Thursday, May 7, 2009

ပြန်တိုက်မည်လော၊ အညံ့ခံမည်လော

Wednesday, 06 May 2009

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အဖို့ ပို၍ ဂနာမငြိမ် စိုးရိမ်ဖွယ် ဖြစ်လာသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက အမှန်တကယ် ငြိမ်းချမ်းရေး မဟုတ်သော်လည်း တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် အပစ် အခတ် ရပ်စဲပြီး၊ တစုံတရာ တည်ငြိမ်မှု ရှိခဲ့သည်။ တချိန်က မြန်မာ စစ်အစိုးရကို လက်နက် စွဲကိုင် တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့ အများစုက အပစ်အခတ် ရပ်စဲခဲ့ကြပြီ ဖြစ်ပြီး၊ အဖွဲ့ အနည်းစုသာ ဆက်လက်၍ တိုက်ပွဲဝင်နေကြသည်။ အပစ်ရပ် အဖွဲ့များက လက်နက် ဆက်လက် ကိုင်စွဲ ထားသော်လည်း၊ တိုက်လို ခိုက်လိုစိတ် နည်းပါးနေပြီကို တွေ့ကြရပြန်သည်။


လာမည့်နှစ် တချိန်ချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားသည်နှင့် အညီ၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေ အတိုင်း ဆက်လက် နေထိုင်ရန် မဖြစ်နိုင်ကြတော့ပါ။ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည့် အလားအလာနှင့် တိုး၍ ရင်ဆိုင် နေကြရသည်။ စစ်အစိုးရက ၎င်း၏ တချိန်က ရန်သူများကို နိုင်ငံရေး ပါတီများ ဖွဲ့ရန်၊ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် တိုက်တွန်းနေသည်။ တချို့ အဖွဲ့များကလည်း စိတ် မတက် မကြွ တုံ့ပြန်ကြပြီး၊ အချို့ကလည်း ဖိအားကို တုံ့ပြန် ရင်ဆိုင်ရန်အတွက် ပြင်ဆင်နေကြသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကပ်လျက်ရှိသော မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှ ကချင်၊ ကိုးကန့်၊ ၀ အဖွဲ့များက စစ်အစိုးရ၏ တောင်းဆိုချက်များကို အမျိုးမျိုး တုံ့ပြန်ခဲ့ကြသည်။ ကချင် လက်နက်ကိုင် အဖွဲ့များက အရံ ပါတီ တခုကို ဖွဲ့၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေကြချိန်တွင်၊ ကိုးကန့်အဖွဲ့က ကျေးဇူးတင်သည်ဟု ဆိုခဲ့ကြသည်။ သို့သော်လည်း အမှန် တကယ် ကျေးဇူးတင်ခြင်း ဟုတ်ချင်မှ ဟုတ်ပေမည်။ နေပြည်တော်ရှိ မြန်မာ စစ်ဗိုလ်ချုပ်များ မျက်နှာ မညိုစေချင် သောကြောင့်သာ ဖြစ်ပါ လိမ့်မည်။

အခြားတဘက်တွင်မူ ၀အဖွဲ့က စစ်အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်ကို ပို၍ ပြောင်ပြောင် တင်းတင်း ဆန့်ကျင်၍ ရပ်တည်နေသည်။ စစ်အစိုးရက ရန်လို စစ်ဖြစ်နေရမှုများ အဆုံးသတ် နိဂုံးချုပ်စေရေး အတွက် ရွေးကောက်ပွဲဖြင့် လုပ်ဆောင်နိုင်မည် ဟု ယူဆနေသော်လည်း ၀ တပ်ဖွဲ့က အလားတူ ယူဆခြင်း မရှိပေ။

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တွင် စစ်သည်အင်အား နှစ်သောင်း ၀န်းကျင် ရှိသည်။ UWSA သည် ဗမာ လူမျိုး အများစု ကြီးစိုး ချယ်လှယ်ခဲ့သည့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) မှ ခွဲထွက်ကာ ပြာပုံမှနေ၍ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က ပြန်လည် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဗကပ ထံမှ ခွဲထွက်ပြီး များမကြာမီပင် အပစ် အခတ် ရပ်စဲ ရေး သဘောတူညီချက်ကို ယခင်က စစ် ထောက်လှမ်းရေးမှူးချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် လက်မှတ် ရေးထိုးလိုက်သည်။ ဗိုလ်ချုပ်ခင်ညွန့်သည်၂၀၀၄ ခုနှစ်တွင် စစ်အစိုးရ အတွင်း သဘောထားကွဲလွဲမှုများ ပေါ်လာပြီးသည့်နောက်တွင် ဖယ်ရှား ဖြုတ်ချခံရသူ ဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာစစ် အစိုးရနှင့် ၀ တပ်ဖွဲ့ ဆက်ဆံရေး အေးစက်လာပြီး၊ အဖု အထစ်များ ရှိလာသည်။

မကြာသေးမီ ကာလ အတွင်း ဤတင်းမာမှုများ ပို၍ ပြင်းထန်လာသည်။ ၀တပ်ဖွဲ့များ စစ်ပြန်ခင်း ကြတော့မည်လော ဟု စိုးရိမ်ဖွယ် သတင်းများလည်း ပေါ်ထွက်လာသည်။ သို့သော်လည်း ၀ ပြည် နှင့် နယ်စပ် ကပ်လျက်ရှိသော ယူနန် ပြည်နယ်ရှိ တရုတ် အရာရှိများ၏ အဆိုအရ သူတို့က နှစ်ဘက်စလုံးမှ စိုးရိမ်မှုများ ပြေလျော့ လာစေရန် ကြိုးပမ်း လုပ်ဆောင် နေကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ပို၍ တောင်ပိုင်းကျသော နေရာများတွင် အခြေ အနေက ပို၍ ထွေပြားနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ အခြေ အနေပေါ် မူတည်၍ အမျိုးမျိုး အဖုံဖုံ ဖြစ်နေကြသည်။

အပစ်ရပ်ခြင်း မရှိသေးသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA) က ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ကျင်းပခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်း အနားတွင် ရွေးကောက်ပွဲကို ဆန့်ကျင်၍ ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံက မြန်မာ စစ်အစိုးရ ကိုယ်စား ကြားဝင် ဆောင်ရွက်ပေးမည် ဆိုသော်လည်း SSA ၏ ရပ်တည်ချက် ပြောင်းသွားဖွယ် မရှိပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် ၀တပ်ဖွဲ့များနှင့် ထိုင်းနိုင်ငံ အကြား ဤ SSA အဖွဲ့က ကြားခံ အနေဖြင့် ရပ်တည် ပေးနေသောကြောင့် ထိုင်းတို့က တည်ငြိမ်ရေးကို လိုလားနေသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ကလည်း ရွေးကောက်ပွဲကို အတု အယောင်ဟု ရှုတ်ချ ပြောဆိုခဲ့သေးသည်။ KNU သည် စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်သော အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။ သို့သော်လည်း KNU အဖွဲ့ မှာ တစတစ ပြိုကွဲနေသည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ၎င်းတို့၏ လက်နက်ကိုင် တော်လှန်ရေး အဆုံးသတ်စေရန် ထိုင်းနိုင်ငံ၏ ဖိအား ပေးမှုများကိုလည်း တိုး၍ ကြုံတွေ့ နေရသည်။

မွန်သူပုန်များက ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့် ကင်းကင်းရှင်းရှင်း နေသော်လည်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် တိုးတက်မှုများကိုမူ အနီးကပ် လေ့လာအကဲ ခတ်နေသည်။ မွန်သူပုန်များသည် စစ် အစိုးရနှင့် ၁၉၉၆ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်၊ ထိုင်းနိုင်ငံမှ ထောက်ပံ့ရေး ပစ္စည်းများ၊ အခြား လက်နက် ခဲယမ်းများ မှီခိုနေရဆဲ ဖြစ်သည်။

စိတ်ပျက် မွန်းကျပ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အတွက် ရွေးကောက်ပွဲက မည်သို့ မည်ပုံ ကြမ္မာ ဖန်လာမည်ကို အတိအကျ ပုံဖော်၍ မရနိုင်သေးပေ။ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းကို ပြင်ဆင်ရန် ကြံစည်ထားသည့် စစ်အစိုးရ၏ ရည်ရွယ်ချက် ကြီးလှသည့် အစီအစဉ်ကြောင့် ရှိနေပြီးသား မကျေနပ် နာကြည်းစိတ်များ အနည်ထလာနိုင်သည်။ မြန်မာနိုင်ငံ နယ်စပ်တရိုး မကြုံစဖူး တည်ငြိမ်နေသည့် ကာလ တခုသည်လည်း အကြီးအကျယ် ပြောင်းလဲလာဖွယ် ရှိနေပါတော့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ

ကချင် လွတ်လပ်ရေး တပ်မတော် KIA (Kachin Independence Army)
၁၉၉၃ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား (လက်နက်ကိုင် စစ်သား)။ ၄၀၀၀ မှ ၅၀၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA (United Wa State Army)
၁၉၈၉ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား (လက်နက်ကိုင် စစ်သား)။ ၃၀၆၀၀ (အငြိမ်းစားယူထားသူများ အပါအ၀င်)
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S (Shan State Army -South)
အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါ။
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) KNU (Karen National Union)
အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါ။
လက်ရှိအင်အား ။ ၃၀၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

မွန်ပြည်သစ်ပါတီ NMSP (New Mon State Party)
၁၉၉၅ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၇၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။

ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K (New Democratic Army-Kachin)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၅၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် PSLA (Palaung State Liberation Army)
၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ မြန်မာ စစ်အစိုးရထံ လက်နက်ချပြီး၊ လက်နက်ဖြုတ်သိမ်းထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိ သဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည်။

ကချင် ကာကွယ်ရေး တပ်မတော် KDA (Kachin Defence Army)
၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၈၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိ သဘောထား။ မဆုံးဖြတ်ရသေး။

မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်များ တပ်မတော် MNDAA (Myanmar National Democracy Alliance Army)
၁၉၈၉ ခုနှစ်၊ မတ်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၆၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ။

အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (National Democratic Alliance Army)
၁၉၈၉ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၁၂၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N (Shan State Army-North)
၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၁,၄၀၀

ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (ပီအန်အို) Pa-O National Organization (PNO)
၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၈၀၀

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) SNPLO (Shan Nationalities People Liberation Organization)
၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၂၅၀

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF (Karenni Nationalities People Liberation Front)
၁၉၉၄ ခုနှစ်၊ မေလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

ကယန်းပြည်သစ်ပါတီ KNLP (Kayan New Land Party)
၁၉၉၄ ခုနှစ်၊ ဇူလိုင်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) KNPP (Karenni National Progressive Party)
အပစ်အခတ် ရပ်စဲရေး မပြုရသေး။
လက်ရှိအင်အား ။ ၈၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) DKBA (Democratic Karen Buddhist Army)
၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလတွင် အပစ်အခတ်ာရပ်စဲရေး သဘောတူညီခဲ့သည်။

* အချက်အလက်၊ ကိန်းဂဏန်းများကို (နအဖ) စစ်အစိုးရ၊ တိုင်းရင်းသား အင်အားစုများနှင့် ဧရာဝတီ သတင်းဌာန၏ ရင်းမြစ်များမှ ရယူပါသည်။

ဧရာဝတီအဖွဲ့သားများ ရေးသားသည့် To Fight or Not to Fight ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့