Monday, September 26, 2011

'သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ'ဟောပြောပွဲ (ဒူဝါဇောင်ဂမ် )

Saturday, 24 September 2011

အားလုံးကိုပဲ ကျေးဇူး တင်ပါတယ်။ ကျွန်တော် မြစ်ကြီးနားကလာတဲ့ ကချင်အမျိုးအသား ဖြစ်ပါတယ်။ ကချင်ဆိုတော့ ဗမာစကား ပြောရတာ ကျွန်တော်လည်း ကချင် စကားပဲ ခပ်များများပြောတာ ဆိုတော့ အညာက ဗမာစကားကို ပြောပါမယ်။ သည်းခံ ပေးကြပါလို့ တောင်းပန်ပါတယ်။

ကြွရောက်လာတဲ့ လူကြီးမိဘများ၊ ဒီနေ့ တိုင်းပြည်အတွက် ကိုယ့်တိုင်းပြည် အတွက် ဘာမှ အခွင့်အရေး လိုချင်မှု တောင်းနေ ကြတဲ့သူတွေ မဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လုံးဝ စိုပြေ အေးချမ်းဖို့ လိုချင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ယိုယွင်းလာတဲ့ ဟာကို မြင်ရတဲ့ အခါကျတော့ ဘယ်လိုမှလည်း အိပ်မပျော်ကြပါဘူး။ အခုက ဒီမိုကရေစီခေတ် အပြောင်းအလဲ အချိန် ဖြစ်တာကြောင့် ဧရာဝတီမြစ်ကို အခုပြောသွားတဲ့ ပုဂ္ဂိုလ်တွေက အင်မတန်မှ စုံလင်စွာ ပြောတဲ့ အခါကျတော့ ကျွန်တော် မသိတာလည်း အများကြီးပေါ့၊ သိလာတဲ့ အခါကျတော့ ပိုပြီးမှ ကျွန်တော့်စိတ်ထဲမှာ ခေါင်းထဲမှာ အမျိုးမျိုး စဉ်းစားလာတဲ့ အခါကျတော့ ကျွန်တော်တို့ ဧရာဝတီမြစ်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အသက်လမ်းကြောင်း မိခင်ကြီး ဖြစ်ပါတယ်။ အဲမိခင်ကြီးရဲ့ မြစ်ဆုံမှာ ရေအားလျှပ်စစ် ထုတ်လုပ်မယ့် Dam လုပ်မယ်ဆိုတဲ့ အတွက်ကြောင့် ကျွန်တော်တို့က စိတ်ထဲမှာ အမျိုးမျိုး ခံစားနေရတဲ့ အတွက်ကြောင့် အဲဒီထဲမှာ ကျွန်တော် တစ်ယောက်ကလည်း အိပ်မပျော်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာ အခုမြစ်ဆုံ အကြောင်း ပြောတဲ့အခါမှာ ဧရာဝတီမြစ်ဟာ ကျွန်တော်တို့ အကျိုးကို ဘယ်လောက် ဖြစ်ထွန်းခဲ့သလဲ၊ အကျိုးပြုခဲ့သလဲ ဆိုတာကို ကျွန်တော်တို့က ပြောပြတဲ့ အထဲမှာ သိရတယ်။ ဧရာဝတီမြစ်အဆုံမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းအကြောင်း ကျွန်တော်တို့ တွက်တဲ့အခါမှာ ဒီမြစ်ဆုံဟာ ဘယ်လောက် အရေးကြီးနေသလဲ၊ ကနေ့ ဒီမြစ်ဆုံအကြောင်း ပြောတဲ့အတွက် မြစ်ဆုံဒေသ အကြောင်း ပြောတဲ့အချိန်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူး၊ မသိဘူးတဲ့သူတွေ စုံလာတာကလည်း ဒီမြစ်ဆုံ ကိစ္စကြောင့် ကျွန်တော်တို့ ပြန်စုစည်းပြီးတော့မှ ကိုယ့်တိုင်းပြည်အတွက် ဧရာဝတီ မြစ်ကြီးဟာ မကုန်မခမ်း သွားဘဲနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ အသုံးပြု သွားနိုင်ဖို့ ဒီမြစ်ဆုံဟာ ကျွန်တော်တို့ ရိုးရိုးမြစ်ဆုံ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဒီမှာအတူ ဆုံစည်းပြီးတော့မှ ရှိလာတယ်ဆိုတာကို ဒီမှာ ကျွန်တော်က စဉ်းစားမိပါတယ်။

အခုကျွန်တော်ပြောမှာကတော့ ဒီရေကာတာလုပ်လို့ ဘယ်လိုဖြစ်လာမလဲ၊ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို သိပ္ပံနည်း အားဖြင့် ကျွန်တော် တခြားသိပ် မပြောတတ်ပါဘူး။ ကျွန်တော်က မြစ်ကြီးနားမှာ နေပြီးတော့မှ အဲဒီမြစ်ဆုံနားမှာ သွားကြီးတဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအခါမှာ အမျိုးမျိုး တွေးကြည့်တယ်။ တကယ်လို့များ မြေငလျင် လှုပ်လာပြီလို့ဆိုရင် ဒီမြစ်ဆုံ ရေကာတာက ရေဟာ ပေအမြင့် ၄၀၀ ကျော် ၅၀၀ နီးပါးလောက် မြင့်တက်လာမှာကို တည်ဆောက်မယ် ဆိုလို့ရှိရင် အကယ်၍ ဒီဟာ ပြိုကျလာမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အများပြောနေတာက စက္ကန့်ပိုင်းအတွင်းမှာ မြစ်ကြီးနား မြို့ဟာ မြုပ်သွားနိုင်မယ်။ ပုံနှိုင်း ပြောရမယ် ဆိုရင် ရေအိုးစည် တစ်အိုးလို လျှပ်စစ်တွေဟာ အကုန်လုံး လွင့်ထွက်သွားသလိုပဲ အကုန်လုံး ကျွန်တော်တို့ ဟာလည်း ကချင်ပြည်နယ် အတွင်းမှာ မှီတင်း နေထိုင်နေကြတဲ့ သူတွေ အကုန်လုံး၊ ဒါတင်မကဘူး တောတိရိစ္ဆာန် ကျွန်တော်တို့ မွေးထားတဲ့ ကျွဲနွားအကုန် အကုန်လုံး ပါသွားကြမှာပဲ။ ဟိုးတောင်ထိပ်မှာ သစ်ပင်ပေါ်မှာ တွဲလောင်းကြီး ကုတ်ကတ် နေကြမှာကို မြင်မိပါတယ်။ တွေးမိပါတယ်။ ဒါကြောင့် ကျွန်တော် မပျော်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီသဘာဝ ဘေးဒဏ်ကို ကျွန်တော်တို့ ဘယ်လို ရှောင်ရှား ကြမှာလဲ။ သဘာဝ ဘေးဒဏ်ဆိုတာ လက်တွေ့မှာလည်း ရှိပါတယ်ဆိုတာကို ကျွန်တော် မြင်ရပါတယ်။

ကျွန်တော် ရေဒီယိုထဲမှာ နေပြည်တော်က လွှင့်တဲ့ အသံကို နားထောင်တဲ့ အခါကျတော့ ပဲခူးမှာလည်း ရေလျှံတယ်၊ မန္တလေးမှာလည်း ရေလျှံတယ်ဆိုတဲ့ အခါ မနေ့က ကျွန်တော် လေယာဉ်ပျံ စီးလာတဲ့အခါ ကျွန်တော် ငုံ့ကြည့်တဲ့ အခါကျတော့ ဟုတ်တာပေါ့။ အခုတောင် နည်းနည်းလေး သက်သာလာပြီ။ လယ်ကွက်တွေမှာ ရေတွေ ပြင်ကြီးဖြစ်နေတာ ရေပင်လယ်ကြီးပဲ ဖြစ်တဲ့ အခါကျတော့ အော်ဒါလည်း သိပ်ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ ပြေးနိုင်သေးတယ် ရှောင်နိုင်သေးတယ်၊ ရေကြီးတယ် ဆိုတော့ ဖြည်းဖြည်းချင်း ကြီးလာတဲ့အခါ ပြေးလို့ရတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ ၀မ်းစာအတွက် စိုက်ပျိုးထားတဲ့ အပင်တွေ အကုန်လုံး မြုပ်ကုန်ပြီ၊ သေကုန်ပြီ၊ လူတွေကလည်း ဒီရေကို ဒီမှာရေကြီးလို့ မနေနိုင်တဲ့ အခါကျတော့ အိုးခွက်တွေ ပစ်ပြီးတော့မှ မြင့်ရာ ကုန်းမြင့် ကို ဘေးလွတ်ရာမှာ သွားနေရတယ် ဆိုတာကို ကျွန်တော်တို့ ကြားနေရတယ်။ မနေ့က ကျွန်တော်တွေ့ တဲ့အခါကျတော့ မှန်တာပေါ့လို့၊ ဒါပေမယ့်လို့ မန္တလေးနဲ့ ၀မ်းတွင်းဘက်မှာ ရေကြီးတယ်ဆိုတဲ့ ဟာကို ဘယ်သူက လုပ်တာ တုန်း၊ ဒါလည်း သဘာဝဘေးဒဏ် ရှောင်တိမ်းနိုင်တဲ့ သဘာဝဘေးဒဏ် တစ်ခု ဖြစ်ပါတယ်။ မရှောင်တိမ်းနိုင်တာက အခုနက ပြောတဲ့ စိုက်ထားတဲ့ လုပ်ထားတဲ့ မြုပ်တာတွေကို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူး။ ဒီလိုရေကြီး တာကို ကျွန်တော်တို့ လူသားတွေ မဖန်ဆင်းနိုင်ပါဘူး၊ မလုပ်နိုင်ပါဘူး။ ဖြစ်လာတဲ့အခါ ကျတော့လည်း ဒီဟာကို ကျွန်တော်တို့ တားဆီးလို့ မရပါဘူး။ ကြိုတင် တွက်ချက်လို့လည်း ဘယ်လိုမှ မတွက်ချက်နိုင်ပါဘူး။ ဒီသဘာဝ ဘေးဒဏ်ဆို အခုဖြစ်နေတဲ့ မြစ်ဆုံ ရေကာတာကို လုပ်မယ်ဆိုရင် အင်မတန်မှ ကြီးမားမှာ ဖြစ်တဲ့ အတွက်ကြောင့် အကယ်၍ မြေငလျင် လှုပ်တာတို့ မိုးတအားကြီးလို့ ပြိုသွားမှာဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့က ပြေးစရာရှိမှာ မဟုတ်ပါဘူး။

ကျွန်တော် ပြေးမလွတ်နိုင်တဲ့ ဒီရေဘေးဒုက္ခအကြောင်းကို ကျွန်တော် ရေးထားတာ ရှိပါတယ်။ ဆယ်ချက်လောက် ရှိပါတယ်။ ကျွန်တော်ရေးထား အလွတ်သဘောနဲ့ ပြောပြ ချင်တာပါ။ ဟိုးအရင်တုန်းက ဆိုရင် ၀ါးရှောင်ဆည် ဆိုတာ ကျွန်တော်တို့ မြစ်ကြီးနား အထက်မှာ ရှိပါတယ်။ ဒါလည်း ရေကြီးလာတဲ့ အခါကျတော့ ဆည်ကြီးက တစ်ခြမ်း ပါသွားပါတယ်။ ၁၉၅၄ ခုနှစ်လောက်မှာ တောင်ကြီး တစ်ခြမ်း ပြိုသွားတာ ရေက တစ်ခါတည်းပေါက် ကွဲထွက်လာပြီး တောင်ကြီး ပြိုသွားတာ။ ပြိုသွားတော့ မြေမှုန့်တွေ မြေကြီး တွေက တစ်ခါတည်း စီးဆင်းလာတဲ့ ရေတွေဟာ အဲဒီတလျှောက် မိုးမောက်၊ ဗန်းမော် အဲဒီတလျောက်မှာရှိတဲ့ လယ်ကွင်းတွေ အကုန်လုံး သဲသောင်ကြီးတွေ ဖြစ်သွားတဲ့အထိ မြင်ရပါတယ်။ နောက် ဆယ်နှစ်လောက် ဘာမှ စိုက် စားလို့မရဘူး။ အခုမှ စိုက်စားလို့ရတယ်။

နောက်ကျတော့ ကျွန်တော်တို့ လိုင်ဇာက ဆင်းလာတဲ့ မူလွယ်ခဆိုတာ ရှိတယ်။ အဲဒီ နားလုံ၊ နားလုံဆို တာနားမှာ ရေကြီးတယ်။ အဲဒီ ရေကြီးတာက ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ အဲဒီ ရေစီးလာတဲ့ အခါကျတော့ ည၊ ညလူအိပ်ချိန်မှာ အသံကြီး ကျယ်လောင်စွာနဲ့ပဲ လာတဲ့ အခါကျတော့ လူတွေက ထကြည့်တယ်၊ ထကြည့် လိုက်တာနဲ့ ဟိုမှာ သစ်ပင်ကြီးတွေ အကြီးကြီးတွေ ၀ါးရုံကြီးတွေ တစ်ခါတည်း မျောပါလာတယ်။ မျောပါလာတဲ့ အခါကျတော့ လူတွေက ကိုယ်လွတ် ထွက်ပြေးရတဲ့ အခါကျတော့ တစ်ချို့ကတော့ ကုန်းပေါ် ရောက်သွားတယ်။ တစ်ချို့ကျတော့ အဲဒီ သစ်ပင်ကြီးတွေနဲ့ ပါသွားတယ်။ ပါသွားတဲ့ သူတွေ တစ်ယောက်မှလည်း ကျွန်တော်တို့ ဆယ်လို့မရတော့ဘူး။ နားလုံရွာကလည်း ဟိုးအဝေးကြီး လယ်ကွင်းတွေ တလျှောက် သဲသောင်ပြင်ကြီး ဖြစ်သွားတယ်။ ဒါမျိုးတွေကို ကျွန်တော်ရေးထားတဲ့ အခါ ဆယ်ချက်လောက် ရှိပါတယ်။ နောက် တန်ဖဲ ရေအားလျပ်စစ် ဆိုတာလည်း ရှိပါသေးတယ်။ နောက် ကျိန်ခရမ် ရေအားလျပ်စစ်၊ ဒါလည်း ဒီလိုပဲ တောင်ကုန်းပေါ်က ရေက ခြောက်နေရာလောက် တစ်ခါတည်း ပေါက်ကွဲပြီးတော့မှ ရေတွေပြိုကျတယ်။ ရေတွေပြိုကျတဲ့ အခါကျတော့ အဲဒီအောက်မှာ ရှိတဲ့ ရေအား လျပ်စစ်စက် ရုံက ပုဂ္ဂိုလ်တွေလည်း ဘယ်လိုမှ ပြေးဖို့လမ်းကို မရှိတော့ဘူး။ အကုန်လုံး ပါသွားတယ်။ အလောင်းတောင် ရှာလို့ မတွေ့တော့ဘူး။ ရွာလည်း ပါသွားတယ်။ အဲလိုဖြစ်ပါတယ်။ တန်ဖဲ၊ ရေအားလျှပ်စစ် ရှိတဲ့နားက တန်ဖဲရွာလည်း တခြမ်း ပါသွားတယ်။ ဒါလည်း ညဘက် အိပ်နေတဲ့အချိန်မှာ ဖြစ်လာတဲ့အခါ ကျတော့ ဘယ်သူမှလည်း ပြေးမလွတ်တော့ဘူး။ လူတွေရော အိမ်တွေရော အကုန်လုံး ပါသွားတာ ရှိတယ်။ ဒါမျိုး ကျွန်တော်တို့ ခဏခဏ တောင်ပြိုကျ လို့ ဆင်းလာတဲ့ရေကို ကျွန်တော်တို့က ကချင်လိုတော့ မော်ရိုလို့ ခေါ်ပါတယ်။ ဒီမော်ရိုဖြစ်လာမယ့် ဟာကို ဘယ်သူ၊ ဘယ်ပညာရှိမှ ကနေ့အထိ ဘယ်နေ့ ဘယ်အချိန် ဘယ်ဌာနကမှ ဖြစ်မယ်ဆိုတာကို တွက်ချက်ပြတာ မရှိပါဘူး။ တွက်ချက်လို့လည်း မရနိုင်ပါဘူး။ ဖြစ်လာတဲ့ အခါကျတော့ ဖြစ်လာတာကို တားဆီးဖို့ နည်းလမ်း မရှိဘူး။ ဖြစ်ချင်သလောက် ဖြစ်ပြီးမှ ပြီးခါမှ ကျွန်တော် တို့ ပြန်လည် တည်ဆောက်ရတာ။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီမော်ရိုကို ကြောက်လန့်တဲ့ အတွက်ကြောင့် အခုထိ ကျွန်တော်တို့ အမျိုးမျိုး ရေကာတာရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အများကြီး တင်ပြတဲ့ နေရာမှာ ကျွန်တော်တို့ အင်မတန်မှ ပညာရပါတယ်။ ဆက်လက်ပြီးမှ ကျွန်တော်တို့က နိုင်ငံရေး၊ စီးပွားရေး အားလုံးဟာ လူအမျိုးမျိုးနဲ့ အမြင်အမျိုးမျိုး အခုကျွန်တော်တို့ ဒီမှာလုပ်နေတာ လူအမျိုးမျိုး ပညာရှင် အမျိုးမျိုး မီးမောင်း ထိုးပြတာ ရရှိတဲ့ အခါကျတော့ ကျွန်တော်တို့က အများကြီးပဲ ၀မ်းသာစရာ ရှိပါတယ်။ များများ တိုင်ပင်တာရှိရင် လုပ်ငန်း အောင်မြင်ပါတယ်။ နည်းနည်းပဲ တိုင်ပင်တာ သို့မဟုတ် တစ်ဦး တစ်ယောက်တည်း ကပဲ လုပ်သွားမယ် ဆိုရင်တော့ မအောင်မြင်တာ များပါတယ် ဆိုတာကို ကျွန်တော် တင်ပြလိုပါတယ်။ အခု ဒီကနေ ပြန်သွားမယ် ဆိုရင်တော့ ဒီကရရှိတဲ့ သတင်း အမျိုးမျိုးကို ရွာကို ကျွန်တော် ပြန်တင်ပြပါမယ်။ အစိုးရကလည်း ကျွန်တော်တို့ ဒီလို ကြောင့်ကြနေတာကို သက်ဆိုင်ရာ အစိုးရ အာဏာရှိ အပိုင်းကလည်း စဉ်းစား ပေးမှာပါလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာလဲဆိုတော့ အခုက ကျွန်တော်တို့က ဒီမိုကရေစီ အစိုးရလည်း ဖြစ်လာတဲ့ အခါကျတော့ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ဒီပြဿနာ ဖြစ်လာတဲ့ အခါကျတော့ ဒီဟာကို တကယ့် ဒီမိုကရေစီနည်းနဲ့ လူအများ ကြိုက်နှစ်သက်တဲ့ ဟာကို လုပ်ဆောင်သွားမယ် ဆိုရင် ငြင်းပယ်မှာ မထင်ပါဘူး ပြောကြားရင်းနဲ့ နိဂုံး ချုပ်ပါတယ်။

Ref: EMG

0 comments:

အပေါ်သို့