Friday, November 9, 2012

အစိုးရက ဖုန်းနံပါတ် ဂဏန်းလှလှလေးများ လေလံတင်တော့မည်

ဉာဏ်ဉာဏ် (မြစ်မခ)
9 Nov, 2012

GSM/WCDMA မိုဘိုင်း တယ်လီဖုန်းများတိုးချဲ့ရာတွင် ဖုန်းနံပါတ်အပူးနှင့် နံပါတ်အလှများအား လေလံစနစ်ဖြစ် ရောင်းချသွား မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယခုလိုရောင်းချရာတွင် GSM ဖုန်း အရှေ့ကုဒ် ၄၂၀ နောက်တွင် အပူး နံပါတ်များ တန်းစီပါရှိမည့် ဖုန်းကတ်များနှင့် အလှ နံပါတ်များကို လေလံတင်လိုခြင်းဖြစ်သည်။

“ဘယ်သူမဆို လေလံလာဆွဲလို့ ရပါတယ်။ တစ်လုံးချင်းစီ ရောင်းပေးမှာပါ။ ကြမ်းခင်းဈေးရယ်လို့ မသတ်မှတ်ထားဘဲ ကနဦး တပ်ဆင်ခ နှစ်သိန်းအပေါ်မှာ သူတို့ စပေးတဲ့ဈေးနဲ့ စမှာပါ။ အများဆုံးပေးတဲ့သူကို ပေးသွားမှာပါ။” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ပထမအကြိမ်လေလံတင်ရောင်းချမှုကို နိုဝင်ဘာလ(၁၅)ရက်နေ့တွင် မန္တလေးမြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာလ (၂၂) ရက်နေ့၌ ရန်ကုန်မြို့ရှိ MICT တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ လေလံစနစ်ဖြင့်ဝယ်ယူရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့် လေလံဝယ်ယူခွင့်ပုံစံများကို နိုဝင်ဘာလ(၁၂) ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ ဆက်သွယ်ရေးရုံးနှင့် မန္တလေးမြို့ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာရုံးတို့တွင် ငွေကျပ် တစ်ထောင်ဖြစ် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။

အဆိုပါ လေလံတင် ရောင်းချရာတွင် ရန်ကုန်မြို့မှာ GSM ဖုန်း အလုံး အရေအတွက်(၂၉)လုံး WCDMA (၃၆)လုံး၊ မန္တလေး မြို့မှာ GSM ဖုန်း အလုံး အရေအတွက်(၃၇) လုံးနှင့် WCDMA(၂၃) လုံးခန့် တို့ကို ရောင်းချ သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့