Monday, October 1, 2012

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အမျိုးသမီးကဏ္ဍကလည်းအလွန်အရေးပါ

ယမင်း(မြစ်မခ)
1 Oct, 2012

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်လျှက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များထံမှ သိရှိရသည်။

''အမျိုးသမီးတွေဟာ သစ်ပင်ပန်းမာန်တွေသာမက နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေကိုက ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ကိစ္စ တွေမှာ ပါဝင်ပတ်သတ်မိနေတယ်ဆိုတာကို သတိပြု မိကြဖို့လိုပြီး သဘာဝတွေ မျိုးတုန်းမပျောက်ကွယ်စေဖို့ အမျိုးသမီးတွေ အနေနဲ့ ဆင်ခြင် နိုင်ဖို့၊ပိုပြီးဆွေးနွေးကြဖို့လိုပါတယ် ''ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမာန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတိုင်ပင်ခံပညာရှင်ဒေါက်တာ သန်းသန်းစိန်က သုံးသပ် ပြောသည်။

အမျိုးသမီးများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၌ အရေးကြီး ရခြင်းမှာဒေသ အများစုတွင် သဘာဝ ပတ်ဝန်းကျင်ကို မှီခိုနေရသည့် လယ်ယာလုပ်ငန်းခွင်နှင့် အိမ်တွင်း အစားအစာ ထုတ်လုပ်မှုတို့အတွက် အမျိုးသမီးများ သည် တာဝန်ယူဆောင် ရွက်နေကြရ ခြင်းကြောင့်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်မပျက်စီး၊မပြုန်းတီးစေရန် အိမ်တွင်းစားသောက်မှုလုပ်ငန်းများတွင် အသုံးပြု၇သောထင်းအစား စွမ်းအင်ကဲ့ သို့လောင်စာ တစ်မျိုးမျိုးဖြင့် အစားထိုးသုံးစွဲ သင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင်မျိုးတုန်း ပျောက်ကွယ်မှုမရှိစေရန်အတွက် တိရ စ္ဆာန်များ မှထွက်ရှိသော အသုံးအဆောင်ပစ္စည်းများသုံးစွဲခြင်းမှ ရှောင်ကျဉ်ခြင်း တို့ဖြင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းမှ ကာ ကွယ်နိုင်ကြောင်း သိရှိရသည်။

''သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့မှုအများစုက အမျိုးသမီးတွေဖြစ်ပါတယ်။ ဘာလို့လဲဆို မီးဖိုချောင်အတွက် နေ့စဉ် ထင်းရှာ ရတာရယ်၊ ရေအရင်းအမြစ်ရှားပါး လာပြီဆိုရင် ဝေးလံ တဲ့နေရာဒေသတွေကနေ ရှာဖွေလာကြရတယ်။ သဘာဝ ပတ်ဝန်းကျင် ပြုန်းတီး သွားရင် သူတို့တွေပဲ အများဆုံးဒုက္ခရောက်ကြ ၇တယ်။ အဲဒါကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး မှာ အမျိုးသမီးတွေက အဓိကဖြစ်နေ တယ်'' ဟု သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေး သုတေသနသိပ္ပံမှ ဥက္ကဌ ဦးတင်ဝင်းအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၅ဝဝဝ(ခြောက်သောင်းငါးထောင်)ကျော်ရှိပြီး ကျေးလက်ဒေသနေအမျိုးသမီး အများစုသည် အိမ်တွင်းစားသုံးမှုအတွက် ထင်းများကို သာအသုံးပြုနေရခြင်းကြောင့် သစ်တောများပြုန်းတီးကာ ဆိုးကျိုးများအနေဖြင့် သောက် သုံးရေ ရှားပါးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်ပျိုးသီးနှံများထိခိုက်ခြင်းနှင့် အခြား နောက်ဆက်တွဲဆိုးကျိုးများ စွာဖြစ်ပေါ်လာ နိုင်ကြောင်း မြန်မာ့ပြန်ပြည့်မြဲစွမ်းအင် အသင်းမှ ဦးအောင်မြင့်က သုံးသပ်သည်။

သစ်ပင်သစ်တောထိမ်းသိမ်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် (၂၅)ရာခိုင်နှုန်းမှ (၃၃)ရာခိုင်နှုန်းအထိ ပါဝင်လာမည် ဆိုပါက ကမ္ဘာကြီးတွင် အစိမ်းရောင်စီးပွားရေးအောင်မြင်မှုအရှိန်အဟုန်နှင့် မြင့်မားလာနိုင်သည်ဟု အိန္ဒိ္ဒယ စီးပွားရေးပညာရှင် ဘင်နာအာဂါဝါ၏ အဆိုကို ကိုးကား ၍ ပါမောက္ခဒေါက်တာစိန်စိန်သိန်းက ဆိုသည်။

Ref:

Read More...

မြင်းကပါရွာအရုပ်သွင်းပွဲ၌ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များထည့်သွင်းမှုများရှိလာ

ငြိမ်းချမ်း(မြစ်မခ)
1 Oct, 2012

တော်သလင်းလပြည့်နေ့ရောက်ရှိတိုင်း ပုဂံညောင်ဦးမြို့နယ် မြင်းကပါရပ်ကွက်ရှိ မနုဟာ ဘုရားပွဲတွင် အရုပ်သွင်းပွဲများ ထည့် သွင်းကျင်းပလေ့ရှိကြောင်း သိရှိရသည်။

ထိုသို့ကျင်းပခဲ့ရာ၌ ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ် အောင်ဆန်းအရုပ်နှင့် ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရုပ်အား ထည့် သွင်းကျင်းပခဲ့ကြောင်း သိရသည်။

သထုံမင်း တည်ထားကိုးကွယ်ခဲ့သော မနုဟာဘုရားပွဲတွင် နှစ်စဉ်နှစ်တိုင်း အရုပ်သွင်းပွဲများထည့်သွင်း ကျင်းပရာ ယခင်နှစ်များ တွင် သာမန်အရုပ်များသာ သွင်းခဲ့ကြသော်လည်း ယခုနှစ်တွင် ပွင့်လင်းလာသော မြန်မာနိုင်ငံ၏ အပြောင်းအလဲများကြောင့် ယခု ကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်းအရုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အရုပ်တို့ ထည့်သွင်းခွင့်ရသည့် အပေါ်တွင် များစွာ ဂုဏ်ယူမိ ကြောင်း ပုဂံဒေသခံများက ဆိုသည်။

မြန်မာနိုင်၏ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အရုပ်ကို မြင်းကပါရွာရှမ်းကျောင်းဘုန်းကြီး ကျောင်းဆရာတော် ဦးနိ ဂြောဒမှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

''ဒီအရုပ်ကို NLDရဲ့ အကူအညီမပါ ပါဘူး။ ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ဓါတ်ကိုသဘောကြလို့ ဒီအရုပ်ကို လုပ်တာပါ" ဟု ရှမ်းကျောင်းဆရာတော်ဦ်းနိဂြောဒကပြောသည်။

ယခုလို ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်အရုပ်များကို ထည့်သွင်းသောကြောင့်ကမ္ဘာလှည့် ခရီးသွား များမှာ အထူး သဘောကျနှစ်ခြိုက်လျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

"ဒီအရုပ်တွေ ပါမယ်ဆိုတာ လုံဝ ထင်မထားဘူး။နိုင်ငံခြားသားတွေ တအားသဘောကျ ကြတယ်"ဟု ပုဂံမြို့ ပွင့်လင်းလူ့အဖွဲ အစည်းမှ ကိုမင်းနိုင်အောင်က ပြောသည်။

မြင်းကပါရွာ မနုဟာဘုရားပွဲတွင်နှစ်စဉ်နှစ်တိုင်း အရုပ်သွင်းပွဲများကျင်းပသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လာ ရောက်လေ့ရှိ ကြောင်းသိရှိရသည်။

ဘုန်းကြီးကျောင်း(၁၄)ကျောင်း၊ ရပ်ကွက်(၆)ခုရှိသည့် မြင်းကပါရွာအရုပ်သွင်းပွဲတွင် ကိုကြီးကျော်၊ တိုးနယား၊ ခွပ်ဒေါင်း၊ မင်းညီ နောင်၊ အနော်ရထာစသည့်အရုပ်များမှာ နှစ်စဉ်လိုလိုထည့်သွင်းလေ့ရှိပြီး ယခုနှစ်မှ ထည့်သွင်း လာသည့် ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်အရုပ်များအပါအ၀င် အရုပ်စုစုပေါင်း(၃၀) ထည့်သွင်း ကျင်းပခဲ့ ခြင်းဖြစ်သည်။

Ref: မြစ်မခ

Read More...

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

01 October 2012
မင်းထက်စံ

“အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စတွေမှာ မဆုံးဖြတ် နိုင်ဘူး။ တပ်ကိစ္စတွေပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။”

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီ ဖြစ် သည်။ အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်း အဆင်မပြေသေးပေ။ လတ်တ လော အနေအထားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသောကြောင့် ယင်းတိုက်ပွဲ အခြေအနေများနှင့် အပစ်အခတ် ရပ် စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)၏ ဒုတိယ စစ် ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံ မေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။

Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတာ တစ်နှစ် ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲ က ခွဲ ထွက်ရေး အတွက် တိုက်နေ တယ်လို့လည်း ပြောကြပါတယ်။ ကျွန်တော်တို့ နားလည် ထားတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း တယ်လို့ ကြားထားပါ တယ်။ အဲဒီအပေါ် မှာ တိကျတဲ့ သဘော ထားကို ပြောပြပေးပါခင်ဗျ။

GGM : ကချင်တွေရဲ့ စိတ်ထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပေါ်ထွက်လာအောင် အစကတည်းက ကြိုးစားတဲ့ နေရာမှာ ကချင် တွေပါခဲ့ ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုကနေ ခွဲထွက် ရေးလို့ ပြောတဲ့ အထဲမှာ ကချင် မပါဘူး။ဦးအောင်မင်းကို လည်း ပြောခဲ့တယ်။ ပြည်ထောင်စု ဆိုတဲ့ စကားကို ကျွန်တော် တို့ ပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ သိပ်ပင်ပန်း နေပြီလို့ နောက်ခဲ့သေးတယ်။ ပြည်ထောင်စုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်လို့ ပြောလိုက်ရင် ပြည်ထောင်စု ခွဲထွက်ရေး လို့ နားလည် ကြတယ်။ ဒါက ကချင်တွေ ရဲ့ Concept ပဲ။ ခု ပြောနေကြတာ လည်း ပြည်ထောင်စု အရေးပဲ။ ကေအိုင်အိုက ဘယ်လောက်တောင် ရှင်းရှင်းလင်းလင်း လုပ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ဗိုလ်ချုပ် နေဝင်းနဲ့ တွေ့တဲ့အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို လက်ခံမယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေး၊ ဒီမှာ မူထိတယ် ဆိုပြီး စေ့စပ်ကြောင်းလမ်းရေး ပျက်ခဲ့တာ ဒီနေ့ထိပဲ။ ၁၉၉၄ တုန်းက အပစ်အခတ် ရပ်စဲရေး စေ့စပ်ပွဲ လုပ်တယ်။ နိုင်ငံထဲမှာ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ထွက်ရေးအတွက် ကြိုးပမ်းတဲ့ နေရာမှာ ပါဝင်ခဲ့တယ်။အဲဒီမှာ နိုင်ငံရေး ဆွေးနွေး ရအောင်လို့ ပြောရင် လက်မခံခဲ့ဘူး။ အစိုးရနဲ့ လုပ်။ သူတို့က အာဏာ သိမ်းထားတဲ့ တပ်မတော် အစိုးရလို့ပြောတယ်။ ၂၀၀၈ ကုန်ခါနီး မှာ အသွင် ကူးပြောင်းရေး အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဖို့ပြောတယ်။ အသွင် ကူးပြောင်းရေး ဆိုတာက နိုင်ငံရေး ဝေါဟာရ ဖြစ်တယ်။ အသွင်ကူးပြောင်း ရေးနဲ့ Road Map က ဘယ်လို ချိတ် ဆက်မှု ရှိသလဲ မေးတော့ မရှိဘူးလို့ ပြောတယ်။ နယ်ခြားစောင့်တပ် ဆိုတာ နိုင်ငံတော် စီမံကိန်း ဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ နိုင်ငံတော်က ကေအိုင်အေ တပ်တစ်ခု တည်းကို ပြောနေတာ။ ကေအိုင်အိုမှာ ကျန်း မာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး အစ ရှိတဲ့ဌာန ၁၀ခု ရှိ တယ်။ ကေအိုင်အေ ဆိုတဲ့ စစ်တပ်က ကေအိုင်အိုရဲ့ အဖွဲ့အစည်း တစ်ခုပဲ။ တပ်တစ်ခုတည်းကို မပြော ဘဲနဲ့ တစ်ဖွဲ့လုံး ကိစ္စ ပြောပါ။ ဘယ်လောက်ထိ ညှိခဲ့လည်း ဆိုရင် ပူးပေါင်းလို့ရတာ ပူးပေါင်း မယ်။ ဥပမာ-ကျန်းမာရေး၊ ပညာ ရေး ကဏ္ဍတွေပေါ့။ နောက် ကေအိုင်အေကို နယ်ခြားစောင့်တပ် ပေးရင် ဘယ်လောက် ပေးမလဲ မေးတော့ မသိဘူးတဲ့။ ကျန်း မာရေး မကောင်းတဲ့သူနဲ့ အသက် ၁၀ နှစ်ကျော် ကို ဖယ်လိုက်ရင် တပ်ရင်း ၃၀ ရနိုင်တယ်၊ ပေးမလား ဆိုတော့လည်း မဖြစ် ဘူးတဲ့။ ဒါနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးက ပြီးသွားပြီ။ အဲဒီနောက်မှာ ဦးသန်းရွှေ (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဆီကို လိပ်မူ ပြီးတော့ ကေအိုင်အိုက စာပို့ခဲ့တယ်။ ပြည်ထောင်စု စကတည်းက ကချင်လူမျိုး တွေ ပါခဲ့ပါတယ်။ ပြည်ထောင်စုထဲ တန်းတူရေး ရချင်ပါတယ်။ တပ်မတော် မှာ ဦးစီးချုပ် တစ်ယောက်တည်း ထားမယ် ဆိုလည်း လက်ခံမယ်။ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းပေးပါ။ အဲဒီလို ဖွဲ့ရင် ကျွန်တော်တို့ တပ်တွေကို ပြင်ဆင် ဖွဲ့စည်း သွားမယ်။ နိုင်ငံတော်မှ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်သေးတယ်။ ဘာလို့ ပြည်ထောင်စု တပ်မတော်လို့ မရနိုင် ရမှာလဲ။ ဒါ ကျွန်တော် တို့ရဲ့ သဘောထားပါ။

Voice : ဟုတ်ကဲ့။ တိုက်ပွဲတွေ စဖြစ် ခဲ့တည်းက ညှိနှိုင်း နိုင်ခဲ့ရင် ခုလိုအခြေ အနေမျိုးဖြစ်မှာ မဟုတ်ဘူးလို့ လေ့လာသူ တွေကသုံးသပ်တယ်။ ဗိုလ်ချုပ်တို့ ဘာ ကြောင့် မညှိနှိုင်း နိုင်ခဲ့တာ လဲခင်ဗျ။

GGM : တိုက်ပွဲတွေ မနှစ်က ဇွန်လ ၉ ရက်မှာ စဖြစ်တာနဲ့ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီထိ ကျွန်တော် တို့ဘက်က တိုက် မိန့် မပေးသေးဘူး။ ဦးအောင်သောင်း တို့၊ ဦးသိန်းဇော်တို့နဲ့ ဆွေးနွေးနေတုန်း။ ကြာရင် မလိုလားအပ်တာ များလာမယ်။ ဒါ ကြောင့် ဒီတိုက်ပွဲ အမြန်ရပ်ဖို့ သူတို့ သမ္မတဆီ တင်ပြမယ် ဆိုတော့ သဘော တူတယ်။ ၁၃ ရက်နေ့ နေ့လယ် နှစ်နာရီ အထိ စောင့်တယ်၊ သဘောတူညီမှုမရ ခဲ့ဘူး။ ဒါကြောင့် ၁၄ ရက်နေ့က စပြီး ကျွန်တော်တို့ကလည်း တိုက်မိန့်ပေး လိုက်တယ်။ ဆွေး နွေးပွဲတွေ စလုပ် ကတည်းက တိုက်ပွဲတွေ စဖြစ်တာပဲ။ အပစ်အခတ် ရပ်ဖို့အတွက် လက်မှတ်ထိုး ရအောင်လို့ ပြောတယ်။ တခြား နိုင်ငံ တစ်ခုကို သက်သေထားပြီး လုပ်ပေးပါ ပြောရင်လည်း အစိုးရကသိက္ခာရှိသေး တဲ့အတွက် နိုင်ငံတကာမပါနဲ့၊ ပြည် တွင်း ပြဿနာပဲတဲ့။ ဒါဆို ကတိတစ်ခုပေးပါ။ အစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ တိုက်ပွဲ တွေအားလုံး ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာကို ၁၅ ရက်အတွင်း ကြေညာပေးပါ။ ဒါလည်းမဖြစ်နိုင် ဘူးဆိုတော့ ဆွေးနွေးပွဲက ၃ ကြိမ်မှာ ပြီးသွားရောပဲ။ ခု ပထမအဆင့် အနေနဲ့ လုပ်ရမှာက တိုက်ပွဲတွေ လျှော့ချရေး။ ခုတပ်တွေ ရောနေတယ်။ အစိုးရတပ်က ရိက္ခာပို့တာတောင် ကျွန်တော်တို့ တပ်မဟာ ၃ ကိုဖြတ်ပြီးပို့ရတာ။ ခဏခဏ ရိက္ခာ ပို့ခွင့်တောင်းတုန်း။ ကူညီပေးဖို့တော့ စဉ်းစားလို့ ရပါတယ်။ ဒါပေမဲ့ လက် တွေ့တော့ မကျဘူး။ မဟာဗျူဟာအရ နောက်ကျော ရောက်နေတဲ့ တပ်ကို ခွာပေးပါ။ ခွာလိုက်ရင် တိုက်ပွဲတွေ လျော့သွားပါမယ်။ ဒုတိယ အဆင့်အနေ နဲ့ ပင်လုံမှာ ကျင်းပသလို ညီလာခံ ကျင်းပရမယ်။ ဒုတိယ ပင်လုံလည်း မဟုတ်ဘူး။ နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိတဲ့အတွက် ကချင်ကလည်း ကချင်တွေချည်း အစည်းအဝေး လုပ်ရမယ်။ တခြား တိုင်းရင်းသား တွေနဲ့လည်း လုပ်ရမယ်။ ဘုံသဘော တူညီမှုပေါ့။ လက်တွေ့မှာတော့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စ တွေမှာ မဆုံးဖြတ်နိုင်ဘူး။ တပ်ကိစ္စတွေ ပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။

Voice : ကေအိုင်အို အနေနဲ့ရော၊ အစိုးရရော တိုက်ပွဲတွေ ဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်နေတာကို ငဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ မရနိုင်တော့ဘူးလား ခင်ဗျ။
GGM : ခုနက ပြောသလိုပဲ။ ဦးအောင်မင်း တို့နဲ့ တပ်ကိစ္စ ပြောရင် ဆက်ဆွေးနွေးလို့ မရတော့ဘူး။ နောက်တိုက်ပွဲ တစ်နှစ် ကျော်လာတဲ့အထိ တိုက်ပွဲ ကိစ္စကို လွှတ်တော်က ဘယ်လို စဉ်းစားသလဲ။မစဉ်းစားဘူးလား။ ဆွေးနွေးတယ်ဆိုရင် ဒီတိုက်ပွဲတွေကို အစိုးရက ခွင့်ပြုလို့ တိုက်နေတာလား။ ဒါတစ်ပိုင်း။ နောက် ငြိမ်းချမ်းရေးလို့ ပြောနေတဲ့စကား လွှတ် တော်အနေနဲ့ ဘယ်မှာ ရပ် ပြီး ပြောနေ တာလဲ။ ကချင်ပြည်နယ်က လွှတ်တော် အမတ် ဦးစခုန်တိန့်ယိမ်းက တိုက်ပွဲမှာ လာဦးစီး နေတယ်။ အဲဒီ အချိန်မှာ လွှတ်တော် အစည်းအဝေး ရှိတယ်။ လွှတ်တော်မှာ ဘယ်လိုခွင့်တောင်းပြီး စစ်ပွဲ ဦးစီး ရသလဲ။

Voice : လွတ်လပ်တဲ့ အာရှအသံ (RFA)မှာ ငြိမ်းချမ်းရေး အကျိုးဆောင် ပေးတဲ့ ဦးညိုအုန်းမြင့်က ပြောသွားတာ ရှိတယ်။ ကေအိုင်အိုက အခြေခံ ဖွဲ့စည်းပုံကို လည်း လက်ခံတယ်၊ ပြည်ထောင်စု တပ်မတော် ဦးစီးချုပ် တစ်ယောက်တည်း ရှိရမယ် ဆိုတာကိုလည်း လက်ခံတယ်၊ ဒါပေမဲ့ အစိုးရလူကြီးတွေကို ကေအိုင်အိုက မယုံကြည်ကြဘူးလို့ ပြောထားတာ ရှိပါ တယ်ခင်ဗျ။ ကေအိုင်အိုရဲ့ သဘောထားက လက်ရှိ အစိုးရအပေါ် ဘယ်လို သဘောထား ရှိသလဲခင်ဗျ။

GGM : အဓိက လူမဟုတ်ပါဘူး။ မူပါပဲ။ အရင် ကတည်းက အခြေခံ ဥပဒေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တခြားသူ ဥက္ကဋ္ဌ တက် လုပ်လည်း ဘာမှမပြောင်းဘူး။အဓိကက ဥပဒေပဲ။ ကျွန်တော်တို့ ကေအိုင်အို အမည်နဲ့ ရွေးကောက်ပွဲဝင်မယ် ရမလား လို့မေး တော့ နေပြည်တော်ကို လှမ်းမေး ကြတယ်။ ရတယ်တဲ့။ နောက်နှစ်ရက် ကြာတော့ မရဘူး ဖြစ်ပြန်တယ်။ကျွန်တော် တို့က ဒီဂရီကုန်တဲ့အထိ ညှိပေးခဲ့ပြီးပြီ။ရွေးကောက်ပွဲ ဝင်မယ်။ ဒုတိယသက်တမ်း မှာမှ ဝင်မယ်။ ပထမ သက်တမ်းမှာ ဒီပုံစံ မှာပဲနေ မယ်။ ၁၇ နှစ်လုံးလုံး ဆွေးနွေးဖို့ စောင့်နေခဲ့တာ။ ခုလက်မှတ်ထိုးရုံနဲ့ တော့ငြိမ်းချမ်းရေး ရမသွား နိုင်ဘူး။သဘောတူ လက်မှတ် ထိုးတာက စေ့စပ် ကြောင်း လမ်းတာနဲ့တူတယ်။ နိုင်ငံရေး ဆွေးနွေးတာက မင်္ဂလာဆောင်တာ နဲ့တူတယ်လို့တောင် ဦးအောင် မင်းကို ပြောခဲ့ပါသေးတယ်။

Voice : ခုလက်ရှိက ဒုက္ခသည်တွေ လည်း တစ်သိန်းနီးပါး ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်က ဖားကန့်မှာ လက်နက်ကြီး ထိပြီး ကျောင်းသူလေး သေဆုံးသွား ရတာတွေလည်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်းရေး အတွက် ဆက်ဆွေးနွေးဖို့ ရှိပါသလား။

GGM : ရှိပါတယ်။ ကျွန်တော်တို့ ဆုံး ဖြတ်ချက်တွေကို လူထု အစည်းအဝေးနဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်တစ်ခု တိုက် ပွဲဖြစ်တော့ လူထု ဒုက္ခရောက်တာ မှန်တယ်။ တိုက်ပွဲ မဖြစ်တုန်းကရော ဒုက္ခ မရောက်ဘူးလား။ မြန်မာပြည်က တိုက်ပွဲ မဖြစ်ဘဲ ဒုက္ခရောက် ခဲ့တာပါ။ ကချင်တွေ စိတ်ထဲမှာ တိုက်ပွဲကြာလာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ မယ်၊ ကြာရင် ထိန်းရ ခက်မယ်၊ ဒါကြောင့် တိုက်ပွဲကို အရင် ဖြေရှင်းရမယ်လို့ ဦးအောင်မင်းကို ပြောခဲ့တယ်။ လူထု ဖိအား ပါလာရင် ဆုံးဖြတ်ရ ခက် မယ်။ တိုက်ပွဲတွေများလာရင် လူထုက နာကြည်းမှု တွေဖြစ်လာတယ်။ ဒီလို ပြဿနာတွေ ထိန်းမနိုင်ရင် ခက်မယ်လို့ အစက တည်း က ပြောခဲ့တယ်။ ဖားကန့်မှာ ဖြစ်တဲ့ဟာ ဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ ကွန့်မင့်ပေး ကြတာတွေကို မယုံနိုင်ဘူး။ မိသားစု တွေလည်း ပေါက်ကွဲကြတာတွေလည်း ပါ တယ်။ မှားပစ်ကြတယ်လို့ ပြောကြ တယ်။ ဘယ်တပ်ပဲဖြစ်ဖြစ် မှားတာတော့ ရှိတာ ပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲ မယုံနိုင် တဲ့ အဖြစ်အပျက်တွေက အများကြီးပဲ။ ဗုံးတစ်လုံးကွဲရင် ကျွန်တော်တို့ဆီ ကလား။ သူတို့ဆီ ကလား ဆိုတာ ကွဲကွဲ ပြားပြားမသိရဘူး။ မှားပစ်ရင်းနဲ့ပဲ နောက်ပိုင်း ရွာထဲမှာ ဝင်ပစ်သွားကြတာ။ကျွန်တော်တို့ စဆွေးနွေး ကတည်းက မူတစ်ခုချပြီးတာနဲ့ မြစ်ကြီးနားမှာ တွေ့မယ်လို့ တရားဝင် ကြေညာထားပြီး သားပါ။ အခု ဗိုလ်ချုပ်စိုးဝင်းနဲ့ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတာလည်း ကျွန်တော်တို့ တောင်းဆိုတာ မဟုတ်ဘူး။ ကျွန်တော် တို့ပြောတာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတော်က တာဝန် ပေးထားတဲ့ သူတွေနဲ့ တွေ့မယ်။ ဒုချုပ်မှ၊ ကာချုပ်မှ ပြောတာ မဟုတ်ဘူး။ ခုနောက်ဆုံး နေပြည်တော် မှာ ဆွေးနွေးရ အောင် ပြောတယ်။ မူ မရှိဘဲ နေပြည်တော်မှာ ဘာသွားဆွေးနွေး မလဲ။ ဘယ်ခေါင်းစဉ်နဲ့ဆွေးနွေးမလဲ။ အဓိက မူတစ်ခုရှာ။ နေရာ အဓိက မဟုတ်ဘူး။ မူပဲ။

Voice : ကေအိုင်အိုနဲ့သာ အပစ် အခတ် ရပ်စဲနိုင်ရင် ပြည်တွင်းငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်လို့ ရပြီလို့ နိုင်ငံတော် သမ္မတကြီး ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက ဘယ်လို မှတ်ချက်ပြုချင် ပါသလဲ ခင်ဗျ။

GMM : ကေအိုင်အို အနေနဲ့က အပစ် အခတ် ရပ်စဲရေး တစ်ခုတည်း မပြောဘူး။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ ကတိကို ရ ချင်တာ။ ကတိမရဘဲနဲ့ အပစ်အခတ် ရပ်စဲရေး ဘာလုပ်မလဲ။ ပြန်ပစ်ကြမှာပဲ မဟုတ်လား။ ဒီတော့ တိုက်ပွဲတွေ ပြန်ဖြစ်မယ့် ကတိတော့ မလိုချင်ဘူး။ ဆွေးနွေး မယ်ဆိုတဲ့ ကတိ မရဘူး။ ၂၀၀၈ ထဲ ဝင်လာပါ ပြောတယ်။ ဒါဆိုရင် ဆက်သွားလို့ မရ တော့ဘူး။ သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းမှာလည်း တခြား အဖွဲ့အစည်း တွေကို ရည်ညွှန်း ပြောတာပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို ရည်ညွှန်း ပြောတာ မပါ ဘူး။ ဒါကြောင့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကို ဘယ်လို သဘောထားသလဲ။ သောင်းကျန်းသူ၊ အခွင့်အရေး တောင်းသူလို့ သဘောထား လား။ သောင်းကျန်းသူ လို့ သတ်မှတ်ရင် သောင်းကျန်းသူ အနေနဲ့ပဲ သူဖြေရှင်း မှာပဲ။ နောက်တစ်ခုက ပင်လုံစာချုပ် အပေါ်မှာ ခုလက်ရှိ အစိုးရက ဘယ်လို သဘောထားလဲ မေးတာ ခုထိ အဖြေမရဘူး။ အတူတကွ ယှဉ်တွဲ နေထိုင်လို့ရတဲ့ ဥပဒေ ပေါ်ဖို့ ကျွန်တော်တို့ ကြိုးစား ရမယ်။ ခုသမ္မတ ပြောတဲ့ဟာ စာချုပ်ကို ကြည့် လေ။ ခုဟာက ယာယီ အပစ်အခတ် ရပ်စဲရေးပဲ။ ဘာမှ တိတိကျကျ မရှိဘူး။ ရှမ်းနဲ့လည်း တိုက်ပွဲ ပြန်ဖြစ် တာပဲ။ ဒါကြောင့် အာမခံချက် မရှိဘဲ စာချုပ်ကြီး ချုပ်ပြီး နောက်ဖြစ်လာမယ့် စစ်ပွဲအတွက် ပြင် နေတာမျိုးနဲ့တော့ မရပ်ချင်ဘူး။

Ref: Voice

Read More...

ဧရာဝတီမြစ်ရေတိုး၍ အမရပူရနှင့်တံတားဦးဒေသခံများ အကြပ်တွေ့

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
1 Oct, 2012

ဧရာဝတီမြစ်ရေတိုးလာသောကြောင့် အမရပူရမြို့နယ်တစ်ဝိုက်နှင့် တံတားဦးမြို့နယ်အတွင်း ကျေးရွာများ၌ ရေကြီး၍ စိုက်ပျိုးသီးနှံ ဆုံးရှုံးမှုများရှိပြီး၊ ယက်ကန်းလုပ်ငန်းများလည်း ရပ်နားထားရကြောင်း ဒေသခံတောင်သူများက ဆိုသည်။

“ရေတိုးတာ(၃)ရက်လောက်ပဲ ရှိသေးတယ်၊ တောင်သူတွေစိုက်ထားတဲ့ ပဲခင်းတွေအကုန် မြုပ်ကုန်တာ။ ထယ်ရေးခတွေ ထွန်ခ တွေ အလုပ်သမားခတွေ အကုန်ရှုံးတာပေါ့။”ဟု အမရပူရမြို့နယ်၊ ဖရဲကျွန်း ကျေးရွာ အုပ်စု ဆေးအိုးဖိုကျေးရွာမှ ဦးညွှန့်တင်က ပြောသည်။

ဧရာဝတီမြစ်နှင့်နားဒေါင်းကျချောင်းတစ်လျှောက်ရှိ ဒေသများဖြစ်သော ဖရဲကျွန်းကျေးရွာ ကျေးရွာအုပ်စု၊ မြင်တော်ကျေးရွာ၊ ချင်း ရွာစသော ကျေးရွာများတွင်လည်း တောင်သူစိုက်ခင်းများ ရေနစ်မြုပ်ခံ ရကြောင်း ကြားသိရသည်။

“ရေကြီးတာဒီအကြိမ်ဆို တစ်နှစ်ထဲမှာ သုံးခါရှိပြီ”ဟု အမရပူရမြို့နယ်ဖရဲကျွန်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက အတည်ပြုပြော ကြားခဲ့သည်။

အမရပူရမြို့နယ်အတွင်းရှိ ရိုးရာယက်ကမ်းခက်သော ကျေးရွာများတွင်လည်း ရေကြီးလာသောကြောင့် ယက်ကန်းစဉ်များ ရပ်နား ထားရကြောင်း ဆေးအိုးဖိုကျေးရွာမှ ယက်ကန်းစဉ်ပိုင်ရှင် ဒေါ်တင်မူက ဆိုသည်။

“၀ါဆိုဝါခေါင်မှာ ရေကြီးတာက နှစ်တိုင်းပဲ အရင်နှစ်တွေတုန်းက တစ်ခါနှစ်ခါကြီးပြီး၊ ခဏပဲ၊ ဒီနှစ်(၃)ခါကြီးပြီး ရေတာရှည် တော့ တော်တော်နဲ့ မကျဘူး”ဟုဒေသခံတစ်ဦးဖြစ်သည့် ဦးဘကြည်က ၄င်းတို့ကြုံတွေ့နေရသည့် အခက်အခဲအား ဆိုသည်။

အဆိုပါ ဒေသများတွင် မြန်မာရိုးရာယက်ကန်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ပဲစိုက်တောင်သူအများဆုံးနေထိုင်ကြောင်း၊ ရေကြီး လာသောကြောင့် တောင်သူများသီနှံများ ဆုံးရှုံးရပြီးရက်ကန်းစဉ်များ ရပ်နားထားရသော ကြောင့် လက်လုပ်လက်စား ဒေသခံများ အနေဖြင့်အလွန်နစ်နာမှုရှိပြီး စားဝတ်နေရေးကြပ်တည်းလျက်ရှိသည်။

Ref:

Read More...

ရှားခဲအင်းကိစ္စအကြမ်းဖက်မှုတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိ

မျိုးမင်းထွန်း(ပုသိမ်- မြစ်မခ)
1 Oct, 2012

စက်တင်ဘာလ (၂၇)ရက်ည(၉)နာရီခန့်က ကျုံပျော်မြို့နယ်ရှားခဲရွာတွင်ရှားခဲအင်းကိစ္စအကြမ်းဖက်မှုများ ဖြစ်ပွားပြီး ထိုအကြမ်း ဖက်မှုကို နှိမ်နင်းရန် လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် (၃)ဦးသေဆုံးပြီး(၂)ဦး ဦးခေါင်းကျည်ထိ ဒဏ်ရာများရရှိခဲ့ ကြောင်းသိရှိ ရသည်။

"ပထမကတော့တပ်ဖွဲ့ဝင်တွေကမိုးပေါ်ထောင်ပစ်သေးတယ် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေရောက်မှလူအုပ်ထဲ ကိုပစ်ခဲ့ရတာ ပါ။"ဟု အမည်မဖော်လိုသူကျုံပျော်မြို့နယ်မှ ရဲအရာရှိ တစ်ဦးကပြောသည်။

ထိုပစ်ခတ်မှုကြောင့်ကွင်းကောက်ရွာနေကိုကြည်သိန်း(၂၉)နှစ်မှာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကွင်းမရွာနေကိုကျော်ဆန်းဝင်း (၂၉)နှစ်မှာဦးခေါင်းကျည်ထိဒဏ်ရာနှင့် လည်ပင်းဒဏ်ရာကြောင့် ပုသိမ်ဆေးရုံတွင် နောက်တစ်နေ့(၁၁)နာရီခန့် ကသေဆုံးခဲ့ပြီး အခြားရွာသား(၂)ဦးမှာလည်း ဦးခေါင်းကျည်ထိဒဏ်ရာ များပြင်းထန်စွာရရှိကာဆေးကုသ မှုခံယူနေကြာင်းသိရှိရသည်။

စက်တင်ဘာ(၂၂)ရက်နေ့ကရှားခဲအင်းအတွင်းမှအဆောက်အဦးနှင့်ပစ္စည်းတန်ဖိုးသိန်း(၃၀၀)ခန့်ကိုကျေးရွာနေသူ အချို့မှ ဂျင်ကလိ လေးခွများဖြင့် ပစ်ခတ်ကာ မီးရှိုးဖြစ်ပွားမှုအပြီးထိုပြသာနာမှအစပြုကာယခုလို အကြမ်းဖက်မှု မှာဖြစ်ပွားခြင်းဖြစ်ကြောင်း ရှားခဲရွာ တွင်နေထိုင်သူများကပြောသည်။

"အဲ့ဒီ့ဖျက်စီးမှုမှာပါတယ်ဆိုပြီးအမှုဖွင့်ခံထားရတဲ့ကိုဝင်းနိုင်(တလုပ်)ကိုအင်းပိုင်တဲ့ဝိုင်းဝိုင်းလည်အဖွဲ့ကသူ့ အိမ်နားမှာအချိန်တိုင်း လာ စောင့်နေတာ(၂၇)ရက်နေ့ကအိမ်ကိုပြန်လာချိန်မှာအဲ့ဒီ(၂၂)ယောက်အဖွဲ့ကတုတ်။ ဓါးတွေနဲ့ဝိုင်းရိုက်သတ်ရာ ကပြဿနာ စဖြစ်တာ"ဟုတကျသောသတင်းရပ်ကွက်မှအမည်မဖော်လိုသူတစ်ဦးကပြောသည်။

ကိုဝင်းနိုင်(ခ)တလုပ်မှာ(၂၂)ရက်နေ့အခင်းဖြစ်ပြီးနောက် ရွာသို့တစ်ခါမှပြန်လာခြင်း မရှိပဲ အွန်လိုင်းမီဒီယာများတွင် ယခုဖော်ပြ နေသကဲ့သို့ မိန်မတစ်ဦးအားပါးရိုက်ခြဲ့ခင်းမျိုးလည်းမရှိကြောင်း သတင်းများအရသိရှိရသည်။

(၂၂)ယောက်လောက်ပါမယ့်အဖွဲ့ကအိမ်ရှေ့မှာ ကိုတလုပ်ကိုသတ်နေတုန်း မိသားစုတွေကိုလည်းအပြင်မထွက်ရ အောင်ချိန်း ခြောက်တယ်။ အဲ့ဒီမှာညီမဖြစ်တဲ့သူက အရဲစွန့်ထွက်ပြေးပြီးရွာထဲကို ထွက်ပြေးလာတာ"ဟုရှားခဲရွာသားတစ်ဦး ကပြောသည်။

ထွက်ပြေးလာသောညီမဖြစ်သူထံမှသတင်းကြောင့်ဦးစိုးကြီးအပါအ၀င်ရွာသား(၁၅၀)ခန့်မှတုတုဓါးများကို ကိုင်ဆိုင်ပြီး ၀ိုင်းဝိုင်းလည် အဖွဲ့နှင့်တွေ့ဆုံနေစဉ် ယခင်ပြသနာများဖြစ်ပေါ်စဉ်တည်း ကအနီးကပ်ချထားသော လုံခြုံရေးကားအဖြူနှင့် အပြာဟိုက်လက် ကား (၂)စီး ရောက်ရှိလာရာအဆိုပါလူအုပ်မှလုံခြုံရေးကားမှန်များကို ခွဲပြီးအဖွဲ့ဝင်များကိုစတင်ရန်ရှာခဲ့သည်ဟုဒေသခံများထံမှသိရသည်။

အဆိုပါသေဆုံးမှုများကိုကျုံပျော်ရဲစခန်းမှသေမှုသေခင်း၆/၁၂နှင့် /၁၂များဖွင့်ကာ စစ်ဆေးလျှက်ရှိသော်လည်း ကိုဝင်းနိုင်(တလုပ်) အားအကြမ်းဖက်သတ်ဖြတ်ခဲ့ သူများကိုအရေးမယူသေးကြောင်းနှင့် ယခုရက်ပိုင်းအတွင်းအကြမ်း ဖက်လုပ်ရက်များဆက်လက် လုပ် ဆောင်မည့်လူအုပ်စုများ ထပ်မံလှုပ်ရှားနေသောကြောင့်ရဲတပ်ဖွဲ့မှလှည့်ကင်း ၀ပ်ကင်းများဖြင့်ဒေသခံရွာများကို လုံခြုံရေးပေး လျှက်ရှိ နေ ကြောင်းသိရှိရသည်။

စာကြွင်း။။အတည်ပြု၍မရသေးသော ရဲတပ်ဖွဲ့မှသတင်းများအရရွာသားအချို့သေနတ်လုယူကာပြန်လည်ပစ်ခတ်ခဲ့ မှုကြောင့်ရဲတပ် ဖွဲ့ဝင်(၄)ဦးမှာမစိုးရိမ်ရသောကျည်ထိဒါဏ်ရာများရရှိခဲ့သည်ဟုသိရသည်။

Ref: မြစ်မခ

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်ကြောင်း သမ္မတကြီး ဦးသိန်းစိန် ပြောကြား

2012-09-30

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ရွေးချယ် တင်မြှောက်ရင် သမ္မတအဖြစ် မိမိအနေနဲ့ လက်ခံ နိုင်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောလိုက်ပါတယ်။

မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် လက်ရှိမှာလည်း အတူတကွ ပူးတွဲလုပ်ဆောင်နေကြောင်း၊ ပြည်သူတွေက ရွေးချယ် တင်မြှောက်ရင် မိမိအနေနဲ့ လက်ခံသွားမှာဖြစ်ကြောင်း ဘီဘီစီ အသံလွှင့်ဌာနက အင်္ဂလိပ်ဘာသာနဲ့ မနေ့က ထုတ်လွှင့် ချက်မှာ ပြောခဲ့တာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် အတားအဆီး ဖြစ်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးမှာတော့ မိမိတစ်ဦးတည်း အနေနဲ့ ပြင်ဆင်လို့ မရကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားလို့ မရကြောင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြော ကြားခဲ့ပါတယ်။ တပ်မတော်ဟာ လက်ရှိ လွှတ်တော်အသီးသီးမှာ ၂၅% နေရာယူထားတာ ဖြစ်ပါတယ်။

တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ရဲ့ အနည်းဆုံး ၇၅% ရဲ့ ထောက်ခံမှုရှိမှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သင့် မသင့် ဆွေးနွေး မှုတွေမှာ ဗီတိုအာဏာသုံးစွဲပြီး ကန့်ကွက်ခွင့် ရှိတယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ပြည်ပရောက်မြန်မာများ နိုင်ငံထူထောင်ရေး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

2012-09-30

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက ကယ်လီဖိုနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့နဲ့ အနီးတစ်ဝိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ တတ်စွမ်းသမျှ ပါဝင်ကူညီလုပ်ဆောင် ကြ ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

"ကျွန်မကိုယ်တိုင်လည်း မြန်မာနိုင်ငံကိုကယ်တင်နိုင်မယ်။ ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ပါဘူး။ ကျွန်မ တတ်နိုင်သလောက် ရုန်းကန်ပြီးတော့ ကျွန်မတို့လိုလားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့စိတ်ပဲ ထားပါမယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ဆိုပြီးတော့ မပြန်ခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့ ပြည်သူ ပြည်သားတွေနဲ့ ရုန်းကန်မယ်ဆိုတဲ့ စိတ် နဲ့ ပဲပြန်ခဲ့ပါလို့ ကျွန်မပြောပြရစေ"

ဒါ့အပြင် ပြည်ပမှာရောက်ရှိနေထိုင်စဉ်အတွင်း ကိုယ့်ရဲ့ခလေးငယ်တွေကို မြန်မာစကား ပြောတတ်အောင် သင်ကြားလေ့ကျင့်ပေး ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို မနက် ၉ နာရီကနေ ၁၀ နာရီ ခွဲလောက်အထိ ဆန်ဖရန်စစ္စကို တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သလို ဆန်ဖရန်စစ္စကို မြို့တော်ဝန်ကလည်း ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင် တစ်ခု ပေးအပ်ခဲ့ပါတယ်။ ဆန်ဖရန်စ္စကိုနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ မြို့အသီးသီးက မြန်မာ ငါးထောင်လောက် ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရ

2012-09-30

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ပန်းဝါလို့ လူသိများတဲ့ ရာမူးမှာ မနေ့ညက သောင်းဂဏန်းရှိတဲ့ မူဆလင် အစွန်း ရောက်တွေက အနည်းဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ်အလုံးရေ ၄၀ နီးပါးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြ ပါတယ်။

ပန်းဝါ ခေါ် ရာမူးဒေသမှာ မနေ့ည ၁၀ နာရီလောက်ကနေ မနက် ၃ နာရီကျော်လောက်အထိ မူဆလင် အစွန်းရောက် နှစ် သောင်းငါးထောင်လောက် ချီတက်ဆန္ဒပြကြရင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို မီးရှို့ခဲ့ကြတာပါ။

အဲဒီလို မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုမှာ အနည်းဆုံးလူပေါင်း ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု စတင်ခဲ့ တာက ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ မီးလောင်ကျွမ်းနေတဲ့ ကိုရမ်ကျမ်းစာဓာတ်ပုံ တွေ့ရှိရာက စတင်ခဲ့တာလို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နာမည်ကြီး အင်္ဂလိပ်သတင်းစာ Daily Star အဆိုအရ ဆယ်ကျော်သက် လူငယ်တစ်ဦးက မီးလောင် ကျွမ်းနေတဲ့ ကိုရမ်ကျမ်းစာဓာတ်ပုံကို အမှတ်မထင် ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာပေါ် တင်လိုက်မိရာက အခုလို အကြမ်း ဖက် မှုတွေ ဖြစ်စေခဲ့တာလို့ ရေးသားပါတယ်။

အခုတော့ အဲဒီလူငယ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကို လည်း ပိတ်လိုက်ပြီး သူနဲ့ သူ့မိခင်ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ အေပီ သတင်းဌာနက ရေးသားပါတယ်။

ကော့ဘဇားခရိုင် ဒုတိယအကြီးအကဲ Jashim Uddin ပြောတာက ခရိုင်အတွင်းမှာ လူ ၄ ယောက်ထက် ပိုမစုရ အမိန့်ထုတ် ပြန်ထားလိုက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အခင်းဖြစ်တဲ့နေရာတွေမှာ လုံခြုံရေး တိုးမြှင့် ချထားလိုက်တယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ အခြေအနေကို ထိန်းချုပ်ထားလိုက်နိုင်ပေမယ့် တင်းမာမှုတွေ တော့ ရှိနေဆဲလို့ ဆိုပါတယ်။

Ref: အာရ်အဖ်အေ

Read More...

လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှ သဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

2012-09-30

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခု ကို လည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ထားရှိတဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို လွှတ်တော်ထဲရောက် အောင် ၈၈ မျိုးဆက် ကျောင်းသားတွေက ကူညီဆောင်ရွက်ပေးမယ်လို့ အဲဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောကြားသွားပါတယ်။

ဒီကနေ့ အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖူး တဲ့ စီမံကိန်း အင်ဂျင်နီယာ ဦးအောင်ကျော်ဇံ စတဲ့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ ဖြစ်တဲ့ ဦးဝင်းမျိုးသူ၊ ဒေါ်ဒေ၀ီသန့်ဇင် စတဲ့ပုဂ္ဂိုလ်တွေက ကြေးနီစီမံကိန်းကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးနေမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ပေါ်လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေကို ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို လူ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး တက်ရောက်သူအားလုံးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် စုပေါင်း လက်မှတ်ထိုးခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ပြည်ခရိုင် နိုင်/ကျဉ်းဟောင်းများအဖွဲ့ ဖွဲ့စည်း

2012-09-30

ပဲခူးတိုင်း၊ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမအကြိမ် တွေ့ဆုံပွဲကို ပြည်မြို့က (Happy mark) စာအုပ်ဆိုင်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို စတင်ဖွဲ့စည်း လိုက်ပါတယ်။

အဲဒီ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကို ကော်မတီလေးရပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း (၅၀) ကျော်နဲ့ ဖွဲ့စည်းလိုက်ပြီး တစ်နိုင်ငံလုံးက မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လွတ်မြောက်ဖို့အတွက် ရန်ကုန်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ခရိုင် နိုင်/ကျဉ်းအဖွဲ့ဝင် ကိုကျော်ဆန်းက RFA ကိုပြောပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှာ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ ပတ်ဝန်းကျင် ဒေသ တွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ကြပြီး အဲဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအ၀င် ကျောင်းသား (၇) ဦးလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

၈၈ မျိုးဆက် မြန်မာပြည်အလယ်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်စတင်

2012-09-30

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေး ၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးဂျင်မီ၊ ဦးထွန်း မြင့်အောင်၊ မမီးမီး၊ မနီလာသိန်း၊ မစန်းစန်းအောင်၊ မနုနုအောင် အပါအဝင် စုစုပေါင်း (၁၅) ဦး ပါဝင်တဲ့အဖွဲ့ဟာ အောက်တို ဘာလ တစ်ရက် ဒီနေ့ကစတင်ပြီး မြန်မာပြည်အလယ်ပိုင်းက မြို့(၈) မြို့ကို ငါးရက်ကြာ ခရီးထွက်ခွာမယ်လို့ သိရပါတယ်။

မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ သာစည်နဲ့ ယင်းမာပင်စတဲ့ မြို့ရှစ်မြို့ကို ပွင့်လင်းလူ့အဖွဲ့ အစည်း ပေါ်ထွန်းရေးခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကြောင်းကိုလည်း အလေးပေး ပြောကြမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက RFA ကိုပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဖော်ဆောင်ရေး ခရီးစဉ်တိုင်းမှာ ကျောင်း သား ခေါင်းဆောင်တွေ အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုး ဖြစ်စေချင်ပြီး ဖြစ်အောင် လည်းပဲ ကြိုးစားနေတယ်လို့ ဦးမြအေးက ပြောပါတယ်။

မကြာသေးမီက ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီး စဉ်အဖြစ် သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ အမြန်ဆုံး ရပ်စဲ ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန်အတွက် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါသေးတယ်။


Ref:

Read More...

ဖားကန့်ဒေသ အခြေအနေငြိမ်သက်

2012-09-30

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ စတင်ပြီး တိုက်ပွဲတွေနည်းသွားပြီး အခြေအနေ ငြိမ်သက် နေတာကြောင့် ဒုက္ခသည် စခန်းက စစ်ဘေးရှောင်နေတဲ့ လူတချို့ ရပ်ရွာနေအိမ် ပြန်သွားကြတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ဖားကန့်ဒေသရှိ ဒုက္ခသည်စခန်းမှာ လူအရင်ကလောက် မများတော့ဘူးလို့ လူဦးရေ ၅၀၀ လောက်ရှိတဲ့ ဖားကန့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတစ်ဦးက ပြောပါတယ်။

"လောလောဆယ်တော့ ကျွန်တော်တို့စခန်းမှာ လူနည်းသွားပြီဗျ။ ၂၀၀ ပတ်ဝန်းကျင်လောက်တောင် မရှိတော့ဘူး။ လောလော ဆယ် အစားအသောက်အတော့ အဆင်ပြေတယ် ပြောရမှာပေါ့။ လူနည်းလို့လေ။ ကိုယ့်ရွာကို ကျွန်တော်တို့လို ပြန်တဲ့လူပေါ့။ နောက် အောက်ပြည်အောက်ရွာပြန်တဲ့လူရှိတယ်။ အိမ်ပြန်တဲ့လူကလည်း တချို့ကျတော့ ၀င်ငွေမရှိ၊ ကလေးတွေ မုန့်ဖိုးမရှိ၊ ငွေရ အောင် ထွက်ရှာကြတာလေ။ အဲဒါမျိုး အိမ်ပြန်ကြတာ။ ယောက်ျားအများစုက မြို့ပေါ်စခန်း ၁၄၊ ၅ ခုက ပြန်တဲ့လူက များ တယ်"

ဖားကန့်ဒေသအတွင်းမှာ နေထိုင်နေတဲ့လူအများစုကတော့ ကိုယ့်အိမ် ကိုယ့်ရွာကို တချို့ပြန်နေကြပေမဲ့ မိန်းမနဲ့ကလေးတွေကတော့ ဒုက္ခသည်စခန်းထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ တချို့ကလည်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းစတဲ့ ဆွေမျိုးတွေရှိရာ သွားရောက်နေ ထိုင်ကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စာသင်ကျောင်းက ကလေးတွေလည်း တခြားဒေသကို ပြောင်းရွှေ့စာသင်သွားတာကြောင့် ဖားကန့်က စာသင်ကျောင်းမှာ ကျောင်း တက်တဲ့လူ နည်းသွားတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ လက်ရှိဖားကန့်ဒေသက စစ်ရေးနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သူကအခုလို ဆက်လက်ပြောပြပါတယ်။

"ကြားတာတော့ စစ်တပ်ကလည်း မပစ်ရဘူး။ ကေအိုင်အေကလည်း လာမပစ်ဘူး။ တိုက်ပွဲမဖြစ်တာက တပတ်ကျော်လောက် ကြာသွားပြီ။ စောစောက ကျွန်တော်တို့ ကသိုင်းတောင်မှာ ဖြစ်ပြီးတော့ အဲဒီနောက်မှာ ငြိမ်သွားတာ။ ညတိုင်း ညတိုင်းတော့ လက်နက်ကြီးသံ တချက် နှစ်ချက်တော့ ကြားတာပဲ။ ဒီဘက်နမ့်ယန်းလောက်မှာ ကေအိုင်အေက ပိတ်တယ်လို့ပြောတယ်။ ဟိုဘက် ၈ မိုင်လောက်က ဗမာစစ်တပ်က ပိတ်တယ်။ လမ်းမှာ ပြဿနာဖြစ်မှာစိုးလို့နဲ့ တူတယ်"

အခုအချိန်မှာ တိုက်ပွဲတွေ ရပ်နေပေမဲ့ နှစ်ဖက်တပ်တွေက နေရာတိုင်းမှာ အသင့်အနေအထား ဖြစ်နေတာကြောင့် ဘယ်အချိန် ပြန်ဖြစ်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လလည်ပိုင်းလောက်ကနေ စတင်ခဲ့တဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသက တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်း ၄၀ ကျော်မှာ လူဦးရေ နှစ်သောင်းလောက် ရှိနေတယ်လို့ ကူညီပံ့ပိုးသူတွေက ပြောကြပါတယ်။


Ref: အာရ်အဖ်အေ

Read More...

အမျိုးသမီးများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် စစ်တွေအာဏာပိုင် တားမြစ်

2012-09-30

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ အဲဒီအမျိုးသမီးတွေကို အာဏာပိုင်တွေဘက်က မနေ့က ခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။

အဲဒီအမျိုးသမီးတွေက ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စီတန်းလှည့်လည်ခွင့် ရရှိဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်လျှောက်ထားခဲ့ပြီး မြို့နယ်ရဲစခန်းက ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို အကြောင်းပြကာ အဲဒီနေ့မှာပဲ ပယ်ချခဲ့ တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ၂၇ ရက်နေ့မှာ ပြည်နယ်ရဲစခန်းမှူးဆီကို ဆက်လက်အယူခံ ဝင်ရောက်ခဲ့ရာမှာလည်း မနေ့ နေ့လည်ပိုင်းက အမျိုး သမီးတွေကို ခေါ်ယူတွေ့ဆုံပြီး အချိန် ၂ ပတ်ဆိုင်းငံ့ကာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ ဦးဆောင်သူ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးက RFA ကိုပြောပါတယ်။

"အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်က နည်းနည်းလေး ကသိကအောင့် ဖြစ်တာပေါ့လေ။ အမှန်တကယ်က ကျွန်မတို့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ကျွန်မတို့မှာ ဒီကဥပဒေပိုင်းဆိုင်ရာ အကုန်လုံး မငြိဖို့အတွက် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်လိုက်တာ။ အဲဒီ ၂ ပတ် အတွင်းမှာ သူတို့က ဘယ်နေ့မဆို သူတို့က အကြောင်းပြန်နိုင်တယ်ပေါ့နော်။ ကျွန်မတို့မှာ အချက် အလက်တွေ အားလုံးဟာ ပြည်ထောင်စုပြိုကွဲရေးမူ တစ်ခုမှ မပါဘူး"

အာဏာပိုင်တွေဆီကို လျှောက်ထားတဲ့အချက်တွေထဲမှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို လိုက်နာလေးစားပါ၊ မြန်မာ့ပြည်တွင်းရေးကို OIC ဝင်မစွက်နဲ့၊ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ မြန်မာ့အမျိုးသမီး များဘဝ လှပလုံခြုံမှုရှိပါစေ စတဲ့ စာတန်းတွေပါဝင်တဲ့ စာတန်း ၈ ခုထဲက တစ်ချို့ကိုလည်း အာဏာပိုင်တွေဘက်က ပြန်လည် ပြင် ဆင် လျှောက်ထားဖို့ ပြောဆိုခဲ့တယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။


Ref: အာရ်အဖ်အေ

Read More...

၈၈ မျိုးဆက် မြင်းခြံမြို့တွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းဖွင့်

2012-09-29

မြင်းခြံမြို့က လူငယ်တွေ ခေတ်နဲ့အညီ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စီစဉ် တဲ့ သင်တန်းတစ်ခုကို ဒီကနေ့မှာ စတင်လိုက်ကြောင်း သိရပါတယ်။

အဲဒီသင်တန်းမှာ နိုင်ငံရေး လူမှုရေးဆိုင်ရာ သဘောတရားတွေနဲ့ ကွန်ပျူတာ နည်းပညာဆိုင်ရာတွေကိုပါ သင်ကြားပို့ချပေးသွား မယ်လို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။

"ကျွန်တော်တို့က မြင်းခြံမှာ သင်တန်းတစ်ခု ဖွင့်ခဲ့တယ်ဗျာ။ အဓိကကတော့ Human resources ပေါ့ဗျာ။ မြှင့်တင်ဖို့ ဆိုပြီး တော့ ဒီနေ့စပြီးတော့ သင်တန်းစလုပ်ကြတယ်။ ၂၉ ရက်နေ့ပေါ့။ အခုကျွန်တော်တို့ထဲက လူငယ်တွေက အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ထား တယ်။ အဲဒီအဖွဲ့က ဆရာ ၃ ယောက်ကအခု မြင်းခြံမှာ လူ ၅၀ လောက်ကိုစပြီးတော့ အဓိကကတော့ ICJ သင်တန်းတို့ IR တို့ နောက် Social science တို့၊ Political science တို့ အကုန်လုံးစပြီးတော့ သင်နေကြပြီ"

ဒီအတောတွင်း ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ တာဝန်ရှိသူ (၈) ဦးဟာ မနေ့က မြင်းခြံမြို့ကို သွား ရောက်စဉ် မြင်းခြံနဲ့ အနီးတ၀ိုက်က ရန်တပို၊ ကိုင်းရွာတွေထိ သွားရောက်ပြီး ဒေသခံတွေနဲ့ ဆွေးနွေးပါတယ်။

ဒေသခံတွေက သူတို့မိသားစုတွေ ရင်ဆိုင်နေရတဲ့ ပညာရေးအခက်အခဲ၊ မြစ်ရေတင်ရေး အခက်အခဲ၊ နာရေးကူညီမှုအသင်းကိစ္စ စတာတွေကို ဆွေးနွေးကြောင်း သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

အထက်မြန်မာပြည် နိုင်/ကျဉ်းဟောင်းများ လူမှုကွန်ရက်ဖွဲ့စည်း

2012-09-29

မန္တလေး မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၅၅ လမ်းမှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲအပြီးမှာ အထက်မြန်မာပြည် နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက်ကို ကော်မတီ (၅)ခု လူအင်အား ၅၀ နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒီလို အခမ်းအနားကျင်းပဖို့နဲ့ အဖွဲ့အစည်းဖွဲ့နိုင်ဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးတေဇောဘာသက သူရဲ့ခံယူချက်နဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။

"အကျဉ်းသားအဖြစ်နဲ့ ခံစားနေရတဲ့အခါမှာ သူတို့မိသားစုတွေကို အာဏာပိုင်တွေက စီးပွားရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေး ဒုက္ခ၊ သားသမီးတွေရဲ့ ပညာရေးဒုက္ခ အမျိုးမျိုးရောက်အောင် နှိပ်စက်ခဲ့တော့ အဲဒါတွေကို ခံစားခဲ့ရသူတွေက အခု မလွတ်မြောက် သေးတဲ့ နိုင်ငံရေး အကျဉ်းသားလေးတွေကို လွတ်မြောက်စေချင်တာ၊ လွတ်မြောက်ပြီးသား အကျဉ်းသားလေးတွေ စီးပွားရေး ဒုက္ခရောက်ကြတော့ သူတို့ကို ၀ိုင်းဝန်းကူညီချင်တာ၊ အဲဒီလို ကူညီချင်တဲ့အတွက်ကြောင့် အထက်မြန်မာပြည် နိုင်ငံရေး အကျဉ်း သားများအဖွဲ့ဆိုပြီး စိတ်ကူးတဲ့အကြောင်း၊ အဲဒီအတွက် စုံညီအစည်းအဝေးလုပ်ချင်လို့ ဆရာတော်အနေနဲ့ ဆရာတော်ကျောင်းကို ခွင့်ပြုပါလို့ ဘုန်းကြီးကို မေတ္တာရပ်ခံတော့ ဘုန်းကြီးရဲ့ ပင်ကိုယ်စိတ်ကိုက ဘာသာသာသနာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ ရဟန်း ရှင် လူ မည်သူကိုမဆို ကိုယ်နဲ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကူညီစောင့်ရှောက်မယ်ဆိုတဲ့ စိတ်ဓာတ်အရ အခုဒီပွဲကို ကူညီ စောင့်ရှောက်လိုက်ပါတယ်"

အလုပ်အမှုဆောင်အဖွဲမှာ ဦးသက်တင်၊ ဦးဂမ္ဘီရခေါ် ကိုညီညီလွင်၊ ကိုသန့်ဇင်၊ ကိုညီညီအောင်၊ ဒေါက်တာအောင်စိုးမြင့်၊ မအမာ နီတို့ ပါဝင်တဲ့ (၁၅) ဦးအဖွဲ့က ဦးဆောင် လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေပါ တစ်ရာကျော် တက်ရောက်ခဲ့ပြီး အနှောင့် အယှက် တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

အပေါ်သို့