Thursday, May 20, 2010

၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာက မြန်မာများ ကျင်းပကြမည်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီအား ထောက်ခံမှု ပြသည့် သဘောဟု ဆို

မိုးမခအထောက်တော် ၀၀၂
မေ ၂၀၊ ၂၀၁၀

လာမည့် ဇွန်လ ၁၉၊ ၂၀၁၀ သည် မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၉၈၉မှ စ၍ ယခု ၂၀၁၀ အထိ၊ အနှစ် ၂၁ နှစ် တိုင်တိုင် စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဖိနှိပ်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းခြင်းများကို ကြံ့ကြံ့ခံပြီး သူမကဲ့သို့ စစ်အာဏာရှင် စနစ်၏ ချုပ်နှောင်မှုအောက် ကျရောက်နေသော မြန်မာပြည်ကြီးနှင့် မြန်မာပြည်သားများကို ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးသို့ ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနေသော အမျိုးသား ခေါင်းဆောင် တဦးလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာတ၀ှမ်းရှိ မြန်မာများနှင့် မြန်မာပြည်ချစ်သူများက အခမ်းအနားများ ကျင်းပကြရန် စီစဉ်လျက်ရှိသည်ဟု ကြားသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အနှစ် ၂၀ ကျော် ချီတက်လျက်ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် - အင်န်အယ်ဒီ ပါတီကိုလည်း အများပြည်သူတို့က ဆက်လက် ထောက်ခံ ၀န်းရံလျက် ရှိကြောင်း ထုတ်ဖော်ပြသသည့် သဘောပင်ဖြစ်သည်ဟု အခမ်းအနားကျင်းပရန် စီစဉ်နေသူတို့က မိုးမခသို့ ပြောကြားသည်။

လက်ရှိ အတည်ပြုထုတ်ပြန်သော မွေးနေ့အခမ်းအနားတခုမှာ - အယ်လ်အေမြို့ အခြေစိုက် - အယ်အေ သြဂနိုက်ဇာ ဖော် ဘားမား အဖွဲ့၏ အခမ်းအနား ဖြစ်သည်။ ဇွန်လ ၂၀ ရက် မနက် ၁၀ နာရီ ခွဲက စတင်ပြီး “မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း”၊ လာပွန်းတေး အရပ်တွင် ကျင်းပမည်ဟု ဆိုသည်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် အတွင်းရှိ အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်အနက် ယခုပွဲတော်က တဆင့် ဦးရေ ၂၀ ကို လူမှုရေး၊ ကျန်းမာရေး ထောက်ပံ့မှုများ ပြုလုပ်ရန် စီစဉ်မည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ၏ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားခြင်းကို ထုတ်ဖော်သည့် သဘောဟု ဆိုသည်။

အဆိုပါ မွေးနေ့အခမ်းအနားကဲ့သို့ အခြား မြို့ရွာများကလည်း ကျင်းပကြမည် ဖြစ်ရာ ဆန်ဖရန်စစ္စကို၊ နယူးယောက်နှင့် ၀ါရှင်တန်ဒီစီ ဧရိယာတို့ရှိ မြန်မာမိသားစုများ၊ မြန်မာ့အရေး စိတ်ဝင်စားသူများ၊ မြန်မာပြည် ချစ်သူများက စီစဉ်နေကြပြီဟု သတင်းများ ကြားနေရပြီ ဖြစ်သည်။

မိုးမခသို့ ဒင်းဗားအရပ်နေ မြန်မာတဦးက သဘောထားကို ထုတ်ဖော်ပြောကြားရာတွင် -
၂၀၁၀ မေလ ၂၇ ရက်နေ့သည် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် အနှစ် ၂၀ မြောက် နေ့ ဖြစ်ကြောင်း၊ ယခု အနှစ် ၂၀ ကြာသည်အထိ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ဖြစ်သည့် အနိုင်ရ အင်န်အယ်ဒီပါတီနှင့် အခြားတိုင်းရင်း သားပါတီများကို ငြင်းပယ်နေဆဲ ဖြစ်ကြောင်း၊ သို့သော်လည်း ယခု ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက အဓမ္မ ဆောင်ရွက်ရန် ကြိုးစားနေချိန်တွင် မြန်မာပြည်သူ အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီ ပါတီကို ထောက်ခံ ယုံကြည်ဆဲပင် ဖြစ်ကြောင်း၊ ယခုနှစ်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရှိနေသာ ပြည်ပရောက် မြန်မာတို့က ပြည်တွင်းက အချုပ်နှောင်ခံ၊ အဖိနှိပ်ခံ၊ ဆင်းရဲဒုက္ခမျိုးစုံ ရောက်နေသော မြန်မာပြည်သူတို့ကိုယ်စား အခမ်းအနားများ၊ လှုပ်ရှားမှုများ၊ အားပေး ထောက်ခံမှုများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

Ref: မိုးမခ

0 comments:

အပေါ်သို့