Thursday, May 28, 2009

အင်းစိန်ထောင်ရှေ့မှာ ဒေါ်စု လွတ်မြောက်ရေး လူတဦး ဆန္ဒပြ

ကြာသပတေးနေ့၊ မေလ 28 2009 14:30 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရန် ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ အင်းစိန်ထောင်ရှေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ယနေ့ ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသည်။

Free Daw Aung San Su Kyi ဟူသည့် စာသားများ အပါအဝင် တောင်းဆိုချက်အချို့ကို ၂ ပေပတ်လည်ရှိ ပိတ်စအဖြူပေါ်တွင် ရေးသားကိုင်ဆောင်ကာ အသက် ၅ဝ နှစ်ကျော် နိုင်ငံရေးသားဟောင်း ဦးဇော်ညွန့်က ဆန္ဒပြသဖြင့် လုံခြုံရေးအာဏာပိုင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မျက်မြင်သက်သေတဦးက “အမေစုကို ချက်ချင်း ပြန်လွှတ်ပေးပါ။ အောက်က Free Daw Aung San Su Kyi ဆိုတဲ့ စာသားတွေ အချက် ၄ ချက်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ မျက်မြင်သက်သေ၏ ပြောဆိုချက် ……..

အခု ၁ နာရီခွဲလောက်မှာပဲ။ ဒီနေ့ လူတယောက်က ဆန္ဒပြတာလေ။ အင်းစိန်ထောင်ရှေ့မှာ ဆိုင်းဘုတ်ကိုင်ပြီးတော့ ဆန္ဒပြတယ်။ Banner စ အဖြူ ၂ ပေ ပတ်လည်လောက် ရှိမယ်။

soft pen (ဆော့ဖ်ပင်) နဲ့ ရေးထားတယ်။ ၅ မိနစ်လောက်ပဲ၊ လက်မြှောက်ပြီး ဆန္ဒပြတယ်။ ဖတ်လို့ မရလိုက်ဘူး။ သူတို့က ချက်ချင်း ခေါ်သွားပြီ။ သူ့ကို အင်းစိန်ဈေးအပေါ်ထပ်ကို ခေါ်သွားပြီ။

သူ့ကို အခုပဲ ရဲတွေရော အက်စ်ဘီတွေ၊ ကြံ့ဖွံ့တွေရော အယောက် ၂ဝ လောက်က ဆွဲခေါ်သွားပြီ။ ကျမတို့ ထိုင်နေတဲ့ နေရာကနေပြီးတော့ ဈေးပေါ်ကို ဆွဲတင်သွားပြီ။ အောက်မှာက ရဲတွေ အသင့်အနေအထား စောင့်နေတဲ့ ပုံစံပဲ။

အခုက အထဲကနေပြီးတော့ ပုံစံကြည့်ရတာ ညွန်ကြားချက်တွေရှိပြီး၊ ရဲတွေ လက်နက် အပြည့်အစုံနဲ့ အင်အားပြနေတဲ့ ပုံစံပေါ့လေ။ အခု လောလောဆယ် ဖြစ်နေတယ်။ ရာဂဏန်းလောက် ရှိမယ်။ ဒီက လူတွေကိုလည်း ပြဿနာရှာနေတဲ့ ပုံစံပဲ။

မျက်မြင်သက်သေ နောက်တဦး၏ ပြောဆိုချက် …..

လူတွေကတော့ အေးဆေးပဲ ထိုင်နေကြတယ်။ သူတို့ဘက်ကသာ ဒီကလူတွေကို ပြဿနာ ရှာချင်တဲ့ပုံ ရှိနေတယ်။

လောလောဆယ် ရဲကား ၃ စီး ထည့်ထားတယ်။ ထောင်ကားက ၂ စီး ရှိတယ်။ ပိတ်ထားတဲ့ နေရာမှာလည်း ရပ်စောင့်နေတာ မဟုတ်တော့ဘူး။ မီးသတ်ရှေ့မှာလည်း ၇ဝ လောက် ရှိတယ်။ မျက်နှာချင်းဆိုင်မှာ အသင့်အနေအထား ရှိနေတယ်။ ဒီနေ့က ထောက်လှမ်းရေးတွေလည်း များတယ်။

အခုက ဈေးအပြင်ဘက်ကို ခေါ်ထုတ်သွားပြီ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့