာ အသင်းသူအသင်းများအိမ်တွင် လိုက်လံဆုတောင်းသည့် အလုပ်များနေပါတော့သည်။

ကေအိုင်အိုအတွင် ပထမဆုံး ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး စစ်သမီးများမှာ

ထွယ်ဘူ (Htoi Bu)၊
ပရီထန် (PriHtam)၊
နန်ဆိုင်း (Nang Seng)၊
ဂျာနူး( Ja Nu)
ဒွမ်ဒေါ့ခေါန် (DumdawHkawn)၊
ဆိုင်းတောင် (SengTawng)၊
မခေါကိုင် (Mahkaw Kai)
ရွယ်နူး (Roi Nu)၊
ဂျော်တိန်း (Jaw Ting) တို့ဖြစ်ကြောင်း သိရသည်။

၁၉၆၃ခုနှစ်တွင် စစ်သမီး စုစုပေါင်းအယောက် (၅၀)ခန့်က တာဝန်ထမ်းဆောင်ရန် တစ်ဖက် တစ်လှမ်းမှ ပါဝင်ခဲ့ကြောင်း သိရသည်။

၁၉၆၈ခုနှစ်မူ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ပထမဦးဆုံးအမျိုးသမီးစစ်သင်တန်း(WAC- Women Army Cord)အားအမျိုးသမီး (၁၀)ဦးကျော် ဖြင့် စတင်ခဲ့သည်။ စစ်တပ်တွင် အမျိုးသမီးများသည် အမျိုးသားနှင့်တန်းတူ ပါဝင်ကြိုးပမ်း တာဝန်ထမ်းဆောင် ခဲ့ရသော်လည်း ရာထူးတိုးမြင့်မှုတွင် အခွင့်အလမ်း နည်းပါးခဲ့သည်။

စစ်သမီးများ၏ ရာထူး

လက်ရှိ ကေအိုင်အိုတွင် အမြင့်ဆုံးရာထူးအနေဖြင့် (၃)ပွင့် ….အဖြစ် လဖိုင်တောင်နူး (LahpaiTawng Nu)၊ မရူကော့လိန် (Moiru Kaw Ling)တို့ ဖြစ်သည်။ စစ်သမီးများသည် ကေအိုင်အိုအဖွဲ့၏ ဆေးရုံများနှင့် ရှေ့တန်းဆေးကုသမှုအပိုင်း၊ စစ်ဒုက္ခ သည်များကူညီရေး၊ လူ့အခွင့်အရေးဌာနဆိုင်ရာ၊ လုံခြုံရေး၊ ယဉ်ကျေးမှုဌာနများတွင် တာဝန်ထမ်းဆောင်ရသည်။ ထို့ပြင် ကေအိုင် အို ဌာနချုပ်၏ အနောက်တန်းလုံခြုံရေးကိုလည်း တာဝန်ယူထားရခြင်းဖြစ်သည်။

ယခင် အပစ်အခတ်မရပ်စဲမည် ကာလတိုက်ပွဲတွင် ဗိုလ်ရုထနှင့် ဗိုလ်ထွယ်မိုင်တို့သည် စစ်စွမ်းရည်နှင့် ပြည့်စုံသည့် ထူးချွှန် ထက်မြတ်သော စစ်သမီးများဖြင့်ကျော်ကြားခဲ့သည်။

လိုင်ဇာမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့အစည်းမှ ဥက္ကဋ္ဌဖောင်ရွယ်ခေါန်ဂျာသည် ပထမဦးဆုံး စစ်သမီးသင်တန်းမှအမှတ်စဉ်နံပါတ်(၃) ဖြစ်သည်။ သူမနှစ်အတော်ကြာရှေ့တန်းတွင် ဆေးဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုတိုင် ရာထူးမရှိခဲ့ပေ။

“အမျိုးသမီးတွေဆိုတော့ အိမ်ထောင်ပြုရင် ဒီအမှုကနေ အနားယူလိုက်ရတာ များတယ်။ အိမ်ထောင်မှုတွေနဲ့ဆိုတော့ အမျိုး သမီးအခွင့်အရေးတွေ ကျဆင်းတာပေါ့၊ ကျွန်မတို့ဘက်က တောင်းခံထားတာတော့ရှိတယ်။”ဟု ဆရာမဖောင်ရွယ်ခေါန်ဂျာက ပြောသည်။

အပစ်ရပ်စဲပြီး နောက်ပိုင်းစစ်သမီးများမှာ ရာထူးတိုးမြင့်သည့် အခွင့်အရေးများရရှိခဲ့သည်။

ဆေးတပ်မှ ပင်ဆင်ယူပြီး စစ်သမီးလဖိုင်ထုဘူနှင့် ချမ်းလွမ့်တို့မှာ ဗိုလ်မှူးအဖြစ် စစ်သမီးရာထူးအမြင့်ဆုံးရရှိခဲ့ပြီး ဗိုလ်ကြီးအဆင့်ဖြစ် စစ်သမီးတောင်နူးတို့ ရှိခဲ့သည်။

လက်ရှိအချိန်တွင် ရှေးတန်းထွက် စစ်သမီးများ ရာထူးတက်နှုန်းနည်းခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ရာထူးအာမခံချက်များ ရှိလာကြောင်း အရပ်ဖက်အုပ်ချုပ်ရေးဌာန၊ ဒု-တာဝန်ခံဆလန်က ပါဒွဲပီဆာက ယခုကဲ့သို့ပြောသည်။

“အမျိုးသမီးက နှစ်အတော် ကြာမလုပ်ကြဘူး၊ အဲတော့မပေးဖြစ်ဘူး။ တစ်ချို့ဆေးကျောင်းမှာဆို တစ်သက်လုံး လုပ်မယ်လို့ ဝန်ခံ ဂတိပေးထားကြတယ်။ ဒါပေမယ့် မလုပ်ဖြစ်ဘူး။ နှစ်ရှည်လုပ်လာတဲ့ စစ်သမီးတွေကလည်း ရာထူးပေးပါတယ်”ဟု ဆိုသည်။

ဆက်ပြီး အမျိုးသမီးတွေကို ခုနောက်ပိုင်း အခွင့်အရေးတွေ ပေးကာကျောင်းဆရာမ၊ ဆေးဆရာမ၊ ဖျော်ဖြေရေးအဖွဲ့၊ ရုံးဝန်ထမ်း အဖြစ်အခွင့်အရေးပေးထားကြောင်းလည်း၎င်းက ပြောသည်။

လက်ရှိကေအိုင်အိုတပ်မဟာ(၅)ခုတွင်ဌာနအသီးသီး၊ အဘက်ဘက်မှတာဝန်ထမ်းဆောင်နေသည့်အမျိုးသမီး စုစုပေါင်း(၄၀၀၀) ကျော်ခန့်ရှိပြီး စစ်သမီးမှာ(၈၀၀)ကျော်ခန့်ရှိသည်ဟု သိရသည်။

ကေအိုင်အိုတွင် စစ်သမီးဦးရေစာရင်းကောက်ခံထားမှုကို အတိအကျမလုပ်ထားရသေးသော်လည်း ကေအိုင်အိုအရာရှိ များ၏ ပြောဆိုချက်အရ စစ်မှုထမ်း(၁၀၀)ရာခိုင်နှုန်းတွင်(၁၀)ရာခိုင်နှုန်းမူ စစ်သမီးများဖြစ်ကြောင်း သိရသည်။

KIOအဖွဲ့ကို ၁၉၆၁ခုနှစ်ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ကချင်ကျောင်းသားခေါင်းဆောင်ဇော်တူးနှင့် ဇော်ဆိုင်းတို့နှစ်ဦးက စတင်ဖွဲ့စည်းကာ ကချင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။



Ref: မြစ်မခ

0 comments:

အပေါ်သို့