Monday, November 5, 2012

မြေယာနစ်နာမှုအတွက် စုံစမ်းစစ်ဆေးပေးရန် ချောင်းသာဒေသခံများ မျှော်လင့်

ဇော်မိုး(မြစ်မခ)
5 Nov, 2012

(၂၃)နှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးပြကာ ချောင်းသာကျေးရွာ၌ မြေယာသိမ်းယူရာတွင် ဒေသခံများအနေဖြင့် နစ်နာမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် မျှော်လင့်လျက်ရှိ ကြောင်း ဒေသခံများထံက သိရှိရသည်။

"ဒီက မြေကွက်တွေကို မြို့ပြဖော်ထုတ်ရေး ခေါင်းစဉ်နဲ့ သိမ်းခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်သွားပြီ အခုထိ ချောင်းသာက ကျေးရွာ အဆင့်ပဲ ရှိသေးတယ်။ အာဏာရှိသူတွေနဲ့ နေရာရှိသူတွေက အမျိုးမျိုး သိမ်းယူထားကြတယ်"ဟု ဒေသခံ ဦးသိပ္ပံစိုးက ပြောသည်။

အဆိုပါ မြေယာသိမ်းဆည်ခဲ့ခြင်းများကြောင့် ဒေသခံများကြုံတွေနေရသော အခက်အခဲများကို နိုင်ငံတော်မှ ဖွဲ့စည်း ထားသော မြေယာ သိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လာရောက် စစ်ဆေးဆောင်ရွက်မှု များ ပြုလုပ်ကာဒေသခံ တို့၏ နစ်နာမှုများအား ပြန်လည်ဆောင်ရွက် ပေးစေ လိုကြောင်း မျှော်လင့်မူများနှင့်အတူ ချောင်းသာ၌ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်မှု တစ်ရပ်ကိုလည်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မူအား နိုဝင်ဘာ (၂)ရက်၊ ၂၀၁၂ခုနှစ်တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၅)အရ ပုသိမ်မြို့နယ်ရဲတပ်ဖွဲမှူး၏ ခွင့်ပြုမိန့် အမှတ်၊ ၁/၂၀၁၂၊ ပုံစံ (၇)နှင့်အတူ ဆန္ဒဖော်ထုတ်သူ (၂၀၀)ဦးဖြင့် ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာ၌ မြေယာအချို့ကို ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်များအတွင်း မယက၊ ခယက၊ တိုင်း ဥက္ကဋ္ဌများ၊ ဒုတိယ ဗိုလ်ချုပ်ကြီး များက မြို့ပြမြေကွက်ဖော်ထုတ်ရန် ခေါင်းစဉ်ဖြင့် အဆင့်ဆင့်သိမ်းယူ ကာ ခွဲဝေယူခဲ့ခြင်းဖြစ်ကိုလည်း သိရသည်။

၂၀၀၀-၂၀၀၁ ခုနှစ်မှ ပုဂ္ဂလိကကုမ္ပဏီများမှလည်း တိုင်းစီမံချက်ဟုဆိုကာ ပုစွန်ကန်လုပ်ရန် အဓမ္မ သိမ်းယူခြင်း၊ ၂၀၀၆-၂၀၀၇ ခုနှစ်များမှာ နွားစားကျက်မြေများကို အကြောင်းအမျိုးမျိုးပြ သိမ်းယူခဲ့ခြင်းနှင့် သိမ်းဆည်းမြေများအား လုပ်ငန်းလုပ်ကိုင်ခြင်း မရှိဘဲ လုပ်ငန်းရှင်များမှအဆင့်ဆင့် လက်ဆင့်ကမ်း ရောင်းချမှုများရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

မြို့ပြတည်ဆောက်ရေးအဖြစ် ၁၉၉၇ ခုနှစ်ခုတွင်း သိမ်းယူထားသော မြေကွက်များကို မေ လ(၇) ရက်နေ့မှ စတင်ကာ(၆)လ အတွင်း အပြီးတည်ဆောက်မူ မရှိပါက ပြန်လည်သိမ်းယူ သွားမည်ဖြစ်ကြောင်း၊ ခွင့်ပြုစီမံချက်ပါအတိုင်း တစ်နှစ်တွင်း (၅၀)ရာခိုင်နူန်း မပြီးစီးပါက မြေယာ ဖော်ထုတ်က (၂၀၀၀၀ိ/-) ပြန်မရပဲ ပြန်လည်သိမ်းယူသွားမည်ဟု ၁၉၉၇ ခုနှစ်၊ ဇူလိုင်(၂၅)ရက်နေ့တွင် တ၀တ (ဧရာဝတီ) အတွင်းရေးမှူး ဗိုလ်မှူးထွန်းရှင်၏ ခွင့်ပြုသည့် မြေယာကွက် ချထားမိန့်၌ ဖော်ပြခဲ့သည်။

"ပြီးခဲ့တဲ့ ငါးလပိုင်းကမှ ၆လအတွင်းအပြီး ဆောက်ရမယ်ဆိုပြီး အမိန့်ထုတ်ခဲ့တယ်။ နိုင်ငံပိုင်သတင်း စာတွေရော၊ ကျေးရွာ ဆိုင်း ဘုတ်တွေရော၊ ထုတ်ပြန်ထားတယ်။ ဒါပေမယ့် အကောင်အထည် ဖော်တာ မတွေ့ဘူး။ သူတို့ချထားတဲ့ အမိန့် သူတို့ပဲ ပြန်ဖောက် နေတယ်။ ၁၉၉၇ ခုနှစ် မြေယာ ကွက်ချထား ခွင့်ပြုမိန့် စည်းကမ်းဥပဒေတွေက အသက်မ၀င်ဘဲ ရွာသားတွေပဲ ဒုက္ခရောက် နေရ တယ်" ဟု ဒေသခံ ဦးတင်မြင့်က ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့