Tuesday, April 22, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၆ /၀၄ /၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၁)ရက် ၁၃၇၀ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁)ရက်

အထူးကြေညာချက် - ၆ /၀၄ /၀၈

၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက် နေ့တွင် ဥပဒေအမှတ် - ၁/၂၀၀၈ ဖြစ်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။

၂။ ယင်းဥပဒေ၏ အခန်း(၅)၊ မဲစာရင်းများပြုစုခြင်း ပုဒ်မ-၁၁(ဃ) ၌၊
“ အောက်ပါပုဂ္ဂိုလ်များကို မဲစာရင်းတွင် ထည့်သွင်းခြင်း မပြုရ-

(၁) သာသနာ့ဝန်ထမ်းများ၊
(၂) စိတ်ပေါသွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊
(၃) ပြစ်မှုတစ်ခုခုကြောင့် တရားရုံး၏ အမိန့်စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူများ၊
(၄) ပြည်ပသို့ တရားမ၀င်ရောက်ရှိနေသူများ၊
(၅) နိုင်ငံခြားသားများ၊”
ဟုလည်းကောင်း၊

အခန်း(၆) ဆန္ဒမဲပေးခြင်း ပုဒ်မ- ၁၄(က)၌၊
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ပြုစုသောမဲစာရင်း၌ ပါဝင်သူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသည်။”
ဟုလည်းကောင်း ပြဋ္ဌန်းထားပါသည်။

၃။ သို့ပါ၍-
(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်၊

(ခ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာသန်းငြိမ်း (ကျောက် တန်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဒေါ်မေ၀င်းမြင့် (မရမ်းကုန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်)၊

(ဂ) မန္တလေးတိုင်းစည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးသန်းလွင်( မတ္တရာမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)၊ မန္တလေးတိုင်းစည်းရုံးရေးအဖွဲ့ ဦးကံထွန်းနှင့် မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ဝင်းမြမြ၊

(ဃ) ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး အစရှိသည်များ၊

(င) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တာဆီးခြင်း၊ ထိန်းသိမ်းခြင်းခံထားရသူများနှင့် ပြစ်ဒဏ်ချမှတ်ခံထားရခြင်းမရှိပဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း ခံနေ ရသူများ၊

တို့သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအရ မဲစာရင်းတွင် ပါဝင်ရမည့်သူများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ကြ ပါသည်။ ဤပုဂ္ဂိုလ်များသည် မဲစာရင်းတွင် ၎င်းတို့၏အမည် ပါဝင်ရန်လည်းကောင်း၊ ဆန္ဒမဲပေးနိုင်ရန်လည်း ကောင်း၊ ဥပဒေပြဋ္ဌန်းချက်များအရ အာဏာပိုင်တို့၏တာဝန်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၁၀-၄-၀၈ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ၊
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့

0 comments:

အပေါ်သို့