Monday, March 28, 2011

တလအတွင်း KIO ဝန်ထမ်း ၄ ဦး အဖမ်းခံရ


နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဖားကန့်ခရိုင် တပ်ရင်း ၆ နယ်မြေမှ ဝန်ထမ်း ၂ ဦး ယခုလ ၂၄ ရက်နေ့တွင် ဒေသခံစစ်တပ်က ဖမ်းဆီးသဖြင့် တလအတွင်း အဖမ်းခံရသူ KIO ဝန်ထမ်း ၄ ဦး ရှိသွားပြီဖြစ်သည်။

ဆိုင်းတောင်မြို့ ဆိုင်းဇွပ်တိုက်နယ်ရုံးမှ ဒုတိုက်နယ်မှူး ဦးဘရန်မိုင်နှင့် ရုံးစာရေး ကိုလဆိုင်းကို ဖားကန့်အခြေစိုက် ခလရ ၇၄ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး ကရင်ကြီးပါ လက်နက်ကိုင် စစ်သား ၁ဝ ဦးက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခုလဆန်းတွင် KIO တပ်ရင်း ၁၁ မှ ဝန်ထမ်း ဦးယော်ဘောမ်ကို ကျပ် ၁ဝ သိန်းနှင့်အတူ မြစ်ကြီးနား အခြေစိုက် ခလရ ၃၇ ကလည်း ကောင်း၊ တရုတ်နယ်စပ် ဆန်ပိုင်အခြေ စိုက် KIO တပ်ရင်း ၃ မှ ဝန်ထမ်း ဦးဇော်နန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) စစ်ဘက်ရေးရာ လုံခြုံရေးတပ်က လည်းကောင်း ဖမ်းဆီးခဲ့သေးသည်။

ယခုနောက်ဆုံး ဖမ်းဆီးမှုတွင် ဒုတိုက်နယ်မှူး ဦးဘရန်မိုင်၏ တိုက်နယ်မှူးရုံးကို ခလရ ၇၄ တပ်သားများက ဝိုင်းရံကာ ဖမ်းဆီးခဲ့ပြီး၊ စာရေး ကိုလဆိုင်းကိုမူ ဓာတ်ဆီဆိုင်၌ ဆီဖြည့်နေစဉ် လက်နက်ကိုင် စစ်သားများက ဖားကန့်မြို့ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဝင်းလွင်ဦး၏ အမိန့်ဖြင့် ဖမ်းဆီးခဲ့သည်ဟု KIO တပ်ရင်း ၆ အရာရှိ တဦးက ပြောသည်။

သူတို့နှစ်ဦးကို ဖားကန့် ဆိုင်းဇွပ်ရပ်ကွက်မှ ဓာတ်ဆီဆိုင်အချို့၌ ဆက်ကြေး ကောက်ခံသည်ဟု စွပ်စွဲကာ ပြစ်မှုဆိုင်ရာ ဥပဒေ ခြိမ်းခြောက်မှုဖြင့် ပုဒ်မ ၃၆၅ ၊ ၅၁၁ တို့ဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

“ကြံဖန်ပြီး တရားစွဲထားတာပဲ။ သူတို့နှစ်ယောက်က ဘာမှ လိုက်မတောင်းဘူး။ ကိုယ့်ရုံးမှာ အေးအေးဆေးဆေးပဲ နေတာကို လာဖမ်းတယ်။ ကျနော်တို့ မရရအောင် ပြန်ယူရမှာပါ။ ဘာအပြစ်မရှိတဲ့ ဝန်ထမ်း ၂ ဦးကို ဖမ်းထားတာ သူတို့အမှားပဲ။ တခုခုဖြစ်လာရင် ဖားကန့် ဗျူဟာမှူးရဲ့ တာဝန်ပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။ ကျပ် ၁ဝ သိန်းကျော်၊ CDMA လက်ကိုင်ဖုန်းတလုံး၊ ဆိုင်ကယ်တစီးနှင့် Digital Camera တလုံးပါ သိမ်းသွားသည်ဟု ဆိုသည်။

ယခုအခါ ၂ ဦးစလုံးကို ဖားကန့် ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု KIO သတင်း ရပ်ကွက်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်မခံသဖြင့် စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေး တင်းမာနေပြီး၊ KIO နယ်မြေအတွင်း စစ်အစိုးရတပ်များ စစ်အင်အား တိုးချဲ့မှုနှင့် လှုပ်ရှားမှုများ ရှိနေသည်။


Ref;Mizzima

0 comments:

အပေါ်သို့