ယမင်း (မြစ်မခ)
5 Jul, 2012
ရန်ကုန်မြို့ရှိ မိုဘိုင်းဆက်သွယ်ရေးရုံးများတွင် ကျပ်ငါးသိန်းဖြင့်ရောင်းချခဲ့သော လက်ကျန် CDMA 800 MHz မိုဘိုင်းဖုန်းကဒ်များအား ဇူလိုင်လလဆန်းပိုင်းမှစ၍ ကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ရောင်းချ ပေးလျှက် ရှိကြောင်း သိရသည်။
“အရင်က ငါးသိန်းတန် CDMA 800 မိုဘိုင်းဖုန်းတွေကို အခု နှစ်သိန်းခွဲနဲ့ မြန်မာ့ဆက်သွယ်ရေးရုံးမှာ (၂)ရက်နေ့ကတည်းက ရောင်း ပေးနေပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ CDMA 800 MHz မိုဘိုင်းဖုန်းကဒ် အရေအတွက်(၂)သိန်း ကျော်ခန့်တပ်ဆင်ပေးပြီးဖြစ်ကြောင်း အလုံမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။
“၂သိန်းခွဲနဲ့ချပေးတဲ့ CDMA 800ဖုန်းတွေက ဘယ်နှစ်လုံး တပ်ဆင်ပေးမယ်ဆိုတာတော့ အတိအကျ မသိသေးပါဘူး။ အခုလော လောဆယ်တော့ ကန့်သတ်ထားတာ မရှိသေးပါဘူး။ လျှောက်ထားသူ လည်း နည်းသေးတယ်”ဟု CDMA 800 MHz ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ကျန် CDMA 800 MHz မိုဘိုင်းဖုန်းများအား အလုံ၊ ပန်းဆိုးတန်း၊ ရွှေဂုံတိုင်၊ လမ်း (၄၀)ရှိ မိုဘိုင်းဆက်သွယ်ရေး ရုံးများတွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။
“ CDMA 800ဖုန်းကို ကျွန်တော်တို့ ဆီမှာတော့ ၀ယ်လို့မရပါဘူး။ မြန်မာ့ဆက်သွယ်ရေး ရုံးတွေ မှာတော့ ရောင်းချပေးနေတယ်”ဟု (၈)မိုင် Elite ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုဘိုင်းဆင်းကဒ်ဝယ်ယူ(ငှားရမ်း)သုံးစွဲရာ၌ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် နေ့ချင်းပြီး လျှောက်ထားဝယ်ယူနိုင်ပြီး ပုဂ္ဂလိက အရောင်းဆိုင်များတွင် (၁)ရက်မှ (၂)ရက်အထိကြာမြင့်ကြောင်းကိုလည်း သုံးစွဲသူများထံက သိရသည်။
“ကျွန်တော်တို့ အပြင်မှာဝယ်ရင် တစ်ရက်နှစ်ရက်လောက်ကြာမယ်လို့ပြောတယ်။ ဆက်သွယ်ရေးရုံး တွေမှာဆို နေ့ဝက်လောက်နဲ့ ရတယ်။ ကျွန်တော်တွေ့တာတော့ အခုနောက်ပိုင်း ၂သိန်းတန် GSM ဖုန်းတွေပဲ လျှောက်တာ များတယ်။”ဟု အလုံမိုဘိုင်းဆက်သွယ် ရေးရုံးတွင် GSM ဖုန်းဆင်းကဒ် လာ ရောက် လျှောက်ထားသူ ကိုဇော်ဌေးက ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများတွင် ကနဦးတပ်ဆင်ခအနေဖြင့် ယခင် ကျပ် ငါးသိန်း တန် CDMA 800 MHz မိုဘိုင်းဖုန်း (၀၉.၇၃၀…..)များကို ကျပ်ငွေ (၂)သိန်း (၅)သောင်း၊GSMမိုဘိုင်း ဖုန်း (၀၉.၄၂၀….)များအား ကျပ်ငွေ (၂)သိန်းနှင့် WCDMA မို ဘိုင်းဖုန်း (၀၉.၄၅….)ကို ကျပ်ငွေ (၂) သိန်း(၅)သောင်းနှုန်းဖြင့် နေ့ချင်းပြီး ၀ယ်ယူ(ငှားရမ်း)နိုင်ကြောင်း သိရသည်။
Ref: မြစ်မခ
Thursday, July 5, 2012
မိုဘိုင်းဆက်သွယ်ရေးရုံးများ၌ (၅)သိန်းCDMA 800 ဖုန်းကဒ်များအား တစ်ဝက်ဈေးဖြင့်ရောင်း
လွှတ်တော်စပြီ
2012-07-04
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုး သားဒီမို ကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်ရှိနေသေးတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးဇေယျာ သော်နဲ့ ဒေါ်စန္ဒာမင်းတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခွင့်ယူထားတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့မှ လွှတ်တော်အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီကနေ့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
"လွှတ်တော်ကပေါ့လေ၊ ဒီကနေ့ အတော်တန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာကို တွေ့ရပါတယ်။ တကယ့် နိုင်ငံအရေးပေါ့လေ။ ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေက တော်တော် ထက်ထက်သန်သန်ပေါ့။ ဆွေးနွေးကြတာ တွေ့ရပါတယ်။ NLD ကလည်း တင်သွင်းဖို့ အဆိုတင်ထားတွေ ရှိတယ်။ ဒီနေ့ အစီအစဉ်မှာတော့ မပါသေးဘူး"
အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီက ရခိုင်ပြည်နယ်က အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အပြင် မြန်မာ နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး NLD ပါတီက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။
ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဇလွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀န်ကြီးဟောင်း ဦးတင်ထွဋ်က လယ်ယာ မြေတွေ သိမ်းဆည်းခံရခြင်း ကိစ္စရပ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာဖော်ထုတ်ဖို့ နဲ့ တောင်သူလယ်သမားတွေ နစ်နာမှု မရှိစေရေးကို တရားမျှတစွာ ဖြေရှင်းပေးဖို့အဆို တင်သွင်းခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို ဥပဒေပြုစုရေး ကော်မတီက တင်သွင်းအဆိုပြု တင်သွင်းကြောင်းနဲ့ ဥပဒေနဲ့အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း ကိစ္စကိုလည်း ဆွေးနွေးကြကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို
2012-07-04
မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေ နယ်မြေ မအေးချမ်းမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကချင်ပြည်နယ်ထဲ အတင်းအဓမ္မ ပြန်ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့  တရုတ်နယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ကချင်ပြည်နယ်က ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် ၀င်ရောက်တဲ့ ကိစ္စတွေမှာ တရုတ် အာဏာပိုင်တွေက အကူအညီမပေးဘဲ နေရပ်ဒေသကို အဓမ္မပြန်ခိုင်းနေတယ်ဆိုတဲ့  စွပ်စွဲချက် အစီရင်ခံစာ တစ်စောင် Human Rights Watch လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန် ပြောသွားတာပါ။
ဒေဟွန်းစီရင်စုက အစိုးရ အရာရှိတစ်ဦးက မြန်မာအစိုးရတပ်တွေနဲ့  ကချင် KIA လွတ်မြောက်ရေး တပ်မတော်တို့  တိုက်ပွဲတွေဖြစ်တဲ့ မနှစ် ဇွန်လ ကစပြီး ဒေဟွန်း စီရင်စုထဲကို ၀င်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် သိသိသာသာ မြင့်တက်လာတာ၊ ခွင့်ပြုကာလကျော်ပြီး နေတာမရှိကြောင်း၊ ဆွေမျိုးသားချင်း ရှိသူတွေသာ ခေတ္တခဏ လာရောက်ခိုလှုံကြပြီး ဟိုမှာ အခြေအနေ အေးသွားတဲ့အခါ နေရပ်ကို ပြန်သွားကြကြောင်း ပြောပါတယ် ။
Ref: အာရ်အဖ်အေ
လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင်
2012-07-04
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ ဇရပ်အိုင် ဒေသခံတွေရဲ့ ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေက ပြည်နယ် ၀န်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံ သုံးဦးနံမည်နဲ့ တစ်ဦးကို ၁ ဧကခွဲနှုန်းနဲ့ မြေနေရာ ၄ ဧကခွဲမှာ ရွှေတူးဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်နေရင်း လက်လုပ်လက်စားတွေကို ရွှေရှာခွင့် ပိတ်ပင်လိုက်တဲ့အတွက် မြစ်ငယ်မြို့က မိုးထိရွှေစင်ကုမ္ပဏီနဲ့ ဒေသခံတွေ စပ်တူ ရွှေတူးခွင့် လျှောက်ထားခဲ့တယ် ဆိုပါတယ်။
ခွင့်ပြုချက် မကျလို့ တနင်္လာနေ့က သွားရောက် စုံစမ်းတဲ့အခါ တခြားကုမ္ပဏီကို ချထားပေးလိုက်ပြီလို့ သိရတဲ့အတွက် အသနားခံစာ တင်ကြတာလို့ ဒေသခံရွှေလုပ်သား တစ်ဦးကပြောပါတယ်။
"မိုးထိရွှေစင် ကုမ္ပဏီဆိုပြီးတော့ ကျွန်တော်တို့ ဒေသခံတွေက မန္တလေးတိုင်း အစိုးရအဖွဲ့ကို လျှောက်တယ်ပေါ့။ ရဲထွဋ်ကျော် ကုမ္ပဏီ ပေါ့နော်။ ပိုင်ရှင်က ကယားပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်တင်လို့ ပြောတယ်။ နှစ်ဦး အပြိုင် လျှောက်ကြတာပေါ့။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လျှောက်တဲ့ အချိန်လည်း ကျွန်တော်တို့က စောတယ်။ ဘယ်သူမှလည်း မဝင်ဘူး။ ဒီတိုင်းပဲ နေတာ ပေါ့နော်။ လုပ်ငန်းကတော့ ဒီသတ္တုတွင်း ကနေပြီးတော့မှ တရားဝင် မကျသေးတော့ မလုပ်ပါနဲ့ ဆိုပြီးတော့ ကျွန်တော်တို့ကို နားခိုင်း ထားတယ်ပေါ့။ တိုင်းအစိုးရ ဝန်ကြီးချုပ်ရုံးကို သွားတဲ့အခါကျတော့ ရဲထွဋ်ကျော်ကို ပေးလိုက်ပြီတဲ့၊ ပြီးခဲ့တဲ့ ကြာသပတေး အစည်း အဝေးကလို့ ပြောတယ်။ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ထဲမှာတော့ ကျွန်တော်တို့ မိုးထိရွှေစင်ကို မပေးဘူးပေါ့။ အဲလိုပြောတဲ့ အခါကျတော့ ရွှေလုပ်သားတွေရဲ့ မှတ်ပုံတင်နံပါတ်ရယ်၊ နာမည်ရယ်၊ လက်မှတ်ရေးထိုးပြီးတော့မှ ဝန်ကြီးချုပ်ရုံးကို အသနားခံစာ တင်ခိုင်းလိုက်တယ်"
ရွှေလုပ်သား ၃၇ ဦးက အသနားခံစာ တင်တာလို့ ဆိုပါတယ်။ ဒေသခံတွေမှာ ကိုယ်ပိုင်ကုမ္ပဏီ မရှိတဲ့အတွက် မိုးထိရွှေစင် ကုမ္ပဏီ နံမည်နဲ့ လုပ်ကွက်ချထားပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ ရရှိတဲ့ ရွှေပမာဏရဲ့ သုံးပုံတပုံကို ကုမ္ပဏီကို ရှယ်ယာခွဲဝေပေးမယ့် သဘောတူညီချက်လည်း ရှိကြောင်း ဒေသခံ ရွှေလုပ်သားတွေက ပြောပါတယ်။
Ref: အာရ်အဖ်အေ
ဒုတိယ သမ္မတ နုတ်ထွက်
2012-07-04
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင် ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် ၄င်း၏ ကျန်းမာရေး အခြေအနေအရ ဆန္ဒ အလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယ သမ္မတ ရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း"
ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၁၄ ရက်နေ့အထိ ဆေးကုသမှု ခံယူခဲ့ပြီး ပြန်လည် သက်သာလာခြင်း မရှိတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ၎င်းရဲ့နေအိမ်မှာ အနားယူနေခဲ့တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ ရေရှည်ဆေးဝါးကုသဖို့ လိုအပ်တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒုတိယ သမ္မတ အဖြစ်က နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့ရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့က ခုနှစ်ရက်အတွင်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ် တော် နာယက ဦးခင်အောင်မြင့်က ပြောပါတယ်။
"လစ်လပ်သွားသော ဒုတိယ သမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစု အဖွဲ့က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယ သမ္မတ တစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ် အရည် အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် ကိုယ်ရေး အချက်အလက်များနှင့်အတူ ဒုတိယ သမ္မတ အမည် စာရင်းကို နာယကထံ တင်ပြရန် ဖြစ်ကြောင်း ညွန်ကြားပါတယ်"
အသစ်ရွေးချယ် တင်မြှောက်မဲ့ ဒုတိယ သမ္မတဟာ ပြည်သူအများ ယုံကြည်အားထားမှုရှိပြီး တိုင်းပြည် အေးချမ်းသာယာရေး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သူမျိုး ဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ဒီစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ကို အကုန်လုံး လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရင်း သားတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်တဲ့ လမ်းကြောင်းကို ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ် ပေးနိုင်တယ် ဆိုလို့ရှိရင် ငြိမ်းချမ်းမှု ဖော်ဆောင်တဲ့ ကဏ္ဍမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ထဲ မှာလည်း ကျေနပ်နှစ်သိမ့်သွားနိုင်ပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲမှာလည်း ဝမ်းပန်းတသာ ကြိုဆိုကြမှာ ဖြစ်သလို နိုင်ငံရေး ပါတီ အားလုံးကလည်းပဲ သမ္မတကြီး သွားနေတဲ့ လမ်းကြောင်း ဖြောင့်ဖြူးနိုင်ဖို့အတွက် တပ်မတော်သားတွေ ကိုယ်နှိုက်ကိုက ရွေးပေး တဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံး ဝမ်းပန်းတသာ ကြိုဆိုကြရမဲ့ အဖြစ်မျိုး ဖြစ်အောင် ပုံဖော်နိုင်မဲ့ ဒီမြင်ကွင်းမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"
လစ်လပ်နေပြီဖြစ်တဲ့ ဒုတိယ သမ္မတ နေရာအတွက် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ အမှတ် ၂ စက်မှု ဝန်ကြီး ဦးစိုးသိန်းတို့ကို ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေကို အစားထိုး ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ဖို့ရှိပြီး သဘောထား တင်းမာသူတွေအဖြစ် သတ်မှတ်ခံနေရတဲ့ ဝန်ကြီး ၃ ဦးကို ဖယ်ရှားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref: အာရ်အဖ်အေ
ဇူလိုင်လ ၇ ရက် အခမ်းအနား ခွင့်ပြုမှာမဟုတ်
2012-07-04
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုခွဲခံခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ နှစ် ၅၀ ပြည့် အခမ်းအနားကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာ မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့ ဗိုလ်မှူးကြီး တင်ဝင်းက ပြောတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကို ပြောပါတယ်။
"RFA မှာ ကျွန်တော်ပြောတဲ့အချိန်မှာ ပြတ်သားတဲ့ အဖြေသူက မပေးထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့မှာ ဒီအခမ်းအနားကို အမိုးအကာအောက်က ကျင်းပမယ်ဆိုရင် ကျင်းပနိုင်တဲ့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ အဲတာကို ဒီနေ့ မနက်ကျတော့ အခါမှာ သူက အဲဒီသဘောထား မရှိကြောင်းကို ထင်ရှားအောင်လို့ ကျွန်တော်ကို တယ်လီဖုန်းဆက်ပြီး ထပ်ပြော ပါတယ်။ သူလုံးဝလုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ သူ့မှာ အဲဒီသဘောထား မရှိဘူး။ လုံးဝပိတ်ပင်တားမြစ် တယ်ဆိုတဲ့ သဘောမျိုးကို သူကတိတိကျကျ ထပ်ပြောပါတယ်"
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ကိုကျော်ကိုကို ကပြောပါတယ်။
"ကျွန်တော်တို့ အနေနဲ့ကတော့ အမှတ်တရအနေနဲ့တော့ တစ်ခုခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့က ဒီဟာက အထင်ကရနေ့ တစ်ခုဖြစ်တဲ့အတွက် အခမ်းအနားတစ်ခု သို့မဟုတ် အမှတ်တရ တစ်ခုကို ကျင်းပပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ သဘောထားပါ"
အင်္ဂလိပ် ကိုလိုနီခေတ်မှာ စတင်ပေါ်ပေါက်လာပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂနဲ့ သမိုင်းဝင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး အာဏာသိမ်းလိုက်တဲ့ အစိုးရက ဖြိုခွဲဖျက်ဆီးလိုက်တဲ့ 7 July အဖြစ်အပျက်ဟာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်မှာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
၈၈ ကျောင်းသားတွေနဲ့ အာဆီယံအမတ်တွေ ဆွေးနွေး
2012-07-04
စင်ပြိုင် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့ ရန်ကုန်မြို့မှာ သွားရောက် တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ဒေသတွင်း အခြေအနေတွေ ဆွေးနွေးပြောဆိုကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်လာတာနဲ့အတူ ဒေသတွင်း နိုင်ငံတွေက လွှတ်တော်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ လိုသလို နိုင်ငံ တကာ အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးမှာလည်း AIPMC အခန်းကဏ္ဍက အရေးပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။
"အခုမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး စနေပြီဖြစ်တဲ့ အချိန်မှာ AIPMC ရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ဖို့၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝင်ရောက်နိုင်ဖို့ အတွက် AIPMC ရဲ့ သြဇာဟာ အရေးကြီးပါတယ်။ ပြီးတော့ အခုဆက်သွားမဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာလည်း AIPMC ဟာ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာယူထားတဲ့ ပါတီကပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီကပဲဖြစ်ဖြစ် ကိုယ်စားလှယ်တွေ ပါဝင်ပြီး တော့ ဆောင်ရွက်မယ် ဆိုလို့ရှိရင် တော့ ပိုပြီးတော့ အားကောင်းတဲ့ နားလည်မှုတွေ ရလာနိုင်တယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်"
ဒ့ါအပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် AIPMC နဲ့ ဆက်ဆံရေး လိုအပ်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။
"ပြီးတော့ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံ Chairmanship ကို ယူမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ AIMPC နဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"
AIPMC အဖွဲ့ ကိုယ်စားလှယ်တွေအဖြစ် လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ အပါအဝင် ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ခရိုင်ဆတ်လည်း ပါဝင်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကိစ္စတွေလည်း ပြောဆိုကြသလို ၈၈ မျိုးဆက် ခေါင်းဆောင် တွေအနေနဲ့ နိုင်ငံကူး လက်မှတ်ရလို့ အခွင့်အလမ်း ပေါ်လာရင် အာဆီယံ ဒေသတွင်းနိုင်ငံတွေကို လေ့လာရေးခရီး ထွက်ဖို့ကိုလည်း AIPMC က ဖိတ်ခေါ်သွားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ ၈၈ အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို သွားရောက် ရှင်းပြတာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ လွတ်လာပြီးတဲ့ အချိန်က စပြီးတော့ပေါ့လေ၊ ကျွန်တော်တို့ လုပ်ခဲ့ကိုင်ခဲ့တာတွေ၊ ကျွန်တော်တို့ အတွေ့အကြုံတွေ၊ နောက်ဆုံး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရ ရွှေမန်းနဲ့ တွေ့ပြီးတဲ့ အခြေအနေအထိပေါ့လေ၊ အဲဒီအချက်အလက် တွေကို ဒါ အန်တီ့အနေနဲ့လည်း တချို့ထည့်သွင်းစဉ်းစားလို့ ရအောင်ပေါ့လေ၊ အဲတာ ကျွန်တော်တို့ ပြောပြပါတယ်"
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ လက်ရှိ နိုင်ငံ့အပြောင်းအလဲမှာ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်း တရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေသလို အလုပ်သမား၊ လယ်သမား အရေးတွေမှာလည်း ပါဝင်ကူညီနေတာ တွေ့ရပါတယ်။
Ref: အာရ်အဖ်အေ
နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား
2012-07-04
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက် တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"
ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရ သီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
"ရန်ကုန် မန္တလေး အဝေးပြေးလမ်းနဲ့ နေပြည်တော် မြို့ပတ်လမ်းတဝိုက်နဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်းတွေ ပေါ့လေ၊ ဖျက်ခိုင်း နေတော့ ကျောင်းပေါင်းက ၃၀ ကျော်တယ်၊ စာရင်းပေါက်တာ။ အဲဒီထဲမှာက ကျွန်တော် ဥတ္တရသီရိက ကျောင်းပေါင်း ၂၀ ကျော်ပါ တယ်။ အဲတာကို မနက်ဖြန်ပေါ့လေ၊ ၅ ရက်နေ့ နောက်ဆုံးထားပြီးမှ ဖျက်မဖျက် အကြောင်းပြန်ဖို့ နေပြည်တော်ကောင်စီ စည်ပင် သာယာရေးကော်မတီ စီမံရေးရာဋ္ဌာနက အကြောင်းကြားတယ်တဲ့၊ ဘုန်းကြီးကျောင်းတွေကို"
ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်း က အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက် ပေး မယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါ တယ်။
Ref: အာရ်အဖ်အေ
လူထုအခြေပြုအဖွဲ့အစည်းတွင် လူထုများ ပါဝင်ရန်လိုအပ်ဟု KCSN ပြော
4 July 2012
နန်းယဉ်
ကရင်နီ(ကယား)ပြည်နယ်ရှိ ပြည်တွင်း၊ ပြည်ပ ကရင်နီလူထုအခြေပြုအဖွဲ့အစည်း CBOs အဖွဲ့များတွင် ပြည်သူလူထုများပါ ပါဝင် ဆောင် ရွက်ရန် လိုအပ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CBOs အဖွဲ့တခုဖြစ်သည့် ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်ဆောင်
ရွက်ရေးကွန် ယက် (KCSN) က ယနေ့ ပြောသည်။
ကရင်နီပြည်နယ်တွင် လူထုအတွက် အလုပ်လုပ်ပေးနေသည့် ပြည်ပ CBOs အဖွဲ့ ၅ခု နှင့် ပြည်တွင်း CBOs အဖွဲ့ ၉ခုရှိပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလအတွင်း ပြည်သူလူထုအတွက် ပိုမိုထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်ရန် ပြည်တွင်း နှင့် ပြည်ပရှိ CBOs တို့ ပူးပေါင်းပြီး ပြည်သူလူထုများပါ ပါဝင်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ CBOs အဖွဲ့များ ပူးပေါင်းသွားရန် ယခင်လ ဇွန် ၃၀ရက်နေ့က ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် workshop တခုကို လည်း ထိုင်း-မြန်မာနယ်စပ် မဲ့ဟောင်ဆောင်ခရိုင်တွင် ကျင်းပခဲ့သည်။
“ကျနော်တို့ ပြည်တွင်းက CBOs နဲ့ နယ်စပ်က CBOs တွေရဲ့ တာဝန်ရှိသူတွေ တွေ့ဆုံကြတယ်။ နောက်လည်း တွေ့ဆုံသွားဖို့ရှိတယ်။ အပြန်အလှန်ဆွေးနွေးဖို့လည်း လိုသေးတယ်။ ပြည်သူလူထုတွေ ပါဝင်လာအောင်လည်း လုပ်ဆောင်ရမယ်”ဟု KCSN ၏ ပြောရေး ဆိုခွင့် ရှိသူ ခူးမီရယ်က ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP သည် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့စဉ်က ကရင်နီပြည်နယ်အတွင်း အပစ် ခတ်ရပ်စဲရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများ စောင့်ကြည့်သွားရန် လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့ထားရှိရန် သဘောတူထားခဲ့ ကြသည်။
ယင်းကိစ္စကြောင့် KNPP က ကရင်နီပြည်နယ်အတွင်း ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရန်အတွက် ပြည်တွင်းရှိ လူထုအ ခြေပြုအဖွဲ့အစည်း CBOs တို့နှင့် ဇွန်လ ၁၁ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ခူးမီရယ်က “KNPP နဲ့ ကျနော်တို့ တွေ့တုန်းကတော့ အဓိက လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဘယ်လိုထားမလဲ။ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်သွားမလဲ။ ပြီးတော့ CBOs အနေနဲ့ပဲ သွားမှာလား။ ဒါမှမဟုတ် ပြည်သူလူထုအနေနဲ့ သွားမှာလား စတာတွေကို ဆွေး နွေးကြ တယ်။ ဒါပေမယ့် အကောင်အထည်တော့ မဖော်နိုင်သေးဘူး။ ရှေ့ဆက် ဆွေးနွေးဖို့တော့ အများကြီးလိုအပ်သေး တယ်”ဟု ဆက်လက် ပြောဆိုသည်။
ဇွန်လ ၆ရက်နေ့က KNPP နှင့် လက်ရှိအစိုးရတို့၏ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကရင်နီလူထုအခြေပြု လူမှုအသင်းအဖွဲ့များက ကြိုဆိုထောက်ခံကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးကို နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည် လေးစားမှု အပါအ ဝင် အချက် ၂၀ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
Ref: ကေအိုင်စီ
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဝင် ၅ သန်းကျော်ပြီ
ဖနိဒါ
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းရှိနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ယခုဆိုလျှင် မြန်မာအမျိုးသမီးများ၏ ဘဝသာယာလှပမှုအတွက် မွန်မြတ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက် ပေးနိုင်မှုများကြောင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းခဲ့သည့် ရှစ်နှစ်ကျော်ကလအတွင်း အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်က မိန့်ခွန်း ပြောခဲ့သည်။
ယမန်နေ ဇူလိုင်လ ၃ ရက်နေ့ ကျရောက်သော ယခင်နအဖနှင့် ယခုအစိုးရခေတ်တို့ သတ်မှတ်ခဲ့သော မြန်မာ အမျိုးသမီးများနေ့ အထိန်းအမှတ်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်ထိ အမျိုးသမီးရေးရာအဖွဲ့များက အခြားအဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ တနိုင်ငံ လုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို အစိုးရမဟုတ်သောအဖွဲ့ အစည်းအဖြစ် ထပ်မံဖွဲ့စည်းခဲ့သည်။
၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့က ယခင်အစိုးရက အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုး တက် ရေးတို့ကို ဦးဆောင်လမ်းညွန်ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာ နိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ထပ်မံ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်ခင်ဝင်းက ၂ဝ၁၁ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် အောင်မှတ် အများဆုံးရ ကျောင်းသူ မဖြတ်ရွှေရည်ထွန်းနှင့် ထူးချွန်အမျိုးသမီး ဒုတိယရဲမှူး တပ်ဖွဲ့ဝင် လ ၁၁၄၉၈၃ သင်းသင်းအေးတို့အား ဂုဏ်ပြုဆုများ ချီးမြင့်သည်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး၏ အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုံ တက်ရောက်ခဲ့သည်။
၂ဝ၁၂ ခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျေးလက် ဒေသနေ အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ အောက်ခြေ အမျိုးသမီးထု၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားချေးငွေ လုပ်ငန်းအား ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပညာရေး အ ထောက် အကူပြုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပြည်သူလူထု ကူးစက် ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဖော်ပြထားသည်။
ထို့ပြင် အဖွဲ့ချုပ်အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး။ ပြုစုပျိုးထောင်ရေး၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများ နှင့် ပတ်သက်၍ အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသည်။
Ref: မဇ္ဈိမ
ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်
မျိုးသန့်
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ် တော် အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့် တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင် သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော်သား လွှတ်တော် အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှ ပြန်လည်ရွေးချယ် ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။
ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ်မူတည်၍ မဇ္ဈိမကို ပြောသည်။
"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေးရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ်ထင်တယ်။" ဟု မဇ္ဈိမကိုပြောသည်။
တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသား လွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်း ပါရှိသည်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်သို့ တက်ရောက် ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။
လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထား သည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကို ဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ် များက ခန့်မှန်းကြသည်။
Ref: မဇ္ဈိမ
မွန်အမျိုးသား ကျောင်းဆရာတို့ ထောက်ပံ့ကြေး နည်းပါးခြင်းကြောင့် အခက်ကြုံဟုဆို
ကွန်းချမ်း
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ထောက်ပံ့ကြေး နည်းပါးမှုကြောင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုသို့ လွှဲပြောင်းခဲ့ သည့် မွန်အမျိုးသားကျောင်းမှ ဆရာ၊ ဆရာမအချို့ နှုတ်ထွက်သွားကြကာ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်ဟု မွန်စာပေအရေး ဆောင် ရွက်နေသူများက ပြောသည်။
“ဆရာ အများစုက အမျိုးသမီးတွေပေါ့နော်၊ အိမ်ထောင် မကျခင်ကဆိုရင် သူတို့အတွက် အခက်အခဲ မရှိပေမဲ့၊ အိမ်ထောင်လည်း ကျပြီးရော အခက်အခဲတွေကြောင့် စာဆက်သင်ဖို့ မဖြစ်တော့လို့ အနားယူသွားတာ များတယ်။” မုဒုံမြို့နယ်မှ မွန်ပညာရေး ရန်ပုံငွေ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူတဦး ဖြစ်သည့် နိုင်အောင်မွန်က ပြောသည်။
မွန်အမျိုးသား ကျောင်းဆရာ တဦးအား တလလျှင် ၂ဝ,ဝဝဝ ကျပ်သာ ထောက်ပံ့နိုင်ပြီး၊ အစိုးရကျောင်း မူလတန်းပြ ဆရာတဦး၏ လစာနှင့် ထောက်ပံ့ကြေးမှာ အနိမ့်ဆုံး ၈ဝ,ဝဝဝ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။
နှုတ်ထွက်သွားကြသည့် ဆရာ၊ ဆရာမ မြို့နယ်တမြို့နယ်လျှင် ဆယ်ဦးခန့်စီ ရှိမည်ဟု နိုင်အောင်မွန်က ခန့်မှန်းသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ဆရာ မလုံလောက်မှု ဖြစ်ပေါ်လာသည့် အခက်အခဲများကြောင့် မွန်အမျိုးသား ကျောင်းမှ ကျောင်းသူ ကျောင်းသားအချို့မှာ အစိုးရကျောင်းသို့ ပြောင်းရွှေ့သင်ကြားမှုလည်း ရှိကြောင်း သိရသည်။
ယင်းသို့သော အခြေအနေများကြောင့် ဆရာများအား ထောက်ပံ့ကြေး တိုးမြှင့်နိုင်ရန်အတွက် ဇွန်လလယ်ခန့်တွင် မွန်စာပေနှင့် ယဉ်ကျေးမူ ကော်မတီ ဗဟိုက ရန်ပုံငွေ ရှာဖွေရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ မြို့နယ်အသီးသီးရှိ ပြည်သူများနှင့် သံဃာ တော်များထံမှ ရန်ပုံငွေများ စုဆောင်းလျက် ရှိသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမူ ကော်မတီ ဗဟိုမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ပြောသည်။
“ရန်ပုံငွေ ဘယ်လောက်ရတယ်။ ကျနော်တို့ ဘယ်လိုဆက်စီစဉ်ရမယ် ဆိုတာတော့ ဒီလကုန်လောက်မှ အသေးစိတ်
ပြောနိုင်မယ်” ဟု သူက ပြောသည်။
ကျောင်းသား မိဘများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရုန်းကန်နေရသည့်အတွက် ယင်းတို့ထံမှ ငွေကြေး အမြောက်အမြား ရနိုင်မည် မထင်ကြောင်းနှင့် အဆိုပါကျောင်းများကို တာဝန်ယူရန်မှာ ကြီးလေးသည့် တာဝန်တခု ဖြစ်သည့်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုအတွက် စိန်ခေါ်မှုတရပ် ဖြစ်ကြောင်းလည်း နိုင်အောင်မွန် က ပြောသည်။
ယခင်က မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် ကျောင်းများအနက် မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်ရှိ ကျောင်းပေါင်း ၁၄၅ ကျောင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုသို့ လွှဲပြောင်း ပေးခဲ့ပြီး အဆိုပါကျောင်းများတွင် ဆရာ ဆရာမ သုံးရာကျော် ရှိကြောင်း သိရသည်။
မွန်ပြည်သစ် တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသများရှိ အမျိုးသားကျောင်းများနှင့် တွဲဖက်ကျောင်းများကို မွန်အမျိုးသား ပညာရေး ဌာန လက်အောက်တွင် ဆက် လက်ထားရှိဆဲ ဖြစ်သည်။
၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်းတွင် ကျောင်းသားဦးရေ ၃၅,၀၀၀ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
Ref: မဇ္ဈိမ
အစိုးရ၏ တောင်းဆိုမှုကြောင့် SSPP/SSA ရှေ့တန်းစခန်း နှစ်ခု ဆုတ်ခွာပေးမည်
ဖနိဒါ
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တောင်း ဆိုချက်အရ ရှမ်းပြည်ဖွံ့ဖြိုးရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA က ယင်းတို့၏ တပ်စခန်းနှစ်ခုမှ ဆုတ်ခွာ ပေးမည်ဟု SSA မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။
ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က SSPP/SSA အား ယင်းတို့၏ တပ်စခန်းမှ ဆုတ်ခွာ ပေးရန် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသဖြင့် တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်းတို့မှ နှစ်မိုင်ခန့် အကွာသို့ ဆုတ်ခွာပေးရန် ယနေ့ ဗဟိုကော်မတီစည်းဝေး ကျင်းပ၍ ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။
“မနေ့က ဦးသိန်းဇော်က ကျနော်တို့တပ်တွေ ဆုတ်ပေးဖို့ မေတ္တာရပ်ခံတာကို ကျနော်တို့လည်း တဆင့်ပြန်ဆုတ်ပေးဖို့ ဆုံးဖြတ် လိုက် တယ်။ သူတို့ တောင်းဆိုထားတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ဆက်သွယ်တဲ့ လမ်းမကနေ နည်းနည်းဝေးတဲ့ နေရာကို ဆုတ်ပေးဖို့ ကျနော်တို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါပြီ”ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။
ထို့ပြင် ဦးသိန်းဇော်၏ မေတ္တာရပ်ခံချက်အတိုင်း တပ်ဆုတ်ပေးလိုက်သော်လည်း SSPP/SSA တပ်များ ဆုတ်ခွာပေး သည့် အချိန်တွင် အစိုးရတပ်များ တပ်စွဲခြင်း မပြုရန်နှင့် ဆုတ်ခွာချိန်တွင် ပစ်ခတ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။
အစိုးရတပ်ဖွဲ့များ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူး ကားလမ်းတလျှောက် လမ်းကြောင်း ရှင်းလင်းလိုကြောင်းနှင့် ယခု တိုက်ပွဲဖြစ်ပွားမှုမှာ အစိုးရတပ်ဘက်မှ ထိခိုက်မှု များပြားသဖြင့် ပြန်လည် တိုက်ခိုက်သည့် အနေအထားဖြစ်သည်ဟု ဦးသိန်းဇော်က ပြောဆိုခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။
“သူတို့တောင်းဆိုတာက လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူးကားလမ်းပေါ် တမိုင်လောက် ဆုတ်ပေးဖို့ ပြောတယ်။ ကျနော် တို့က နှစ်မိုင် လောက် ဆုတ်ပေးမှာပါ။ ခုက မိုင်းအွန်မှာ လွိုင်ဖာဖိန့် တဝိုက်မှာရှိတဲ့ ကျနော်တို့ တပ်စခန်းငယ်နဲ့ ၇ မိုင် မှာရှိတဲ့ တပ်စခန်းတွေကနေ ခွာပေးလိုက်မယ်”ဟု သူက ဆက် ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ ပျက်ပယ်စေမည့် တိုက်ပွဲများ မဖြစ်ပွားလိုသဖြင့် ယင်းတို့ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက် ပြောသည်။
ယခု ဆုတ်ခွာပေးမည့် တပ်စခန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ငြိမ်းချမ်းရေး စတင်ယူခဲ့စဉ်ကတည်းက SSPP/SSA အဖွဲ့များ အခြေချခဲ့သည့် နေရာဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ဦးသိန်းဇော် နှင့် SSPP/SSA ကိုယ်စားလှယ်များ မန္တလေးမြို့တွင် တွေ့ဆုံပြီး SSPP/ SSA ရှေ့တန်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးခဲ့ပြီး ယခုတကြိမ်မှာ ဒုတိယအကြိမ် ရှေ့တန်း စခန်းမှ ထပ်မံ ဆုတ်ခွာပေးလိုက်ခြင်း ဖြစ်သည်။
SSPP/SSA ဗဟိုကော်မတီဝင် ၁၁ ဦးပါဝင်သော ဗဟိုကော်မတီ အစည်းအဝေးကို ဝမ်ဟိုင်း ဌာနချုပ် ၉ နာရီမှ မွန်လွဲပိုင်း ၁ နာရီထိ ပြုလုပ်ခဲ့ပြီး အတွင်းရေးမှူး (၃) စဝ်ကျော်လှ လက်မှတ်ဖြင့် ၎င်းဆုံးဖြတ်ချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပို့ရန် စီစဉ်နေသည်ဟု သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအနီးတွင် အစိုးရဘက်မှ လက်နက်ကြီးများဖြင့်ဆက်လက် ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် သုံးရက်အတွင်း ၁၂၀ မမ လက်နက်ကြီး ကျည်အလုံးပေါင်း ၁၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။
ယမန်နေ့ကလည်း တန်ယန်းမြို့နယ် မိုင်းကောင်းကျေးရွာအနီး SSPP/SSA ၏ ခုနှစ်မိုင်တပ်စခန်းသို့ အစိုးရ၏ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ အနီးကပ် ဝင်ရောက်လာ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
မြန်မာအစိုးရ တပ်ဘက်မှ ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနေသည်ဟု ခန့်မှန်းရပြီး SSPP/SSA ဘက်မှ ၆ ဦး ဒဏ်ရာရသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
Ref: မဇ္ဈိမ
လွတ်လပ်ရေးနေ့မှာ အမေရိကန်နိုင်ငံသားသစ်တွေကို အိုဘားမားကြိုဆို
04 ဇူလိုင် 2012
ဒေါ်လှလှသန်း
သမ္မတ ဘရက်ခ် အိုဘားမား ဟာ ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၂၃၆ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဲ့ဒီနေ့မှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူ ခဲ့ကြတဲ့ အမေရိကန်စစ်မှုထမ်း အုပ်စုတစုကို ဂုဏ်ပြုခဲ့ပါတယ်။ အခုလိုဂုဏ်ပြုတဲ့ အခမ်းအနားဟာ နိုင်ငံ ရဲ့မွေးနေ့လို့ ဆိုရမယ့် နေ့ထူးနေ့မြတ်ကို ဆင်နွှဲရာမှာ အသင့်တော်ဆုံးနည်းဖြစ်တယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Kent Klein ရဲ့ သတင်းလွှာကို ဒေါ်လှလှသန်း က တင်ပြ ပေးထားပါတယ်။
၁၇၇၆ ခု၊ ဂျူလိုင်လ ၄ ရက်နေ့က ဗြိတိန်လက်အောက်ကနေ အမေရိကန်ပြည်ထောင်စု လွတ် လပ်ရေး ကြေညာစာတမ်းကြီး လက် မှတ်ရေးထိုးခဲ့တာက တကယ့်ကိုထူးခြားပြီး ရဲရင့်ပြတ်သားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော် အရှေ့ ဘက် ခန်းမမှာ ပြောကြားခဲ့ပါတယ်။
“ဖီလဒဲလ်ဖီးယားခန်းမဆောင်မှာ ကိုယ်စားလှယ် ဒါဇင်အနည်းငယ်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့ တဲ့ ဗြိတိန်ကိုအာခံပြီး အမေရိကန် ပြည်နယ်တွေဟာ သွေးစည်းညီညွတ်ပြီး လွတ်လပ်တဲ့၊ သီးခြား ရပ်တည်နိုင်တဲ့ ပြည်နယ်တွေဖြစ်သင့်တယ်လို့ ကြေညာ ခဲ့ကြပါတယ်။ ၂၃၆ နှစ် အကြာဖြစ်တဲ့ အခု ချိန်မှာတော့ ဒီ အမေရိကန်ရဲ့သမိုင်းကြောင်းကို ကျနော်တို့ အံ့မခန်းဖြစ်ကြရပါတယ်။”
ဒီလို အမေရိကန်လွတ်လပ်ရေး သမိုင်းကြောင်းဟာလည်း ကမ္ဘာတဝှမ်းက အမေရိကန်ပြည်ထောင်စုကို လာရောက်အခြေချတဲ့ မျိုးဆက်ပေါင်းများစွာတွေရဲ့ အထောက်အကူမပါဘဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
“နိုင်ငံတွင်း အခြေချဖို့ လာကြသူများစွာကို ကမ္ဘာပေါ်မှာ အမေရိကန်လောက် ဘယ်နိုင်ငံကမှ နွေးထွေးစွာ ကြိုဆိုတာ မရှိပါဘူး။ ပြောင်းရွှေ့ အခြေချကြတဲ့ မျိုးဆက်သစ်တိုင်းရဲ့ မျှော်လင့်ချက်၊ အားမာန်နဲ့ အကောင်းဘက်ကို ရှေ့ရှုမှုတွေနဲ့အတူ အမေရိကန် ပြည်ထောင်စု အနေနဲ့ အစဉ်အမြဲ အားသစ်လောင်းခဲ့တာ ဖြစ်ပါတယ်။”
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဒီနှစ် လွတ်လပ်ရေးနေ့မှာတော့ နိုင်ငံခြားမှာမွေးဖွားခဲ့တဲ့ အမေရိကန် စစ်မှုထမ်း ၂၅ ဦးတို့ အတွက် မေ့မရနိုင်တဲ့နေ့ ဖြစ်ပါတယ်။ လက်တင်အမေရိက၊ အာရှနဲ့ အာဖရိက ၁၇ နိုင်ငံတို့က လာရောက်အခြေချခဲ့ကြတဲ့ စစ်မှုထမ်း ၂၅ ဦးတို့ဟာ အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ ကျမ်း သစ္စာကျိန်ဆိုပွဲမှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူခဲ့ကြပါတယ်။ အမေရိကန် စစ်ပွဲတွေမှာ အသက်စွန့် တိုက်ခိုက် ကူညီပေးခဲ့ကြတဲ့အတွက်ကြောင့်လည်း အမေရိကန်ပြည်ထောင်စုက သူတို့ ကို ကျေးဇူးပြန် ဆပ်တဲ့အနေနဲ့ နိုင်ငံသားအဖြစ် အမြန်နည်းနဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုင်ပေး ခဲ့သူကတော့ အမိမြေ လုံခြုံရေးဌာနဝန်ကြီး Janet Napolitano ဖြစ်ပါတယ်။
အမေရိကန် ကြည်း၊ လေနဲ့ မရိန်းတပ်ဖွဲ့ဝင် ၂၅ ဦးတို့ကို ဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနားမှာ သမ္မတ အိုဘားမားက အမေရိကန် လူဝင်မှု ကြိကြပ်ရေးပေါ်လစီကို ပြင်ဆင်ရာမှာ ခြုံငုံပြည့်စုံမှုရှိဖို့ ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။ အခုလို အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွေဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတွေးအခေါ်ပေါင်းစုံ စုစည်းရာနိုင်ငံ ဖြစ်တယ် ဆိုတာကို ဖော်ညွှန်းတဲ့အကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်ရှင်။
Ref: ဗွီအိုအေ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88