Wednesday, May 8, 2013

ဒေါက်တာဆိတ်ဖွား မဟုတ်ကြောင်း ဦးရဲထွဋ် ရှင်းလင်း

2013-05-07

အင်တာနက်ပေါ်ကနေ ဥပဒေအထက်မှာ လွှတ်တော်ရှိသလားခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားဟာ မိမိမဟုတ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒေါက်တာ ဆိတ်ဖွား အမည်ခံပြီး ရေးသားခိုင်းထားတာမရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေ ကို ဒီကနေ့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်က ဦးရဲထွဋ်ကို ခေါ်ယူမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူမဟုတ်ကြောင်း ဦးရဲထွဋ်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

“ကျနော့်ကို လွှတ်တော်ကခေါ်ပြီးတော့ မေးတဲ့အချိန်မှာ လွှတ်တော်ကောင်မရှင် ဥက္ကဌက ရှင်းပြတယ်၊ လွှတ်တော် ရဲ့အခန်းကဏ္ဍကို အထင်မှားစေတဲ့အတွက်ကြောင့်မို့ ဘယ်သူရေးတယ်ဆိုတာကို ရှာဖွေ ဖို့လုပ်ရခြင်းဖြစ်တယ်တဲ့၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့သော်၎င်း၊ ကျနော့်အနေနဲ့သော်၎င်း အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးဖို့ပြောတယ်၊ ကျနော်ကစစခြင်း ဘာပြောသလဲ ဆိုတော့ နံပါတ် (၁) ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်သူ့ကိုမှ ဒေါက်တာဆိတ်ဖွားအဖြစ်နဲ့ရေးဖို့ တာဝန်ပေးထားတာမရှိဘူးလို့၊ နံပါတ် (၂) က ကျနော်ကလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး၊ နံပါတ် (၃) က ကျနော်က ဒေါက်တာဆိတ်ဖွားဆိုလို့ရှိရင်လည်း ကော်မရှင်ဥက္ကဌကြီးအနေနဲ့ အဲ့ဒီလောက်အထိ အလုပ်ရှုပ်စရာမရှိဘူး၊ ကော်မရှင်ဖွဲ့ပြီးတော့ နောက်တစ်နေ့မှာ ကျနော်ကိုယ်တိုင် ကျနော်ယုံကြည်လို့ ကျနော်ရေးတယ်၊ ဥက္ကဌကြီး အပြစ်ရှိတယ်ထင်လို့ရှိရင် ကျနော့်ကိုတရားရုံးမှာ ခေါ်စစ်ပါဆိုပြီးတော့ ကျနော်ပြောမှာပဲ”

အင်တာနက် ဖေ့စ်ဘွတ်လူမှုရေးကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒေါက်တာဆိတ်ဖွား ကလောင်ပိုင်ရှင်ဟာ ဦးရဲထွဋ်ဖြစ် တယ်ဆိုပြီး ရေးသားပြောဆိုမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာကို ထုတ်ဖော်ဖို့အတွက် အမျိုးသားလွတ်တော် ဒုတိယဥက္ကဌ ဦးမြငြိမ်း ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ပြည်တွင်းသတင်းမီဒီယာသမားတစ်ချို့ကိုပါ နေပြည်တော် ကို ခေါ်ယူမေးမြန်း ခဲ့ပါတယ်။

နောက်ပိုင်းမှာ အဲဒီကော်မရှင်က ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် နာမည်အမှန်ကို ထုတ်ပြောဖို့ကိုတော့ ကာယကံရှင်ကို ထိခိုက်မှာစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ငြင်းဆန်ခဲ့ပါတယ်။

ဒေါက်တာဆိတ်ဖွားဆိုသူကို ဖော်ထုတ်ပေးဖို့ ကမာရွတ်မဲဆန္ဒနယ်က ဒေါက်တာစိုးရင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပြီး၊ များမကြာမီမှာ အဖွဲ့ဝင် ၁၇ ဦးပါ ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့