Friday, August 24, 2012

‘Burmese Shadows’ စာအုပ် မိတ်ဆက်ပွဲ ဘန်ကောက်တွင် လုပ်မည်

သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

ဝါရင့် သတင်းစာဆရာ Thierry Falise ရေးသားထားသော Burmese Shadows ဟု အမည်ရသည့် မြန်မာပြည် အကြောင်း စာအုပ် မိတ်ဆက်ပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်၌ စက်တင်္ဘာလ ၆ ရက်နေတွင် ကျင်းပမည် ဖြစ်သည်။

ဘယ်လ်ဂျီယံ ဇာတိဖြစ်သူ Falise သည် မြန်မာ့အရေးတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် ဒုက္ခသည်
ရေးရာ များတွင် အထူးလေ့လာထားသူ ဖြစ်သည်။

သူသည် ၁၉၉၁ ခုနှစ် ကတည်းက ဘန်ကောက်မြို့တွင် အခြေချ နေထိုင်ခဲ့ပြီး AP ၊ Times ၊ Newsweek ၊ New York Times The Sunday Express၊ The Sunday Times၊ Far Eastern Economic Review ၊ South China
Morning Post ၊ Asiaweek ၊ L’Express ၊ Le Point ၊Le Monde ၊ Marie Claire ၊ Der Spiegel ၊ Die Welt အပါအဝင် သတင်းစာ ဂျာနယ် များစွာအတွက် သတင်းများ ရေးသားပေးပို့နေသူ ဖြစ်သည်။ ဓါတ်ပုံ အေဂျင်စီ နှစ်ခုဖြစ်သည့် ပဲရစ် ရှိ Gamma နှင့် ဘန်ကောက်အခြေစိုက် OnAsia တို့ကို ကိုယ်စားပြု၍လည်း လုပ်ကိုင်နေသူ ဖြစ်သည်။

သူ၏ အခြား လက်ရာတခုမှာ ပြင်သစ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ Le Jasmin ou la Lune စာအုပ် ဖြစ်သည်။ သူသည် ၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် လူမျိုးစု ပြဿနာများ အကြောင်းကို ဥရောပ ပါလီမန်တွင် ထွက်ဆိုပေးခဲ့ဖူးသည်။

ယခု ထုတ်ဝေမည့် စာအုပ်မှာ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖြစ်စဉ်များကို အခြေခံ ရေးသားထားပြီး ယခု ကြုံတွေ့နေသည့် အပြောင်းအလဲ ဖြစ်စဉ်များနှင့် ပြည်သူများအပေါ် အကျိုးသက်ရောက်မှုကိုလည်း သရုပ်ဖော် ရေးသားထား သည်။
အရှိအတိုင်းဖြစ်သည့် သရုပ်မှန် အဖြစ်အပျက်များအား ရိုးရိုးရှင်းရှင်း အခိုက်အတန့်များနှင့် ယှဉ်တွဲကာ ပေါ်လွင်အောင် ဖော်ပြ ထားပြီး ပြည်သူများ၏ သတ္တိနှင့် စိတ်ဓါတ် အတိမ်အနက် ကိုလည်း ထုတ်ဖော်ရေးသားထားသည်။

ထို့ပြင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ဓါတ်ပုံများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ တိုင်းရင်းသား တပ်ဖွဲ့ခေါင်း ဆောင်များ၏ ခံစားချက်များ ထပ်ဟပ်နေသည့်အပြင် အစိုးရစစ်တပ်က တွေ့သည်နှင့် ပစ်ခတ်နိုင်သည့် မူဝါဒ ကျင့်သုံးနေခဲ့သော ဒေသများတွင် စွန့်စွန့်စားစား လုပ်ကိုင်နေသည့် လူမှုကူညီရေး လုပ်သားများ၏ စိတ်ဓါတ်များ၊ တောတွင်း စာသင်ကျောင်းများ၏ ပုံရိပ်များနှင့် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဝါဒက အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်နေကြောင်းလည်း ပုံရိပ်များတွင် ထင် ဟပ်နေပေသည်။

စာအုပ်ဖွင့်ပွဲတွင် Falise က သူ၏ စာအုပ်အကြောင်း အကျဉ်းချုပ် တင်ဆက်မည် ဖြစ်ပြီး ထို့နောက်တွင် အမေးအဖြေ ကဏ္ဍ လည်း ပါဝင်မည်ဖြစ်ကာ ထုတ်ဝေသူ McNidder & Grace စာအုပ်တိုက်မှ Burmese Shadows စာအုပ်များအား
လျှော့ ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

တွဲဘက်ဓါတ်ပုံပြပွဲကိုလည်း စက်တင်္ဘာလထဲတွင်ပင် ပြုလုပ်သွားမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သက်သည့် သမ္မတ သဝဏ်လွှာ ကန့်ကွက်ခံရ

မျိုးသန့်
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့က ဖတ်ကြားရန် စီစဉ်ထားခဲ့သော်လည်း သဝဏ်လွှာနှင့်အတူပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် မှတ်တမ်းတွင် ရခိုင်အမျိုးသားများကို အကြမ်းဖက်လုပ်ဆောင်နေဟန် စွပ်စွဲချက်ကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က သဘောမတူကြောင်း ကန့်ကွက်သဖြင့် ပျက်ပြားသွားခဲ့သည်။

မဇ္ဈိမက လက်ခံရရှိထားသော မှတ်တမ်းမိတ္တူတွင် အသေအပျောက်ရှိခဲ့သော လူမှုအဖွဲ့ ပဋိပက္ခကြီးနှင့် ပတ်သက်၍ ရခိုင်နှင့် ဘင်္ဂါလီများအပေါ် သုံးသပ်ချက်များနှင့် အစ္စလာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ပြီး လူသားဝါဒ ထွန်းကား စေလိုသော သမ္မတ ဦးသိန်းစိန်၏ ဆန္ဒကိုလည်း ရေရှည်အစီအမံများအဖြစ် တွေ့ရသည်။

အငြင်းပွားစရာ ဖြစ်ခဲ့သော သုံးသပ်ချက်အနက် "ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဟူသော" ခေါင်းစဉ်အောက်တွင် စုစုပေါင်း အချက်ကိုးချက် ပါရှိသည့်အနက် ပဋိပက္ခကြောင့် နှစ်ဘက်လုံးတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလျှက်ရှိပြီး အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်ဆိုသော အချက်မှတပါး ကျန်အချက်များကို အတိုက်အခံ ရခိုင်ပါတီမှ အမတ် ၁၄ ဦးက သဘောမကျခြင်း ဖြစ်သည်။

"နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။" ဟု ဖော်ပြထားသလို "ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန် အဆက်မပြတ် ကြံစည်လုပ်ဆောင်လျှက်ရှိသည်"ဟု စွပ်စွဲထားသည်။

"အချင်းချင်း တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းဆိုတာ အင်မတန် မြင့်မားတဲ့ စွပ်စွဲချက်ဗျ။ ကျနော်တို့မှာ အကြမ်းဖက်လိုစိတ် လုံးဝမရှိပါဘူး။ အဲဒါကို အကြမ်းဖက်ရန် ကြံစည်နေတယ်ဆိုတော့ ကျနော်တို့ကို အကြမ်းဖက်သမားအဖြစ် အပြစ်တင်နေတော့ ကျနော်တို့က ဘယ်လိုလုပ်ခံနိုင်မလဲ။ ကျနော်တို့က အကြမ်းဖက်သမားလား။ အစဉ်အလာကော ရှိလား။" ဟု RNDP ပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

သုံးသပ်ချက်တွင် နိုင်ငံသားဖြစ်မှု ဥပဒေအရ ရိုဟင်ဂျာဟုလည်း အသိများသော ဘင်္ဂါလီမူဆလင်များ နိုင်ငံသား ဖြစ်နိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်ခြင်း မရှိဟု ပါရှိသည်။

ထို့အပြင် ရခိုင်စီးပွားရေး လုပ်ငန်းရှင်အချို့က ပဋိပက္ခကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းကို အချောင်ယူ ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။

လူဝင်မှုကြီးကြပ်ရေး အရာရှိများ အဂတိလိုက်ကာ ဘင်္ဂါလီများ ခိုးဝင်နေမှုကို ထိရောက်စွာ တားဆီးခြင်းမရှိဟု ရခိုင် အများက စွပ်စွဲသည်ကိုလည်း ထဲ့သွင်းဖော်ပြထားသလို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီအိုများကို အငြိုးထားကာဒေသတွင် မနေရဲအောင် လုပ်ကိုင်လာသည်ဟု ပါရှိသည်။

ထို့အပြင် အာဏာရ ကြံ့ခိုင်ရေးပါတီက မဲရရေးအတွက် ဥပဒေကို မျက်ကွယ်ပြုပြီး ဘင်္ဂါလီများအပေါ် မသင့်မလျော် ဆောင်ရွက် ပေးကြောင်း စွပ်စွဲခြင်းကိုလည်း ဖော်ပြထားသည်။

မှတ်တမ်းအရ မေ ၂၈ ရက်မှ သြဂုတ် ၈ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင်းရှိ မြို့ရှစ်မြို့နယ်တွင် ဆူပူအကြမ်းဖက်မှု များ ကြောင့် ၈၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂၀ ရှိခဲ့သည်ဟု သိရသည်။ ဒုက္ခသည်စခန်း ၅၃ ခုတွင် ခြောက်သောင်း တ ထောင်ကျော်ကို စောင့်ရှောက်ထားရကာ အများစုမှာ ဘင်္ဂါလီများ ဖြစ်သည်။

သုံးသပ်ချက်တွင် ဘင်္ဂါလီများနှင့် ပတ်သက်၍ ဘာသာရေး အစွန်းရောက်နှင့် သာမန်လူများ ကွာခြားမှုကို အသိအမှတ်ပြုထားပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်းဖြစ်သော အမျိုးသမီးနှင့် ကလေးများ၏ အသက်မွေးဝမ်းကျောင်းမှု ခက်ခဲမှုကို ဖော်ပြထားသည်။

အစွန်းရောက် ဘင်္ဂါလီခေါင်းဆောင်များက ဘာသာရေးမှိုင်းသွတ်သွင်း၍ အပြစ်မဲ့သူများကိုဗန်းပြကာ အစ္စလာမ်နိုင်ငံများနှင့် အစွန်း ရောက် အစ္စလာမ် အဖွဲ့အစည်းများထံမှ အလှူခံစားလျက်ရှိသည်ဟု ပါရှိသည်။

"ဒုက္ခဆင်းရဲမှု အခြေအနေကို ဗန်းပြ၍ နိုင်ငံတကာ၏ အမြင်တွင် လူသားချင်းစာနာမှုရှု့ထောင့်မှ အသာစီးရရန် ကြိုးစားလျက် ရှိသည်။" ဟု စွပ်စွဲထားသည်။

ငြိမ်းချမ်းသာယာရေးအတွက် အစိုးရဘက်က ဆောင်ရွက်နေသော လတ်တလောနှင့် ရေရှည်ဖြေရှင်းချက်များကိုလည်း ဖော်ပြ ထားပါသေးသည်။

နှစ်ဘက်ကိုယ်စားလှယ်များပါသော လူဝင်မှုစာရင်းမှန် ရရှိရေးဆောင်ရွက်ခြင်း၊ လုံခြုံရေးတိုးမြှင့်ကာ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသို့ သာမက သတင်းအမှန်များ ထုတ်ပြန်ပေး ခြင်းတို့မှာ လတ်တလောလုပ်ငန်းများတွင် ပါဝင်သည်။

ရေရှည်အစီအမံများအနက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတလျောက် ကွန်ကရစ်ပတ်လမ်းများ တည်ဆောက်ရေး၊ လူမျိုးစုများ၏ ထိတွေ့မှုနှင့် ရင့်ကျက်မှုကို ပျိုးထောင်ပေးခြင်း၊ စစ်တွေမြို့ပြ စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် စစ်တွေ-မောင်တော မြစ်ကူးတံတား တည်ဆောက်ရေးတို့ ပါဝင်သလို ဘင်္ဂါလီများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသိပညာ ဗဟု သုတ မြှင့်တင်ပေးကာ ပိုမိုပွင်လင်းသော လူ့အဖွဲ့အစည်း ဖြစ်လာအောင် ကူညီပေးခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး ရေးများ လုပ်ရန်တို့ ပါဝင်သည်။

ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား မြေယာခွဲဝေမှု အငြင်းပွားမှု မရှိအောင် ဆောင်ရွက်ရေးနှင့် စီးပွားရေး ဘက်တွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင် ပူးပေါင်းဆောင်ရွက်ရေး စီမံထားကြောင်း ပါရှိသည်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည် ဖော်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးအောင်လုပ်ဆောင်မည်ဟု ပါရှိသည်။

အစ္စလာလမ်ဘာသာရေး အစွန်းရောက် အရင်းအမြစ်များကို ရှင်းလင်းသွားမည်ဟု ဆိုထားပြီး အစွန်းရောက် အစ္စလာမ်ဝါဒီတို့၏ အခြေခံနယ်မြေဖြစ်သော မောင်တောတွင် "အဆမတန်များပြားနေသော ပလီများ၊ အာရဗီကျောင်းများနှင့် မော်လဝီဆရာများ လျော့ချရေး"ကို ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ဘင်္ဂါလီများအကြား လူဦးရေ အလွန်အကျွံ တိုးပွားမှုအပေါ် ကိုင်တွယ်သွားမှာဖြစ်သလို မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လေးစား ဂုဏ်ယူလာစေရန် ဆောင်ရွက်မည်ဟုဆိုသည်။

Ref: မဇ္ဈိမ

Read More...

လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့

မျိုးသန့်
သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေး နွေးလျက်ရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

ဆွေးနွေးမှုမှာ နံနက် ၁ဝ နာရီက စတင်ပြီး နံနက် ၁၁း၃ဝ အချိန်အထိ မပြီးပြတ်သေးဟုလည်း သတင်းရပ်ကွက်က ဆိုသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက လွှတ်တော်နှစ်ရပ်နှင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့အကြား အငြင်းပွားနေခြင်း ကို သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ဆွေးနွေးနေခြင်း ဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက လွှတ်တော်နှစ်ရပ်မှ လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာမှ စတင်သော တင်းမာမှုသည် ကိုးဦးပါ အခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင်များ တာဝန်မကျေဟု လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရန် ပြင်ဆင်သည်အထိ ဖြစ်လာခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သမ္မတထံတင်ပြခဲ့သော ခုံရုံးအဖွဲ့ဝင်များ အလိုအလျောက် ရာထူးမှ နှုတ်ထွက်ပေး ရန် ဖိအားပေးရန်အချက်မှာ ပယ်ချခံခဲ့ရပြီး ခုံရုံးအဖွဲ့ဝင်များဘက်ကလည်း ကျူးလွန်မှုမရှိကြောင်း ငြင်းဆိုကြကာ ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ထုတ်ပြောခဲ့သည်။

သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသော်လည်း လွှတ်တော်က စွပ်စွဲပြစ်တင်မှု လုပ် ရန် ပိုမိုအားသန်နေသည်။

လွှတ်တော်ရေးရာကော်မတီများ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံး၏ မတ်လ အတွင်းက ဆုံးဖြတ်ချက်ကို သွားရောက်ကြားနာခဲ့သူ အောက်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လွှတ်တော်သို့ အစီရင်ခံရာတွင် "မှား ယွင်းတဲ့ ဆုံးဖြတ်ချက်ကို တနာရီလောက်ကြာအောင် မတ်တတ်ရပ် နားထောင်ခဲ့ရတာနှင့် မတန်စွာကြားနာ ခဲ့ရပါတယ်။" ဟုပါ ရှိသည်။

ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မည့်အဆိုကို သောကြာနေ့တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းရန်ရှိသည်ဟုလည်း အထက် လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။ ကြာသပေးနေ့တွင် လွှတ်တော်နှစ်ရပ် အစည်းအဝေးများကို ဖျက် သိမ်းလိုက်သော်လည်း နေ့လည်တနာရီတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပရန်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိပ္ဗါယ်ဖွင့်ဆိုထားခြင်း မရှိသော်လည်း လွှတ်တော်နှစ်ရပ်လုံး၏ နည်းဥပဒေအသီးသီးတွင် လွှတ်တော် ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟု ပြဌာန်းထားသည်။

"ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့၊ အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို လည်းကောင်း ဆိုသည်” ဟူ၍ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Thursday, August 23, 2012

ရသေ့တောင်မြို့တွင် မေယုမြစ်ဝှမ်း ညီလာခံကျင်းပရေး ပင်မကော်မတီဖွဲ့စည်း

2012-08-22

မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံ ခေါင်းဆောင်တွေဟာ ရသေ့တောင်မြို့မှာ စုဝေးပြီး မေယုမြစ်ဝှမ်း ညီလာခံလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို များမကြာခင် ကျင်းပနိုင်ရေးအတွက် ရသေ့ တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်မှာ သြဂုတ်လ ၂၂ ရက် မနေ့က နေ့လည်ပိုင်းက မြို့မိမြို့ဖတွေ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို ရသေ့တောင်မြို့ခံ လူထု ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး မေယုမြစ်ဝှမ်း ညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် လူပေါင်း၂၀ ကျော်ပါဝင်တဲ့ ပင်မကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ အဲဒီအစည်းအဝေး တက်ရောက် ခဲ့တဲ့ မြို့ခံ ကိုတေးနွယ်အောင်က ပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဒီပင်မ ကော်မတီမှာ မြို့မိ မြို့ဖတွေအပြင် ဌာနဆိုင်ရာနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ ပါဝင်ပြီး အဲဒီညီလာခံကို လာမယ့် ရက်သတ္တ နှစ်ပတ်အတွင်း ဖြစ်မြောက်အောင် ကြိုးပမ်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ညီလာခံ ကျင်းပမယ့် နေ့ရက်နဲ့ နေရာကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ အသေးစိတ် ထပ်မံ ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဒီညီလာခံမှာ မကြာသေးခင်က ပဋိပက္ခ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော် အပါအဝင် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ ကျောက်ဖြူ စတဲ့ မြို့အသီးသီးက မြို့မိ မြို့ဖတွေနဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒေသခံ ရခိုင်လူမျိုးတွေ အဓွန့်ရှည်ရေးနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ လူဦးရေအရ ၀ါးမြိုမခံရရေးတို့အတွက် အဓိက အဖြေရှာ သွားမှာ ဖြစ်တယ်လို့လည်း ညီလာခံ ဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောသွားကြပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

2012-08-22

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ထွေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေ ပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ထွေးက မပြောပါဘူး။

အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီ တုန်းကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

Ref: အာရ်အဖ်အေ

Read More...

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင်

2012-08-22

စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက် ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာ ပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ ဆားလင်းကြီးမြို့အနီး ဒူးထောက်ကျေးရွာ အရောက်မှာ ဆက်မသွားဖို့ တားမြစ်ခံရတာလို့ အဲဒီ ဒေသခံတွေအရေး ၀င်ရောက် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။

ချီတက်လာတဲ့ လူထုကို အာဏာပိုင်တွေက ဟန့်တားပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေးမယ် အကြောင်းပြပြီး ကျေးရွာ အသီးသီးက ကိုယ်စားလှယ်တွေ ရွေးချယ် ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ရောက်တဲ့ အခါမှာတော့ တစုံတရာ မဆွေးနွေးခဲ့တာကြောင့် ကျေးရွာ ကိုယ်စားလှယ်တွေ အပါအ၀င် ချီတက်သူအားလုံး ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ကတော့ လက်ပန်းတောင်းတောင် စီမံကိန်း ပြန်စမယ်ဆိုပြီး အာဏာပိုင်တွေဘက်က လုံခြုံရေး အယောက် (၁၀၀) လောက် နဲ့ မီးသတ်ကား တစ်စီး လာရောက် နေရာ ယူထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစီမံကိန်းကို မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေ တာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ

2012-08-22

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။

ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ အရောင်းဋ္ဌာန ဖွင့်လှစ်ဖို့အတွက် ထိပ်တန်း မြန်မာစီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ ဆွေးနွေးနေပြီး မြန်မာနိုင်ငံအတွင်းမှာ စူပါ မာ့ကက်ကြီးတွေ၊ Shopping Center ကြီးတွေ၊ ကားအရောင်းပြခန်း တွေနဲ့ နိုင်ငံခြား သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတချို့ဟာ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင် ရွက် ဖို့ အလားအလာ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ ၁၉၃၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကုမ္ပဏီထွက် Beetle, Golf နဲ့ Passat ကားမော်ဒယ် တွေနဲ့ လူသိများပါတယ်။ ကုမ္ပဏီဟာ နှစ်စဉ် ကားအစီးရေ ၄ သန်း ပျမ်းမျှ ရောင်းချနေရပါတယ်။

တချိန်ထဲမှာပဲ တောင်ကိုးရီးယား ကားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Hyundai နဲ့ Kia ကားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ဒိုင်းမွန်း စတားကုမ္ပဏီကို ဒေသတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ပူးပေါင်း လုပ်ကိုင်ဖို့ ဆွေးနွေးနေကြောင်းနဲ့ ကားအ သစ်တွေ တင်သွင်းမှာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။

ဒိုင်းမွန်းစတား ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဂျပန်နဲ့ တောင်ကိုးရီးယားက ကားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအစာ၊ ဆေးဝါး၊ ဓာတ်မြေသြဇာနဲ့ Shopping Mall မှာ ရောင်းချတဲ့ ပစ္စည်းတွေကို တင်သွင်း၊ တင်ပို့တဲ့လုပ်ငန်း လုပ် ကိုင်ပြီး မကြာသေးခင်ကပဲ အမေရိကန် အချိုရည် Pepsi ကုမ္ပဏီရဲ့ အရောင်း ကိုယ်စားလှယ် ဖြစ်လာပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ

2012-08-22

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကာယကံရှင် ကိုချစ်မိုးက-

"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက် တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ် လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက် တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"

သူ့ကို ဖမ်းဆီးနှိပ်စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက် ထိပ်ဖြုတ်ပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက ပြောပါတယ်။

မနေ့က အဓမ္မ ၀င်ရောက်စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ ဆင်းလာခဲ့ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။

သေနတ်နဲ့ အရိုက်ခံရတာကြောင့် သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့ ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

မနေ့ က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့် ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက်စီးနင်းခံရမှာ စိုးရိမ် ထိန့်လန့်နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"နောက်တခေါက်ဝင်မယ်။ နောက်တခေါက် ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။ အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။ ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက် အောင်ကို ဖြစ်နေရတယ်"

မြရည်နန္ဒာရပ်ကွက်ကို လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့ မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

2012-08-22

လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။

"ကျွန်တော်တို့ ကို ၂၁ ရက် ၈ လပိုင်း ၂၀၁၂ ရက်စွဲနဲ့ ပေါ့နော်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး ကနေပြီးတော့ပေါ့၊ ဒီငြင်းပယ်တဲ့ အကြောင်းပေါ့နော်၊ သဘောထား ပြန်ကြားလိုက်ပါတယ်။ ည ၈ နာရီ ၁၀ မိနစ် လောက်က လာပေးရပါတယ်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးက ဒီ ကျွန်တော်တို့  ဒု တပ်ကြပ် တစ်ယောက်နဲ့ ပေးခိုင်းလိုက်တာပါ စာအိတ်နဲ့ ပေါ့"

အမိန့်စာထဲမှာ မြို့ နယ်ရဲတပ်ဖွဲ့မှူးက အချက်သုံးးချက် အကြောင်းပြ ငြင်းဆိုခဲ့ရာမှာ ဦးဆောင်မဲ့သူတွေဟာ ပန်းတောင်းမြို့မှာ နေထိုင်သူတွေ ဖြစ်တာရယ်၊ ပြည်မြို့နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ကိစ္စ ကြီးကြီး ငယ်ငယ် မရှိတာရယ်၊ သိမ်းဆည်း ထား တဲ့ လယ်ယာမြေတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တာရယ်တို့ကြောင့် ငြင်းပယ်တာလို့ ဆိုပါတယ်။

ဒီနောက်ဆုံး အကြောင်းပြချက်ဟာ မိမိတို့ ရဲ့လုပ်ပိုင်ခွင့် ဘောင်ကို ကျော်လွန် အကြောင်းပြခြင်း ဖြစ်ကြောင်း ကိုရဲထင်ကျော်က ပြောပါတယ်။

"ဒီ သိမ်းဆည်းပြီး လယ်ယာမြေများ သည်လည်း သက်ဆိုင်ရာဋ္ဌာနမှ ဥပဒေနဲ့ အညီ ဆောင်ရွက်သည့် ကိစ္စများဖြစ်ခြင်း ဆိုတာ သည် သူတို့ လုပ်ရမယ့် သူတို့ ပြောရမယ့်စကား မဟုတ်ပါဘူး။ သူတို့ အကြောင်းပြရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီလယ်ယာမြေ သိမ်းပြီးသားတွေက ဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့။ လူသူပိုင်၏၊ မပိုင်၏ ဆိုတာကို ဆုံးဖြတ်ရမည့် တာဝန်နဲ့ လုပ်ပိုင်ခွင့်သည် ပြည်တောင်စုလွှတ်တော် အဆင့်မှာသာလျှင် ရှိပါတယ်။ အခုပုံစံ အရဆိုရင် ကျွန်တော်တို့ ပြည်ထောင်စု လွှတ် တော် ကနေပြီးတော့ လယ်ယာမြေ ပြဿနာနဲ့ ပတ်သက်လို့  ဒီဖြေရှင်းဖို့အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင်တွေနဲ့ တွေ့ဖို့ အတွက် အတည်ပြုလိုက်ပြီ ဆိုတော့လေ။ အဲဒီတော့ အဲဒီအပေါ်မှာ သူတို့ပယ်တယ်ဆိုရင် တစ်ခြားနည်းဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့နော်။ ကျွန်တော်တို့ လျှောက်ထားတဲ့ပုံစံ မှန်၏၊ မမှန်၏ ဆိုတာကို ကြည့်ပြီးတော့ သူတို့ အနေနဲ့ ပယ်ရမယ်လို့ ကျွန်တော်တို့ ယူဆတယ်"

အခုလို ငြင်းပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့  ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ တင်ပြမှာဖြစ်ပြီး ဆန္ဒပြပွဲ နည်းဥပဒေအရ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်ဖို့ ကိုတော့ အာဏာပိုင်များအပေါ် ယုံကြည်မှု မရှိလို့ လောလောဆယ် စဉ်းစားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ

2012-08-22

မြန်မာနိုင်ငံတ၀ှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားများအတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်း ထားတဲ့ မြေယာ ပြဿနာ ဖြေရှင်းရေး ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် (၂၀၀) နီးပါး လောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ကျင်းခဲ့ပါတယ်။

သိမ်းယူခံထားရပြီးနောက် အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးကို လွှတ် တော်မှာ တင်ပြနိုင်ဖို့ ဒီဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆွေးနွေးပွဲမှာ RFA ကို ပြောကြားခဲ့ပါတယ်။

"တပ်ရင်း တပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ စက်ရုံတွေကနေပြီးတော့ကာ တကယ်တမ်း သိမ်းထားပြီးတော့ တကယ် အလုပ်မလုပ်ပဲနဲ့ ပြည်သူ့အခွင့်အရေး ဆုံးရှူံးနေတာကို ဖော်ထုတ်ပြီးတော့ ကော်မရှင်သိအောင် ပြောကြားဖို့အတွက် ဒီနေ့ပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်"

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသ အသီးသီးက NDF ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း သတင်း ရယူခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

2012-08-22

မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင် တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ် ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော် လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်

နေမျိုး
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်း စွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများကြောင့် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြား နေ သော ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များအကြား စိုးရိမ်ကြောင့်ကြမှု အနည်းငယ် ဖြစ်ပွားခဲ့ရကြောင်း ဥတ္တရ ပရာဒေ့ရှ် UP ပြည်နယ် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU တွင် တက်ရောက်နေသည့် ဦးနိပုဏလင်္ကာရ က မိန့်ကြားသည်။

“ပြဿနာတွေ ဖြစ်ကြတော့ သတင်းတွေက တော်တော်လေး ကြီးလာတယ်လေ။ အဲဒီအခါကျတော့ တယောက်နဲ့ တယောက် သတိပေးလာကြတယ်။ အရှင်ဘုရားတို့ မြို့ထဲ သွားတဲ့အခါ တပါးတည်း မသွားကြဖို့၊ စိုးရိမ်စိတ်ကတော့ ဒီရက်ပိုင်းမှာ အားလုံး ရှိကြတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဇွန်လအတွင်းက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်ရှိ ဘိုရို လူမျိုးစုများနှင့် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသည်ဟု ဆိုသော မူဆလင်များ အကြား ဇူလိုင်လအတွင်း အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈ဝ ခန့် သေဆုံးခဲ့ရသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက် အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။

၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက် မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ် လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့ကြသည်။

ထိုသို့သော အခြေအနေတွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများနှင့် ရုပ်သွင်ပြင် ဆင်ဆင်တူသည့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေနှင့်လည်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“သတင်းတွေက အများကြီး။ ခက်တာက ကောလာဟလတွေ ဖြစ်နေတာဆိုတော့ သတိတော့ ထားပါတယ်။ သတင်းကိုတော့ အမြဲမပြတ် နားထောင်စေချင်တယ်။ ထွက်ပေါ်လာနေတဲ့သတင်းတွေကိုလည်း ချင့်ချိန်ပြီးတော့မှ လက်ခံကြဖို့ပေါ့” ဟု ဘီဟား ပြည်နယ် ဂါယာမြို့ရှိ မဂဓ တက္ကသိုလ်တွင် တက်ရောက်နေသည့် ဦးအရုဏ က မိန့်ကြားသည်။

သို့သော် လက်ရှိအချိန်အထိ လုံခြုံရေး ထိခိုက်စေလောက်သော အရိပ်အယောင် မတွေ့ရသေးဘဲ ကောင်းမွန်စွာ သီတင်းသုံး နေနိုင်ကြောင်းလည်း သိရသည်။

“ဦးပဉ္စင်းတို့ အခုနေတာ နိုင်ငံခြားကျောင်းသား အဆောင်မှာ နေတာလေ။ ဘာသာပေါင်းစုံနဲ့။ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာပေါင်းစုံ စုပေါင်းပြီး နေကြတာပဲ။ မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်တာမျိုးလည်း ဘာမှ မရှိဘူး။ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ပြဿနာ တခုခု မဖြစ်ဖူးသေးဘူး” ဟု ဦးနိပူဏလင်္ကာရ က မိန့်ကြားသည်။

ဟိန္ဒူ- မူဆလင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့စဉ်ကလည်း ကျောင်းဆောင်များတွင် အိန္ဒိယအစိုးရမှ လုံခြုံရေး ရဲဝန်ထမ်းများ ထား ရှိကာ စောင့်ရှောက်ပေးခဲ့ဖူးကြောင်းလည်း ဆက်လက်မိန့်ကြားသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ တိဘက်နှင့် ကိုးရီးယား နိုင်ငံတို့မှ စာသင်သား ရဟန်းတော် အပါး ၃ဝဝ ခန့် ဗာရာဏသီမြို့တွင် ဗုဒ္ဓစာပေများ လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင်း ပြဿနာများမှာလည်း “ဘာသာရေးပြဿနာ မဟုတ်ဘူး။ လူမျိုးရေး တခုနဲ့တခု ဖြစ်နေတဲ့ ပြဿနာ ပဲလေ။ ပြေပြေလည်လည် ဖြေရှင်းသွားရင် ပြေလည်သွားမှာပါ။ မလိုလားအပ်တဲ့ ဖွတာတွေ။ သတင်းတွေကို အမှန်အတိုင်း နှစ် ဖက် မျှမေးပြီး လွှင့်ပေးဖို့ပါ” ဟု ဦးနိပုဏ က မိန့်ဆိုသည်။

ဂါယာမြို့တွင်လည်း မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး လုံခြုံရေး စိုးရိမ်စရာ မရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

အမေရိကန် လုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်မျှော်

နေလင်းအောင်
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြေကြာင်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များက သြဂုတ်လ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်စဉ် ပြောကြားသွားသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကျနော်တို့ အတွက်လည်း အရမ်းအရေးကြီးပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ ကျနော်တို့ ကုမ္ပဏီတွေ အနေနဲ့လည်း ဘယ်လောက် အတိုင်းအတာထိ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုမယ်ဆိုတာ သိနိုင်မှာပါ” ဟု အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မစ္စတာ စီအေ မွန်ခမ် က ပြောသည်။

စင်္ကာပူနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့်အတူ စင်္ကာပူနိုင်ငံမှ ထိပ်တန်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ၂ဝ ဦး မြန်မာနိုင်ငံသို့ လာရောက်စဉ် သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား သွားခြင်း ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် လည်း တက် ရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် Ford မော်တော်ကား ကုမ္ပဏီ၊ စက်ယန္တရားယားကြီးများ ထုတ်လုပ်သော Caterpillar ကုမ္ပဏီ၊ Hewlet Packard ကော်ပိုရေးရှင်း၊ Citibank၊ Kraft Foods၊ GE Energy၊ Bell Helicopetr၊ Arrow Technologies Pte Ltd အစရှိသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ လိုက်ပါခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသွားကြသည်။

၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီး ဇွန်လအတွင်းက General Electric ကုမ္ပဏီက ပန်းလှိုင်ဆေးရုံသို့ ဒေါ်လာ နှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ ရောင်းချရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေထဲမှာ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ တိုးတက်ရေးအဆင့်တွေမှာ ပူးပေါင်းဆောင်ရွက် ချင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးငန်း လုပ်ကိုင်ဖို့က ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးသလို စိန်ခေါ်မှုတွေလည်း ပါလာပါတယ်။ မြန်မာနိုင်ငံမှာ အပေါ်အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်တယ်။ ဒါပေမယ့် ရင်းနှီမြှုပ်နှံမှု ဥပဒေ ထွက်လာ ဖို့ကိုလည်း စောင့်ကြည့်နေပါတယ်” ဟုCapterpillar ကုမ္ပဏီ၏ အာရှဆိုင်ရာ ဥက္ကဋ္ဌ Mr Kevin Tienemen က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိမ်းကလည်း လာမည့် သီတင်းပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်သည် ထွက်ရှိလာဖွယ်ရှိကြောင်း ဗီအိုအေ ရုပ်မြင်သံကြား မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားသွားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသောလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ကြောင့် မြန်မာနိုင်ငံသို့ လာရောက် ရင်နှီးမြှုပ်နှံလိုသည့် နိုင်ငံ အများအပြား ရှိနေသည်။

ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ခြင်းသည် ယခုကဲ့သို့ ပြုပြင်ပြောင်လဲမှု ဖော်ဆောင်နေသည့် အချိန်တွင် အကောင်းဆုံးဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ် က ဆိုသည်။

Ref: မဇ္ဈိမ

Read More...

တရုတ်အစိုးရ ဖိအားကြောင့် စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ

ဖနိဒါ
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

တရုတ်အာဏာပိုင်များ၏ စေခိုင်းချက်အရ တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ် အတွင်း ခိုလှုံနေသော ကချင်စစ်ပြေး ဒုက္ခသည်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ စတင်၍ ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံများက ပြောသည်။

နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ခြောက်ခုမှ လူဦးရေ ၄,ဝဝဝ ကျော် ရှိရာ ပထမဆုံး အသုတ်အဖြစ် အိမ်ထောင်စု ၁၅ဝ ကျော်မှ လူ ၆ဝဝ ကျော်မှာ KIO ၏ တပ်မဟာ ၃ နယ်မြေ လနာဇွပ် Lana Zup ဒုက္ခသည်စခန်းသို့ ဗုဒ္ဓဟူးနေ့တွင် စတင်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

ဒုက္ခသည်များ ပြောင်းရွှေ့သည့် မှတ်တမ်းရိုက်ကူးရန် ကင်မရာ ကိုင်ဆောင်ခွင့်ကို တရုတ်အာဏာပိုင်များက တားမြစ် ထားသလို ပြောင်းရွှေ့နေကြဆဲမှာပင် စခန်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ဒုက္ခနှစ်ကြိမ် ခံရသလို ခံစားရ သည်ဟု စခန်းတာဝန်ခံ တဦးဖြစ်သူ ဒေါ်မရန်လုလု က ပြောသည်။

“တရုတ် စစ်သားရော၊ ရဲရော အရမ်းများတယ်။ လူတောင် မထွက်သေးခင် သွပ်မိုးတွေ အကုန် ခွာလိုက်ပြီ။ လမ်းဘေး က ငှားနေတဲ့ လူတွေတောင် ပေးမနေတော့ဘူး။ အကုန်လုံးကို မောင်းထုတ်နေတယ်။ စခန်းတွေ အကုန်လုံး လိုက်ဖျက် နေတယ်။ ဓါတ်ပုံ ကင်မရာလည်း ကိုင်လို့ မရဘူး။ ကားတော့ ငှားပေးတယ်” ဟု မဇ္စျိမကို ပြောသည်။

၎င်းက ဆက်လက်ပြီး “သူတို့ နိုင်ငံကနေ မောင်းထုတ်လို့ ပြန်တာကို ခုလို ကျမတို့ကို လူလို သူလို မဟုတ်ဘဲ မောင်းနေ တယ် ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရသလိုပဲ။ ကျမတို့လည်း နေချင်လို့ နေတာမှ မဟုတ်တာ။ ကျမတို့က သေနတ် ကျည်ဆံ ကြောက်လို့ ကိုယ့်အိုးအိမ်တွေ ပစ်ထားပြီး ဒုက္ခသည်လို လာနေတာ။ နေခွင့် ရခဲ့တာကိုတော့ ကျေးဇူးတင်ပါ တယ်။ အစိုးရတခု ဖြစ်ပြီးတော့ အဲဒီလောက် လုပ်ရက်တယ်။ သူတို့ စိတ်ထဲမှာ လူသားချင်းစာနာ စိတ်တော့ ရှိကြရဲလား” ဟု ခံစား ပြောဆိုသည်။

ထိုစခန်းအတွင်းရှိ ဒုက္ခသည်များအား မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ကြရန် ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက တရုတ်အာဏာ ပိုင်များက ပြောဆိုထားပြီးဖြစ်သည်။

ထိုဒုက္ခသည်စခန်းတွင် မူလတန်းကျောင်း ဖွင့်လစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၈၆၈ ဦး ရှိနေကာ ကလေးများ ပညာ ရေး ထိခိုက်မည်စိုး၍ ဒုက္ခသည်များက လနာ့ဇွပ်သို့ မပြောင်းရွှေ့လိုကြခြင်း ဖြစ်သည်။

ယခု ပြောင်းရွှေ့လာသည့် နေရာသည် ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက် အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေထိုင်နေရမည် ဖြစ်ပြီး အဓိက မီးဖိုချောင်၊ အိမ်သာများကို ဆောက်လုပ် ရန် လိုအပ်နေကြောင်း သိရသည်။

ကလေးများ ပညာသင်ကြားရေးအတွက် ဖဲဝိုင်းအဆောက်အအုံနှင့် မီးဖိုချောင်အဖြစ် ဆောက်လုပ်ထားသော အဆောက်အအုံအား အကန့်လိုက် ပြုလုပ်ကာ မနက် တကြိမ်၊ ည တကြိမ် စာသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များထဲမှ အိမ်ထောင်စု ၁ဝဝ ကျော်မှာ ဝေးလံလှသည့် ဤလနာ့ဇွပ်သို့ မပြောင်းရွှေ့လိုသဖြင့် မိမိဒေသ မန်ဝင်းကြီးသို့ အင်္ဂါနေ့က ပြောင်းရွှေ့သွားကြပြီဟု သိရသည်။

လက်ရှိ မိုးရာသီဖြစ်၍ ကလေးငယ်များ ဝမ်းသွားခြင်း၊ နာစေး၊ ချောင်းဆိုး အနည်းအကျဉ်းဖြစ်ပြီး သက်ကြီးများ အားနည်း၍ ဗီတာမင် အားဆေးများ သောက်သုံးရန် လိုအပ်နေသည်ဟု လနာ့ဇွပ် စခန်းတွင် ဆေးကုသ ပေးနေသည် ဆရာဝန်တဦးက ပြောသည်။

အစိုးရနှင့် KIO တို့ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ၄င်းလနာ့ဇွပ် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၁,၄ဝဝ ရှိနေပြီး လက်ရှိ ၆ဝဝ ကျော် ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။ နောက်နေ့တွင်လည်း ဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ လာကြမည် ဖြစ်သည်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ လက်အောက်ခံ တပ်များနှင့် မြန်မာအစိုးရ နမခ လက် အောက်ခံ တပ်မ ၃၃ တပ်ဖွဲ့များအကြား တင်းမာမှုများ ရှိခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ မှော်မောင်း ဘွမ်၊ လမောင် ကုန်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေးနှင့် သူဌေးချောင်းများမှ ဒေသခံ ၁,ဝဝဝ နီးပါးမှာ ဖားကန့်မြို့ပေါ်ရှိ ကချင်ခရစ် ယာန် ဘုရား ကျောင်းများသို့ လာရောက် ခိုလှုံနေရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ဦးဒရှီလဆိုင်း က ပြောသည်။

“တင်္ဂနွေနေ့က KIO နဲ့ အစိုးရတို့ ထိပ်တိုက် ပစ်ခတ်တော့မလိုလို ပြည်သူတွေက ထိတ်လန့်ပြီးတော အစိုးရတပ် မူလရှိတာက ၄ဝ လောက် ရှိတယ်။ ဒါပေမယ့် စစ်ကိုင်း မုံရွာတပ်တွေက အင်အား နှစ်ထောင်လောက် ပြန်ရောက် တယ်လို့ လူတွေက ပြော နေကြလို့ တိုက်ပွဲဖြစ်မှာ ကြောက်လို့၊ KIO ကနေ ဒေသခံတွေ ဒုက္ခရောက်မှာစိုးလို့ ဖားကန့်ကို ခဏရှောင်ပေးဖို့ ပြောလို့ ကက် သလစ်၊ နှစ်ခြင်းဘုရားကျောင်းတွေမှာ ခိုလှုံနေတယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော် ယနေ့ထိ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိသေးဘဲ တည်ငြိမ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

KIO နှင့် အစိုးရတို့ နှစ်ဖက်တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၈ဝ,ဝဝဝ ကျော် ရှိနေပြီ ဖြစ်သည်။ နှစ်ဖက် စစ်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် စစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ တွေ့ဆုံမည် ဖြစ်၍ ထပ်မံ တွေ့ဆုံမည့်နေရာ သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

Ref: မဇ္ဈိမ

Read More...

ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီး

လင်းကိုကိုထက်
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာ ပန်းချီ၊ ပန်းပု အနုပညာရှင် ၇၀၀ နီးပါးရဲ့ လက်ရာတွေကို တစုတစည်းနဲ့ ကြည့်ရှု ခံစားနိုင်မယ့် ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လာမယ့် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ တပ်မတော် ခန်းမ မှာ ကျင်းပမယ်လို့ သိရပါတယ်။

ပြပွဲရက် အတိအကျ မသတ်မှတ်ရသေးပေမယ့် ငါးရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ ဒီပြပွဲမှာ အနုပညာရှင်တွေ အနေနဲ့ ကိုယ်ဖန်တီးချင်တဲ့ လက်ရာတွေကို အရွယ်အစား ကန့်သတ်ချက် မရှိဘဲ ဖန်တီးခွင့်ရှိပြီး ဝယ်သူရှိရင် ရောင်းချ နိုင်ပါတယ် လို့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနီပိုဦး က ပြောပါတယ်။

ပြပွဲအတွက် ပေးပို့တဲ့ ပန်းချီ၊ ပန်းပုလက်ရာတွေကိုတော့ ထုံးစံအတိုင်း ဆင်ဆာအဖွဲ့က စီစစ်ရွေးချယ်သွားမှာပါ။ အရင်နှစ်တွေ တုန်းကတော့ နိုင်ငံရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ လက်ရာတွေကို ပါဝင်ခွင့် မပြုခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖြေလျော့ မှုတွေ အတော်လေး ရှိလာမယ်လို့ ဦးနီပိုဦး က ဆိုပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိပပ သတ်မှတ်ထား တာ မျိုးတော့ မရှိသေးပါဘူး။

‘မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး’ ဆိုတာကတော့ မြန်မာ့ရိုးရာ ပန်း ၁ဝ မျိုး ဖြစ်တဲ့ ပန်းချီ၊ ပန်းတိမ်၊ ပန်းတော့၊ ပန်းတဉ်း၊ ပန်းတမော့၊ ပန်းပဲ၊ ပန်းပု၊ ပန်းရံ၊ ပန်းပွတ်၊ ပန်းယွန်း ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ပါ။

ဒီအဖွဲ့ကနေ ပြပွဲရဲ့ ကုန်ကျစားရိတ်တွေကို ကျခံသွားမှာဖြစ်ပြီး ပါဝင်ပြသသူတွေအနေနဲ့ မိမိရဲ့ပန်းချီကား ရောင်းချရ မယ်ဆိုရင် ရောင်းချလို့ ရမယ့်တန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်းကို အစည်းအရုံး ရန်ပုံငွေအဖြစ် ပေးရပမှာပါ။ ၂ဝဝ၆ ခုနှစ် တုန်းက ပြပွဲမှာ ပန်းချီ၊ ပန်းပု လက်ရာများ ရောင်းချရငွေဟာ ကျပ်သိန်း ၁၇ဝ ဖိုးခန့် ရှိခဲ့ပါတယ်။

ပြပွဲဝင်တွေအတွက် ကန့်သတ်ချက် တခုကတော့ အစည်းအရုံးဝင်ထားသူများသာ ပါဝင်ခွင့်ရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အစည်း အရုံးဝင် ၄,ဝဝဝ လောက် ရှိနေတဲ့အတွက် ၂ဝ၁၂ ခုနှစ် အစည်းအရုံးဝင်ကတ် အသစ်လဲထားသူ ၇ဝဝ ခန့်ကိုပဲ ပါဝင်ပြသခွင့် ပေးမှာ ဖြစ်ပါတယ်။

၂ဝဝ၆ ခုနှစ်တုန်းက ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လက်ရာပေါင်း ၁,၅ဝဝ ခန့်နဲ့ မန္တလေးမြို့မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သလို ဒီနှစ်မှာလည်း လက်ရာပေါင်း ၁,၅ဝဝ ခန့် ကြည့်ရှု ခံစားနိုင်လိမ့်မယ်လို့ ဦးနီပိုဦး က ခန့်မှန်း ထားပါတယ်။

ပြည်လုံးကျွတ် အနုပညာ ပြပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့က အသက် ၃၆ နှစ်အရွယ် ပန်းချီဆရာ ကိုတာယာ ကတော့ ပထမအကြိမ် ပြပွဲကြီးတုန်းက မပါဝင်နိုင်ခဲ့တဲ့အတွက် ဒီအကြိမ်မှာတော့ မှတ်တိုင်တခုအနေနဲ့ ပါဝင်ပြသမယ် လို့ ဆိုပါတယ်။

“မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လူငယ် ပန်းချီ ကျောင်းဆင်းတွေရော၊ နာမည်ကြီး ပန်းချီဆရာတွေပါ ပါဝင်မယ့်ပွဲ ဆိုတော့ လက်ရာ ပေါင်းစုံ တွေ့ရမှာပါ။ လူငယ်တွေအတွက် အခွင့်အရေး ပိုရလာနိုင်သလို အတွေ့အကြုံ ရှိပြီးသူတွေ အတွက် လည်း သူတို့ရဲ့ ဖန်တီးမှု အသစ်တွေကို ပြသနိုင်မှာပါ။ ဒီလိုပြိုင်ပွဲမျိုးကို နှစ်စဉ် ကျင်းပပေးနိုင်မယ်ဆိုရင်တော့ ပန်းချီ လောကအတွက် အကောင်း ဆုံး ပါပဲ” လို့ ပြောပါတယ်။

ပါဝင်ပြသလိုသူများအနေနဲ့ သြဂုတ်က ၂၅ ရက်နေ့မှ စက်တင်္ဘာလ ၁ဝ ရက်နေ့အတွင်း မိမိရဲ့ ပန်းချီကား၊ ပန်းပု အနုပညာ ပစ္စည်းမှာ ရေးဆွဲထုလုပ်သူ အမည်၊ အနုပညာ ပစ္စည်းအမည်၊ အသုံးပြုသည့် အမျိုးအစား၊ အရွယ်အစား၊ လိပ်စာ နဲ့ ဖုန်းနံပါတ် တွေကို ရေးသားဖော်ပြပြီး အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ အနုပညာ အထက်တန်း ကျောင်း (ချင်းချောင်း)ကို ပေးပို့ရမှာ ဖြစ်ကြောင်း သိရှိရတယ်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့