Friday, July 3, 2009

နအဖအတွက် တောခြောက်ပေးရာ ရောက်လိမ့်မယ်

ရဲဘော်ဖိုးသံချောင်း
၂ ဇူလိုင် ၂၀၀၉

မျက်မှောက်ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဆုံချက်ဟာ နအဖ စစ်အစိုးရက အတင်း ချီတက် နေတဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဆန့်ကျင်သူများနဲ့ ထောက်ခံသူများ အကြားက ပဋိပက္ခဆိုရင် မမှားပါဘူး။ ဒီဟာကို ထပ်ပြီး အသေးစိတ် ထောက်ပြရရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အကောင်းမြင်သူနဲ့ ဆန့်ကျင်သူတွေရဲ့ ပဋိပက္ခလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းတာ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို သက်သေထွက်ခွင့် မပေးတာတို့က အစ လူတွေ တဖမ်းတည်း ဖမ်းနေတာ၊ ရယက ရုံးထဲမှာ သေအောင် ရိုက်တာ စတာတွေဟာ ဒီပဋိပက္ခရဲ့ ဖော်ပြချက်တွေ ဖြစ်ပါတယ်။ တပါတည်းမှာ ပြောသင့်တာက ဒီတလော ပေါ်ပေါက်လာနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အယူအဆ အမျိုးမျိုးပဲ ဖြစ်ပါတယ်။ ဒါတွေဟာလည်း အဲဒီပဋိပက္ခ ပတ်လည်က မုန်တိုင်း မဟုတ်တောင် လေပွေလေးတွေလို့ ဆိုနိုင်ပါတယ်။

ဒီကာလမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတာ၊ အာရုံစိုက်ခံရတာ တခုက ဦးဝင်းတင် ပြောတဲ့ နိုင်ငံရေးသစ် ဆိုတာဖြစ်ပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးသစ် ဆိုတာကို အနက်ဖွင့်ရာမှာ “သူတို့ကတော့ ရွေးကောက်ပွဲ တင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲ ဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ ဖြစ်ဖြစ် ဆွဲခေါ်တော့မယ်” လို့ အစချီခဲ့ပါတယ်။ ဒါပေမယ့် နအဖနဲ့ နီးစပ်တဲ့ “ပညာရှင်” တဦးကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာမခံချက် မရှိဘူး။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အခြေခံဥပဒေ အာမခံချက် ရှိတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်က သူ့ရဲ့နိုင်ငံရေးသစ်အတွက် နိုင်ငံရေး အင်အားစုတွေ အသံညီဖို့ လိုတယ်လို့ပြောပါတယ်။ ဆိုလိုတာ ညီညွတ်ရေး၊ အတိုက်အခံတွေ ဘက်က ညီညွတ်ရေးရှိဖို့ လက်တွေ့ ကျတယ်လို့ သူထင်တဲ့ နည်းလမ်းတခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်။

ဦးဝင်းတင်က လူတွေကို မကြောက်တရားနဲ့ စွန့်လွှတ်မှု ရှိကြဖို့ လှုံ့ဆော်ပါတယ်။ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ “ပညာရှင်” ကတော့ ရွေးကောက်ပွဲ ဝင်ခိုင်းရုံမက ရွေးကောက်ပွဲ အပြီးမှာ အသစ်တက်လာတဲ့ နအဖရဲ့ စစ်အုပ်စု ချုပ်ကိုင်မှုအောက်က အစိုးရက နိုင်ငံရေး လှုပ်ရှားမှုတွေကို ဖိနှိပ်တာ၊ အန္တရာယ်ပေးတာတွေ လုပ်လာရင် ဒါဟာ “အသစ်ဖြစ်လာတဲ့ နိုင်ငံရေးစနစ်က ခွင့်မပြုတာ မဟုတ်ဘဲ အုပ်ချုပ်ရေး ယန္တရားရဲ့ အသွင် ကူးပြောင်းရေး မပီပြင် သေးတာပဲဖြစ်မယ်” ဆိုပြီး ရွေးကောက်ပွဲလွန် ဖိနှိပ်မှုတွေ အတွက်တောင် ကြိုတင် ရှေ့နေ လိုက်ပေးလိုက် ပါသေးတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကိုပဲ အချိန်မရွေး အာဏာသိမ်းခွင့် ရှိနေမယ့် နောင်တက်လာမယ့် အစိုးရကို ထင်ရာစိုင်းခွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ဒီ “ပညာရှင်” ဟာ အဲဒီအင်တာဗျူးမှာ “နိုင်ငံရေးကို အန္တရာယ် ကင်းကင်းနဲ့ ကိုယ်က လုပ်ချင်တယ် ဆိုခဲ့ရင်၊ ဒါကို လုပ်မယ်ရည်စူးရင် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းကို သာမန်အားဖြင့် အသိပေးရန် မလိုသော်လည်းပဲ အခုအချိန်မှာ trust (ယုံကြည်မှု) တည်ဆောက်တဲ့ အနေနဲ့ အသိပေးလိုက်ခြင်း အားဖြင့် သူတို့ အနေနဲ့လည်းပဲ အသွင် ကူးပြောင်းရေးကို အလွယ်တကူ ကူးပြောင်းလို့ ရမယ်” လို့ ပြောပါသေးတယ်။ ဒါဟာ အဏာပိုင်တွေ ကိုယ်တိုင်ကတောင် မတောင်းဆိုဘဲနဲ့ ကိုယ်ကသွားပြီး သွားဖြီးလေးနဲ့ မျက်နှာချိုသွေးဖို့ ပြောသလို ဖြစ်နေပါတယ်။ နောက်ပြီး ပိုအရေးကြီးတာက စစ်အစိုးရ ဘက်က ဒီနေ့အထိ ယုံကြည်မှု တည်ဆောက်တဲ့ လက္ခဏာ ဘာတခုမှ မပြသေးဘူး ဆိုတဲ့ အချက်ကို ဒီ “ပညာရှင်” တွေ ဘာမှ မပြောကြဘဲ တခြားနိုင်ငံရေး အင်အားစုတွေက စစ်အစိုးရ ယုံကြည်အောင် လုပ်ပြရမယ်လို့ တောင်းဆို နေပါတယ်။ စစ်အစိုးရက ယုံအောင် လုပ်ရမယ်ဆိုတာ ဘာလုပ်ရမှာလဲ။ စစ်အစိုးရကို၊ စစ်အာဏာရှင် စနစ်ကို မဆန့်ကျင်ပါကြောင်း ယုံကြည်အောင် လုပ်ရမှာလား။

သူရဲ့ဒီစကားကိုလည်း ဆက်နားထောင်ကြည့်ပါ။ “ထိုင်းနိုင်ငံမှာ ထိုင်းတပ်မတော်က ဝင်ရောက် စွက်ဖက်တာဟာ အာဏာ သိမ်းတာမဟုတ်ဘူး၊ အာဏာဖြုတ်တာပဲ။ - - - - ဒါဟာ ထိုင်းစစ်တပ်ရဲ့ ရင့်ကျက်မှုကို ဖော်ပြတာပဲ” တဲ့။ ဒီလိုဆိုလိုက်တာဟာ နောင်ဗမာပြည် နိုင်ငံရေးမှာ စစ်တပ်က ဘာမဆို ဝင်လုပ်နိုင်တယ်။ အာဏာ သိမ်းတာလောက်ကတော့ ထမင်းစား ရေသောက်ပဲလို့ စစ်တပ်လုပ်သမျှ ထောက်ခံဖို့ လမ်းခင်းထားတာ မဟုတ်လို့ ဘာများ ဖြစ်ရအုန်းမှာလဲ။

သူနဲ့ တချိန်တည်းလိုလိုပြောခဲ့တဲ့ တခြား “ပညာရှင်” တယောက်နဲ့ သူတို့ချင်း အပြောတူ နေကြတဲ့ အချက် တခုလည်း တွေ့ရပါတယ်။ အဲဒါကတော့ ဗမာပြည် ပြည်သူ လူထုဟာ အသိပညာ နိမ့်ကျသေးတယ်။ ဒါကြောင့် ပညာပေးဖို့ လိုသေးတယ်။ နောက်ပြီး အဲဒီလို အသိပညာတွေ ရှိမှပဲ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် မဲပေးနိုင်မယ်၊ လူရွေးချယ်နိုင်မယ် ဆိုတာပါပဲ။ သူတို့က ပြည်သူ လူထုဟာ သူတို့ရွေးချယ်မယ့် ပါတီ ဒါမှမဟုတ် ကိုယ်စားလှယ်၊ ဒါမှမဟုတ် ခေါင်းဆောင်ကို သူ့ပေါ်လစီ ဝါဒတွေကို သေချာ လေ့လာ နားလည်ပြီး မဲပေးတာမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ပညာလို-အိုသည်မရှိ ဆိုသလို လူတိုင်း တသက်လုံး ပညာကို ဆည်းပူး နေရမှာပါ။ ဒါပေမယ့် ဒီနေ့ ဗမာပြည်မှာ ကြုံတွေ့နေရတဲ့ အနေအထားမှာ မေးစရာ ဖြစ်လာတာက ပြည်သူလူထုဟာ ပညာရေချိန် နိမ့်ကျကြလို့ ဒီအာဏာရှင်တွေကို မင်းမြှောက် ထားတာလား။ ၁၉၉ဝ ပြည့်နှစ်တုန်းက ပြည်သူ လူထုဟာ အသိရေချိန် နိမ့်ကျလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲတွေ ပုံအော ထည့်ခဲ့ကြတာလား။ ဒီနေ့ အခြေအနေမှာ အမှားအမှန် မခွဲနိုင်တာ၊ လူဆိုးလူကောင်း မခွဲနိုင်တာဟာ ပြည်သူလူထုလား အဲဒီ “ပညာရှင်” လို လူတွေလား ဆိုတာပါပဲ။ ဗမာပြည်လို အင်မတန် ရက်ရက်စက်စက် အဖိနှိပ်ခံနေရတဲ့ နိုင်ငံမှာ ပြည်သူလူထုရဲ့ အသိဆိုတာ အသည်းနှလုံး ကတဆင့် လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါဟာ ပညာရှင်တွေပေးမယ့် အသိထက် အများကြီး လေးနက်ပါတယ်။

နောက်မေးစရာ တခုကလည်း အင်မတန် ဒီမိုကရေစီ ထွန်းကားပါတယ် ဆိုဆို၊ လူနေမှု အဆင့်အတန်း မြင့်ပါတယ်ပဲ ပြောပြော အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာရော မဲပေးသူတိုင်းဟာ ပေါ်လစီတွေ၊ လုပ်ငန်းစဉ်တွေကို ဖတ်ပြီး၊ လေ့လာပြီးမှ ပေးတယ်လို့ ဆိုချင်တာလား။ အဲဒီနိုင်ငံက သာမန်လူတွေမှာ နိုင်ငံရေး ဗဟုသုတ၊ နိုင်ငံရေး ပထဝီအသိ စတာတွေကို စိတ်မဝင်စား၊ မလေ့လာလို့ ဘာမှမသိသူတွေ အများကြီးဆိုတာ မကြားဖူး လေရော့သလား။ အိုဘားမား ရရှိခဲ့တဲ့ လူမည်းတွေရဲ့ မဲတွေထဲမှာ လူမည်းမို့ ပေးတဲ့ မဲဟာ ရာခိုင်နှုန်း မနည်းဘူးဆိုတာ မမေ့သင့်ပါဘူး။

ဗမာပြည်သားတွေဟာ ကနေ့ပညာရေးရေချိန်ထက် နိမ့်ကျတဲ့ ရေချိန်နဲ့ အင်္ဂလိပ်ကိုလိုနီကို တွန်းလှန်ခဲ့ကြ၊ ဂျပန်ဖက်ဆစ်ကို တွန်းလှန် ခဲ့ကြတာပါ။ အင်္ဂလိပ် အလိုတောရိ ဆိုတာတွေဟာ စာတလုံးမှ မတတ်တဲ့ လယ်သမားတွေ မဟုတ်ခဲ့ပါဘူး။ ပညာတတ် တွေထဲက ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အသိရေချိန် မြင့်စေချင်ရင် ပြည်သူလူထုရဲ့ စီးပွားရေး အဆင့်အတန်း၊ ဝင်ငွေအဆင့်အတန်း စတာတွေကို မြင့်အောင် အရင်လုပ်ဖို့ လိုတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီနအဖ စစ်အစိုးရ လက်အောက်မှာ လူတွေ ကြာလေ ဆင်းရဲလေ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ မပြောဘဲ ပညာရည် နိမ့်ကျတယ် ဆိုတာချည်း ပြောနေတာဟာ ဘာကြောင့်လဲဆိုတာ ရှင်းနေပါတယ်။

ဒီနှစ်ဦးအပြင် အခုတလောမှာ ဖတ်ရကြားရတဲ့ ပြောကြားနည်း တခုက ပြည်သူ လူထုကို မကြောက်အောင်၊ သတ္တိ ရှိအောင် လုပ်ပေးရေး ဆိုတာပါပဲ။ အဲဒီလို အမြင်နဲ့ ပြောင်းပြန် လူထုကိုစိန်ဝင်းလို ပုဂ္ဂိုလ်ကတော့ ကြောက်နေတာ၊ ကြောင်နေတာဟာ ပြည်သူတွေ မဟုတ်ဘူး၊ (တချို့) နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဦးဝင်းတင်ပြောတဲ့ “စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊” ဆိုတဲ့စကားဟာ မခံမရပ်နိုင် ဖြစ်နေတဲ့ လူထုကြီးကို စိတ်နောက်ကိုယ်ပါ မလုပ်မိဖို့ သတိပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုကြီးတွေ ဆိုတာဟာ နိုင်ငံရေး ပါတီတွေ၊ ခေါင်းဆောင်တွေက လှုံ့ဆော် စတင်ပြီး ပြည်သူလူထုက နောက်က လိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပြည်သူလူထု ထွက်လာတော့မှ နောက်ကလိုက်မယ်၊ ဒါမှမဟုတ် ရှေ့မှာ ဝင်ခေါင်းဆောင်မယ် ဆိုရင်တော့ ဘယ်လိုပါတီ၊ ဘယ်လိုခေါင်းဆောင်လဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ရှင်းနေတာကတော့ ဗမာပြည်ရဲ့ ဒီသမိုင်းအကွေ့မှာ ဘယ်သူနဲ့ လက်တွဲ ချီတက်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူနဲ့ လက်တွဲ ချီတက်မယ့်လူက ပြောနည်းနဲ့ နအဖ စစ်အုပ်စုနဲ့ လက်တွဲ ချီတက်မယ့်လူက ပြောနည်း ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဦးဝင်းတင် ပြောသလို ရွေးကောက်ပွဲ တင်းကုပ်ထဲကို မြက်ကျွေးလို့ပဲ ဖြစ်ဖြစ်၊ နဖားကြိုး ဆွဲလို့ပဲ ဖြစ်ဖြစ် အတင်း ခေါ်သွင်းပြီဆိုရင် ဒီရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချီးမွမ်းခန်း ဖွင့်နေသူတွေဟာ လူထုကို အဲဒီတင်းကုပ်ထဲ ရောက်သွားအောင် နအဖအတွက် တောခြောက် ပေးနေတယ်လို့ ဆိုရမှာပါ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့