Wednesday, September 15, 2010

ဒီမိုကရေစီနဲ့ ရှစ်လေးလုံးမျိုးဆက်

ဦးအောင်ခင်
၀၆ သြဂုတ် ၂၀၁၀

ဒါပေမယ့် ကားသမားနဲ့ ထမင်းချက်ဟာ အသိဉာဏ် တထွာ တမိုက်နဲ့ နိုင်ငံရေးမှာ ထင်ရာမြင်ရာ ဝေဖန် လာတဲ့အခါ ပြဿနာပေါ်ပြီး နအဖ လက်ပါးစေ ဖြစ်ကုန်တာပေါ့။ ကားမောင်း၊ ထမင်းချက် လောက်သာ လုပ်တတ်ပေမယ့် နေရာလိုချင်၊ ဆရာ လုပ်ချင်တာဟာ ‘မဆလခေတ်’ ရဲ့ အမွေဆိုးပါ။

ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ၁၉၈၈ မှာ ဖြစ်ပွားတော့ ကျနော့် မိသားစု မြန်မာပြည်က အပြီး အပိုင် ထွက်လာတာ (၁၀) နှစ်ရှိနေပြီ။ ကျနော် နိုင်ငံခြား ရောက်နေတာက (၁၅) နှစ် ရှိနေပြီ။ မဆလ လက်အောက်က ထွက်ဖို့ ပထမဆုံး ပညာတော်သင် သွားရသေးတယ်။ ပညာသင် သွားပြီးဘွဲ့ရတော့ ရန်ကုန်ပြန် အလုပ်ထွက်ပြီး ဇနီးနဲ့ သားကို လက်ဆွဲပြီး နေ၀င်းကြီးစိုးတဲ့ မဆလ တိုင်းပြည်က အပြီးအပိုင် ထွက်ခဲ့တယ်။ ကျနော့်လိုပဲ ထွက်ကြသူတွေ ရှိတယ်။ ဒါပေမယ့် နည်းနည်းပါးပါးမို့ ရေတွက်လို့ ရတယ်။ ကျနော်တို့ မျိုးဆက်က နိုင်ငံခြားမှာ အလုပ်ခန့်စာ ရပြီးမှ နိုင်ငံကူးလက်မှတ် လျှောက်ပြီး တိုင်းပြည်ကနေ အပြီးအပိုင် ထွက်တာ များတယ်။

အဲဒီခေတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိခဲ့တာပဲ။ ကျောင်းသားနဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို သေနတ်နဲ့ပစ်ပြီး ဖြိုခွဲခဲ့ပေမယ့် မဆလ စစ်အစိုးရရဲ့ လုပ်ရပ်ကို နိုင်ငံခြားက ကန့်ကွက် အရေးယူတာမျိုး မရှိခဲ့ဘူး။ မဆလ စစ်အစိုးရကို ဝေဖန် ရှုတ်ချရေးသားတဲ့ အင်္ဂလိပ် ဘာသာထုတ် စာစောင်သုံးခုကို အမေရိကန်၊ ကနေဒါနဲ့ အင်္ဂလန်နေ ဗမာသုံးဦးက ထုတ်ဝေတယ်။ ဒါပေမယ့် အနောက်တိုင်း အစိုးရတွေက အရေးမယူတဲ့ အတွက် ဗိုလ်နေ၀င်းဟာ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ကို မကြာခဏ အပျော်ခရီး ထွက်လေ့ရှိတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုလည်း ပျက်ပြား သွားပြီမို့ တော်လှန်ရေး သမားတွေ နိုင်ငံရေး ခိုလှုံကြတယ်။ မဆလ အစိုးရ လိမ်သမျှ ကမ္ဘာက ယုံနေပြီး ပြည်တွင်းမှာလည်း ဆိုရှယ်လစ်မှိုင်း တိုက်ထားတော့ ကလိမ်ခြုံ မဆလ သက်ဆိုး ရှည်မယ့်ပုံ ပေါက်နေတယ်။ အဲဒီအခါမှာ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားတာမို့ ပါဝင်ဆင်နွှဲတဲ့ ကျောင်းသား လူငယ်တွေကို အလွန် လေးစားမိတယ်။ သတ္တိ ပြောင်မြောက် ကြပါပေတယ်။ ကျနော်က ဘယ်မှသွားတဲ့ လူမဟုတ်တော့ ရှစ်လေးလုံး မျိုးဆက်အကြောင်း သူများပြောတာပဲ ကြားဖူးတယ်။ လန်ဒန်ရောက်လာတဲ့ သူငယ်ချင်း မောင်အောင် (ဦးနုရဲ့သား) ကို မေးရတယ်။

နောက်တော့ လန်ဒန်ရောက်လာတဲ့ ရှစ်လေးလုံး မျိုးဆက်ကို တွေ့ရတယ်။ ကိုမိုးသီးဇွန်၊ ကိုအောင်နိုင်နဲ့ ကိုဝင်းမိုးတို့ ဖြစ်တယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ အတွက် နော်ဝေးမှာ အလုပ် သွားလုပ်တော့ ရှစ်လေးလုံး မျိုးဆက်တွေ ပတ်လည် ၀ိုင်းနေတော့တာပေါ့။ ရှစ်လေးလုံး မျိုးဆက် အများအပြား နိုင်ငံခြားမှာ ဆက်လက် လှုပ်ရှားတာ ရှိသလို ပြည်တွင်းမှာလည်း လှုပ်ရှားကြတယ်။ ရှစ်လေးလုံးကြောင့် နိုင်ငံရေး သမားဟောင်း အချို့ ပြန်လည် ရှင်သန်လာကြပြီး ကိုတင်မောင်ဝင်းက ခေတ်ပြိုင်ကို တည်ထောင်တယ်။ ထိုင်းအခြေစိုက် ကျောင်းသား လူငယ် အဖွဲ့တွေ ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာစာစောင်တွေ အများကြီး ထွက်လာတယ်။ ကွန်ပျူတာ အင်တာနက်ကို နိုင်ငံခြားရောက် ရှစ်လေး လုံးမျိုးဆက်က အရင်တတ်ပြီး ဗမာ စစ်အစိုးရက နောက်မှတတ်တာ။

၁၉၈၈ နောက်ပိုင်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကလည်း ပြည်သူ့ အရေးတော်ပုံကို နိုင်ငံတကာ သိအောင် လုပ်နိုင်တဲ့ အချက် တခုဖြစ်တယ်။ ကုလသမဂ္ဂမှာ အမှုထမ်းခဲ့ဖူးပြီး နိုင်ငံခြား ပညာတတ် အသိုင်းအ၀ိုင်းမှာ ကျင်လည်ခဲ့တဲ့ ဒေါ်စုဟာ န၀တ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုကို Amnesty ကမ္ဘာ့ လူ့အခွင့်အရေး အဖွဲ့ကို အကြောင်းကြားခဲ့တယ်။ တရားမ၀င်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အရေးယူဖို့လည်း ရန်ကုန်နေ နိုင်ငံခြား သံအမတ်တွေကို စာရေး ပန်ကြားခဲ့တယ်။ နိုင်ငံတကာ ဥပဒေ ပညာရှင်များ အဖွဲ့ကိုလည်း ဒေါ်စုက စာရေးပြီး တိုင်ကြားခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းမှုကြောင့် ရက်ရက်စက်စက် ပစ်သတ်ခံရလို့ ရပ်တန့်သွားတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ ပြန်လည် ရှင်သန်လာတာလို့ ပြောကြတယ်။

၈၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်ကထွက်လာတဲ့ ကျောင်းသားဦးရေ များလာတဲ့ အတွက် နိုင်ငံခြားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အားကောင်းလာတယ်။ ကိုယ်တတ်နိုင်တဲ့ နည်းနဲ့ ဗမာ စစ်အစိုးရကို ဆန့်ကျင်ကြတယ်။ ကိုယ့်တာဝန် ကိုယ်သိကြတယ်။ သိပ်ကောင်းတယ်။ ကိုယ်တတ်တဲ့ အလုပ် ကိုယ်လုပ်တာ အမှန်တရားပဲ။ ကိုယ်လုပ်ရမယ့် အလုပ်ကို တကယ် နားလည်အောင် လေ့လာပြီး ရာထူး မမက်ဘဲ တတ်နိုင်တဲ့ ဘက်က ကူညီတာဟာ အကောင်းဆုံးပါလို့ ပြောပါရစေ။ သတင်း မီဒီယာလောကကို ရှစ်လေးလုံး မျိုးဆက်တွေ ၀င်စီးနိုင်တာဟာ ဒီမိုကရေစီရေး အတွက် အခွင့်ကောင်း တခုပဲ။

ဒီမိုကရေစီနိုင်ငံတွေဆီ ရောက်သွားတဲ့ ရှစ်လေးလုံးမျိုးဆက်ဟာ ဒီမိုကရေစီ တကယ် ရသွားတယ်လို့ ပြောတာမျိုးလည်း ရှိတယ်။ ကိုယ်ရောက်တဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို နားလည်အောင် ကြိုးစားတာဟာ ကိုယ့်နိုင်ငံ အတွက် အကျိုးရှိတယ်။ ပညာ တပိုင်းတစနဲ့ နိုင်ငံခြား ရောက်လာတဲ့ ရှစ်လေးလုံး မျိုးဆက်ထဲမှာ ပညာ ဆက်သင်သူတွေ ရှိသလို အရက်သမား ဖြစ်သွားသူတွေလည်း ရှိတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ပြီး ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ လူတွေလည်း ရှိတယ်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိမှာပေါ့။ ဒါဟာ သဘာဝပဲ။

ခေတ်သစ်နဲ့အတူ လိုက်နိုင်သူတွေရှိသလို မလိုက်နိုင်သူတွေလည်း ရှိတယ်။ ဒီအထဲမှာ ထူးခြားတာလေး တခု ပြောပါရစေ။ ရှစ်လေးလုံးမှာ အခြေခံပညာ အထက်တန်းကျောင်းသား ဘ၀နဲ့ လှုပ်ရှားရင်း နိုင်ငံခြားကို ရောက်လာတဲ့ လူငယ်တဦး အကြောင်းပါပဲ။ ဒီလူငယ်ဟာ မြန်မာပြည်မှာ ဆယ်တန်း စာမေးပွဲတောင် ဖြေဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ကြိုးစားသူ ဆိုတော့ စကား ပြောကြည့်တာနဲ့ ဘွဲ့လွန် ကျောင်းသား အဆင့်ရှိတာကို သိနိုင်တယ်။ ကာလီဖိုးနီးယား ပြည်နယ် Berkeley တက္ကသိုလ်က အမေရိကန် ပါမောက္ခတွေ ကလည်း ဒီအတိုင်းပဲ မြင်တယ်။ ဒါကြောင့် တက္ကသိုလ် စည်းမျဉ်းတွေကို ဘေးချိတ်ပြီး ဘာတန်းမှ မအောင်တဲ့ မြန်မာ လူငယ်ကို မဟာဝိဇ္ဇာတန်း တက်ခွင့်ပြုပြီး နည်းပြဆရာ အဖြစ် အလုပ် ခန့်လိုက်သေးတယ်။ ဒီနှစ်ထဲ မဟာဝိဇ္ဇာဘွဲ့ ရလို့ ပါရဂူ Ph.D ဘွဲ့ သင်တန်းကိုပါ တက္ကသိုလ်ရဲ့ ထောက်ပံ့ကြေးနဲ့ တက်ခွင့် ပေးလိုက်တယ်။ ဒေါက်တာဘွဲ့ရမှာ သေချာတယ်။ အဲဒီတော့လည်း ဒေါက်တာ မင်းဇင် ဖြစ်သွားတာပေါ့။

နိုင်ငံခြားမှာ အပတ်တကုတ် လေ့လာဆည်ပူးပြီး ပညာရှာတာဟာ ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ အလား အလာဖြစ်တယ်။ ဒီမိုကရေစီ အရေးမှာ လူတိုင်း ပါဝင်နိုင်တယ်။ ကားမောင်း တတ်သူက ကားမောင်းပြီး ကူညီတယ်။ ထမင်းချက်တတ် သူက ချက်ပြုတ်ပြီး ကူညီတယ်။ တချို့ကလည်း ဆန္ဒပြပွဲတိုင်းမှာ ‘ဒို့အရေး’ မှန်မှန်အော်ပြီး ရန်ပုံငွေ ထည့်တယ်။ ဒီမိုကရေစီ သမားတွေ ရောက်လာရင် ကိုယ့်ကား ကိုယ်မောင်းပြီး မညည်းမညူ ပို့တယ်ကြို့တယ်။ ဧည့်သည်လာတိုင်း ကားမောင်းပို့ပါ များလာတော့ ကားမောင်းတာကို နိုင်ငံရေးလို့ ထင်လာတယ်။ ဟုတ်ပါတယ် သူ့အဖို့ ကားမောင်းတာဟာ နိုင်ငံရေးပါ။ ကိုယ်တတ်တဲ့ အလုပ်နဲ့ ဒီမိုကရေစီ အရေးကို ကူညီတာပါ။ ထမင်းချက်ပြီး ကူညီသူလည်း ဒီမိုကရေစီ သမားတွေကို ထမင်းချက် ကျွေးရတာဟာ နိုင်ငံရေးပေါ့။ သူ့အတွက်ကတော့ ထမင်းချက်တာဟာ နိုင်ငံရေးပါ။ တာဝန်ကိုယ်စီ ထမ်းဆောင်ကြတာ ၀မ်းသာ အားရစရာပါ။ ဒါပေမယ့် ကားသမားနဲ့ ထမင်းချက်ဟာ အသိဉာဏ် တထွာတမိုက်နဲ့ နိုင်ငံရေးမှာ ထင်ရာမြင်ရာ ဝေဖန်လာတဲ့ အခါ ပြဿနာပေါ်ပြီး နအဖ လက်ပါးစေ ဖြစ်ကုန်တာပေါ့။ ကားမောင်း၊ ထမင်းချက် လောက်သာ လုပ်တတ်ပေမယ့် နေရာလိုချင်၊ ဆရာလုပ်ချင်တာဟာ ‘မဆလခေတ်’ ရဲ့ အမွေဆိုးပါ။

အသိဉာဏ်တထွာတမိုက်နဲ့ မိမိဉာဏ်မမီတိုင်း သူများကို မှားတယ်လို့ ယူဆတာဟာ ဘယ်သူ့ အတွက်မှ မကောင်းပါဘူး။ နိုင်ငံရေး ပညာဟာ အလွန်ကျယ်ဝန်းတဲ့ ဘာသာရပ်ဖြစ်လို့ အပတ်တကုတ် လေ့လာ ဆည်းပူး ရပါလိမ့်မယ်။ အခြေခံပညာ ရှိသူတိုင်း လေးလေးနက်နက် ကြိုးစား အားထုတ်ရင် နားလည်နိုင်ပါတယ်။ စာတွေ့ ဗဟုသုတ စုဆောင်းပြီး ကြေကြေညက်ညက် လေ့လာတဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး လောကကို အရင်ကထက် ပိုပြီး နားလည်လာမှာ သေချာတယ်။ စာတွေ့က လက်တွေ့ကို ကူးပြောင်းရာမှာ လေ့လာသူရဲ့ ပင်ကိုယ် သဘာဝ၊ အကြံဉာဏ် လက်ခံနိုင်မှု၊ အပင်ပန်းခံနိုင်မှု စတာတွေကို လိုက်ပြီး အချိန် အနည်းအများ ကြာတတ်ပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့