18 ဇူလိုင် 2011
The News of The World သတင်းစာက ဖုန်းခိုးနားထောင် သတင်းယူတဲ့ အကြောင်းကို ပထမဆုံး ထုတ်ဖော် ပြောကြားခဲ့တဲ့ ဗြိတိသျှ သတင်းထောက် ရှောင် ဟိုရီး (Sean Hoare) သေဆုံးသွားပြီဖြစ်ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က အတည်ပြု ပြောကြား ခဲ့တာကို ဗြိတိသျှ Press Association သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။
ဖုန်းခိုးနားထောင်မှုဟာ အခု ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်း (David Cameron) ရဲ့ လူမှုဆက်သွယ်ရေးဌာန အကြီးအကဲ အန်ဒီ ကာလ်ဆဲန် (Andy Coulson) အယ်ဒီတာအဖြစ် တာဝန်ယူခဲ့စဉ်က အများဆုံး ဖြစ်ခဲ့တာလို့ သတင်းထောက် ဟိုရီးရဲ့ ပြောပြ ချက်တွေကို ကိုးကားပြီး The New York Times သတင်းစာမှာ ဖော်ပြခဲ့တာပါ။
အခု ကာလ်ဆဲန်နဲ့ တခြား အယ်ဒီတာဟောင်း တဦးဖြစ်တဲ့ ရီဘက်ကာ ဘရုခ်စ် (Rebekah Brooks) တို့ကို ဖုန်းခိုးနားထောင်မှု၊ ရဲတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်မှုတွေနဲ့ ဖမ်းဆီးထားလိုက်ပါပြီ။
လန်ဒန်ရဲမင်းကြီး ပေါလ် စတက်ဖန်စန် (Paul Stephenson) နဲ့ သူ့ရဲ့လက်ထောက် ဂျွန် ယိတ်စ် (John Yates) တို့လည်း ဒီအမှုကြောင့် ရာထူးက နှုတ်ထွက်ပေးခဲ့ကြရပါတယ်။
သတင်း ကော်ပိုရေးရှင်းပိုင်ရှင် ရုပါ့တ် မားဒေါ့ခ်ျ (Rupert Murdoch)၊ သူ့ရဲ့ သားဖြစ်သူနဲ့ ဘရုခ်စ်တို့ဟာ ဒီအမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ဗြိတိသျှ ပါလီမန်မှာ လာရောက် စစ်ဆေးခံရဖို့ ရှိပါတယ်။
သတင်းထောက်တွေဟာ နာမည်ထင်ရှား လူသိများသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြိုင်ဘက် သတင်းထောက်တွေ၊ အသတ်ခံရသူ တွေရဲ့ ထောင်ချီတဲ့ ဆဲလ်ဖုန်းတွေက အသံနဲ့ ဆက်သွယ် ပြောကြားချက်တွေကို တရားမ၀င် ခိုးယူနားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးတဲ့နောက် တပတ်အကြာမှာ တနင်္ဂနွေနေ့ထုတ် the News Of The World သတင်းစာကို ပြီးခဲ့တဲ့ သီတင်းပတ်က ပိတ်ခဲ့ရပါတယ်။
Ref: ဗွီအိုအေ
Tuesday, July 19, 2011
ဖုန်းခိုးနားထောင်မှု စတင်ဖော်ထုတ်သူ သေဆုံး
အာဇာနည်နေ့အကြောင်း သိသူနည်းပါး
18 ဇူလိုင် 2011
မစုမြတ်မွန်
ဒီကနေ့ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတာ ၆၄ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တုန်းက ဝန်ကြီးများရုံးမှာ လွတ်လပ်ရေးအတွက် တိုင်ပင် ဆွေးနွေးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင် အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေနဲ့အတူ သက်တော်စောင့် ရဲဘော် ကိုထွေးတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတဲ့ အဖြစ်ဟာ သမိုင်းမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ ဒီအဖြစ်ကို ဒီနေ့ လူငယ်တွေကြား သိပ်မသိကြတော့ဘူးလို့ ပြောတဲ့သူကတော့ ကျဆုံး အာဇာနည် ဦးရာဇတ်ရဲ့ မြေးဖြစ်သူ ဒေါ်ညိုမီရာဇတ် ဖြစ်ပါတယ်။ ဒါဟာ နောက်ပိုင်း မြန်မာအစိုးရတွေက အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အလေးအနက် မထားတော့တဲ့ အတွက်ကြောင့်ပါလား။
“အရင်ခေတ်တုန်းက ဥသြဆွဲကြတယ်၊ နောက် အလံကို တ၀က်ထူတယ်၊ အဲဒါမျိုးအတွက်လည်း လှုံ့ဆော်ခဲ့ကြတာပေါ့။ အခုကျတော့ အလံထူတာလည်း သိပ်မရှိတော့ဘူး၊ ဥသြဆွဲသံလည်း မရှိတော့ဘူး။ အဲဒီအခါကျတော့ အဲဒါတွေကို စိတ်မကောင်းဘူးပေါ့။ တိုင်းပြည် လွတ်လပ်ရေးရဖို့ အကုန်လုံး လုပ်လာခဲ့တယ်။ ဒီဥစ္စာတွေကို အခုခေတ် လူတွေဆိုရင် ပိုပြီးတော့ မသိကြတော့ဘူး၊ အာဇာနည်နေ့ဆိုတာ။ ရုံးမှာလည်း ကလေးတွေကို မေးကြည့်တယ်၊ သူတို့တွေက သိပ်မသိကြဘူး။ အာဇာနည်ကုန်း ရှိတယ်ဆိုတာလည်း သူတို့ သိပ်မသိဘူး။ အဲဒီ ၉ ဦး ရှိတယ်လို့ သိတဲ့သူကလည်း ၉ ဦးဟာ ဘယ်သူလဲလို့ မသိတော့ဘူး။”
အခုလိုဖြစ်ရတာဟာ မြန်မာ့သမိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲ၊ လွတ်လပ်ရေးအတွက် ဘယ်သူတွေက ဘယ်လောက် စွန့်လွှတ်ပြီး ကြိုးစားခဲ့ကြသလဲ ဆိုတာကို စိတ်မဝင်စားကြတော့လို့ပါလား။ ဦးရာဇတ်ရဲ့သား ဦးလှကြည်ကတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။
“စိတ်ဝင်စားတယ်၊ စိတ်မ၀င်စားတာ မဟုတ်ဘူး၊ လူတန်းစား အဆင့်ဆင့်ပေါ့၊ လူလတ်တွေ၊ လူငယ်တွေ၊ လူကြီးတွေ။ တချို့ မသိဘူးဆိုတဲ့ ကျောင်းသားလေးတွေပေါ့။ အဲဒီ ကျောင်းသားလေးတွေကအစ အာဇာနည်နေ့ဆိုတာ သူတို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ သိပ်တော့ မသိကြတော့ဘူး။ အာဇာနည် ဘယ်နှစ်ဦး ကျဆုံးသွားလဲဆိုတာ သူတို့ မသိကြတော့ဘူး။ အာဇာနည်ကြီး တွေရဲ့ နာမည်ဆိုရင်တော့ ပြောမနေကြနဲ့တော့။ သူတို့ မမှတ်မိကြတော့ဘူး။ ဒါပေမဲ့ အာဇာနည်နေ့တော့ စိတ်ဝင်စားတယ်။”
ဒါဆိုရင် ဘာကြောင့် အာဇာနည်ကြီးတွေရဲ့ နာမည်ကိုတောင် မသိကြတော့ဘူးလို့ ထင်ပါသလဲ။
“တဖြည်းဖြည်း နိုင်ငံတော်အစိုးရ အနေနဲ့က သိပ်ပြီးတော့ မထင်ပေါ်စေချင်လို့လား ဘာလို့လဲ မသိဘူး။ အဲဒီလိုဖြစ်တဲ့ အခါ ကျတော့ ကလေးတွေအနေနဲ့က အူကြောင်ကြောင် ဖြစ်သွားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူကြီးတွေ၊ မိဘတွေ၊ ဆရာ သမား တွေကတော့ အာဇာနည်နေ့ အကြောင်းကို ကြုံရင် ကြုံသလို အမြဲတမ်း ပြောပြပါတယ်။”
မြန်မာနိုင်ငံ လွတ်လပ်ရေး ရလုချိန်မှာ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့အတွက် တတိုင်းပြည်လုံး ယူကြုံးမရ ဖြစ်ခဲ့ကြတာကို အဲဒီအချိန်က ကိုယ်တွေ့ကြုံခဲ့ရသူတွေက ပြန်ပြီး ပြောပြကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာလည်း သူတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ ရချိန် မနက် ၁၀ နာရီ ၃၇ မိနစ်ရောက်ရင် တနိုင်ငံလုံး ဥသြဆွဲပြီး အထိမ်းအမှတ် လုပ်တာတွေ၊ အာဇာနည်ကုန်းမှာ လွမ်းသူ့ ပန်းခွေချ အလေးပြုတဲ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဥသြဆွဲသံ ကြားရင်လည်း ပြည်သူတွေဟာ လုပ် လက်စ အလုပ်တွေ ရပ်ပြီး မတ်တပ်ရပ် ဦးညွှတ် အလေးပြုခဲ့ကြသလို အိမ်မှာရှိနေသူတွေကလည်း ရေဒီယိုဖွင့်ပြီး အလေးပြု ဖို့ စောင့်နေခဲ့ကြပါတယ်။
တခါ ကျောင်းတွေမှာလည်း အာဇာနည်နေ့ နီးပြီဆိုတာနဲ့ အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ နံရံကပ် စာစောင် ပြိုင်ပွဲတွေ၊ စာစီစာကုံး ပြိုင်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဒါတွေကို မှီခဲ့တဲ့သူတွေကတော့ အာဇာနည်ကြီးတွေရဲ့ နာမည် တင်မက သူတို့ ဘယ်လို ကျဆုံးခဲ့သလဲ ဆိုတာကို ရင်ထဲမှာ စွဲနေတယ်လို့ ပြောပြကြပါတယ်။
အာဇာနည်နေ့ အခမ်းအနားတွေကို အကျဉ်းချုံး စလုပ်ခဲ့တာကတော့ ဦးနေဝင်းရဲ့ မဆလ အစိုးရလက်ထက်က စခဲ့တယ်လို့ ပြောရမှာပါ။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မဆလအစိုးရ ပြုတ်ကျပြီး နောင်တက်ခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်မှာတော့ အာဇာနည်နေ့ အခမ်းအနားတွေကို မလုပ်မဖြစ် လုပ်ရတဲ့ ပွဲတခု အနေနဲ့သာ ကျင်းပတဲ့အထိ ဖြစ်ခဲ့ပါတယ်။
“တနှစ်ထက် တနှစ်ကတော့ ရိုးရိုးပဲ ပြောရမယ်ဆိုရင် ညံ့ညံ့လာတာပေါ့လေ။ အရင်တုန်းက သမ္မတကြီး မန်းဝင်းမောင် လက် ထက်တုန်းကတော့ သမ္မတကိုယ်တိုင် လာတာကိုး။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌတုန်းက ဗိုလ်ချုပ် နေ၀င်းက ကိုယ်တိုင် လာ တယ်။ သူကိုယ်တိုင် အာဇာနည်ကြီးတွေရဲ့ ဇနီးတွေကို လက်ဆွဲ နှုတ်ဆက်ပြီးတော့ အားပေးစကား ပြောတယ်၊ လိုတဲ့အကူ အညီတောင်း ဘာညာပေါ့။
“အဲဒီနောက်ပိုင်းကျတော့ ဗိုလ်ချုပ် အောင်ကြီးတို့၊ ၀န်ကြီးချုပ် မောင်မောင်ခတို့၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် သောင်းဒန်တို့၊ နောက်ဆုံး ကျနော်မှတ်မိတာ ဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ဗိုလ်ချုပ်ကြီး ဘုန်းမြင့် နောက်ပိုင်းကျတော့ သိပ်မသိတော့ဘူး။”
ကျဆုံးအာဇာနည်ကြီး ဦးရာဇတ်ရဲ့သား ဦးလှကြည် ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ကုန်းမှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြတဲ့ အာဇာနည်ကြီးတွေရဲ့ မိသားစုဝင် တွေ ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်ကြီးတွေရဲ့ ပေးဆပ်မှုကို သိနားလည်သူတွေကတော့ အာဇာနည်နေ့ကို မှေးမှိန်အောင် ဘယ်သူတွေက ဘယ်လိုပဲလုပ်လုပ် ရင်ထဲမှာ ရှိနေကြမှာ ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
အစိုးရတပ် ကချင်ဒေသတွင် အကျများ
သန်းထိုက်ဦး
18 July 2011
ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှေ့တန်း တပ်မှူးများက ပြောသည်။
KIA က ခြုံခိုတိုက်ခိုက်သဖြင့် ထိုသို့ အကျအဆုံးများခြင်းဖြစ်ကြောင်း၊ KIA ဘက်မှ တဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။
“သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းနေတုန်းပဲ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကပြောသည်။
KIA ရှေ့တန်း တပ်မှူးများ၏ အဆိုအရ ပြီးခဲ့သည့် ၂ရက်အတွင်း ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာ ဒေသတွင် အစိုးရ၏ ခြေလျင်တပ်ရင်း အမှတ်၂၁ နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး တဦး အပါအ၀င် တပ်သား ၁၁ ဦးခန့်ကို လက်နက်များနှင့်တကွ ဖမ်းဆီး ရမိကြောင်း သိရသည်။
ပြီးခဲ့သည့်လက စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဘက် သုံ့ပန်းရရှိသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။
အစိုးရက ယခုလ ၄ ရက်နေ့ ရက်စွဲဖြင့် KIA သို့ ပေးပို့သည့် စာတစောင်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ မည်သည့်အချိန်က ဖမ်းဆီးခံရသူများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။
ကချင်ပြည်နယ် အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။
အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။
ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ထိုသို့ သွားရောက် တွေ့ဆုံနေစဉ်မှာပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အစိုးရ စစ်သည်များ ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
Ref: ဧရာဝတီ
Monday, July 18, 2011
အာဖဂန်တပ်ဖွဲ့ဘာမီယန်ဒေသ လုံခြုံရေး တာဝန်လွှဲယူ
17 ဇူလိုင် 2011
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းက ဘာမီယန် (Bamiyan) ပြည်နယ်မှာ နေတိုးတပ်ဖွဲ့တွေက အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေဆီကို လုံခြုံရေးဆိုင်ရာ ထိန်းချုပ်ရေး တာဝန်တွေ လွှဲပြောင်း ပေးခဲ့ပါပြီ။
အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေက ပထမအဆင့်အဖြစ် လွှဲယူမယ့် ဒေသ ၇ ခုထဲမှာ ဘာမီယန်ဒေသဟာ ပထမဆုံး လွှဲယူခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
လွှဲပြောင်းရေး အခမ်းအနားကို ဒီနေ့ ဘာမီယန်မှာပဲ ကျင်းပခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ၂၀၀၁ ခုနှစ် တာလီဘန်တွေ ဆုတ်ခွာခဲ့ပြီးတဲ့ နောက်ပိုင်း တိုက်ခိုက်မှုတွေ အနည်းအကျဉ်းပဲ ရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဆီကို နေတိုးတပ်ဖွဲ့တွေက ၂၀၁၄ ခုနှစ်ကုန်ပိုင်း နောက်ဆုံးထားပြီး လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုတွေကို တဖြည်းဖြည်းချင်း လွှဲပြောင်းပေးသွားဖို့ စီစဉ်ထားပါတယ်။
အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ကလည်း အခုလိုမျိုး ထိန်းချုပ်မှုတွေကို လွှဲပြောင်းပေးဖို့ ဖိအားပေး တောင်းဆိုနေတာ ကြာပါပြီ။
လာမယ့် ၁၄ လအတွင်း အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ထဲက ၃၃,၀၀၀ ကို ပြန်ပြီး ရုပ်သိမ်း မယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ပြီးခဲ့တဲ့ လတုန်းကပဲ ကြေညာထားပါတယ်။
ဂျာမဏီ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အာဖဂန်နစ္စတန်ကနေ ပြန်ပြီး ရုပ်သိမ်းဖို့ အစီအစဉ်တွေ လုပ်ထားကြပါပြီ။
Ref: ဗွီအိုအေ
ဂရိစီးပွား နာလန်ထူရေး အစီအစဉ် အမေရိကန် အားပေးထောက်ခံ
17 ဇူလိုင် 2011
ဂရိနိုင်ငံရဲ့ ကြွေးမြီ အကျပ်အတည်းကို တိုက်ဖျက်နိုင်မယ့် စီးပွားရေး ပြန်လည် နာလန်ထူရေး အစီအစဉ်ကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ရှင်းရှင်းလင်းလင်း ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။
ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေး အခြေခိုင်ရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဂရိအစိုးရက ဆုံးဖြတ် လုပ်ကိုင်နေမှုကို အမေရိကန် ပြည်ထောင်စုက အင်တိုက်အားတိုက် ထောက်ခံတယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ အေသင်မြို့မှာ ၀န်ကြီး ကလင်တန်က ပြောလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီး ကလင်တန်က ဂရိ နိုင်ငံခြားရေးဝန်ကြီး စတေဗာ လမ်ဘရင်ဒစ်စ် (Stavros Lambrinidis) နဲ့ တွေ့ဆုံဆွေးနွေး အပြီးမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဆေးခါးကြီးတခွက် ဖြစ်ပေမဲ့ ဒီလုပ်ငန်းစဉ် အောင်မြင်လိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက အပြည့်အ၀ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေက ဂရိနိုင်ငံ ပြိုလဲတော့မယ်ဆိုပြီး ပြောဆိုနေကြတာဟာ မှားယွင်းတယ် ဆိုတာကို လက်ရှိ ဂရိအစိုးရက သက်သေပြ မယ်လို့ မစ္စတာ လမ်ဘရင်ဒစ်စ်က ပြောပါတယ်။
လာမယ့် ကြာသပတေးနေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပ ၁၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ပြီး နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကို ဒုတိယအကြိမ် ငွေကြေး အထောက်အကူအတွက် စေ့စပ် ဆွေးနွေးကြမယ့် အရေးပေါ် ညီလာခံကို ဂရိနိုင်ငံက တက်ရောက်ဖို့ စီစဉ်နေပါတယ်။
ဝန်ကြီးချုပ် ဂျော့ခ်ျ ပါပန်ဒရို (George Papandreou) ဦးဆောင်တဲ့ ဂရိအစိုးရကတော့ ဥရောပနဲ့ နိုင်ငံတကာက ပေးမယ့် ဘဏ္ဍာရေး ထောက်ပံ့မှုတွေ ရရှိဖို့ နိုင်ငံတွင်း ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖော်ပြ ပြောဆို နေပါတယ်။
Ref: ဗွီအိုအေ
အာဖဂန်အစိုးရ တာဝန်ရှိသူ ၂ ဦး သတ်ဖြတ်ခံရ
17 ဇူလိုင် 2011
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် (Kabul) မြို့တော်တွင်း တိုက်ခိုက်ခံရမှု တခုမှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ ထိပ်တန်း အကြံပေး တယောက်နဲ့ လွှတ်တော်အမတ်တယောက် သေဆုံးသွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ပိုင်း အူရူဇ်ဂန် (Uruzgan) ပြည်နယ်က အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ သမ္မတရဲ့ အနီးကပ် အကြံပေးလည်းဖြစ်တဲ့ ဂျန် မိုဟာမက် ခန်း (Jan Mohammad Khan) နဲ့ အူရူဇ်ဂန်ပြည်နယ် လွှတ်တော်အမတ် အရှင်မ် ၀ါတန်ဝါလ် (Ashim Watanwal) တို့ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ အသေခံ ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လူ ၂ ယောက်က ကဘူးလ်မြို့က မစ္စတာခန်းရဲ့ နေအိမ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မစ္စတာခန်းက အမေရိကန်တွေကို ကူညီနေတဲ့အတွက် သူတို့ တိုက်ခိုက်တာလို့ တာလီဘန် ပြောခွင့်ရသူက ဆိုပါတယ်။
တောင်ပိုင်းမှာရှိတဲ့ ကန်ဒါဟာ (Kandahar) ပြည်နယ်မှာ မစ္စတာ ခါဇိုင်းရဲ့ညီ အာမက် ၀ါလီ ခါဇိုင်း (Ahmad Wali Karzai) လုပ်ကြံသတ်ဖြတ်ခံရပြီး သီတင်းတပတ် မပြည့်ခင်မှာပဲ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
အမျိုးသမီး ကမ္ဘာ့ဖလား ဂျပန်အသင်း ဗိုလ်စွဲ
17 ဇူလိုင် 2011
ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဂျပန်နိုင်ငံက အမေရိကန်ကို အနိုင်ကန်ပြီး ဗိုလ်စွဲသွားပါတယ်။ တဘက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပယ်နယ်တီဂိုးသွင်းပြီး ဂျပန်နိုင်ငံက ချန်ပီယံဆု ဆွတ်ခူးသွားတာပါ။
ဒုတိယပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အချိန်ပိုမှာ နောက်ထပ် ၁ ဂိုးစီ ထပ်မံရရှိရာက ပယ်နယ်တီနဲ့ ဆုံးဖြတ်ဖို့ ဂိုးသွင်းကြရာမှာတော့ ဂျပန်အသင်းက ၃ ဂိုးနဲ့ အမေရိကန် အသင်းက ၁ ဂိုးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ဂျပန်အမျိုးသမီးသင်း အနိုင်ရလိုက်တဲ့အတွက် ဒါဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို အာရှတိုက်က ရရှိ သွားတာလည်း ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်တွေမှာ အနိုင်ရခဲ့ဖူးတဲ့ အမေရိကန် အတွက်ကတော့ ၃ ကြိမ် ချန်ပီယံရဖူးတဲ့ ပထမဆုံး အသင်း တသင်းဖြစ်ဖို့ အခွင့်အလမ်း လက်လွတ်သွားခဲ့ရတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဒီနှစ်ပွဲစဉ် အတွင်းမှာတော့ အမေရိကန် အသင်းဟာ ထိပ်တန်း အသင်းတသင်းအဖြစ် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်က ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ မျှော်လင့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အရင်တပတ် တနင်္ဂနွေနေ့မှာ အမေရိကန်အသင်းဟာ ဘရာဇီးလ်ကို အနိုင်ရပြီး ဗုဒ္ဓဟူးနေ့ အကြိုဗိုလ်လုပွဲမှာတော့ ပြင်သစ်ကို အနိုင်ကန်ပြီး နောက်ဆုံး ဗိုလ်လုပွဲစဉ် တက်လာခဲ့တာပါ။
အမေရိကန်အသင်းကို အနိုင်ကစားပြီး ချန်ပီယံဆု ဆွတ်ခူးသွားတဲ့ ဂျပန်အသင်းကတော့ ဂျာမဏီကို နိုင်ခဲ့သလို အကြိုဗိုလ်လုပွဲ မှာတော့ ဆွီဒင်ကို အနိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
Sunday, July 17, 2011
ပြည်ပမီဒီယာများကို သတင်းမပို့ရန် ရန်ကုန်တိုင်း အစိုးရ၀န်ကြီးချုပ် ထပ်မံပိတ်ပင်
July 17, 2011
အံ့ဘုန်းမြတ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြည်တွင်းသတင်း မီဒီယာသမားတွေ အနေနဲ့ ပြည်ပအခြေစိုက် သတင်း ဌာနတွေကို သတင်းမပို့ကြဖို့ ထပ်မံပိတ်ပင် ပြောကြားလိုက်ပါတယ်။
ဒီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းအစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်က လွှတ်တော် အဆောက်အအုံမှာ ကျင်းပပြု လုပ်တဲ့ သတင်း မီဒီယာတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားလိုက်တာ ပါ။
သတင်းမီဒီယာ တွေ့ဆုံပွဲကို အစိုးရအဖွဲ့အနေနဲ့ ပုံမှန်ပြုလုပ်ဖို့ အစီအစဉ် ရှိပေမယ့် ပြည်ပ မီဒီယာတွေက ထုတ်လွှင့်မှုတွေ ရှိနေတာကြောင့် ပုံမှန် မပြုလုပ်နိုင်တာဖြစ်ပြီး သတင်းမီဒီယာ သမားတွေ အနေနဲ့လည်း ပြည်ပမီဒီယာတွေကို သတင်းမပေး ပို့ဘဲ ဆင်ခြင်ကြဖို့ ၀န်ကြီးချုပ်က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
ʺပြင်ပ မီဒီယာကို ဘယ်သူပို့သလဲဆိုတာ ဒီမှာ လာတက်တဲ့သူတွေထဲကပဲ ပို့တာပဲ။ ဒီထဲက လူတွေ မပို့ရင် ဘယ်သူမှ ပို့စရာ အကြောင်း မရှိဘူး။ သူတို့လည်း မီဒီယာတွေ့ဆုံပွဲကို တက်ရတာ မဟုတ်ဘူး။ မီဒီယာတွေ့ဆုံပွဲကို တက်ခွင့်ရတဲ့ ဒီထဲက ပုဂ္ဂိုလ် တွေ ဒါမျိုးလေးတွေကို ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း မကြာမကြာ လုပ်မယ့်နေရာ ဒီလိုမျိုး နေရာ ဒေသ အပိုင်းအခြားနဲ့ ..။ မကြာခဏ လုပ်ရင် မကြာခဏ ပိုပြီးတော့ ပါလာမယ့်သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ နည်းနည်း ကျဲသွားတဲ့သဘောပဲ။ ဒါပါပဲ။ʺ
ဒါ့အပြင် ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ဖော် ပြောဆိုမှုတွေကို ပြန်လည် တင်ပြကြတဲ့နေရာမှာလဲ ပြည်သူတွေ အပါအ၀င် ပြည်ထောင်စု အစိုးရကပါ အထင်အမြင် လွဲမှားမှုတွေကို ဖြစ်ပေါ်စေခဲ့ တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပြန်ပါတယ်။
ʺပြီးခဲ့တဲ့ အကြိမ်နဲ့ နည်းနည်းတော့ ခြားသွားတယ်။ ဒီလိုခြားသွားတဲ့ အကြောင်းကလည်း အလုပ်မအားတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့လည်း ကျနော်တို့ တိတိကျကျ ပြောကြားနေတဲ့ဟာတွေကို သိရဲ့သားနဲ့သော်လည်းကောင်း၊ မသိလို့ သော်လည်း ကောင်း၊ မှားပြီးတော့သော် လည်းကောင်း ရေးလိုက်တဲ့ဟာတွေက ပြည်သူလူထု အထင်အမြင် လွဲသွားနိုင်တယ်။ ဒါ ကျနော်တို့ရဲ့ ပြည်ထောင်စု အစိုးရအပေါ်မှာ ကျနော်တို့ ပြောဆိုထားတာတွေ အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေ တွေ့ရတယ်။ʺ
ဒီသတင်းမီဒီယာ တွေ့ဆုံပွဲမှာ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေက အယ်ဒီတာချုပ်တွေ၊ တာဝန်ခံအယ်ဒီတာတွေ တက် ရောက်ခဲ့ပြီး သတင်းဂျာနယ် အချို့ကတော့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ၀ါဒဖြန့်ချိရေးအတွက် သတင်းမီဒီယာတွေကို အသုံးချနေတာကြောင့် မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီသတင်းမီဒီယာ တွေ့ဆုံပွဲမှာတော့ လွန်ခဲ့တဲ့ တလက ကြိုတင်တင်ပြထားရတဲ့ မေးခွန်းတွေကိုပဲ အစိုးရအဖွဲ့က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေကို ရန်ကုန်တိုင်း အစိုးရနဲ့ ဆိုင်တဲ့ မေးခွန်းတွေပဲ မေးမြန်းဖို့ ကန့် သတ်ခဲ့ပြန်ပါသေးတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ အာဏာလွှဲပြောင်းရယူခဲ့ပြီး နောက်ပိုင်း မီဒီယာ တွေ့ဆုံပွဲတွေကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမဆုံး မေလ ၁၀ က တွေ့ဆုံပွဲမှာ သတင်းမီဒီယာ ၆၀ ကျော်နဲ့ ဒုတိယ မေလ ၁၇ ရက်နေ့မှာ သတင်းမီဒီယာ ၄၀ ကျော် တက်ရောက်ခဲ့ပြီး ဒီလ ၁၆ ရက်နေ့မှာတော့ သတင်းမီဒီယာ ၂၈ ခု သာ တက်ရောက်ဖို့ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ သူတို့ရဲ့ မီဒီယာတွေ့ဆုံပွဲတွေကို ပြည်ပအခြေစိုက် ဒီဗွီဘီ သတင်းဌာနက ထုတ်လွှင့်ပြသ ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဒီယာတွေ့ဆုံပွဲတွေကို ရပ်နားခဲ့သလို ဗွီဒီယိုရိုက်ကူးခွင့်တွေကိုလည်း ပိတ်ပင်ခဲ့ပြန်ပါတယ်။
အဲ့ဒီနောက် နှစ်လနီးပါအကြာ ဒီလ ၁၆ ရက်နေ့မှာ ပြန်လည်ပြုလုပ်ခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရတွေသာ အခုလို မီဒီယာတွေ့ဆုံပွတွေကို တခါတရံ ပြုလုပ်လေ့ ရှိပေမယ့် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေ အနေနဲ့တော့ ပြုလုပ်တာမျိုး မရှိသေးပါဘူး။
Ref: ဒီဗွီဘီ
အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
July 17, 2011
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်မှာ လာမယ့် ၁၉ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါရ၀ပြုမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးက “အရင်တုန်းက အချုပ်အနှောင်ခံရတော့ သူဟာ သွားပြီးတော့ ဖခင်အတွက် ပြန်လာလည်း အချုပ်ထဲနေ ရမယ်ဆိုတော့ မလွတ်လပ်တဲ့ လူတယောက်အနေနဲ့ မတက်ဘူးပေါ့ အခုတော့ လွတ်လပ်တဲ့ လူတယောက် အနေနဲ့ ကတော့ သူ့ရဲ့ဖခင် အာဇာနည်နေ့ မှာတော့ တက်ရောက်ပြီးတော့ ဂါရ၀ပြုမယ် ကန်တော့မယ် ပေါ့ဗျာ။ နောက် သူ့မိခင်ရှိတဲ့ ဂူ လည်း သွားကန်တော့ တတ်တယ်။ အဲဒါတော့ လုပ်မှာပါ အဲဒီနေ့ကျတော့၊”လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာတော့ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ပြီး အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပွဲတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက အာဇာနည်ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြုဖို့ ပြင်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီးလည်းဖြစ် တပ်မတော်ဖခင်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးတွေဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
ရှမ်းပြည်တပ်မတော် စခန်းတချို့ ဆုတ်ခွာ
July 17, 2011
နန်းမြနဒီ
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တိုက်ပွဲ ၇ ရက်မြောက်နေ့မှာ ရှမ်းပြည် တပ်မတော်က တောင်ကုန်းတချို့ကို လက်လွတ်ဆုတ်ခွာပေးလိုက်ပြီလို့ နယ်စပ် စစ်ဖက် သတင်းရပ်ကွက်က ပြောပါတယ်။
အစိုးရဘက်က လက်နက်ကြီးတွေဟာ ရှမ်းတပ် မတော် တည်ရှိရာ တောင်ကုန်းတွေကို သာမက ရွာတွေထဲကိုပါ ကျမှန်ပေါက်ကွဲပြီးတဲ့နောက် ရွာသား တွေ ကစဉ့်ကလျား ဖြစ်ကုန်ကြသလို ရှမ်းတပ် က ဆုတ်ခွာပေးလိုက်တာလို့ ဆိုပါတယ်။
ဝမ်ဟိုင်း အနောက်မြောက်ဖက် ၁၆ မိုင်အကွာ နမ့်ပုတ်၊ လွယ်ကုန်၊ လွယ်ဆိုင်း၊ ဖတ်နမ် စတဲ့ နေရာတွေမှာ ဖြစ်တဲ့ သီတင်း တပတ်ကြာ တိုက် ခိုက်နေတာ ဖြစ်ပြီး အစိုးရဘက်က ရှမ်းပြည် တပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်း နေတာ ဖြစ်ပါတယ်။ ဒီကနေ့မနက် ၁၀ နာရီ ကစပြီး ကျေးသီးမြို့နယ် ဖတ်နမ်ကျေးရွာအုပ်စု နမ့်စလွမ်းရွာအနီးမှာ နှစ်ဖက်အကြား နှစ်နာရီကြာ တိုက်ပွဲဖြစ်ပါတယ်။
ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ စိုင်းလှက ရှမ်းတပ်က ၀မ်ဟိုင်းဌာနချုပ်နဲ့၁၅ မိုင်ဝန်းကျင်က တောင်ကုန်းတချို့ကို ဆုတ်ခွာ ပေးလိုက်သလို အစိုးရတပ်က အင်အား ၁၀၀၀ လောက် ရှမ်းတပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို ချီတက်နေတယ်လို့ ဒီနေ့ မြန်မာ စံတော်ချိန် သုံးနာရီမှာ ပြောပါတယ်။
“ကျေးသီးမြို့နယ်မှာပဲ။ လက်နက်ကြီးတွေတော့ တောင်ကြောမှာ သူတို့ ပစ်တာပဲ၊ တောင်ကြောရော ရွာထဲရော အများကြီး ကျတယ်။ အဲဒါ ကျနော်တို့ ဆုတ်ပေးလိုက်တော့ သူတို့ အခု ၀မ်ဟိုင်းနဲ့ သိပ်မဝေးတော့ဘူးဗျ။ ၀မ်ဟိုင်းနဲ့ ဆိုရင် ၈ မိုင် လောက်ပေါ့။ ၀မ်ဟိုင်းနားဆိုရင် အကြီးအကျယ် ပြန်ဖြစ်ဦးမယ် ထင်တယ်။”
တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ (၁၁-၇-၂၀၁၁) ကစပြီး ဒီနေ့အထိ ၀မ်ဟိုင်းဒေသရှိ အရပ်သားရာချီ ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။
အစိုးရဘက်က ၀မ်ဟိုင်းကို မရရအောင် သိမ်း ပိုက်မယ်ဆိုတဲ့ သတင်းကြောင့် အရပ်သားတွေ ထိတ်လန့် ထွက်ပြေးကုန်တယ်၊ ဖတ်နမ်မူလ တန်းကျောင်း၊ ကိန်းလိန် မူလတန်းကျောင်း၊ ၀မ်ဟိုင်းမူလတန်း ကျောင်း၊ ၀မ်ဟိုင်းအထက်တန်း ကျောင်း၊ ပါခီး မူလ တန်းကျောင်း စတဲ့စာသင် ကျောင်းတွေ ပိတ်ပစ်လိုက်ရပြီး ကျောင်းသား ခုနှစ်ရာ ကျော်ဟာ ရှောင်တိမ်းပုန်းအောင် နေကြ ပါတယ်။
ဆရာ၊ ဆရာမတွေကိုတော့ အစိုးရဘက်က မိုင်းရှူး မြို့ဘက်ကို ခေါ်ဆောင်သွားတယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။
အစိုးရတပ်တွေ ပစ်မှတ်ထား တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ ၀မ်ဟိုင်းဌာနချုပ်ဟာ အရင် အပစ်ရပ်ရှမ်းတပ်မတော် (မြောက် ပိုင်း) ဌာနချုပ် ဖြစ်ပါတယ်။ အစိုးရရဲ့ တပ်အသွင်ပြောင်းရေး စီမံချက်အရ လက်ခံပြောင်းလဲသူတွေ ရှိသလို လက်မခံသူတွေက ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ပေါင်းပြီး တခုတည်းသော ရှမ်းပြည်တပ်မတော်အဖြစ် ပူးပေါင်း ရပ်တည်ခဲ့ကြပါတယ်။
Ref: ဒီဗွီဘီ
ညွှန်ကြားချက် သဲသဲကွဲကွဲ မရရှိလို့ တရားရုံးတွေ အမှု မစစ်ဆေးနိုင်
2011-07-17
မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလဲ ပြီးနောက် တရားစီရင်ရေးအာဏာနဲ့ စီမံခန့်ခွဲမှုတွေ သတ်သတ်မှတ်မှတ် မစီစဉ်နိုင်သေး တဲ့အတွက် ရန်ကုန်တိုင်း အတွင်းက တရားရုံးတွေမှာ အမှုတွေ မစစ်ဆေးနိုင်ဘဲ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
အခုလို အမှုတွေ တောင်ပုံရာပုံ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ဥပဒေအကြံပေး အဖွဲ့တဖွဲ့က ရှေ့နေတဦးက အာအက်ဖ်အေကို ပြောပြပါတယ်။
“တိုင်းဒေသကြီးရုံးဆိုပြီး တိုင်းရုံးကို ဖျက်လိုက်ပြီးတော့ ရန်ကုန်တရားရုံးချုပ်မှာ သူတို့က ဝင်ထိုင်တာပေါ့။ ဟိုတုန်းက အမှု ၅ ရာကနေ အထက်ဆိုရင် တိုင်းတရားရုံးမှာ အကန့်အသတ်မရှိ။ အခု ခရိုင်ကို အမှု ၅ ထောင်အထိ ပေးလိုက်တယ်။ ခရိုင်ကလည်း ဖွဲ့စည်းပုံက နဂိုရှိတဲ့ ခရိုင်ရုံးတွေကို ပြန်ပေါင်း၊ အခုတခါ သူတို့ပေါင်းထားတဲ့ ပုလိပ်ရုံးကြီးက ပြန်သိမ်းမယ်ဖြစ်တော့ ခရိုင်တွေက ထပ်ပြေးရပြန်ရော။ ပြေးတော့ အမှုတွေက ဟိုရောက်ဒီရောက်နဲ့ အမှုတွေ မပေါ်နိုင်သေးဘူး ဖြစ်နေတာပေါ့”
ရဲနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေကလွဲလို့ အမှု အတော်များများကို မစစ်ဆေးနိုင်သလို ရက်ချိန်းတွေလည်း မပေးနိုင်တာကြောင့် မစစ်ဆေးရသေးတဲ့ အမှုတွေ ပုံနေတာလို့ ဆိုပါတယ်။
ဒါတင်မက တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ အနေနဲ့ ဘယ်ရုံးကို သွားရောက်ရင်ဆိုင်ရမယ် ဆိုတာကို သိရဖို့တောင် အတော် ခက်နေတယ်လို့ အဲဒီရှေ့နေက ရှင်းပြပါတယ်။
“ဧရာဝတီတိုင်းကနေ တရားရုံးချုပ်ကို တင်ထားတာ၊ တရားရုံးချုပ်က အခု ပျက်သွားတော့ ဒီအမှုက အမှန်က နေပြည်တော်ကို ရောက်ရမှာ မရောက်ဘဲနဲ့ ဧရာဝတီတိုင်းကို ပြန်သွားတယ်။ ပြီးခဲ့တဲ့တလလောက်က တချိန်းမှာ ပေါ်တယ်၊ အမှုတွဲ ဒီမှာရောက် နေပါပြီ ဆိုပြီး အမှုသည်တွေကို ခေါ်တယ်၊ ဒါပဲ။ ဘယ်နေ့ကို ကြားနာမယ် လျှောက်လဲချက်ပေးမယ်ဆိုတာ အခုထိ မလာဘူး”
တရားစီရင်ရေးလောကမှာ အခက်အခဲတွေ ဖြစ်နေသလို ပြည်ထောင်စုအာဏာပိုင်နဲ့ တိုင်းဒေသကြီးတွေမှာလည်း အုပ်ချုပ်ရေး အာဏာကို ဘယ်သူတွေက ဘယ်အတိုင်းအတာအထိ စီရင်ပိုင်ခွင့် ရှိမှန်း အခုထိ မသိရှိကြသေးဘူးလို့ မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသွားပါတယ်။
Ref: အာရ်အဖ်အေ
အစိုးရကျင်းပမယ့် အာဇာနည်နေ့အခမ်းအနား တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား
2011-07-17
လာမယ့် အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်း မြန်မာအစိုးရအရာရှိတဦးက AFP သတင်းဌာနကို ဒီကနေ့ အတည်ပြု ပြော ကြား လိုက်ပါတယ်။
မြန်မာအစိုးရ အာဏာပိုင်တွေက ဦးဆောင်ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို ပြောကြားခဲ့အပြီး အခုလို မြန်မာအစိုးရဘက်က အတည်ပြု ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖိတ်စာ ပေးပို့ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက် ရောက်ဖို့ သဘောတူလိမ့်မယ်လို့ ထင်ကြောင်းလည်း အဲဒီ အစိုးရအရာရှိက ပြောပါတယ်။ ရန်ကုန် အာဇာနည်ဗိမာန်မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ကျင်းပမယ့် ဒီအခမ်းအနားမှာ ရန်ကုန်မြို့တော်ဝန် ဦးဆောင်တဲ့ အစိုးရအရာရှိတွေ တက်ရောက် မယ်လို့ လည်း သူက ပြောပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ရင် အခုတကြိမ်ဟာ ၉ နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်မယ်လို့ သိရပါတယ်။
မကြာခင်ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပုဂံခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေ ဘက်က တရားဝင် ဖိတ်ကြားခဲ့ရင် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး မှာလည်း ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အခမ်းအနားမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုခြင်း အစီအစဉ်နဲ့ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာဇာနည်နေ့ ကြေညာချက်ကို ဖတ်ကြားမှာဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
အခမ်းအနားမှာ သဘာပတိအဖြစ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်မှာဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်က အမှာစကား ပြောကြားမှာဖြစ်ကြောင်း၊ အဲဒီနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေက အာဇာနည် နေ့အတွက် စပ်ဆိုထားတဲ့ ကဗျာကို ရွတ်ဆိုကြမယ့် အကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။
နိဂုံးချုပ်အနေနဲ့ သဘာပတိ ဦးတင်ဦးက အမှာစကား ပြောကြားပြီး အခမ်းအနား ပြီးဆုံးမှာဖြစ်ကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်
17 ဇူလိုင် 2011
ဂျပန်နိုင်ငံက အမဲသားတွေမှာ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေလို့ ဂျပန်နိုင်ငံတ၀န်းမှာ အမဲသား မစားရဲဘဲ ဖြစ်နေကြပါတယ်။
နွား ၁၃၂ ကောင်က ထွက်တဲ့ အမဲသားတွေမှာ ရေဒီယို သတ္တိကြွမှုတွေ အလွန်အမင်း မြင့်မားနေပြီး အဲဒီအမဲသားတွေကိုလည်း နိုင်ငံတ၀န်းကို ဖြန့်ထားပြီး ဖြစ်နေတယ်လို့ ဂျပန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မကြာခင်တုန်းက နျူကလီးယား ဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှုကြောင့် ရေဒီယို သတ္တိကြွမှုတွေ ရှိခဲ့တဲ့ ဖူကူရှီးမားခရိုင်က ထွက်တဲ့ အမဲသားတွေ မှန်သမျှ ဘယ်ကိုမှ မပို့ဘဲ အကုန်တားဆီး ပိတ်ပင်ဖို့ ဂျပန်အစိုးရက အင်္ဂါနေ့ကျရင် စီစဉ်မယ့်သဘော မျှော်လင့်ရပါတယ်။
အခုလောလောဆယ်မှာတော့ အမဲသားတွေစားလို့ ကျန်းမာရေး ထိခိုက်တာမျိုးတွေ ရှိမနေဘူးလို့ ဂျပန်အစိုးရက ပြောပါတယ်။
Ref: ဗွီအိုအေ
နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ဆုတ်ခွာ
17 ဇူလိုင် 2011
နိုင်ကွန်းအိန်
မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာ သီတင်းတပတ် ရှိသွားပြီဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA (မြောက်ပိုင်း) တပ်ဖွဲ့တွေဟာ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သူတို့နေရာယူထားတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်မှာရှိတဲ့ နမ့်ကိုင်ဖိတ် စစ်မျက်နှာကနေ ဒီကနေ့ပဲ ဆုတ်ခွာလိုက်တယ်လို့ SSA (မြောက်ပိုင်း) တပ်ဖွဲ့ခေါင်းဆောင် တွေက ပြောပါတယ်။ SSA/SSPP တပ်ဖွဲ့တွေကတော့ ပြောက်ကျားစနစ်နဲ့ ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ အရပ်သားတွေလည်း အထိအခိုက် ရှိနေသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ တွေလည်း ရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေး ထားပါတယ်။
SSA/SSPP ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ ၇ ရက်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှမ်း ပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် နမ့်ကိုင်ဖိတ်ဒေသ စစ်မျက်နှာကနေ ဒီကနေ့မှာ ဆုတ်ခွာလိုက်ပြီလို့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်တွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် တောင့်မခံနိုင်လို့ ဆုတ်ခွာရတယ်လို့လည်း ပြောပါတယ်။ ဒီဖြစ်စဉ်ကို ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဒီနေ့တော့ လေးငါးရက်ဖြစ်တဲ့ စစ်မြေပြင်မှာပေါ့၊ အဲဒီ နမ့်ကိုင်ဖိတ်စခန်းမှာ တိုက်ပွဲနေရာ ကျနော်တို့လူက ခွာလိုက်ပြီလို့ ပြောတယ်။ သူတို့မနေ့ညက လက်နက်ကြီးတွေ အများကြီး ပစ်တယ်လေ။ အများကြီးထုတော့ ကျနော်တို့ ခံစစ်မလုပ်တော့ဘဲနဲ့ အဲဒီနေရာကို ခွာပေးလိုက်တာပေါ့။”
အခု ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ကနေ ဆုတ်ခွာလိုက်ရတဲ့ နမ့်ကိုင်ဖိတ်ဒေသဟာ ၀မ့်ဟိုင်းဌာနချုပ်နဲ့ ၁၀ မိုင် လောက်ဝေးပြီး ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ အချက်အချာကျတဲ့ စစ်ဒေသ တခုလည်း ဖြစ်ပါတယ်။ အခုလို ဆုတ်ခွာခဲ့ပေမဲ့ စိုးရိမ်စရာ အနေအထား မရှိသေးဘူးလို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။
“သိပ်စိုးရိမ်စရာ မရှိပါဘူးခင်ဗျ။ အဲဒီ ဆုတ်သွားတဲ့တပ်လည်း ကျနော်တို့ အဲဒီ တဆင့်ခြင်း ဆုတ်သွားတာပေါ့။ အဲဒီမှာ ကျနော်တို့ သုံးဆင့်လောက် ရှိပါသေးတယ်။ အဲဒီ ၀မ့်ဟိုင်းရောက်ဖို့အတွက်။ ကျနော်တို့ ရေရှည် ခံစစ်လုပ်လို့ ရေရှည်မှာ ကျနော်တို့ပဲ နစ်နာမယ်လေ။ ကျနော်တို့ ပြောက်ကျားစနစ်ပဲ သုံးပြီးတော့ ပြန်တိုက်မှာပါ။ သူတို့ စစ်ရေးနဲ့ ဒီလို ထိုးစစ်ဆင် နေတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ။ ဒါပေမဲ့ ခုခံပြီးတော့ တိုက်သွားရမယ်။”
ဇူလိုင် ၁၁ ရက်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ကနေ စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် အဲဒီအနီးဝန်းကျင်က ကျေးရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။
“ရွာသားတွေ တိမ်းရှောင်နေတုန်းပဲ။ ဘေးလွတ်တဲ့ နေရာပေါ့။ လျှိုတွေထဲတို့၊ နောက် သူတို့ တောင်ယာ တဲတွေထဲတို့၊ အဲဒီမှာ သူတို့တိမ်းရှောင်နေကြတယ်။ ၀မ့်မေ၊ ခေးပွန်း၊ ဖပ်နမ် အဲဒီ ၃ ရွာမှာ လက်နက်ကြီးတွေ အများကြီး ကျတယ်လေ။ ရွာသားတွေ ထိခိုက်မှု စာရင်းလည်း ကျနော်တို့ ယူခိုင်းနေဆဲပဲ။”
အဲဒီ ကျေးသီးမြို့နယ်ထဲက ၀မ့်မေ၊ ခေးပွန်း၊ ဖပ်နမ် ၃ ရွာမှာ အိမ်ခြေစုစုပေါင်း ၁၅၀ ကျော်ရှိပြီး အခုဆိုရင် သက်ကြီး ရွယ်အိုတွေသာ ရွာထဲမှာ ကျန်ရှိနေပြီး ကျန်တဲ့လူ ၃၀၀ လောက်ဟာ တောတောင်ထဲမှာ ပုန်းအောင်းနေပြီးတော့ ဖြစ်သလိုသာ နေထိုင် စားသောက်နေရတယ်လို့လည်း ဆိုပါတယ်။
အခုလို မြန်မာစစ်တပ်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ ဒေသခံ ကျေးရွာသားတွေ အပေါ်မှာ ပေါ်တာ ၀န်ထမ်းအဖြစ် အသုံးပြုခဲ့တာ ရှိနေသလို တိုက်ပွဲအတွင်း ထွက်ပြေးတဲ့ ပေါ်တာ ၀န်ထမ်း တွေကိုလည်း ပစ်သတ်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြန်မာအစိုးရ စစ်တပ်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာဆိုရင် ဒေသခံ အရပ်သား တွေအပေါ် မြန်မာစစ်တပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အတိအကျ စုံစမ်းပြီး ပြည်နယ်အစိုးရကနေ တဆင့် လွှတ်တော်တွေအထိ ရောက်အောင် အဆင့်ဆင့် တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်ကနေ အခုအချိန်အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကရော၊ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့လည်း အရေအတွက် အတိအကျကိုတော့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။
အလားတူ KIO ခေါ် ကချင်လွတ်လပ်ရေး အဖွဲ့တွေ အပေါ်မှာ မြန်မာစစ်တပ်ကနေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စတင် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေကြောင့် ဘန်းမောက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၆၀ လောက်က ဒုက္ခသည်ဦးရေ ၁၇,၀၀၀ လောက်ဟာ အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ KIO ကနေ စာရင်းကောက်ယူထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာမှာ မြန်မာစစ်တပ်က အင်အား အပြင်းအထန် သုံးပြီး တိုက်ခိုက်နေတာ၊ လေကြောင်းအင်အား အသုံးပြုနေတာတွေ၊ အရပ်သားတွေ ထိခိုက်မှု ရှိနေတာတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီသလို ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်နေပြီလို့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ တွေကနေ ထောက်ပြ ပြောဆိုလာမှုတွေလည်း ရှိနေပါတယ်။
Ref: ဗွီအိုအေ
ဒေသခံ ဘင်္ဂလီ လူအုပ်က မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းကို တိုက်ခိုက်၍ အနည်းဆုံး ၅ ဦးဒဏ်ရာရ
7/17/2011
တာကလူး
ဘင်္ဂလားဒေခ်ျ့နိုင်ငံ ကော့ဘဇားခရိုင်တွင် တည်ရှိသော ကူတူပလောင် မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းကို ဒေသခံ ဘင်္ဂလီ လူအုပ်က ၀ိုင်းဝန်း ၀င်ရောက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး ဒုက္ခသည် ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
ကူတူပလောင် ဒုက္ခသည် စခန်းအနီးရှိ ကျေးရွာသား ၁၀၀ ကျော်ခန့်သည် ကူတူပလောင် ဒုက္ခသည် စခန်းနှင့် စခန်းအပြင်ပတွင် ဆောက်လုပ်ထားသည့် တရားမ၀င် စခန်းကို စနေနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ဒုတ်၊ ဓါးနှင့် တခြား ဂဲ၊ ပေါက်တူး စသည်များကို ကိုင်ဆောင်ပြီး ၀င်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ဒုက္ခသည် ခေါင်းဆောင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
" စုစုပေါင်း ရွာသား ၁၀၀ ကျော် ရှိပါတယ်။ သူတို့ဟာ ဒုတ်၊ ဓါး၊ ဂဲတွေနဲ့ တရားမ၀င် ဒုက္ခသည် စခန်းကို ပထမ ၀င်ရိုက် ပါတယ်။ အဲဒီမှာက အစောင့်အရှောက်လည်း မရှိတော့ ဒုက္ခသည်တွေက ကြောက်ပြီး ကစဉ်းကလျားနဲ့တရားဝင် ကူတူ ပလောင် စခန်းထဲကို ပြေးဝင် ခိုလှုံကြပါတယ်။ အဲဒီ လူအုပ်က ဆက်လိုက်လာပြီး တရားဝင် စခန်းကိုလည်း ၀င်တိုက်ခိုက် ပါတယ်" ဟု သူက ပြောသည်။
၎င်း ရွာသားများ၏တိုက်ခိုက်မှုကြောင့် တရားမ၀င် ဒုက္ခသည် စခန်းမှ ရာမတ်တူလာ (အသက်-၂၀ နှစ်)၊ နော်ဘီဟူဆိန်း (အသက်-၆၀)၊ အဘ္ဒူ ဟာမိတ် (အသက်-၅၃)၊ တရားဝင်စခန်း Block-G မှ မိုဟာမတ် မူဆ (အသက်-၂၂) နှင့် Block-F မှ မူစတာဖာ ကာမာလ် တို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်။ သူတို့ကို ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး ၀န်ကြီးဌာနမှ စခန်းအတွင်း ဖွင့်လှစ်ထားသည့် Internal Patient Department (ခေါ်) တွင်းလူနာကျန်းမာရေး စောင့်ရှောက်ရေး ဌာန တွင် အရေးပေါ် လူနာအဖြစ် တင်ထားရကြောင်း သိရှိရသည်။
အဆိုပါ အခင်းဖြစ်ပွါးမှု အကြောင်းနှင့် ဆက်စပ်၍ နိရဉ္စရာမှ သက်ဆိုင်ရာ အာဏာပိုင် စခန်း အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း နှင့် ယူအန်အိခ်ျစီအာရုံးအပါအ၀င် ဒုက္ခသည်များအရေး ကူညီ လုပ်ဆောင်ပေးနေသည့် အစိုးရမဟုတ်သော အန်ဂျီအို အဖွဲ့ အစည်း များကို ဆက်သွယ် စုံစမ်းခဲ့ရာ ထိုအခင်းအရာနှင့် ပတ်သတ်၍ အတိအကျ တစုံတရာ မသိရှိ ရသေးကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဒုက္ခသည် ခေါင်းဆောင်က အဆိုပါရွာသားများမှာ ဒုက္ခသည်များ နေထိုင်နေကြသည့် တဲအိမ်များကိုပါ ဖြိုဖျက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ထိုထက်အများ ရှိနေနိုင်ကြောင်းလည်း သူက ဆက်ပြောခဲ့သည်။
တခြား ဒုက္ခသည် တစ်ဦးဖြစ်သူ ကိုဘီ အာလောင်က တိုက်ခိုက်ရာတွင် ရဲအဖွဲ့လည်း ပါဝင်ကြောင်း စွပ်စွဲပြောကြားသည်။
" တိုက်ခိုက်တဲ့ အထဲမှာ ရဲတွေလည်း ပါဝင်ပါတယ်။ စုစုပေါင်း ဒုက္ခသည်က ၈ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ၄ ဦးက အဖမ်းခံခဲ့ရပါတယ်။ ဒဏ်ရာ ရသူတွေထဲက တစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်" ဟု ပြောသည်။
သို့သော်လည်း သေဆုံးမူနှင့် ပတ်သက်ပြီး ယခု မချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
သူ၏ ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုမှာ တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး ဒေသခံများ ဆက်လက် တိုက်ခိုက်မည်ဟု ဆိုကာ ဒေသခံများ ခြိမ်းခြောက်မှုများ ရှိနေကြောင်း ယခုကဲ့သို့ ပြောသည်။
"အဲဒီရွာသားတွေက တနာရီ နီးပါးလောက်ကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီမှာရှိတဲ့ စခန်း အာဏာပိုင်တွေနဲ့ အိုကီးယား ရဲစခန်းက လူကြီးတွေ ရောက်လာမှ တိုက်ခိုက်မှု ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှု အပြီးမှာ အာဏာပိုင်တွေ၊ အန်ဂျီအိုအရာရှိတွေက ရွားသားတွေ၊ စခန်းတွင်းက ဒုက္ခသည် လူကြီးတွေကို နေ့လည် ၄ နာရီလောက်မှာ ခေါ်ပြီး ပြဿနာကို ညှိနှိုင်း ဖြေရှင်းပေးဖို့ အစည်းအဝေး လုပ်ပါတယ်။ အဲဒီအချိန်မှာ ရွာသားတွေ ပြောတာက သူတို့ နွားတွေကို ဒုက္ခသည်တွေက ခိုးတဲ့အတွက် ခုလို တိုက်ခိုက်ရတာဖြစ်တယ်။ တကယ် ပျောက်ဆုံးသွားတဲ့ နွားတွေကိုသာ ယူအန်အိခ်ျစီအာက လျော်မပေး ဘူး ဆိုရင် ဒုက္ခသည်တွေကို ဆက်တိုက်ခိုက်အုံးမယ်လို့ ခြိမ်းခြောက် ပြောဆိုသွားပါတယ်။"
သို့သော်လည်း နွားပျောက်ဆုံးမူနှင့် ပတ်သက်ပြီး ဒေသခံ ရွာသားများက တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိကြောင်း သူက ဆက် ပြောသည်။
ယခု ဖြစ်ပွားသော ပြဿနာမှာ မြန်မာနိုင်ငံမှ ရောက်ရှိလာသော မွတ်ဆလင် ဒုက္ခသည်များနှင့် ဒေသခံ အများအကြား တင်းမာ မူရှိနေရာမှ ပေါ်ပေါက်လာသော အကျိုးဆက် ဖြစ်ကြောင်း လေ့လာ သုံးသပ် တစ်ဦးက ပြောသည်။ ယခင်က ဒုက္ခသည်များကို ဒေသခံများ တိုက်ခိုက်မူ ရှိခဲ့သော်လည်း ယခု တိုက်ခိုက်မှုလောက် မပြင်းထန်ကြောင်း သိရသည်။ ဒေသခံများသည် မြန်မာ နိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကို သူတို့နိုင်ငံတွင် လက်ခံလိုစိတ် မရှိသဖြင့် အကြောင်းအမျိုးမျိုး ရှာကာ ဒုက္ခသည်များကို မကြာခဏ ၀ိုင်းဝန်း တိုက်ခိုက်လေ့ ရှိကြောင်း သိရသည်။
Ref: နိရဉ္စရ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88