Monday, November 29, 2010

လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် (အမေးအဖြေ)

အရှင်ပညာနန္ဒ။ ။ အရှင်ပညာနန္ဒက အရင်ကတော့ ABSDF ၁၉၈၈ အရေးတော်ပုံ အပြီးမှာ နယ်ခြားကို ရောက်ရှိလာတဲ့ အဲဒီ လှုပ်ရှားမှုတွေက တဆင့် အခုတော့ New York ပြည်နယ် ယူတီဂါမြို့မှာ သီတင်းသုံး နေထိုင်လျက် ရှိပါတယ်။

ဒါကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တဲ့ မေးခွန်းတခုကလေ အခု ဦးဇင်းထင်တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စမှာ ဒီမိုကရေစီ ဖော်ဆောင်မှုကိစ္စမှာ ဗိုလ်ချုပ်ကြီးတွေက သူတို့ အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ ဒီအာဏာကို မစွန့်လွှတ်နိုင်ဘူးလို့ ဦးဇင်း ထင်တယ်လေ။ အဲဒါကြောင့်မို့လို့ ဗိုလ်ချုပ်ကြီးတွေ အကြောက်တရား ပြေပျောက် သွားအောင်လို့လေ.. ဒါကာမကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုမျိုး လုပ်ပေးနိုင်သလဲ ဆိုတာ အဲဒါ ဦးဇင်းအနေနဲ့ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အကြောက်တရားရဲ့အခြေခံကတော့ မလုံခြုံတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ အဲဒီတော့ မလုံခြုံတဲ့ စိတ်ဓာတ်တွေ လျော့သွားအောင် လျော့ပါးသွားအောင် ဘယ်လို လုပ်ရမယ်ဆိုတာ ကျမတို့ အားလုံး ၀ိုင်းပြီးတော့ စဉ်းစားဖို့ လိုပါတယ်။ ကျမအနေနဲ့တော့ အားလုံးကို ကျမတို့နိုင်ငံမှာ လုံခြုံ စေချင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေရော ပြည်သူလူထု တွေရော အားလုံး စိတ်လုံလုံ ခြုံခြုံနဲ့ နေစေချင်ပါတယ်။ အဲဒီလို လုံခြုံမှု ပေးနိုင်တဲ့ အခြေအနေတခုကို ရောက်အောင် ဘယ်လို လုပ်မယ်ဆိုတာ ကျမတို့ အားလုံး ပူးပေါင်း ပါဝင်ပြီး လက်တွဲစဉ်းစားကြပါစို့ စကားပြောကြပါစို့ ဆွေးနွေးကြပါစို့လို့ ကျမ ဒီလိုဘဲ တိုက်တွန်း ချင်ပါတယ်။

ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးမန်းသောင်းတင်
အခုသူ New York မှာရှိပြီး ကေအန်ယူတိုက်ပွဲတွေမှာ နံမည်ကျော် ၀မ်ခတိုက်ပွဲမှာ လက်တဖက် ဆုံးရှုံးခဲ့ပြီး နားအာရုံလည်း အတော် ချို့ယွင်း သွားခဲ့ပါတယ်. အခုအချိန်အထိ KNU ကရင် အမျိုးသား အစည်းအရုံး အတွက် ကူညီ လှုပ်ရှား ပေးနေတဲ့သူ တယောက်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်ဖြူတ်ချရေးနဲ့ ဒီမိုကရေစီရရှိရေး အတွက် ကြိုးပမ်း လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းရင်းသားတွေက အကြွင်းမဲ့ ယုံကြည်ပါတယ်။ ယနေ့ ကျနော်တို့ တိုင်းရင်းသား တွေက စစ်အာဏာရှင် တွေရဲ့ သွေးခွဲမှုကြောင့် ကျနော်တို့ဟာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲနေကြတယ်။ အဲဒီပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို ဖြေရှင်းပေးနိုင်လဲ ဆိုတာ အဲဒါကို ကျနော် မေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုအချင်းချင်းသွေးခွဲ သတ်ဖြတ်မှုတွေ ရပ်စဲသွားအောင်လို့ ဆိုတာဟာ ကျမတို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် တခု ထူထောင်ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နဲ့ ကျမတို့ရဲ့ မဟာမိတ်များ ဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေဟာ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်တခု ခိုင်ခိုင်မာမာ ကျမတို့ နိုင်ငံမှာ အမြစ် တွယ်သွားအောင်လို့ ကြိုးစားနေပါတယ်။ ကျမတို့ တိုင်းရင်းသားတွေဟာ တကယ် အချင်းချင်း နားလည်မှု ယူနိုင်မဲ့ အခြေအနေ တခု ရောက်လာလို့ ရှိရင် နားလည်မှု ရမှာလို့ ကျမ ယုံကြည်ပါတယ်။ ဒီဟာအတွက် အားလုံးက ၀ိုင်းဝန်း ကူညီပေးကြပါ။ ကျမတို့ကိုလည်း အကြံဥာဏ်တွေ ပေးကြပါ။ ကျမတို့ အဖွဲ့ တခုတည်း လုပ်နိုင်တယ်လို့ ကျမတို့ မယုံကြည်ပါဘူး။ ဒီလို တဖွဲ့တည်းနဲ့ တယောက်တည်းနဲ့ လုပ်နိုင်တယ် ဆိုတဲ့ စိတ်တွေကြောင့်လည်း ဒီလို အကွဲကွဲ အပြားပြားတွေ ဖြစ်ရတာပါ လို့လည်း ကျမ ယုံကြည်ပါတယ်။

ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်

ကျနော့်အနေနဲ့ မေးချင်တဲ့ မေးခွန်းကတော့ Civil Society ဆိုတဲ့ လွတ်လပ်တဲ့ လူ့ဘောင် အဖွဲ့အစည်းတွေ ကျနော်တို့ ကျောင်းသား သမဂ္ဂတွေ အလုပ်သမား သမဂ္ဂတွေ လယ်သမား သမဂ္ဂတွေ အဲ့ဒီအပြင် နိုင်ငံရေး ပါတီတွေ နောက်ပြီးတော့ လွတ်လပ်တဲ့ သတင်းစာ သတင်း ဌာနတွေ အဲဒါတွေ ပေါ်ပေါက်ဖို့ အရမ်း အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ ဒီလို အဖွဲ့အစည်းတွေ တောင့်တင်း ကြံ့ခိုင်မှသာ ဒီမိုကရေစီ စံနစ်ဖြစ်လိုခဲ့လို့ ရှိရင်လည်း ဒီစနစ်ကို မပျောက်ပျက်သွားအောင် ကာကွယ်နိုင်မယ်လို့ ကျနော့ အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုအနေနဲ့ ဒီလွတ်လပ်တဲ့ လူ့ဘောင် အဖွဲ့အစည်းတွေ Civil Society ဖွံ့ဖြိုး တိုးတက်လာအောင် ဘယ်လို ကူညီ ဆောင်ရွတ်သွားနိုင်မလဲ ဆိုတာ ကျနော့အနေနဲ့ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ အနေနဲ့ လူ့ဘောင် အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဟာ လက်တွေ့ကျကျ လုပ်နေတာ ကြာပါပြီ။ ဥပမာ ဆိုလို့ရှိရင် ကျမတို့ရဲ့နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အဖွဲ့တွေ၊ ကျမတို့ရဲ့ ဥပဒေ ကူညီရေး အဖွဲ့တွေ၊ နောက်ပြီးတော့ HIV. AIDS နဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေ ရေနက်တွင်း တူးပေးတာတွေ ဒါတွေ အားလုံးဟာ လူ့ဘောင် အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကျမတို့ လုပ်နေတာပါ။ အဲဒီတော့ ဒီဟာတွေကို ပြည်သူ လူထုကလည်း နားလည်ပြီးတော့ ၀ိုင်းဝန်းပြီးတော့ ပံ့ပိုး နေမယ် ဆိုလို့ရှိရင် ပိုပြီးတော့ အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် ကျမတို့ လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကာတွန်း ၀င်းထွန်း (Mr Burma) (win burmese ကွန်ပြုတာစာလုံး တီထွင်သူ)

ပြည်တွင်းတုန်းက ကာတွန်းတွေရေးခဲ့တဲ့ ကာတွန်း ၀င်းထွန်းလို့ခေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာဟာ အများ ပြည်သူများနဲ့ ကျနော်တို့လို အတွင်းအပြင်မှာ ရောက်ရှိ နေကြတဲ့ ပြည်သူပြည်သားများ အားလုံး အတွက် ၀မ်းသာစရာပါ။ တခုလောက် မေးချင်တာလေး တခုက ရိုးရိုး သာမန်ပြည်သူတွေထက် ပိုပြီးကြောက်ရွံ့တတ်တဲ့ ပြည်တွင်း ပြည်ပက ပညာတတ် ပညာရှင်တွေကို ကြောက်ရွံ့စိတ် နည်းပါးသွားအောင် ဘယ်လို လုပ်ရင် ကောင်းမလဲလို့ပါ။ ကျေးဇူးပြုပြီးဖြေပေးပါ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရိုးရိုးသာမာန်ပြည်သူတွေထက်ပိုပြီးတော့ ပြည်တွင်း ပြည်ကပ ပညာတတ်တွေ ကြောက်ရွံ့စိတ် ရှိနေတယ် ဆိုတာကတော့ ဒီပညာတတ်တွေက ပိုပြီးတော့ ဆုံးရှုံးစရာတွေ ရှိလို့ ပိုပြီးတော့ အခွင့်အရေးတွေ ရှိလို့ ပိုပြီးတော့ ပစ္စည်းဥစ္စာတွေ ရှိလို့ လို့ ထင်ပါတယ်။ အဲဒီတော့ လုံခြုံမှုအတွက် ပိုပြီးတော့ စိုးရိမ်လို့ ကြောက်နေတာလို့ ဒီလို မြင်လိုက်မိပါတယ်။ ဒီလုံခြုံမှု ရဖို့ ဆိုတာ ကြောက်နေရုံနဲ့ မပြီးဘူး။ လုံခြုံမှုရဖို့ ဆိုတာဟာ ပြည်သူအားလုံးကို လုံခြုံမှု ပေးမဲ့ စနစ်တခု ထူထောင်ဖို့ ကြိုးစားရမယ် ဆိုတာ ဒီ အသိတွေများ ပညာတတ်တွေရဲ့ စိတ်ထဲမှာ ၀င်သွားခဲ့လို့ရှိရင် ပိုပြီးတော့ အကြောက်စိတ်တွေ ကျော်လွှားနိုင်မယ်လို့ ကျမထင်ပါတယ်။

ကိုခင်မော်ခေါ်မော်ကြီး (၇၄-၇၅ကျောင်းသားလှုပ်ရှားမှုတွင် အထိမ်းသိမ်းခံခဲ့ရသူ တဦး)(LA Organize for Burma)
ကျနော်မေးချင်တဲ့ မေးခွန်းကတော့ ကျနော်တို့ခု ဒီနိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာတွေဟာပေါ့ အကုန်လုံး အကွဲကွဲ အပြားပြားပေါ့ အတွေး အမြင်တွေရော လုပ်ရပ်တွေရော ကွဲနေတာ ကျနော်တို့ ဘယ်လိုနည်းနဲ့များ အဲဒီလို စုစုစည်းစည်းနဲ့ တခုတည်း လုပ်လို့ ရမလဲလို့ ကျနော် မေးချင်တယ်။ ပြီးတဲ့ အခါကြပေါ့နော် ကျနော်တို့ နိုင်ငံခြား ရောက်နေတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ NLD ပေါ့၊ စစ်အစိုးရကို အတိုက်အခံ လုပ်နေတဲ့ NLD ပါတီကြီးကို ကျနော်တို့ဒီကနေ ဘယ်လို အကူအညီ ပေးနိုင်သလဲ ဆိုတာ ကျနော် ဒီကနေ မေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ညီညွှတ်အောင်လုပ်ဖို့ ဆိုတာဟာ လွယ်တဲ့ကိစ္စ မဟုတ်ပေမဲ့လည်း မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး. နည်းနည်း ပါးပါးတော့ ကိုယ့်ရဲ့ အတ္တတွေကို လျှော့ရမယ်လို့ ဒီလိုဘဲ ကျမပြောရမှာဘဲ။ ဆန္ဒစွဲ တွေကို လျှော့ရမယ် ပေါ့နော်။ ကိုယ်လိုချင်တာဘဲ ကိုယ်ဖြစ်စေချင်တာဘဲ၊ ကိုယ်မြင်ချင်တာဘဲ ဒါတွေကိုဘဲ စဉ်းစားနေလို့ ရှိလို့ရှိရင်တော့ ကျမတို့ ကွဲပြားနေတဲ့ လူတွေကို စုဖို့ဆိုတာ မလွယ်ပါဘူး။ ကျမတို့ အားလုံးဟာ ပန်းတိုင် တခုထဲ ရှိတယ်ဆိုလို့ရှိရင် ဒီပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုနည်းနဲ့ သွားမယ်ဆိုတဲ့ နေရာမှာ အငြင်းပွားတဲ့ ကိစ္စတွေကို ဆွေးနွေးပြီးတော့ ပြေလည်အောင် လုပ်ဖို့ဆိုတာ ဒါ အရေးကြီးတာပါဘဲ။ ပြည်တွင်း NLD ကို ဘယ်လို ပံ့ပိုးရမလဲ မေးတော့ကျမ ပထမမေးခွန်းနဲ့ စပ်ဆက်ပြီး ဖြေရင် ကောင်းမလားလို့။ ပြည်တွင်း NLD ကို ဘယ်လို ပံ့ပိုးရမလဲ ဆိုတာ အားလုံးအတူ စဉ်းစားပြီးတော့ ပြည်ပက အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ အဖွဲ့တွေ ညီညွတ်မှုများ ယူနိုင်မလားလို့ အဲဒါလေးကို စဉ်းစားပေးပါလို့ ကျမ မေတ္တာရပ်ခံပါတယ်။

Ref: ဒေါင်းမာန်ဟုန်

0 comments:

အပေါ်သို့