Tuesday, March 31, 2009

အန်ဂျီအိုများ ကူညီသည့်တိုင် ဧရာဝတီတိုင်းတွင် ရေခက်ခဲ

မတ်လ(၃၁) ရက်၊ ၂၀၀၉

လေဘေးဒဏ်သင့် ဧရာဝတီတိုင်းအတွင်းတွင် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပုဂ္ဂလိက အလှူရှင်များက ကူညီနေကြ သော်လည်း ရေရရှိရေး အခက်အခက်များ ရှိနေသေးကြောင်း ဒေသခံများက ပြောပြကြသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ခါးပြတ်ကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာမှ ရွာသားတဦးက “ကျနော်တို့ရွာက ပင်လယ်နဲ့ အရမ်းနီးတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ရွာက ရေကန်တွေ ဆားငန်ရေဝင်ပြီး ပျက်ကုန်တယ်။ ခုချိန်ထိ ပြန်မပြုပြင်နိုင်သေးတော့ သောက်ရေသုံးရေ အခက်အခဲ ဖြစ်ရတယ်” ဟု ပြောသည်။

သောက်ရေအတွက် ၎င်းတို့ရွာကို အိုင်အန်ဂျီအိုတခု (Merlin) က လူတယောက် တနေ့ ရေ (၃) လီတာ တန်ဖိုးအားဖြင့် တရက် (၁၄ဝ) ကျပ်နှုန်း ထောက်ပံ့ကြောင်း၊ အဆိုပါငွေကို ရွာရှိ လူ (၁ဝ) ယောက်ကျော်ပါသည့် ကော်မတီက စီမံခန့်ခွဲပြီး အန်ဂျီအိုများ ခွင့်ပြုသည့်သူများထံမှ ရေပြန်ဝယ်ရသည့်အတွက် အဆင်မပြေကြကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ကျေးရွာအနေဖြင့် ထောက်ပံ့ငွေ ရပြီးနောက် အဆိုပါငွေကို ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ပါဝင်သည့် ကော်မတီက ရေဝယ်ယူရေးကို စီမံခန့်ခွဲကြောင်း၊ သို့သော် ရေကို ကိုယ့်ဖာသာကိုယ် သင့်တော်ရာ ဈေးနှုန်းသက်သာရာတွင်ဝယ်၍ မရဘဲ အန်ဂျီအိုများ အသိအမှတ်ပြုသူထံမှသာ ဝယ်ရကြောင်း၊ ထို့အပြင် ရေကို မကြိုက်ပါက ငြင်းပယ်ပိုင်ခွင့်ရှိသော်လည်း ငြင်းပယ်မှုလုပ်သည့်အခါ အဆိုပါ ရေလာပို့သူများက မှန်မှန် လာမပို့ကြကြောင်း ပြောသည်။

ထို့ကြောင့် တခါတရံ ရေပြတ်လတ်ပြီး အခက်အခဲဖြစ်ရကြောင်း၊ သုံးရေနှင့် ပတ်သက်၍လည်း ရွာက အနည်းငယ် သုံး၍ရသေးသည့် လက်ကျန် ရေတွင်း ရေကန်များက မနက် (၇) နာရီမှ (၈) နာရီအထိ တကြိမ်၊ ညနေ (၄) နာရီမှ (၅) နာရီအထိ တကြိမ် ခွဲတမ်းဖြင့် ခပ်သုံးရသည့်အတွက် လုံလောက်မှုမရှိကြောင်း အဆိုပါ လေယာဉ်ကွင်းကျေးရွာမှ ရွာသားက ဆက်လက်ပြောကြားသည်။

အခြားရွာသူရွာသားများကလည်း မုန်တိုင်းကြောင့် ရေငန်ဝင်ပြီး ပျက်စီးသွားသည့် ၎င်းတို့ရွာက ရေတွင်းရေကန်များ ကို အဓိက ပြုပြင်ပေးမှသာ လာမည့်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ဧရာဝတီတိုင်းအတွင်းက လေဘေးသင့်ဒေသများ ယခုကဲ့သို့ သောက်ရေသုံးရေ ရှားပါးခြင်းကြောင့် သုံးရေရနိုင် သည့် အနီးဆုံးနေရာများကို လှေများဖြင့် သွားရောက် သယ်ယူနေကြရပြီး အချို့သုံးရေ ရရှိရာ နေရာများသည် ရွာနှင့် ရေလမ်းခရီး (၆) နာရီကြာခန့် ကွာဝေးကြောင်း သိရသည်။

သောက်ရေသုံးရေ ရှားပါးခက်ခဲနေသော်လည်း အိုင်အန်ဂျီအိုများအနေဖြင့် ရေသန့်ဆေးပြားများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားနိုင်သည့်အတွက် ဝမ်းရောဂါကဲ့သို့ ရေမသန့်ရာမှ ရသည့်ရောဂါများ ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခြင်း မရှိသေးဟု သိရသည်။

ထို့အပြင် အန်ဂျီအိုများ၏ မိုဘိုင်းဆေးခန်းလေးများက လေဘေးဒဏ်ခံ ကျေးရွာများအတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးနေ၍ ဖြစ်ကြောင်း သိရသည်။ သို့သော် လာမည့် မေလ (၁၂) ရက်မှစ၍ လပွတ္တာမြို့နယ်အတွင်း က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုဘိုင်းဆေးခန်း (၁ဝ) ခုအနက် (၈) ခု ထွက်ခွာသွားရမည်၊ ကျန်သည့် (၂) ခုမှာမူ သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် အာဏာပိုင်များ၏ ညွှန်ကြားချက်ကြောင့် လေဘေးဒဏ်ခံ ဒေသက ရွာသူရွာသားများ စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့