Monday, December 17, 2012

ကျား/မတန်းတူ အသိပညာပေးပွဲများ ပိုမိုပြုလုပ်ခွင့်ရရှိလာသည့် ၂၀၁၂ခုနှစ်

ယမင်း(မြစ်မခ)
17 Dec, 2012

အမျိုးသား၊အမျိုးသမီးတန်းတူအခွင့်အရေးရရှိရန်အတွက် လုပ်ပိုင်ခွင့်နှင့် အတူ အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုများမှာ ယခင်က ထက်ပို၍ ထင်သာမြင်သာရှိလာကြောင်း လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်မှအမျိုးသမီးများထံက သိရသည်။

၂၀၁၂ခုနှစ်တွင် အမျိုးသမီးများနှင့်ကျန်းမာရေးဟောပြောပွဲများ၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်း သိမ်း ရေးဟောပြော ပွဲများအပြင် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းခွင်တွင်း စည်းမျည်းစည်းကမ်းများနှင့် ကျင့်ဝတ် များတွင် ကျားမတန်းတူညီမျှမှုအား ထည့်သွင်းစဉ်းစားမည့် အလုပ်ရုံဆွေးနွေးပွဲ များကိုလည်း နိုင်ငံတကာ အဖွဲ့ အစည်းများ၊ အမျိုးသမီးလှုပ်ရှားရေးအဖွဲ့များနှင့် အစိုးရ အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် ပြုလုပ်လာ ခဲ့ကြောင်း သိရှိရသည်။

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျားမတန်းတူ အခွင့်အရေးညီမျှဖို့လိုတယ်။ ပြီးတော့ အမျိုးသမီး အခွင့်အရေး တိုးတက်ဖို့၊ အကြမ်း ဖက်ခံရမှုက ကာကွယ်ဖို့အတွက်ဆိုရင် အမျိုးသားတွေမှာ တာဝန် ရှိတယ်။ အမျိုး သမီးတွေကို နေရာပေးဖို့၊ ယုံကြည်ပေးဖို့ လိုတယ် ”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် လူ့အဖွဲ့အစည်းများတွင် အမျိုးသား အမျိုးသမီးဆိုင်ရာ ကဏ္ဍများအား နေရာတိုင်း၌ အလေးအနက်ထည့်သွင်းစဉ်းစားခြင်း၊ အမျိုးသား၊ အမျိုးသမီးတိုင်း တူညီသော အခွင့်အရေး၊ တာဝန်ဝတ္တရားများအား တန်းတူပိုင်ဆိုင်ခွင့်ရရှိစေခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင် ကြောင်းကိုလည်း သိရသည်။

“အများကြီးပဲ တိုးတက်လာပါတယ်။ အရင်တုန်းက လုပ်ခွင့်မှမရတာ အမျိုးသမီးအကြမ်းဖက်ခံ နေရမှုနဲ့ ပတ်သက်လို့လည်း အရင်က တရားဝင်လှုပ်ရှားတာမျိုး မရှိဘူးလေ။အခုက ကျား၊မတန်း တူညီမျှမှု အသိပညာပေးပွဲတွေ လုပ်ကိုင်ခွင့်နဲ့အတူ အမျိုးသမီး အကြမ်း ဖက်မှုပပျောက်ရေး ဆန္ဒ ထုတ်ဖော်ခွင့်တွေ ရရှိလာပြီ ” ဟု အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဌဒေါ်ဝါ၀ါထွန်း က ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်မှ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသော အရပ်သားအစိုးရ လက်ထက်မှ စတင်ကာ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမူများစွာ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တခြားနိုင်ငံများနည်းတူ နိုင်ငံတကာအမျိုးသမီးများနေ့၊ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ အစရှိသည့်နေ့များ၌ သက်ဆိုင်ရာအခမ်းအနားများ ကျင်းပပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

ကျားမတန်းတူအခွင့်အရေးရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ကြိုးပမ်းကြရာ၌ အာဆီယံ အမျိုး သမီးအနုပညာရှင်များ နှင့်မြန်မာအမျိုးသမီးအနုပညာရှင်များလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်မှု သရုပ်ဖော်ပါဖောမင့် ပြပွဲအား ၂၀၁၂ခုနှစ်၊ စက်တင် ဘာ (၂၆)က ပြုလုပ်ခဲ့သည်။

အဆိုပါပွဲ၌ အမျိုးသမီးများ၏ ကိုယ်ပိုင်အခွင့်အရေးအား သိရှိနားလည်စေရန်၊ လွတ်လပ်ခွင့်အား သိရှိနားလည်စေရန်နှင့် ကျားမ အခွင့်အရေး မညီမျှမှု မတူညီမှုအား သတိထားမိသွားစေရန် အနုပညာ လုပ်ငန်းများဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ အမျိုးသမီးအနုပညာရှင်(Nero Zero Art) အဖွဲ့က ဆိုသည်။

အဆိုပါအဖွဲ့သည် အမျိုးသမီးများတွင်ဆုံးရှုံးနေသောအခွင့်အရေးများအား သိမြင်တတ်စေရန် ပြည့်တန်ဆာများတွင် ဆုံးရှုံးနေသော အခွင့်အရေးများနှင့်ပတ်သက်၍ ဦးတည်ချက်ထားကာ လုပ်ဆောင်သွားမည့် အဖွဲ့ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများတွင်ပါဝင်သော အင်ဒိုနီးရှားနိုင်ငံသည် ကျားမအခွင့်အရေး တန်းတူ ရရှိရေး ပြဿနာအား လက်ခံ နိုင်သည့် အကြောင်းအရာတစ်ခုဖြစ်လာပြီး တန်းတူအခွင့် အရေးရရှိရန် အတွက် ကြိုးပမ်းရာတွင် ဘာသာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အတားအဆီးများ စွာ ရှိနေသေးကြောင်း အင်ဒိုနီးရှားနိုင်ငံမှ Wulan Dirgantoro အဖွဲ့ထံမှ သိရသည်။

Wulan Dirgantoro အဖွဲ့သည် အမျိုးသမီးများ၏ အိမ်တွင်းကြုံတွေ့နေရသောပြဿနာများ၊ လိင်ပိုင်း ဆိုင်ရာ ပြဿနာများ၊ အင်ဒိုနီးရှားအနုပညာများနှင့်မီဒီယာများတွင် အကျီ မပါဝင်သည့် ၀စ်လစ်စလစ်ပုံများအား ဖော်ပြခြင်း ရှိ/ မရှိတို့ကို လှုပ်ရှား လုပ်ဆောင်ပေးနေသည့် အမျိုးသမီး ကျန်းမာရေးပညာပေးအဖွဲ့ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့