Friday, July 27, 2012

မန္တလေးမြို့ကြီး ထိန်လင်းနေလည်း မှောင်မဲနေဆဲ မန်းတက္ကသိုလ်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
26 Jul, 2012

မန္တလေးတက္ကသိုလ်အတွင်းရှိ အဆောင်များနှင့် လိုင်းခန်းများတွင် နေထိုင်ကြသောပညာရေးဝန်ထမ်းများအနေဖြင့် လျှပ်စစ်မီးသုံး စွဲမှုတွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်းပညာရေးဝန်ထမ်းတစ်ဦးထံက သိရှိရသည်။

အဆိုပါအဆောင်များနှင့် လိုင်းခန်းများတွင် ပါမောက္ခချုပ် ၊ လက်ထောက်ပါ-ချုပ်၊ ပါမောက္ခများ ၊ ဆရာဆရာမများနှင့် နိုင်ငံခြား မှ ကျောင်းလာတက်သည့် တရုတ် ကျောင်းသူ ကျောင်းသားများ နေထိုင်ကြသည်။

“သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေ အားလုံးကိုပြောတယ် ၊ ဘယ်သူကမှ လုပ်မပေးဘူး၊ ပါချုပ်တစ်ယောက်ကို ပဲပြောဖို့ကျန်တော့တယ် “ဟု အမည်မဖော်လိုသူ ၀န်ထမ်းကပြောသည်။

မန္တလေးတက္ကသိုလ်တွင် ယခင်ကျောင်းသူကျောင်းသားများနေထိုင်ခဲ့ကြသောရွှေမန်းဆောင် ၊ ရာပြည့်ဆောင် နှင့် အခြားအဆောင် များတွင် တက္ကသိုလ်ဆရာဆရာများနေထိုင်ခြင်း ၊ တက္ကသိုလ်ပရ၀ဏ်အတွင်းတွင် ၀န်ထမ်းများနေထိုင်သော လိုင်းခန်းများနှင့် အခြား ပညာရေး ၀န်ထမ်းများနေထိုင်သော လိုင်းခန်းများရှိကြောင်း သိရသည်။

အဆိုပါအဆောင်များ လိုင်းခန်းများအတွက် လျှပ်စစ်မီတာခများပေးဆောင်ရာတွင် ကုန်ကျမှု စရိတ်များပြားကြောင်း အကြောင်းပြကာ အဆောင်များလိုင်းခန်းများအား လျှပ်စစ်မီးကို မနက်ရှစ်နာရီမှ ညနေလေးနာရီ ကျော်ထိ ဖြတ်တောက်ထားကာ ရုံးပိတ်ရက် များတွင် လည်း အလားတူ ဖြတ်တောက်ထားကြောင်း သိရသည်။

“အောက်ခြေ၀န်ထမ်းတွေနေတဲ့အဆောင်တွေ နဲ့ ဒုပါမောက္ခတွေနေတဲ့ အိမ်တွေထိပါမီးဖြတ်ထားတာ ဖြစ်တယ်၊ တစ်ချို့ကြတော့ လဲ ကိုယ့်လိုင်းခန်းကို ကိုယ့်ဖာသာ နှစ်ဆယ့်လေးနာရီ မီးရအောင် နားလည်မှုနဲ့ ကြိုးတွေ သွယ်ထားတာတွေရှိတယ်၊ တရုတ် ကျောင်း သား တွေနေတဲ့ အဆောင်ကိုလဲ မီးကိုအချိန်ပြည့် ပေး ထား တယ်´´ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုကဲ့သို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရမှုကြောင့် ၀န်ထမ်းများအနေဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းနှင့် အချို့မှာ ညသန်းခေါင်ကျော်အချိန်ကတည်းက ထ၍ ချက်ပြုတ်ကြ ရကြောင်းသိရသည်။

“သူများတွေကတော့ ညနှစ်နာရီကျော်ကျော်ထပြီး မနက်ရုံးထမင်းအတွက် ချက်ကြပြုတ်ကြရတာ တွေရှိတယ် ၊ အချို့ကြတော့လဲ အဲဒီလိုဒဏ်မခံခြင်တော့ အပြင်မှာပဲ ၀ယ်စားလိုက်ရတာပေါ့ ၊ ကရိကထ အတော်များပြီး ဒုက္ခကြုံနေကြရတယ်” အဆောင်နေ ကျောင်းသားတစ်ဦးက ပြောသည်။

မန်းတက္ကသိုလ်တွင် နေထိုင်သော ၀န်ထမ်းများအနေဖြင့် အချို့မှာ ကိုယ့်မီတာကို ကိုယ်ပိုင်ပိုက်ဆံဖြင့် ပေးသွင်းနေသောလည်း အဆင့်မြင့်ဝန်ထမ်းများသုံးဆွဲနေသောမီတာခများကိုမူ ကျောင်းမှပေးသွင်း သောစာရင်းထဲ မှပေးဆောင်ပေးနေရကြောင်းကိုလည်း သိရသည်။

ယခုအဖြစ်အပျက်အား ယခင်ပါချုပ်လက်ထက်ကသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသစ်ရောက်လာသောပါချုပ်အနေဖြင့် ယခုလိုဖြစ်ပျက်နေမှု အား သိသော်လည်း ပြန်လည်ပြင်ဆင်ခြင်း မရှိသေးကြောင်း သိရပြီး မီးမရရှိသည် မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့ကြီးမီးပျက်နေတုန်းက တက္ကသိုလ်ထဲမှာလဲ အများနည်းတူ မီးပျက်နေတယ် ၊ ခုမန္တလေးမြို့ကြီးမှ မီးတွေလင်းနေပေမဲ့လဲ ၊ တက္ကသိုလ်ကတော့ မီးပြန်မရသေးဘူး” ဟု အမည်မဖေါ်လိုသူဝန်ထမ်းက ပြော ကြားသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့