Wednesday, July 13, 2011

အင်္ဂါချွတ်ယွင်း​သည့်​ ​ရေ​မျော​ရေလုပ်သား​ နစ်နာ​ကြေး​မရ

July 12, 2011
နော်နိုရင်း

ပြီး​ခဲ့​တဲ့​ မတ်လ မိုး​သက်​လေပြင်း​တိုက်တုန်း​က ဘင်္ဂလား​ပင်လယ်ထဲ ၅ ရက်​မျောပါပြီး​ ​ခြေ​ထောက်တဖက် ဆုံး​ရှုံး​ခဲ့​ရတဲ့​ ​ရေလုပ်သား​ ဟာ အလုပ်ရှင်ထံက​နေ နစ်နာ​ကြေး​ မရသလို အလုပ်သမား​ဝန်ကြီး​ဌာနကလည်း​ အလုပ်ရှင်ဘက်က လိုက်ပါ​ပြောဆို​နေတဲ့​အတွက် အဲဒီ​ရေလုပ်သား​ရဲ့​မိသား​စု အခက်​တွေ့​နေကြရပါတယ်။

ပြီး​ခဲ့​တဲ့​ မတ်လက ကျ​ရောက်တဲ့​ မိုး​သက်​လေပြင်း​ကြောင့်​ ဖျာပုံနဲ့​ ဘိုက​လေး​မြို့နယ်ထဲက ​ရေလုပ်သား​ တ​သောင်း​ကျာ် ပင်လယ်ထဲ ​မျောပါခဲ့​ပြီး​ ၆၀၀ ခန့်​ ​ပျောက်ဆုံး​ခဲ့​ပါတယ်။

ဖျာပုံမြို့​ နယ် ခါး​ပြတ်ဘက်မှာ ကျား​ဖောင်​ထောင်တဲ့​ ​ရေလုပ်သား​ ကိုနိုင်ဟာ အဲဒီမုန်တိုင်း​တိုက်ချိန် ပင်လယ်ထဲ ၅ ရက် ခန့်​ ​မျောပါခဲ့​ပြီး​ ဒဏ်ရာအပြင်း​အထန် ရခဲ့​တဲ့​အတွက် ​ခြေ​ထောက်တဖက်ပါ ဖြတ်ခဲ့​ရပါတယ်။

လုပ်ငန်း​ ခွင်အတွင်း​ ဒဏ်ရာရတာ ဖြစ်တဲ့​အတွက် လုပ်ငန်း​ရှင်ကို ​ဆေး​ဖိုး​ဝါး​ခ ကူညီဖို့​ ​တောင်း​ခံခဲ့​ပေမယ့်​ မကူညီသလို နစ်နာ​ကြေး​ ​တောင်း​ခံရာမှာလည်း​ မ​ပေး​ဘူး​လို့​ ​ကော့​မှူး​မြို့နယ်စုကလက်​ရေ​ကျော်ရွာသား​ ကိုနိုင်ရဲ့​ဇနီး​ မဥမ္မာချိုက ​ပြောပါတယ်။

“ကျမတို့​ ​ရေ​မျောတုန်း​က ​ဖောင်ပျက်တဲ့​ထဲမှာ ပါသွား​ပြီး​တော့​ ​ဖောင်က ထိခိုက်ဒဏ်ရာရပြီး​ ​ခြေ​ထောက်တဖက် ဖြတ်လိုက် ရတယ်။ ကယ်ဆယ်​ရေး​တပ်ဖွဲ့က​နေ ပြည်သူ့​ဆေး​ရုံကြီး​ကို တင်ကု​ပေး​ပြီး​တော့​ အဲဒီအပြင်း​အထန် ဒဏ်ရာရတဲ့​ ​နေရာက ဘယ် ဘက်​ခြေ​ထောက်ကို ဖြတ်လိုက်ရတယ်။ အဲ​တော့​ ကျမတို့​က လုပ်ငန်း​ရှင်ကို အမျိုး​မျိုး​ ဆက်သွယ်တယ်။ လုပ်ငန်း​ရှင်က ဘာ တခုမှ ကျမတို့​ဘက်ကို လှည့်​မကြည့်​ဘူး​။ ဆက်သွယ်မှုလည်း​ လုပ်မရ​တော့​ ကျမတို့​လည်း​ အန်အယ်လ်ဒီကို အကူအညီ​တောင်း​ပြီး​တော့​ တင်ပြထား​တယ်။ အဲဒီက​နေတဆင့်​ အလုပ်သမား​ရေး​ဝန်ကြီး​ဌာနကို ​ရောက်သွား​တယ်။ ဒါ​ပေမယ့်​ အလုပ်သမား​ဝန်ကြီး​ဌာနကလည်း​ လုပ်ငန်း​ရှင်ဘက်က ရပ်တည်ပြီး​တော့​ စကား​ပြောတယ်။ ကျမတို့​ဘက်ကို တအား​နှိမ့်​ချပြီး​ ဖိအား​တွေ​ပေး​တယ်။”

ခြေ​ထောက်တဖက် ဆုံး​ရှုံး​ရမှုအတွက် နစ်နာ​ကြေး​အ​နေနဲ့​ ကျပ်​ငွေသိန်း​ ၃၀ ​တောင်း​ခံတာကို လုပ်ငန်း​ရှင်က လက်မခံပုံနဲ့​ လက်ရှိ သူတို့​ မိသား​စု စား​ဝတ်​နေ​ရေး​ အခက်အခဲဖြစ်ရပုံကို မဥမ္မာချိုက အခုလိုရှင်း​ပြပါတယ်။

“ကျမတို့​က သိန်း​သုံး​ဆယ်​တောင်း​ထား​တယ်။ နစ်နာ​ကြေး​အဖြစ် ​ပေး​ပါ​ပေါ့​။ အဲဒါကို သူတို့​က မ​တော်မတရား​ ​တောင်း​တယ်​ပေါ့​။ ရပိုင်ခွင့်​ရှိတာ၊​ သုံး​၊​ ​လေး​သိန်း​ပဲ ရပိုင်ခွင့်​ရှိတယ်။ ဒီ​ခြေ​ထောက်တ​ချောင်း​ကို ဘယ်​လောက်​ပေါ့​။ ​ခြေဆစ်တဆစ်ကို ဘယ်​လောက် တွက်ပြတယ်။ ကျမတို့​အတွက်​တော့​ ​ခြေ​ထောက်တဖက် ပျက်သွား​တာ ဘဝတသက်လုံး​စာကို ​တောင်း​တာ​ပေါ့​။ က​လေး​လေး​ယောက်လည်း​ ကျန်​နေခဲ့​တယ်။ က​လေး​တွေရဲ့​ အနာဂတ်အတွက် ကျမအမျိုး​သား​က ပိုက်ဆံ သိန်း​ ၃၀ ​တောင်း​တာ။ အခုလည်း​ ကျမတို့​ အမှုနဲ့​ပတ်သက်လို့​ အလုပ်သမား​ဝန်ကြီး​ဌာနက မဟုတ်တဲ့​စကား​တွေနဲ့​ ကျမတို့​ကို အချိန်​တွေကို ကြာမြင့်​အောင် ဆွဲ​နေသလိုပဲ။ ကျမတို့​ကို အခု​နေ​တော့​ ရွာက​နေ ဝိုင်း​ဝန်း​ကျွေး​မွေး​ ​စောင့်​ရှောက်​နေတယ်။”

ရေ​မျောပြီး​ ပြန်လာတဲ့​ ​ရေလုပ်သား​တွေကို အလုပ်ရှင်တချို့​က လစာ​တွေ ပြန်ထုတ်​ပေး​ကြ​ပေမယ့်​ တချို့က လုပ်ငန်း​ပါ ပျက်သွား​မ​လောက်ဖြစ်တာ​ကြောင့်​ လစာမ​ပေး​နိုင်ဘဲ ​နေ့​စဉ်စား​ဝတ်​နေ​ရေး​ ​ပြေလည်​အောင်သာ လုပ်​ဆောင်​ပေး​ကြပါတယ်။

ပင်လယ်ထဲ​ မျောပြီး​ ဒဏ်ရာရသူ​တွေကို နိုင်ငံ​တော်နဲ့​ ငါး​လုပ်ငန်း​ဦး​စီး​ဌာနက တဦး​ကို ကျပ်​ငွေ တ​သောင်း​စီ ​ထောက်ပံ့​ခဲ့​ပြီး​ ​သေဆုံး​သူ​တွေအတွက် လုပ်ငန်း​ရှင်​တွေက တဦး​ကို တသိန်း​ခွဲစီ ​ထောက်ပံ့​ဖို့ဆုံး​ဖြတ်ပြီး​ သုံး​သုတ်ခွဲ​ပေး​မယ်လို့​ ကတိပြုထား​ပါတယ်။

ဒီအ​ခြေအ​နေ​ တွေနဲ့​ ပတ်သက်လို့​ ဖျာပုံမြို့ လုပ်ငန်း​ရှင်တဦး​က “လုပ်ငန်း​ရှင်​တွေမှာလည်း​ စား​ဝတ်​နေ​ရေး​တွေက ​တော်​တော်အခက်အခဲ တခုလိုဖြစ်​နေကြတာ။ ဒီ​လောက်ကြီး​ကျ​တော့​လည်း​ ​ပေး​နိုင်မယ်လို့​ ကျ​နော်​တော့​ မထင်ဘူး​။ ဘာလို့​လဲဆို​တော့​ အသက်ဆုံး​ရှုံး​တဲ့​လူ​တောင်မှ တစ်သိန်း​ခွဲဆိုတာ ​တော်​တော်ဖျစ်ညှစ် လိုက်ရှာပြီး​ ​ပေး​ကြကမ်း​ကြတယ်။ တချို့ ​ပြေလည်တဲ့​လူကျ​တော့​လည်း​ လွယ်လွယ်ကူကူ​ပေး​နိုင်ပါတယ်။ ပစ္စည်း​မဆုံး​ရှုံး​ရင်​တော့​ ဒီလုပ်ငန်း​က ​လော​လောဆယ် မ​ပေး​နိုင်ဘူး​ဆို ​တောင်း​ပန်လို့​ရတယ်။ ​နောက်လ​လောက်ဆို လုပ်ငန်း​ရာသီ ပြန်စ​တော့​မယ်။ ပွဲရုံ​တွေက​နေ ပိုက်ဆံပြန်ထုတ်လို့​ ရကြတာ။ အခုက သူတို့​လုပ်ငန်း​တွေလည်း​ ဆုံး​ရှုံး​တယ်။ ပစ္စည်း​တွေလည်း​ ဆုံး​ရှုံး​တော့​ သူတို့​မှာ ထူ​ထောင်ဖို့​တောင် မလွယ်ဘူး​ဖြစ်​နေတယ်” လို့​ ​ပြောပါတယ်။

ပျောက်ဆုံး​ ရေလုပ်သား​ ​ခြောက်ရာခန့်​အနက် သီရိလင်္ကာနိုင်ငံက ၁၃၀ ခန့်​ ကယ်တင်ထား​တာကို မြန်မာအစိုး​ရဘက်က ဆယ်ပုံတပုံခန့်​သာ ​လေယာဉ်နဲ့​ပြန်​ခေါ်​သေး​ပြီး​ ကျန်သူ​တွေကို အစိုး​ရက ပြန်လည် မ​ခေါ်နိုင်​သေး​ဘဲ သီရိလင်္ကာမှာပဲ ​သောင်တင်​နေကြပါတယ်။

လေပြင်း​ ကြောင့်​ ကျား​ဖောင်နဲ့​ ငါး​ဖမ်း​ပိုက်​တွေအပါအဝင် ပျက်စီး​ဆုံး​ရှုံး​မှု တန်ဖိုး​ဟာ ကျပ်သန်း​ပေါင်း​ ၆ ​ထောင်​ကျော်တယ်လို့​ ဖျာပုံမြို့ ကျား​ဖမ်း​ပိုက်အသင်း​က ခန့်​မှန်း​ထား​ပြီး​ လာမယ့်​နှစ်မှာ အရင်လုပ်ငန်း​တွေရဲ့ တဝက်နီး​ပါး​လောက်သာ ပြန်လုပ်နိုင်​တော့​မယ်လို့​ ​ရေလုပ်ငန်း​ရှင်​တွေက ခန့်မှန်း​ပြောဆို​နေကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့