Tuesday, August 14, 2012

Mapco ဆန်စပါးကုမ္ပဏီက အစုရှယ်ယာ(၁)စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်ရောင်းချ

ရှုမဝအောင်(မြစ်မခ)
14 Aug, 2012

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီကုမ္ပဏီတစ်ခုဖြစ်လာနိုင်ရည်ရွယ်၍ အများပိုင်ဆန်စပါး ကုမ္ပဏီကြီး(Mapco)မှ ၄င်းအစု ရှယ်ယာများအား စတင်ရောင်းချပေးတော့မည်ဖြစ်၍ မည်သူအဆို ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်းက သိရသည်။

အဆိုပါ ရှယ်ယာများကို သြဂုတ်လ (၂၆)ရက်နေ့မှ စတင် ရောင်းချသွားမည်ဖြစ်ပြီး၊ ရှယ်ယာတစ်စုလျှင် ငွေကျပ် (၁သောင်း) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဆန်စပါးလုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

"ကျွန်တော်တို့ အစုရှယ်ယာတွေကို တစ်နှစ်တစ်ခါ ခွဲပေးပါမယ်။ တကယ်လို့ အဲ့ဒီရှယ်ယာတွေ မယူရင်လည်း အရင်းထဲကို ပြန် ထည့်ပေးပ့ါမယ်။''ဟု ဆန်စပါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

ရင်းနှီးမတည်ငွေကျပ် ဘီလျံ (၁ ထောင်) အထိမျှော်မှန်းထားပြီး ဈေးကွက်ရှယ်ယာအရေအတွက် ကန့်သတ်မည်မဟုတ်ကြောင်း သိရသည်။

ရှယ်ယာထည့်ဝင်ခြင်းနှင့် ပတ်သက်၍ အနည်းဆုံးရှယ်ရာ တစ်ခုမှ ရှယ်ယာ တစ်သိန်းအထိ အများဆုံး ဝယ်ယူနိုင်မည်ဖြစ်ပြီး ရှယ်ယာတန်ကြေး (၄ဝ) ရာခိုင်နှုန်းပေးချေရုံဖြင့် ရှယ်ယာဝင်ဖြစ် နိုင်မည်ဖြစ်သည်။

အများပိုင်ကုမ္ပဏီဖြစ်သည့်အတွက် ဆန်စပါးအားအဓိကထားလုပ်မည်ဖြစ်ပြီး အစုရှယ်ယာဝင်များ၏ အကျိုးမြတ်ကို ခွဲဝေကာ လယ် သမားများ၏ ကျန်းမာရေးကိစ္စများအပါအဝင် ချေငွေကိစ္စများအတွက် လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း ကုမ္ပဏီမှ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းတို့နှင့် ယှဉ်ပြိုင်ရန်အတွက် အများပိုင်ကုမ္ပဏီမှ ဈေးကွက်ယုံကြည်မှု အပေါ်မူတည်၍ယှဉ်နိုင် မည်ဟု ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောသည်။

''ပိုက်ဆံတစ်သောင်းနဲ့ကတော့ ဘယ်လယ်သမားမဆို ထည့်နိုင်မယ်လို့ မိမိတို့အနေနဲ့ယူဆပါတယ်။ တစ်နှစ်တစ်ခါ တိတိကျကျ ထုတ်ပြန်ဖို့တော့ လိုအပ်ပါတယ်။ ဒီပိုက်ဆံတစ်သောင်းဆိုတာက အပြင် မှာ အတိုးပေးတာထက် အခုလို ရင်းနှီးမြှပ်နှံမှုတစ်ခု လုပ် လိုက်တဲ့အတွက် ပိုကောင်းတယ်။ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ ထင်တယ်။'' ဟု ပဲခူးတိုင်းမြို့မှ လယ်သမားတစ်ဦး ဖြစ်သူ ဦးသန်းဝင်း က ပြောသည်။

Ref: မြစ်မခ

Read More...

ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးသွားမည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း

ရှုမဝအောင်(မြစ်မခ)
13 Aug, 2012

မြန်မာနိုင်ငံသတင်းစာဆရာအသင်း အနေဖြင့်သတင်းထောက်ကျင့်ဝတ်များအားသိရှိနားလည် စေရန်အတွက် သင်တန်းများ ပို့ချ သွား မည်ဖြစ်သလိုသတင်းထောက်များအား ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်း ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များထံကသိရှိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကို ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပ၍သြဂုတ် (၁၁)ရက်နေ့က ယုဇန ဂါးဒင်းဟိုတယ်တွင်ဗဟိုဦးစီးကော်မတီဝင်များအား မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းအတည် ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညီလာခံတွင် ရွေးကောက်ပွဲကော်မရှင်များအဖြစ် ဆရာမောင်ကိုနီ၊ဦးမောင်မောင်အေး၊ ဦးမျိုးအောင်၊ဒေါ်နန်းကလျာနှင့် ဦးမြင့် ထွန်းတို့က ဗဟိုဦးစီးအဖွဲ့ဝင်များ ထိုမှတဆင့် ဗဟိုအလုပ်အမှုဆောင်(၁၂)ဦးနှင့်အဖွဲ့ဝင်များအား အများပြည်သူ၏ ဆန္ဒမဲ အား ရယူကာရွေးချယ် တင်မြောက် ပေးခဲ့ခြင်း ဖြစ်သည်။

မဲစနစ်ဖြင့် ရွေးချယ်ရာတွင် သတင်းအေဂျင်စီအတွက် ၃ဦး၊အွန်လိုင်းမီဒီယာအတွက် ၃ဦး၊ရုပ်သံ မီဒီယာအတွက် ၃ဦးနှင့်ပုံနှိပ် မီဒီယာ အတွက် ၃၂ ဦး စသည်ဖြင့်သတင်းမီဒီယာလေးမျိုးအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သတင်းအေဂျင်စီအနေနှင့် မြစ်မခမီဒီယာမှ ဒေါ်မေသင်္ကြန်ဟိန်(၉၆)မဲ၊ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်း(၉ဝ)မဲ၊ ဂျေဂျေ သတင်းဋ္ဌာနကဦးအောင်သူမြိုင်က ရမှတ်(၆ဝ)မဲဖြင့်ရွေးချယ်ခံခဲ့ရသည်။

အွန်လိုင်းမီဒီယာအနေနှင့်ဖြင့် ဘလော့ဂါ ဦးနေဘုန်းလတ်(၉၈)မဲ၊ မဇ္ဈိမမီဒီယာက ဦးစိန်ဝင်း(၉၂)မဲ နှင့် မြစ်မခမှ ဦးအေးချမ်း ဟိန်က (၅၇)မဲဖြင့်အသီးသီးရွေးချယ်ခံခဲ့ရသည်။

ရုပ်သံမီဒီယာအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူ(၃)ဦးသာရှိသည့်အတွက် ဖူဂျီသတင်း ဌာနမှ ဒေါ်အိအိတင်၊ နီပွန် ရုပ်သံမှဒေါ်ဆင့်ဆင့်အောင်နှင့် ဗွီအိုအေမှ ဦးအောင်ရဲမောင်မောင်တို့အား ရွေးချယ်ခဲ့သည်။

ပုံနှိပ်မီဒီယာအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်သူ (၃၂)အတွက်မောင်ဝံသ(၁ဝ၂)မဲ၊ဦးကိုကို (၁ဝဝ)မဲ၊ဦးသီဟစော(၉ဝ)မဲ၊ ဦးမြတ် ခိုင်(၈၇)မဲ၊ဦးဝင်းငြိမ်း(၈၇)မဲ၊ဦးကျော်စွာမင်း(၈၂)မဲ၊ဦးဖိုးနိုင်လင်း (၇၈)မဲ၊ဦးဇေယျာမြတ်ခိုင် (၇၆)မဲ၊ဒေါက်တာဇော်သန်း(၇၄)မဲ၊ ဦးလှိုင်ဘွား(၇၂)မဲ၊ ဦးမျိုးမင်းထိုက်(၆၃)မဲ၊ ဒေါ်အိမ့်မှူးခင်(၆၃)မဲ၊ ဦးကြည်အောင်(၅၇)မဲ၊ဒေါက်တာစိန်စိန်သိန်း (၅၇)မဲ၊ ဦးအောင် နိုင်(၅၇)မဲ၊ဦးဇော်လင်း(၅၆)မဲ၊ဒေါ်ချိုအိဇင်(၅၃)မဲ၊ ဦးထွန်းဝင်း(၄၇)မဲ၊ဦးဘဦး(၄၇)မဲ၊ဦးရဲမင်းဦး(၄၄)မဲ၊ ဦးမျိုးမင်း ဦး(၄၄)မဲ၊ဦးစိန်ရွှေ(၄၃)မဲ၊ဦးအောင်မြင့်(၄၃)မဲ၊ ဦးခင်မောင်သိန်း(၄၃)မဲ၊ဦးဘသန်းတင်(၄၂)မဲ၊ဦးဝင်းကြည်(၄ဝ)မဲ၊ ဦးရန် နိုင်(၃၈)မဲ၊ ဦးမြင့်အောင် (၃၈)မဲ၊ ဦးခင်မောင်ဝင်း(၃၇)မဲ၊ ဦးမိုးကျော်မြင့်(၃၇) မဲနှင့်ဦးသက်အောင်ထွန်း(၃၅)မဲတို့ အသီး သီးဖြင့် ဗဟိုဦးစီးအဖွဲ့ဝင်များအနေဖြင့်ရွေးချယ်ခံခဲ့ရသည်။

အထက်ပါ ရွေးချယ်ခံကိုယ်စားလှယ် များနှင့်အတူတိုင်းဒေသကြီးနှင့်ပြည်နယ်များက ရွေးချယ်ခံ ဥက္ကဌများကလည်း ဗဟိုဦးစီး အဖွဲ့တွင် ပါဝင်ကြောင်း သိရှိရသည်။

ဆက်လက်၍ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရွေးချယ်ခံကိုယ်စားလှယ်(၅ဝ)ဦးကမဲစနစ်ဖြင့်ရွေးချယ်ခံကြရာ အလုပ်အမှုဆောင် အဖွဲ့ဥက္ကဌအဖြစ် ဦးစိုးသိမ်း(ခ)မောင်ဝံသ ၊ဒု ဥက္ကဌ(၁)ဦးကိုကို(စက်မှု)(၅ဝမဲ) ၊ဒု ဥက္ကဌ( ၂) ဦးသီဟစော၊ ဒုဥက္ကဌ( ၃) ဦးဝင်းငြိမ်း၊အတွင်းရေးမှူး ဦးဖိုးနိုင်လင်း၊တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမျိုးမင်းထိုက်၊ တွဲဖက်အတွင်းရေးမှူး(၂)ဦးကျော်စွာ မင်း၊တွဲဖက်အတွင်းရေးမှူး(၃)ဒေါ်မေသင်္ကြန်ဟိန်၊စာရင်းစစ်-ဦးအောင်သူမြိုင၊်ဘဏ္ဍာရေးမှူး-ဒေါ်ဆင့်ဆင့်အောင်၊ပြန်ကြားရေး-ဦးမြတ်ခိုင်၊နိုင်ငံခြားဆက်ဆံရေး ဦးအောင်လှထွန်းနှင့်ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် များအဖြစ်ဦးနေဘုန်းလတ်၊ဦးစောလင်းအောင် ၊ဒေါက်တာဇော်သန်း၊ဦးရဲမင်းဦး၊ဦးစိန်ဝင်း၊ ဦးဇေယျာမြတ်ခိုင်၊ဒေါ်အိအိမြတ်၊ ဦးအောင်ရဲမောင်မောင်နှင့် ဦးအေးချမ်းဟိန်တို့ကရွေး ချယ်ခံခဲ့ရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအနေဖြင့် အစည်းအဝေးကျင်းပမှုနှင့်ပတ်သက်၍ ဒုဥက္ကဌ(၂) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူ ဦးသီဟစောက ယခုကဲ့သို့ဆိုသည်။

မီဒီယာလောက်အတွင်းရှိ ဖြစ်ပျက်လာသည့်ပြဿနာအပေါ်မူတည်၍အသင်းအနေဖြင့်တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက် သွား မည်ဖြစ်ကြောင်းနှင့် သတင်းစာဆရာများအတွက်ပညာပေးဆွေးနွေးပွဲနှင့် သင်တန်းများလည်း ပြုလုပ်သွားမည်ဖြစ် ကြောင်းမြန်မာ နိုင်ငံသတင်းစာဆရာ များအသင်း ဥက္ကဌ ဦးစိုးသိန်း(ခ)မောင်ဝံသကအတည်ပြုပြောကြားခဲ့သည်။

Ref: မြစ်မခ

Read More...

အင်းလေးကန်မတိမ်ကောစေရန် ရုပ်သံပညာပေးဇာတ်လမ်းများဖြင့် အကာအကွယ်ပြုသင့်

ဝင့်သင်ဇာကျော် (မြစ်မခ)
13 Aug, 2012

အင်းလေးဒေသ၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများက ဟောပြောပွဲများ ပြုလုပ်နေမည့်အစား ရုပ်သံပညာပေးဇာတ်လမ်းတို ထုတ်လွှင့်ပြသခြင်းဖြင့်အင်းလေးကန် မတိမ်ကောစေရန် ကာကွယ်သင့်ကြောင်း တောင်ကြီး ဟိုတယ် ဇုန်ဥက္ကဌက အကြံပြုပြောကြားခဲ့သည်။

“အင်းသူအင်းသားတွေက နေ့ဘက်အလုပ်လုပ်ပြီးရင် ညနေဘက် အပြင်မထွက်တော့ဘူး တီဗွီကြည့်ကြတာ များတယ် ဟောပြော ပွဲလာဖို့ အချိန်မပေးကြတော့ဘူး” ဟု တောင်ကြီးဟိုတယ်ဇုန် ဥက္ကဌဒေါ်တင်တင်ရီက ပြောသည်။

ရုပ်မြင်သံကားမှဇာတ်လမ်းများပြသခြင်းဖြင့် ဒေသခံများ အသိပညာတိုးပွားအောင် ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံတကာမှလည်း အင်းလေးဒေသသို့ စိတ်ဝင်စားမှုမြင့်တက်ကာ လာရောက်လည်ပတ်မှု နှုန်းမြင့်မားလာနိုင်ကြောင်းကိုလည်း သုံးသပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးခရိုင် ပင်းတယမြို့နယ် ကျုံးကျေးရွာမှ ဒေသခံအချို့သည် တောင်ယာစိုက်ပျိုးခြင်း လုပ်ငန်း ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရသောကြောင့် ဟောပြောပွဲတက်ရောက်ရန် အခက်အခဲဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

“လေးလတစ်ရာသီသဘောမျိုးနဲ့ စပါးစိုက်ပြီး လေးလကြာရင် ဂေါ်ဖီစိုက်တယ်။ နောက်လေးလကြာရင် အာလူးစိုက်တယ် ။အဲ့ဒီ လိုနဲ့ဘဲ အချိန်ကုန်နေတော့ ဟောပြောပွဲတွေလာလုပ်ရင်တောင် မတက်ဖြစ်တာများတယ် ”ဟု ပင်းတယမြို့နယ် ကျုံးကျေးရွာမှ အသက်(၅ဝ)ကျော် ဦးထွန်းစိန်က ပြောသည်။

၂ဝ၁၁ ခုနှစ်အတွင်းတွင်NGO အသင်းအဖွဲ့များမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအနေဖြင့် လာရောက် ဟောပြော ခြင်းများ ပြုလုပ်နေသော်လည်း ယနေ့အချိန်ထိ ဒေသခံများမှာ ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ အသိတရား အားနည်းချက်များရှိနေ သောကြောင့် အင်းလေးကန်တိမ်ကောသွားနိုင်ကြောင်း ဟိုတယ်ဇုန်ဥက္ကဌက ဆက်လက် ပြော ကြားခဲ့သည်။

“Site effect သက်ရောက်ဖို့ဆိုရင်NGO အသင်းအဖွဲ့တွေရော အစိုးရပိုင်းကရော ဒေသခံတွေရောအကုန်ပူးပေါင်းပြီးတော့ လုပ်ဆောင်သင့်တယ် ပူးပေါင်းဆောင်ရွက်မှု မရှိရင်တော့ မကြာခင်အင်းလေးကန်က ကောသွားနိုင်တယ်”ဟု ဟိုတယ်ဇုန် ဥက္ကဌ ဒေါ်တင်တင်ရီက ပြောသည်။

ယခုနှစ်ပိုင်းတွင် လူမှုရေးလုပ်ငန်းပါဝင်မှု၌ လူငယ်များပါဝင်မှုများပြားလာသည်ကို တွေ့ရှိရသော်လည်း လူကြီးများမှာ စားဝတ် နေရေးအတွက် စီးပွားရေးလုပ်ကိုင်ခြင်း၊စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းတို့ဖြင့် အချိန်ကုန်ဆုံးမှုများ ပြားသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်မှု နည်းပါးနေသေးကြောင်း အင်းလေးဒေသရှိ လူမှုရေးအဖွဲ့အစည်း အသိုင်း အဝိုင်းက သိရှိရသည်။

အင်းလေးကန်တွင် ခရမ်းချဉ်သီးစိုက်ပျိုးရာ၌ ဓာတုဗေဒဓာတ်မြေသြဇာသုံးစွဲခြင်းကြောင့် ငါးမျိုးပြုန်းတီးရခြင်း၊ ရေဆိုးရေညစ် များ ဖြစ်ပေါ်ရခြင်းတို့ဖြစ်ပွားလာရကြောင်းကိုလည်း သိရှိရသည်။

သစ်ခုတ်မှုများပြားလာခြင်းကြောင့် ကမ္ဘာကြီးပူးနွေး လာကာ အင်းလေးကန်လည်း တိမ်ကောသွားနိုင်ကြောင်းကို လည်း ဒေသခံ တို့က ဆိုသည်။

“သစ်ခုတ်ရင်ဘယ်လိုဥပဒေနဲ့အရေးယူမယ်ဆိုပြီး သစ်ခုတ်တာတွေကို အခုတားမြစ်တာ မဟုတ်ရင် ကမ္ဘာကြီးပူနွေးလာ တာ ပိုဆိုးတော့မယ်” ဟု လွယ်ငြိမ့်ကျေးရွာအစုအဖွဲ့ပိုင်တောဥက္ကဌဦးစံထွန်းက ပြောသည်။

အင်းသူ၊ အင်းသားများသည် အဓိကအားဖြင့် ရေပေါ်တွင် ခရမ်းချဉ်သီးစိုက်ပျိုးခြင်း ၊ အိမ်ဆောက်ခြင်း ၊ခြေထောက်ဖြင့် လှေလှော် ကာ ငါးဖမ်းထွက်ခြင်းများ ပြုလုပ်လေ့ရှိုပြီး ကမ္ဘာလှည့်ခရီးသွားများ စိတ်ပါဝင်စားမှု များသည့် ဒေသဖြစ်သည်။

Ref: မြစ်မခ

Read More...

ကိုင်းတန်းဈေးမရွှေ့ရရေး ဦးဆောင်သူဟု ယူဆရသူများအား ရုံးထုတ်စစ်ဆေး

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
13 Aug, 2012


မန္တလေးမြို့ ကိုင်းတန်းဈေးမရွှေ့ရရေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသော ဈေးသူဈေးသားများ မှ ဦးဆောင်သူဟု ယူဆရသူ(၃)ဦး အား ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် သြဂုတ်လ(၁၃)ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့သည်။

အမှုတွင် တရားလိုအဖြစ် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအုန်းခင်မှဆောင်ရွက်ခဲ့ပြီး တရားခံဘက်က တရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က လိုက်ပါဆောင်ရွက်ခဲ့သည်။

ပထမဆုံးစတင်ကြားနာသောနေ့တွင် တရားလိုဖြစ်သူမြို့နယ်ရဲမှူး ဦးအုန်းခင်မှ ဈေးသည်များဘက်မှ ဦးဆောင်သူဟု ယူဆရသူ ဦးဝင်းဆွေမြင့် ၊ ဦးအေးသိန်း ၊ ဦးစိန်ထွန်းနှင့် ဦးညီညီကျော်တို့အားဥပဒေချိုးဖေါက်မှု ၊ဆူပူအောင် လှုံ့ဆော်မှု တို့ဖြင့်အရေးယူပေး ရန်တင်ပြခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ရိုက်ကူးထားသော မှတ်တမ်းတင်VCD အခွေအားသက်သေအဖြစ် ရုံးတော်သို့ တင်ပြခဲ့သည်။

ထိုသို့ရုံးတော်သို့ ဗီစီဒီအခွေအား သက်သေအဖြစ်တင်ပြခဲ့ခြင်းကိုတရားခံဘက်က လိုက်ပါဆောင်ရွက်ခဲ့သူ အထက်တန်းရှေ့နေ ဦးနိုင်နိုင်ထွန်းကအဆိုပါ ဗီစီဒီအခွေသည် သက်သေအဖြစ်တင်ပြနိုင်ခွင့်မရှိကြောင်းကန့်ကွက်ခဲ့သည်။

ထိုကဲ့သို့ ကန့်ကွက်ခဲ့မှုကို တရားသူကြီးမှ ပြန်လည်စီစစ်မည်ဖြစ်ပြီးနောက်တစ်နေ့တွင် လျှောက်လဲချက်ပေးရန် ညွှန်ကြားခဲ့ကာ ရုံးချိန်းကိုအင်္ဂါနေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

``မနက်ဖန်ကြရင် ဒါကိုလျှောက်လဲချက်ပေးရမှာပါ ၊ သက်သေခံဥပဒေအရတော့ဒါကတရားမ၀င်ပါဘူး ၊ ရုံးက လက်ခံရင်တော့ ဒါကိုတော့ငြင်းလို့မရဘူး ၊သက်သေခံအမှတ်သားတစ်ခုကို လက်ခံယုံနဲ့တော့ ဒီဟာကို အမှန်ပါလို့တော့အမှုကိုယူဆလို့မရဘူး ´´ ဟု တရားခံများဖက်မှ လိုက်လံအမှုစစ်ဆေးသူ အထက်တန်း ရှေ့နေဦးနိုင်နိုင်ထွန်းက ပြောကြားသည်။



အဆိုပါအမှုအား (၁၆၄၀ /၂၀၁၂ )ဖြင့်လက်ခံထားကာချမ်းအေးသာစံမြို့နယ်တရားရုံးတွင် သြဂုတ်လ(၁၃)ရက်နေ့ နေ့လည် (၁)နာရီတွင် စတင်ကြားနာစစ်ဆေးခဲ့ပြီး စစ်ဆေးချိန် မိနစ်လေးဆယ်ခန့်ကြာမြင့်ခဲ့သည်။

Ref: မြစ်မခ

Read More...

သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမှ လူ(၃ဝဝဝ)ဝန်းကျင် ရေဘေးသင့်

ထက်အောင်ခန့် (မြစ်မခ)
13 Aug, 2012

မြဝတီမြို့တွင် ရက်ဆက်မိုးနှင့်အတူ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေပေါင်း ၆ဝဝ ကျော်ရေနစ်မြုပ်၍ ဒေသခံများ ရေ ဘေးဒုက္ခရောက်ခဲ့ကြသည်။

မိုးဆက်တိုက်၇ွာသွန်းမှုကြောင့် သြဂုတ်လ(၉)ရက်နေ့မှ စတင်ရေကြီးမှုဖြစ်ပေါ်လာသည်။ ဒေသခံစုစုပေါင်း (၂၉ဝဝ)ကျော် ရေဘေးသင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''သောင်ရင်းမြစ်ရေမြင့်တက်လာတာနဲ့အတူ မိုးကပါရွာတော့ရေက တော်တော်ကြီးသွား တာပါ။ ကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့်တပြေးညီကယ်တင်နိုင်တဲ့အတွက် လူတော့ အသေအပျောက် မရှိပါဘူး။ '' ဟု မြဝတီမြို့စေတနာ နာရေးကူညီမှု အသင်း ဥက္ကဌ ဖြစ်သူ ဦးလှထွန်းက ပြောသည်။

မိုးရေများကြောင့် သောင်ရင်းမြစ်ရေအမြင့်မှာ ၇၅ဝ စင်တီမီတာခန့်ထိ မြင့်တက်သွားကာ သြဂုတ်လ(၁၂)ရက်နေ့မှ ရေအ နည်း ငယ် ပြန်လည်ကျဆင်းလျှက်ရှိကြောင်း သိရသည်။ ထို့သို့ ရေကျနေသော်လည်း အနိမ့်ပိုင်းရပ်ကွက် များတွင်မူ ရေနစ်မြုပ်မှု ခံနေ ရဆဲဖြစ်သည်။

မြဝတီမြို့ရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ရေပူ ကျေးရွာနှင့် အမှတ် (၅) အောက် ဘက်ခြမ်း ရှိ နေရာများနှင့်အမှတ်(၂)ရပ်ကွက်အောက် ဘက်ခြမ်း၊ ရေပူကျေးရွာနှင့် အမှတ်(၅) အောက်ဘက်ခြမ်းတွင် ယခု တိုင် ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နေပြီး ကျန်ရပ်ကွက်များတွင်မူ ရေအနည်းငယ်ပြန်ကျနေခြင်းဖြစ်သည်။

အဆိုပါနေရာများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိကာ ရေဘေးသင့်ပြည်သူ များအား အစားအစာနှင့် အဝတ်အထည် များ အားပေးဝေလျှက် ကူညီဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် တောရဘုန်းတော်ကြီးကျောင်း၊ ကြံခင်းဘုန်းတော်ကြီးကျောင်း၊ ဆွမ်းလောင်းဓမ္မာရုံ၊ ရေပူကျေးရွာရှိ ဘုန်းတော် ကြီးကျောင်းစသည့် ဘုန်းကြီးကျောင်း များတွင် ရေဘေးဒုက္ခသည်များ လာရောက်ခိုလှုံနေကြသည်။

ရေဘေးဒုက္ခသည် ကျား ၁၄၇၂ ယောက် နှင့် မ ၁၄၅၉ ယောက်တို့ရှိကြောင်း နာရေး ကူညီမှုအသင်းမှ ကောက်ခံရရှိ သည့် စာရင်းများအရ သိရသည်။

၁၉၉၄ ခုနှစ်ကလည်း ယခုထက်ပိုမိုဆိုးရွားစွာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အဲ့အချိန်တွင် မြဝတီ တစ်မြို့လုံးရေနစ်မြုပ်လု နီးပါးဖြစ်ပေါ်ခဲ့ ဘူးကြောင်း ဦးလှထွန်းက ထပ်မံပြောကြားသည်။

Ref: မြစ်မခ

Read More...

ခရီးသည်တင်ယာဉ်တင်သွင်း၍ ရပ်တင်ချစနစ်အား အကောင်အထည်ဖော်သွားမည်

ယမင်း (မြစ်မခ)
13 Aug, 2012

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ခရီးသည်တင်ယာဉ်များတင်သွင်း၍ ရပ်တင်ချ စနစ်အား (၃)လ တွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာနက သိရှိရသည်။

"ဂျပန်ကားကုမ္ပ္ပဏီနဲ့ ပူးပေါင်းပြီးတော့ (၃)လတွင်း အကောင်အထည်ဖော်သွားမယ်။ အခု MIC တင်ထားတုန်းပါ။ အဲဒီကခွင့်ပြု ပါမစ်ရရင် ၂လ ၃လအတွင်း ပြေးဆွဲနိုင်အောင် လုပ်ထားတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ ဝင်ငွေလည်း ရမယ်။ ခရီး သည်တွေလည်း အချိန်ကြန့်ကြာမူတွေ သက်သာစွာနဲ့ သွားလာနိုင်မယ်''ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ ဆောင်ရေးမှ အင်ဂျင်နီယာချုပ် ဦးသန်းထွန်းက ပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်များအား မြန်မာနိုင်ငံကုန်းလမ်းပို့ဆောင်ရေးနှင့် ဂျပန်နိုင်ငံ ICE – Group Japan Car Co.ltd မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ သတ်မှတ်နှုန်းထားအတိုင်း ပြေးဆွဲမည်ဖြစ် ကြောင်း၊ ပြေးဆွဲမည့်ယာဉ်လိုင်းများအား ရန်ကုန်တိုင်းဒေသကြီးနှင့် မထသတို့ဖြင့် ညှိနိုင်း၍ ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

''အခုလိုယာဉ်လိုင်းတွေ ထပ်တိုးချဲ့မယ်ဆိုတော့ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အထူးကားတွေဆိုရင် ခုံပြည့်သွား ရင်လဲ လူထပ်တင်တာပဲ။ ရိုးရိုးကားတွေဆိုရင်လည်း မှတ်တိုင်တစ်တိုင်နဲ့ တစ်တိုင်အကြာကြီးရပ်တယ်။ အခုဆိုရင်လည်း အထူး ကား တွေလဲ မှတ်တိုင်အကြာကြီးရပ်တာတွေပါရှိလာတယ်''ဟု အစိုးရရုံးဝန်ထမ်းတစ်ဦး မမျိုးမျိုးက ပြောသည်။

မြန်မာနိုင်ငံကုန်းလမ်းပို့ဆောင်ရေးသည် လွန်ခဲ့သောနှစ် (၂ဝ)ခန့်မှ စတင်တာ ယာဉ်လိုင်းများပြေးဆွဲမူ လျော့နည်း လာခဲ့ပြီး လက်ရှိတွင် ကျောင်းဖယ်ရီ၊ အဝေးပြေးယာဉ်၊ ရုံးဝန်ထမ်းကြိုပို့ယာဉ်များအဖြစ်သာ ပြေးဆွဲမူရှိခြင်းနှင့် ယခုကဲ့သို့ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးမူပြန်လည်ဆောင်ရွက်ရခြင်းမှာ ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရခြင်း၊ ခရီးသည်များပြည်ကြပ်ခြင်း စသည့် ဒုက္ခများမှ အဆင်ပြေစေရန် အတွက်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးဌာနက သိရသည်။

''ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ဖြစ်လာဖို့ အတွက်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဟာ အရမ်းအရေးကြီးပါတယ်။ စက်သုံးဆီစွမ်း ဆောင်မှုကောင်းမွန်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မူအနည်းဆုံးဖြစ်စေမယ့် မော်တော် ယာဉ်သစ်တွေနဲ့ လက်တွဲပါဝင် ကြိုးဆောင်ရွက်သွားမယ်'' ဟု ဂျပန်နိုင်ငံ( ICE – Group Japan Car Co.ltd )မှ ဥက္ကဌ Mr. Kazuhisa Iwamoto က ပြောသည်။

မြန်မာနိုင်ငံရှိ ပြည်သူများ သွားလာမှု လွယ်ကူစေရန် ပထမအဆင့်အနေဖြင့် မြို့တွင်းပြေးဆွဲမည့် ခရီးစဉ် ရေးဆွဲ ခြင်း၊ ဒုတိယ အဆင့်အနေဖြင့် အချိန်မှတ်ထွက် အချိန်မှန်ရောက်စနစ်ရရှိရန် ဆောင်ရွက်ခြင်း၊ တတိယအဆင့် အနေဖြင့် ငွေကြေးများ အသုံး ပြုခြင်းမရှိသော ကတ်ပြားစနစ်ကိုအသုံးပြုနိုင်သည့် စနစ်သို့ ပြောင်းလဲ ဆောင်ရွက် မည်ဖြစ်ကြောင်း ဂျပန်ကားကုမ္ပဏီက သိရှိရ သည်။

Ref: မြစ်မခ

Read More...

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

2012-08-13

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက် နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့  တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်ထားပြီး (၂၀၁၅) ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခု ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာအီးဂရက်အဖွဲ့  ဥက္ကဋ္ဌ ဦးတင်မောင် သန်းက ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်အစိုးရလည်း မဟုတ်ဘူး။ အစိုးရတစ်ဖွဲ့လုံးကို ကျွန်တော်ကိုယ်စား မပြုဘူး။ ဒါပေမဲ့ ကျွန်တော်သိတဲ့ လူ ၃ ယောက် ကို ကျွန်တော်ပြောပါမယ်။ သမ္မတကြီး ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ၃ ယောက်ကတော့ ကျွန်တော်တို့နဲ့ သေချာ နားလည်မှု ရှိပါတယ်။ အဲဒီနားလည်မှုက ဘာလဲဆိုတော့ အစိုးရအဖွဲ့မှာ ဒီနိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ တိုင်းရင်းသား အဖွဲ့အစည်း တွေပေါ်မှာ သူတို့ပြောထားတဲ့ principal လေးတွေကလွှဲလို့ ကျန်တဲ့ဟာ preparation ဘာမှမရှိပါဘူး။ Political dialogue က open ပါ။ အဲတော့ ဘယ်လောက်ကြာမလဲ မေးရင် ကျွန်တော်အဲဒီ မေးခွန်းဖြေရရင် တိုင်းရင်းသား အဖွဲ့အ စည်း တွေပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ယူသလောက် ကြာပါမယ်။ ဒါပေမဲ့တော့ ဘာလဲဆိုတော့၊ နောက်ဆုံးအဆင့် တစ်ခု အနေနဲ့ကတော့ ၂၀၁၅ ဒီအစိုးရ သက်တမ်းမကုန်ခင်မှာ အဖြေတစ်ခု ထုတ်ဖို့တော့ လိုတယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"

ဒီကနေ့ အခမ်းအနားဟာ ကချင်ဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ အခမ်းအနား စီစဉ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာနန်က RFA ကိုပြောပါတယ်။

"သူတို့ဆီ ဒီလူ့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ တစ်ဖက်တလမ်းကနေ လုပ်ဆောင် နေကြပါတယ်။ အဲတော့ အခု အခြေအနေမှာ သမ္မတကြီးရဲ့ မိန့်ခွန်းကြောင့်လည်း လမ်းစပိုပြီးတော့ ပွင့်လာတာပေါ့လေ။ အဲတာ ကြောင့် ဒီလူမှု အဖွဲ့အစည်းတွေ အနေနဲ့လည်း ဘယ်လို ပါဝင်လုပ်ဆောင်ရမလဲ ဆိုတဲ့ဟာကို ဝိုင်းပြီးတော့ ဆွေးနွေးဖို့ ဖြစ်ပါ တယ်။ ကျွန်မတို့ ဒီနေ့ပွဲဟာ ဆိုလို့ရှိရင် ကချင် ငြိမ်းချမ်းရေး အတွက်လည်း ပါသလို တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် မှုကိုလည်း ဦးတည်ပါတယ်"

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး ဒုတိယ အကြီးအကဲ Mr. Arne Jan Flolo၊ TransNational Institute က Mr.Tom Kramer ၊ မြန်မာအီးဂရက် ဥက္ကဋ္ဌ ဦးတင်မောင်သန်း စတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်ဆွေးနွေးခဲ့ ကြပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသား အဖွဲ့အစည်း (၅၇) ဖွဲ့က ကိုယ်စားလှယ်တွေ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ် (၂၀၀) လောက်တက် ရောက်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို NLD တရားစွဲ

2012-08-13

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ ချိတ်ဆွဲရေးကို ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်မရှိဘဲ NLD ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်း ဆောင်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။

တွံတေးမြို့နယ် NLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက -

"တွံတေးမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ညွန့်ကို ကျွန်တော်တရားတင် စွဲတယ်။ ဘာဖြစ်လို့လဲဆို တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်တွေ လိုက်ရောက် တင်တာကို ဟန့်တားနှောင့်ယှက်တယ်။ တားဆီး ပိတ်ပင် တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က တရားတင်စွဲတာ"

ဒီအမှုကို မြို့နယ်တရားရုံးက အခုလ ၂၇ ရက်နေ့မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ တွံတေးဒေသခံ NLD ပါတီဝင်တွေဟာ ပါတီ စည်းရုံးရေးအတွက် ကျေးရွာတွေမှာ ဆိုင်းဘုတ်စိုက်ထူဖို့ကို ဒီလ ၃ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ စာ တင်ခဲ့တာကို ကော်မရှင်က ခွင့်မပြုဘူးလို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး

2012-08-13

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည် ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"နေ့ခင်း ၁၁ နာရီ ကျော်ကျော်လောက်မှာ အဲဒီကနေ တောက်လျှောက်တွေ့တာ နေ့လည် ၁၂ နာရီခွဲလောက်အထိ အဲဒီမှာ တွေ့ပါတယ်။ သီးသန့်လာပြီးတော့ ဖိတ်ကြားပြီးတော့ အဲတာ ဆွေးနွေးတာ။ ဘာတွေဆွေးနွေးလဲ မပြောပါဘူး။ ဘာမှ ထပ်ပြီး ထုတ်ပြန်ဖို့ မပြောဘူး။ မနေ့က ဆွေးနွေးချက်တွေလည်း မပြောဘူး"

လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေး ခဲ့ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ပါဝင်တဲ့ တချို့ပုဒ်မတွေကို အတည်ပြုကြောင်းလည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရိုဟင်ဂျာဒုက္ခသည်တွေကို UAE နိုင်ငံက ကူညီမည်

2012-08-13

အာရပ်စော်ဘွားနိုင်ငံများ ပြည်ထောင်စု ခေါ် UAE နိုင်ငံရဲ့သမ္မတ Sheikh Al Nahyan က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သူက တခြား ကမ္ဘာ့နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံအတွင်းက ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့ မူဆလင် ရိုဟင်ဂျာများ အရေးကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မနေ့ကလည်း ဆော်ဒီအာရေးဗီးယားဘုရင် Abdullah ကလည်း မြန်မာနိုင်ငံက အဖိနှိပ်ခံ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို အမေရိကန် ဒေါ်လာသန်း ၅၀ အကူအညီပေးမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး စတင်စစ်ဆေး

2012-08-13

ရန်ကုန်မြို့ အင်းစိန်ပန်းခြံအနီးမှာ ဆက်လက် ဈေးရောင်းချခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လမ်းဘေး ဈေးသည် (၁၁) ဦး ကို တရားမ၀င် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတယ်လို့ သိရပါ
တယ်။

အဲဒီ ဈေးသည် ၁၁ ဦးကို စစ်ဆေးပြီးတဲ့နောက် ကိုယ်ပိုင် ခံဝန်ချက်ပေးပြီး နောက်တစ်ပတ် အင်္ဂါနေ့ကို ရုံးချိန်းထပ်မံ သတ်မှတ် လိုက် တယ်လို့ ဈေးသည်တွေရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။

ဈေးရောင်းချခွင့် ပြန်လည်ရရှိဖို့ သြဂုတ်လ ၆ ရက်နေ့က တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည်တွေကို ရဲဘက် က အဲဒီနေ့ ညနေ ၃ နာရီမှာ ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် အဲဒီနေ့ ညပိုင်းမှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့နှစ် (၂၀) လောက်ကတည်းက ဈေးရောင်းချလာခဲ့တဲ့ ဈေးသည် တစ်ရာကျော်ကို အဲဒီနေရာမှာ လုံးဝ ဈေးမရောင်းတော့ဖို့ သြဂုတ်လ ၃ ရက်နေ့စလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့ အတွက်ကြောင့် ဈေးသည်တွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး ရေးသားဖော်ပြ

2012-08-13

ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး Willam Hague က မြန်မာနိုင်ငံ အတွင်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းရဲ့ အသီးအပွင့်တွေကို မြင်နေရပေမယ့် နိုင်ငံအတွင်းမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။

နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားရအောင် အကြမ်းဖက်မှု ပြုလုပ်သူတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူခြင်းအားဖြင့် ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ တင်ပြချက်တွေအရ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေးနဲ့ အခင်းဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူညီတွေကို အပြည့်အ၀ ရရှိစေရေး၊ နေရပ် စွန့်ခွာခဲ့ရတဲ့ အုပ်စုနှစ်ခုစလုံးက လူတွေ မူလနေထိုင်ရာ ရပ်ရွာတွေကို လုံခြုံစွာ ပြန်လာနိုင်ရေး၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားစဉ်က ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည် ရရှိဖို့ ထောက်ပံ့ ကူညီရေးတွေကို မိမိတို့က ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံသားဖြစ်ခွင့်ရရေး အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ နောက်ထပ် အတင်းအဓမ္မ နေရာရွှေ့ပြောင်းနေရခြင်းတွေ မရှိအောင် ကာကွယ်ဖို့အတွက် ရေရှည် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းတစ်ခု ရှာဖွေ ဖို့လည်း လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြဿနာဖြစ်ပွားတဲ့ ဒေသတွေအတွင်း နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ အခင်းဖြစ်ပွားစဉ်မှာ လုံခြုံရေး တပ်သားတွေက လူ့အခွင့်အရေး ချိုးဖောက်ပြီး အကြမ်းဖက် နှိမ်နင်းခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်လို့လည်း သေသေချာချာ စုံစမ်းဖော်ထုတ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ထိထိရောက်ရောက် အရေးယူရမယ်လို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးရဲ့အင်တာနက် စာမျက်နှာမှာ ရေးသား ဖော်ပြ ထားပါတယ်။

Ref: အာရ်အဖ်အေ

Read More...

နေရာအစားပြန်ပေးဖို့ တောင်းဆိုဆန္ဒပြ

2012-08-13

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း အစိုးရမြေပေါ် ကျူးကျော်နေထိုင်သူတွေကို လျော်ကြေး တစ်သိန်းပေးပြီး အပြီးအပိုင် ဖယ် ရှားခိုင်းတဲ့အတွက် အဲဒီမှာနေထိုင်နေသူ (၁၅၀) လောက်က နေရာအစားပြန်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ မနက် ပိုင်းက တူညီဝတ်စုံဝတ်ပြီး စက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့မှာ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်အိမ် ၉၀ ကျော်ကို အာဏာပိုင်တွေက သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားခိုင်းတဲ့အတွက် နေထိုင်သူတွေက တခြားနေရာ တစ်ခုမှာ နေစရာ အစားပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာလို့ ဆန္ဒပြသူ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ နေရာတစ်ခုရဖို့ ရည်ရွယ်ချက်ပါ။ သူတို့ကတော့ အဲဒီနေရာကို ၁၅ ရက်နေ့ နောက်ဆုံးဖယ်ပေးပါ။ ကျွန်မတို့က ခက်ခဲလို့ မထွက်တာ အမှန်ပဲ။ တခြားမိသားစုတွေလည်း ဒီလိုပဲ ခက်ခဲနေကြတာပဲ။ သူတို့မှာလည်း ကျောင်းသား တွေရှိတယ်။ စားဝတ်နေရေး ဒီလိုပေါ့နော်။ ရေတွေကြီး၊ မိုးတွေကအကြိုက်ကိုရွာ အဲဒီလိုရွာနေတဲ့ အခါကျတော့ ပြောင်းဖို့၊ ရွှေ့ဖို့ ဒီပိုက်ဆံ တစ်သိန်းနဲ့ အစ်မကြီးတို့ ဘယ်လိုလုပ်မလဲ။ အိမ်စဘော်တောင် မရှိဘူး။ မဖြစ်မနေပြောင်းရမယ်ဆို ဘယ်ကို သွားရ မလဲ။ အစီအစဉ်တောင် မရှိဘူး။ ပိုင်ဆံပေးပြီးနေရတဲ့ အတွက် အစ်မတို့ကို သူတို့နေရာ တစ်ခုပြန်ပေးသင့်တယ်။ မပေးပဲနဲ့ ထွက်ခိုင်းတော့ အစ်မတို့မှာ ဘာဖြေရှင်းရမလဲ"

အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ ၈ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ် လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ မနက် ၁၀ နာရီကနေ နေ့လည် ၁၂ အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေ ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက တစုံတရာ တားဆီး နှောင့်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ် စောင့်ကြည့်တာတွေ ရှိခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ် အများစုဟာ အဲဒီနေရာမှာ နေထိုင်လာတာ ၅ နှစ်ကနေ ၁၀ နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။ နေထိုင်ဖို့အတွက် ရပ်ကွက်အာဏာပိုင်တွေကို ငွေကျပ် နှစ်သောင်းခွဲ လောက် အထိ ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

အဲဒီ အတောအတွင်း အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက် စက်မှု (၁) ၀င်းထဲမှာရှိတဲ့ ဆိုင်ခန်း ၂၀ ကျော်ကိုလည်း အခုသီတင်းနှစ် ပတ်အတွင်း ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေက သမ္မတရုံးကို လက်မှတ်ရေးထိုး တင်ပြထားသလို ၈၈ မျိုးဆက် ကျောင်းသားတွေကိုလည်း အကူအညီ တောင်းခံထားတယ်လို့ ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကိုင်းတန်းညဈေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦး ဆူပူလှုံ့ဆော်မှုနှင့် စစ်ဆေးမည်

2012-08-12

အခုလ (၆) ရက်နေ့ ညက မန္တလေးမြို့ ကိုင်းတန်းညဈေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုအေးသိန်းအပါအ၀င် အဖမ်းခံခဲ့ရသူ (၃) ဦးကို ဒီကနေ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ အဲဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြောပါတယ်။

ကိုအေးသိန်းနဲ့အတူ ကိုင်းတန်း ဈေးသည်များအဖွဲ့ ခေါင်းဆောင် ဦးဝင်းဆွေမြင့်နဲ့ ဂျာနယ်ရောင်းချသူ ဦးစိန်အောင်တို့ အဖမ်းခံ ခဲ့ရပါတယ်။ ဒါပေမဲ့ ဦးဝင်းဆွေမြင့်ဟာ အဲဒီညက ဆန္ဒပြပွဲမှာ မပါဝင်ခဲ့ဘဲ ဈေးသည် ကိုယ်စားလှယ် တစ်ဦးအဖြစ် မြို့တော်ဝန်နဲ့ တွေဆုံဆွေးနွေးခဲ့ပြီး တရားဝင် ဆန္ဒပြဖို့အတွက် လျှောက်လွှာတင်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို မိသားစုကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေပြီး ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီး သွားတာကြောင့် မိသားစုမှာ ဒုက္ခကြုံတွေ့ နေရကြောင်း ဦးဝင်းဆွေမြင့်ရဲ့သမီးဖြစ်သူ မမကြီးက ပြောပါတယ်။

"သမီးတို့ အဖေ အဲဒီလိုမျိုး ခေါ်သွားတဲ့အတွက် စားဝတ်နေရေးအတွက် မကဘူးပေါ့နော်။ သမီးတို့မှာ ညီအစ်မ လေးယောက်ရှိပါ တယ်။ ကျောင်းသူတွေပါ။ အမှန်တရားအတိုင်း ရိုးသားစွာ စားဝတ်နေရေးကို ဖြေရှင်းနေတဲ့ လူတစ်ယောက်ကို ဒီလိုမတရား လုပ် သွားတာဟာ ဒီသမ္မတကြီး ပြောနေတဲ့ လူမှုရေး စီးပွားရေးမှာ နိုင်ငံတော် အစိုးရ တစ်ခုတည်းနဲ့ ဆောက်တည်လို့ မရဘူး။ ပြည်သူ ပြည်သားတွေ တတ်နိုင်တဲ့ဘက်က နေပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှသာလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မယ် ဆိုတဲ့ စကားက၊ စကားပဲလား ပြည်သူ ပြည်သားတွေကို တကယ်ပဲ ငြိမ်းချမ်းစွာ လုပ်ပေးချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ လုပ်ပေးတာလား၊ အဲဒီလိုမျိုး လုပ်ပေးတယ်ဆိုရင် သမီးအဖေ ရိုးသားစွာနဲ့ ရှာဖွေ စားသောက်နေတဲ့ လူတစ်ဦးအပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ် ချက် ကိုပဲ ချပေးစေချင်ပါတယ်။ မတရားမှုကို မလုပ်စေချင်ပါဘူး"

တရားစွဲဆိုခံရသူတွေကို ဒီကနေ့ ရုံးထုတ်တဲ့အခါ အာမခံရရေး ဆောင်ရွက်သွားမယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။


Ref: အာရ်အဖ်အေ

Read More...

၈၈ မျိုးဆက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပ

2012-08-12

ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မနေ့က ပခုက္ကူခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေး စတင်ချိန်က အရေးပါခဲ့တဲ့ အလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြိုင်မြို့ နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

"မနက်စောစောပိုင်းမှာ ကျွန်တော်တို့ ပခုက္ကူအလယ်တိုက် ခေါ်တာပေါ့နော်။ အဲဒီနေရာက ကျွန်တော်တို့ ရွှေဝါရောင် တော်လှန် ရေး အစမှာ အများကြီး အထောက်အကူ ပြုခဲ့တဲ့ ကျောင်းတိုက်တွေပေါ့ဗျာ။ အစည်းအဝးတွေ ဘာတွေလုပ်ခဲ့တဲ့ ကျောင်းတိုက်၊ အဲဒီက ဆရာတော်ကြီးဆီကို ကျွန်တော်တို့သွားပြီး သင်္ဃန်းသွားကပ်တယ်လေ။ အဲဒီကနေ ကျွန်တော်တို့ မြိုင်မြို့နယ်၊ ဆရာမြသန်း တင့်ရဲ့ မြို့ပေါ့ဗျာ။ မြိုင်မြို့နယ်မှာ ကျွန်တော်တို့ လူထု အစည်းအဝေးပွဲ လုပ်တယ်။ အဲဒီမှာ ကျွန်တော်နဲ့ ကိုမင်းကိုနိုင်က လမ်း ကြောင်းနှစ်ကြောင်း ခွဲရတယ်။ မြိုင်ရဲ့တစ်ဖက်မှာက သရက်မ ဆိုတဲ့ရွာက၊ ရွာရှစ်ရွာလောက်ရောက်တော့ ကိုမင်းကိုနိုင်က အဲဒီ ကိုပြေးရတယ်။ ကျွန်တော်က ကံမကို ကျွန်တော်ကပြေးရတယ်။ ပြီးတော့ ကျွန်တော်တို့ ပခုက္ကူမှာ ပြန်ဆုံတယ်"

(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ သွားရောက်ခဲ့တဲ့ ပခုက္ကူနဲ့ မြိုင်မြို့ခရီးစဉ်မှာ အာဏာပိုင်တွေဘက် တစုံတရာ အတားအဆီး အနှောင့်အယှက် မရှိဘူးလို့ သိရပါတယ်။

ဒီအတောအတွင်း ကိုမြအေး၊ ကိုဌေးကြွယ်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ကတော့ ကော့ကရိတ်မြို့နယ် ကေအန်ယူ ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ (၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

အပေါ်သို့