Wednesday, February 4, 2009

ရန်ကုန်ဘိန်းမှုတွင် နာမည်ကြီး စီးပွားရေးသမားများ ပတ်သက်နေ

Tuesday, 03 February 2009

ရန်ကုန်ရှိ ဘီအမ်အီး ကလပ်ပိုင်ရှင် ဦးအိုက်ဟော့၏ တပည့်တချို့ကို ယခင်အပတ်က စင်ကာပူသွားမည့် သင်္ဘောပေါ်တွင် ဘိန်းဖြူဖမ်းမိသည့် အမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားကြောင်း ဦးအိုက်ဟော့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရသည်။

ယခင်အပတ်က မြန်မာပြည် အေးရှားဝေါလ်ကုမ္ပဏီပိုင် ဆိပ်ကမ်းတခုမှ စင်ကာပူနိုင်ငံသို့ ထွက်ခွာမည့် ကုန်တင်သင်္ဘော တစီးပေါ်တွင် ဘိန်းဖြူ ၂၉ ကီလိုဂရမ်ထက် မနည်း ဖမ်းဆီးရမိခဲ့သည်။ ဦးအိုက်ဟော့သည် အေးရှားဝေါလ်ကုမ္ပဏီ၏ အစုရှယ်ယာဝင်တဦးဖြစ်သည်။

ဦးအိုက်ဟော့သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၏ ငွေမည်းခဝါချမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေသည်ဟု ဆိုကြသည်။ ၎င်းသည် UWSA ဥက္ကဌ ဦးပေါက်ယူချန်း၏ သားမက်ဖြစ်ပြီး အသက် ၄၀ ကျော် အရွယ်ဖြစ်သည်။

ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၏ အဆိုအရ ဦးအိုက်ဟော့ကို ရန်ကုန်မြို့ရှိ ကျောက်မျက်ရတ နာ အရောင်းပွဲတော်ကဲ့သို့သော စီးပွားရေးသမားများ ကျင်လည်ရာ အသိုင်းအဝန်းတွင် မကြာခဏတွေ့ရ ကြောင်း သိရသည်။

ဦးအိုက်ဟော့သည် UWSA ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းအချိတ်အဆက်များအတွက် အဓိကနေရာမှ ပါဝင် ဆောင်ရွက်ပေးနေသူဖြစ်ပြီး စစ်အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တဦးဖြစ် သည်။

၎င်းသည် ရန်ကုန်အဲဝေး၊ ဟိုတယ်လုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများကို တရားဝင် လုပ် ကိုင်လျှက်ရှိပြီး ၂၀၀၃ ခုနှစ်က ငွေမည်းခဝါချမှုဖြင့် အပိတ်ခံခဲ့ရသော မြန်မာမေဖလားဝါးဘဏ်၏ အရေးကြီး သည့် တာဝန်ယူထားသူတဦးဟု နာမည်ကြီးသည်။

ဦးအိုက်ဟော့ကို တရုတ်ပြည် ယူနန်နယ်အတွင်းရှိ လောင်လင်ဒေသတွင် မွေးဖွားပြီး ဆယ်ကျော်သက် အရွယ်တွင် မြောက်ပိုင်းရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တာမိုးညဲဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း ထိုင်း နိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောပြသည်။

“ကျနော်သိသလောက်တော့ သူက နိုင်ငံကူးလက်မှတ် ၂ ခုကိုင်ထားတာပဲ။ တရုတ်နဲ့ မြန်မာပေါ့” ဟု ဦးစိန်ကြည်က ဆိုသည်။

အေးရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူဖမ်းဆီးရမိသည်နှင့် တရက်တည်း လှိုင်သာယာ FMI အိမ်ရာ၌လည်း ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာရဲစခန်းမှ အတည်ပြုပြောကြားသည်။

ယခင်အပတ်က ဖမ်းဆီးရမိသည့် ဘိန်းဖြူကိစ္စနောက်ဆက်တွဲကို မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့က ဆက်လက် စုံစမ်းလျှက်ရှိသည်။ ဘိန်းဖြူကုန်သွယ်မှုတွင် စစ်အစိုးရ၏ အကြီးပိုင်းတာဝန်ရှိသူများနှင့် ထင်ရှားသော စီးပွားရေးသမားများ ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ရသည်။

ယခုအခါ မူးယစ်ဆေးဝါးမျိုးစုံသည် မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်းနှင့် တရုတ်တို့မှ နယ်စပ်ကို ဖြတ်ကျော်ကာ နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ ဝင်ရောက်နေသကဲ့သို့ ပြည်တွင်းမှတဆင့် ပြည်ပသို့ ပင်လယ်လမ်းကြောင်းနှင့် ကုန်းလမ်း နှစ်မျိုးစလုံးနှင့် ဘိန်းကုန်သွယ်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ ဘိန်းကုန်သွယ်မှုများပြုလုပ်ရန်မှာ စစ်အစိုးရ တာဝန်ရှိသူများ မပါဝင်ဘဲမဖြစ်နိုင်ကြောင်း အများက ယူဆနေကြသည်။

တချိန်တည်းတွင် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆန့်ကျင်ရေး အေဂျင်စီ၏ အစီအရင်ခံစာ၌ မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။

စစ်အစိုးရသည် ဒီဇင်ဘာလအတွင်းက အေးရှားဝေါလ်နှင့် ရွှေတောင် အပါအဝင် ကုမ္ပဏီ ၄ ခုကို ဝ၊ ကိုးကန့် ဒေသ၌ ဘိန်းစိုက်ပျိုးရန် ခွင့်ပြုထားကြောင်း ၎င်းကုမ္ပဏီများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုမှ ကြားသိရ သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင်လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ပြီး ၎င်းကုမ္ပဏီကို အမေရိကန်နိုင်ငံက ငွေကြေးနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူထားသည်။

ရွှေတောင်ကုမ္ပဏီမှာ ယခင်က အာရှဓနဘဏ် လုပ်ငန်းလုပ်ကိုင်ပြီး ယခုအခါ ဆောက်လုပ်ရေး၊ သစ်ထုတ် လုပ်ရေး၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများ လုပ်ကိုင်သည့် ဘိန်းဘုရင်တဦးဟု ကြော်ကြားခဲ့သော ဦးအိုက်ထွန်းပိုင် ကုမ္ပဏီ ဖြစ်သည်။ အာရှဓနဘဏ်ကို ၂၀၀၃ ခုနှစ်က ငွေမည်းခဝါချသည့် ကိစ္စကြောင့် အပိတ်ခံခဲ့ရသည်။

အတည်မပြုနိုင်သည့် သတင်းရပ်ဝန်းများ၏ အဆိုအရ လက်ရှိအနေအထားတွင် ရှမ်းပြည်နယ်အတွင်း ယခင် က ဘိန်းစိုက်ပျိုးခဲ့သည်ဟု လူသိများသော ဒေသများတွင် မစိုက်ပျိုးတော့ဘဲ လူသိနည်းသည့် ဒေသများတွင် ဘိန်းကို အကြီးအကျယ် စိုက်ပျိုးနေသည်ဟု သိရသည်။

ယခင်က ဘိန်းအထွက်များသော ဒေသများမှာ ဝ နယ်အတွင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်းဒေသ၊ မိုင်းကိုင်ဒေသတို့တွင် ဖြစ်ပြီး ယခုအခါ လူသိနည်းသော ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးနေသည်ဟု ကြားသိရသည်။

ယခုအခါ ရှမ်းပြည်ဒေသတွင် ဥစားစီပီကြက်မွေးမြူရေးလုပ်ငန်းများကို ဒေသခံစားသုံးသူ လိုအပ်ချက်ထက် ကျော်လွန်၍ မွေးမြူလျှက်ရှိသည်။ ဘိန်းစိုက်ပျိုးရေးတွင် ကြက်ချေးကို မြေသြဇာအဖြစ် အသုံးပြုပါက ဘိန်းဆီပိုမို အထွက်ကောင်းသောကြောင့်ဖြစ်ကြောင်း နားလည်သူများက သုံးသပ် ပြောဆိုသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့