Wednesday, May 25, 2011

စာရေးဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေး

မျိုးသန့်

အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆရာ အောင်သင်းသည် ၁၉၅၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား တဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်း ကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြား ပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ် ပြုပြင်ရေး စာပေများ ရေးသားနေဆဲ ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေ ဟောပြောပွဲ များကိုလည်း လိုက်လံ ဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ် ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေး မျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များ အပေါ် ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)

ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။

“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့ သူ သူ့အုပ်ချုပ်ရေးနဲ့ သူ။ ကျနော်တို့ ရန်ကုန် တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လို ဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ် ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန် ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုး သွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ ကိုက်အောင် ပညာရေး ကလုပ်။ အထက်တန်း ထိအောင်ကတော့ ပညာရေး ဝန်ကြီး ဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။


“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကို လည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့ သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလို ဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေး အတွက်ကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည် လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည် တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက် ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက် ပေးသလဲ ကျနော်မသိဘူး”

ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေး စနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင် လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်း ဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေး စနစ် ဆိုပြီးတော့ ပြောကြ ဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေး စနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေး စနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာ ချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာ မဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်း ကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေး တတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်း မရှိဘူး။ ရုပ်ပုံကား ချပ်တောင် ကောင်းကောင်း မရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော် တယ်လို့ ကြားပါတယ် အဲဒီ အပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့် တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ် ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက် ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံ အုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြ လုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာ ပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းက ဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကို အရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေး အရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆို ကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီး တွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေ ရှိတယ်။ အဲဒီဝန်ကြီးချုပ် တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစား လာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံး အချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသ ဖွံ့ဖြိုးရေးတွေ၊ ကျေးလက် ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ် လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီး ဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ် ဖွင့်လဲ။


“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်း မရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုး သိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက် မပြောဘူး။ ဘဝ ဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလ ဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုး ထားတာဟာ ဘဝကို တန်ဖိုး ထားတာပဲ။ ဘဝကို တန်ဖိုး မထားရင် အလကား အသုံးမကျတဲ့ ဘဝ ဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။ အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့ အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့ စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါ တာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှ ကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့ အတွက်က သတ္တိကောင်းဖို့ လိုတယ်။ သတ္တိဆိုတဲ့ ဟာက တနေ့ ငါကြီးပွားရမယ် ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ် ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါး လာခေါက်လိမ့်မယ် ဆိုတာ ယုံပါ”

မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ် အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာ မကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ် ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ် ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

Ref: မဇ္ဈိမ

Read More...

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

ဦးသားညွန့်ဦး ။
အင်္ဂါ, 24 မေ 2011 ။

အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုတွေဟာ လူ့အဖွဲ့အစည်း တရပ်ကို ခွဲခြား ပစ်လိုက် တာပဲလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံး သတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွား တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ထားပါတယ်။

မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီ နိုင်ငံတကာ ညီလာခံကို ကမ္ဘာအ၀ှမ်းက ပညာရှင်တွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ တက်ရောက်နေပြီး ဖွင့်ပွဲ အစနေ့မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယို မိန့်ခွန်းကို ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုဖြစ်ရပ် တခုချင်းဟာ လူ့အဖွဲ့အစည်းကို ခွဲခြား ပစ်လိုက်တာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ မိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ နေထိုင်လိုသူတွေ၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လိုလားတဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက် သဖွယ် အသုံးပြု နေပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း တွေက ဒါကို စစ်လက်နက် သဖွယ် အသုံးပြုပါတယ်။

“ကျမ ယူဆတာကတော့ အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတိုင်းဟာ ကျမတို့ တိုင်းပြည် အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ခွဲခြား ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒါတွေကို လုံးဝ အဆုံးသတ်ပစ်ဖို့ ကျမတို့ လုပ်နိုင်သလောက် လုပ်ကြ ရပါလိမ့်မယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေဟာ အဆိုးဆုံး ဖြစ်ပေမဲ့ အမျိုးသမီးတွေ အပေါ် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုဟာလည်း အကြမ်းဖက်မှု မြောက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နေတာပါ။ ဒီလို အကြမ်းဖက်တဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက် တာမျိုး သက်သက် မဟုတ်ပါဘူး၊ အမျိုးသမီးတွေ စိတ်ဓာတ် ဖိစီးလာအောင် လုပ်တာမျိုး၊ အမျိုးသမီး တွေရဲ့ အသိဉာဏ်ကို ချိုးနှိမ် စော်ကားတာမျိုး၊ အမျိုးသမီးတွေကို ခွဲခြားတတ်တဲ့ လူမှု အသိုင်းအ၀ိုင်း တခုလုံးရဲ့ အကြမ်းဖက်မှု မျိုးတွေ ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ ယုံကြည်ချက် စိတ်ဓာတ်ကို ချိုးနှိမ်တယ်ဆိုတဲ့ နေရာမှာတော့ မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကိုပါ ထည့်သွင်း ပြောသွားပါတယ်။ ရာနဲ့ချီတဲ့ ဒီအမျိုးသမီးတွေဟာ မိမိတို့ ယုံကြည်ချက်ကို ဆုပ်ကိုင်မိလို့ အခုလို အကျဉ်းချ ခံနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“သူတို့အားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှု အတိုင်း ဆောင်ရွက် နေကြသူတွေပါ။ ဒီအမျိုးသမီးတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ အားလုံး တတ်စွမ်းသမျှ လုပ်ဆောင် ပေးစေချင်ပါတယ်။ ကျမတို့ဟာ မြန်မာပြည်ကြီး ငြိမ်းချမ်း စေချင်ပါတယ်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်း စေချင်ပါတယ်။”

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို စဉ်းစားတဲ့ အခါမှာ ကျူးလွန်တဲ့လူရော နစ်နာခံစားရသူ အမျိုးသမီး များပါ တကယ်တော့ သားကောင်တွေ ဖြစ်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအတွက်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ ဆိုရင် အမျိုးသမီးတွေ ကိုတင် မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာပေးရေး လုပ်ရမယ်လို့ ပြောပါတယ်။

“အမျိုးသားတွေကို မှန်မှန်ကန်ကန် ပညာပေးမယ်၊ အမျိုးသမီးတွေကိုလည်း မှန်မှန်ကန်ကန် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်လာအောင် အရည်အသွေး မြှင့်တင် ပေးမယ်ဆိုရင် လူ့အဖွဲ့အစည်း တရပ်မှာ တကယ့်ကို လက်တွဲဘက်တွေ ဖြစ်လာပြီး ကမ္ဘာကြီးဟာလည်း မှန်ကန်တဲ့ဘက်ကို ရောက်လာ ပါလိမ့်မယ်။”

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို Nobel Women Initiative အဖွဲ့ကြီးက ဦးဆောင် ပြုလုပ်တာဖြစ်ပြီး ဒါဟာ တတိယ အကြိမ်မြောက်လို့ သိရပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွင်း အကြမ်းဖက် ခံနေရတဲ့ အမျိုးသမီးတွေ အခြေအနေကို အဓိက မီးမောင်းထိုး ဆွေးနွေးကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

Ref: VOA News

Read More...

Hip Hop အဆိုတော် ဇေယျာသော် ဘာကြောင့် နိုင်ငံရေးလုပ်သလဲ

မေ ၂၃၊ ၂၀၁၁

“---ဂီတအနုပညာကို လုပ်ရင်းနဲ့လည်း နိုင်ငံရေးကိုလုပ်လို့ ရတယ်---”

ရန်ရန်ချန်း၊ ဇေယျာသော်၊ သားစိုး။
ဇေယျာသော် ထောင်မှလွတ်သည့်နေ့က ရိုက်ကူးထားခြင်း ဖြစ်သည်။ (ဓာတ်ပုံ-ဧရာဝတီ)

ဟစ်ဟော့ အဆိုတော် ဇေယျာသော်ဟာ သူ့နဲ့ အမြင်တူသူ လူငယ်တစု ဖွဲ့စည်း ခဲ့တဲ့ Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံး လှုပ်ရှားမှု များကြောင့် ၂၀၀၈ ခုနှစ် မတ်လမှာ ထိန်းသိမ်း ခံရပါတယ်။ ထောင်ဒဏ် ၄ နှစ်ကို ကော့သောင်း အကျဉ်းထောင်မှာ ကျခံနေရစဉ် ယခုလ ၁၇ ရက်နေ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ထောင်ဒဏ် ၁ နှစ် လွတ်ငြိမ်း ချမ်းသာခွင့်မှာ အကျုံးဝင် လွတ်မြောက် လာပါတယ်။

ဇေယျာသော်က သူ နိုင်ငံရေးနယ်ပယ်ထဲ ဘယ်လို ရောက်သွားသလဲ၊ ဘယ်လို ခံယူချက်ကြောင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တယောက် ဖြစ်သွားသလဲ ဆိုတာကို Yangon Press International ကို ပြောပြ ထားပါတယ်။

မေး - နိုင်ငံရေးကို ဘယ်လို စိတ်ဝင်စားလာခဲ့သလဲ။ ဘယ်တုန်းက စပြီး စိတ်ဝင်စား ခဲ့တာလဲ။

ဖြေ - စာတွေကို ကလေးဘ၀ကတည်းက စ ဖတ်ဖြစ်တယ်။ ၆ တန်း ၇ တန်းလောက်က စပြီး နန္ဒာသိန်းဇံတို့ ဆရာ ဆန်းလွင်ရဲ့ ဖီလော်ဆော်ဖီ ကကြီးခခွေး တို့လို၊ နောက် ဆရာမောင်ကြည်သစ် စတဲ့ ဒဿနနဲ့ ဆိုင်တာတွေကို ဖတ်ဖြစ်တယ်။ အဲဒီကမှ တဆင့် ၆ တန်း၊ ၇ တန်းလောက်မှာ ကျွန်တော့်အရွယ် တခြားကလေးတွေ ဖတ်တာမျိုးထက် နည်းနည်း ပိုမြင့်တယ် ဆိုလို့ရတဲ့ စာအုပ်တွေ လှမ်းကိုင် နေပြီပေါ့။ ဒါပေမယ့် တဖက်မှာ ဖတ်တာကတော့ ဖတ်တယ်။ တချို့ စာအုပ်တွေကို နားလည်လို့လည်း မဟုတ်ဘူး။ လက်ဖက်ရည် ဆိုင်တွေမှာ သူငယ်ချင်း အချင်းချင်း ငြင်းကြ ခုန်ကြတဲ့ အခါ အဲဒီစာအုပ်ထဲက စကားလုံး ကြီးကြီးနဲ့ ကိုင်ပေါက်ချင်လို့၊ အဲဒီစကားလုံးရဲ့ မူရင်း အဓိပ္ပါယ် တွေကိုတော့ နားလည်ချင်မှ နားလည်မှာပါ။

အဲလိုမျိုးစာဖတ်ရင်း ဖတ်ရင်းနဲ့ မှ အဲဒီစကားလုံးတွေရဲ့ အနှစ်သာရ၊ ဆိုလိုရင်းတွေကို ခံစား မိလာတယ်။ အဲလိုနဲ့ ပိုပြီး ဖတ်ဖြစ်လာတယ်။ စာပေဖတ်တာ နည်းနည်း များလာတဲ့ အခါမှာ အသိဥာဏ် ကြွယ်ဝ လာပြီလို့ ကျွန်တော် မဆိုချင်ပေမယ့် အကြောင်းအရာ တော်တော်များများကို ယေဘုယျ အကြမ်းဖျဉ်း သဘောပေါက် လာတယ်။ အဲဒီလို အချိန်မှာလည်း ကျွန်တော့် အနေနဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်း၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ တွဲမိလာတယ်။ တွဲမိပေမယ့်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့် အနေနဲ့ နိုင်ငံရေး မလုပ်ရဲသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထောင်ကျမှာလည်း ကြောက်တယ်။ စစ်ကြောရေး စခန်းမှာ နှိပ်စက် ညှင်းပန်းမှာလည်း ကြောက်တယ်။ ကိုယ့်ရဲ့ဘ၀ ကိုယ့်ရဲ့နေထိုင်တဲ့ ပုံသဏ္ဍန် ဆုံးရှုံးသွားမှာလည်း ကြောက်တယ်။

ဒီလိုကြောက်တယ် ဆိုပေမယ့် နိုင်ငံရေး လုပ်နေသူတွေကိုတော့ လေးစားတယ်။ အားလည်း အားကျတယ်။ အဲလို နေရင်း နေရင်းက တဆင့် မသိမသာ နဲ့ သူတို့တွေရဲ့ အလုပ်လေးတွေကို ဥပမာဗျာ တစ်ကနေ တရာထိ ရှိတယ် ဆိုရင် ကျွန်တော်က ငါးပြားဖိုးလောက် ဆယ်ပြားဖိုးလောက်လည်း ဖြစ်ရင် ဖြစ်မယ် ကျွန်တော် ကူညီ ခဲ့ဖူးတယ်။ အဲဒီအချိန်ထိ နိုင်ငံရေး လုပ်မယ်လို့ ယတိပြတ် ဆုံးဖြတ် ထားတာ မရှိသေးဘူး။ အဲဒီကနေမှ တဆင့် ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ်လမှ စက်သုံးဆီ ဈေးကို မြှင့်တင် လိုက်တယ်။ ပြည်သူတွေ တော်တော် ကြပ်တည်းသွားတယ်။ အဲဒီဟာကို မြင်တွေ့ လိုက်ရတဲ့ အချိန်မှာ ကျွန်တော် မခံနိုင်တော့ဘူးဗျ။

ကျွန်တော် အပြောင်းအလဲတခုခု လိုချင်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ အပြောင်းအလဲ ဆိုတဲ့ဟာ မဖြစ်လာဘူး ဆိုရင် ကျွန်တော် အပါအ၀င် ပြည်သူ ပြည်သားတွေရဲ့ ဘ၀ စုန်းစုန်း မြုပ်တော့မယ်။ ကျွန်တော် အဲလို ခံစားလာရတယ်။

အဲဒါကြောင့် မို့လို့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒ၊ ကျွန်တော့်ရဲ့ စိတ်ကူး၊ ကျွန်တော် ဖြစ်ချင်တဲ့ နိုင်ငံတော်ပုံစံ ဖြစ်လာရအောင် ကျွန်တော့်ရဲ့ ဆန္ဒကို ကျွန်တော် ထုတ်ဖေါ်ခဲ့တယ်။ အဲလို ဆန္ဒတွေကို ထုတ်ဖေါ်တာက တဆင့် ၀ါသနာတူတဲ့ ကျွန်တော်တို့ သူငယ်ချင်း တစု စုပြီး Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံးကို စတင် ဖွဲ့ဖြစ်ပါတယ်။ ဒါနဲ့ တပြိုင်နက်ထဲ ၂၀၀၇ စက်တင်ဘာ လမှာ ရွှေဝါရောင် သံဃာ့ အရေးအခင်း ပေါ်လာခဲ့တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အစကို ပြောရမယ် ဆိုရင်တော့ ရွှေဝါရောင် တော်လှန်ရေးကနေ စတယ်လို့ ပြောလို့ရတယ်။

ကိုယ့်ရဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်းမှာရော နိုင်ငံရေး လုပ်ကိုင်တာကို ဆန့်ကျင်တာ၊ သဘောထား မတူတာတွေ ရင်ဆိုင် ခဲ့ရလား။

ကျွန်တော့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကျွန်တော် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အနေနဲ့ လုပ်နေတယ် ဆိုတာကို မသိသေးပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရိပ်မိ သိရှိ လာကြတယ်။ ဥပမာ မိဘတွေဆိုရင် အထိန်းသိမ်းခံ ဖြစ်သွားမှာ စိုးလို့ တားတာတွေတော့ ရှိပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ ထဲက ပြောရင်တော့ ရန်ရန်ချန်းဟာ ကျွန်တော်ရဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်သလို ရဲဘော် ရဲဘက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို သူကိုယ်တိုင် မပါဝင်ပေမယ့် ကန့်ကွက်ခြင်းလည်း မရှိပါဘူး။

အခုဖြစ်ပျက်တဲ့ အဖြစ်ကို နည်းနည်းပြောပြပေးပါ။

၂၀၀၈ ခုမတ်လထဲမှာ ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် စုဖွဲ့ပြီး ဆိုင်တဆိုင်မှာ စကား ပြောနေတဲ့ အချိန် စရဖ က လာပြီး ဖမ်းသွားတာပါ။ သူတို့လာဖမ်းသွားပြီး ဗဟန်း (ရဲ) စခန်းမှာ ထားတယ်။ အဲဒီမှာ ထားပြီး ညည့်နက်လာတဲ့ အချိန်မှာ မျက်နှာ အ၀တ်စည်းပြီး စစ်ကြောရေး စခန်းထဲကို ခေါ်သွား လိုက်တာပေါ့။ နောက် အဲဒီစစ်ကြောရေး စခန်းမှာ စစ်ဆေးပြီး ရက် အပိုင်းအခြား တခု ကြာသွားပြီးတော့ အင်းစိန်ထောင် ပို့၊ အဲဒီနောက်မှ အပြင် တရားရုံး ထုတ်တာ။

အဲဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လို ခံစားရသလဲ။ ကိုယ်လျှောက်ချင်တဲ့ လမ်း၊ သွားချင်တဲ့ လမ်းကို အများကြီး မသွားရ သေးခင် ဖြစ်သွားတယ်လို့ ခံစားရသလား။

ကျွန်တော် အကြောင်းအရာတခုကို ပြန်ကောက်ပါရစေ။ စောစောပိုင်းက ကျွန်တော် ပြောဖူးပါတယ်။ စစ်ကြောရေး စခန်းမှာ နှိပ်စက် ညှင်းပန်းမှုတွေ အဖြစ်ခံရမှာ ကြောက်တယ် ဆိုတာကိုရော၊ ထောင်ကျမှာ ကြောက်တယ် ဆိုတာကိုရော လက်ရှိဘ၀ အခြေပျက်မှာကို ကြောက်တယ် ဆိုတာကိုရော ပြောဖူးတယ်။ အဲဒီကမှ တဆင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အနေနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်လာတဲ့ အခါမှာ ဘယ်အရာက နေပြီး လှုံ့ဆော်လိုက်မှန်း ကျွန်တော် ကိုယ်တိုင်တောင် မသိဘူး။ ဒါပေမယ့် အဲဒီ အကြောက်တရား ဆိုတဲ့ လစ်မစ် လေးတခုကို ကျွန်တော် ကျော်သွားတယ်ဗျ၊ အဲဒီ အကြောက်တရား လစ်မစ်ကို ကျော်သွားတဲ့ အချိန်မှာ ဖမ်းဆီး ခံရမယ်၊ ထိန်းသိမ်း ခံရမယ် ဆိုတဲ့ အရာတွေ ကျွန်တော့် ခေါင်းထဲမှာ မရှိတော့ဘူးဗျ။ မိမိက မိမိ လုပ်စရာရှိတာကို လုပ်နေတဲ့ အချိန်မှာ သူတို့ဟာ သူတို့ လုပ်စရာ ရှိတာကို လုပ်နေမယ်။ ဒါဟာ ကြုံတွေ့ရမယ့် အရာ တခု လို့ပဲ သတ်မှတ် ထားလိုက်တော့တယ်။ စရဖက စပြီး ထိန်းသိမ်းတဲ့ အချိန်မှာ ပထမဦးဆုံး တွေးမိတာက ကျွန်တော့် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ မလုပ်ဖြစ်ရ သေးဘဲနဲ့ ထိန်းသိမ်း ခံရတာကိုတော့ ကျွန်တော် နည်းနည်း နှမြောမိတယ်။

နောက်တခု ပြောချင်တာက စစ်ကြောရေး စခန်းထဲမှာတော့ သွေးထွက် သံယို ဖြစ်တဲ့ အထိ စစ်ဆေး ခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလိုစကား ပြောတယ် ဆိုတာ လူတဦး တယောက်ကို အာဃာတ တရားနဲ့ ပြောတာ မဟုတ်ပါဘူး။ အခုလိုမျိုး နှိပ်စက် ညှင်းပန်း ခံခဲ့ရပေမယ့် ပုဂ္ဂိုလ် တဦးချင်းစီပေါ် အာဃာတ မထားပါဘူး။ သို့သော် ကျွန်တော် မုန်းတာတခု ရှိပါတယ်။ မှားယွင်းနေတဲ့ စနစ်ဆိုးကြီးပါ။ ဒီစနစ်ဆိုးကြီး ရှိနေတဲ့ အတွက်သာ သူ့ဘက်ကိုယ့်ဘက် ဆိုပြီး ဘက်တွေ ကွဲသွားတာ။ ကျွန်တော် ဆိုလိုချင်တာက ဒီစနစ်ဆိုးကြီးကို တော်လှန်မယ်၊ ပုန်ကန်မယ်၊ ပြောင်းလဲမယ် ဆိုတဲ့ ဘက်မှာ ကျွန်တော်တို့က ရှိနေသလို ဒီစနစ်ဆိုးကြီးကို ကာကွယ်မယ်၊ ရပ်တည်ပေးရမယ် ဆိုတဲ့ ဘက်မှာ အခြားသူတွေ ရှိနေကြတာ။ အကယ်၍သာ ဒီစနစ်ဆိုးကြီး မရှိဘူး ဆိုရင် ဘက် ဆိုတာလည်း မရှိတော့ပါဘူး။ ဘက် ဆိုတာ မရှိတော့ရင် အာဃာတလည်း မရှိတော့ပါဘူး။ ကျွန်တော့် အနေနဲ့ လူပုဂ္ဂိုလ် တဦးတယောက်ကို အာဃာတမထားပဲ ဒီစနစ် ဆိုးကြီးကိုသာ တိုက်ဖျက် ချင်ပါတယ်။

ရုံးထွက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော် ရုံးချိန်းထွက်စဉ်က အချုပ်သား တရားခံတွေ ဖိနပ် စီးခွင့်မရဘူးဗျ၊ ဒါဟာ ဘာကြောင့်လဲ ဆိုတာ အဖြေကို ရေရေရာရာ မပေးဘူး။ ကျွန်တော်က ပြောရာမှာ အချုပ်သား တရားခံ ဆိုတာ တရားခံ အစစ် မဟုတ်သေးပါဘူး။ တရားလို တဦးဦးက ပြစ်မှု တစုံတရာ ကျူးလွန်တယ်လို့ ထင်မြင် ယူဆတဲ့အတွက် တရားရုံးမှာ စွဲတင်ပြီး တရား စွဲဆိုနေတာပါ။ အဲဒီအရာကို မိမိ ကျူးလွန်သည် မကျူးလွန်သည် ဆိုတဲ့အချက်ကို တရားပြိုင် အဖြစ် ငြင်းဆိုနေတုန်းပဲ ရှိပါသေးတယ်။ အဲဒီတော့ အချုပ် တရားခံတဦး ဆိုတာ လွတ်လပ်တဲ့ လူသားတဦးပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ သူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူ မပြုသင့်ဘူးလို့ ထင်ပါတယ်။ အဲဒါနဲ့ ကျွန်တော် တင်ပြတယ်။ ကျွန်တော် ဖိနပ်စီးမယ်။ ဘာကြောင့်ဆို စောစောက ပြောတဲ့ အချက်တွေကြောင့်၊ အဲဒီမှာ ဖိနပ်စီးခွင့် မပြုဘူး ပြုမယ် ဆိုတာနဲ့ နောက်ဆုံးကျတော့ ကျွန်တော် ဖိနပ်စီးခွင့် မရရင် ရုံးမထွက်နိုင်ဘူးလို့ ပြောလိုက်တယ်။ ကျွန်တော် ရုံးချိန်း ၂ ပတ်လောက် မထွက်လိုက်ရဘူး။ နောက်အပတ်တွေ ကျတော့ ဖိနပ် စီးခွင့် ပေးလိုက်တယ်။

ဖိနပ်စီးခွင့် မပေးတာ ဘယ်နေရာကနေ ဘယ်နေရာထိလဲ။

အင်းစိန်ထောင်ကနေ ထွက်ကတည်းက ပြန်လာတဲ့အထိပါ။ သူတို့ အကြောင်းပြတာက ဖိနပ်ထဲမှာ သံဖြတ်လွှ ပါလာမလား ဆိုတဲ့ အကြောင်း ပြတာပေါ့။ အဲဒီကိစ္စမှာ ကျွန်တော်၊ ကိုဥာဏ်လင်းအောင်၊ ကိုကျော်သူထိုက် တို့ တိုက်ကြတာပါ။ အခြား အခြားသော နေရာမှာလည်း တိုက်တဲ့သူတွေ ရှိရင် ရှိနိုင်ပါတယ်။

အကျဉ်းထောင်နဲ့ ပတ်သက်လို့ ဘယ်လို ခံစားရပါသလဲ။

ထောင်က လူတွေကို အကြောင်းအရာ အမျိုးမျိုး ပြောင်းလဲစေပါတယ်။ ကောင်းတာတွေ ပြောင်းလဲ စေတာ ရှိသလို မကောင်းတာတွေလည်း ပြောင်းလဲ စေနိုင်ပါတယ်။ ဒါပေမယ့် အကောင်း ပြောင်းလဲမှုကို လက်ခံပြီး အဆိုး ပြောင်းလဲမှုကို ပြစ်ပယ် လိုက်ရမှာပဲ။ ကျွန်တော် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဖြစ်လာတာဟာ အမှန်တရားကို မြတ်နိုးတဲ့ စိတ်၊ မဟုတ် မမှန်တာကို ခေါင်းငုံ့ မခံချင်တဲ့စိတ် အဲဒီစိတ်မျိုးနဲ့ ဖြစ်လာတာ၊ ကျွန်တော်ကို နှစ်အပိုင်းအခြား တခု ထောင်ဒဏ်ချချိန်မှာ ကျွန်တော် လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အားလုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်ဖို့ အချိန် ရသွားပါတယ်။ အပြန်ပြန် အလှန်လှန် သုံးသပ်နိုင်တဲ့ အခါကျတော့မှ ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ ပြုပြင် ပြောင်းလဲသင့်တဲ့ အရာတွေ၊ ရှိသင့် ရှိထိုက်တဲ့ လူ့အခွင့်အရေးတွေ အဲဒါတွေကို ခြေခြေမြစ်ဖြစ် သဘောပေါက်လာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ်ကနေ နိုင်ငံရေးကို ဇောက်ချ လုပ်မယ့်သူ တယောက် ဖြစ်လာတာပေါ့ဗျာ။ ကျွန်တော့်အတွက် အပြောင်းအလဲ ဆိုရင် အဲဒီ အချက်အလက်ပါပဲ။

အတွင်းမှာ စာတွေ တော်တော်များများ ဖတ်ဖြစ်လား။

အရင်တုန်းကတော့ စာတွေ အတော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ အနုပညာလည်း လုပ်နေတော့ သီချင်းနားထောင် ရေး၊ တီးခတ်ဖို့ လုပ်နေရတော့ အပြင်တုန်းက စာဖတ်ဖို့ အချိန် နည်းခဲ့ပါတယ်။ အကျဉ်းထောင် ထဲမှာတော့ အပြင်တုန်းက ဖတ်မယ် ဆိုပြီး ၀ယ်ထားပေမယ့် အပြီးမသတ် သေးတဲ့ စာအုပ်တွေ ဖတ်နိုင် ခဲ့ပါတယ်။

နိုင်ငံရေး ဇောက်ချလုပ်မယ့်သူ တယောက် ဖြစ်လာတော့ အနုပညာကိုရော ဘယ်လို သဘောထား သလဲ။

အနုပညာအနေနဲ့ကတော့ ကျွန်တော်ရင်ထဲ ထိခိုက်မှု၊ ခံစားမှု ဒီအရာတွေ အကုန်လုံးကို ဂီတနဲ့ဖြစ်စေ၊ ကဗျာနဲ့ ဖြစ်စေ၊ ဆောင်းပါး တပုဒ်နဲ့ ဖြစ်စေ ဖေါ်ထုတ် နိုင်သရွေ့ကတော့ ဖေါ်ထုတ် နေမှာပဲ။ ဒါကို ပရိတ်သတ်ရှေ့ ချပြခွင့် ရမရကတော့ ကွာခြား သွားမှာပါ။

ကျွန်တော်တို့ အရင်တုန်းက သီချင်းဆိုခဲ့တာမှာ ဟစ်ဟော့ဂီတကို မြန်မာနိုင်ငံမှာ ချပြချင်တဲ့စိတ်က အရင်းခံတာပါ။ အဲဒီကနေမှ တဆင့် ကျွန်တော် အဆိုတော် ဖြစ်လာတာ။ အဲဒီတော့ ဂီတနဲ့ နိုင်ငံရေး၊ အနုပညာနဲ့ နိုင်ငံရေး ဒီနှစ်ခုယှဉ်မယ် ဆိုရင်တော့ ပထမအဆင့် ဒုတိယ အဆင့်ရယ်လို့ မဟုတ်ဘဲ နှစ်ခုစလုံးက ပြိုင်ပြီး သွားနေမယ် လို့ ထင်ပါတယ်။

အနုပညာသည်ဘ၀နဲ့ နိုင်ငံရေး ကိုဘယ်လိုစည်းခြားထားလဲ။ အဲဒီနယ်ပယ် ၂ ခုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းလဲ။

အနုပညာအသိုင်းအ၀ိုင်းကလူတွေကတော့ အနုပညာကို ပြန်လုပ် စေချင်ကြတယ်။ နိုင်ငံရေး အသိုင်း အ၀ိုင်းကတော့ အနုပညာနဲ့ နိုင်ငံရေးကို တွဲပြီး ပြန်လုပ် စေချင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး လုပ်ဖို့အတွက်က ဘယ်သူမှ အတင်းအကြပ် စေခိုင်းလို့ မရပါဘူး။ မိမိရဲ့ စိတ်ဆန္ဒအရသာ လုပ်ကြတာကိုး ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဒီနိုင်ငံ တိုးတက်ဖို့ ဒီနိုင်ငံ အကျိုးရှိအောင် လုပ်မယ့်သူတွေ အင်မတန် နည်းနေ ပါသေးတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ကျွန်တော့်ကို နိုင်ငံရေး လုပ်စေ ချင်တာပါ။ ဒီနှစ်ခု ကြားထဲမှာ ဘယ်လို ညီမျှအောင် လုပ်သလဲ ဆိုရင် နိုင်ငံရေး ဟာ အနုပညာနဲ့ မသက်ဆိုင်ဘူး ဆိုပေမယ့် အနုပညာနဲ့ နှီးနွယ်နေတဲ့ အလုပ် ဖြစ်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် စာပေ အနုပညာရှင်တွေက များသောအားဖြင့် နိုင်ငံရေး သမားဟောင်းတွေ များပါတယ်။ အနုပညာရှင်တွေ ထဲကလည်း နိုင်ငံရေး သမားတွေ ထွက်ပေါ် လာတတ်ပါတယ်။ အဲဒီတော့ ဂီတ အနုပညာကို လုပ်ရင်းနဲ့လည်း နိုင်ငံရေးကို လုပ်လို့ ရတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ မိမိရဲ့ စိတ်ဓာတ်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ထိမ်းသိန်း ကိုင်တွယ် သွားဖို့တော့ လိုတယ်လို့ ကျွန်တော် ထင်တယ်ဗျ။

လက်ရှိ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေရှိလဲ။

ကျွန်တော့်မှာ အစာအိမ် အနာရှိတယ်ဗျ၊ ကျွန်တော် အထိန်းသိမ်း မခံရခင် ကတည်းက အစားအသောက် နည်းနည်း ဆင်ခြင် ရပါတယ်။ အဲလို လူမျိုးက အကျဉ်းထောင်ထဲ ရောက်သွားတော့ အစားအသောက်ကို တော်တော်လေး ဂရုစိုက် ရတယ်ဗျ၊ အထိန်းသိမ်း ခံနေရစဉ်မှာ အသဲအသန် မဟုတ်ပေမယ့်လည်း အပြင်းအထန် ဆိုတာမျိုး ၂ ခေါက်လောက် ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ကျန်းမာရေး စစ်ဆေး နေတုန်းပါပဲ။ ယေဘုယျ ပြောရရင် ကျန်းမာရေး အသင့်အတင့် ရှိတယ် လို့ပဲ ပြောရမှာပါ။

မိသားစုနဲ့ ပတ်သက်တဲ့ ခံစားမှု ပြောပြပေးပါလား။

မြန်မာနိုင်ငံမှာ နိုင်ငံရေး လုပ်မယ်ဆိုရင် ရာခိုင်နှုန်း အတော်များများကတော့ ထောင်ထဲ ရောက်နိုင်တယ်၊ အကျဉ်း ကျနိုင်တယ် ဆိုတာ နားလည် ပြီးသားပါ။ နားလည်ပြီး စိတ်ပိုင်းဖြတ်ပြီး အကျဉ်းကျ ခံနေရတာ အထူးအထွေ စဉ်းစားနေစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် နယ်ဝေး ထောင်တွေကို ပို့တယ်။ မိမိတင် မကပဲ မိမိရဲ့ မိသားစုတွေကိုပါ အခက်အခဲ အမျိုးမျိုး တွေ့အောင် လုပ်လိုက်တာမျိုး ကိုတော့ ကျွန်တော် သဘောလည်း မကျဘူး။ ဒီလိုပုံစံမျိုးဟာ မဖြစ်သင့်ပါဘူး။ အခု ဆိုလို့ရှိရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူက တအိမ်ထဲမှာ တယောက် မကတဲ့ မိသားစုတွေ ရှိပါတယ်။ ဥပမာ မိမိရဲ့ ယောင်္ကျားက တနေရာကို ရောက်နေပြီး သားက တနေရာကို ရောက်နေတာ ဆိုလို့ရှိရင် ဘယ်လို ခံစားရမလဲ ဆိုတာပါ။ အဲဒီလိုပဲ ကျွန်တော့် အနေနဲ့လည်း ကိုယ်တိုင် ခံစား ရနိုင်ပေမယ့်လည်း အသက်အရွယ် ကြီးပြီဖြစ်တဲ့ ကျွန်တော့်အမေ ကျွန်တော့်ဆီကို ရောက်အောင် လာဖို့ ကြိုးစားရတဲ့ ဟာတွေ မြင်ရတဲ့အခါ ၀မ်းသာရမယ့် အစား ရင်နာမိတာ များတယ်ဗျ။

အပြင်လောကနဲ့ ကင်းကွာနေတဲ့ ၃ နှစ်လောက်ကာလမှာ ဘာတွေပြောင်းလဲသွားတယ်လို့ မြင်လဲ။ ဘာတွေကို သတိထား မိလဲ။

အပြင်ပုံသဏ္ဍန်အားဖြင့် ပြောင်းလဲနေတာ တော်တော်များများ တွေ့တယ်ဗျာ၊ ဥပမာအားဖြင့် စောစောက ပြောတဲ့ မိုဘိုင်းဖုန်း ကိစ္စလည်း ပါတယ်ဗျာ။ ငါးသိန်းဖုန်း ဆိုတဲ့ဟာတွေကို တော်တော်များများရဲ့ လက်ထဲမှာ တွေ့လိုက်ရတယ်။ ဖုန်းတလုံး ငါးသိန်း ဆိုတာတောင် တော်တော် များနေသေးတယ်။ ဒါတောင် ဒိလောက် လူ အရေအတွက် များများ ကိုင်လာနိုင်တယ် ဆိုရင် ဒိထက်များ ထပ်လျော့ပေါ့ နိုင်မယ် ဆိုရင် လူတွေပိုပြီး ကိုင်လာကြမှပဲ။ ဒါကတော့ ပထမ မြင်ရတဲ့ အခြေအနေပါ။ ဒုတိယ မြင်ရတာကတော့ ၀တ်ပုံစားပုံ ပြောင်းလဲ လာတာ ပြောပုံ ဆိုပုံ ပြောင်းလဲလာတာတွေ တွေ့ရတယ်။ အတွင်း အနှစ်သာရ အပိုင်း ပြောင်းလဲသလား ဆိုတာကတော့ နည်းနည်း အချိန်ကြာပြီးမှ ပြောနိုင်မယ် ထင်တယ်။

တခြား အပြောင်းအလဲတွေ အနေနဲ့ရော။

အထိန်းသိမ်းမခံရစဉ်က အခြေအနေနဲ့ အခုအခြေအနေကို ယှဉ်ကြည့်ရင် ဂျာနယ်တွေ ထဲမှာ ဆိုရင် အရင်တုန်းက ခွင့်ပြုမယ် မထင်တဲ့ ဟာမျိုးလေးတွေ တွေ့လာရတယ်။ နောက်ပြီး စာအုပ် စာတန်းထဲက ဆိုရင် အရင် ကျဖို့ တော်တော်ကြာခဲ့တဲ့ စာအုပ်တွေ၊ အရင်တုန်းက ပြန်လည် ရိုက်ခွင့်ပြုမယ် မထင်တဲ့ စာအုပ်တွေ တွေ့ရတယ်။ စာနယ်ဇင်းထဲမှာ အကောင်းဘက် ပြောင်းလဲမှုပေါ့။

အဆိုးဘက် ပြောင်းလဲမှုလို့ ဆိုရင်တော့ စာနယ်ဇင်းထဲမှာ တိကျမှု လျော့လျဲတဲ့၊ တာဝန်ခံမှု လျော့နည်းတဲ့ စာနယ်ဇင်း ဂျာနယ်မျိုးတွေ ထွက်လာတာလည်း တွေ့ရတယ်ဗျ၊ နောက်ပြီး ပေါ့ပေါ့ပါးပါး ရောင်းကုန်ဖြစ်အောင် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း တွေ့ရတယ်ဗျ၊ ဒါကလည်း ကာလတခု ကြာလာတဲ့ အခါ ပရိသတ်က စိစစ်သွားမယ် ထင်ပါတယ်။

ဂီတအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ကျွန်တော်တို့က တိုက်ခန်းနဲ့ နေရတာ ဖြစ်လို့ (အကျဉ်းထောင် အတွင်း တိုက်ပိတ် ခံရသည့် အဖြစ်ကို ဆိုလိုခြင်း ဖြစ်သည်) TV တွေ သီချင်းတွေ နားမထောင်ရလို့ မပြောတတ်ပါဘူး။ အခြားသူတွေ ပြောစကား အရရော ကျွန်တော် ပြန်ထွက်လာတဲ့ အခါမှာ နည်းနည်း ကြားမိသလောက် ပြောရရင် ဂီတကတော့ အခြေအနေ သိပ်မကောင်းဘူး။ အလွယ်တွေကို ပိုပြီး ဖန်တီးနေတယ်။ အနှစ်သာရ ပျောက်နေတယ်လို့ ထင်ပါတယ်။ ဒါကကျွန်တော့် တဦးချင်းရဲ့ အမြင်ပါ။ ကျွန်တော် အထိန်းသိမ်း မခံရခင် ကတည်းက ကျွန်တော် အခြေခံ ဥပဒေကို လေ့လာ ခဲ့ဖူးပါတယ်။ မူကြမ်းက ၂၀၀၇ စက်တင်ဘာ လောက်မှာ အဆုံးသတ် တာပါ။ အဲဒီတုန်းက မူကြမ်းကို ကြေကြေညက်ညက် မဟုတ်တောင်မှ ထောင့်စေ့အောင်တော့ လေ့လာ ခဲ့ဖူးပါတယ်။ အဲဒီတော့ ဘာသွားတွေ့သလဲ ဆိုရင် ဒီအခြေခံ ဥပဒေ အရသာ အစိုးရတရပ် ဖွဲ့စည်းပြီဆိုရင် ဖြစ်ပေါ်လာတဲ့ အစိုးရဟာ အာဏာရှင် တဦးတယောက်၊ အဖွဲ့ တဖွဲ့ရဲ့ ကြိုးဆွဲရာကမယ့် အစိုးရ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ အချိန်ထိတော့ အဲဒီတုန်းက ထင်မှတ်ခဲ့တဲ့ အထင်ဟာ အပြောင်းအလဲ မရှိသေးပါဘူး။

ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးထားလဲ။

အနုပညာပိုင်းအရ ပြောရမယ် ဆိုရင်တော့ ဂီတ အနုပညာကို ကျွန်တော် ဆက်လက် ဖန်တီး ဖြစ်နေမှာပါ။ နိုင်ငံရေး အရ ပြောရရင်တော့ ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့်၊ ခံယူချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာဖို့ အတွက် ကျွန်တော် ကြိုးစားပြီး ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။

အလေးစားဆုံး နိုင်ငံရေး ခေါင်းဆောင် ဘယ်သူလဲ။

ပြည်တွင်းမှာ ဆိုရင်တော့ ကျဆုံးသွားပြီးဖြစ်တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းပါ။ ဒုတိယ အလေးစားဆုံး ခေါင်းဆောင်ကတော့ ခုထိ သက်ရှိ ထင်ရှားနဲ့ နိုင်ငံရေး လုပ်နေတဲ့ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အလေးစားဆုံး ဖြစ်ပါတယ်။

လူငယ်တွေကို ဘာများပြောချင်ပါသလဲ။

လူငယ်ဆိုတာ အမှန်တရားကို မြတ်နိုးပါတယ်။ မဟုတ်တာ မမှန်တာ တွေ့ရင်လည်း မထောက်ခံပါဘူး။ မတရားတာ တွေ့ရင်လည်း ငုံ့မခံပါဘူး။ ဒါဟာ ဘယ်လိုခေတ်ပဲ ဖြစ်ဖြစ် ဘယ်စနစ်ပဲ ဖြစ်ဖြစ် ဘယ်အစိုးရပဲ အုပ်ချုပ်သည် ဖြစ်စေ မပြောင်းလဲတဲ့ စိတ်ဓာတ်ပါ။ ဒီ တန်ဖိုး ရှိလှတဲ့ ရဲရင့်တဲ့ လူငယ်တွေရဲ့ စိတ်ဓာတ် ကိုလူငယ်တိုင်း လူငယ်တိုင်း ရင်ထဲမှာ မွေးထုတ်ကြဖို့ မွေးယူကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။

Ref: မိုးမခ

Read More...

NLD လူငယ်နှစ်ဦး ရဲခေါ်စစ်

အောင်မြတ်စိုး |
အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ။

ဘန်ကောက် (မဇ္ဈိမ) ။ ။ သမ္မတကို ဆဲဆိုထားသည့် ဆေးနီ ပက်ဖျန်းမှုများ ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း လမ်းမများ၌ တနင်္လာညတွင် ဖြစ်ပွား ခဲ့ပြီးနောက် အင်္ဂါမနက်တွင် တောင်ဒဂုံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လူငယ် နှစ်ဦးကို ရဲက ခေါ်ယူ မေးမြန်းမှု အချို့ ပြုလုပ်ခဲ့သည်။

မြို့နယ်တွင်း ၅၄၊ ၅၃၊ ၁၈ နှင့် ၁၉ ရပ်ကွက်၌ ယမန်နေ့ညဦးပိုင်းတွင် ဆေးနီများဖြင့် ဆဲရေး တိုင်းထွာ စာများအား ကွန်ကရစ်ခင်း လမ်းမတလျှောက် ပက်ဖျန်းမှု အပြီး၊ ရဲက လုံခြုံရေး အကြောင်းပြချက်ဖြင့် တောင်ဒဂုံ အမှတ် ၅၃ ရပ်ကွက်မှ ကိုဇေယျနှင့် ကိုဖိုးဇော်တို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်ယူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ညက မင်းတို့ ထိန်ဝင်းနဲ့ အတူရှိလားပေါ့၊ တောင်ဒဂုံစခန်းက နယ်ထိန်း တာဝန်ခံက မေးတယ်တဲ့။ ... ရဲက ဆေးမှုတ်တဲ့ ကိစ္စနဲ့တော့ မဆိုင်ပါဘူး၊ ရန်ကုန်ကို ဖောက်ခွဲရေး သမားတွေ အယောက် ၅ဝ လောက် ရောက်နေတယ်၊ တောင်ဒဂုံမှာ တယောက်ရှိတယ် ဆိုလို့ ဧည့်စာရင်း စစ်တာပါလို့ ပြောတယ်” ဟု တောင်ဒဂုံ NLD မြို့နယ် လူငယ် တာဝန်ခံ ကိုထိန်ဝင်းက မဇ္ဈိမကို ပြောသည်။

လူငယ်နှစ်ဦး မိနစ်ပိုင်းအကြာ စစ်ဆေးခံရခြင်းနှင့် ပတ်သက်၍ ကိုထိန်ဝင်း၊ မြို့နယ် စည်းရုံးရေး အဖွဲ့မှ ဦးကြည်လင်းနှင့် လူငယ် အချို့က ရပ်ကွက် အုပ်ချုပ်ရေးရုံးသို့ သွားရောက် စုံစမ်းရာမှ သိခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့က ဆေးဖျန်းပက်မှု၊ ဖောက်ခွဲမှုများနှင့် မသက်ဆိုင်သလို၊ NLD အနေဖြင့် ထိုလုပ်ရပ်မျိုး မလုပ်ဆောင်ကြောင်း အာဏာပိုင် များကို ပြန်လည် ပြောကြား ခဲ့သေးသည်။

ဆေးဖျန်းခံရသည့် နေရာများအား ဒေသအာဏာပိုင်များက ယခုအခါ ဘိလပ်မြေဖြင့် ဖုံးအုပ်ခဲ့ပြီး ဖြစ်သည်။

“၅၄ ရပ်ကွက်က ဇေယျာမြိုင်လမ်းမှာ ရှိတယ်ဗျာ၊ ကျွန်းရွှေမြိုင်လမ်းမှာ ရှိတယ်ဗျာ။ ကျနော်တွေ့တာတော့ ၃ နေရာ ရှိတယ်ဗျ။ နောက်ပြီးတော့ တချို့တွေက တွေ့တာကတော့ ၄-၅ နေရာလောက် ရှိမယ်လို့ ဆိုတယ်။ လမ်းတွေက ကွန်ကရစ်လမ်းတွေ ဆိုတော့ သူတို့ အဲဒါတွေကို ဘိလပ်မြေနဲ့ အပေါ်ကနေ ထပ်မံလိုက်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

Read More...

Monday, May 23, 2011

“အမေ့အိမ်” အခမဲ့ ပညာသင်ကျောင်း ဖိအားပေးခံရ

သန်းထိုက်ဦး
23 May 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်တွင် အိမ်ငှား၍ ဖွင့်လှစ်ထားသော “အမေ့အိမ်” အခမဲ့ ပညာရေး အင်္ဂလိပ်စာ သင်တန်းကျောင်းကို ပြောင်းရွှေ့ရန် အာဏာပိုင်များက ယမန်နေ့က ဖိအား ပေးခဲ့သည်။

ထို အခမဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းကို ပြောင်းရွှေ့ပေးရန် စစ်ဘက်ဆိုင်ရာ လုံခြုံ ရေးအဖွဲ့ (စရဖ)က အိမ်ပိုင်ရှင်မှ တဆင့် ဖိအားပေးခဲ့ကြောင်း ယင်းကျောင်း အတွက် အိမ် ငှားပေးထားသူ ဒေါ်သီတာဆွေက ဧရာဝတီသို့ ပြောသည်။

“အိမ်ရှင်ကနေပြီးတော့ ကျမရဲ့သမီးတွေ၊ သားတွေကို လာပြောတယ်၊ ကျနော်တို့က ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘူးတဲ့၊ အခု တော့ ကျမတို့ အိမ်ရှာရတော့မယ်ဆိုတော့ အဲဒါ ဘယ်လိုလုပ်ရမလဲ မသိဘူး၊ အခု ကလေးတွေကတော့ နည်းနည်း ကျောင်း တက်ရဖို့ ကတော့ ဒုက္ခရောက်သွားပြီပေါ့”ဟု ၎င်းက ဆိုသည်။

“အမေ့အိမ်”အခမဲ့ ပညာရေးသင်ကြားမှုအတွက် မြောက်ဒဂုံမြို့နယ်တွင် မူလတန်း အဆင့် သင်တန်းကျောင်းနှင့် အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ထားရာ အင်္ဂလိပ်စာ သင်ကြား နေသည့် ကျောင်းကို ပြောင်းရွှေ့ရန် ဖိအားပေးခံရခြင်း ဖြစ်သည်။ သို့သော် မူလတန်း ကျောင်းကိုမှု တစုံတရာ ဖိအားပေးခြင်း မရှိသေးပေ။

ကျောင်း ဖြစ်မြောက်ရေး ကော်မတီမှ ကိုဖြိုးမင်းသိန်းက“နိုင်ငံရေးအရ တိုက်ခိုက်တယ် ဆိုရင်တော့ ဒီ ဥစ္စာဟာ အဆိုးမြင်တဲ့ သဘောရှိနေတယ်၊ တဖက်မှာရှိတဲ့ ဒီမိုကရက်တစ် အင်အားစုတွေရဲ့လူထု အကျိုးပြု လုပ်ငန်းတွေ ကို ဖျက်ဆီး သလိုမျိုး ဖြစ် နေတယ်”ဟု ဆိုသည်။

အင်္ဂလိပ်စာ သင်တန်းကျောင်းတွင် ကျောင်းသား ၃၀ ခန့်ရှိပြီး မူလတန်းကျောင်း၌ ကျောင်း သား ၁၀၀ ခန့်ရှိ ကြောင်း သိရ သည်။

ယခုနှစ် ဇန်န၀ါရီလကလည်း လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင်၏ နေအိမ် တွင် ဖွင့်လှစ်ခဲ့ သော အမေ့အိမ် ပညာဒါန ကျောင်းကို ပညာရေး ၀န်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တာဝန် ရှိသူများက တားမြစ်ခဲ့ဖူးသည်။

ပညာရေး ကျောင်းများကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် NLD နှင့် လူငယ် ကွန်ရက်တို့က ဦးစီး၍ ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအတွက် အဓိကရည်ရွယ်ချက် ဖြင့် ယခုနှစ်ဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Ref;Irrawaddy

Read More...

ရှမ်း လက်နက်ကိုင်၂ ဖွဲ့ပေါင်းပြီ

သန်းထိုက်ဦး
23 May 2011

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့က စစ်ရေးအရ ပူးပေါင်း၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း prachatai ထိုင်းသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စနေနေ့က SSA-S ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပ သည့် ၅၃ ကြိမ်မြောက် ရှမ်းပြည် တော်လှန် ရေးနေ့ အခမ်းအနားကို SSA-N ခေါင်း ဆောင်တချို့ တက်ရောက်ခဲ့ပြီး မဟာဗျူဟာ အရ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းရန်သဘော တူခဲ့ကြောင်း ဆိုသည်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က SSA-N နှင့် စကား ပြောဆိုထားပြီး နားလည်မှုရရှိ ထားကြောင်း နှင့် ယခုအချိန်၌ ရှမ်းပြည်နယ်ရှိ တခြား အဖွဲ့အစည်းများကိုလည်း လက်တွဲသွားမည် ဖြစ်ကြောင်း prachatai သတင်း၌ ရေး သားထားသည်။

SSA-N မြောက်ပိုင်းမှ ဗိုလ်မှူးကြီး စိုင်းထူးကလည်း ၁၉၈၉ ခုနှစ်ခန့်က နိုင်ငံရေး နည်းလမ်းအရ အဖြေရှာရန် စစ် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီ ခဲ့ကြောင်း၊ သို့သော် အစိုးရက နိုင်ငံရေး ပြဿနာအား နိုင်ငံရေး နည်းအရ ဖြေရှင်းမှု ကို လက်မခံသည့်အပြင် စစ်ရေးအရ ခြိမ်းခြောက်နေကြောင်း ဆိုသည်။

“တိုက်တာကတော့ ဆက်ပြီး တိုက်ရမယ်၊ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိတော့ဘူး”ဟု ဗိုလ်မှူးကြီး စိုင်းထူးက ဆက်ပြော သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ် နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ် အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ ခြင်း ဖြစ်သည်။

စစ်အစိုးရတပ်နှင့် SSA -N တပ်ဖွဲ့များ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း SSA -S တပ်ဖွဲ့ ၀င်များက စစ်ရေးအရတချို့အကူ အညီများ ထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် SSA-S တပ်ဖွဲ့ဝင်များကလည်း ရှမ်းပြည် တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိက လှုပ်ရှားနေသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော်(MTA) မှ ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေး တပ် (SURA) ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA-Sသည် အင်အား ၇ ထောင်ကျော် ရှိသည်ဟု စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိ ရသည်။

Ref;Irrawaddy

Read More...

ဗိုလ်ချုပ်မှူးကြီး တကယ်အနားယူပြီလား


23 May 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာတချို့ကို ပြောခဲ့ သော်လည်း အစိုးရသစ်အဖွဲ့ကို နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်နေဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးချုပ်၌ ဦးဌေးဦးက ပြည်တွင်း မီဒီယာ တချို့အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အများထင်မြင် ယူဆနေသကဲ့သို့ မဟုတ်ဘဲ ရာထူးတာဝန်မှ အမှန်တကယ် အနား ယူသွားပြီဖြစ်ကြောင်း၊ ပါတီတွင်လည်း နာယက တာဝန်ယူထားခြင်း မရှိကြောင်း ရှင်းလင်းပြောဆိုသည်ဟု ပြည်တွင်း အခြေ စိုက် ဧရာဝတီ သတင်းထောက်က ဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးက ပါတီကို တည်ထောင်ခဲ့တယ်။ ကမ္ဘာမှာ ရုရှားအပါအ၀င် တိုင်းပြည် အတော်များများ ဖရိုဖရဲဖြစ်ခဲ့တာပဲ။ ဗိုလ်ချုပ် မှူးကြီးရဲ့ထူးခြားတဲ့ အတွေ့အကြုံတွေကြောင့် သာ တိုင်းပြည် အေးအေးချမ်းချမ်း ဖြစ်ခဲ့တာ” ဟု ဦးဌေးဦးက ပြောကြောင်း ၎င်းကဆိုသည်။

ယခုအခါ အရှေ့အလယ်ပိုင်းဒေသ အပါအ၀င် နိုင်ငံအများအပြား၌ နိုင်ငံခေါင်းဆောင် များနှင့် ပြည်သူများအကြား ထိပ်တိုက်ရင် ဆိုင်မှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး၏ အတွေ့အကြုံနှင့် စွမ်းရည်များကြောင့်သာ အေးချမ်း နေခြင်းဖြစ်ကြောင်း ဦးဌေးဦးက ပြောဆိုခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရာထူးတာဝန်များမှ အနားယူသွားပြီဆိုသော်လည်း အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ပါတီထိပ်တန်း တာဝန် ရှိသူများက ပစ်ပယ်ထားခြင်း မရှိကြောင်း၊ သို့သော် ဗိုလ်ချုပ်မှူးကြီးမှာ ပါတီဌာနချုပ်သို့ လာရောက်ခြင်း မရှိကြောင်း ၎င်းက ပြောခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးကမူ လက်ရှိအစိုးရ အကောင်အထည် ဖော်နေသည့် လုပ်ငန်း တချို့သည် ၎င်းဖြစ်စေချင်သည့် ပုံသဏ္ဌာန် မဟုတ်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသ ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လုပ်ပိုင်ခွင့် အာဏာကို အပြည့်အ၀ ပေးခြင်း သည် နောင်တချိန် ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ တခြားသောပါတီများ အနိုင်ရရှိ ခဲ့သော် ကြံ့ဖွံ့ပါတီ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန် အား ဧပြီလအတွင်းက ထောက်ပြပြောဆို ခဲ့သည်ဟု စစ်ဘက်အသိုင်းအ၀န်း၏ အဆိုအရ သိရသည်။

စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက “တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေကို လုပ် ပိုင်ခွင့် အပြည့်မပေးနဲ့၊ ဗဟို အစိုးရကပဲ အရာရာ ဆုံးဖြတ်ပါ၊ အထူးစီမံကိန်း ကြီးတွေမှာ ပြည်နယ်အစိုးရတွေ ၀င်မစွက်ပါစေနဲ့လို့ ဗိုလ်ချုပ်မှူးကြီးက သတိပေးတယ်” ဟုဆိုသည်။

ထိုသတိပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်၌ ၂ ရက်ကြာ ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင် အထည်ဖော်ရေး အစည်းအဝေး၌ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ အကြီးစား စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေး ဇုန်ကြီးများ တည်ဆောက်ခြင်း၊ သယံဇာတများ ထုတ်လုပ်ရောင်းချရေး စသည့် လုပ်ငန်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၀င်ရောက် ဆုံးဖြတ် ခြင်းမပြုစေဘဲ ပြည်ထောင်စု အစိုးရကသာ ဆက်လက် တာဝန်ယူလုပ်ဆောင်မည် ဖြစ် ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောင်းလဲပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က နအဖ စစ်ကောင်စီကို ဖျက် သိမ်းကာ ဦးသိန်းစိန်ကို သမ္မတ တာဝန် လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေး ဦးစီး ချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး ရာထူးမှ အငြိမ်းစား ယူမယူ ကိုမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသကဲ့သို့ သတင်းစာများတွင်လည်း ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပေ။

နေပြည်တော် စစ်ဘက်သတင်းရပ်ကွက် အဆိုအရမူ ဗိုလ်ချုပ်မှူးကြီး၏ လုံခြုံရေးနှင့် ပတ်သက်၍ စစ်တပ်ကပင် တာဝန်ယူထား ကြောင်း၊ သို့သော် ကိုယ်ရေးအရာ ရှိများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့က ဗိုလ်ချုပ် မှူးကြီး အနီးတွင် ဆက်လက် တာဝန်ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရ သည်။

Ref;Irrawaddy

Read More...

ပဲခူးဝက် ရန်ကုန်မသယ်ရ

ကျော်ခ
မေလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ဝက်နားရွက်ပြာရောဂါ ကူးစက်ပြန့်ပွားနေသည့် ပဲခူးတိုင်းရှိ ဝက်များကို ရန်ကုန်တိုင်း အတွင်း သယ်ယူခွင့် ပိတ်ပင်ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန က ပြောသည်။

ပဲခူးတိုင်းတွင် ဧပြီလပိုင်းမှစ၍ ကူးစက်နေသည့် နားရွက်ပြာရောဂါကို နယ်မြေချင်းကပ် နေသည့် ရန်ကုန်တိုင်းအတွင်း မကူးစက်နိုင်စေရန် တားမြစ်ချက်ထုတ်ပြီး၊ မေလဒုတိယ ပတ်မှစ၍ ရန်ကုန်မြို့အဝင် လှည်းကူးနှင့် ထန်းတပင် ဂိတ်များ၌ ဝက်နှင့် ဝက်သား မသယ်ယူနိုင်ရန် အစစ်အဆေးများ ပြုလုပ်လာခဲ့သည်။

“ဒီနားရွက်ပြာရောဂါက ကူးစက်မှု အရမ်းမြန်တယ်။ ဒါကြောင့် ရန်ကုန်ကို မကူးစက် နိုင်အောင် ကျနော်တို့က တားမြစ်ချက် ထုတ်ရခြင်းပါ။ အဲဒါကြောင့် ရန်ကုန်မြို့ကို ဝင်တဲ့ ဂိတ် တွေကနေ စောင့်ပြီးတော့ ပိတ်စစ်တယ်” ဟု ရန်ကုန်တိုင်း တိမွေး/ကု ဌာန တာဝန်ရှိ သူတဦးက မဇ္ဈိမကို ပြောသည်။ တားမြစ်ချက်ကြောင့် တပိုင်တနိုင် အိမ်ဝက်မွေးသူ များနှင့် မွေးမြူရေး ခြံဝက်များ၌ပါ အခက်တွေ့နိုင်သော်လည်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့ တခုတည်း၌ပင် ရပ်ကွက် ၁၅ ခုနှင့်မြို့နယ်တွင်း ၁၈ ရွာ တွင် ၂ဝ၁၁ ဧပြီ ၂၈ ၌ နားရွက်ပြာရောဂါ ကူးစက်ကြောင်း သိရပြီးနောက် မေလ ၁၆ ရက်နေ့ထိ ကူးစက်ခံရသည့် ဝက်အကောင် ရေ ၂၉၄ ကောင်၊ သေဆုံး ၇၉ ကောင် ရှိနေပြီဟုတောင်ငူမြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဌာန ဦးစီးအရာရှိ ဒေါက်တာနေစိုး အဆိုအရ သိရသည်။

ယခုအခါ ၎င်းရောဂါ မဖြစ်သေးသည့် ရန်ကုန်တိုင်း၌ ပဲခူးဝက်များ မတင်သွင်းရသဖြင့် ရန်ကုန် ဝက်သားဈေးကွက်မှာ ပြောင်းလဲမသွားကြောင်း တာမွေမြို့နယ် တာမွေဈေး စည်ပင်သာယာဌာန ဈေးတာဝန်ခံ တဦးက မဇ္ဈိမကို ပြောသည်။

ရောဂါ၏ လက္ခဏာများမှာ ဝက်များ မောပန်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ခန္ဓာကိုယ် ပူခြင်း၊ အစာမစားခြင်း၊ မသေဆုံးခင် နားရွက်များ ပြာလာတတ်သည်။ နားရွက်ပြကာ သေဆုံး သည့် ဝက်များကို မြေမြှုပ်ပြီး မီးရှို့ရန် လိုအပ်သည်။

ဝက်နားရွက်ပြာ၊ ဝက်ပလိပ်၊ ဝက်ဝမ်းကျ ရောဂါဖြစ်ပြီး သေဆုံးသည့် ဝက်သားများ စားသုံးလျှင် လူကိုထိခိုက်မှု မရှိနိုင်သလို၊ ထိုရောဂါရရှိနေသည့် ဝက်များမှတဆင့် လူသို့ မကူးစက်နိုင်သော်လည်း ထိုရောဂါများ ဖြစ်ပွားပြီး သေဆုံးသည့် ဝက်သားကို ရောင်း ချခြင်း၊ စားသုံးခြင်း၊ သယ်ဆောင်ခြင်းများ မပြုရန် ဌာနဆိုင်ရာက သတိပေး ထား သည်။

မွေးမြူရေးနှင့် အိမ်မွေးဝက်များသာမက ဝက်သား အစို၊ အခြောက် ထုပ်ပိုးသယ်ယူခြင်းကို ရောဂါထိန်းချုပ် နိုင်သည့် အနေအထားရောက်မှ ဖွင့်ပေးမည်ဖြစ်ကာ၊ ဧရာဝတီတိုင်းမှ ဝက်များကို အဓိကတင်သွင်းနေသည်ဟု ရန်ကုန်တိုင်း တိမွေး/ကုက ဆိုသည်။

၎င်းရောဂါနှင့်ပတ်သက်၍ ပဲခူးတိုင်းအတွင်း ဖြစ်ပွားနေသည့် နေရာများနှင့် ကူးစက် မှုမဖြစ်ပွားမီ နေရာများသို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့်အတူ ပဲခူးတိုင်း တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အဖွဲ့ဝင်များက ဝက်နားရွက်ပြာအကြောင်းနှင့် ရောဂါ ထိန်းချုပ်နိုင်ရန် ဇီဝနည်းပညာပေးများ ဟောပြောနေသည်ဟုလည်း ဆို သည်။

ဝက်များတွင်မျိုးပွားအင်္ဂါနှင့်အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်ပိုးကူးစက်(ဝက်နားရွက်ပြာ)ရောဂါကိုမြန်မာနိုင်ငံ၌ယခုနှစ်ဖေဖော်ဝါရီ၁၅တွင်မန္တလေးတိုင်းတွင်းစတင်ဖြစ်ပွားခဲ့ပြီးစစ်ကိုင်းတိုင်း၊နေပြည်တော်နှင့်မကွေးတိုင်းပါဆက်တိုက်ကူးစက်ပျံ့နှံ့ခဲ့သည်။

နားရွက်ပြာရောဂါ ဖြစ်ပွားသည့် ဝက်များ၏ လက္ခဏာမှာ မောပန်းခြင်း၊ ခြေကုန် လက်ပန်းကျခြင်း၊ ခန္ဓာကိုယ် ပူခြင်း၊ အစာမစားခြင်း၊ မသေဆုံးခင် နားရွက်များ ပြာလာ တတ်ခြင်း ဖြစ်သည်။ နားရွက်ပြာကာ သေဆုံးသည့် ဝက်များကိုမြေမြှုပ်ပြီး မီးရှို့ရန် လို သည်။ အဆိုပါ ရောဂါသည် ဝက်များ၌ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက် မှုနှုန်း ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ ရှိသည်။

မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ဝက်သေဆုံးမှုကို အမြန်ဆုံး ကာကွယ်နိုင်ရေးအတွက် ပြည်ပနိုင်ငံ များမှ ဆေးတင်သွင်းနိုင်ရန် ကြိုးပမ်း နေသ လို၊ မြန်မာနိုင်ငံတွင်း ဆေးထုတ် လုပ် နိုင်ရန်အတွက် ခေါ်ယူထားသည့် ပြည်ပနိုင်ငံများက ဆေးပညာရှင် အဖွဲ့များ နှင့် စီစဉ် ဆောင်ရွက်နေသည်ဟု နေပြည်တော်ရှိ တိမွေး/ကု ဌာန တာဝန်ရှိသူများက ပြောဆို သည်။

ဝက်နားရွက်ပြာရောဂါမှာ ၁၉၈၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး ဂျာမဏီ၊ စပိန်၊ နယ်သာလန်၊ ပြင်သစ်၊ အင်္ဂလန်နှင့် ကနေဒါနိုင်ငံများတွင် ၁၉၉ဝ နှင့် ၁၉၉၅ အတွင်း ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်သည့် ဝက်များ တွင် နားရွက်များ ပြာလာသဖြင့် ဝက် နားရွက်ပြာဟု ခေါ်တွင်လာခဲ့သည်။

အာရှနိုင်ငံများဖြစ်သည့် တရုတ်တွင် ၂ဝဝ၆ ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တွင် ၂ဝဝ၇၊ ထိုင်း တွင် ၂ဝဝ၈ နှင့် မြန်မာနိုင်ငံတွင် ၂ဝ၁၁ ဖေဖော်ဝါရ်ီလဆန်း၌ မန္တလေးမြို့တွင် စတင် ဖြစ်ပွားခဲ့သည်။

Ref;http://www.mizzimaburmese.com/news/inside-burma/7595-2011-05-23-05-30-44.html

Read More...

တိဘက်ကို သိမ်းပိုက်တဲ့ နှစ် (၆၀) ပြည့်၊ တိဘက် ၀န်ကြီးချုပ်နဲ့ တရုတ် စကားမပြောချင်

23 May 2011

မေ ၂၃ ရက်သည် တိဘက်ဒေသကြီးကို တရုတ်ကွန်မြူနစ်ပါတီမှ သိမ်းပိုက်တဲ့ နှစ် ၆၀ ပြည့်နေ့ ဖြစ်သည်။ ထိုနေ့အတွက် တရုတ်အစိုးရ ထုတ်ပြန်ချက်တွင် တိဘက် အဝေး ရောက်အစိုးရ ၀န်ကြီးချုပ်အသစ်ကို

အသိအမှတ်မပြုကြောင်း ဖော်ပြထားသည်။

အသက် ၄၃ နှစ်ရှိ မစ္စတာ ဆန်ဂေး မှာ ဟားဗတ်တက္ကသိုလ် ဥပဒေဘွဲ့ရ ဖြစ်ပြီး၊ တရုတ်ပြည် ပြည်ပရောက် တိဘက်များရဲ့ ရွေးကောက်တင်မြောက်မှုဖြင့် ၀န်ကြီးချုပ် မကြာခင်က ဖြစ်လာခဲ့သည်။ ထူးခြားချက်က တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား နိုင်ငံရေးက တရားဝင် အနားယူကြောင်း ကြေငြာခဲ့ပသဖြင့် တိဘက် ၀န်ကြီးချုပ် သစ်ရဲ့အခန်းကဏ္ဍက ကြီးမားလာသည်။

မစ္စတာ ဆန်ဂေး က အိန္ဒိယရှိ တိဘက် မဲဆန္ဒရှင် လူထုတွေထံ လှည့်လည်သွားလာရင်း သူ့အစီအစဉ်တွေ ခင်းပြသည်။ ‘ဘယ်အချိန်၊ ဘယ်နေရာမှာမဆို’ တရုတ် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းလိုကြောင်း ကမ်းလှမ်းစကား ပြောခဲ့သည်။

သို့သော် တရုတ် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဇူ ဝေ့ချင် က “အဝေးရောက် အစိုးရဟာ ကချော်ကချွတ် အစိုးရပါ။ အားလုံးက ပြည်မကနေ ခွဲထွက်ဖို့ လုပ်နေတဲ့ နိုင်ငံရေးအုပ်စုပါ။ legitimacy လည်း လုံးဝ မရှိသလို၊ ဗဟိုအစိုးရ ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးဖို့ အဆင့်အတန်းလည်း မရှိဘူး” ဟု ထုံးစံအတိုင်း နှိမ်ချ ပြောဆိုခဲ့ သည်။

ဒလိုင်းလားမားက သူ့ အဝေးရောက် အစိုးရအဖွဲ့အတွင်း ဒီမိုကရေစီနည်းကျ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ဗဟိုချူပ်ကိုင်မှုတွေ လျော့အောင် ဆုံးဖြတ်လုပ်ဆောင်ခဲ့ပေမဲ့ တရုတ် အစိုးရနဲ့ ရင်ကြားစေ့ရေးက ဖြစ်လာမယ်ပုံ မပေါ်သေး။ ၂၀၀၂ ခုနှစ်ကတည်းက တရုတ် - တိဘက် စကားဝိုင်းများ မအောင်မမြင် ဖြစ်နေခဲ့သည်။

နယူးယော့ခ်၊ ကိုလံဘီယာ တက္ကသိုလ်မှ တိဘက်ရေးရာ ကျွမ်းကျင်သူ ရောဘတ် ဘားနတ် ရဲ့ အမြင်ကတော့ တိဘက် ၀န်ကြီးချုပ်သစ် အပေါ် တရုတ်ငြင်း ပယ်တာ အသစ်အဆန်း မဟုတ်ဟု ဆိုသည်။ ဘယ်တုန်း ကမှလည်း အဝေး ရောက် အစိုးရနဲ့ အဆင်မပြေခဲ့ဟု ပြော သည်။ တိဘက်အစိုးရ ဘက်က စကား ပြောမယ့် ဘယ်ကိုယ်စားလှယ် ဖြစ်ဖြစ် ဒလိုင်းလားမား ရဲ့လူ ဖြစ်နေတယ်လို့ တရုတ်က ယူဆထားခြင်း ကြောင့် ဟု ပြောသည်။

ပြီးခဲ့တဲ့လမှာ တိဘက် အဝေးရောက် ပါလီမန်က အခြေခံဥပဒေသစ်ကို ဆွေးနွေးခဲ့ကြပြီး၊ ဒလိုင်းလားမားကိုလည်း နိုင်ငံရေးမှ အနားယူလင့်ကစား၊ တိဘက်လူထု အတွက် ကိုယ်စားပြု ပြောဆိုပေးဖို့၊ ကမ္ဘာ့အနှံရှိ တိဘက်တွေရဲ့အကျိုးစီးပွားကို ထမ်းဆောင်ပေးဖို့ တောင်းဆိုကြသည်။ ဆိုလိုတာက နိုင်ငံရေးက နားတယ်ဆိုပေမဲ့ လားမားကြီးက နောက်ကွယ် မှ ပါဝင်နေဦးမည့် သဘောပင်။

ဒလိုင်းလားမားက တရုတ်အစိုးရ သဘောထားပြောင်းလဲစေဖို့အတွက် အဝေးရောက် အစိုးရအဖွဲ့ မြင်ကွင်းကနေ ဝေးဝေးမှာနေပြဖို့ မတ်လတွင် နှုတ်ထွက်ခဲ့သည်။ ယခင်က တောင်းဆိုခဲ့တဲ့ တိဘက်ဒေသ လုံးဝလွတ်လပ်ရေးကို စွန့်လွှတ်ပြီး၊ တရုတ်အချုပ် အခြာအောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့် ရဖို့သာ ထောက်ခံထားသည်။ သို့သော် တရုတ်အစိုးရက လားမားကြီး ဗျူဟာပေါင်းစုံနဲ့ ပလေးနေတယ်ဟု ယူဆ သည်။

တရုတ်အစိုးရက ဒလိုင်းလားမား မြန်မြန် ပျံလွန်တော်မူစေချင်သည်။ နိုင်ငံတကာ ၀င်ဆန့်ပေါက်ရောက်တဲ့ စူပါခေါင်းဆောင် မရှိတော့ရင် တိဘက်တွေရဲ့တောင်းဆိုသံတွေ လျော့ကျသွားမည်ဟု တွက်ထားသည်။ သို့သော် အသက် ၇၅ နှစ်ရှိ လားမားက ဒေါင်ဒေါင် မြည်ပင်။

မကြာခင်က အမေရိက ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ဒလိုင်းလားမား က သူ့ကို ဆက်ခံမယ့် လားမား အသစ် ရှာဖို့ တိဘက်လူထုအတွက် နီးစပ်နေပြီဟု ပြောဆို ခဲ့တဲ့အတွက် အားလုံး စိတ်ဝင်စားစရာလည်း ဖြစ်နေသည်။ တိဘက် ဗုဒ္ဓဘာသာ ကျောင်းများ အားလုံး ပါဝင်တဲ့ (၁၅) ပါးမြောက် လားမားကိုယ်တော် အဖြစ် သူပြန်ဝင်စား ဖို့အတွက် ရှာဖွေဆောင်ရွက်မှုတွေ စီစဉ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုလိုတာက တိဘက် ကျောင်းထောင်ပေါင်းများစွာအတွင်း မကြုံဘူးအောင် ညီညွတ်မှုတွေ ရှိနေပြီ။ နောက်ပြန်ဝင်စားမယ့် ဒလိုင်းလားမားအတွက် တရုတ်ပြည်တွင်း တိဘက်များနဲ့ ပြည်ပရောက် တိဘက်များ အကြား ညှိနှိုင်းဆွေးနွေးမှုတွေလည်း ရှိနေတဲ့သဘော။ နောက် လားမား အသစ်ကို တရုတ်အစိုးရ လက်ခံနိုင်သူ ဖြစ်လာမလားဆိုတာ တွက်ချက်မှုတွေ ရှိနေပြီ။

ယခု နှစ် ၆၀ ပြည့်နေ့တွင် တိဘက်အတွက် အချက် ၁၇ ချက်ပါ ကြေငြာချက်ကို တရုတ်အစိုးရ ထုတ်ပြန်ခဲ့သည်။ အဓိက အချက်က တိဘက်ဒေသအပေါ် တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို နောက်လာမယ့် လားမား အသစ်က သဘောတူ လက်ခံ ဖို့ဖြစ်သည်။ တိဘက်တို့ ပေါက်ကွဲနိုင်မှု ရှိပေမဲ့ နှစ်ဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ထားကြသည်။

၁၉၅၁ ခုနှစ်အထိ တိဘက် နိုင်ငံရေးစနစ်မှာ ပဒေသရာဇ် ဗုဒ္ဓသီအိုခရေစီ (feudal theocracy) ပုံစံ ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကွန်မြူအစိုးရရဲ့ရက်ရက်စက်စက် ဖြိုခွင်း နှိပ်ကွပ်မှုကြောင့် ဒလိုင်းလားမား နဲ့အတူ နောက်လိုက် ၈၀,၀၀၀ ကျော်တို့ ပြည်ပြေး ဖြစ်ခဲ့ရသည်။

ယခု ပြည်ပတွင် တိဘက် ပါလီမန် ဒီမိုကရေစီ စနစ်ပုံစံ ကျင့်သုံးနေကြသည်။ သို့သော် တရုတ်က အဝေးရောက် အစိုးရနှင့် ဟားဗတ် တက္ကသိုလ်ဆင်း ၀န်ကြီးချုပ်အသစ်ကို လုံးဝ အသိအမှတ်မပြုနိုင် ဖြစ်နေသေးသည်။

Ref;Maukkha

Read More...

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုများ အလျင်မပြတ် လှုပ်ရှားနေ

2011-05-22

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ရန်ကုန် တောင်ဒဂုံမြို့နယ် အောင်ဘောဂ စေတီမှာ အင်္ဂါ ဝတ်ပြုဆုတောင်း အဖွဲ့က ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပါဝင်သူ အယောက် ၃ဝ လောက် ရှိပြီး သူတို့ ဆုတောင်းနေချိန်မှာ အာဏာပိုင် တွေက ဝိုင်းထားပြီး စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က ဦးသိန်း အောင်က အခုလိုပြောပါတယ်။

“အင်္ဂါမိသားစုက ဦးဆောင်ပြီး အောင်ဘောဂ စေတီမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင် ကျော် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်တယ်။ မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးက မာဇဒါဂျစ်နဲ့ လာပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ (၃)၊ နောက် ပြည်သူ့ စွမ်းအားရှင်လည်း ပါတယ်။ သူတို့ အင်အား ၃ ရာလောက်က ဘုရားပတ်လည်မှာ ဝိုင်းထားတယ်”

ထောက်လှမ်းရေးတွေက ဝတ်ပြု ဆုတောင်းသူတွေကို ဓာတ်ပုံရိုက်ကြတယ်လို့ ဦးသိန်း အောင်က ပြောပါတယ်။

အင်္ဂါ ဝတ်ပြုဆုတောင်းပွဲ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့ နှစ်တွေတုန်းက ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကို အပတ်စဉ် ပြုလုပ်ခဲ့ကြတာပါ။ အခုလည်း အဲဒီ အဖွဲ့ဝင်တွေကပဲ ဆက်လက် လှုပ်ရှားကြတာလို့ သိရပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅ဝ ပတ်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလွတ်ငြိမ်း ချမ်းသာခွင့်ကို ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့ အသီးသီးက ပြစ်တင် ဝေဖန် နေကြပါတယ်။

Ref;RFA

Read More...

ခေါင်းငုံမခံတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်လည်ရရှိ

2011-05-22

စက်မှုဇုံ ထူထောင်ဖို့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီ က မတန်တဆ ဈေးနှိမ်ပြီး ဝယ် ယူတာကို မရောင်းဘဲ တင်းခံနေတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်ရပြီလို့ စုံစမ်း သိရပါတယ်။

ဒါ့အပြင် ဇေကမ္ဘာ ကုမ္ပဏီက ပေးတဲ့ လျော်ကြေးယူထားတဲ့ လယ်မြေဧက ၈ဝဝ ကျော် ထဲက လယ်သမားတွေ နာမည် ပေါက်တဲ့ လယ်ယာမြေတွေကိုလည်း လယ်သမား တွေရဲ့နာမည်နဲ့ပဲ သီးစား ပြန်တင်ခိုင်းတယ်လို့ သိရပါတယ်။

ပေါင်းကူကျေးရွာနဲ့ ဘားလားကျေးရွာ အကြားက လယ်မြေတွေမှာ လုပ်ကိုင်နေတဲ့ လယ်သမားတွေကို တဧက ငွေ ၃ သိန်း၊ နွေစပါးစိုက်တဲ့ လူတွေကို ငွေ ၄ သိန်း ပေးပြီး ဝယ်ယူတဲ့ သတင်းကို အာအက်ဖ်အေက မတ်လ က ထုတ်လွှင့်ခဲ့ပြီး မေလ မှာတော့ ဒီ လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေးခဲ့တဲ့အပြင် လယ် သမား ၆၄ ယောက်ကို ခေါ်ယူ စစ်ဆေးတာကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။

ဒီနောက် မေလ ဆန်းပိုင်းမှာ လယ်သမားတွေကို လယ်စိုက်ခွင့် ပြန်ပေးလိုက်တဲ့အတွက် တချို့လယ်သမားတွေ စတင် ထွန်ယက်နေကြပြီလို့ သိရပါတယ်။

လယ်သမား ၁၂ဝ လောက် ထွန်ယက် လုပ်ကိုင်နေတဲ့ လယ်ဧက တထောင်ကျော်ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူပြီး စက်မှုဇုံအဖြစ် အကောင်အထည် ဖော်ရာမှာ မတန်တဆ ဈေးပေးပြီး ဝယ်ယူတာကို လယ်သမား ၁ဝ ယောက် လောက်ကသာ လက်မခံဘဲ တင်း ခံခဲ့တာပါ။ အများစုကတော့ အရှိန်အဝါကို ကြောက်လို့ လျော်ကြေး ယူလိုက်ရပေမယ့် ကိုယ့်လယ်မှာ ကိုယ် ထွန်ယက် စိုက်ပျိုးချင်ကြတဲ့အကြောင်း လယ်သမားတွေက ပြောပါ တယ်။

ဇေကမ္ဘာ ကုမ္ပဏီဟာ စက်မှုဇုံ ထူထောင်ဖို့အတွက် လျှပ်စစ်မီးတိုင်တွေ ထူပြီး လမ်းတွေ ခင်းနေပါတယ်။ လယ်သမားတွေက တိုင်ကြားလို့ သက်ဆိုင်ရာက စစ်ဆေးချိန်အထိ မီးတိုင်တွေ ဆက်ထူ၊ လမ်းတွေ ဆက်ခင်း နေပေမယ့် ခုတော့ ဒီလုပ်ငန်းတွေ ရပ်သွားပြီလို့ သိရပါတယ်။

Ref;RFA

Read More...

Sunday, May 22, 2011

လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ အကျဉ်းသားမိသားစုတွေ တောင်းဆို

2011-05-22

သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့တဲ့အတွက် ပြည်တွင်းပြည်ပမှာ ဝေန်ပြောဆိုတာတွေ ရှိနေသလို မကြာခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းကျဆဲ အကျဉ်းသားတွေရဲ့ မိသားစု တွေ ကပါ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ တောင်းဆို နေကြပါတယ်။

ပခုက္ကူအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကျင်လှိုင်က နိုင်ငံရေးအကျဉ်းသား အများစုဟာ နှစ်ကြီးသမားတွေ ဖြစ်လို့ မိသားစုလိုက် ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အများကြီး စိတ်မကောင်း ဖြစ်ရ တယ်လို့ ပြောပါတယ်။

အလားတူပဲ လက်ရှိ ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးဟာ အပြစ်မရှိဘဲ အကျဉ်းကျနေကြတာ ဖြစ်ကြောင်း၊ မိသားစုတွေရဲ့သောကကို ကိုယ်ချင်း စာကြည့် စေလိုကြောင်း၊ ရမည်းသင်းထောင်မှာ ထောင်ဒဏ်ကျနေတဲ့ ကိုနေဇာမျိုးဝင်း ရဲ့မိခင် ဒေါ်လှလှဝင်း က ပြောပါတယ်။

“အကုန်လုံး လွှတ်ပေးမယ်လို့ ထင်တာပေါ့နော်။ စစ်အစိုးရလက်ထက်မှာလည်း အဲဒီလိုမျိုး ရှိခဲ့တာ ဆိုတော့၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အကုန်လုံးကို လွှတ်လိမ့်မယ်လို့ အဲဒီလို တွေးထားတာ။ ရွေးကောက်ပွဲ ပြီးကတည်းက နိုင်ငံရေးသမားတွေနဲ့ အကျဉ်း ကျတွေ အားလုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ခုလိုမျိုး လွတ်ငြိမ်းချမ်းသာ ခွင့်က တနှစ်ပဲ ပေးတယ်ဆိုတော့ ကိုယ့်သားသမီးတွေနဲ့ နှစ်ကြီးသမား တွေ ပါမလာတဲ့အတွက် အရမ်းကို စိတ်မကောင်း ဖြစ်ကြတယ်။ မျှော်လင့်ပါတယ် အခုပေါ့နော်။ ကိုယ်လည်းပဲ ကိုယ့်သားလေးကို လွတ်စေချင်တယ်၊ အကုန်လုံးကို လည်း လွှတ်ပါလို့ ပြောချင်ပါတယ်၊ တောင်းဆိုချင်ပါတယ်”

အလားတူပဲ အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ NLD လူငယ် ကိုညီညီ အောင်ကလည်း ထောင်ထဲမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ၊ မလွတ်သေးတဲ့ သူတွေအတွက် ဆက်ပြီး နိုင်ငံရေးကို လုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။

Ref;RFA

Read More...

သမ္မတ ဦးသိန်းစိန် အပြောနဲ့အလုပ် မကိုက်ညီဟု UNA ဝေဖန်

မသင်းသီရိ
22 မေ 2011

နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် ထည့်သွင်း စဉ်းစားထားတာ မရှိတဲ့ မြန်မာအစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ သမ္မတ ဦးသိန်းစိန် ပထမဆုံး နိုင်ငံတော်ကို ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ လွဲနေတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့(UNA) က ဝေဖန် ထောက်ပြလိုက်ပါတယ်။ ဒါကြောင့် လွတ်ငြိမ်း ချမ်း သာခွင့် ဆိုတဲ့ စကားရပ်နဲ့ ညီအောင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် ပြန်စဉ်းစားစေလိုတဲ့ စာကိုလည်း သမ္မတ ဦးသိန်းစိန်ဆီကို ပေးပို့ထားပါတယ်။ အပြည့် အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၁၆ ရက်နေ့က သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာဟာ စကားရပ်နဲ့ လွဲနေပြီး ပြစ်ဒဏ်လျှော့ပေးမှုသာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ဝေဖန် ထောက်ပြနေကြတာပါ။ မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့အညီ နိုင်ငံတော်ကို ထူထောင်မယ်လို့ မတ်လ ၃၀ ရက်နေ့က သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုအပြီး ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ ကတိစကားတွေနဲ့ အခု လုပ်ဆောင်ချက်တွေဟာ လွဲချော် နေတယ်လို့ UNA ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့က ထောက်ပြပါတယ်။

နိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ နိုင်ငံရေး အကျဉ်း သားအားလုံး ချွင်းချက်မရှိ လွတ်လာဖို့က အဓိကကျတဲ့ အချက်ထဲမှာ ပါတယ်လို့ UNA အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

“နိုင်ငံတော် သမ္မတ ပထမမိန့်ခွန်းထဲမှာ Good Governance တို့၊ Clean Government တို့ပြောတာ အဲဒီဥစ္စာတွေနဲ့ ကွာဟမှု ဖြစ်နေတယ်။ ကျနော်တို့ မျှော် လင့်တဲ့အတိုင်း မဟုတ်ဘူး။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား လိုအပ်တဲ့ အတိုင်း ဖြစ်မလာတော့ အဲဒါ ပြန်လည် စဉ်းစားပေးပါ။ ပြည်သူလူထု တောင်းဆိုတဲ့ အတိုင်း ဒီဥစ္စာကို တကယ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပီပီသသဖြစ်အောင် ပြန်ပြီးတော့ စဉ်းစား ပြီးတော့ လုပ်သင့် တဲ့အကြောင်း၊ တကယ်လို့များ လက်မခံဘူးဆိုရင် ကျနော်တို့ တည် ဆောက်လိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ် ရေးကို တော်တော်လေး အလှမ်း ဝေးတဲ့သဘော ဖြစ်သွားမှာပေါ့လေ။ အဲဒါကို ကျနော်တို့ Statement ထုတ်ပါ တယ်။”

နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို သုံးသပ်ရင်း အားလုံး တောင်းဆိုနေတဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ဆိုတာ ပြန်လည်စဉ်းစားဖို့ ဒီ UNA အဖွဲ့က သမ္မတ ဦးသိန်းစိန်ဆီကို ပြီးခဲ့တဲ့ မေလ ၂၀ ရက် သောကြာနေ့က စာပို့ထားပါတယ်။ UNA အဖွဲ့ဟာ ရှမ်း၊ ကချင်၊ မွန်၊ ဇိုမီး နဲ့အတူ ကရင်တိုင်းရင်းသား အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား အဖွဲ့တခု လည်း ဖြစ်ပါတယ်။

မြန်မာ နှစ်ဆန်းတရက်နေ့က စလို့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ လူထုအခြေပြု လူမှုကွန်ရက်တွေကနေ အစပြုခဲ့တဲ့ ဒီလှုပ်ရှားမှုအတွင်းမှာ NLD လို ပါတီကြီးတွေအပြင် လူမှုရေးအဖွဲ့တွေ၊ တခါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် တိုင်းနဲ့ ပြည်နယ်တွေကပါ ပူးပေါင်းပါဝင်ပြီး သမ္မတဆီကို တောင်း ဆို ဆန္ဒပြုတဲ့ လက်မှတ်တွေ ပေးပို့နေတာပါ။

မကြာသေးခင်က မြန်မာနိုင်ငံကို လာသွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကရော၊ တခါ အမေရိကန် နိုင်ငံခြားရေးဌာနက ဒု-လက်ထောက် ၀န်ကြီး ဂျိုးဇက်ယွန်း (Joseph Yun) တို့ကပါ အစိုးရကို တိုက်တွန်းချက်တွေထဲ နိုင်ငံရေး အကျဉ်းသား လွှတ် ပေးဖို့ကိစ္စ အဓိက ပါပါတယ်။

အထူးသဖြင့်တော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတဲ့ မြန်မာအစိုးရ အနေနဲ့ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ရှိကြောင်း သက်သေပြနိုင်ဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးတာဟာ အခြေ ခံကျတဲ့ အချက်ထဲမှာ ပါတယ်လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူထဲက တဦးဖြစ်တဲ့ ကိုဖြိုးမင်း သိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတရပ် ဖြစ်ဖို့ဆိုရင် ဟန်ပြ ဆောင်ရွက်နေလို့ မရပါဘူး။ အဲဒီ ဟန်ပြ ဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ပြဿနာရပ်တွေကို မပြေ လည်နိုင်ပါဘူး။ အဲဒီ ပြည်တွင်းရေး ပြဿနာတွေ မပြေလည်မချင်း မြန်မာနိုင်ငံ အတွင်း မှာ တည်ငြိမ်မှုတွေ မရနိုင်သလို ဒေသတွင်း လုံခြုံမှုကလည်း မဖြစ်နိုင်ပါဘူး။

“ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ရုပ်ပြ ဆောင်ရွက်နေမှုတွေကို နိုင်ငံတကာက ဆက်ပြီး တကယ် စစ်မှန်တဲ့ ဖြစ်ပေါ်မှုတွေ ဖြစ်ဖို့အတွက် တောင်းဆိုသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ရှေ့ဆက်သွားမယ့် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်မှာ အခု မြန်မာအစိုးရက အပေါင်းလက္ခဏာဆောင်တဲ့ သဘော မဟုတ်ဘူးလို့ ကျနော်တို့ကတော့ သုံးသပ်မိပါတယ်။ ဒါကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်မှုမျိုးတွေ ဖြစ်လာ ဖို့အတွက် ကျနော်တို့ ဆက်လက် ဖိအားပေး ဆောင်ရွက်သွားမှာပါ။”

ဒီလှုပ်ရှားမှုကို နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတဲ့အထိ ဆက်လက် အရှိန်မြှင့် လှုပ်ရှား သွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ မြန်မာအစိုးရက နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုနဲ့ လက်ခံမှုရအောင် ကြိုးစားချင်တဲ့အထဲ အခုလို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးတယ်ဆိုတဲ့ ခြေလှမ်းတွေနဲ့ စတင်သင့်တယ်လို့လည်း ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Ref;VOA

Read More...

အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်သားများ ဆန္ဒပြ


ဇာနည်မာန်
21 May 2011

ရန်ကုန် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်သားများက အကျဉ်းသား ရပိုင်ခွင့် များအတွက် ယနေ့နံနက် ၉ နာရီမှစ၍ ဆန္ဒပြ နေကြောင်း သတင်းရရှိသည်။

“အဆောင် ၂၊ ၃၊ ၄ နဲ့ ၅ က နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်က အချက် ၆ ချက်ကို ထောင်ပိုင်ကနေတဆင့် စာတင်ပြီး အခန်းထဲကနေ အပြင်မထွက်ဘူးဆိုပြီး ဆန္ဒပြ နေကြတာ။ မလိုက်လျောရင် နက်ဖြန် နေ့လယ်က စပြီး ၁၇ ယောက်က အစာ ငတ်ခံ မယ်တဲ့”ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

အမျိုးသားဆောင်များမှ ဆရာတော် ဦးဝိသုဒ္ဓ၊ ဦးရေ၀တ၊ ဦးဝိသာလ၊ ကိုဇော်ထွန်းနိုင်၊ ကိုကိုအောင်၊ ကိုအောင်နိုင်၊ စောနိုင်၊ စောအယ်လ်ထူး၊ စောနိုဝယ်တို့ အပါအ၀င် ၂၂ ဦးတို့က အင်းစိန်ထောင်တွင်း စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်း မှုများကြောင့် အကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

ထောင်မှကျွေးသော အစားအစာများကို သတ်မှတ်ချက်အတိုင်း ပြည့်ပြည့်စုံစုံ ကျွေးမွေးရန်၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ချုပ်လုပ် ထားသော အ၀တ်အစား၊ စောင်၊ အိပ်ရာခင်းများကို ၆ လတကြိမ် အသစ်လဲလှယ်ပေးရန်၊ အခန်းကျဉ်းတွင်း သတ်မှတ် လူဦးရေထက် ပိုထား ခြင်းမပြုဘဲ နေရာလုံလောက်စွာပေး၍ ကြွက်၊ ခြင်၊ ယင် စသည့် ပိုးမွှားများကို ရှင်းလင်း ပေးရန်၊ အခြား သော အကျဉ်းသားများနည်းတူ လျှော့ရက်ခံစားခွင့်နှင့် စာရေးစာဖတ် ခွင့်ပေးရန်၊ ထောင်ဝင်စာတွေ့ရာတွင် ခြိမ်းခြောက်မှုမရှိဘဲ လွတ်လပ်စွာတွေ့ခွင့်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို အခြားအကျဉ်းသားများနှင့်ခွဲ၍ သီးသန့်ထားပေးရန် စသည် တို့ကို ထောင်ပိုင်မှတဆင့် အကျဉ်းဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ထံသို့ စာတင် တောင်းဆိုကြခြင်းဖြစ်သည်။

ထို့အတူ အမျိုးသမီးဆောင်မှ နိုင်ငံရေးအကျဉ်းသူများကလည်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အပေါ် မကျေနပ်၍ အစာငတ်ခံ ဆန္ဒပြနေကြကြောင်း ထောင်ဝင်စာတွေ့သူ အကျဉ်းသား မိသားစုဝင် တဦးက ပြောပြသည်။

“အမျိုးသမီးဆောင် အဆောင် ၇ က မသန္တာ၊ ဒေါ်ရင်ကြည် စတဲ့ နိုင်ငံရေး အကျဉ်း သူတွေနဲ့ နှစ်ကြီးသမားတချို့ ပါတဲ့၇ယောက်။အစာငတ်ခံဆန္ဒပြနေတာ၃ရက်လောက်ရှိပြီ။အခြေအနေဘယ်လိုရှိမှန်းလဲမသိရဘူး။ထောင်အာဏာပိုင်တွေဘက်ကလည်း ဘာမှ တုံ့ပြန်မှု မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အင်းစိန်ထောင်သို့ ဧရာဝတီမှဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာပြန်လည်ဖြေဆိုခြင်းမရှိပေ။

ပြီးခဲ့သည် မေလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးထောင်ရှိ ဆရာတော် ဦးဂမ္ဘီရ၊ ဦးညီပုတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများက ဆုံးရှုံးနေသော အကျဉ်း ထောင်တွင်း အခြေခံရပိုင်ခွင့်များပေးရန် အစိုးရသစ်ထံ စာများပေးပို့တောင်း ဆိုခဲ့ပြီး တောင်းဆိုချက်များမရပါက အစာငတ်ခံဆန္ဒပြမည်ဖြစ်ကြောင်း ထောင်ဝင်စာတွေ့သော မိသားစု များထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်သည့်စာရင်း များအရ အင်းစိန်ထောင်တွင် နိုင်ငံ ရေးအကျဉ်းသား ၄၀၀ ကျော် ရှိနေပြီး မြန်မာတနိုင်ငံလုံး တွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၀၀ ကျော် ရှိနေဆဲဖြစ်သည် ဟု သိရသည်။

မေလ ၁၆ ရက်နေ့ ညနေပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ကြေညာ သွားခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ အကျဉ်း ထောင်အသီးသီးရှိ သေဒဏ်ကျ အကျဉ်းသားများသည်တသက်တကျွန်းပြစ်ဒဏ်သို့ပြောင်းလဲလျှော့ပေါ့ပေးခဲ့ပြီးကျန်အကျဉ်းသားအားလုံးအတွက် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန် ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ပေးခဲ့သည်။

ယင်း အမိန့်အရ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားပေါင်း ၁၇၀၀၀ ၀န်းကျင် လွတ်မြောက်လာကြ သော် လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှုမှာ ယခုအထိ ရရှိထားသောစာရင်းများအရ ဟစ်ဟော့ပ် အနုပညာရှင် ဇေယျာသော်၊

လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အင်္ဂါနေ့တိုင်းဆုတောင်းလှုပ်ရှားသူ ဒေါ်နော်အုံးလှ အပါ အ၀င် ၅၀ ခန့်သာ ပါဝင် သေးသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၀.၂၉ သာရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။

Ref;Irrawaddy

Read More...

ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား

ဟိန်းသူ
21 May 2011

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ခေါင်တိုင်ရွာမှ ကိုင်းခြံမြေများ အသိမ်းခံခဲ့ရသည့် ရွာသားများက ၎င်းတို့ ကိုင်းမြေများ ပြန်လည်ရရှိရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားကြောင်း သိရသည်။

ခေါင်တိုင်ရွာသား ၅၀ ခန့်ထံမှ ဟူပင် ဟိုတယ်က၂၀၀၇ ခုနှစ်တွင် ကိုင်းခြံမြေဧက ၁၈ ဧကခန့်ကို သိမ်းဆည်းခဲ့ခြင်းနှင့်ပတ်သက်ပြီး မြေပိုင်ရှင် ခေါင်တိုင်ရွာသား ၁၄ ဦး လက်မှတ်ထိုးကာ မေလ ၁၇ ရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ခဲ့ခြင်းဖြစ် သည်ဟု ယင်း အမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင် ဆိုသူက ပြော သည်။

ထိုတိုင်ကြားစာကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ် ၀န်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) စသည်တို့ အပြင် စုစုပေါင်း ၁၈ ဌာသို့ မိတ္တူ ပေးပို့ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်နယ် အာဏာပိုင်များထံ သွားရောက် တိုင်တန်းသည့်နေ့တွင် အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဦးဆောင် တိုင် တန်းသူတချို့နှင့် လိုက်လံ ဆောင်ရွက်ပေးနေသူ များအား လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

“အင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ကျနော်တို့ကို တွေ့ခွင့်ပေးတယ်။ ဟိုတယ်လုပ်ငန်းရှင်နဲ့ ညှိနှိုင်းပေးပါ့မယ်လို့ ကတိ တော့ ပေးသွားပါတယ်။ ဘယ်တော့ ညှိနှိုင်းပေးပါ့မယ်ဆိုတဲ့ ရက်ချိန်းကိုတော့ မပေးပါဘူး။ ဘယ်လို ညှိနှိုင်းပေးမယ်လို့လဲ ပြော မသွားဘူး”ဟု ကိုချစ်ဦးမောင်က ပြောပြသည်။

ဟူပင် ဟိုတယ်မှာ၂၀၀၇ ခုနှစ်ကတည်းက ယင်းကိုင်းခြံမြေများကို သိမ်းဆည်းထား သော်လည်း ထိုအချိန်က မည်သည့်နေရာ တိုင် ကြားရမည်ကို မသိဘဲဖြစ်ခဲ့ရသည့် အတွက် ယခုအချိန်မှ တိုင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ရွာသား ၅၀ အနက် ကိုင်းခြံမြေအတွက် နှစ်စဉ် အခွန်အခပြေစာများ လက်ဝယ် ရှိသူတချို့က ဦးဆောင် စုပေါင်းကာ တိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြေတိုင်းဦးစီးဌာန နှင့် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ ညောင်ရွှေမြို့၌ စိုက်ပျိုး လုပ်ကိုင်နေသော ကိုင်းခြံမြေများကို တရားဝင် အမည်ပေါက် လုပ်ကိုင်နိုင်ရန် ၁၉၉၄ ခုနှစ်ကတည်းက ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုဒေသ၌ မြေတဧကလျှင် ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့် ပေါက်ဈေး ရှိနေကြောင်း ကိုချစ်ဦးမောင်ကပြောသည်။

သို့သော် ကိုင်းခြံမြေများ ပြန်လည်စိုက်ပျိုးခွင့်ရရှိရန်အတွက်သာ အဓိက မျှော်လင့်ချက် ထားကြောင်း မြေသိမ်းခံရသည့် ရွာသား တဦးက ပြောပြသည်။

“အရင်တုန်းက အာလူးစိုက်တာပါ။ ကိုင်းမြေ အသိမ်းခံလိုက်ရပြီးတဲ့ နောက်ပိုင်း မရပ် တည်နိုင်တော့လို့ ကျနော့်သမီး ကျောင်းထွက် လိုက်ရတယ်။ အဲဒီအချိန်က ၈ တန်း ကျောင်းသူပါ”ဟု ၎င်းက ဆိုသည်။

ကိုင်းခြံမြေများ အသိမ်းခံလိုက်ရသည့် ရွာသားများမှာ နောက်ပိုင်းတွင် အခြားမြေပိုင် ရှင်များထံသို့ သွားရောက်ကာ အလုပ်လုပ်ကြ ရကြောင်း သိရသည်။

ယခု ကိုင်းခြံမြေသိမ်းမှုနှင့် ပတ်သက်၍ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်ဆီ ဆက်သွယ်ရာ ရုံးဝန်ထမ်းမှ ခရီးထွက်နေ ကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး ဟူပင် ဟိုတယ်သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ဟူပင် ဟိုတယ် သည် အင်းလေး ခေါင်တိုင် အပြင် ညောင်ရွှေမြို့ပေါ်တွင်လည်း ဆောက် လုပ်ထားပြီး ပိုင်ရှင်မှာ ယခင် နအဖခေတ် စစ်ဗိုလ်ချုပ်များ နှင့် ပတ်သက်သည့် တရုတ် လူမျိုးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

Ref;Irrawaddy

Read More...

အပေါ်သို့