Wednesday, April 21, 2010

အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမားများ ဖမ်းဆီးခြင်း စိတ်မကောင်းစရာဖြစ်

ဟံသာဝတီဦးဝင်းတင် ထုတ်ဖော်ပြောဆို

ဧပြီ ၂၀၊ ၂၀၁၀

အန်အယ်ဒီပါတီ၏ ပါတီခေါင်းဆောင်နှင့် ၀ါရင့် စာနယ်ဇင်းဆရာကြီး တဦးဖြစ်သူ ဆရာ ဦးဝင်းတင်က ဧပြီ ၁၅ ဗုံးပေါက်ကွဲမှုနှင့် ထိုနေ့က စာပေ အနုပညာသမားများကို ဖမ်းဆီး ထိန်းသိမ်းခြင်းတို့ အပေါ် ၎င်းသဘောထားကို ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဧပြီလ ၁၅ - သင်္ကြန်အကြပ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်း ရေပက်မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲပြီး လူအများ သေကြေ ဒဏ်ရာရသည့် အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် ရှုပ်ထွေးသော တုန့်ပြန်မှုများ၊ ပြောဆိုဝေဖန်မှုများ ဖြစ်ပေါ် နေခဲ့ပါတယ်။ စစ်အစိုးရ သတင်းစာများ၏ ဆောင်းပါးများက တဆင့် တရားခံများအဖြစ် စွတ်စွဲချက်များကို ကြည့်ပါက - ပြည်တွင်းမှ ရွေးကောက်ပွဲ မ၀င်ရသူများ၊ ပြည်ပ အဖွဲ့အစည်းများက လုပ်ကြံ တိုက်ခိုက်ကြတာလို့ စွတ်စွဲချက်များ ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိ စစ်အစိုးရကို အမြင် မကြည်လင်သူ မွေးနေ့စာအုပ် ထုတ်ဝေသူ “လူကြီး” တဦးကလည်း စစ်အစိုးရကို အမိုက်ရိုင်းဆုံး ပြောနေတယ်လို့ ရေးသားထားတာတွေကို တွေ့နေရပါတယ်။

အဲသည်အချက်တွေကြောင့် ဆရာဦးဝင်းတင်ကို အဆိုပါ အရေးအခင်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့ သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆရာဦးဝင်းတင်က ပြန်လည်ဖြေကြားရာမှာ -

“အင်န်အယ်ဒီပါတီမှာ အကြမ်းဖက်လုပ်ငန်း လုပ်ရပ်တွေ အတွက် အစဉ်အလာ မရှိဘူး။ အခုတလောက မီဒီယာတွေက မေးလာတဲ့ အခါမှာ ပြောခဲ့တဲ့ အချက်တွေပဲ ပြန်ပြီး ပြောပြပါ့မယ်။ အင်န်အယ်ဒီမှာ အခုလိုမျိုး အကြမ်းဖက်သမားတွေ မရှိဘူး။ ပါတီရဲ့ မူဝါဒမှာလည်းလဲ အကြမ်းဖက်ရေး မပါဝင်ဘူး။ ပါတီအဖြစ် ရပ်တည် နေစဉ်မှာကော၊ ပါတီတရပ် မဟုတ်တော့သည့် နောက်ပိုင်းမှာကော - “အင်န်အယ်ဒီ” ဆိုတာ အကြမ်းဖက် လမ်းစဉ်ကို မကိုင်စွဲဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက် သေဆုံးရတာ အတွက်လည်း ၀မ်နည်းရပါတယ်။ အများပြည်သူတွေနဲ့ အတူ စိတ်မကောင်း ဖြစ်ကြရပါတယ်။

နောက်အရေးကြီးတဲ့ အချက်ကတော့ - လက်ရှိစစ်အစိုးရမှာ အများပြည်သူရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အမှုမှန် ပေါ်ပေါက်ဖို့ တရားမျှတတဲ့ ဥပဒေနဲအညီ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲသည်လို အချိန်မှာ ပြည်တွင်း ပြည်ပကို အရမ်းကာရော စွတ်စွဲတာတွေ၊ လက်ညှိုး ထိုးနေတာတွေ လုပ်နေဖို့ မလိုဘူးလို့ ထင်ပါတယ်။

ပြီးတော့ အင်န်အယ်ဒီကို တရားဝင် စွတ်စွဲလာရင်တော့ အင်န်အယ်ဒီကလည်း တရားဝင် ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ကျနော့် သဘောထားကတော့ သည်လောက်ပဲ ဖြစ်ပါတယ်” လို့ ဖြေကြားပါတယ်။

၎င်းနောက် ကွယ်လွန်သူ စာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့ သားဖြစ်သူ သားကြီး မောင်ဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ သားအဖနှစ်ဦးကို စစ်အစိုးရ က အကြောင်းတစုံတရာ ထုတ်ပြန်ခြင်း၊ မိသားစုများထံ ပြန်ကြားခြင်း မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းထားသည့် အပေါ်မှာ ၎င်းသဘောထားကို ပြောကြားရာမှာ -

“ဟုတ်တယ်။ ကျနော်ကြားတယ်။ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားနဲ့ မြေးကို ဖမ်းသွား ကြတယ်တဲ့။ ကျနော့် အမြင်ကတော့ သူတို့တွေက စာပေသမားတွေ၊ မီဒီယာတို့ ဓာတ်ပုံတို့ လုပ်ကြတယ်။ သင်္ကြန် တွင်းမှာလည်း အများနဲ့အတူ သူတို့လုပ်စရာ သူတို့ ပုံမှန်လုပ်နေကြတာ ဖြစ်တယ်။ အဲသည်မှာ ဗုံးပေါက်တဲ့ဆီမှာ သားကို ဓာတ်ပုံရိုက်လို့ ဆိုပြီး ဖမ်းတယ်။ ပြီးတော့ အဖေကို နောက်တရက် အိမ်မှာသွားပြီး ဖမ်းတယ် ဆိုတာကတော့ အလွန် စိတ်မကောင်းစရာ ကောင်းတဲ့ အဖြစ်ပါပဲ။ စာပေနဲ့ စာနယ်ဇင်း လုပ်ငန်း လုပ်ကိုင် နေကြတဲ့ စာပေအသိုင်းအ၀ိုင်း တခုလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲသည်လိုပဲ ပြောချင်ပါတယ်” လို့ ဖြေကြားပါတယ်။

ဆရာက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြိး လောလောဆယ် လုပ်ကိုင်နေသည်များ အပေါ် အနည်းငယ် ရှင်းပြပေးဖို့ ပြောတဲ့ဆီမှာ ဆရာက အောက်ပါအတိုင်း ပြောကြားပါတယ်။

“အခုချိန်မှာ အစုအဖွဲ့တွေကော၊ မိတ်ဆွေတွေ၊ ဘက်ဂရောင်း မျိုးစုံက သူတွေနဲ့ တွေ့ဆုံ စကားပြော နေရတာတွေကတော့ အများကြီးပါပဲ။ အခုအချိန်မှာ ပြောနေရတဲ့ ကိစ္စတခုက လက်ရှိ အခြေအနေမှာ ကျနော်တို့က လမ်းမမှားဘူး။ လမ်းမှားကို လိုက်နေတာ မဟုတ်ဘူး ဆိုတာကို ပြောပြရတယ်။ လမ်းမှန်လား မမှန်လားတော့ ကျနော် တဦးတည်း အနေနဲ့တော့ မပြောတတ်ပေမယ့် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး နောက်ကိုသာ လိုက်လို့ကတော့ ကျနော်တို့ လမ်းမပျောက်ဘူး ဆိုတာ သေချာတယ် ဆိုတာကို ပြောနေရတယ်။ နောက်ပြီးတော့လည်း လက်ရှိ အခြေအနေမှာ တောလမ်းပဲဖြစ်ဖြစ်၊ ခြုံနွယ် ပိတ်ပေါင်းတွေပဲ ဖြစ်ဖြစ် လမ်းဆက်လျောက်နေဖို့ အရေးကြီးပါတယ်။ သံသယ သားကောင် အဖြစ်ခံပြီးတော့ သစ်ပင်ကြီးအောက်မှာ ထိုင်နားနေတာမျိုး ကျနော့်အနေနဲ့ မဖြစ်ချင်ဘူး။ လမ်းမှန်ဆိုတာကတော့ အားလုံး ညှိနှိုင်း ဆွေးနွေးပြီးတော့ ၀ိုင်းပြီးတော့ ဦးတည်သွားကြရမှာ ဖြစ်မယ်လို့ ပြောချင်ပါတယ်” လို့ ပြောလိုက်ပါတယ်။

Ref: မိုးမခ

0 comments:

အပေါ်သို့