April 1, 2013
မောင်အေး
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ပေါ်ပေါက်ခဲ့သည့် မြောက်ဦးမြို့နယ် ဆူပူ အကြမ်းဖက် အတွင်း ဖမ်း ဆီးခံခဲ့ရသည့် ရခိုင်အမျိုးသား ၁၇ ဦးထဲမှ ၄ ဦးကို မတ်လ ၂၉ ရက်နေ့က ပြန်လည်လွတ်ပေး လိုက်သည်ဟု သတင်း ရရှိသည်။
လွတ်မြောက်လာသူများမှာ မြောက်ဦးမြို့ ကြက်ဈေးမှ ဦးလှစောအောင်နှင့် ဦးထွန်းကျော်၊ ပရိန်ကုန်းမှ မောင်တင်ဝင်း၊ ဦးစံသိန်းကျော်တို့ ဖြစ်ကြသည်။
ဦးစံသိန်းကျော်မှာ ကျန်းမာရေး မကောင်း သဖြင့် စစ်တွေ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ကျန် လွတ်မြောက်လာသူ ၃ ဦးကို မြောက်ဦးမြို့ခံများက ကြိုဆိုခဲ့ကြသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။
“သူတို့ ညနေ ၄ နာရီခန့်မှာ မြောက်ဦးသင်္ဘောဆိပ်ကိုရောက်ပါတယ်။ မြို့ခံလူထုတွေက သူတို့ကို ရခိုင်စည်တော်တွေနဲ့ ရခိုင် သူရဲကောင်းဆိုပြီး ကြိုဆိုကြပါတယ်။ ကြိုဆိုတဲ့သူ တွေက သိပ်များပါ တယ်။ မြို့လုံးကျွတ်လိုလို ကြိုဆိုကြတာပါ” ဟု မြောက်ဦးမြို့ခံတစ်ဦးမှ ပြောသည်။
ယခု လွတ်မြောက်လာသူများမှာ မိမိတို့နေအိမ်များသို့ ရောက်ရှိသွားပြီး သူတို့အားလုံးမှာ မြောက်ဦးမြို့နယ် အတွင်းဖြစ်ပွားခဲ့သည့် ဆူပူမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တွေ အကျဉ်း ထောင်တွင် အကျဉ်းကျခံခဲ့ရသူများ ဖြစ် သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ပုရိန်ကုန်းရွာ ဆူပူမှုတွင် ဘီလူးရွာ မှ ကိုမိုးကျော်အပါအ၀င် ရခိုင်အမျိုးသား ၅ ဦးသေဆုံးကာ လူနေ အိမ်ပေါင်း ၁၀၀ ကျော် ပျက်စီးခဲ့ရပြီး လူပေါင်း ၁၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Ref: နိရဉ္စရာ
Tuesday, April 2, 2013
မြောက်ဦးမြို့နယ် ဆူပူမှု အတွင်း ဖမ်းဆီးခံရသူ ၄ ဦး လွတ်မြောက်
မလေးရှားတွင် ကချင်ဒုက္ခသည် များအတွက် ပထမဆုံးအကြိမ် ရန်ပုံငွေရှာဖွေပွဲပြုလုပ်
2 April 2013
စဖန်းရှောင်း
ကချင်ပြည်နယ်တွင် အခက်အခဲကြုံနေရသော ကချင်ဒုက္ခသည်များအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသားများ ဖြင့် စုပေါင်းဖွဲ့စည်းထားသော မလေးရှားနိုင်ငံအခြေစိုက် Coalition Of Burma Ethnics Malaysia(COBEM) တိုင်းရင်းသားညွန့်ပေါင်းအဖွဲ့အစည်း(မလေးရှား)မှ ရန်ပုံငွေ ရှာဖွေပွဲတရပ်ပြုလုပ်ကျင်းပခဲ့သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းစသည့်တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ယင်းအဖွဲ့သည် မတ်လ ၂၉ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ Kualalumpur Chinese assembly Hall တွင် အဆိုပါ ရန်ပုံငွေ ရှာဖွေပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
COBEM တာဝန်ခံ ကိုဘရန်ဆိုင်းက “အခုဒီပွဲကို ကချင်ဒုက္ခသည်တွေအတွက်ရည်ရွယ်ပြီးတော့ ဒီကရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ စုပြီးတော့ ရန်ပုံငွေရှာဖွေတဲ့ ပွဲလေးပါ။ ရရှိလာတဲ့ ရန်ပုံငွေတွေကို အထူးသဖြင့် ကချင်ပြည်နယ်မှာရှိတဲ့ သွားလာရေးခက်ခဲပြီး အကူအညီရဖို့ခက်ခဲတဲ့ နေရာတွေကို ဦးစားပေး ပြီးတော့ ကူညီပေး ပါမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းရန်ပုံငွေ ရှာဖွေပွဲတွင် COBEM အဖွဲ့ဝင်များအပါအ၀င် မလေးရှားနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း များ-NGOs ဖြစ်သော Swram နှင့်Tenaganita တို့မှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ တစ်ထောင်နီးပါး ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပခဲ့သည့် ယင်းရန်ပုံငွေရှာဖွေပွဲ၌ တိုင်းရင်းသား အစားအသောက် ရောင်းချပွဲများ ရောင်းချပေးသလို တိုင်းရင်းသားရိုးရာ ယဉ် ကျေးမှု အကပဒေသာများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ သရုပ်ပြ ၀တ်စားဆင်ယင်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးခဲ့သည့် မလေးရှား ကရင်အဖွဲ့အစည်း(MKO)မှ အတွင်းရေးမှူးဖြစ်သူ စောထင်အောင်က “ကျနော်တို့ ဒီကချင်ပြည်နယ်မှာရှိတဲ့ ညီနောင် တိုင်းရင်းသားတွေကို တတ်နိုင်သလောက် ကူညီချင်တယ်။ အဲဒီတော့ အချင်းချင်းတိုင်ပင်ပြီးတော့ အခုလိုလုပ်ဖြစ်သွားတာပါ။ ကျနော်တို့ ကရင်အဖွဲ့ အနေနဲ့ ဒုံးအဖွဲ့ ၂ ဖွဲ့ နဲ့ အစားအသောက်ပိုင်းမှာ ပါဝင်ကူညီဖြစ်ခဲ့တယ်” ဟုကေအိုင်စီသို့ပြောသည်။
COBEM ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မလေးရှားတွင် ရောက်ရှိနေကြသော တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု၊ ရိုးရာယဉ်ကျေးမှုများနှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းဖလှယ်နိုင်ရေးစသည့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Ref: ကေအိုင်စီ
အင်တာနက် ပွင့်လင်းမှုရဲ့ နောက်ကွယ်က အန္တရာယ် Google ဥက္ကဌ စိုးရိမ်
2013-04-02
ကမ္ဘာ့အထီးကျန်အဖြစ်ဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ပွင့်လင်းမှု တိုးတက်လာတာနဲ့အညီ စိုးရိမ်စရာအချက်တွေရှိနေကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က မနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Google ကုမ္ပဏီက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့လကလာရောက်ခဲ့တဲ့ မစ္စတာ Eric Schmidt က မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး အကောင်းမြင်တဲ့အချက်တွေရှိသလို၊ စိုးရိမ်စရာတွေလည်းရှိနေကြောင်း Google စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဲဒီထဲက အဓိကအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလရှည်ကြာရှိနေခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေဟာ အင်တာနက်ပေါ်ရောက်ရှိ ဖုံးလွှမ်းသွားပြီး၊ နောက်ထပ်ဖိနှိပ်မှု ခေတ်သစ် တစ်ခုဆီ ဦးတည်သွားမှာကို အထူးစိုးရိမ်မိတယ်လို့ ရေးသားခဲ့ပါတယ်။
ဖိနှိပ်ချုပ်ချယ်မှုတွေ တားဆီးမှုတွေ ဖယ်ရှားလိုက်တာနဲ့အမျှ နဂိုမူလကရှိနေတဲ့ ဘာသာရေးတင်းမာမှုတွေဟာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့အတူ ထကြွလာလို့ အစိုးရအနေနဲ့ စစ်တပ်ကို အသုံးပြုရတဲ့အခါ မြန်မာနိုင်ငံရဲ့ အင်တာနက်ဟာလည်း အန္တရာယ်ကာလအပိုင်းအခြားထဲ ရောက်ရှိသွားတော့မှာဖြစ်ပါတယ်လို့ မစ္စတာ Schmidt က ဆိုပါတယ်။
ဒါ့ပြင် လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကြောင့် အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိပါးနိုင်တဲ့ဘေးက ကယ်တင်နိုင်မယ့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာ ရှိကြောင်း၊ ပဋိပက္ခအခြေအနေတွေ အေးချမ်းလာရေးမှာ မြန်မာနိုင်ငံသားတွေရဲ့ ပင်ကိုယ်စိတ်နှလုံး သဘောထား ကောင်းမွန်တာကလည်း အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က ရေးသားခဲ့ပါတယ်။
Ref: အာရ်အဖ်အေ
လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြ
2013-04-01
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံရှေ့မှာ စက်ရုံ ၇ ခုက အလုပ်သမား ၂၅၀ လောက်ဟာ သူတို့အခွင့်အရေးတွေ အပြည့်အ၀ရရှိရေးအတွက် ဒီနေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တော်ဝင် ဇာပန်းထိုးစက်ရုံ အုပ်ချုပ်ရေးက အလုပ်သမားခေါင်းဆောင်တချို့ကို အလုပ်ထုတ်လိုက်တဲ့အတွက် အခုလို အလုပ်သမားရာနဲ့ချီပြီး ဆန္ဒပြကြတာလို့ အလုပ်သမတစ်ဦးက RFA ကို ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ အလုပ်သမားအဖွဲ့အစည်းနဲ့ အမှုဆောင်တွေကို အလုပ်ရှင်ဘက်က အသိအမှတ်ပြုရေး၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ အငြင်း ပွားမှုဖြေရှင်းရေး ဥပဒေကို လေးစားလိုက်နာရေး၊ အလုပ်သမား ဥပဒေပါ အချက်တွေအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ပေးရေးနဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံက အလုပ် အမှုဆောင်တွေကို အလုပ်ပြန်လည်ခန့်အပ်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
အခုဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ ဆာကူရာ အထည်ချုပ်စက်ရုံ၊ မြူးနဲ့စူး အထည်ချုပ်စက်ရုံ၊ ဒေါ်လီကွေ့ကျုံး အထည်ချုပ်စက်ရုံ၊ ကိုးရီးယားလင့် အထည်ချုပ်စက်ရုံ၊ နယူးဝေးဖိနပ်စက်ရုံ၊ Hi-Mo ဆံပင်တုစက်ရုံကစတဲ့စက်ရုံတွေက အလုပ်သမားတွေ ပါဝင်ခဲ့ပါတယ်။
Ref: အာရ်အဖ်အေ
အပြစ်ရှိသူတွေကို အရေးယူပေးဖို့ HRW တောင်းဆို
2013-04-01
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း အကြမ်းဖက်မှုနဲ့ မီးရှို့ဖျက်ဆီးတဲ့ ဖြစ်ရပ်တွေကို အသေးစိတ် စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
မူဆလင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေ ရပ်တန့်သွားဖို့အတွက် ဥပဒေချိုးဖောက်ကျူးလွန်သူတွေ အရေးယူပေးဖို့၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားတာတွေမရှိပဲ အပြန်အလှန် သည်းခံခွင့်လွှတ်ပြီး အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်လို့လည်း HRW အဖွဲ့က တိုက်တွန်းထားပါတယ်။
HRW အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တောင်းဆိုချက်မှာ ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ မိတ္ထီလာမြို့ပျက်စီးမှု ဓာတ်ပုံတွေကိုပါ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ မိတ္ထီ လာမြို့မှာ လူနေအိမ် ၈၅၀ နီးပါးအပြင် တခြားအဆောက်အဦး ၄၀ နီးပါးခန့်လည်း ဖျက်ဆီးတာခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဓိကရုဏ်းတွေမှာ ရဲတပ်ဖွဲ့က တားဆီးကာကွယ်ဖို့ ပျက်ကွက်ခဲ့တာကို စုံစမ်းဖော်ထုတ်သင့်သလို ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေ သင်ခန်းစာယူပြီး ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့ အသက်အိုးအိမ်ကာကွယ်ဖို့၊ အကြမ်းဖက်မှုတွေ တားဆီးနိုင်ဖို့ လိုအပ်တဲ့အရည်သွေး မြှင့်တင်ပေးဖို့လိုတယ်လို့ အာရှရေးရာ ဒါရိုက်တာ Brad Adams ကို ကိုးကားပြီး ဒီကနေ့ HRW ရဲ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။
Ref: အာရ်အဖ်အေ
ဒုက္ခသည်တွေကို အားပေးဖို့ ၈၈မျိုးဆက်နဲ့ အနုပညာရှင်တွေ သွားရောက်
2013-04-01
မိတ္တီလာမြို့ အဓိကရုဏ်းကြောင့် အခက်အခဲ ကြုံတွေနေရတဲ့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့အတွက် ဒီနေ့ဧပြီလ ၁ ရက်နေ့မှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တချို့နဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေကို ရောက်နေပါတယ်။
စိတ်ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို အားပေးဖို့ လိုအပ်တာကြောင့် ဒီခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့၊ အပြစ်မဲ့ပြည်သူများ စာနာသောလက်များ ကွန်ရက်က မနီလာသိန်းက RFA ကို ပြောပါတယ်။
မတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေနေထိုင်တဲ့ စာသင်ကျောင်း ၃ ကျောင်း၊ ခရိုင်အားကစားကွင်းနဲ့ ပညာရေးလေ့ကျင့်ရေးကျောင်းအစရှိတဲ့ နေရာတွေကိုသွားရောက်ပြီး နို့မှုန့်၊ ဆန်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေးနဲ့ အ၀တ်အထည်တွေလည်း လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။
၈၈မျိုးဆက်ကျောင်းသားတွေနဲ့အတူ ဆရာတော် အရှင်ဆန္ဒာဓိကအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေ၊ အနုပညာရှင်တွေ၊ စုစုပေါင်း ၁၀၀ လောက် သွားရောက် အားပေးနေကြတာပါ။ ဒါ့အပြင် အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ နတ္တလင်း၊ ဇီးကုန်း အစရှိတဲ့ဒေသတွေကို သွားရောက်အားပေး လှူဒါန်းဖို့အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
ရန်ကုန်ဗလီကျောင်းမီးလောင် ကလေး ၁၃ ဦးသေဆုံး
ကိုသားညွန့်ဦး
01.04.2013
အင်္ဂါနေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ရန်ကုန် ၄၈ လမ်း အထက်ဘလောက်မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ညအချိန် မီးလောင်တာကြောင့်ရော၊ ဘာသာရေး တင်းမာမှုတွေရှိချိန် ဘာသာရေး စာသင်ကျောင်းမှာ မီးလောင်တာကြောင့်ရော ပတ်ဝန်းကျင်မှာ လှုပ်လှုပ်ရှားရှား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင် ခဲ့တယ်လို့ ဗိုလ်တထောင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
“၄၈ လမ်း။ ၁၀ ရပ်ကွက်မှာပါခင်ဗျ။”
မေး။ ။ မူဆလင်စာသင်ကျောင်းလို့ ပြောပါတယ်။ ဟုတ်လားခင်ဗျ။
“ဟုတ်ကဲ့ ဗလီနဲ့ စာသင်ကျောင်း တွဲလျက်ပါခင်ဗျ။ မီးလောင်တာက ခဏလေးပါခင်ဗျ။ မကြာပါဘူးခင်ဗျ။ ငြိမ်းသွားပါပြီခင်ဗျ။”
မေး။ ။ ဟုတ်ကဲ့ ဘာကြောင့်မီးလောင်တာလဲခင်ဗျ။ ဘာကြောင့်ဖြစ်တယ်လို့ သိရပါလဲ။
“မီးအားမြှင့်စက်ကနေ ၀ါယာရှော့ဖြစ်ပြီး မီးလောင်တာပါ။ မီးအားမြှင့်စက် အပူရှိန်လွန်ပြီးတော့ ဖြစ်သွားတာပါခင်ဗျ။”
မေး။ ။ လူ အသေအပျောက်ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ အဲ့ဒါကတော့ စာရင်းက စိစစ်နေတုန်းပဲခင်ဗျ။”
မီးလောင်တဲ့ စာသင်ကျောင်းမှာ မိဘမဲ့ကလေးငယ် ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တိုက်လှေကားမှာရှိတဲ့ မီးအားမြှင့်စက်ကနေ စတင် လောင်ကျွမ်းတာကြောင့် ကလေးတချို့ ပိတ်မိပြီး သေဆုံးခဲ့ကြတာလို့ တာဝန်ကျ မီးသတ်အရာရှိတဦးက အဲ့ဒီ ဖြစ်ပျက်တဲ့နေရာမှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ဒီတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဒီမှာရှိနေတဲ့ ကလေးတွေက ဆင်းပြေးလာတယ်။ အဲ့တော့ အားလုံးပေါင်းက ၅၀ ကျော် ၆၀ လောက်ရှိတယ်။ ကျနော်တို့က အောက်ကို ငြိမ်းပြီးတော့မှ အပေါ်တက်တဲ့အခါမှာ အလောင်းတွေကို တွေ့တယ်။ လောင်တဲ့ အကြောင်းရင်းကတော့ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာရှိတဲ့ လှေကားနားမှာ မီးအားမြှင့်စက်ရှိတယ်။ အဲ့ဒီမီး အားမြှင့်စက်ကနေ စပြီးတော့ လောင်တာ။ အဲ့ဒီကနေ မီးအများဆုံးလောင်ထားပြီးတော့ အဲ့ဒီကနေပြီးတော့မှ လှေကားပေါက်ကို ပိတ်နေ ပြီးတော့မှ ကလေးတွေက ဆင်းပြေးလို့ မရဘဲနဲ့ အဲ့ဒီမှာ ပိတ်မိပြီးတော့ သေဆုံးရ တာပါ။ သေဆုံးတာကတော့ အခုလောလောဆယ် ၁၃ ယောက်။ ဒဏ်ရာရတာတော့ မသိသေးဘူး။”
အသေအပျောက် စာရင်းနဲ့ပတ်သက်လို့ အတိအကျကိုတော့ ရန်ကုန်ဆေးရုံကြီးကို ဆက်သွယ်လို့ မရသေးပါဘူး။ မီးဟာလည်း နာရီဝက်လောက်ပဲ လောင်ကျွမ်းခဲ့တာ ကြောင့် ဘေးကို ကူးစက်မှု မရှိခဲ့ပါဘူး။ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ၊ အခုလို လောင်မီးကြောင့် အခြေအနေတွေ ဆိုးလာမှာကိုတော့ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
Ref: ဗွီအိုအေ
မိတ္ထီလာအကြမ်းဖက်မှု စုံစမ်းဖော်ထုတ်ဖို့ HRW တိုက်တွန်း
01.04.2013
ပြီးခဲ့တဲ့ လကုန်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လူတွေ သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်း အရေးအခင်းနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်တဲ့သူတွေ၊ လှုံ့ဆော် ဖန်တီးသူတွေ၊ တာဝန်ခံမှု ရှိစွာနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်တဲ့ HRW က ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့နဲ့ မူဆလင် လူ့အဖွဲ့အစည်းအပေါ် ဆန့်ကျင် တိုက်ခိုက်နေမှုတွေ ရပ်တန့်သွားစေရေးအတွက် ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းနေမှုတွေကို ပိုမို လုပ်ဆောင်နိုင်အောင် အားပေးဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ အဆောက်အဦးတွေ၊ လူနေအိမ်တွေ မီးရှို့ နေတာကို ရဲတပ်ဖွဲ့က ဘာကြောင့် မတားဆီးနိုင်ခဲ့တာလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
မတ်လ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ HRW အဖွဲ့က ပြော ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ကိုးကွယ် ယုံကြည်မှုကို ကာကွယ်ပေးရမယ် ဆိုတဲ့အချက် ပါရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ကတော့ ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးထားပြီး၊
ပေါင်းတည် ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောဆိုတယ်။
Ref: ဗွီအိုအေ
ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း
မဆုမွန်
01.04.2013
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ် သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက်ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မ ရှင်က ကြေညာလိုက်ပါတယ်။ နိုင်ငံတကာ ကပါ စောင့်ကြည့် လေ့လာ မယ့် အစီရင်ခံစာ အပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန်ယူတာနဲ့အမျှ အချက်အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့်တဲ့အကြောင်း ဒေသခံ ပြည်သူ့ လွှတ်တော် အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။
မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ အပြီးသတ် တင်သွင်းရမယ့် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ သတင်းမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ဖို့ လိုသေးတဲ့အတွက် ဖြစ်တယ်ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်း လိုက်တယ်လို့ ကော်မရှင်က ကြေညာလိုက်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။
“ဒါနဲ့ပတ်သက်လို့ ထပ်ဖြည့်နိုင်တာလေးတွေပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲဆိုတာလေးတွေ သူတို့ ဒီဘက်မှာရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာနိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခု ကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ်ပါတယ်။”
အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊ ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။
“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”
နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံအကြောင်းအရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။
အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး ဧပြီလကုန်ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံလင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။
“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြား ဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်းသိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ ပေးထားတာရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ်ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေချင်တယ်ခင်ဗျ။”
ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန် သုံးသပ်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ အတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့ ဘူးသီးတောင်အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာတာပဲ။ ဆိုတော့ အခုအချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေ သေးဘူး။ လိုအပ်တဲ့ အစီအမံတွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ၀င်ပြီး လုပ်ပေးလိမ့်မယ်။”
ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
မန်ဒဲလား ကျန်းမာရေး အခြေအနေ သိသာစွာ မပြောင်းလဲ
အဆုတ် အအေးမိရောဂါနဲ့ ဆေးရုံတက် ကုသနေရတဲ့ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ရဲ့ ကျန်းမာရေး အခြေအနေ သိသိသာသာကြီး တိုးတက်ကောင်းမွန် လာတာ မတွေ့ရသေး ဘူးလို့ တောင်အာဖရိက အစိုးရက ပြောဆိုပါတယ်။
ဆေးရုံတက်တာ ၅ ရက်ပြည့်မြောက်တဲ့ တနင်္လာနေ့က အခြေအနေဟာ မစ္စတာ မန်ဒဲလား ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက် ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကတော့ သမ္မတဟောင်း မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု နဲနဲရှိလာတယ်လို့ သက်ဆိုင်ရာ ဆရာဝန်တွေက ပြောဆိုခဲ့ပါတယ်။
အသက် ၉၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် မစ္စတာ မန်ဒဲလား ဟာ တနင်္လာနေ့ကတော့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တောင် အာဖရိက သမ္မတရဲ့ ပြော ခွင့်ရသူက ပြောဆိုပါတယ်။ မစ္စတာ မန်ဒဲလားရဲ့ အဆုတ်ထဲက ရေတွေကို ထုတ်ပေးလိုက်တဲ့အတွက် သူ့အနေနဲ့ အသက်ရှုဖို့ ပို လွယ်ကူလာပြီလို့ ဆရာဝန်တွေက ပြော ဆိုပါတယ်။
Ref: ဗွီအိုအေ
မြောက်ကိုရီးယား စစ်ရေး လှုပ်ရှားမှု အမေရိကန် မတွေ့ရ
01.04.2013
အမေရိကန်နိုင်ငံက Stealth jet တိုက်လေယာဉ်တွေ စမ်းသပ် ပျံသန်းခဲ့ပြီး တဲ့နောက် မြောက်ကိုရီးယားက ရန်စ ပြောဆိုမှုတွေ လုပ်နေချိန်မှာပဲ တင်းမာမှု အရှိန်မြင့်မားလာတဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြားမှာ တောင်ကိုရီးယား နိုင်ငံ စစ်တပ်အနေနဲ့ မြောက်ကိုရီးယားရဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်သလို အလျင်အမြန် လက်တုံ့ပြန် သွားမယ်လို့ တောင်ကိုရီးယား သမ္မတ က ပြောဆိုလိုက် ပါတယ်။
နိုင်ငံရေးအရ ထည့်တွက်စဉ်းစားမှုတွေ လုပ်စရာမလိုဘဲ မြောက်ကိုရီးယားဘက်က လှုံ့ဆော် ရန်စမှုတွေကို တုံ့ပြန် အရေးယူ ဆောင်ရွက်ဖို့ တနင်္လာနေ့က ထိပ်တန်း ကာကွယ်ရေး အရာရှိကြီးတွေနဲ့ ဆွေးနွေးပွဲမှာ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ တရက်ကြာ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေးအပြီး လက်ရှိ အာဏာရပါတီ ခေါင်းဆောင်တွေက နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် တိုးချဲ့ရေးနဲ့ ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ရေးလုပ်ငန်းကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ချက် ထွက်လာချိန်မှာပဲ အခုလို တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) ရဲ့ ပြတ်သားတဲ့ သတင်းစကားကို ကြားကြရတာ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း မြောက်ကိုရီးယား နိုင်ငံဘက်က ရန်စပြောဆိုမှုတွေ ပြုလုပ်နေပေမဲ့ စစ်ရေး လှုပ်ရှားမှု တစုံတရာ မတွေ့ရသေးဘူးလို့ တနင်္လာနေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေက မြောက်ကိုရီးယားရဲ့ ရန်စပြောဆိုမှု နဲ့ လက်တွေ့အခြေအနေ ၂ မျိုးစလုံးကို အနီးကပ် စောင့်ကြည့်လေ့လာနေတယ်လို့
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေး (Jay Carney) က ပြောဆိုပါတယ်။
Ref: ဗွီအိုအေ
စာနာမှု အကူအညီရရေး UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်ဝန်ကြီးချူပ်သစ်အား သွားတွေ့မည်
ဟင်္သာနီ (မွန်မြေ)
ဧပြီလ ၀၁ ရက် ၂၀၁၃ ခုနှစ်
ဂျပန်ဝန်ကြီးချူပ် အသစ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ဖို့ ဆွေးနွေးတင်ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ယခင်ဝန်ကြီးချူပ်ဟောင်း လက်ထက်က ဂျပန်မှ ပေးခဲ့သည့် လူသားချင်းစာနာမှု အကူအညီ ပထမသုတ်မှာ သက်တန်း ကုန်တော့မည်ဖြစ်သဖြင့် ထပ်မံ တင်ပြတောင်းခံခြင်း ဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ (၂) ဒေးဗစ် သာကပေါမှ ပြောသည်။
၎င်းက “တိုင်းရင်းသားဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ထပ်မံလိုအပ်နေတဲ့ အနေအထားကို ထပ်မံ တင်ပြနိုင်ဖို့နဲ့ ကျွန်တော်တို့ လုပ်နိုင်တဲ့ အနေအထား၊ ဒုက္ခသည်တွေ အကျိုး ခံစားရတယ်။ ဒါတွေကို သက်သေပြနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်တာပေါ့ဗျာ” ဟု ဆိုသည်။
ခရီးစဉ်မှာ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ၇ ရက်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး ဧပြီလ ၂ ရက်နေ့မှ ၃ ရက်နေ့များတွင်း ၀န်ကြီးချူပ်နှင့် တွေ့ဆုံရန်စီစဉ်ထားကြောင်း သိရသည်။
ထို့အပြင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံနိုင်ရန် စီစဉ်ထားသည်ဟု ဒုဥက္ကဌ (၂) ထံမှ သိရှိသည်။
ပြီးခဲ့သည့် ဂျပန်ဝန်ကြီးချုပ်စောင်း ယိုရှိဟီကိုနိုဒ လက်ထက်တွင် ပထမအကျော့ Pilot ပရောဂျက် အဖြစ် တိုင်းရင်းသားဒေသများအား ဒေါ်လာ(၃)သန်းတန် အကူအညီ ပေးအပ်ခဲ့ကာ ၎င်းပရောဂျက်မှာ ယခုမတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
ထပ်မံ၍ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းနိုင်ရေး ၊ ဂျပန်ဝန်ကြီးချုပ်သစ်နှင့် တွေ့ဆုံနိုင်ရေးကို ဂျပန်နိုင်ငံ လူသားချင်းစာနာမှု အထောက်အကူ ပေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည့် နိပွန်ဖောင်ဒေးရှင်းမှ ကမကထ ပြုပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှလည်း လိုအပ်ချက်များကို အစီအမံရေးဆွဲ ပြင်ဆင်ကြပြီး ဖြစ်ကာ ဂျပန်ဝန်ကြီးချူပ်နှင့် တွေ့ဆုံစဉ် တင်ပြသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ဂျပန်ခရီးစဉ် သွားရောက်ရေးနှင့် လိုအပ်သည့် အစီအမံ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ယခုအပတ်အတွင်း ၌ UNFC အဖွဲ့ဝင်များ အစည်းအဝေးအား သုံးရက်ခေါ်ယူကာ အကြေအလည်ဆွေးနွေးခဲ့ကြပြီး ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ပြောပြခဲ့သည်။
ဂျပန် နိုင်ငံသို့ ထွက်ခွာသွားသည့် UNFC ကိုယ်စားလှယ် အဖွဲ့တွင် ပေါင်း (၂၂) ဦးကျော် အပြင် UNFC ရုံးအဖွဲ့ဝင် အချို့လည်း ပါဝင် ပါသည်။
“UNFC အဖွဲ့ ဝင်တွေ တစ်ဖွဲ့ကို ၂ ယောက် နှုန်းနဲ့ ဖိတ်ထားတယ်၊ ဝန်ကြီးချုပ်သစ် အနေနဲ့ မြန်မာ နိုင်ငံရဲ့ အမျိုးသား ရင်ကြား စေ့ရေးမှာ ပိုဦးစားပေး ချင်တယ်၊ ဝန်ကြီးချုပ်သစ်က ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေ အနေကို သိရှိချင်တာက တစ်ကြောင်း၊ တိုင်းရင်းသား ဒေသ တွေရဲ့ ရိက္ခာ၊ ပညာ၊ ကျန်းမာ၊ ဆေးဝါး၊ စိုက်ပျိုးရေး အဲဒီ အကူအညီ တွေ ပေးအပ် နိုင်ဖို့ ဆွေးနွေး ကြဖို့ ရှိပါတယ်” ဟု ခရီး စဉ်တွင် လိုက်ပါမည့် UNFC ပြန်ကြားရေး အရာရှိမှ ဆိုပါသည်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား တွင်လည်း တရားဝင် အကြို ညှိနှိုင်းဆွေးနွေးပွဲ (၁/ ၂၀၁၃) ကို ကျင်းပနိုင်ခဲ့ပြီးလည်း ဖြစ်ကာ
မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေအနေများကို တင်ပြနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကိုယ်စားလှယ်မှ ပြောသည်။
ယခု ကဲ့သို့ ဂျပန် နိုင်ငံ ခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၁၂ နှောင်းပိုင်းတွင် တစ်ကြိမ် သွားရောက် ခဲ့ပြီး ဖြစ်ကာ ထိုစဉ်က ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ များ သွားရောက် ခဲ့ခြင်း မရှိခဲ့ပေ။
ယခု ခရီးစဉ်တွင် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ တို့ပါဝင် သော်လည်း ကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ ခေါင်းဆောင် အဖြစ်မူ UNFC တွဲဖက် အတွင်းရေးမှူး (၂) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဦးဆောင်မည် ဖြစ်သည်။
မြန်မာ့ နိုင်ငံရေး အခန်း ကဏ္ဍ တွင်မူ ဂျပန် နိုင်ငံ အနေဖြင့် UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် Observer (လေ့လာ စောင့်ကြည့်သူ) အနေဖြင့် တက်ရောက်ရန် လက်ခံ သဘော တူကြောင်း အစောပိုင်း ကတည်း ကပင် သဘောထား ပြုထားပြီး ဖြစ်သည်။
အလားတူပင် UN, US, UK, China, Thai နိုင်ငံ များကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲ များတွင် Observer (လေ့လာ စောင့်ကြည့်သူ) များအဖြစ် တက်ရောက်ရန် UNFC မှ ကမ်းလှမ်း ထားပြီး ဖြစ်သည်။
US အနေဖြင့် ၄င်း ဖိတ်ကြား ချက်ကို လက်ခံ သဘောတူကြောင်း ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့က UNFC ထံသို့ အကြောင်းပြန် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။
Ref: မဇ္ဈိမ
ရှမ်းမြောက်ပိုင်းတွင် တအာင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွား
ဖနိဒါ
ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်ဖွဲ့နှင့် တအာင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသည်ဟု ပလောင်ပြည်နယ် လွတ်မြောက် ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။
နံနက် ၇ နာရီချိန်မှစတင်၍ ယခု သတင်းရေးသားချိန် ၁၀ နာရီထိ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ဇယန်းကြီးအုပ်စု နမ့်ဆိုင်ခေါင် တောင်ကြောတွင် အစိုးရ၏ ခမရ ၅၀၄ တပ်ဖွဲ့နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၂၅၆ တပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
“ဒီမနက် နမ်ဆန်မြို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ဖြစ်တယ်။ ခုလောလောဆယ် ငြိမ်သွားပြီ။ ဒါပေမယ့် ကွတ်ခိုင်နဲ့ နမ်ဆန်အစပ်မှာ ဖြစ်တဲ့ တိုက်ပွဲက အခုလည်း ဖြစ်နေပါတယ်။ နှစ်နေရာ ဖြစ်နေတာ။ တိုက်ပွဲက နည်းနည်း
ပြင်းထန်တယ်။ အစိုးရတပ် အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ ကျနော်တို့ နေတဲ့ တပ်စခန်းတွေဘက်ကို ဝင်လာတော့ ကျနော်တို့ ရှောင်လို့ မရတာနဲ့ တိုက်ပွဲဖြစ်တာ” ဟု ဗိုလ်မှူး မိုင်ဘုန်းကျော် က မဇ္ဈိမကို ပြောသည်။
ဧပြီလ ၁ ရက်နေ့က ကွတ်ခိုင်မြို့နယ် အခြေစိုက် TNLA တပ်ရင်း ၁၁၂ နှင့် မြန်မာ အစိုးရတပ် ခမရ ၅၀၂ နှင့် ခလရ ၄၅ တပ်ဖွဲ့တို့ နမ့်ဖတ်ကာ ကျေးရွာအုပ်စု၊ လူမ်ကမ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် အစိုးရဘက်မှ တဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
နမ်ဆန်မြို့နယ် တိုက်ပွဲအတွင်း အစိုးရစစ်တပ်ဘက်မှ ၁၀ ဦးကျော် ကျဆုံးသည်ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း မြန်မာအစိုးရ၏ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ မန်တုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်ထားသော ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၇၊ ၃၂၄၊ ခလရ- ၂၃၊ ၁၃၀၊ ၁၄၄၊ ၄၅၊ ၆၈၊ ၆၉၊ ၂၄၀၊ ၁၂၃ စသည့် တပ်ရင်း ၁၀ ရင်းကျော်မှာ တအာင်းဒေသအတွင်း ထိုးစစ်ဆင်လာ၍ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည် ဟု TNLA က ဆိုသည်။
ယခင်က အစိုးရ၏ တပ်ရင်း ၇ ရင်းခန့်သာ လှုပ်ရှားနေရာမှ ယခု တပ်ရင်း ၁၀ ရင်းကျော်ထိ တိုးမြင့်လာသဖြင့် အစိုးရတပ်အင်အား အနည်းဆုံး ၃,၀၀၀ ခန့် ထိုးစစ်လှုပ်ရှားနေသည်ဟု ဗိုလ်မှူးမိုင်ဘုန်းကျော်က ပြောသည်။
အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်လာမှုများအပေါ် PSLF က မတ်လ ၂၂ ရက်နေ့က ကန့်ကွက်ခဲ့ပြီး လက်ဖက်ရာသီ တွင် ၎င်းတို့၏ တပ်ဖွဲ့များကို တပ်လှုပ်ရှားမှု မလုပ်ရန် ညွန်ကြား ထားသည်။ သို့သော် အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်လာ၍ ဖယ်ပေးရန် နေရာမရှိတော့သဖြင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တအာင်းတပ်မှူး တဦးက ပြောသည်။
မတ်လ ၂၇ ရက်နေ့က အစိုးရ၏ မန်တုံအခြေစိုက် တပ်ရင်း ၁၃၀ မှ မန်တုံမြို့အနောက်ဘက်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
မတ်လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြားခံလူများမှတဆင့် ညှိနှိုင်းနေသော်လည်း သဘောတူညီမှုမရသေးကြောင်း မိုင်ဘုန်းကျော်က ပြောသည်။
“ဦးအောင်မင်းက ပြောတာက ငြိမ်းချမ်းရေးတွေ လုပ်မယ်။ ဒါပေမယ့် အပြောနဲ့ လက်တွေ့မှာ ကွာခြားနေတယ်။ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို၊ ရှမ်းအဖွဲ့၊ တအာင်းတပ်တွေကို အပြင်း အထန် ထိုးစစ်တွေ ရှိမယ်ဆိုတာ ကျနော်တို့ ကောလဟလလို ကြားနေရတယ်။ အခုလက်တွေ့ တကယ်ဖြစ်နေတာလည်း စစ်ရုံးက ညွန်ကြားတဲ့အတိုင်း တကယ်လုပ်နေတယ်လို့ပဲ ထင် တယ်” ဟု ပြောသည်။
လက်ရှိ ကွတ်ခိုင်မြို့နယ်တွင်း ဖြစ်ပွားနေသော တိုက်ပွဲတွင် TNLA ၏ မဟာမိတ် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေသည်ဟု သိရသည်။
Ref: မဇ္ဈိမ
ပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ
ခိုင်ခိုင်
ဧပြီလ ၀၁ ရက် ၂၀၁၃ ခုနှစ်
ယနေ့ ဧပြီလ ၁ရက်နေ့တွင် The Voice နေ့စဉ်၊ ရွှေနိုင်ငံသစ်နေ့စဉ်၊ ပြည်ထောင်စုနေ့စဉ်၊ စံတော်ချိန်နေ့စဉ် အစရှိသည့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများ စတင် ထုတ်ဝေခဲ့သည်။
ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ယခုလို ထွက်ပေါ်လာခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်မည်ဟု မြင်ကြောင်း၊ ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာမှ စာတည်းချူပ် ဖိုးသောကြာ(ခေတ်+မိုး) ကမဇ္ဈိမသို့ သူ့အမြင်ကို ပြောပြသည်။ ၎င်းက “ ခေတ်က ကွာလီဖိုင်း အယ်ဒီတာ၊ ကွာလီဖိုင်း သတင်းထောက် ဆိုတာ သိပ်ရှားသွားပြီလေ။ အခုကတော့ သတင်းစာဆိုတာထုတ်ဖို့ အတွက် လိုအပ်တဲ့အင်အား အပြည့်အဝ မရှိသေးဘူး ” ဟုဆိုသည်။
ရွှေနိုင်ငံသစ် နေ့စဉ်ထုတ် သတင်းစာတွင် လက်ရှိ လူအင်အား (၃၆)ယောက်ရှိပြီး ထိုလူအင်အားဖြင့်သာ လှုပ်ရှားနေကြောင်း၊ လူအင်အားများ ထပ်ဖြည့်ရန်လိုသေးကြောင်း လက်ရှိ လူတယောက်က နှစ်ယောက်စာ တာဝန်ထမ်းပြီး သတင်းစာလုပ်နေရသဖြင့် ရေရှည်တွင် အဆင်ပြေအောင် လုပ်ရန်လိုသည်ဟု ၎င်းက ဆက်ပြောသည်။
ရွှေနိုင်ငံသစ် စာတည်းချူပ်က “ဖေဖော်ဝါရီ ၁ရက်နေ့မှာ လျှောက်ပြီး ဧပြီ ၁ ရက်နေ့မှာ ထုတ်တာ အစိုးရက လုပ်လိုက်တာ ဘယ်အချိန် ဘယ်လောက်ပေးထားလဲ ၂ လပဲ ပေးထား တယ်။ ၂ လအတွင်းမှာ သတင်းစာတစောင် ထုတ်နိုင်ဖို့ သတ္တိကိုရှာကြည့်ပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံကလွဲပြီး ဘယ်နိုင်ငံရှိမလဲ။” ဟု ပြောသည်။ ယခု ထွက်ရှိလာသော ပုဂ္ဂလိက သတင်းစာများမှာ သတင်းဖြစ်နေသည့် အရာတွေအားလုံးကို ရေးမည်ဖြစ်ကြောင်း The Voice နေ့စဉ်သတင်းစာမှ ဦးကျော်မင်းဆွေက ပြောသည်။
၎င်းက “သူ့ပရိတ်သတ်နဲ့ သူတော့ ရှိပါတယ်။ အစိုးရ သတင်းစာဆိုတာကတော့ အစိုးရ၀ါဒ ဖြန့်တဲ့ဟာပဲ၊ ပုဂ္ဂလိက သတင်းစာကတော့ သတင်းဖြစ်နေတဲ့ဟာတွေအားလုံးကို ဘယ်လိုဖြစ် နေတယ် ဆိုတာရေးမှာပဲလေ။ အဲဒါလေးတွေ ကွာခြားတယ်လို့ ပြောချင်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။
နိုင်ငံအစိုးရမှ ဧပြီလ ၁ရက်နေ့တွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ရန် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လမှစတင်းကာ လျှောက်ထားခွင့် ပေးခဲ့ပြီး ယနေ့အထိ လွတ်လပ်သော ပုဂ္ဂလိက နေ့စဉ် သတင်းစာ ၁၆ စောင်အား ထုတ်ဝေခွင့်ပြုခဲ့ကြောင်း၊ စစ်ဆေးဆဲ လျှောက်လွှာ ၃ စောင်နှင့် ထပ်မံ လျှောက်ထားလာမည့် လျှောက်လွှာများကို ဆကိလက် စိစစ်ပြီး ဧပြီလအတွင်း ကျင်းပမည့် ပုံနှိပ်သူများ ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချီရေး လုပ်ငန်းများကြီးကြပ်မှု ဗဟိုအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ မတ်လ ၂၅ ရက်နေ့တွင်ထုတ်ပြန်ကြေညာထားသည်။
သတင်းစာများ ယခုလို များလာသည့်အတွက် ရွေးချယ် ဖတ်ရှုနိုင်ပြီး ဈေးနှုန်းချိုသာကြောင်း သတင်းစာ နေ့စဉ်ဖတ်ရှုသူ ဦးမောင်လှက ပြောသည်။ ဦးမောင်လှက “ကျွန်တော်တို့က အရင်ကဆို မြန်မာ့အလင်းနဲ့ ကြေးမုံကိုပဲ အားထားဖတ်ခဲ့ကြတာ။ အခုတော့ ပုဂ္ဂလိက သတင်းစာတွေက ထွက်လာပြီ။ ဖတ်တော့လည်း ကောင်းတယ်။ အရည်အသွေးလည်းကောင်း တယ်လို့ ထင်ပါတယ်” ဟု သူ့အမြင်ကို ဆိုသည်။
ယနေ့ ထွက်ရှိသည့် ပုဂ္ဂလိကက နေ့စဉ်သတင်းစာများအား ဈေးကွက်အတွင်းတွင် တစောင်နှစ်ရာနှုန်းနှင့် ဝယ်ယူနိုင်ပြီး အချို့နေရာများတွင် တစောင်သုံးရာနှုန်းဖြင့် ဝယ်ယူရ သည် လည်း ရှိကြောင်း အဆိုပါ စာဖတ်သူမှ တဆင့် သိရသည်။
Ref: မဇ္ဈိမ
မိထ္ထီလာမြို့ ဒုက္ခသည်များ စားနပ်ရိက္ခာ လုံလောက်၊ ပြန်လည်နေရာချထားရေး လိုလား
နန်းလွင်နှင်းပွင့်
ဧပြီလ ၀၁ ရက် ၂၀၁၃ ခုနှစ်
မိထ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြသော ဒုက္ခသည်များအတွက် အစားနပ်ရိက္ခာနှင့် ရေ ရရှိမှု လက်ရှိ လုံလောက်လျက်ရှိပြီး ပြန်လည် နေရာချထားရေးအတွက် ဒုက္ခသည်များက လိုလားလျက်ရှိကြသည်။
အဓိကရုဏ်း ဖြစ်ပြီးကာစ လေးရက်အတွင်း သက်ဆိုင်ရာ စောင့်ရှောက်ရေး အဖွဲအစည်းများ၊ မြို့ခံများမှ ထမင်းထုပ်များ ပေးဝေခဲ့ပြီး ယခုမူ နေ့စဉ် ချက်ပြုတ်စားသုံးနိုင်သော ပစ္စည်း များ ပေးဝေလျက်ရှိသည်။
“ရေနဲ့ ပတ်သတ်လို့ကတော့ သောက်သုံးရေကို အချိန်မရွေး၊ အခေါက်အရေအတွက် မရွေး လိုအပ်သ လောက် ယူသုံးနိုင်ပါတယ်။ ချိုးရေကိုတော့ စည်ပင်ကနေ အဆင်ပြေအောင် လုပ်ပေးပါတယ်။ နေ့စဉ် စားသောက်ကုန်ကို အကြိမ် အကန့်အသတ်မရှိ ပေးပါတယ်။ အစားအသောက်တွေ ဝေတော့မယ်ဆိုရင် သူတို့တွေကို နံပါတ်တွေ ပေးထားပါတယ်။ နံပါတ် တွေအလိုက် တယောက်ချင်းစီ သေချာပေးဝေပါတယ်” ဟု မိထ္ထီလာမြို့၏ အုပ်ချုပ်ရေးမှူး တဦးဖြစ်သူ ဦးဝင်းရှိန် က ပြောသည်။
လာရောက် လှူဒါန်းသည့် အဖွဲ့အစည်းများတွင် အစိုးရ အပါအဝင် ပြင်ပအဖွဲ့အစည်းများစွာတို့ ရှိပြီး လက်ရှိ နေ့စဉ် လှူဒါန်းမှုများတွင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများ၏ လှူဒါန်း ထောက်ပံ့မှုများမှာ ပိုများသည်ဟု ဦးဝင်းရှိန် က ဆိုသည်။
နေ့စဉ် ဝေငှပေးနေသော စားသောက်ကုန်များမှာ ဆန်၊ ငါးခြောက်၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ဟင်းချက် ကုန်ပစ္စည်းများ ဖြစ်သည်။
“မြို့ထဲမှာ မီးစလောင်တဲ့ အချိန်ကစပြီး ကျနော်တို့ နောက်ထပ် မီးကူးနိုင်တဲ့ နေရာတွေက သူတွေကို အိမ်တွေကနေ မိမိလိုအပ်တဲ့ ပစ္စည်းတွေ အကုန်သယ်လာဖို့ လိုက်အော်ပါတယ်။ အဲ့တော့ ပြေးထွက်လာတဲ့ သူတွေဆီမှာ မြင်းလှည်းနဲ့၊ ကားနဲ့၊ သုံးဘီးနဲ့ သယ်လာကြတဲ့သူတွေ ရှိပါတယ်” ဟု ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ကယ်ဆယ်ရေး ဘုန်းကြီးကျောင်း တကျောင်းတွင် နေထိုင်သူ ဒေါ်နှင်းမြက “ကျမတို့ အိမ်တွေ မီးလောင်တဲ့ အထဲ ပါသွားကတည်းက ကျမတို့ ဒီ ဘုန်းဘုန်းကျောင်းကို ရောက်နေတာပါ။ ဒီမှာတော့ အကုန်လုံး ချက်ပြုတ်စားသောက် ဖို့တွေ ရှိပါတယ်။ နေ့တိုင်း လာဝေနေတာတွေတော့ ကျမတို့ အကုန်ရပါတယ်။ အိမ်သာတွေ အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ ကျန်းမာရေး အတွက်လည်း ဆေး အထောက်အပံ့ တွေ ရပါတယ်။ အခုလောလောဆယ်တော့ ကျမတို့ကို နေရာရွှေ့ပေးမယ်လို့ ကြားနေတာပဲ။ ကျမတို့က တော့ အန္တရာယ်ကင်း တဲ့ နေရာလေးမှာပဲ နေချင်ပါတယ်” ဟု ဆိုသည်။
လက်ရှိ ဒုက္ခသည် စခန်းများတွင် စားရေးသောက်ရေး အဆင်ပြေသော်လည်း ၎င်းတို့၏ အိမ်ယာများတွင် ပြန်လည်နေထိုင်လိုကြောင်း မိထ္ထီလာမြို့ ချမ်းအေးရပ်ကွက်မှ မီးဘေးသင့် သူတဦးဖြစ်သည့် ဒေါ်ခင်သိန်း ကလည်း “ကျမတို့ အခု လက်ရှိ စခန်းမှာတော့ အစားအသောက်က ပေါပါတယ်။ လာလှူတဲ့ သူတွေ ကလည်း အဆက်မပြတ်ပဲ ရှိနေတော့ အစား အသောက်ကတော့ အဆင်ပြေပါတယ်။ အခု စိတ်ပူနေတာ တော့ ကျမတို့ အိမ်တွေ၊ မြေကွက်တွေ ပြန်လိုချင်ပါတယ်။ အခု ကယ်ဆယ်ရေး စခန်းတွေက လူကြီးတွေက လည်း ပြန်ဆောက်ပေးမယ်လို့ ကြားပါတယ်။ ကျမတို့က အရင်က ကိုယ့်အိမ် အမိုးတောင် အနိုင်နိုင်ဆိုတော့ ပြန်ဆောက်ပေးမယ် ကြားတော့ ဝမ်းသာပါတယ်” ဟု ဆိုသည်။
Ref: မဇ္ဈိမ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88