Monday, 02 February 2009
နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ၆ ဦးတို့က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီ နှင့် ယနေ့နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။ အန်အယ်လ်ဒီ၏ တောင်းဆိုချက် ၄ ချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် မေလ က အတည်ပြုလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေး ရန်နှင့် တွေ့ဆုံဆွေးနွေးရေးတို့ ဖြစ်သည်။
နံနက် ၁၀ နာရီခန့်က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(စီအီးစီ)များနှင့် မစ္စတာ ဂန်ဘာရီ တို့ အချိန် ၁ နာရီ ခွဲခန့် အကြာတွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ပတ်သက်ပြီး ဦးစားပေး ဆွေးနွေးခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောသည်။
“မစ္စတာဂန်ဘာရီက မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာချင်တယ်၊ သိသာထင်ရှားတဲ့ အကျိုးရလဒ် အနေ နဲ့ အဖွဲ့ချုပ်က တောင်းဆိုထားတဲ့ အချက် ၄ ချက်ထဲက ဘယ်အချက်နဲ့ ဆိုရင် သိသာမြင်သာတဲ့အချက်လို့ ဆိုနိုင်မလဲဆိုတဲ့ မေးခွန်းကို မေးပါတယ်၊ အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သား အားလုံး လွှတ်ပေးရေး ၊ အဲဒီလို လွှတ်ပေးလို့ရှိရင် သိသာထင်ရှားတဲ့ တိုးတက်မှုလို့ ယူဆလို့ရတဲ့ အကြောင်း၊ သိသာ မြင်သာတဲ့ ရလဒ်ဆိုတာက အနည်းဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဟာ ပထမ အခြေခံဖြစ်တယ်ဆိုတဲ့အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သိသာထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုမရှိပါက ၎င်းအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။
ယခုတွေ့ဆုံမှုတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီက ဆွေးနွေးမည်မဟုတ်ဟု မစ္စတာ ဂန်ဘာရီကို ကြိုတင်ပြောဆိုထားကြောင်းလည်း သိရသည်။
ထို့အပြင် မစ္စတာဂန်ဘာရီက ၎င်းနောက်ဆုံး အကြိမ်လာစဉ် ပြောဆိုခဲ့သည့် အချက်များမှ Economic forum နှင့် ပတ်သက်၍လည်း အန်အယ်လ်ဒီ၏ သဘောထားကို မေးမြန်းရာတွင် စီးပွားရေးဆိုင်ရာ အချက် အလက်များ မရှိဘဲနှင့် သဘောထားပေး၍မရကြောင်း ပြောဆိုခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ပြီးခဲ့သည့် စနေနေ့က စတင်သည့် မစ္စတာ ဂန်ဘာရီ ၏ ၄ ရက်ကြာ ခရီးစဉ်တွင် ယခု အန်အယ်လ်ဒီနှင့် တွေ့ဆုံမှုသည် အန်အယ်လ်ဒီက အနိမ့်ဆုံး လက်ခံနိုင်သော အချက်များနှင့် အန်အယ်လ်ဒီ ၏ သဘောထား များကို မေးမြန်းစုံးစမ်းသွားသည့် အဆင့်မျှသာဖြစ်ကြောင်း၊ ယခင် ခရီးစဉ်များနှင့် မတူသည့် အပြောင်းအလဲ များရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အခုခရီးစဉ်ကတော့ အရင်ခရီးစဉ်ထက် အခင်းကျင်းကစပြီးတော့ အပြောင်းအလဲ ရှိတယ်၊ ဥပမာ အားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စီအီးစီ အဖွဲ့နဲ့ မစ္စတာ ဂန်ဘာရီ တွေ့ဆုံတာမျိုး၊ ဒါဟာ ပထမဆုံး အကြိမ်ပါ။ အသေးစိတ်အနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့ ကြိုတင်ပြီးတော့ မပြောနိုင်ပါ ဘူး၊ အခင်းအကျင်းကအစ အပြောင်းအလဲရှိတယ် ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။
ယနေ့တွင် အန်အယ်လ်ဒီ စီအီးစီ များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မစ္စတာ ဂန်ဘာရီနှင့် အစိုးရဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့က မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းအပါအ၀င် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး မနက်ဖြန်တွင် နေပြည်တော်သို့ သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။
မစ္စတာ ဂန်ဘာရီ၏ ယခု ခရီးစဉ်သည် ၇ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၈ ခု ဒီဇင်ဘာ လဆန်းတွင် လာရောက်ရန် မြန်မာ စစ်အစိုးရက ဖိတ်ကြားထားသည့် ခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် ယမန် နှစ်သြဂုတ်လ အတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် က ၎င်းအား တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ခွင် မရခဲ့ပေ။
အဆိုပါ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက မစ္စတာဂန်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေး အတွက် တိုးတက်မှု တစုံတရာမရှိကြောင်း အန်အယ်လ်ဒီက ကြေညာချက်ထုတ်ပြန်၍ ဝေဖန်ပြောဆိုထား သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် မစ္စတာဂန်ဘာရီသို့ အကြံပြုစာတစောင်ပေးပို့ထားသည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တခုတွင် မစ္စတာ ဂန်ဘာရီက ယခုခရီးစဉ်အတွင်း သက်ဆိုင်သူများနှင့် အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်းပါရှိသော်လည်း မြန်မာ့ အရေးလေ့လာသူတချို့ကမူ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နှင့် တွေ့ဆုံနိုင်မည်ဟု မယူဆကြောင်း ပြောဆို သည်။
REF: ဧရာဝတီ



BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88