Friday, November 9, 2012

ကျူးကျော်နေထိုင်ခွင့် ပါမစ်အတွက် စည်ပင်သို့ စာရင်းပေးသွင်းနိုင်

ယမင်း(မြစ်မခ)
8 Nov, 2012

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ကျူးကျော်နေထိုင်သူများအနေဖြင့် ကော်မတီဖွဲ့စည်းကာ နေထိုင်ခွင့်ပါမစ် ရရှိနိုင်ရန် မြို့တော် စည်ပင်ဌာနသို့ စာရင်းတင်သွင်းထားနိုင်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေကော်မတီ အဖွဲ့က သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်း မြို့နယ်ပေါင်း (၄၅)မြို့နယ်ရှိပြီး မြို့နယ်အသီးသီး၌ ကျူးကျော်နေထိုင်ကြ သူများမှာ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ကျူးကျော်နေထိုင်သူများအနေဖြင့် ကော်မတီဖွဲ့စည်းကာ စည်ပင်ဌာနသို့ စာရင်းပေးသွင်း ထားရန် ဦးအေးသိန်းက တိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"အစည်းအဝေးဆုံးဖြတ်ချက်အရ ကျူးကျော်သမားတွေ အတွက် မြေနေရာပေးမယ်။ သူတို့က ဘယ်နေ့ ရမယ်တော့ မပြောဘူး။ လာတင်ထားလို့ ရတယ်လို့ပြောတယ်။ ကျူးကျော်သမားတွေက လူဦးရေ၊ အိမ်နံပါတ်၊ လမ်းနံပါတ်၊ မိသားစုဦးရေ စာရင်းပြုစုပြီး စည်ပင် ကော်မတီကို စာရင်းပေးသွင်းနိုင်တယ်” ဟု NDF ပါတီမှ တရားလွှတ်တော်ရှေ့နေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေရေးရာ ကော်မတီဝင် ဦးအေးသိန်းက ပြောသည်။

ကျူးကျော်နေထိုင်နေကြရသူများအတွက် စတုတ္ထအကြိမ် တိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေးတွင် ကျူးကျော် ဥပဒေ ရေးဆွဲပြဌာန်းရန် အဆိုကို ဒေါပုံမဲဆန္ဒနယ်အမှတ်(၁)မှဦးသောင်းစိန်က တင်သွင်းခဲ့ကြောင်း သိရှိရ သည်။

၎င်းအဆိုတင်သွင်းချက်ကို လွှတ်တော် ဥက္ကဌ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းလွှတ်တော် ကော်မတီဝင် (၉)ဦးနှင့် မြို့တော်စည်ပင် တွဲဘက်အထွေထွေဗိုလ်မှူးကြီး တင်ထွန်း၊ ဌာနမှူးများ၊ အိုးအိမ်ညွှန်မှူးတို့သည် အောက်တို ဘာ(၂၃)ရက်နေ့တွင် မြို့တော် ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။

"ကျွန်တော်တို့လို ကျူးကျော်နေထိုင်သူတွေကို အခုလိုစဉ်းစားပေးတဲ့အတွက် ၀မ်းသာပါတယ်။ အဆို နေရာတွေကဆို နှစ် ပေါင်း သုံးလေး ဆယ်လောက်ရှိပြီး ဘယ်သူပိုင်တယ်ဆိုတာလည်း မရှိခဲ့မသိခဲ့ကြဘူး။ အခုမှ ဘယ်ကုမ္ပဏီက ပိုင် တယ်၊ ဘာလုပ် ဖို့ သတ်မှတ်ထားတာဆိုပြီး ပြောင်းခိုင်းကြတယ်"ဟု လှိုင်သာယာမြို့နယ် ရွှေလင်းပန်းမှ ဦးစိန်ထွန်းက ပြော သည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်ဌာနအနေဖြင့် ကျူးကျော်နေထိုင်သူများကို မြေဂရန်ချထားပေး နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ကျူးကျော်နေထိုင်သူများ ၁၉၉၁ ခုနှစ်ကထည်းကပင် ရှင်းလင်း ထားမှုများ ပြုလုပ်ခဲ့ကြောင်း မြို့တော် စည်ပင်ဌာနက သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့