Monday, May 28, 2012

အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစတင်

2012-05-27

အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ တရားဝင် ခရီးစဉ်ကို ဒီနေ့ စတင်လိုက်ပြီး သူ့ခရီးစဉ် အတွင်း ကုန်သွယ်ရေးနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောကြား လိုက်ပါတယ်။

၁၉၈၇ ခုနှစ်နောက်ပိုင်း အိန္ဒိယ၀န်ကြီးချုပ် တစ်ဦးရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး သူဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အိန္ဒိယ အစိုးရဟာ မြန်မာ စစ်အစိုးရနဲ့ အေးတိအေးစက် ဆက်ဆံ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံ ခဲ့ပါတယ်။

ဒါပေမဲ့ ၀န်ကြီးချုပ် Manmohan Singh ဟာမြန်မာနိုင်ငံပေါ်ထားရှိတဲ့ မူဝါဒကို တဆစ်ချိုး ပြောင်းလိုက်ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၂၀၁၀ မှာ အိန္ဒိယနိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်။

အခု ခရီးစဉ်မစခင်မှာလည်း အိန္ဒိယ၀န်ကြီးချုပ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အားကောင်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ connectivity လို့ခေါ်တဲ့ နှစ်နိုင်ငံချင်း ဆက်သွယ်မှု တိုးတက်ရေးနဲ့ လူသား စွမ်းရည်နဲ့ စွမ်းဆောင်နိုင်ရည် တည်ဆောက်ရေး ကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး ထားပြီး ဆိပ်ကမ်းတွေနဲ့ မြန်မာနိုင်ငံက လမ်းတံတား၊ အဆောက်အဦး စတဲ့ အခြေခံ ကျတဲ့ စီမံချက်တွေမှာ အိန္ဒိယ ကုမ္ပဏီတွေ ပါဝင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့