Tuesday, January 13, 2009

ရခိုင် အဖွဲ့ချုပ်ဝင် တဦးကို ထောင် ၁၅ နှစ် ထပ်တိုး

Monday, 12 January 2009

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်ကို စစ်အစိုးရက ထောင်ဒဏ် ၁၅ နှစ် ထပ်မံတိုးလိုက်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

အဆိုပါ ကိုမင်းအောင် အသက် ၃၆ နှစ် ကို လွန်ခဲ့သည့် ဒီဇင်ဘာလလယ်က အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် ၁၅ နှစ် ထပ်မံ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ကိုမင်းအောင်၏ မိခင် ဒေါ်စောဖြူက ပြောသည်။

“သူ့ကို ထောင် ၁၅ နှစ် တိုးတယ်တဲ့၊ ကလေးထောင်ကနေ တမူးကို ခေါ်ပြီးတရားစွဲပြီး တိုးလိုက်တာတဲ့၊ အန်တီတို့ကိုလည်း အသိမပေးဘူး၊ ထောင်ဝင်စာ သွားတွေ့တုန်းက သားက ပြောလိုက်တာ၊ သူ့ကို ဒီဇင်ဘာ လ ၁၀ ရက်နေ့ ရုံးတင်တယ်တဲ့၊ ၁၇ ရက်နေ့ အမိန့်ချတယ်၊ တမူးမှာ ၁၅ ရက်လောက် ကြာတယ်တဲ့”ဟု ဒေါ်စောဖြူက ဧရာဝတီသို့ ပြောပြသည်။

၎င်းကိုမင်းအောင်ရှိရာ ကလေးမြို့ထောင်သို့ ထောင်ဝင်စာတွေ့ရန် ဒီဇင်ဘာ ၂၅ ရက်မှစတင် သွားရောက် ရာ ဒီဇင်ဘာ ၃၀ ရက်တွင်မှ ကလေးကိုရောက်ရှိပြီး တွေ့ဆုံခွင့်ရကြောင်း၊ ယင်းသို့တွေ့ဆုံစဉ် ကိုမင်းအောင် က ပြောကြားလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ဒီက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ လိုက်သွားတယ်၊ တောင်ကုတ်ကနေ ရန်ကုန်၊ မန္တလေး၊ မန္တလေးကနေ မုံရွာ၊ အဲဒီကမှ ကလေး၊ ကလေးကို ၃၀ ရက်နေ့ ရောက်တယ်၊ အဝေးကြီး၊ ကားနဲ့သွားရတယ်၊ လေယာဉ်စရိတ် မတတ်နိုင်ဘူး၊ အသွားအပြန် ၈ ရက်၊ ၉ ရက်လောက်ကြာတယ်၊ စရိတ်က ၂ ယောက်သွားတာ၊ ၃ သိန်း လောက်ကုန်တယ်၊ သားအတွက်တော့ အစားသောက်နဲ့ အ၀တ်အစား နည်းနည်းပါးပါးပဲပေးခဲ့နိုင်တယ်၊ ထောင်ဝင်စာက တရက်ပဲ” ဟုလည်း ဒေါ်စောဖြူက ဆက်လက်ပြောဆိုသည်။

ကိုမင်းအောင်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ လလယ်ခန့်တွင် စစ်အာဏာပိုင်များက ၎င်း၏ နေအိမ်မှ ဖမ်းဆီး၍ သံတွဲမြို့နယ် တရားရုံးတွင် ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ် ၂ နှစ် အထိ လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးစဉ် မည်သည့်အတွက်ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူကြောင်းကို အာဏာပိုင်များက အသိပေးခြင်းမရှိခဲ့ဟု မိခင် ဒေါ်စောဖြူက ပြောပြသည်။

ဒေါ်စောဖြူက “ပထမ သူ့ကို ထောင် ၉နှစ်ခွဲ ချတာ၊ နောက် ၂ နှစ်ပဲကျန်တယ်၊ အခု တနှစ်ကျော်ပြီ လာမယ့် အောက်တိုဘာဆို ၂ နှစ်ပြည့်မယ်၊ ၂ နှစ်ပြည့်ခါနီးမှ အခု ၁၅ နှစ် ထပ်ချတာ၊ အန်တီတော့ ဘယ်လို ပြောရ မှန်းကို မသိပါဘူး”ဟုလည်း ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့အထိ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၆၂ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားသည်။ ။



ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့