Monday, January 21, 2013

ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် ဗကသ က အလှူငွေကောက်ခံနေ

2013-01-19

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကချင်ပြည်နယ် က စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ ရန်ကုန်မြို့ ပြည်သူတွေဆီကနေ အလှူငွေနဲ့ ပစ္စည်းတွေ ကောက်ခံစုဆောင်းနေ ပါတယ်။

ပြီးခဲ့တဲ့ ၁၇ရက်နေ့က ကမာရွတ်လှည်းတန်းတဝိုက် ကောက်ခံရာမှာ ငွေ ၃သိန်းကျော်နဲ့ အဝတ်အထည်၊ ဆေးဝါးတွေရခဲ့သလို မနေ့က ၁၈ရက်နေ့မှာတော့ စမ်းချောင်းမြို့နယ်မှာ ကောက်ခံခဲ့ပြီး ငွေ ၄သိန်းကျော်နဲ့ ပစ္စည်းတွေရခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီနေ့မှာလဲ တာမွေမြို့နယ် ကျောက်မြောင်းဘက်မှာ ကောက်ခံစုဆောင်းနေပြီး လူထုရဲ့စာနာမှုနဲ့ ကူညီမှုတွေ့ရတယ်လို့ ဗကသ များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။

နောက်ရက်တွေမှာလဲ ဆက်လက်ဆောင်ရွက်ဦးမှာဖြစ်ပြီး မကြာခင်ရက်ပိုင်းမှာ ကောက်ခံရရှိတဲ့ ငွေရောပစ္စည်းတွေကိုပါ သမဂ္ဂ ခေါင်းဆောင်တွေကိုယ်တိုင် ကချင်ပြည်နယ်သွားပြီး ပေးအပ်မယ်လို့ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ပြေးဒုက္ခသည်ဦးရေ ဒီနေ့ထပ်တိုးလာသလို၊ အဲဒီလူတွေအတွက် လိုက်ကူညီနေတယ်လို့ NLD လုံးခင်းကျေးရွာ ဥက္ကဌ ဦးတင်စိုး က RFA ကိုပြောပါတယ်။

ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်အားလုံးကို လုံးခင်းမှာ လက်ခံစောင့်ရှောက်ဖို့ အခက်အခဲဖြစ်လာနေတဲ့အတွက် ဖားကန့်မြို့ကိုလဲ ပို့နေရတယ်လို့ ဦးတင်စိုးကပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့