Monday, November 14, 2011

ရန်ကုန် – မန္တလေး express ကားမှောက် ၉ ဦးသေဆုံး

November 13, 2011
နော်နိုရင်း

ရန်ကုန် – မန္တလေး ၈ လမ်းသွား ကားလမ်းမပေါ်မှာ ရန်ကုန်ကနေ မန္တလေးကို​ သွားတဲ့ နယူးမန္တလာထွန်း​ ယာဉ်လိုင်းကား တစီး တံတားဦးမြို့အ၀င်မှာ တိမ်းမှောက်သွားတဲ့အတွက် ခရီးသည် ၉ ဦးပွဲချင်းပြီး သေဆုံးခဲ့သလို ၃၀ နီးပါး ဒဏ်ရာ ရရှိသွား ပါတယ်။

အဲဒီကားဟာ တံတားဦးမြို့နဲ့ ၃ မိုင်အကွာ၊ မြင်စိုင်းရွာအနီးမှာ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက် မနက် ၄ နာရီကျော်လောက်မှာ လမ်းချော်တိမ်းမှောက်သွားတာပါ။

ယာဉ်မောင်းသူဟာ အိပ်ငိုက်သွားတာကြောင့် ကားကလမ်းမအလယ် လမ်းကြောင်းကို ကျော်သွားပြီး​ လမ်းချော်တိမ်းမှောက်ခဲ့တာ​ ​ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရ လူနာတွေကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ပို့ဆောင်ထားပါ တယ်။

ဆေးရုံ တာဝန်ရှိသူကတော့ ဆေးရုံပေါ် ဒဏ်ရာပြင်းထန်တဲ့လူနာ ၂၇ ဦး​ ​ရောက်ရှိလာတယ်လို့ ပြောပါတယ်။

“ဆေးရုံပေါ်ကို ၂၇ ယောက် ရောက်တယ်။ ကောင်းတဲ့သူတွေပဲ ရောက်တယ်။ ​သေ​တဲ့​သူ​တွေ သယ်မလာဘူးပြောတယ်။ ကိုးယောက်ရှိတယ် ပြောတယ်။”

ဆေးရုံရောက်လာတဲ့ သူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ မပါပေမယ့် စောင့်ကြည့်ပေးနေတယ်လို့လည်း အဲဒီ တာဝန်ကျ ဆရာဝန်ကပဲ ဆိုပါတယ်။

ကားမှောက် သေဆုံးသူထဲမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ပါဝင်တယ်လို့ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ သတင်းထောက်တဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးရဲစခန်းကို မေးမြန်းကြည့်ရမှာတော့ ကားမှောက်မှုကြောင့် သေဆုံးသူ ၉ ဦး ရှိကြောင်းကို အတည်ပြု​ ​ပြောဆိုပါတယ်။

“ကားမှောက်တဲ့ဟာက လောလောဆယ် အပြည့်အစုံ မရသေးပါဘူးခင်ဗျ။ ကျနော်လည်း လှမ်းပြီးတော့ မေးနေတုန်းလေ။ အရှိန် လွန်လို့ ဖြစ်တာလို့တော့ သိရပါတယ်။ ကျန်တာကတော့ ထပ်မသိရသေးပါဘူး။”

ကားမောင်းသူကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောဆို​သွား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့