Wednesday, October 13, 2010

အာဏာရှင် မှ ဒီမိုကရေစီပြောင်းလာတဲ့ ချီလီနိုင်ငံရဲ့ အံ့ဖွယ်သတင်း

အောက်တိုဘာ ၁၃ ရက် ၂၀၁၀

ချီလီသမတနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လို နှိုင်းယှဉ်မလဲ



* စစ်ဆင်ရေး အမည်။ ။ ဖီးနစ် (Phoenix)
* အချိန်။ ။ နံနက် ၆ နာရီ။ အောက်တိုဘာ ၁၃၊ ၂၀၁၀ (ထိုင်းစံတော်ချိန်)။
* နေရာ။ ။ ချီလီမြောက်ပိုင်း၊ ဆန်ဂျို့စ်
* ကယ်တင်နည်း ။ ပိတ်မိနေတဲ့နေရာထိရောက်ဖို့ ကျောက်သား မီတာ ၇၀၀ (မိုင်ဝက် လောက်ရှိ) ကို လူ တကိုယ်စာထက်ကြီးတဲ့ ပင်မဆင်းတွင်း (Shaft) တခု တည့်တည့် ဖောက် ပါတယ်။ ဒီအပေါက်ကနေ လူတကိုယ်စာ ဆန့်တဲ့ (Phoenix Capsule) လို့ အမည်ပေးထားတဲ့ သတ္ထုပေါင်းချောင် ကိုချ၊ ချိန်းကြိုးနဲ့ ဆွဲတင် ကယ်တင် ရပါတယ်။ အောက်ကနေ အပေါ် ရောက်တဲ့အထိ ပေါင်းချောင်ထဲမှာ နေရမယ့်အချိန်က ၁၂ မိနစ် ကနေ မိနစ် ၂၀ လောက် ကြာပါမယ်။ မြေပေါ်ဆွဲ တင်တဲ့အခါ လူတဦးစီ တိုင်းမှာ အောက်ဆီဂျင် မျက်နှာဖုံးနဲ့ မြေပေါ် ရောက်တဲ့အခါ အလင်းရောင်ဒဏ် ကနေ မျက်လုံး မထိခိုက် အောင် မျက်မှန်မဲတွေ တပ်ဆင် ထားပေးပါတယ်။

ချီလီနိုင်ငံ မြောက်ပိုင်း ကြေးနီနဲ့ရွှေထုတ်လုပ်တဲ့ ဆန်ဂျို့စ်သတ္ထုတွင်းဟာ လွန်ခဲ့တဲ့ ၆၈ရက် တုန်းက ကျောက်တုန်းတွေ ပြိုကျပြီး တွင်းပိတ် သွားပါတယ်။ တွင်းထဲမှာ လူ ၃၃ ဦး ပိတ်မိသွား ပါတယ်။

မြေပေါ်သို့ ပထမဦးဆုံးရောက်ရှိလာသော မိုင်းလုပ်သားနှင့်
နှစ်သိမ့် အားပေးနေသော ချီလီ သမတ

ဒီကနေ့ မနက် ထိုင်းစံတော်ချိန် ၆ နာရီမှာ ပိတ်မိနေတဲ့ သတ္ထု တူးဖော်ရေးသမား ၃၃ ယောက်ကို ချီလီ သမတ ကိုယ်တိုင် အနီးကပ် စောင့်ကြပ်ပြီး ကယ်တင် နေပါတယ်။ အခု ထိုင်းစံတော်ချိန် ၁၂း၀၈ မိနစ်မှာ ပိတ်မိနေသူတွေ ထဲက တတိယမြောက် လူဟာ ဘေးအန္တရယ် ကင်းစွာနဲ့ မြေပေါ်ကို ပြန်လည် ရောက်ရှိလာပါပြီ။ ကျန်တဲ့ သူတွေကိုလည်း ဆက်လက် ကယ်တင် နေပါတယ်။ အားလုံး ချောချောမောမော မြေပေါ်ကို ပြန်ရောက်ပြီး မိသားစုတွေနဲ့ ပျော်ရွှင်စွာ ပြန်လည် ဆုံစည်းနိုင်မှာ ဖြစ်ကြောင်း မိသားစုဝင်တွေကို သမတ က ပိုင်ပိုင်နိုင်နိုင် ပြောဆို အာမခံပါတယ်။ အားလုံးဟာ ဒီတစ်ရက်နှစ်ရက် အတွင်းမှာ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ ကြရတော့မှာ မလွဲပါဘူး။


ဒါနဲ့တချိန်တည်းမှာတော့ အောက်တိုဘာ ၈ရက်နေ့က ကျနော်တို့ မြန်မာပြည်၊ အထက်ပိုင်းမှာ အစိုးရက ဆည်တော်လေး ဆည် ဖောက်ချလို့ လူ ၅၀ သေပြီး၊ ဆည်နားက ရွာ၂ရွာမှာ အိမ် ၁၅၃ လုံး ရေမြုပ် သွားပါတယ်။ လူပေါင်း များစွာဒုက္ခ ရောက်နေပါတယ်။

၁၁ ရက်နေ့ကလည်း ဆည်တော်ကြီးဆည်ကို ထပ်မံ ဖောက်ချ လိုက်ပြန်ပါတယ်။ ရွာပေါင်း ဘယ် လောက်၊ လူပေါင်း ဘယ်လောက် ထပ်မံ ဒုက္ခရောက်ကြမလဲ ဆိုတာတော့ အသေးစိတ် မသိ ရသေး ပါဘူး။

ဝိမုတ္တိ

ကိုးကား။ BBC ရုပ်သံ


0 comments:

အပေါ်သို့