Friday, September 28, 2012

UNFC နှင့် NCUB ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စု ရောက်ရှိ

2012-09-27

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို ရှင်းလင်း တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။

NCUB ဥက္ကဋ္ဌနဲ့ UNFC ဒုဥက္ကဋ္ဌ တာဝန်တွေကို ပူးတွဲထမ်းဆောင်နေသူ စောဒေးဗစ်တာကပေါ ဦးဆောင်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး သူတို့ရဲ့ ခရီးစဉ်အတွင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ အမေရိ ကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတာတွေ မရပ်သရွေ့ အပစ်အခတ် ရပ်စဲ ရေးဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်သလို အေးချမ်းတည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်လာဖို့ မလွယ် ကြောင်း၊ တိုင်းရင်းသားတွေဘက်ကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအဆင်သင့်ရှိနေပြီး နိုင်ငံတကာရဲ့ ပါဝင်ဆောင်ရွက်မှုတွေကနေ အထောက်အကူ ရစေမယ်လို့ ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားပါတယ်။


Ref: အာရ်အဖ်အေ

Read More...

မြန်မာကိုချေးငွေထုတ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ ပြင်ဆင်နေ

2012-09-27

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာ အစိုးရကို ချေးငွေအသစ် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ထုတ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြင်ဆင်နေပြီလို့ သိရပါတယ်။

နောက်လ တိုကျိုမှာ ကျင်းပမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အစည်းအဝေးအတွင်းမှာ IMF ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က ချေးငွေအသစ် ထုတ်ချေးပေးဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဂျပန်သတင်းစာ Nikkei က ဆိုပါတယ်။

မြန်မာအစိုးရကို ဒေါ်လာ သန်း ၉၀၀ ထုတ်ချေးဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့က စီစဉ်နေကြပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးတော့မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောလိုက်ပြီးတဲ့နောက်မှာ အခုလို သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ နောက်ထပ် ချေးငွေအသစ်တွေ ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံဘဏ်ကြီးတွေက မြန်မာနိုင်ငံကို ကာလတိုချေးငွေတွေ ထုတ်ပေးဖို့ အလားအလာ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Ref: အာရ်အဖ်အေ

Read More...

သမ္မတ ခရီးစဉ်အောင်မြင်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးပြော

2012-09-27

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးလိုက်တာဟာ ပြုပြင် ပြောင်း လဲရေး လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးကြောင့် ဖြစ် တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

သမ္မတ အိုဘားမားအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ဆို့ အရေးယူထားတာကို လျှော့ပေါ့ပေးမှာဖြစ်ကြောင်း မနေ့က နိုင်ငံခြားရေးဝန်ကြီး (Hillary Rodham Clinton) ဟီလာရီ ကလင်တန်က ကြေညာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုနေသလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးဖို့ သူမရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ကြောင်း သမ္မတရုံး ညွန်ကြား ရေးမှူး ဗိုလ်မှူး ဇော်ဌေးက အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အခုလို ပိတ်ဆို့ အရေးယူမှု လျှော့ပေါ့ပေးလိုက်တာဟာ သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ်ရဲ့ အောင်မြင်မှုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလို ရုပ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ယုံကြည်မှု ပိုမိုရရှိစေသလို မြန်မာပြည်သူတွေ အတွက်လည်း အကျိုးရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၃ ခုနှစ်က အမေရိကန်အစိုးရက သွင်းကုန်ပိတ်ဆို့ရေး မူဝါဒ ချမှတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေ ကျဆင်းခဲ့ရပါတယ်။ အခုလို မြန်မာနိုင်ငံကသွင်းကုန်တွေကို ပြန်လည် တင်သွင်းခွင့်ပြုဖို့ လျှော့ပေါ့ပေးလိုက်တဲ့အတွက် အထည် ချုပ်လုပ်ငန်းတွေအတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အထည်ချုပ်လုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးအောင်ဝင်းကလည်း ပြောဆိုပါတယ်။

Ref: အာရ်အဖ်အေ

Read More...

တရားဥပဒေစိုးမိုးရေး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

2012-09-27

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရှိဖို့ဆိုရင် တရားဥပဒေ စိုးမိုးရေးကို ပြန်လည်တည်ဆောက်ရမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးလုပ်ပိုင်ခွင့် အာဏာတွေ ပေးထားကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွတ် လပ်တဲ့ တရားရေး မဏ္ဌိုင်တစ်ရပ် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယေးလ်တက္ကသိုလ်မှာ စကားပြောကြားစဉ် ထည့် သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့သလို အမေရိကန်ကွန်ဂရက်က ပေးအပ်တဲ့ အမြင့်ဆုံးဆုကိုလည်း လက်ခံယူခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာပထမဆုံးအကြိမ်အဖြစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ချီးကျူးဂုဏ်ယူကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီ ၂၇ ပါတီ တွေ့ဆုံဆွေးနွေး

2012-09-27

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက အတွေ့အကြုံတွေကို သင်ခန်းစာရယူပြီး လာမဲ့၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပိုမိုလွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာအောင် အခုကတည်းက ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမှာ ရန်ကုန်အခြစိုက် ပါတီ (၂၇) ပါတီနဲ့ တွေ့ဆုံစဉ် အခု လို ပြောကြားခဲ့တာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောတာပါ။

"ပြင်စရာတွေအများကြီးရှိပါတယ်။ အခုဆို ကန့်ကွက်လွှာ ၄ ခုရှိတယ်။ စစ်လိုက်တဲ့အခါကျတော့ ပြီးသွားပြီ။ ဒါကလည်းပဲ နိုင်တဲ့ သူကနိုင်တယ်။ ရှုံးတဲ့လူက ရှုံးတယ်။ အဲတာပြီးတော့ ပြန်ပြီးတော့ Rule and Regulation တွေကို ပြန်လေ့လာနေတယ်။ ပြန်လေ့လာပြီးနောက်ပိုင်း ဘာတွေလုပ်သလဲဆိုရင် ပိုတာတွေအကုန်လုံး၊ မလိုတာတွေဖြုတ်လိုက်မယ်။ လိုနေရင် ထပ်ဖြည့်မယ်။ ဒီသဘောလုပ်ပါတယ်။ လုပ်ပြီးရင် စာတမ်းတွေလုပ်ပြီးတော့ လူထုတွေ နားလည်အောင်၊ နောက်ရွေးကောက်ပွဲကျရင် skill ဖြစ်အောင်ပေါ့"

ဒါ့အပြင် ဒီနေ့ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေနဲ့ အတူပူးပေါင်းပြီး နိုင်ငံတော်ကောင်းအောင်နဲ့ လက်ရှိနိုင်ငံတော်မှာ တွေ့ကြုံခံစား နေရတဲ့ အခက်ခဲတွေဖြစ်တဲ့ လယ်သမားအရေး၊ အလုပ်သမားအရေး၊ လျှပ်စစ်ဓာတ်အားပြဿနာနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စ တွေမှာ မှန်တဲ့နည်းလမ်း၊ မှန်ကန်တဲ့ဘက်ကနေ ပူပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ပါတီတွေနဲ့ တွေ့ဆုံတာလို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ SNLD ပါတီအပါဝင် ပါတီ (၂၇)ပါတီမှ တာဝန်ရှိသူတွေ တက် ရောက်ခဲ့ပြီး ပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာရပ်တွေ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါတီ တွေအနေနဲ့ ပါဝင်ဆောင်ရွက်လိုတဲ့ ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ အပါအ၀င် လက်ရှိနိုင်ငံတော်မှာ ဖြစ်ပေါ် ကြုံတွေ့ နေရတဲ့ ပြဿနာအခက်ခဲ အရပ်ရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အစိုးရနှင့် UNFC ဒီဇင်ဘာတွင် တွေ့ဆုံရန်ရှိ

ဝင့်သင်ဇာကျော် (မြစ်မခ)
28 Sep, 2012

ညီညွတ်သောတိုင်းရင်းသားများလူမျိုးများကောင်စီ(UNFC) နှင့် အစိုးရ၏ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းတို့လာမည့်ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် တွေ့ဆုံရန်ရှိသည်ဟု UNFC ကပြောသည်။

“ကချင်မှာစစ်ပွဲတွေကြောင့် ဒုက္ခသည်တွေများလာနေတာ တွေအပစ်အခတ်ရပ်စဲဖို့ကိစ္စတွေနိုင်ငံရေးဆွေးနွေးပွဲ မူဘောင် (၆)ချက် ကိုဆွေးနွေးသွားဖို့ အစီအစဉ်ရှိတယ်” ဟု UNFC မှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

နှစ်ပေါင်း(၆၀)အတွင်း တိုင်းရင်းသားအဖွဲ့နှင့် အစိုးရကြားစစ်ရေးတိုက်ခိုက်မှုသာ ရှိခဲ့ခြင်းဖြစ်ပြီး စစ်မှန်သော ငြိမ်း ချမ်းမှုမရ ရှိသေး ခြင်းကြောင့် UNFC အနေဖြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဦးအောင်မင်းနှင့် နိုင်ငံရေးဆွေး နွေးရန်လိုလားရခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

“စစ်တိုက်လာတာ နှစ်(၆၀)ကျော်ပြီ ဘယ်သူ့ကိုမှ အပြတ်မနိုင်ဘူးအဲ့နည်းလမ်းဆက်လျှောက်ရင် တို့နိုင်ငံတွေ ပိုပြီးမွဲပြီးပိုဒုက္ခ ရောက်မယ်။ နိုင်ငံရေးအရဆွေးနွေးတာကိုပဲ လိုလားတယ်။ “ဟုနိုင်ဟံသာက ဆက်ပြောသည်။

စက်တင်ဘာလ ဒုတိယပတ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သောတိုင်းရင်းသားများ ညီလာခံတွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးအပါအ၀င်နိုင်ငံရေးဆွေးပွဲမူဘောင်(၆)ချက်ကို ချမှတ်ခဲ့ပြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံ ရာတွင် ယင်းအချက်များကို တင်ပြ သွားမည်ဟု၎င်းက ဆိုသည်။

အစိုးရနှင့် UNFCအဖွဲ့တို့သည် တွေ့ဆုံမည့် နေ့ရက်နှင့် နေရာအတိအကျကိုမူမသတ်မှတ်ရသေးကြောင်း UNFCက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စုပေါ် ပေါက်ရေးအတွက် လုပ် ဆောင်ရန်UNFCကို၂၀၁၁ခုနှစ် ဖေဖော်ဝါရီတွင် စတင်ဖွဲ့စည်းခဲ့သည်။

ညီညွတ်သောတိုင်းရင်းသားများလူမျိုးများကောင်စီ UNFC တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊မွန်ပြည်သစ်ပါတီ (NMSP) ကချင်ပြည်လွတ်လပ် ရေး အဖွဲ့(KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ် ဦး(PSLF)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်သမဂ္ဂ(LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ်(WNO)၊ တို့ ပါဝင်သည်။

အစိုးရအဖွဲ့နှင့် UNFC တစ်ဖွဲ့လုံးဖြင့် တရားဝင်တွေ့ဆုံခြင်းများမရှိသေးသော်လည်း အဖွဲ့ဝင်အချို့နှင့် ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သက် ပြီး တွေ့ဆုံခဲ့သည်။



Ref: မြစ်မခ

Read More...

NLD လမ်းစဉ် ပြင်-ဝင် မှ ဝင်-ပြင် သို့

ကိုပေါက်
စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ်
ဦးဝင်းတင်
(NLD ဗဟို သဘာပတိအဖွဲ့ဝင်နှင့် အင်တာဗျူး)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ၂၄ နှစ်တာ ပါတီသက်တမ်းအတွင်း လုပ်ဟန် ပြောင်းလဲမှုများ ရှိခဲ့သလို လမ်းစဉ် အပြောင်းအလဲများလည်း လုပ်ခဲ့ရသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ပြီးနောက် ခေါင်းဆောင်များ ဖမ်းဆီးမခံရမီ စုစုစည်းစည်း ရှိခဲ့စဉ်က “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူ၍ ကြွေးကြော်သံတင်ကာ ထိုစဉ်က စစ်အာဏာသိမ်း နဝတ အစိုးရ၏ မတရားမှုများကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် NLD ပါတီဘဝ စတင်ခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်း ပေးအပ်ခြင်းမခံခဲ့ရဘဲ ပါတီခေါင်းဆောင်များနှင့် ပါတီဝင်အမြောက်အများ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး အချို့မှာ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု ဒဏ်များဖြင့် အသက် ဆုံးရှုံးခဲ့ကြရသည်။

ယနေ့အခါတွင် လွှတ်တော်အသီးသီး၌ ပါတီဝင် အမတ် ၄ဝ ကျော် ဝင်ရောက်ခွင့် ရရှိထားသည့် NLD ပါတီ၏ ဒီမိုကရေစီ ရရှိရေးအတွက် ဖြတ်သန်းမှုများ၊ ပါတီမှတ်တိုင်များ၊ လုပ်ဟန်နှင့် လမ်းစဉ်အပြောင်းအလဲများကို သိရှိနိုင်ရန် အတွက် ပါတီ တည်ထောင်စဉ်ကတည်းက အရေးပါသော ခေါင်းဆောင်တဦး ဖြစ်ခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသည်။

NLD အဖွဲ့ချုပ်ဟာ ၈၈၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာပြီးတော့ ဒီ အရေးတော်ပုံကြီးရဲ့ ရလဒ်တခုလို့ ပြောနိုင်မလား ခင်ဗျ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာ တည်မြဲရေး၊ သို့မဟုတ်ရင်လည်း စစ်သြဇာ လောင်းရိပ်နဲ့ ဗမာပြည်နိုင်ငံရေးကို စစ်အာဏာကနေ ချုပ်ကိုင်ပြီးရင် အသက်ဆက်ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံဘူး။

ပြောနိုင်တာပေါ့ဗျာ။ ပါတီထဲမှာ သဘောထားကွဲသွားပြီးတော့ ဒီနေ့ဒီချိန်ထိလည်း လက်မခံဘူး။ အပြင်ရောက်သွားတဲ့ (ပထမဆုံး ဥက္ကဋ္ဌ) ဦးအောင်ကြီးလို ပုဂ္ဂိုလ်မျိုးတောင်မှ ၈၈၈၈ ထဲမှာ ပါခဲ့တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ရော၊ ကျနော်တို့ရော ၈၈၈၈ မှာ ပါဝင်ခဲ့ပြီး NLD ခေါင်းဆောင်မှု တခုလုံးလိုလိုဟာ ၈၈၈၈ ကနေ ပေါက်ဖွားပြီးတော့ လူကြီးတွေ၊ လူငယ်တွေ၊ နိုင်ငံရေး ရည်မှန်း ချက် အမျိုးစုံ ဒီထဲမှာ လာပြီးတော့ ဆုံကြတယ်။ အဲဒါကြောင့် NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ နိုင်ငံ ရေးရလဒ်တခု ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ပါတီ တည်ထောင်ခဲ့စဉ်က ထားရှိခဲ့တဲ့ ရည်ရွယ်ချက်တွေဟာ အခုလို ၂၄ နှစ်အကြာမှာ ဘယ်လောက်ထိ ပေါက်ရောက်နိုင် ခဲ့ပြီ လို့ ဆိုနိုင်မလဲခင်ဗျ။

ကျနော်ပြောနိုင်တာကတော့ ဒီနေ့ဒီချိန်မှာ ဒီမိုကရေစီတော့ မဖြစ်သေးဘူး။ ဒီမိုကရေစီရဲ့ အရိပ်အယောင်တွေတော့ ပေါ်လာပြီ။ စစ်အာဏာပိုင်တွေဆီက အမွေဆက်ခံထားတဲ့ အစိုးရကိုယ်တိုင်က ဒီမိုကရေစီအပြောင်းအလဲတို့၊ ငြိမ်းချမ်းရေး လုပ်ပါမယ်တို့ ကြွေကြော်ရတဲ့အခြေအနေမျိုး ရောက်လာရတဲ့ အကျိုးရလဒ်ဟာ NLD ရဲ့ လွန်ခဲ့တဲ့ ၂၄ နှစ် ကာလပတ်လုံး သွေးတွေ၊ ချွေးတွေ ရင်းပြီး ကြိုးပမ်းခဲ့ရတဲ့ ရလဒ်တခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ပါတီရဲ့ အောင်ပွဲ မှတ်တိုင်ကြီးတခုဖြစ်ခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကိုရော ဒီနေ့အချိန်အခါမှာ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုနိုင်မလဲခင်ဗျ။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ NLD ရဲ့ ဦးဆောင်မှုကို ပြည်သူလူထုက လက်ခံတယ်။ NLD ရဲ့ ရှေ့ဆောင်မှုကို ပြည်သူက လိုက်ခဲ့တယ်။ NLD ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို သဘောတူညီချက် ပေးလိုက်တယ်လို့ ပြောလို့ရပါ တယ်။ ၁၉၉ဝ ဆိုတာ ၈၈ ရဲ့ ညီညွတ်ရေးကာလ မပြိုသေးတဲ့အချိန်ပေါ့။ နှစ်နှစ်တောင်မှ မပြည့်သေးတဲ့ အချိန်။ ဒီ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ တွေက စစ်အာဏာရှင် စိုးမိုးမှုကို ငြင်းပယ်လိုက်တဲ့ နိုင်ငံရေးလမ်းခွဲမှုဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။

ရွေးကောက်ပွဲရလဒ်ကို နဝတ အစိုးရက အကောင်အထည်ဖော်ခြင်းမရှိတဲ့နောက် ဂန္ဓီခန်းမ အစည်းအဝေး ဖြစ်လာပြီး လွှတ်တော် ခေါ်ယူရေး တောင်းဆိုကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး စောမောင်တို့က ၁/၉ဝ ထုတ်ပြန်ပြီး ဟန့်တားပိတ်ပင်လိုက်ပါတယ်။

အာဏာလွှဲပြောင်းရေးကို ငြင်းဆန်လို့ရအောင် စစ်အစိုးရ လုပ်တဲ့နည်းကတော့ အခြေခံဥပဒေတခု ရေးဆွဲရမယ်။ အခြေခံဥပဒေ မရှိဘဲနဲ့ အာဏာလွှဲပြောင်းမှု မပြုနိုင်ဘူး ဆိုပြီးတော့ အချိန်ဆွဲဖို့အတွက် ‘အမျိုးသားညီလာခံ’ ဆိုတာကို ခေါ်တာပဲ ဖြစ်ပါတယ်။ အဲဒီ ‘အမျိုးသားညီလာခံ’ ဆိုတာကို အစောကြီးကတည်းက ကျနော်တို့ ကန့်ကွက်ပါတယ်။

အဲဒီ အမျိုးသားညီလာခံ ညောင်နှစ်ပင် ကနေ ပေါ်ထွက်လာတဲ့ ၂ဝဝ၈ ခုနှစ်၊ အခြေခံဥပဒေဟာ စစ်အာဏာ တည်မြဲ
ရေး၊ သို့မဟုတ်ရင်လည်း စစ်သြဇာ လောင်းရိပ်နဲ့ ဗမာပြည်နိုင်ငံရေးကို စစ်အာဏာကနေ ချုပ်ကိုင်ပြီးရင် အသက်ဆက် ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံဘူး။ ဒီနေ့ဒီချိန်ထိလည်း လက်မခံဘူး။ ပေါ်ထွက်လာတဲ့ အချိန်ကလည်း လက်မခံခဲ့ဘူး။ ဒီနေ့ လွှတ်တော်ထဲကို ရောက်နေပေမယ့် လွှတ်တော်ထဲမှာ လုပ်မယ့် ဦးတည်ချက် ၃ ချက်ထဲမှာ တချက်အနေနဲ့ ဒီအခြေခံဥပဒေကို ပြင်ဖို့၊ ပြောင်းဖို့၊ ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။

‘ရွှေဂုံတိုင်’နဲ့ ‘၂ဝ၁၁ နိုဝင်္ဘာ ၁၈ ဆုံးဖြတ်ချက်’ ရဲ့ ကွာခြားချက်က ဘာလဲဆိုရင် ရွှေဂုံတိုင်တုန်း က ပြောခဲ့တာက အခြေခံ ဥပဒေ ပြင်ပေးရင်ရွေးကောက်ပွဲ ဝင်မယ်။‘ပြင်-ဝင်’ လိုင်းနဲ့ ကျနော်တို့ ရပ်တည်ခဲ့တယ်။ ၂ဝ၁၁ ခုနှစ်မှာ ကျတော့ “အခြေအ နေတွေ ပြောင်းသွားတဲ့ အတွက်” ဆိုပြီးတော့ ‘ဝင်-ပြင်’၊ ရွေးကောက်ပွဲ ဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်မယ် ဆိုပြီး ဖြစ်လာတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတော့ ‘၂၁ ရာစုပင်လုံညီလာခံ’ လုပ်ရမယ်လို့ ပြောဆိုထားခဲ့တာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်း ထပ်မကြားရတော့ပါဘူး။

ရှင်းရှင်းပြောရရင် ဒီလိုညီလာခံခေါ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါက ဖြစ်နေတဲ့အခြေအနေ။ အဲဒါကြောင့် ကျနော်တို့က နဂို ကတည်း ကိုက ‘၂၁ ရာစု’ လို့ သေချာခေါ်ရတာက ၂၁ ရာစုမှာ ပေါ်ပေါက်နေတဲ့ Technology (နည်းပညာ)နဲ့ သုံးပြီးတော့ တိုင်း ရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေ ဖလှယ်ပြီးတော့ ညီလာခံကျင်းပနိုင်အောင် လုပ်မယ်ဆိုပြီး ပြောတဲ့ သဘော ဖြစ်ပါတယ်။ ဒါလည်း ဒီနေ့ထိ အခက်အခဲတွေ ရှိတုန်းပဲလို့ ပြောချင်ပါတယ်။ သို့သော် နှောင့်နှေး ကြန့်ကြာနေသော်လည်းပဲ အခြေအနေပေး တာနဲ့ ပင်လုံညီလာခံမျိုး လုပ်ပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ပဲ ပြည်ထောင်စု အစစ်ကို ဖော်ဆောင်ရမယ်လို့ ယုံကြည်တာကတော့ ဒီနေ့ထိ ခိုင်ခိုင်မာမာ ရှိပါတယ်။ လုပ်ငန်းစဉ်တွေလည်းပဲ ရှိပါတယ်လို့ ပြောချင်ပါတယ်။

ပါတီက ရပ်တည်ခဲ့တဲ့ ‘ရွေဂုံတိုင် ကြေညာစာတမ်း’ပါ အချက်တွေ အပြည့်အဝ မရရှိခဲ့သော်လည်းဘဲ ပါတီ ပြန်လည် မှတ်ပုံ တင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးဟာ ဖြစ်သွားခဲ့ပါတယ်။

ရွှေဂုံတိုင် ဆုံးဖြတ်ချက်က ၂ဝဝ၉ ခုနှစ်၊ ဧပြီလလောက်မှာ လုပ်တယ်။ လူ တရာလောက်ရှိတဲ့ ဗဟိုကော်မတီလို့ခေါ်တဲ့ ပါတီခေါင်းဆောင်စုက ဆုံးဖြတ်တယ်။ အဲဒီသဘောထားကိုပဲ ၂ဝ၁ဝ ခုနှစ်၊ မတ်လမှာ လုပ်ခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာလည်း (ဒီဥပဒေတွေကို) လက်မခံဘူးဆိုတဲ့မူနဲ့ ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

သို့သော် ၂ဝ၁၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ ဘာတို့နဲ့ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်၊ ပြောဆိုရင်းကနေ ဘာ တွေပေါ်လာလဲဆိုတော့ ပါတီ မှတ်ပုံတင်ခြင်း ဥပဒေမှာ အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ စကားအစား “လေးစားလိုက်နာပါမည်” ဆိုတာလောက် ပြောင်းတာ၊ နောက်တခါ ပါတီထဲက ထောင်ကျနေတဲ့ ခေါင်းဆောင်စုကို ထုတ်ပစ်ရ မယ်ဆိုတဲ့ ပုဒ်မတခု။

ဒါကြောင့် ၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာက ပါတီ မှတ်ပုံတင်မယ်။ ရွေးကောက်ပွဲလည်း ဝင်မယ် လို့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုလည်း ရနေပြီ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုကလည်း မြင့်မား နေတယ်၊ ခုနက ပုဒ်မတွေ ပြင်ပေးတာတွေလည်း ရှိနေပြီ၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ‘အသိအမှတ်ပြု’တယ်ဆိုတာတွေ ဦးခင်အောင်မြင့်တို့က ထုတ်ဖော်ပြီး လူသိရှင်ကြား ကြေညာတာတွေ ဖြစ်လာတော့ အဲဒီမှာ ဒေါ်စုရဲ့ သြဇာ၊ ဒေါ်စုရဲ့ တင်ပြချက် တွေလည်း ပါတာပေါ့။

ဒီလိုပြောင်းလဲလာတဲ့ အခြေအနေမှာ လက်လွှတ်လိုက်လို့ မရဘူး၊ အခြေအနေ ပြောင်းလဲတာနဲ့ အညီပဲ လိုက်ပြီးလုပ်ဖို့ လိုလိမ့် မယ် ဆိုပြီး ဒေါ်စုက တင်ပြတယ်။ အဲဒီ နိုဝင်္ဘာလ ၁၈ ရက်နေ့မှာလုပ်တဲ့ ညီလာခံကျတော့ စောစောက ရွှေဂုံတိုင်တို့၊ မတ်လ ၂၉ ဆုံးဖြတ်ချက်တွေကို ဗြောင်းပြန်လှန်ပြီးတော့ ပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာတွေ ဆုံးဖြတ်ခဲ့တယ်။ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် မူလ ဆုံးဖြတ်ချက်တွေကို ကျော်လွှားလို့၊ နင်းခြေလို့ မရဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ဆုံးဖြတ်ချက် ဖြစ်သွားတယ်။

အတိုချုပ်ပြောရရင် ‘ရွှေဂုံတိုင်’ နဲ့ ‘၂ဝ၁၁ နိုဝင်္ဘာ ၁၈ ဆုံးဖြတ်ချက်’ရဲ့ ကွာခြားချက်က ဘာလဲဆိုရင် ရွှေဂုံတိုင်တုန်းက
ပြောခဲ့တာက အခြေခံဥပဒေ ပြင်ပေးရင် ရွေးကောက်ပွဲ ဝင်မယ်။ ‘ပြင်-ဝင်’ လိုင်းနဲ့ ကျနော်တို့ ရပ်တည်ခဲ့တယ်။ နောက် အစည်းအဝေးမှာလည်းပဲ အလားတူ ‘ပြင်-ဝင်’ လိုင်းနဲ့ပဲ ရပ်တည်ခဲ့တယ်။ သို့သော် ၂ဝ၁၁ ခုနှစ်မှာကျတော့ “အခြေ အနေ တွေ ပြောင်းသွားတဲ့အတွက်” ဆိုပြီးတော့ ‘ဝင်-ပြင်’၊ ရွေးကောက်ပွဲဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်မယ် ဆိုပြီး ဖြစ်လာတယ်။ အဲဒီ ဝင်-ပြင် လိုင်းကို လက်ခံပြီး ပါတီခေါင်းဆောင်စုက ဆုံးဖြတ်လိုက်တဲ့အတွက် အားလုံး လက်ခံကြရတာ ပေါ့ဗျာ။ ပါတီတရပ်ဆိုတာ ဗဟိုကော်မတီတခုလုံးရဲ့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ပါတီတရပ်မှာ ဗဟိုကော်မတီ အနေနဲ့ အခါအားလျော်စွာ သုံးသပ်ချက်အရ ပြောင်းလဲဆုံးဖြတ်ရတာတွေ ရှိပါတယ်။

နှောင့်နှေးကြန့်ကြာနေသော်လည်းပဲ အခြေ အနေပေးတာနဲ့ ပင်လုံညီလာခံမျိုး လုပ်ပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ပဲ ပြည်ထောင်စု အစစ်ကို ဖော်ဆောင်ရမယ်လို့ ယုံကြည်တာကတော့ ဒီနေ့ထိ ခိုင်ခိုင်မာမာ ရှိပါတယ်။ လုပ်ငန်းစဉ် တွေလည်းပဲ ရှိပါတယ်လို့ ပြောချင်ပါတယ်။

၂၄ နှစ်တာ ဖြတ်သန်းမှုမှာ ပါတီ တည်ထောင် ကာစက“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာက နေ ‘ရွှေဂုံတိုင်’ အထိ ပါတီရဲ့ ရပ်တည်ချက်နဲ့ အဲဒီနောက်ပိုင်း ‘ပြန်လည်မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး’ရပ်တည်ချက် တို့ဟာနေရာ ရွေ့လျောသွားတယ် ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာရော ဘယ်လို တုန့်ပြန် သဘောထားပေးလိုပါသလဲခင်ဗျ။

နိုင်ငံရေးက အခြေအနေတွေပေါ်မှာ တည်ပြီး ဆုံးဖြတ်ရတာပဲ။ ပါတီခေါင်းဆောင်စုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။

၁၉၈၈ ကတည်းက ကိုင်စွဲခဲ့တဲ့ အာဏာရှင်အစိုးရများကို ဆန့်ကျင်မယ် ဆိုတဲ့ သဘောထား၊ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်မယ် ဆိုတဲ့သဘောထား၊ ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်မယ် ဆိုတဲ့သဘောထား၊ အမျိုးသား ပြန်လည်သင့် မြတ်ရေး ဆောင်ရွက်မယ်ဆိုတဲ့သဘောထား။ ဒီလုပ်ငန်းစဉ်တွေဟာ ၂ဝ၁၁ ခုနှစ် ရောက်တဲ့ အခါကျတော့ ကွဲလွဲမှု ရှိသလားလို့ မေးမယ်ဆိုရင် စကားလုံးတွေတော့ ကွဲပြားမှု ရှိချင်ရှိမယ်။ အနှစ်သာရအားဖြင့် ဒီအတိုင်းပဲ လုပ်နေပါတယ်။

ဆိုပါတော့ “မတရားတဲ့အမိန့်အာဏာဟူသမျှ ဖီဆန်ကြ”ဆိုတာ ဒီနေ့ရှိသေးလားလို့ မေးရင် ရှိတယ်လို့ ကျနော်ပြောမယ်။ အဲဒီ စကားလုံးတွေ မဟုတ်ပေမယ့်လို့ ကျနော်တို့ ဒီနေ့ထိ ကျင့်သုံးနေတာက ဘာလဲဆိုတော့ ဒီမိုကရေစီစနစ်ကို အဟန့် အတားဖြစ် စေတဲ့ အမိန့်တွေ၊ ဥပဒေတွေကို ဖျက်သိမ်းဖို့၊ ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ဆိုတာ လွှတ်တော် ထဲမှာလည်း ဒီကိစ္စ ထည့်ပြောပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကိစ္စကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး လုပ်တာ ဖြစ်ပါတယ်။

အလားတူပဲ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် Federal Union ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ရေးဆိုတာ ဒီနေ့လည်း ကိုင်စွဲနေတာပဲ။ ဒါကြောင့်ပဲ တိုင်းရင်းသားတွေနဲ့ လက်တွဲနေနိုင် တာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စဟာလည်း ဒီနေ့ထိ ကိုင်စွဲလုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

လက်ရှိအနေအထားမှာ ပါတီဥက္ကဋ္ဌအနေနဲ့ နိုင်ငံတော်သမ္မတ အပေါ်မှာ အယုံအကြည် ကဲလွန်းနေတယ်လို့ကော ဆရာ မြင်မိ လားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုလည်း ရနေပြီ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုကလည်း မြင့်မားနေတယ်၊ ခုနက ပုဒ်မတွေ ပြင်ပေးတာ တွေလည်း ရှိနေပြီ၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ် ကို ‘အသိအမှတ်ပြု’ တယ်ဆိုတာတွေ ဦးခင်အောင်မြင့်တို့က ထုတ်ဖော်ပြီး လူသိ ရှင်ကြား ကြေညာတာတွေ ဖြစ်လာတော့ အဲဒီ မှာ ဒေါ်စုရဲ့ သြဇာ၊ ဒေါ်စုရဲ့ တင်ပြချက်တွေလည်း ပါတာပေါ့။

ဒါကတော့ သူ့ရဲ့ လုပ်ဟန်၊ Character ပေါ့ဗျာ၊ သူ့ရဲ့ ကျင့်ဟန် တခုပဲလို့ ပြောရမှာပဲ။ သူက ဘယ်သူ့ဖြစ်ဖြစ် သမ္မတ အပေါ် တင် မဟုတ်ဘူး၊ ကျောင်းသားလူငယ် တွေနဲ့ ပြောမလား၊ ပါတီတွင်းက လူတွေနဲ့ပဲပြောမလား၊ သူစိမ်းတရံဆံနဲ့ပဲ ပြောမလား သူ မှန်တယ်ထင်တဲ့ဟာ၊ ကောင်းလာပြီလို့ထင်တဲ့ဟာကို ဒီလိုပဲ ဟက်ဟက် ပက်ပက်နဲ့ ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြော တတ်တဲ့ အလေ့ ရှိပါတယ်။ ဒါကတော့ သူ့ရဲ့ Manner ပေါ့ဗျာ၊ ကိုယ်ကျင့်ကိုယ်ဟန်ပဲလို့ပြောလို့ ရပါတယ်။

သို့သော် နိုင်ငံရေးအားဖြင့် လွန်ကဲသလား၊ မလွန်ကဲသလား ဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စဖြစ်တယ်လို့ပြောချင်ပါ တယ်။ ဒီနေ့ ပါတီပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ခဲ့တာဟာလည်း ဒေါ်အောင်ဆန်းစုကြည် ဦးသိန်းစိန်အပေါ်မှာ ယုံကြည်ခြင်း အပေါ်မှာ မူတည်ပေါက်ဖွားလာတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီရလဒ်ဟာ ဘာပဲပြောပြော၊ အဟောသိကံ မဖြစ်ဘူး၊ အလဟဿ မဖြစ် ဘူး။ နို့မို့လို့ရှိရင် အစိုးရနဲ့ ကျနော်တို့ ကဏ္ဍကောစ တိုက်ခိုက်နေရမယ့် အနေအထား။ အခုဆို ပြည်သူရဲ့အကျိုးကို တရားဥပဒေ ဘောင်အတွင်းကနေ လုပ်နိုင်တဲ့အနေအထားကို ရောက်လာ တယ်။

ကျနော်တို့တတွေဟာလည်း ဗမာပြည်ရဲ့နိုင်ငံရေးမှာ ဦး ဆောင် မှုကဏ္ဍမှာ မရှိသော်သေးငြားလည်း၊ မှန်မှန် ကန်ကန် ပါဝင်လှုပ် ရှားနေတဲ့ အနေအထားရှိတယ်။ ဒါဟာ ဦးသိန်းစိန် အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှု ရဲ့ အကျိုးသက်ရောက်မှု ဖြစ် တယ်လို့ ပြောလို့ရပါတယ်။ စောစောကပြောတဲ့ ယုံကြည်မှု လွန်ကဲတယ်လို့ သတ်မှတ်ချင် လည်း သတ်မှတ်လို့ရတယ်။ ဒါမှမ ဟုတ် ဒါဟာ ယုံယုံကြည်ကြည် ပြောနေတာပဲလို့ လည်း ပြောလို့ရတယ်။ ကိုယ့်ဘက် က သဘောထားအမှန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတယ်လို့လည်း ပြောလို့ရပါတယ်။ တခုပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ဆက်ဆံရေးဟာ ဘာပဲ ပြောပြော အဟောသိကံတော့ မဟုတ်ဘူး။ အချည်းအနှီး ကိစ္စတော့ မဟုတ်ဘူး။ အကျိုး သက်ရောက်မှု တစုံတရာရှိတယ်။ အဲဒီအကျိုးသက်ရောက်မှုတွေ ဘယ်လောက် ဆက်သွားမယ်ဆိုတာ စောင့်ကြည့်ရမယ်လို့ပဲ ပြောချင်ပါတယ်။

ပါတီ ငွေရတုအကြိုမှာ ဘာများ ပြောလိုတာ ရှိပါသလဲခင်ဗျာ။

ကျနော်တို့ရဲ့ခရီး၊ တာဝန်တွေဟာ မဆုံးသေးဘူး။ ကျနော်တို့တာဝန်ဟာ မူလဘူတ မူဝါဒများကိုပဲ ခိုင်ခိုင်မြဲမြဲ ကိုင်စွဲပြီးတော့ ဆက်လက်ချီတက်သွားမှာပဲ။ မူလဘူတ မူဝါဒဟာ ဘာလဲဆိုရင် ဒီမိုကရေစီမူဝါဒပဲ ဖြစ်တယ်လို့ ကျနော် ပြောချင် ပါတယ်။


Ref: မဇ္ဈိမ

Read More...

တရုတ်နှင့် အမေရိကန် အကြား မြန်မာသမ္မတ ဟန်ချက်ညီရန် ကြိုးစားမှု

စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ်

နယူးယောက်မြို့တွင် ကြာသပတေးနေ့၌ ကုလသမ္မဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားမည့် သမ္မတ ဦးသိန်းစိန်၏ ယခု သီတင်းပတ်အတွက် အဓိက တာဝန်မှာ အစိုးရအဖွဲ့၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများအား ကမ္ဘာ့ပရိသတ် ရှေ့ မှောက်တွင် ရှင်းလင်းတင်ပြရန် ဖြစ်သည်။

သူ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအား ဆယ်စုနှစ်တစုခန့်မျှ ဝန်ပိစေခဲ့သည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအားလုံး ရုပ် သိမ်းလာစေရေး နှင့် ဖွံ့ဖြိုးရေး အကူအညီ များ ရရှိလာရန်အတွက်ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တရုတ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲ တခု၌ ဦးသိန်းစိန် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံတွင် နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူ ဖြစ်သည့် တရုတ် အနေဖြင့် ယခုကာလများအတွင်း မြန်မာနိုင်ငံက အမေရိကန်နှင့် အနောက် နိုင်ငံများအား လက်ကမ်း ကြိုဆိုနေခြင်းအား ဘာမှစိုးရိမ်စရာ မရှိဟု တရုတ် ခေါင်းဆောင်များအား ပြောခဲ့သည်။

တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဝမ်ဘန်ဂေါင်း Wu Bangguo အပါအဝင် တရုတ် ထိပ်တန်း အရာရှိများသည် နှစ်နိုင်ငံ ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် ရည်ရွယ်သည့် အနေဖြင့် မကြာသေးခင်က နေပြည်တော် ရှိ သမ္မတ ဦးသိန်းစိန်ထံ လာရောက်လည်ပတ်ခဲ့ကြသည်။

ထို ခရီးစဉ်အတွင်းတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် စီးပွါးရေးနှင့် ကုန်သွယ်ရေး အကျိုးတူ စာချုပ်ကိုးခုနှင့် ဘဏ္ဍာရေး ဆိုင်ရာ သဘောတူညီချက် စာချုပ် နှစ်ခုကို ချုပ်ဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး ဘေဂျင်း [တရုတ် အစိုးရ] မှာ ပထဝီ အနေအထားဆိုင်ရာ ဗျူဟာနဲ့ သက်ဆိုင်တဲ့ စိုးရိမ်
သောကတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံအဖြစ် ကာလကြာရှည်စွာ ရှိနေခဲ့တဲ့ အနေအထား ညတွင်းချင်း မပျောက်ပျက် သွားစေဘူးလို့ အာမခံချက်ပေးတာကို တရုတ်နိုင်ငံက အလိုရှိနေပါတယ်” ဟု သမိုင်း ပညာရှင် နှင့် ဦးသိန်းစိန် အစိုးရ၏ အကြံပေးအဖွဲ့ဝင် တဦး ဖြစ်သူ ဦးသန့်မြင့်ဦး က Financial Times သတင်းစာ၏ ဆောင်းပါးတပုဒ်တွင် ရေးသား ထားသည်။

“တရုတ်နိုင်ငံ ခရီးစဉ်ဟာ အကြောင်းအရာ များစွာနဲ့ သက်ဆိုင်နေပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အလျှင် အမြန် တိုးတက် ကောင်းမွန်လာခြင်း ကြောင့်တော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိပါးဖို့ မလိုပါဘူးဆိုတာကို သမ္မတ အနေနဲ့ အာမခံပေးနိုင်ဖို့ အရေးကြီးပါတယ်” ဟု ဦးသန့်မြင့်ဦး က ဆိုသည်။

တရုတ်နိုင်ငံ၏ ရည်မှန်းချက်များထဲမှ တခုမှာ ဒေါ်လာ ၃.၇ ဘီလီယံ တန်ဖိုးရှိသော ကချင်ပြည်နယ်ရှိ အငြင်းပွါး ဖွယ်ရာ မြစ်ဆုံ ဆည် စီမံကိန်းအား ပြန်လည် စတင်ရန် ဖြစ်သည်။ ထိုမြစ်ဆုံဆည် စီမံကိန်းအား ပြည်တွင်းတွင် အပြင်းအထန် ဆန့်ကျင်ခဲ့ကြ ပြီးနောက် ယမန်နှစ်အတွင်းတွင် သမ္မတ ဦးသိန်းစိန်က ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ မြစ်ဆုံဆည် ကိစ္စအား ကန့်လန့်ကာ နောက် ကွယ် တွင် ဆွေးနွေးနေကြသည်ဟု ဆိုသည်။

တရုတ်အရာရှိများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ဆက်ဆံရေး ကမ်ပိန်းများတွင် ပါဝင်ကူညီနေကြပြီး ၎င်းတို့ စေတနာရှိကြောင်း ကို ပြသရန်အတွက် ရွာများတွင် ကျောင်းများ၊ ဆေးပေးခန်းများ ဆောက်လုပ်ပေးခြင်း၊ ရေတွင်းများ တူးပေးခြင်း အပါအဝင် အခြား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ကူညီဆောင်ရွက် ပေးနေကြသည်။

သို့ရာတွင် မကြာသေးခင်က ထောင်နှင့်ချီသော ရွာသားများသည် တရုတ်ပိုင် ကြေးနီ သတ္ထုတွင်း တခုအား တလခန့်ကြာ သည့် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ထိုစီမံကိန်းကြောင့် ၎င်းတို့၏ မြေများ မတရားသိမ်းပိုက်ခြင်း ခံခဲ့ရသည်ဟု ရွာသားများက ဆိုသည်။

တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ် နေစဉ်အတွင်း သမ္မတ ဦးသိန်းစိန် က ကြေညာချက် တစောင်ထဲတွင် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက မြန်မာနိုင်ငံကို အကူအညီ များစွာ ပေးအပ်ခဲ့ကာ မြန်မာနိုင်ငံ၏ အခက်ခဲဆုံး အချိန်များတွင်လည်း မြန်မာနိုင်ငံဘက်မှ ရပ်တည်ကာ ကူညီခဲ့သည်များကို မြန်မာနိုင်ငံ ပြည်သူများအနေဖြင့် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံဟာ လတ်တလော အချိန်မှာ အပြောင်းအလဲ ကာလကို ရောက်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ကို အထူး အလေးထားတဲ့ အပြင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ မိတ်ဆွေနိုင်ငံအဖြစ် ရှုမြင်ခဲ့တဲ့ မူဝါဒကိုလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး”ဟု သမ္မတ ဦးသိန်းစိန်က တရုတ် ဒုသမ္မတအား ပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် ကုလသမ္မဂ္ဂသို့ ပြောကြားမည့် မိန့်ခွန်းထဲတွင် မြန်မာအစိုးရ၏ အောင်မြင်မှုများထဲမှ ရာနှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခဲ့မှု၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအများစုနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုခဲ့နိုင်မှု၊ မီဒီယာ ဆင်ဆာဖြတ်တောက်မှုများအား ဖြေလျှော့ပေးခြင်း၊ အလုပ်သမား ဥပဒေသစ်နှင့် ဆန္ဒပြခွင့် ဥပဒေတို့အား အသားပေး ပြောကြားလိမ့်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင် သမ္မတ အနေနှင့် လွှတ်တော်သို့ အကြံပြုချက်များနှင့်တကွ ပြန်လည်ပေးပို့ တင်ပြထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပ ဒေသစ် အကြောင်းကိုလည်း အမွှမ်းတင် ပြောကြားဖွယ် ရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် တရားမျှတမှု ရှိစေရန် မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်း အကြံပေးထားခြင်း ဖြစ်သည်။.

Ref: မဇ္ဈိမ

Read More...

အင်တာနက် လွတ်လပ်ခွင့် မြန်မာ အဆင့်တက်လာဟု အစီရင်ခံစာဆို

စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ်

အင်တာနက် အသုံးပြုမှု လွတ်လပ်ခွင့်တွင် မြန်မာနိုင်ငံသည် ပိုမိုလွတ်လပ်လာသည့် အဆင့်နေရာသို့ ရောက်ရှိလာကြောင်း Freedom House အဖွဲ့၏ ၂၀၁၂ ခုနှစ်၊ အစီရင်ခံစာက ဆိုသည်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၂ ခုနှစ်၊ မေလအတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၄၇ နိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အပြောင်း အလဲများ ခွဲခြမ်းစိတ်ဖြာမှုကို အခြေခံကာ သုတေသန ပညာရှင်များက ပေါင်းရုံးသုံးသပ် ထားသည့် အစီရင်ခံစာတွင် ဝဘ်ဆိုက် ဝင်ရောက်နိုင်မှု စမ်းသပ်မှုများနှင့် အင်တာဗျူးများ လည်း ပါဝင်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ Freedom on the Net 2012 အစီရင်ခံစာအရ မြန်မာ နိုင်ငံသည် အင်တာနက် မလွတ်လပ်မှု များပြားသည့် အဆင့် ၈၈ နေရာမှ ၇၅ နေရာသို့ လျှောကျ လာသည်ကိုပြဆိုထား၍ ပိုမိုလွတ်လပ်ခွင့် ရှိလာသည်ဟု မှတ်ယူရသည်။

အင်တာနက် ‘ဝင်ရောက်ရန် အတားအဆီးများ‘ပါဝင်မှု အကန့်အသတ် များ’ နှင့် ‘အသုံးပြုသူ၏ အခွင့်အရေးများ ချိုးဖောက် ခံရမှု’ ဟူသည့် အမျိုးအစား သုံးခုအပေါ် အခြေခံ၍ အဆင့် သတ်မှတ်ထားခြင်းဖြစ်သည်။

အိမ်နီးချင်း တရုတ်နိုင်ငံသည် အမှတ် ၈၇ ဖြင့် အာရှတွင် အင်တာနက် လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံအဖြစ် ဖော်ပြထား ကာ တစုံတရာ လွတ်လပ်ခွင့်ရှိသည်ဟု ဆိုသော အိန္ဒိယနိုင်ငံမှာလည်း ယခင်က အဆင့် ၃၆ မှ ၃၉ သို့ တက်သွားသဖြင့် ပိုမို နည်း ပါးလာနေသည်ဟု ကောက်ယူရသည်။

ထိုင်းနိုင်ငံမှာလည်း အမှတ် ၆၁ ဖြင့် အင်တာနက် မလွတ်လပ်သည့် နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားသည်။

မြန်မာနိုင်ငံအခြေအနေ လေ့လာရရှိချက်ကို ရေးသားထားရာတွင် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ညံ့ဖျင်းမှု၊ နိုင်ငံပိုင် ကုမ္ပဏီကြီးများ၏ စီးပွားရေး အကျိုးအမြတ်နှင့် ထုပြောလှသည့် ဆင်းရဲမွဲတေမှုတို့မှာ မြန်မာနိုင်ငံသားများ အင်တာနက် ဝင်ရောက်နိုင်မှုအား ဟန့်တားနေသည့် အဓိက အတားအဆီးများအဖြစ် သုံးသပ်ထားသည်။

အစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၂ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူဦးရေ ငါးသိန်းခန့်ရှိ ပြီး တိုင်းပြည်လူဦးရေ၏ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ လွန်ခဲ့သော ၂၀၀၉ ခုနှစ်က တိုင်းပြည် လူဦးရေ၏ ၀.၂ ရာခိုင်နှုန်းရှိသည့် လူဦးရေ တသိန်း တသောင်းခန့်သာ အသုံးပြုနိုင်ခဲ့မှုကိုလည်း နှိုင်းယှဉ်ပြထားသည်။

နိုင်ငံရေး ဝဘ်ဆိုက်များနှင့် ပြည်ပရောက်များ ထုတ်လွှင့်နေသည့် အွန်လိုင်းမီဒီယာများကို နှစ်ပေါင်းများစွာ ကန့်သတ် ပိတ်ပင် ထား ခဲ့ ရာမှ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်ပေးခဲ့သည်။

သို့သော် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အနေဖြင့် မကြုံဖူးသေးသော တိုးတက်လာမှု ဖြစ်သည့် အင်တာနက် လွတ်လပ်ခွင့် ကို စတင်ချမှတ် ပေးခဲ့သော်လည်း ထိုလွတ်လပ်ခွင့်အား ခိုင်မာသည့် ဥပဒေဖြင့် ကာကွယ်ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယခင် စစ်အစိုးရ လက်ထက်က ချမှတ်ခဲ့သည့် ဖိနှိပ်သော ဥပဒေများအရ အင်တာနက် အသုံးပြုသူ များအတွက် တရားစွဲခံရနိုင်သည့် အန္တရာယ်နှင့် ထောင်သွင်းအကျဉ်းချခြင်း ခံရသည့် အန္တရာယ်များ ရှိနေဆဲဖြစ်သည့် အပြင် အွန်လိုင်း လှုပ်ရှားမှုကြောင့် အကျဉ်း ကျခံနေရသူ အနည်းငယ်လည်း ကျန်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာက သုံးသပ်တင်ပြထားသည်။

လေ့လာခဲ့သည့် ၄၇ နိုင်ငံအနက် ဥရောပရှိ အက်စ်တိုးနီးယား နိုင်ငံမှာ အမှတ် ၁၀ ဖြင့် အလွတ်လပ်ဆုံးဟု သတ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုမှာ အမှတ် ၁၂ ဖြင့် ဒုတိယလိုက်ကာ အီရန်နိုင်ငံမှာမူ အမှတ် ၉၀ ဖြင့် အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံအဖြစ် ပြဆိုထားသည်။



Ref: မဇ္ဈိမ

Read More...

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်

ဖနိဒါ
စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ်

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ် ပြေးဒုက္ခ သည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်နေရသော မိုင်ဂျာ ယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများ က ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်” ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

ထို့ပြင် စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲ၊ လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်သူ့ လွှတ်တော်မှာ တင်ပြပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤသို့ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ က ပြောသည်။

“လက်တွေ့ ကြုံတွေ့နေရတာတွေ၊ ဘာကြောင့် သူတို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အသံတွေကို လက်တွေ့ သိရှိဖို့၊ အစိုးရ ဘက်မှ ထိုးစစ်ဆင်မှုကြောင့် လူမျိုး ဖြုန်းတီးရေးဘက် ရောက်နေတယ်ဆိုတာကို သက်သေ အထောက်အထားတွေနဲ့ သိရှိဖို့လည်း ရည်ရွယ်တယ်” ဟု မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ၏ လူမှုအထောက်အပံ့များနှင့် အစိုးရမဟုတ်သော အဖွဲ့စည်းများအား၏ ကူညီထောက်ပံ့မှုကို အစိုးရဘက်မှ ခွင့်ပြုရန် လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပြဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဆိုပါက KIO ဘက်မှ လုံခြုံရေး တာဝန်ယူရန် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဒေါ်မွန်းနေလီ က ဆိုသည်။

ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကပူ စသည့် နိုင်ငံများမှ ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဖားကန့်မြို့နယ်အတွင်း KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ အနီးတဝိုက်သို့ အစိုးရ၏ တပ်အင်အား များ ထပ်မံ ဖြည့်တင်းလာသည်ဟု KIA တပ်မဟာ ၆ လက်အောက်ခံ ရှေ့တန်းတပ်ဖွဲ့မှ ဗိုလ်ကြီးလဒွဲ က ပြောသည်။

“သူတို့က အင်အားထပ်ဖြည့်လာတယ်။ မနေ့က အောက်ပိုင်းကနေ တောလမ်းကနေ ထပ်ဖြည့်တာက ၁ဝဝ ကျော်ရှိ တယ်။ အင်းတော်ကြီးဘက်၊ ကားမိုင်းဘက် တောလမ်းကနေ တက်လာတယ်လို့ သိရတယ်။ ဟိုဘက်ဒီဘက်ပဲ။ သတိနဲ့ စောင့်နေကြည့် နေကြတယ်” ဟု မဇ္စျိမကို ပြောသည်။

နှစ်ဖက် တိုက်ပွဲများကြာင့် တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်၊ လိုင်ဇာ စသည့် နယ်မြေအတွင် စစ်ပြေးဒုက္ခသည် ခြောက်သောင်း ကျော် ရှိနေပြီး ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့် မြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များ အပါအဝင် စုစုပေါင်း ကိုးသောင်းကျော် ရှိနေပြီဟု KIO ဒုက္ခသည် ကူညီရေးကော်မတီက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး ရခိုင်ပြည်နယ်တွင် ကျင်းပ

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
28 Sep, 2012

ပမထမအကြိမ် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကိုစက်တင်ဘာလ (၂၈)ရက်နေ့၌ စစ်တွေမြို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးလွှတ်တော်ခန်းမတွင် ကျင်းပလျှက်ရှိသည်။

ယမန်နေ့က ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၁၂)ခု မေးမြန်း ခဲ့ကြသည်။

ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့၏အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက် မြန်ဆန် အောင်မြင်စွာမြှင့်တင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေအရလုပ်ပိုင်ခွင့်များကို အပြည့်အဝကျင့်သုံးပြီး ယခုထက် ပိုမိုမြန်ဆန်စွာဆောင် ရွက်နိုင်ရန် ပြည်နယ် အစိုးရအားတိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးအောင်မြကျော်က တင်သွင်းခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို စက်တင်ဘာလ(၂၄) ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

Ref: မြစ်မခ

Read More...

လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှုခံနေရသည့် ဧရာဝတီတိုင်း

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
28 Sep, 2012

ဧရာဝတီတိုင်းလွှတ်တော်အတွင်း အဆိုတင်သွင်းမေးမြန်းခဲ့သော လွှတ်တော်ကိုယ်စားလှယ်အချို့မှာ စစ်ဆေးမေး မြန်းမှုများနှင့်ကြုံ တွေ့ ခဲ့ရသည်ဟု တိုင်းလွှတ်တော်ဥက္ကဌဦးဆန်းဆင့်က ဆိုသည်။

စက်တင်ဘာလ(၂၄)ရက်နေ့ ဧရာဝတီတိုင်းတိုင်း လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းလွှတ်တော် အထူးကိစ္စ ရပ်များဆိုင်ရာအစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြောဆိုရာတွင် ရဲတပ်ဖွဲ့ဝင်များ အက်ဥပဒေပုဒ်မ(၃၅)ကို ပြဌာန်းချက်အတိုင်း အရေးယူဆောင်ရွက်ရန်အဆိုကို တင်သွင်း ခဲ့သော မြောင်းမြမဲဆန္ဒနယ်(၁) ကိုယ်စားလှယ်ဦးပြုံးချို၏ ကိုယ်ရေးအချက်အလက်များကိုဆွေးနွေးပြီး နံနက်(၂)နာရီခွဲ တွင် မြောင်းမြ ပြည်ခိုင်ဖြိုးအတွင်းရေးမှူးအိမ်တွင် သွားရောက်မေးမြန်းစစ်ဆေးခြင်းခံခဲ့ရကြောင်း သိရှိရသည်။

အလားတူ လ၀က ၀န်ထမ်းအချို့မှ သန်ခေါင်စာရင်းတစ်စောင်အား ကျပ်(၅၀၀)(၁၀၀၀) တောင်းသည့် ကိစ္စကို မေးခွန်းမေးမြန်း ရန် ပြင်ဆင်ထားစဉ် ငပုတောကိုယ်စားလှယ် ဦးအေးကြည်ကိုလည်း စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ က ဘာကြောင့် ထိုကဲ့သို့ မေးခွန်း မျိုးမေးမြန်းရသည်ဆိုသည်ကို ဖိအားပေး စစ်ဆေးခံခဲ့ရမှုများလည်း ရှိကြောင်း တိုင်း ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းတွင် ထိုကဲ့သို့ နောက်ယောင်ခံစစ်ဆေးမှုများအား သတင်းသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ပြုလုပ်ခြင်းခံနေရကြောင်း သိရှိရသည်။

“ကျွန်တော်ဆို အိမ်မှာ မရှိတဲ့အချိန် မိသားစုဆီကို နယ်ထိန်းရဲတစ်ယောက်ကလာပြီးတော့ မှတ်ပုံတင် နံပါတ်တွေ သန်ခေါင်စာ ရင်း တွေယူသွားတာမျိုး လုပ်တဲ့အထိရှိတယ်”ဟု ပြည်တွင်းပုံနှိပ်မီဒီယာတစ်ခုတွင် လုပ်ကိုင်နေသူ နယ်သတင်းထောက် တစ်ဦး က ပြောသည်။

“ကျွန်တော်လည်း ထစ်ခနဲရှိ အိမ်နားကို ရဲတွေ ကင်းပုန်းချပြီး စောင်ခိုင်းတာမျိုးတွေ ခဏခဏကြုံရတယ်” ဟုလူ့အခွင့်အရေး စောင့် ကြည့်ကာကွယ်ရေးကွန်ယက် (HRWDN) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြင့်နိုင် ကလည်း ပြောသည်။

ထိုကဲ့သို့ဖြစ်ရပ်များကို ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌက မိမိကိုယ်တိုင် ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ရေကြည်ခရီးစဉ်များတွင် ရဲနယ် ထိန်းက မိမိ၏အပြန်တွင် ဒီပုဂ္ဂိုလ်ကြီး ဘာလာလုပ်သလဲ၊ ဘာပြောသွားသလဲဟု မေးမြန်း ခြင်းများရှိနေသည်ဟူ၍လည်း ကြား ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၅၃)မှာတော့ မည်သူ့ကိုမှ တည်ဆဲဥပဒေနှင့်အညီမှ တစ်ပါးအသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရဆိုတာပါတဲ့အတွက် ဒီလုပ်ရပ်တွေဟာ အခြေခံဥပဒေနဲ့ငြိနေတယ်ဆိုတာ လုပ်ဆောင် နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သိထားသင့်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးဆန်းဆင့် က ပြောကြားခဲ့ သည်။

ဧရာဝတီတိုင်းလွှတ်တော်သည် တိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် ၀န်ကြီးဦးသန်းထွန်းတို့ကို ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွင် စွပ်စွဲပြစ်တင်မှုလုပ်ခဲ့ပြီး လွှတ်တော်ကို တောင်းပန်စေခဲ့သော်လည်း အဆိုပါ(၄)ရက်ကြာ ပြုလုပ်ခဲ့တဲ့အစည်း အဝေးကို တိုင်းဝန်ကြီးချုပ်က တစ်ရက်မှ တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ထိုကိစ္စကို မကြာမီကျင်းပမည့်လွှတ်တော် အစည်း အဝေး တွင်ပြုလုပ်စေရန် ဆုံးဖြတ်ထားကြောင်းကိုလည်း တိုင်းလွှတ်တော်မှ တာဝန်ရှိသူများထံက သိရှိရသည်။

Ref: မြစ်မခ

Read More...

ကျောက်မဲတွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ရက် ထပ်တိုးသတ်မှတ်ရန် မျှော်လင့်

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
28 Sep, 2012

လိုင်စင်ပြုလုပ်ရက် တစ်ပါတ်သာကျန်ရှိတော့သည့်အချိန်တွင် ဆိုင်ကယ်အရေအတွက် အလွန်များပြားနေသည့်အတွက် ဆိုင်ကယ် အားလုံး လိုင်စင်ပြုလုပ်ရန် အချိန်လောက်ငှမှုရှိမည် မဟုတ်သဖြင့် ကျောက်မဲမြို့ နယ်အတွင်းမှ ဆိုင်ကယ်လိုင်စင်ပြုလုပ် သူများက ရက်ထပ်တိုးသတ်မှတ်ပေးရေး မျှော်လင့်လျှက် ရှိကြောင်း သိရှိရသည်။

မြို့နယ်အခွန်ဦးစီးဌာနကလည်း လိုင်စင်ပြုလုပ်ပေးမည့်ကာလကို ထပ်မံတိုးမြှင့်မည်ဟု အတည်ပြုထုတ်ဖော်ခြင်း မရှိသေးကြောင်း ကို လည်း အဆိုပါ ဆိုင်ကယ်လိုင်စင် ပြုလုပ်နေသူများထံက သိရသည်။

ရှမ်းမြောက်ကျောက်မဲမြို့ရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးရာ၌ ဆိုင်ကယ်အငှားစောင့်သူများ၏ တစ်နေ့တာ ၀င် ငွေမှာ ငွေကျပ်တစ်သောင်းဝန်းကျင်အထိ ရရှိနေကြောင်းနှင့် ၄င်းတို့အများစုမှာ ဆိုင်ကယ် ကယ်ရီမောင်းသူများဖြစ်ကြောင်းကို လည်း သိရသည်။

ကျောက်မဲမြို့တွင် လိုင်စင်ပြုလုပ်ရန်တန်းစီထားသော ဆိုင်ကယ်တန်းမှာ(၃)ဖာလုံခွဲအထိ ရှည်လျားပြီး ဆိုင်ကယ် အစီးပေါင်း (၇၀၀)ခန့်ကို နေ့စဉ်တန်းစီထားရကာ အငှားစောင့်ပေးသူများမှာလည်း တစ်နေ့လျှင် အယောက်(၃၀)ကျော်ရှိနေသည်။

“တစ်ချို့ဆိုင်ကယ်တွေက အဝေးကရွာတွေကလာတာလေ ဒီမှာက ဆိုင်ကယ်တွေများတော့ကိုယ့်အလှည့် ရောက်ဖို့ အကြာကြီး စောင့် ရတာ၊ ညကတည်းက တန်းစီထားပြီးအိပ်စောင့်ရတယ်၊ ဆိုင်ကယ်ပိုင်ရှင် တွေက အလုပ်ပျက် အိပ်ရေးပျက်မခံချင်လို့ အခု လိုအငှားစောင့်ပေးရတာ´ဟု ဆိုင်ကယ်အငှားစောင့်ပေးသူ အသက်(၂၀)အရွယ် လူငယ်တစ်ဦးက ပြောသည်။

နေ့ရောညပါအလှည့်ကျ စောင့်ရှောက်ပေးခြင်း၊ နေရာရွှေ့ပေးခြင်းနှင့် လိုင်စင်ကိစ္စများကိုကူညီ ပြုလုပ်ပေးရုံဖြင့် အငှားစောင့်သူ တစ်ဦး၏ ၀င်ငွေမှာ ကျပ်ငါးထောင်မှ တစ်သောင်းအထိရရှိနေခြင်းဖြစ်သည်။

“အခွင့်ရတုန်းလေး လိုင်စင်လုပ်ချင်တာပဲသိတာ ဘယ်လိုလုပ်ရမလဲကမသိတော့၊ ဆိုင်ကယ်ထားခဲ့ပြီး ရွာကိုပြန်နေတာ လိုင်စင် လုပ်ပြီးရင် အပ်ထားတဲ့ပွဲစားတွေက အကြောင်းကြားပေးတယ် စောင့်ရှောက်ခတော့ ကြည့်ပြီးပေးရတာပေါ့” ဟု ကျောက်မဲမြို့ နယ် မိုင်းငေါ့ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

အငှားစောင့်ရှောက်ပေးသောအဖွဲ့တစ်ဖွဲ့လျှင်(၅)ဦးမှ(၇)ဦးအထိ ရှိပြီးအဖွဲ့(၇)ဖွဲ့ရှိကာ စောင့်ရှောက်ခအားကို ဆိုင်ကယ်ပိုင် ရှင် များနှင့်ညှိနှိုင်းရယူလေ့ရှိကြောင်းနှင့် အငှားစောင့်သူ အများစုမှာ ယခင်က တရုတ်နယ်စပ်မှ ရှမ်းပြည်နယ်အတွင်းသို့ ဆိုင်ကယ် ကယ်ရီ မောင်းသူအများစုဖြစ်သည်။

အဆိုပါ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးရာနေရာတွင် လိုင်စင်ပွဲစားများက ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး ပွဲစားခ အနေဖြင့် ငွေကျပ်(၈၀၀၀)မှ(၁၀၀၀၀) အထိပေးရကြောင်း သိရသည်။

ရှမ်းမြောက်ကျောက်မဲမြို့တွင် ဇွန်လ လဆန်းပိုင်းကတည်းက ဆိုင်ကယ်လိုင်စင်များကို စတင်ပြု လုပ်ပေးခဲ့ရာ လက်ရှိအချိန်ထိ ဆိုင်ကယ်အစီးပေါင်း ငါးထောင်ကျော်ကို လိုင်စင်ပြုလုပ် ပေးခဲ့ပြီး အောက်တိုဘာလ(၅)ရက်နေ့တွင် လိုင်စင်ကာလကို ပိတ်သိမ်း မည် ဖြစ်ကြောင်း ကျောက်မဲမြို့ရှိ အခွန်ဦးစီးရုံးမှ တာဝန်ရှိသူများက ပြောသည်။

Ref: မြစ်မခ

Read More...

မောင်တောမြောက်ပိုင်း ကျေးရွာများသို့ တောဆင်ရိုင်းများ ၀င်ရောက်သောင်းကျန်းမှုများရှိလာ

အာရကန်ကိုကို မောင်တော(မြစ်မခ)
27 Sep, 2012

မောင်တောဒေသမြောက်ပိုင်း၌ တောဆင်ရိုင်းများ ကျေးလက်ကျေးရွာများအထိ ၀င်ရောက် သောင်းကျန်းမှုများ ရှိလာကြောင်း ဒေသခံများထံက သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း တောဆင်ရိုင်းများ အဓိကအခြေချကျက်စား နေထိုင်ရာ မယူတောင်တန်းဒေသများ၌ လွန်ခဲ့သော(၄)နှစ်ဝန်းကျင်လောက်မှစပြီး စဉ်ဆက်မပြတ် သစ်ထုတ်လုပ်ငန်းများအား အလုံးအရင်းဖြင့် ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။

အဆိုပါ သစ်ထုတ်လုပ်ငန်းများကြောင့် သစ်တောများပြုန်းတီးပျက်စီးမှု အလျင်အမြန် ဖြစ်ပေါ်လာရာ တိရိစ္ဆာန်တို့၏ စားကျက်များ လျော့နည်းပျောက်ဆုံးမှုများ ဖြစ်လာပြီး တောဆင်ရိုင်းများမှာ ကျေးလက်ကျေးရွာများထိ သီးပင်စားပင်များကို ကျူးကျော် ၀င် ရောက် စားသောက်သောင်းကျန်းမှုများရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“တောဆင်ရိုင်းတွေ ၀င်သောင်းကြမ်းရင် တောင်သူအချို့လည်း တောဆင်ရိုင်းများ ခြောက်လှန့်ကြိမ်းမောင်းရင်းနဲ့ တောဆင်ရိုင်း တွေရဲ့ တိုက်ခိုက်ခြင်းခံရတာတွေကြောင့်လို့ ခြေလက်အင်္ဂါချို့ယွင်း ပျက်စီးသွားတာလည်း ရှိပါတယ်”ဟု မောင်တော မြောက်ပိုင်း မယူတောင်ခြေရင်းနီး မင်းခမောင်းကျေးရွာမှ ဦးဦးတင်မောင်က ပြောသည်။

ထိုကဲ့သို့ တောဆင်ရိုင်းများဝင်ရောက်သောင်းကျန်းစဉ် ရွာသူရွာသားများနှင့် တောဆင် ရိုင်းများအကြား မကြာခဏဆိုသလို ပဋိ ပက္ခများဖြစ်ပွားမှုမှားရှိလာပြီး တောင်သူတချို့ မှာ တောဆင်ရိုင်းများနှင့်ယှဉ်ပြီး ကြိမ်းမောင်းတိုက်ခိုက်စဉ် ခြေ၊ လက် ကိုယ် အင်္ဂါ အစိတ်အပိုင်းချို့ယွင်းပျက်စီးမှုများရှိသည်အထိဖြစ်ပေါ်လာကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့ မယူတောင်ခြေရင်းနီး ကျေးလက်ကျေးရွာတွေမှာက တောဆင်ရိုင်း အုပ်မှားပြီး ကျေးလက်ကျေးရွာနီးနားနှင့် ကျေးရွာထဲထိ သီးပင်စားပင်များကို ကျူးကျော် ၀င်ရောက် သောင်းကျန်းမှုတွေ မကြာခဏဆိုသလိုကြားလာရတယ်”ဟု မောင်တောမြောက်ပိုင်းမှ တောင်သူဦးညီချေက ပြောသည်။

ယင်းဒေသနေရွာသူရွာသားများအတွက် တောရိုင်းဆင်များ၏ အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ကြောက်လန့်နေရပြီး အန္တရာယ်ကို ကာကွယ်ရန် ကင်းချစောင့်ကြည့် နေရသည်အထိရှိလာကြောင်းကိုလည်း ဒေသခံများကဆိုသည်။

အဆိုပါ တောင်တန်းဒေသများ၌ ပြည်တော်အခြေစိုက် သစ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက မောင်တောဒေသတွင် ရုံးခွဲများဖွင့် လှစ်ကာ သစ်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ထွင်းရှင်းလင်းခြင်းနှင့် ဘင်္ဂလီများ၏ ကျေး လက်ချဲ့ထွင်မှုနှင့် သစ်တောများကို မှီခိုလာမှုများကြောင့် သစ်တောပြုန်းတီးမှုမှာ အလျှင်အမြန်ဖြစ်ပေါ်နေကြောင်းကိုလည်း သိရ သည်။

သစ်တောများပြုန်းတီးခြင်း၏ သွယ်ဝိုက်အကျိုးဆက်ရလာဘ်များအဖြစ် ဒေသတွင်း ရာသီဥတုကို မတည်ငြိမ်းမှုများဖြစ်ပေါ်ကာ ကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို တိုက်ရိုက်ထိခိုက်မှုများရှိလာကြောင်းကိုလည်း စိုက်ပျိုးရေးလုပ်ငန်းနှင့် နီးစပ်သူများ၏ အဆိုအရသိရသည်။

သစ်တောပြုန်းတီးပျက်စီးမှုနှင့် တောတွင်း အစာရေစာများရှားပါးပြတ်လတ်မှုကြောင့် ယခုနှစ်နွေရာသီက မယူတောင်တန်း အောင်သပြေဒေသတွင် တောဆင်ရိုင်း(၁) ကောင် သေဆုံးပုတ်ပွနေမှုကို တောင်သူများက တွေ့မြင်ခဲ့ကြောင်း အောင်သပြေ ကျေးရွာတောင်သူတစ်ဦး၏ ပြောဆိုမှုအရသိရသည်။

Ref: မြစ်မခ

Read More...

တစ်ပတ်အတွင်း ငါးထောင်တန်ငွေဖြည့်ကဒ် ပစ္စည်းပြတ်သည်အထိရောင်းအားတက်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
27 Sep, 2012

ကျပ်(၅၀၀၀)တန်ဖုန်းကြိုတင်ငွေဖြည့်ကဒ် စတင်ရောင်းချသည့် တစ်ပတ်အတွင်းမှာပင် ဈေးကွက်အတွင်း၌ ငါးထောင်တန်ငွေဖြည့် ကဒ်များ မလုံလောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ထုတ်လုပ်သည့် အေးရှမီဂါလင့်ခ်ကုမ္ပဏီက သိရသည်။

“ကျွန်မတို့ဆီမှာ ၀ယ်လို့မရတော့ဘူး၊ ငါးထောင်တန်ငွေဖြည့်ကဒ်ပဲ၊ ၀ယ်ရင်မရောင်းတော့ဘူး တစ်သောင်းတန်နဲ့ တွဲဝယ်မှ ရောင်း တာ ပါ” အေးရှမီဂါလင့်ခ် ကုမ္ပဏီမှ အရောင်းဝန်ထမ်းက ပြောသည်။

ထိုကဲ့သို့ တစ်သောင်းတန်ငွေဖြည့်ကဒ်များဖြင့် တွဲရောင်းရခြင်းမှာ ငါးထောင်တန်ငွေဖြည့်ကဒ်များ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း ကိုလည်း အဆိုပါကုမ္ပဏီက သိရသည်။

ငါးထောင်တန် ဖုန်းငွေဖြည့်ကဒ်များအား တဆင့်ရောင်းချသောဆိုင်များတွင် ကျပ်ငွေ နှစ်ရာ၊ သုံးရာခန့် အမြတ်ယူ ရောင်းချလျက် ရှိကြောင်းကိုလည်း သိရသည်။

“အခုငါးထောင်တန်ငွေဖြည့်ကဒ်တွေက ၀ယ်ရခက်နေတယ်၊ဆိုင်မှာလည်း မလောက်ဘူး။ ကျွန်မတို့ ဝယ်တဲ့ဖုန်းကဒ်တွေမှာ အမြတ် မပါတော့ ပိုရောင်းရတာပါ။” ဟု ကမာရွတ်မြို့နယ်ရှိ ဖုန်းငွေဖြည့်ကဒ်ရောင်းသော ဆိုင်တစ်ဆိုင်က ပြောသည်။

ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များကို အရောင်(၃)ရောင်ဖြင့် ခွဲ့ခြားထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး GSM ကဒ်တွင် အစိမ်းရောင်၊ 450 MHzတွင် ရွှေရောင်နှင့် 800 MHz တွင် ခဲရောင်တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ငါးထောင်တန် ဖုန်းငွေဖြည့်ကဒ်များကို ပင်ရင်းအရောင်းဆိုင်များမှ ကျပ်ငွေ ၁ သိန်းဖိုးဝယ်လျှင်(၂၀၀၀)အမြတ်ပေးကာ ယခင် က အမြတ် ကျပ်(၃၅၀၀)ရာ ပေးရကြောင်းကိုလည်း အရောင်းဆိုင်များက သိရသည်။

၎င်း ဖုန်းငွေဖြည်ကဒ်များမှာ စက်တင်ဘာလ(၁၈)ရက်နေ့မှစတင်၍ ရတနာပုံကုမ္ပဏီ၊ အီလိုက်ကုမ္ပဏီ နှင့် အေးရှမီဂါလင့်ခ် ကုမ္ပဏီတို့မှ ရောင်းချခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကတော့ လကုန်ရက်ဆိုတော့ ပိုက်ဆံလည်းမရှိဘူး။ ဆိုင်တွေကအဲ့လို ငါးထောင်တန်ငွေဖြည့်ကဒ် ၀ယ်ရခက်တယ် ပြောတော့ စိတ်တော့ပူမိတယ်” ဟု ကမာရွတ်မြို့နယ်နေလူငယ်တစ်ဦးက ပြောသည်။

ယခင် တစ်သောင်းတန်ငွေဖြည့်ကဒ်များ စပေါ်ခါစကလည်း တစ်သောင်းလျှင် တစ်သောင်းငါးရာကျပ်ဖြင့် ရောင်းချခဲ့သည်။

ယခုအချိန်တွင်မူ တစ်သောင်းတန်ငွေဖြည့်ကဒ်များအား ကိုးထောင့်ရှစ်ရာကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းကို လည်း သိရသည်။

Ref: မြစ်မခ

Read More...

အပေါ်သို့