Thursday, March 4, 2010

ကျနော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ထဲတွင် ကျန်ရစ်ခဲ့သည့် သူ့လို သက်တူရွယ်တူ ကလေးများအတွက် စိတ်မကောင်း ဖြစ်ရကြောင်း မကြာသေးခင်က စစ်တပ်ထဲမှ ပြန်လွတ်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းသူက ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၁ဝ တန်းပညာ သင်ကြားနေစဉ် နေပြည်တော် ဆိပ်ဖူးတောင် အခြေစိုက် အမှတ် (၆ဝ၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တဦးနှင့် တပ်သားတဦးက တလလျှင် ကျပ်တသိန်းခွဲ ပေးမည်ဟူ၍ သူ့ကို ဖျားယောင်း သွေးဆောင်ကာ စစ်သားအဖြစ် စုဆောင်းခဲ့သည်။

မိဘများက သိရှိသဖြင့် ကျောင်း၊ ရဲစခန်း၊ ကျေးရွာဥက္ကဋ္ဌ ထောက်ခံချက်များနှင့် အတူ ထိုတပ်ရင်းသို့ သွားရောက် အသနားခံ တင်ပြခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

စည်းရုံးသိမ်းသွင်းခံရပုံ၊ စစ်တပ်ထဲသို့ လိုက်ပါသွားပုံများအပြင် တပ်တွင်း အတွေ့အကြုံများနှင့် ကလေးစစ်သားများ ဖိနှိပ်ခံ နေရပုံများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မောင်အောင်မင်းသူကို ဆက်သွယ် မေးမြန်းထားပါသည်။

နာမည်ဘယ်လိုခေါ်လဲ၊ မိဘတွေကရော ဘယ်သူတွေလဲ ညီလေး။ မိသားစုနဲ့ ကျောင်းပညာရေး အခြေအနေလေး ပြောပါအုံး။

ကျနော့်နာမည်က အောင်မင်းသူပါ။ အဖေက ဦးလှမြင့်၊ အမေက ဒေါ်ခင်စိန်။ ကျနော်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ပေါ် အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာပါ။ ၁ဝ တန်းပါ။ အသက်က ၁၆ နှစ်ပါ။ ၁၃၅၅ ခုနှစ်မှာ မွေးတာပါ။ ညီကိုမောင်နှမ ၆ ယောက် ရှိတယ်။ ကျနော်က ၄ ယောက်မြောက်ပါ။ ကျနော်က ကျောင်းပဲတက်တယ် ဘာမှမလုပ်ဘူး။

ဘယ်လိုဖြစ်ပြီး ညီလေးက စစ်တပ်ထဲကို ရောက်သွားတာလဲ။ ငါ့ညီဆန္ဒနဲ့ ကိုယ်တိုင် သွားတာလား။ သူများ ခေါ်လို့ လိုက်သွားတာလား၊ ဘယ်လို ကြောင့်လဲ။

ခေါ်တုန်းက သူတို့ ကျနော့်ကိုလိမ်ပြီး ခေါ်သွားတာ။ ကျနော့်ကို ခေါ်တဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း နေပြည်တော် ဆိပ်ဖူးတောင်က တပ်ကြပ်ကြီးခင်စိုးက ကျနော်ကို လိမ်ခေါ်တာ။

ငါ့ညီကို သူက ဘယ်လိုပြောပြီး ခေါ်တာလဲ။ ဘယ်လိုပုံစံတွေ ပြောပြီး ခေါ်တာလဲ။

တပ်ကြပ်ကြီးဆရာခင်စိုးက ကျနော်ကို စတွေ့တုန်းက မင်း ပညာအရည်အချင်းနဲ့ ဆိုရင် တပ်ထဲမှာ အရာရှိ ဖြစ်နိုင်တယ်။ မင်းလိုက်လာခဲ့ ဟိုမှာ မင်းကို ကျောင်းတွေလည်း ထားပေးနိုင်တယ်။ မင်းမိဘတွေလည်း အဆင်ပြေ၊ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ်ဆိုပြီး ကျနော့်ကို ခေါ်သွားတာပါ။ ၁၂ လပိုင်း ၁၄ ရက်နေ့ကပဲ ကျောင်းနားက သူငယ်ချင်းအိမ်မှာ သူက လာလည်ရင်းနဲ့ ပြောပြီး ခေါ်သွားတာ။

အဲဒီအိမ်မှာရှိတဲ့ ကိုသန်းထိုက်ကနေပြီး ဆက်သွယ်ပေးတာပါ။ မင်း စစ်ထဲ လိုက်ချင်လားဆိုပြီး ကျနော်တောင် ဘာမှ ပြန်မပြောရသေးဘူး။ သူက အဲဒီ့ တပ်ကြပ်ကြီးခင်စိုးကို ခေါ်ပြီးတော့ စကားပြောခိုင်းတယ်။ ကိုသန်းထိုက်က တပ်သား ကိုနိုင်အောင်နဲ့ သူငယ်ချင်း။ သူနဲ့ ရင်းနှီးပြီးတော့ ခွင့်နဲ့ လာလည်တာလို့ ပြောတယ်။

အဲဒီလိုတွေပြောပြီးတော့ ဘယ်လိုခေါ်သွားတာလဲ။

၁၄ ရက်နေ့ ညနေပိုင်းက ကျနော့်ကို ခြေကျင်ခေါ်သွားတာ။ အမာမြို့နယ် အောက်စိက်ကွင်းမှာ ရှိတဲ့ ကိုနိုင်အောင် ယောက်ဖ အိမ်ကို အရင်သွားတယ်။ အဲဒီမှာ ၂ ရက်ကြာတယ်။ အဲဒီကမှ တဆင့် သူနဲ့ အမျိုး တော်တယ်လို့တော့ ပြောတယ်။ အဲဒီအိမ်မှာ ဆက်နေတယ်။

နောက်ထပ် သူ့အဒေါ်အိမ်လို့ ပြောတာပဲ၊ အဲဒီအိမ်မှာလည်း ၄ ရက် ကြာခဲ့သေးတယ်။ ဘာမှတော့ မလုပ်ခိုင်းဘူး။ အိမ်က လိုက်ရှာရင် တွေ့မှာစိုးလို့ ပုန်းခိုင်းတာပေါ့။ ဆိပ်ဖူးတောင်ကိုတော့ ၂၁ ရက်နေ့က ရောက်တယ်။

တပ်ထဲရောက်တော့ ဘာတွေလုပ်ရလဲ။ လေ့ကျင့်ခန်းသင်တန်းတွေ တက်ရလား၊ ဘာတွေ လုပ်ရလဲ။

လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ မနက်ဆို အိပ်ယာက ၅ နာရီထိုး ထရတယ်။ အဆောင် သန့်ရှင်းရေးတွေ အလုပ်ခိုင်းတယ်။ မနက် ၇ နာရီထိုးက စပြီးတော့ ဘယ်၊ ညာ နင်းတာမှန်အောင် သင်တယ်။ ၁ဝ နာရီခွဲမှာ ပြီးတယ်။ ပြန်လာ ထမင်းစား၊ နေ့လည် ၁၂ နာရီကနေပြီးတော့ ၃ နာရီအထိ လက်နက်ငယ် စစ်ရေးပြ။ ကျနော်တို့ကို သေနက်ပစ်တာရော၊ အဖြုတ်၊ အတပ်တွေ အကုန်သင်ပေးတယ်။ နောက်ပြီးတော့ အလေးပြုတဲ့ပုံတွေ သင်တယ်။

ညနေပိုင်း ၃ နာရီကနေ ၅ နာရီအထိ ကြံ့ခိုင်ရေး ပြေးတယ်။ ပြီးရင် တန်းဖြုတ်ပြီးတော့ ပြန်လာ ထမင်းစား၊ ပြီးရင် တန်းစီတယ်။ သူ့စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ သူတို့ ပြောစရာရှိတာ ပြောတယ်။ ၉ နာရီ ထိုးတာနဲ့ တန်းဖြုတ်ပြီး ဘုရားရှိခိုးပြီးတော့ အိပ်ခိုင်းတယ်။

အဲဒီမှာ အပြင်ကနဲ့မတူတာတွေ ထူးထူးခြားခြား ဘာတွေ တွေ့ခဲ့ ကြုံခဲ့လဲ။

ကျနော်တို့နဲ့ ခွဲအတူတူပေါ့။ ကျနော်တို့က ခွဲ ၅ ဟိုဘက်က ခွဲ ၃ ပေါ့။ စစ်သားလေး တယောက် ကျနော်တို့ အရွယ်ပဲ အာဟာရ ပြတ်ပြီးတော့ သေတယ်။ နောက် ၃-၄ ရက်လောက် အကြာမှာပဲ ၁ ယောက် ထွက်ပြေးသွားတယ်။ ပြီးတော့ တခုခုမှားပြီ ဆိုရင် နားရင်းရိုက်တယ်။ မအေ၊ နှမတွေကို ရစရာ မရှိအောင် ဆဲတယ်။ တပ်သားကစ အပွင့်ရှိတဲ့ လူတွေလည်း အကုန် ဆဲကြတယ်။ နေ့တိုင်း အဲဒီ အထဲမှာပဲ ပျင်းစရာ ကောင်းတယ်။ ထွက်ပြေးလည်း မလွတ်ဘူး။

တပ်ထဲမှာနေတော့ တပ်အင်အားက ဘယ်လောက်ရှိလဲ။ ကိုယ်လို ကလေးစစ်သားလေးတွေ ဘယ်လောက် ရှိတယ်လို့ သိလဲ။

တပ်ခွဲတခွဲကို လူ ၂၅ဝ ရှိတယ်။ ကျနော်တို့ တပ်ခွဲမှာတင် ၁ဝ ယောက်ကျော်လောက် ရှိတယ်။ သူတို့ကတော့ အခုချိန်ထိ အဲဒီတပ်ထဲမှာပဲ ရှိနေပါသေးတယ်။ သူတို့က ကျနော်နဲ့လည်း သိတယ်။ တချို့ကောင်တွေက ထွက်ပြေးတဲ့ကောင်က ထွက်ပြေးတယ်။

ကျနော် ဒီကိုမလာခင် လေ့ကျင့်ရေးမှာတင် လေ့ကျင့်ရေး မလုပ်နိုင်တဲ့သူတွေ၊ မခံနိုင်လို့ ထွက်ပြေးတာ ၅ ယောက်လောက် ရှိတယ်။ အကုန်ပြန်မိတယ်။ ပြန်မိတဲ့ကောင်တွေ အရိုက်အနှက် ခံရတယ်။ သူတို့ အခု ၆ ပေါက်ထဲမှာပေါ့။ သူတို့ကတော့ ပြောတယ်။ မင်းတို့ ထွက်ပြေးချင်ရင် လေ့ကျင့်ရေးကွင်းမှာ ထွက်မပြေးပါနဲ့တဲ့။ မင်းတို့ တပ်ရင်းရောက်မှ မင်းတို့ ကြိုက်သလို လုပ်တဲ့။ လေ့ကျင့်ရေးမှာ ပြေးရင် ငါတို့မှာ တာဝန်ရှိတယ်တဲ့။

တပ်ထဲမှာ ဘယ်လိုခံစားရလဲ။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ဘာဟင်းတွေနဲ့ ကျွေးလဲ။

ဟိုမှာက ပျော်စရာမှ မရှိတာ။ စိတ်ညစ်တယ်။ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး။ မိရင်မလွယ်ဘူး။ အခက်အခဲ ကတော့ လေ့ကျင့်ရေးမှာတော့ နည်းနည်း ကောင်းကောင်းကျွေးတယ်။ မနက်ပိုင်းကို ကြက်ဥ၊ နေ့လည်ပိုင်းဆို ငါးခြောက်၊ ညနေပိုင်းဆို အမဲသား။ အဲဒါနဲ့ နေ့တိုင်း လည်နေတယ်။ ဒါပေမဲ့ အရမ်း ပင်ပန်းတယ်။ တပ်ရင်းမှာ ကျတော့ အစားအသောက် အဆင်မပြေဘူး။

ညီလေးက အခု ဘယ်လိုပြန်လာတာလဲ။ ဘယ်သူက ပြန်ခွင့် ပေးလိုက်တာလဲ။

မင်းအိမ်ကလည်း စာပို့နေတယ်။ ဟိုဘက်အဖွဲ့အစည်းက ကောင်တွေလည်း ပြောနေတယ်တဲ့။ ၁၈ နှစ်လည်း မပြည့်သေးတာနဲ့ အထက်က နုတ်ထွက်ခွင့် ပေးတာနဲ့ ပြန်လို့ရတာ။ အဲဒါနဲ့ ကျနော့်အဖေနဲ့ ပြန်ထည့် ပေးလိုက်တာ။ လမ်းစရိတ်တွေ ဘာတွေတော့ မပေးပါဘူး။ သူငယ်ချင်းတွေကိုတော့ ကျနော် နှုတ်ဆက် ခဲ့ပါတယ်။

ခေါ်သွားတုန်းက အပြောနဲ့ တပ်ထဲက အခြေအနေ ဘယ်လိုကွာလဲ။

ခေါ်သွားတုန်းက ပြောတာနဲ့ တပ်ထဲက အခြေအနေက ဘာမှမဆိုင်ဘူး၊ အရမ်းကွာတယ်။ နောင်တလည်း ရတယ်။ အပြင်ဘဝမှာနဲ့ တပ်ထဲနဲ့က ကွာတယ်။ ပြီးတော့ သူတို့က ဒါဆိုဒါပဲလေ။ ဟိုဟာ မလိုချင်ဘူး၊ ဘယ်မှ မသွားရ မလာရ ဆိုတော့ စကားပြောတဲ့ အခါမှာလည်း မိုက်ရိုင်းတယ်။

ငါ့ညီက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးယဉ်ထားလဲ။

ဆရာဝန်၊ ဒေါက်တာပဲ ဖြစ်ချင်တယ်။ အဲဒါပဲ ရည်ရွယ်ပါတယ်။

လိမ်ခေါ်ခံရတယ်တော့ ငါညီအနေနဲ့ သူတို့တွေကို ဘယ်လိုမြင်လဲ။

ကျနော့်ကို လိမ်ခေါ်သွားတဲ့အတွက် သူတို့ကို စိတ်နာတယ်။ နောက်ဆို သူတို့နဲ့ လမ်းမှာတွေ့ရင် ဝေးဝေးက ရှောင်ရမှာပေါ့။ သူတို့ကိုတော့၊ မကောင်းတဲ့ အကျင့်ရှိတဲ့ လူတွေဆိုတော့ မကောင်းတဲ့ လူလို့ပဲ မြင်တာပေါ့။ ဒါပေမဲ့ တပ်ထဲမှာ ကျနော့်လို ကလေးတွေ၊ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူး။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့