Friday, September 10, 2010

မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် တို့က အသက်စတေးကာ ပေးခဲ့သည့် သင်္ခန်းစာ

မောင်ထက်မွန်

September 10 , 2010

စက်တင်ဘာ (၄) ရက်နေ့ညက ပဲခူးမြို့၊ ဇိုင်ဂနိုင်းရပ်ကွက်မှာ ခလရ (၅၉)က စစ်သည်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မောင်အောင်သူဟိန်း (၂၃ နှစ်)နဲ့ မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့ရဲ့ ဈာပနကို စက်တင်ဘာ (၇) ရက်နေ့၊ နေ့လည် ၁၁ နာရီအချိန်မှာ ပဲခူး ဆေးရုံကြီးရှိ ရင်ခွဲရုံကနေ ဆင်ဖြူကွင်း သုဿန်ကို ပို့ဆောင် သဂြိင်္ိုဟ်ရာမှာ ပဲခူးမြို့မှ မြို့သူ မြို့သားတွေနဲ့ နီးစပ်ရာမြို့တွေမှ စာနာသူ (၂၀၀၀) ကျော် တို့ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

အသုဘပို့ အခမ်းအနားမှ စတင်ကာ ၂၀၁၀ ရွေးကောက်ပွဲ နီးကာမှ လူထု အုံကြွမှုဖြစ်ပေါ်လာမယ့် အရေးကို စိုးရိမ် ထိတ်လန့် နေကြတဲ့ အာဏာပိုင်တွေ ဘက်က ပဲခူးမြို့ကို လုံခြုံရေး တင်းကြပ်ထားပြီး၊ လူထုအုံကြွမှု ပေါ်ပေါက်လာပါက ထိန်းသိမ်း ကိုင်တွယ်နိုင်ရန် လုံခြုံရေး စီမံချက် ချမှတ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ လုံထိန်း၊ မီးသတ်၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တို့ကို တပ်လှန့် အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ ရဲသတင်း ရပ်ကွက် အဆိုအရ သိရပါတယ်။

အသုဘပို့ဆောင်သူများဟာ ရင်ထဲမှ နာကျည်းမှု၊ မကျေနပ်မှုများကို မြိုသိပ် ထားနိုင်ခဲ့ကြပြီး၊ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော် တို့ရဲ့ နောက်ဆုံးခရီးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုက်ပါပို့ဆောင် ပေးခဲ့ကြပါတယ်။ သေဆုံးသူ လူငယ်(၂) ဦးရဲ့ အလောင်းများ မြေကျပြီးတာနဲ့ လူငယ်အများစုနဲ့ ပြည်သူတွေဟာ ပဲခူး ရွှေမော်ဓော စေတီကို သွားရောက် ဆုတောင်း ခဲ့ကြပါတယ်။

အာဏာပိုင်များမျှော်လင့်ထားသလို ပေါက်ကွဲမှု၊ အုံကြွမှုတွေ ဖြစ်မလာခဲ့ဘဲ၊ စစ်အာဏာရှင် စနစ်ဆိုး အောက်က ပြည်သူတွေမှာ ကြုံတွေ့ရမြဲ ဖြစ်တဲ့ ဖိနှိပ် စော်ကား သတ်ဖြတ် ခံရမှုအတွက် စာနာမှု ပြသခြင်းနှင့် မတရားမှုကို ဆန့်ကျင် မုန်းတီးကြောင်း ထုတ်ဖေါ် ပြသခြင်း စတဲ့ ရည်မှန်းချက်များ ပြီးမြောက်အောင် ငြိမ်းချမ်းစွာနဲ့ ဆောင်ရွက်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။

ပဲခူးမြို့မြို့သူမြို့သားတွေနဲ့ အသုဘပို့ဆောင်သူတွေရဲ့ ဆောင်ရွက်ချက်နဲ့ ရလဒ်တွေကို လေးလေးနက်နက် လေးစား ချီးကျူး ထိုက်တာကြောင့် မိမိ လေ့လာမှတ်သားခဲ့ဖူးတဲ့ နိုင်ငံရေးအန်တုမှု လူထုတိုက်ပွဲနည်းနာ အချို့ နဲ့ နှိုင်းယှဉ်တင်ပြ ဆွေးနွေးလိုပါတယ်။

အသုဘပို့ အခမ်းအနားဖြစ်စဉ်ကို သုံးသပ်ကြည့်မည် ဆိုပါလျှင် လူထုလှုပ်ရှားမှု တိုက်ပွဲတွင် အကြမ်းမဲ့ တိုက်ခိုက်နည်း (၁၉၈) နည်း အနက်မှ ကွယ်လွန်သူများအား ဂုဏ်ပြုခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရသည့် နိုင်ငံရေး ၀မ်းနည်းကြေကွဲမှု ပြသခြင်း၊ ဆန္ဒပြသည့် အသုဘများ၊ သုဿာန်သို့ သွားရောက်၍ အလေးပြုခြင်း၊ စသည်တို့ကို အောင်အောင်မြင်မြင် ဆောင်ရွက်သွားခဲ့ကြကြောင်း တွေ့မြင် နိုင်ပါတယ်။ ဒီထက်မကတဲ့ ဆောင်ရွက်နိုင်ရာ ကိစ္စတချို့ ကိုလည်း ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက် သွားခဲ့ကြကြောင်း တွေ့ရ ပါသေးတယ်။

နိုင်ငံရေးအန်တုမှု နည်းလမ်းများအနက် စွန့်စားမှုနည်းပါးသော အပြုအမူ လှုပ်ရှားမှုလို့ ဆိုတဲ့(Low risk action) အရ ရွှေမော်ဓော စေတီသို့ သွားရောက် ဆုတောင်းခြင်း အမှု ကိုလည်း ဆောင်ရွက် ခဲ့ကြ ပြန်ပါတယ်။ ဆုတောင်းခြင်း အမှုကို ပြုခြင်းကြောင့် မိမိ ရည်ရွယ်ချက်၊ ခံယူချက်၊ သန္နိဋ္ဌာန် တို့ကို ပိုမို ခိုင်မာ ပြတ်သား စေတယ်လို့ ဆိုပါတယ်။

နောက်တချက်ကတော့ အုပ်ချုပ်သူများကို အကြပ်အတည်း ဖြစ်အောင် လုပ်တဲ့နည်း ဖြစ်တဲ့၊ ညှပ်ပူး ညှပ်ပိတ် အခြေအနေသို့ ရန်သူအား ကျရောက်စေခြင်း ဆိုတဲ့ (Dilemma Action) ကိုလည်း ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက် အရ - “ရန်သူအား နှစ်ခုအနက် တခုခုကို ဆုံးဖြတ်ရွေးချယ်ရမည့် အခြေ အနေသို့ တွန်းပို့ရန် ဖြစ်သည်။ ရန်သူ အနေနှင့် မည်သည့် တခုခုကို ရွေးချယ်သည်ဖြစ်စေ ၎င်းတို့ ရှုံး၍ မိမိတို့ အမြတ်ရစေရန် ဖြစ်သည်” လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူ လူငယ်လေး (၂) ဦးရဲ့  ဈာပနကို ခံပြင်းမှု၊ နာကျည်း မှု၊ စာနာမှု တို့နဲ့အတူ ပို့ဆောင် ပေးလိုကြတဲ့ လူထု အစုအဝေးကို အသုဘ လိုက်ပို့ခွင့် မပြုဘဲ ပိတ်ပင် ဟန့်တား လူစုခွဲစေမယ် ဆိုရင် လူထုရဲ့  ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တာကြောင့် တင်းမာမှု ပိုမို ဖြစ်ပေါ်လာနိုင်ပြီး၊ လူထု အုံကြွ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေနိုင်သလို။

အသာတကြည် ခွင့်ပြုခဲ့ပြန်ရင်လည်း လူစုလူဝေး ပိုမိုကြီးမားလာကာ အာဏာပိုင်များ ဘက်မှ မထိန်းသိမ်း နိုင်တော့ဘဲ၊ လူထု လှုပ်ရှားမှုကြီး ဆီသို့ ဦးတည်သွားနိုင်တဲ့ အခြေအနေကို ကြုံရနိုင်ပြန်ပါတယ်။

ဒီလို အခြေအနေတွေအောက်မှာ နိုဝင်ဘာ (၇) ရက် ၂၀၁၀ ရွေးကောက်ပွဲ နီးကာမှ လူထုအုံကြွမှု ဖြစ်ပေါ်လာမည့် အရေးကို စိုးရိမ် ထိတ်လန့် နေကြတဲ့ အာဏာပိုင်များ ဘက်မှ လူထု ပိုမို တင်းမာ အုံကြွလာမည့် အရေးကို ရှောင်လွှဲ လိုတာကြောင့် မလွှဲသာ မရှောင်သာ တော့ဘဲ၊ အသုဘပို့ အခမ်း အနားကို လိုက်ပို့လိုသူ လူထုကို ခွင့်မပြု ချင်လျက်နဲ့၊ ခွင့်ပြု ပေးခဲ့ရတဲ့ အခြေအနေ ကိုလည်း ပဲခူးမြို့  မြို့ သူ မြို့ သားများ ဖန်တီး ရယူနိုင်ခဲ့တာကို လေးစားဂုဏ်ယူဘွယ် တွေ့မြင်ရပါတယ်။

နောက်ဆုံးတချက်ကတော့ မိမိဘက်မှ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ အာဏာပိုင်များကို ထိပ်တိုက် ရင်ဆိုင် မတိုးသေးတဲ့ နည်းပရိယာယ် ကို ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးခဲ့မှုပဲ ဖြစ်ပါတယ်။

တကယ်တော့ ပြည်သူ့တပ်မတော်လို့ ခေါ်ဆိုထား တဲ့ ဗမာ့တပ်မတော်က တပ်မတော် အရာရှိတဦး ဖြစ်တဲ့ ဗိုလ်ကြီး သိဒ္ဓိစိုးရဲ့ လက်နက် အားကိုး ရမ်းကားတဲ့ လူသတ် လုပ်ရပ်ကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ ပဲခူးမြို့ မြို့သူ မြို့သားတွေနဲ့ အသုဘ ပို့ဆောင်သူတွေဟာ အာဏာပိုင်တွေ တားမြစ် ပိတ်ပင် နေတဲ့ ကြားက အသုဘကို တခဲနက် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

တက်ခေါက်ခြင်း၊ မျက်ရည်ကျခြင်း၊ လက်သီးဆုပ်ခြင်း တို့ဖြင့် မချိတင်ကဲ ခံစား ခဲ့ကြရသော်လည်း မိမိတို့ ဘက်မှ လူတန်းစား အလွှာပေါင်းစုံ အဆင်သင့် မဖြစ်သေးမီ၊ မပိုင်သေးမီ အချိန်မှာ တိုက်ပွဲ မဖေါ်ကြဘဲ သေချာ ပိုင်နိုင်မယ့် အချိန်ထိ စိတ်ရှည်သီးခံ စောင့်ဆိုင်း နိုင်ခဲ့တာ၊ မိမိတို့ ပြည်သူလူ ထုများနည်းတူ ဆင်းရဲ ဒုက္ခပေါင်းများစွာ ကြုံတွေ့ ခံစားနေရသူ အောက်ခြေ တပ်မတော်သား များနဲ့ လက်တွဲ တိုက်ပွဲဝင်နိုင်ရေး အခွင့်အလန်း ပေါ်ပေါက်လာမယ့် အချိန်ထိ စိတ်ရှည်သီးခံ စောင့်ဆိုင်း နိုင်ခဲ့တာဟာလည်း ချီးကျူး လေးစားထိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့  အုပ်ချုပ်ရေးအာဏာကို စစ်တပ်က သိမ်းယူခဲ့ပြီး တိုင်းပြည်ကို စစ်ဗိုလ်ချုပ်များက အုပ်ချုပ် စီမံလာခဲ့တဲ့ ၁၉၆၂ ဗိုလ်နေ၀င်း အာဏာ သိမ်းချိန်က စလို့ စစ်ဗိုလ်ချုပ်များ အကျင့်ပျက် လာဘ်စားမှု၊ အာဏာ အလွဲသုံးစားမှုတွေကြောင့် တိုင်းပြည် စီးပွါးရေး ကျဆင်းခဲ့ရပြီး နိုင်ငံသူ နိုင်ငံသားများရဲ့လူမှု ဘ၀များလည်း နလံ မထူနိုင်အောင် ဆင်းရဲတွင်း နက်ခဲ့ရသလို စစ်အာဏာရှင် ယန္တရား အောက်မှာ ဗိုလ်ကျ အနိုင်ကျင့်မှု အမျိုးမျိုးကို ပြည်သူလူထု တရပ်လုံး ခါးဆီး ခံခဲ့ကြရတာဟာ ပြောမယုံ ကြုံဖူးမှ သိဆိုသလို ၄၈ နှစ်လုံး ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ မြန်မာ့ နိုင်ငံရေး ရုပ်ဘ၀ပဲ ဖြစ်ပါတယ်။

“စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ၊ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓါတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက် ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတာကို သဘောပေါက်ရမယ်” လို့ တပ်မတော်ရဲ့ မူလဖခင်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး” (ဗိုလ်ချုပ်အောင်ဆန်း) က ဆုံးမ မိန့်ကြား ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် စတင်တည်ထောင်ခဲ့သူ ဗိုလ်နေ၀င်းထံမှ ဗိုလ်သန်းရွှေ ဆက်ခံ ခဲ့တဲ့ မြန်မာ့ တပ်မတော် ကတော့ ကာကွယ်ရေး တာဝန် သာမက အုပ်ချုပ်ရေး အာဏာကိုပါ ချုပ်ကိုင်ထားခဲ့ပါတယ်။ စစ်တပ်ဟာ နေရာတကာ လွှမ်းမိုး ချယ်လှယ်လာခဲ့ပြီး၊ တမိုးလုံး ဖျောက်ဆိပ် လုပ်လာ ခဲ့ကြပါတယ်။

စစ်တပ်ကသာ အရာရာ စွမ်းဆောင်နိုင်စွမ်းရှိပြီး၊ စစ်တပ်က တိုင်းပြည်ရဲ့ကယ်တင်ရှင် ကျေးဇူးရှင်များ ဖြစ်တယ် ဆိုတဲ့ အယူအဆတွေ မှတ်ယူ လာကြကာ ရူးကြောင်ကြောင် အတွေးဝင်ပြီး ဘ၀င်မြင့် အောက်ခြေ လွတ်ခဲ့ကြသလို မြန်မာ့ တပ်မတော်မှ စစ်ဗိုလ်ချုပ် များဟာ အာဏာကို လက်လွှတ်ရမှာကိုလည်း အသက် သေရမှာထက်ပင် ပိုကြောက်နေကြတာ တွေ့နေရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ကို အာဏာလွှဲမပေးခဲ့ဘဲ၊ စစ်ဗိုလ်ချုပ်များကသာ အာဏာကို လက်ဆက် ထိန်းချုပ် ထားလိုတာကြောင့် အခုလို ၂၀၁၀ ရွေးကောက်ပွဲကို ထပ်မံ ပြုလုပ်ပြီး ကျားကုတ် ကျားခဲ ကြိုးပမ်း နေချိန်လည်း ဖြစ်ပါတယ်။
စစ်တပ်က ထိန်းချုပ်တဲ့ စနစ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြုလုပ်တဲ့ အခုရွေးကောက် ပွဲကနေ အရပ်ဝတ် ၀တ်ပြထားတဲ့ စစ်ဗိုလ်ချုပ်များက စစ်အာဏာရှင် အစိုးရကို ဆက်လက် အသက်သွင်းကြဖို့ ကြိုးပမ်းနေကြပါတယ်။

မိမိတို့ ပြည်သူများအနေနဲ့ ယခု ကာလမှာ -
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး၊ နိဂုံးချုပ် မြေမြှုပ် သုတ်သင်ရေးကို အခြေအနေ အချိန်အခါ သင့်တော်သလို ကြံစည် ဆောင်ရွက်သွားကြဖို့ ပြင်ဆင်နေကြရမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေနဲ့ အပေါင်းပါတစု အဖို့တော့ မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် တို့ ပြီးလျှင် ကိုယ့်အလှည့် ရောက်ပြီ မှတ်ပေရော့လို့၊ သူတို့ လူငယ်လေး (၂) ဦးက အသက် စတေးကာ သင်္ခန်းစာ ပေးခဲ့ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မောင်ထက်မွန်

ကိုးကား။ ။ စက်တင်ဘာ (၅) ရက် ဘီဘီစီ
။ စက်တင်ဘာ (၇) ရက် ဘီဘီစီ
။ စက်တင်ဘာ (၇) ရက် ခေတ်ပြိုင် ၀က်ဆိုက်



0 comments:

အပေါ်သို့