ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှ ရွေးချယ်အဆိုပြုသော ဒုတိယ သမ္မတ အမည်စာရင်းတွင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမည်စာရင်း မပါရှိ သောကြောင့် ၎င်း သမ္မတဖြစ်ရန် မသေချာတော့ပေ။
ပြည်သူ့လွှတ်တော်တွင် ဒုတိယ သမ္မတများ အတွက် ဆန်ခါတင် စာရင်းအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ်ပါတီမှ ဦးစောသိန်းအောင် တို့အား အဆိုပြုခဲ့ကြပြီး အမျိုးသား လွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ဒေါက်တာ အေးမောင် တို့ကို အဆိုပြု ခဲ့ကြသည်။
တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် သီဟ သူရ ဦးတင်အောင်မြင့်ဦး အား တင်သွင်းထားပြီး ဆန်ခါတင် ၅ ဦး၏ အရည်အချင်းကို လွှတ်တော် စိစစ်ရေးအဖွဲ့က စိစစ်ကာ လာမည့် ကြာသပတေးနေ့၌ မဲစနစ်ဖြင့် ဒုတိယ သမ္မတ ၃ ဦးကို ရွေးချယ် မည်ဖြစ်သည်။
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဒုတိယ သမ္မတ အမည်စာရင်း တင်သွင်း ခံရသူများ ထဲမှသာ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် မည်ဟု ရေးသား ထားသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် သမ္မတ ဖြစ်ရန်အကြောင်း မရှိတော့ပေ။
သမ္မတ လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကာကွယ်ရေး ဦးစီးချုပ် နေရာ၌ ဆက်နေမည်၊ ကြံ့ဖွံ့ပါတီ၏ နာယက အဖြစ် ဆောင်ရွက်မည် သို့မဟုတ် အငြိမ်းစား ယူမည် ဟူ၍ လူအများက အမျိုးမျိုး မှန်းဆ နေကြသည်။
သမ္မတ ရွေးချယ်စိစစ်ရေး အဖွဲ့တွင် စစ်အစိုးရ လူများဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးဟု အများက ယူဆထားသော ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးသောင်းက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။
ဒုတိယ သမ္မတ တဦးတွင် ကြံ့ဖွံ့ကိုယ်စားလှယ် မဟုတ်သော တိုင်းရင်းသား တဦးအား ရွေးချယ်ရန် တိုင်းရင်းသား ကိုယ်စားလှယ် များက ဆန္ဒရှိနေကြပြီး RNDP ပါတီ၏ ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ အမည်သည် နံပါတ် တစ်ပြေးနေသည်။
သို့သော် လွှတ်တော်အသီးသီး၌ ကြံ့ဖွံ့ပါတီဝင်များနှင့် စစ်တပ် ကိုယ်စားလှယ် များသည် ၈၀ ရာခိုင်နှုန်းကျော် လွှမ်းမိုး ထား၍ မဲစနစ်ဖြင့် ရွေးချယ်ပါက ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အတွက် အခွင့်အရေး နည်းပါး လှသည်။
ပထဆုံး ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးမှ လွှတ်တော်ဥက္ကဋ္ဌ များကိုမဲပေးစနစ်ဖြင့် ရွေးချယ်ကြသော်လည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ၀င်များ ကသာ ရရှိခဲ့သည်။
လွှတ်တော်အစည်းအဝေးအား မနက်ဖြန် ၁ ရက် နားမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ် သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဦးခင်အောင်မြင့်ကို ရွေးချယ် ခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာ အားလုံးကိုလည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ ကသာ ရရှိခဲ့သည်။
တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများသည် ၎င်းတို့ ကိုယ်စားလှယ်များထဲမှ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ တဦး ရရှိရေး အတွက် အဆိုပြု မဲပေးခဲ့ကြသော်လည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များနှင့် စစ်တပ်ကိုယ်စားလှယ် များ၏ မဲကို မယှဉ် နိုင်သော ကြောင့် လက်လျှော့လိုက်ရကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောသည်။
တိုင်းရင်းသား ပါတီများအနက် ရာခိုင်နှုန်း အများဆုံးအနိုင်ရထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ကိုယ်စားလှယ်များသည်ပင် ပြည်နယ်လွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နေရာများကို မရခဲ့ပေ။
“အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” ဟု RNDP ကိုယ်စားလှယ် တဦးက ပြောသည်။
စစ်အစိုးရ၏ ကြိုတင်စီမံထားသည့် အစီအမံများ အတိုင်း လုပ်ဆောင်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
“ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိ နိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။
လွှတ်တော် အစည်းအဝေးများ၌ မေးခွန်းမေးလိုပါက ၁၀ ရက်ကြိုတင် အကြောင်း ကြားရန်နှင့် အဆိုပြုလိုပါက ၁၅ ရက်ကြိုတင် အကြောင်းကြားကာ သက်ဆိုင်ရာက သဘောတူ ခွင့်ပြုမှသာ မေးခွင့်၊ အဆိုပြုခွင့် ရရှိမည်ဟု ဥပဒေ ထုတ်ပြန် ကန့်သတ် ထားကြောင်း ဦးနိုင်ငွေသိန်းက ပြောသည်။
Ref;ဧရာဝတီ
Wednesday, February 2, 2011
ဗိုလ်ချုပ်မှူးကြီး သမ္မတလုပ်ရန် မသေချာတော့
အီဂျစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ
February, 2, 2011
သမတလောင်းစာရင်း စစ်အစိုးရလွှတ်တော်သစ်မှာ ပဏာမရွေးချယ်
2011-02-01
နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် ဒုတိယ နေ့ကို မနက် ၁၀ နာရီမှာ စတင် ကျင်းပခဲ့ပြီး ဒုတိယ သမတလောင်း အမည် စာရင်းတွေကို တင်သွင်း ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။
ဒုတိယ သမတလောင်းတွေအနေနဲ့ ပြည်သူလွှတ်တော်က ပဏာမ ရွေးချယ်ရာမှာ ကြံ့ခိုင်ရေး ပါတီ အမတ် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့က လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းမောင် ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသား လွှတ်တော်က တင်သွင်းသူ နှစ်ဦးကတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခန်းနဲ့ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဒေါက်တာ အေးမောင်တို့ ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ ဖက်က တင်သွင်းသူ ဦးတင်အောင်မြင့်ဦး ဖြစ်ကြောင်း သတင်း ရရှိပါတယ်။
ဒီစာရင်းမှာ အများ ခန့်မှန်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မပါဝင်တဲ့အတွက် သမတ ရာထူးကို စစ်အစိုးရ အကြီးအကဲက ရယူမှာ မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား ပြလိုက်တာ ဖြစ်တယ်လို့ နေပြည်တော်က သတင်းတွေက ဆိုပါတယ်။
လွှတ်တော် ကိုယ်တိုင်တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလို ပြောပြပါတယ်။
“ပြည်သူ့လွှတ်တော်ကနေ ပြီးတော့ကျတော့ ဒုတိယ သမတလောင်း အနေနဲ့ တင်ပေးတာ ကျွန်တော်တို့ နှစ်ယောက် တင်ပေးတယ်။ အဲဒါ ဘယ်သူလဲ ဆိုတော့ ကျတော့ ဦးစောသိန်းမောင်နဲ့ နောက်တခုက ဦးသိန်းစိန်၊ အဲဒီ နှစ်ယောက်ပေါ့။ အမျိုးသား လွှတ်တော်က ကျတော့ တစ်က စိုင်းမောက်ခမ်း၊ နောက်တယောက်က ကျတော့ ကျွန်တော်တို့ ဒေါက်တာ အေးမောင်၊ ရခိုင်က။ နက်ဖြန်ခါ ကျွန်တော်တို့ တရက်နားတယ်။ ဒီနေ့ ဟိုဟာဖြစ်ပြီးရင် သဘက်ခါ ၁၀ နာရီမှာ ပြန်ပြီးတော့ ကျတော့ လွှတ်တော် ပြန်ကျင်းပမယ်။”
ဒါ့အပြင် ဒီကနေ့ ဒုတိယ သမတလောင်း စိစစ်ရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ စိစစ်ရေး ကော်မတီ အတွက် ပြည်သူ့ လွှတ်တော်က လက်ရှိ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသား လွှတ်တော်က လက်ရှိ လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဦးမျိုးမြင့်ကို ရွေးချယ် လိုက်ပါတယ်။ ဒီစိစစ်ရေး ကော်မတီမှာ ဒီကနေ့ ရွေးချယ်လိုက်သူ ၂ ဦးနဲ့အတူ လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ဒုတိယ သမတလောင်း အမည်စာရင်းတွေကို စိစစ်ရေးကော်မတီက စိစစ် အတည်ပြုပြီးနောက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် တဦးစီကို မဲနဲ့ ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။
ဒုတိယ သမတကို လာမဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြန်လည်စတင်မဲ့ လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပါတယ်။ အဲဒီ ဒုသမ တထဲကမှ သမတ ပြည်ထောင်စု လွှတ်တော်ကနေ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၂ ရက်နေ့မှာတော့ လွှတ်တော်ရပ်နားကြောင်း သိရပါတယ်။
Ref: RFA News
လွှတ်တော်သတင်းယူမှု စည်းမျဉ်းတင်းကျပ်
မသင်းသီရိ ။
အင်္ဂါ, 01 ဖေဖော်ဝါရီ 2011။
မြန်မာ နိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို သတင်းထောက်တွေ လောလော လတ်လတ် သတင်းယူခွင့် မရှိခွင့်ပါဘူး။ ပြည်ထောင်စု လွှတ်တော် ကျင်းပနေတဲ့ နေပြည်တော်မှာ သတင်းထောက်တွေ လွှတ်တော် အနီး အနားကိုတောင် ကပ်ခွင့် မရှိသလို ကိုယ်စားလှယ်တွေ တည်းခိုရာ နေရာတွေကိုလည်း သွားခွင့် မရကြပါဘူး။ အစိုးရသစ် တရပ် ဖွဲ့စည်းမယ့် နိုင်ငံရေး အပြောင်းအလဲ လုပ်ငန်းစဉ် တွေကို ပြည်တွင်းက သတင်း မီဒီယာတွေ သတင်းယူခွင့်၊ တင်ပြခွင့်တွေ မရတဲ့ အထိ ကန့်သတ်နေတဲ့ အပေါ် သတင်းသမားတွေက ဘယ်လို သဘောထား အမြင်တွေ ရှိနေပါသလဲဆိုတာ မသင်းသီရိက တင်ပြ ပေးထားပါတယ်။
လွှတ်တော်ကျင်းပနေတဲ့ သတင်းကို ယူဖို့အတွက် စစ်အစိုးရက မဖိတ်ကြားပေမဲ့ သတင်းထောက် တော်တော် များများကတော့ နေပြည်တော်ကို သွားပြီး သတင်းတွေ ယူဖို့ ကြိုးစား နေကြပါတယ်။ ဒါပေမဲ့ လွှတ်တော် အဆောက်အဦးကို မမြင်ရလောက်တဲ့ နေရာလောက် ကတည်းက လုံခြုံရေးတွေနဲ့ လမ်းတွေကို ပိတ်ထားသလို ကိုယ်စားလှယ်တွေ တည်းတဲ့ ဧည့်ရိပ်သာတွေ ထဲကိုလည်း ၀င်ခွင့် မရဘူးလို့ နေပြည်တော်မှာ သတင်း ယူဖို့ ကြိုးစားနေတဲ့ လူငယ် သတင်းထောက် တဦးက ပြောပါတယ်။
“လွှတ်တော်ဘက်ကတော့ သွားလို့ မရဘူးဗျ၊ သူတို့က တလမ်းလုံး ပိတ်ထားတယ် ဆိုတော့ အဲဒီ အထဲကတော့ ဘယ်သူမှ ၀င်လို့မရဘူး။ အပြင် ထွက်လာတဲ့၊ ကျနော်တို့နဲ့သိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ မေးရတယ်။ ဒီနေ့ ဘာတွေ လုပ်ဖြစ်လဲ၊ ဘယ်သူ့ကို ရွေးကောက်လိုက်တယ်၊ တင်မြှောက်လိုက်တယ်၊ အဲဒါတွေက အပြင်မှာပဲ မေးလို့ရတယ်။ မြို့ထဲ ထွက်လာမှသာ သူတို့နဲ့ တွေ့ဖြစ်တာပဲ ရှိတယ်။”
ဒါကြောင့် တချို့သတင်းထောက်တွေက လွှတ်တော် ကိုယ်စားလှယ်တွေကို တယ်လီဖုန်း တွေနဲ့သာ အင်တာဗျူး လုပ်ရတယ်လို့ ပြောပါတယ်။
လွှတ်တော်ဖွင့်ပွဲ ကျင်းပမယ့်နေ့က မနက်ခင်း အစောပိုင်းလောက်မှာလည်း လွှတ်တော် အဆောက် အဦးထိပ်က ပိတ်ထားတဲ့ ဂိတ်နားမှာ ဓာတ်ပုံ သွားရိုက် မိခဲ့ကြတဲ့ နိုင်ငံခြား သတင်းဌာန အတွက် အခြေစိုက် လုပ်ကိုင်ပေးနေတဲ့ ပြည်တွင်း လူငယ် သတင်းထောက် ၄ ဦးကို လုံခြုံရေးတွေက ခေတ္တခေါ်ယူ စစ်ဆေးပြီး သတိပေး ခံလိုက်ရတဲ့ အခြေအနေ မျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။
နေပြည်တော်မှာတော့ လုံခြုံရေးတွေကို အထူးစောင့်ကြပ် ချထားသလို ညဘက်တွေမှာလည်း အထူး စစ်ဆေး နေပြီးတော့ မနေ့ကနဲ့ ဒီနေ့ တွေမှာတော့ စားသောက် ဆိုင်တွေကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ခိုင်း ထားသလို နေပြည်တော်ကို ရောက်နေကြတဲ့ သတင်း ထောက်တွေရဲ့ အသွားအလာ တွေကိုလည်း အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် အစိုးရသစ် တရပ်ထဲမှာ သတင်းမီဒီယာရဲ့ အခန်း ကဏ္ဍဟာ ရှေ့ကို တက်လာစရာ မရှိဘူးလို့ ပြည်တွင်း သတင်းစာဆရာ တဦးက သုံးသပ်ပါတယ်။
“မီဒီယာတွေကို နေရာမချထားပေးနိုင်သေးဘူး၊ မီဒီယာတွေကို မလာစေချင်သေးဘူး ဆိုရင် တစုံတရာ ထုတ်မပြော လိုတဲ့၊ သိမ်းဆည်း လျှို့ဝှက်ထားတဲ့ အရာတခုခု ရှိနေတယ်လို့ မြင်ရမယ့်အပိုင်း ဖြစ်တယ်။ မီဒီယာကို ဒီလောက်အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ရေးသားဖို့၊ ဖော်ထုတ် တင်ပြဖို့အတွက် အရှေ့ကို တိုးမလာ စေအောင် ကြိုပြီး ဟန့်ထားတာလို့ မြင်တယ်၊ ကျနော့်စိတ်ထဲမှာ။”
မနေ့ကဆိုရင် အစိုးရသစ် တရပ်အတွက် ထိပ်ပိုင်းရာထူးတချို့ စာရင်းတွေ ထွက်လာပြီး နေရာ အားလုံးကတော့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ စစ်အစိုးရကို ကျောထောက် နောက်ခံ ပေးထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကသာ နေရာ ယူထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ် ဖော်ဆောင်ပေးမယ့် အရပ်သား အစိုးရတရပ် ဖွဲ့စည်းမယ် ဆိုပေမဲ့လည်း လူတွေလည်း မပြောင်းတာမို့ မူတွေလည်း ပြောင်းလာနိုင်စရာ မရှိဘူးလို့ သုံးသပ် နေကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ပြည့်မီတဲ့ နိုင်ငံတခု အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ အပြည့်အ၀ ရဖို့ လိုတယ်လို့ ဆိုပါတယ်။
“အခုထက်ထိတော့ မီဒီယာပေါ်မှာ ထိန်းချုပ်မှုတွေ ရှိနေသေးတယ်။ ဒါက ဘာကိုပြလဲဆိုတော့ Community အသီးသီးထဲမှာ မီဒီယာက အင်မတန် လှုပ်ရှားတယ်၊ တက်ကြွတယ်။ နောက် အခန်း ကဏ္ဍကလည်း ကြီးမားလာတယ်။ တချိန်တည်းမှာ အရည်အသွေး တင်မက အရေအတွက်အားဖြင့် ကြည့်မယ် ဆိုရင်လည်း မျိုးဆက်သစ် ၀င်လာတဲ့ လူငယ်တွေရဲ့ လှုပ်ရှား တက်ကြွမှုတွေ၊ သူတို့ ပူးပေါင်း ပါဝင်မှုတွေက မီဒီယာနဲ့ သိပ် အကျွမ်းတ၀င်၊ တရင်းတနှီး မရှိလှတဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပေါ်မှာ နည်းနည်း လှန့်သလို ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွင်းမှာ အားလုံး တက်တက် ကြွကြွ သတင်း ယူကြတာ၊ နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ သတင်းမျိုးမှာ ဂျာနယ်တွေဟာ Front Page တွေမှာ၊ Cover တွေမှာ ဒီသတင်းတွေကို အရေးတယူ ဆောင်ရွက် လာမှုကို ကြည့်ပြီးတော့ ဒီနောက်ပိုင်းမှာ သူတို့ ပိုပြီးတော့ စိုးရိမ်လာတယ်။ ဒါကြောင့် သူတို့ ပိုပြီး ပြန်ထိန်းချုပ်ဖို့ ကြိုးစား ထားတယ်လို့ မြင်ပါတယ်။ မီဒီယာကို စတုတ္ထ မဏ္ဍိုင်အဖြစ် လက်ခံဖို့အတွက် ခက်ခဲနေသေးတယ်ဆိုတာ ပြတာလို့ ထင်ပါတယ်။ အခုလို မီဒီယာတွေ အခွင့်အလမ်း နည်းပါးမယ် ဆိုရင်တော့ ဒီမိုကရေစီ အစစ်အမှန် ပေါ်ပေါက်လာမယ်ဆိုတာ အရမ်းကြီး မျှော်လင့်လို့ မရတော့ပါဘူး။”
ပြည်တွင်း သတင်းစာဆရာတဦး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အကင်းမဲ့ဆုံး နိုင်ငံတခု ဖြစ်သလို သတင်း သမား တွေကို ဖမ်းဆီး ချုပ်နှောင် ရာမှာ အဆိုးဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့ သတင်း လွတ်လပ်ခွင့် အဖွဲ့ကြီးတွေက စာရင်းထုတ်ပြန်ပြီး ဝေဖန် နေကြတာလည်း ဖြစ်ပါတယ်။
Ref: VOA News
ဗိုလ်ချုပ်မှူးကြီး သမ္မတလုပ်ရန် မသေချာတော့
ခင်ဦးသာ
Tuesday, 01 February 2011
ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှရွေးချယ် အဆိုပြုသော ဒုတိယ သမ္မတ အမည်စာရင်းတွင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်စာရင်း မပါရှိ သောကြောင့် ၎င်း သမ္မတ ဖြစ်ရန် မသေချာတော့ပေ။
ပြည်သူ့ လွှတ်တော်တွင် ဒုတိယ သမ္မတများ အတွက်ဆန်ခါတင် စာရင်းအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ်ပါတီမှ ဦးစောသိန်းအောင် တို့အား အဆို ပြုခဲ့ကြပြီး အမျိုးသား လွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာ အေးမောင်တို့ကို အဆို ပြုခဲ့ကြသည်။
တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် သီဟ သူရ ဦးတင်အောင်မြင့်ဦးအား တင်သွင်း ထားပြီး ဆန်ခါတင် ၅ ဦး၏ အရည်အချင်းကို လွှတ်တော် စိစစ်ရေး အဖွဲ့က စိစစ်ကာ လာမည့် ကြာသပတေးနေ့၌ မဲစနစ်ဖြင့် ဒုတိယ သမ္မတ ၃ ဦးကို ရွေးချယ်မည်ဖြစ်သည်။
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဒုတိယ သမ္မတ အမည်စာရင်း တင်သွင်းခံရသူများ ထဲမှသာ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်မည်ဟု ရေးသား ထားသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် သမ္မတ ဖြစ်ရန်အကြောင်း မရှိတော့ပေ။
သမ္မတ လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကာကွယ်ရေး ဦးစီးချုပ် နေရာ၌ ဆက်နေမည်၊ ကြံ့ဖွံ့ပါတီ၏ နာယက အဖြစ် ဆောင်ရွက်မည် သို့မဟုတ် အငြိမ်းစား ယူမည် ဟူ၍ လူအများက အမျိုးမျိုး မှန်းဆ နေကြသည်။
သမ္မတ ရွေးချယ်စိစစ်ရေး အဖွဲ့တွင် စစ်အစိုးရ လူများဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးဟု အများက ယူဆထားသော ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးသောင်းက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။
ဒုတိယ သမ္မတ တဦးတွင် ကြံ့ဖွံ့ကိုယ်စားလှယ် မဟုတ်သော တိုင်းရင်းသား တဦးအား ရွေးချယ်ရန် တိုင်းရင်းသား ကိုယ်စားလှယ် များက ဆန္ဒရှိနေကြပြီး RNDP ပါတီ၏ ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ အမည်သည် နံပါတ် တစ်ပြေး နေသည်။
သို့သော် လွှတ်တော်အသီးသီး၌ ကြံ့ဖွံ့ပါတီဝင်များနှင့် စစ်တပ် ကိုယ်စားလှယ်များသည် ၈၀ ရာခိုင်နှုန်းကျော် လွှမ်းမိုး ထား၍ မဲစနစ်ဖြင့် ရွေးချယ်ပါက ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အတွက် အခွင့်အရေး နည်းပါးလှသည်။
ပထဆုံး ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးမှ လွှတ်တော်ဥက္ကဋ္ဌ များကိုမဲပေးစနစ်ဖြင့် ရွေးချယ် ကြသော်လည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ၀င်များ ကသာ ရရှိခဲ့သည်။
လွှတ်တော်အစည်းအဝေးအား မနက်ဖြန် ၁ ရက် နားမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ် သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဦးခင်အောင်မြင့်ကို ရွေးချယ်ခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာအားလုံးကိုလည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ ကသာ ရရှိခဲ့သည်။
တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများသည် ၎င်းတို့ ကိုယ်စားလှယ်များထဲမှ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ တဦး ရရှိရေး အတွက် အဆိုပြု မဲပေးခဲ့ကြ သော်လည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ မဲကို မယှဉ်နိုင်သောကြောင့် လက်လျှော့ လိုက်ရကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောသည်။
တိုင်းရင်းသား ပါတီများအနက် ရာခိုင်နှုန်း အများဆုံးအနိုင်ရထားသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ကိုယ်စားလှယ်များ သည်ပင် ပြည်နယ် လွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နေရာများကို မရခဲ့ပေ။
“အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” ဟု RNDP ကိုယ်စားလှယ် တဦးက ပြောသည်။
စစ်အစိုးရ၏ ကြိုတင်စီမံထားသည့် အစီအမံများ အတိုင်း လုပ်ဆောင်မည်ဟု ခန့်မှန်းထား ခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွား လိမ့်မည်ဟု မထင်ထားခဲ့ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
“ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံက လွဲပြီး ဘာမှ လုပ်ပိုင် ခွင့်မရှိ နိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။
လွှတ်တော် အစည်းအဝေးများ၌ မေးခွန်းမေးလိုပါက ၁၀ ရက်ကြိုတင် အကြောင်းကြား ရန်နှင့် အဆိုပြု လိုပါက ၁၅ ရက် ကြိုတင် အကြောင်းကြားကာ သက်ဆိုင်ရာက သဘောတူ ခွင့်ပြုမှသာ မေးခွင့်၊ အဆိုပြုခွင့် ရရှိမည်ဟု ဥပဒေ ထုတ်ပြန် ကန့်သတ်ထားကြောင်း ဦးနိုင်ငွေသိန်းက ပြောသည်။
Ref: ဧရာဝတီ်
Tuesday, February 1, 2011
အများယူဆ ထားသည့်အတိုင်း ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဖြစ်လာ
မိုးမခ အထောက်တော်။ ရန်ကုန်
ကျွန်းသားရောင်တောက်ပနေတဲ့ စင်မြင့်ခုံနဲ့ ကျွန်းကနုတ်တွေနဲ့ ပြုလုပ်ထားတဲ့ ကြီးမားတဲ့ စားပွဲနဲ့ ထိုင်ခုံနောက်မှ ကွန်ပျူတာ နှစ်လုံးကို ဘယ်ညာ ဆင်ထားပြီး အလယ်မှာ ခုံကြီးကြီး တစ်လုံးချထားတာကို တီဗီဖန်သားပြင်မှာ မြင်ရပါတယ်။ အဆိုပါ ခုံရဲ့နောက်မှာတော့ တဦးတည်းသော နာမည်တင်သွင်းခံရတဲ့ သဘာပတိ အဖြစ် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဖြစ်သူ ဦးဋ္ဌေးဦးက မတ်တပ်ရပ်ပြီး စကားပြောနေတာကို ပြသပါတယ်။
ဒါကတော့ နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ပထမဆုံးသော လွှတ်တော်ကို နေပြည်တော်မှာ အသစ်တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အဦသစ်မှာ ယနေ့နံနက် ကျင်းပ ခဲ့တာပါ။
အများက မျှော်လင့်ထားသလိုပဲ သမတဖြစ်မယ်လို့ သတင်းပြေးနေတဲ့ သူရဦးရွှေမန်းက လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒီအချက်ဟာ ယခုလွှတ်တော်ဟာ နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အစီအမံများအတိုင်း သွားနေတယ်ဆိုတာကို ပထမဆုံး ပြသလိုက်တဲ့ အချက်ဖြစ်တယ်လို့ ရန်ကုန်မြို့မှ သတင်းအယ်ဒီတာ တဦးက သုံးသပ်ပြောဆိုလိုက်ပါတယ်။
ယနေ့ ညနေ ၆နာရီမှာ လွှင့်ထုတ်တဲ့ အစိုးရပိုင် တီဗီသတင်းမှာ ယနေ့ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။
ခမ်းနားစွာမြင်ရတဲ့ ပြည်သူ့လွှတ်တော် အဆောက်အဦးထဲကို ရွေးချယ်ခံ ကိုယ်စားလှယ် တွေ ၀င်ရောက်လာတာကို ပြသပြီး အ၀င်ဝမှာ နာ မည်စာရင်း ရေးထိုးနေတာ၊ စစ်တပ်က ကိုယ်စားလှယ်တွေ သီးခြားစီဝင်ရောက်လာပြီး၊ စာရင်းသွင်းနေတာကို ပြသပါတယ်။ အဲဒီနောက်မှာတော့ လွှတ်တော်ခန်းမရဲ့ ညာဘက်အစွန်မှာ ယူနီဖောင်းဝတ် စစ်တပ်က ကိုယ်စားလှယ်တွေ နေရာချထားတာ တွေ့ရပါတယ်။
အသံကို ထုတ်လွှင့်ခြင်းမပြုတဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော်ခန်းမ မြင်ကွင်းဟာ ရှင်းလင်းနေတာကိုလည်းတွေ့မြင်ရပါတယ်။ ဥကဋ္ဌ ရွေးချယ်ရာမှာ လျှို့ဝှက်မဲ စနစ်နဲ့ မဲပေးတယ် လို့ဆိုပြီး သူရဦးရွှေမန်းက ၃၇၆ မဲ၊ မန်းမောင်မောင်ဥာဏ်က ၃၀ မဲနဲ့ အပြတ်အသတ် အနိုင်ရတယ်လို့ ထုတ်လွှင့်သွားပါတယ်။
ထို့အတူပဲ ဒုဥကဋ္ဌ ဖြစ်သူ ဒဂုံမြို့နယ်မှ နန္ဒကျော်စွာကလည်း မဲ၃၆၈ မဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာကြောင့် ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့ပါတီရဲ့ သူ့ရဲ့ မဟာမိတ် ပါတီတွေက ညွှန်ကြားထားတဲ့အတိုင်း မဲထည့်တယ်လို့ ယူဆရတယ်လို့ နိုင်ငံရေး လေ့လာသူ တဦးက ဝေဖန်မှတ်ချက်ချပါတယ်။
ယခုလွှတ်တော် ကျင်းပတာကို ပြည်တွင်းမီဒီယာတွေနဲ့ မြန်မာနိုင်ငံသား ပြည်ပသတင်းဋ္ဌာန တွေအတွက် လုပ်ကိုင်ပေးနေတဲ့ နိုင်ငံခြားသတင်း ဋ္ဌာနသတင်းထောက်တွေလည်း ၀င်ရောက် သတင်းယူခွင့် မရရှိကြပါဘူး။
သာမန်လူထု အနေနဲ့ စစ်အစိုးရက ကြီးမှူးကျင်းပပြီး လွတ်လပ်မှု မရှိတဲ့၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်စီးပွားရေး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်မယ်လို့ မျှော်လင့် မထားကြဘူးလို့လည်း ရန်ကုန်မြို့ခံ တချို့က ပြောဆိုပါတယ်။
Ref;မိုးမခ
အမေရိကန်နေထိုင်တဲ့ အီဂျစ်များ အဝေးက ညာသံပေးမနေဘဲ တိုင်းပြည် ပြန်လာ ဆန္ဒပြ
Tuesday, 01 February 2011
မူဘာရခ်ကို ဆန့်ကျင်သူ အင်အားစုများ အားကောင်း လာပြီး၊ စစ်တပ်က ပထမဆုံးအကြိမ် ဆန္ဒပြသူတွေကို မပစ်ဘူးလို့ ကြေငြာလိုက်သည်။ စစ်တပ် လူထုဘက် ပါသွားတဲ့အတွက် အစိုးရက ဆန္ဒပြ ခေါင်းဆောင်များနဲ့
စကားပြောဖို့ ချက်ချင်း ကမ်းလှမ်းလိုက်သည်။
ယနေ့အင်္ဂါနေ့ အီဂျစ်လူထုရဲ့ သန်းချီ အရှိန်အဟုန်မြှင့် ဆန္ဒပြပွဲအစီအစဉ်ကို စစ်တပ်က မပစ်ခတ်ဘဲ ကြားနေဖို့ ကြေငြာပြီးနောက် ဒုတိယသမ္မတသစ် အိုမာ ဆူလီယန်မန်က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆန္ဒပြသူများက မူဘာရခ် အပြီးတိုင် ဆင်းပေးရေးကို ဆက်တောင်းဆိုသွားမည် ဖြစ်သည်။
ပြီးခဲ့တဲ့နှစ်ရက်အတွင်း အားကောင်းတဲ့ မူဆလင် ဘရားသားဟုဒ် အဖွဲ့၊ ဘာသာရေး မဟုတ်တဲ့အဖွဲ့များ၊ အခြား အတိုက်အခံများမှာ နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး ဦးဆောင်မှုအောက်တွင် ညီညွတ်မှုရရှိပြီး ယနေ့ လူတစ်သန်း ကျော် ဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတရဲ့ မိတ်ဆွေ အငြိမ်းစား သံတမန်ကြီး မိုဟာမဒ် ရှိုခရေး က “စစ်တပ်ဟာ ရုပ်သေးမဟုတ်သလို၊ နွားလည်း မဟုတ်ဘူး။ မူဘာရခ်အပါအ၀င် ဘယ်သူ့လက်ထဲမှာမှ စစ်တပ် မရှိဘူး။ ပြည်သူ့စစ်တပ်ပဲ ဖြစ်ရမယ်။ စစ်တပ်ဟာ လူငယ်တွေနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ လူထုကို ပစ်သတ်ဖို့နဲ့ ပြည်တွင်းစစ် ဖြစ်ဖို့ထက်၊ ဗိုလ်ချုပ်တွေက မူဘာရခ် နှုတ်ထွက်ဖို့ပဲ တောင်းဆိုလိမ့်မယ်” ဟု The News York Times ကို ပြောဆိုခဲ့သည်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တဲ့ အီဂျစ် ဆန္ဒပြပွဲမှာ တစ်ပတ်အတွင်း အောင်ပွဲများနှင့်အတူ စနစ်တကျ ဆန္ဒပြမှု အရှိန်အဟုန် ပိုမြင့်လာသည်။ တိုင်းပြည်စီးပွားရေး ယိုယွင်းမှု၊ ဆင်းရဲမွဲတေမှု၊ အစိုးရခြစားမှုများနဲ့ အတူ မူဘာရခ် ပြုတ်ကျရေး ကို မနေ့က ကြွေးကြော်အော်ဟစ်ကြသည်။
အမေရိကန်ပတ်စပို့ကိုင်ထားတဲ့ အီဂျစ်များက အဝေးက ညာသံပေးမနေဘဲ တိုင်းပြည် ပြန်လာပြီး ဆန္ဒပြပွဲ ၀င်နွှဲကြသည်။ စစ်တပ်နဲ့ လူထုမှာ တော်လှန်ရေးတွင် တစ်သားထဲ ဖြစ်သွားသည်။



Source: The New York Times
Ref; မောက္ခ
ယနေ့ လွှတ်တော်နှင့် မီဒီယာ
အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၁၊
(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာ လူထုစိန်ဝင်းအား မေးမြန်း ခဲ့စဉ်က ဆရာ ဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက် မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေ စီစစ်ရေးမှ ဖြုတ်ထား ခဲ့သော စာပိုဒ်များ ဖြစ်ပါသည်။) ငြိမ်းဆက်လင်း (မြစ်မခ)
`ဆရာတို့ တုန်းကတော့ ၀န်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမ ရှိတယ် လွှတ်တော်မှာ သတင်းထောက် တွေက လွတ်လွတ် လပ်လပ် သတင်း ၀င်ယူခွင့်ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ်။ လာတတ်တဲ့ လွှတ်တော် အမတ်တွေကိုရော အစိုးရအဖွဲ့က ၀န်ကြီး ၀န်ငယ်လေးတွေ ကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံ မေးမြန်ပြီးတော့ ရေးချင်တာတွေ ရေးလို့ရတယ်။ ဒီလို ဆင်ဆာ မရှိတဲ့ အတွက် တစ်ကယ့် လွှတ်တော်ထဲမှာ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေ တစ်ဦးနဲ့ တစ်ဦး ခနဲ့ ကြတာတွေ ပုပ်ခတ် ကြတာတွေက အစ ပြည်သူ လူထုက သတင်းစာတွေမှာ သေချာ ဖတ်ကြရတယ်။ အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီး သတင်း ယူရတာကိုက ပျော်စရာ သိပ်ကောင်းတာ။ အမတ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကလိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခနိုခနဲ့တွေ ပြောကြတယ် တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ် ဆိုတာ လူကြီး လူကောင်းတွေ စကား များနေကြတာပေါ့ ရန်ဖြစ် နေကြတာမျိုးပေါ့ ရန်ဖြစ်တယ် ဆိုတာကလည်း ဟိုလိုမျိုး ဆဲရေး တိုင်းထွာတာတို့ ဘာတို့ မဟုတ်ဘူး ကြံကြံဖန်ဖန် စကားလုံးတွေ သုံးကြတာမျိုးပေါ့ လူကြီးလူကောင်း ရန်ဖြစ်နည်းပေါ့ အဲ့လိုဟာတွေက အင်မတန် ပျော်စရာ ကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့ လူတွေက အင်မတန် ပျော်စရာ ကောင်းတယ်။ နောက်ပြီးတော့ ပြည်သူ လူထုကလည်းဘဲ တို့အမတ်ကတော့ ဘာတွေ ပြောတယ် တို့အမတ် ကတော့ တို့အတွက် လွှတ်တော်ထဲမှာ ဘာတွေ မေးပေးတယ် တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆို ပေးတယ် တစ်ချို့ ဟာတွေကို မဲဆန္ဒရှင် တွေက သိရတယ်။ သိရတဲ့အတွက် တို့အမတ် ကောင်းတယ် မကောင်းဘူး နောက်တစ်ကြိမ် ကြရင် သူ့ကို ပြန်ရွေးသင့် မရွေးသင့် ဆိုတာ ပြည်သူ လူထုက ဆုံးဖြတ်လို့ ရတာပေါ့ အခုတော့ လွှတ်တော် ဆိုတာ ထားတော့ သူတို့က သိစေချင်လို့ သိစေချင်တဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲ တို့ကို သတင်းထောက်တွေကို ဖိတ်ပြီးတော့ ရှင်းလင်း ပြောကြားတာကို တောင်မှ အမှန်အတိုင်း ရေးလို့မရဘူး။ အဲ့တော့ ပြည်သူလူထုက ဘာမှ မသိရတော့ဘူး။ သိသင့် သိထိုက်တာတွေကို ဘာမှ မသိရတော့ဘူး။ သူတို့ သိစေချင်တာကိုဘဲ သိနေရတယ်။ အဲ့ဒါ ဒီမိုကရေစီနဲ့ တံတားတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတယ်။
ဒီမိုကရေစီ ဆိုတာက ပြည်သူလူထုက သာလျှင် အဆုံးအဖြတ် ပေးတယ်။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်နေတယ်။ ဒီတစ်ပတ် ဆရာဆောင်းပါး ရေးထားတဲ့ “အစိုးရက မိဘလား ပြည်သူလူထုက မိဘလား”ဆိုတဲ့ ခေါင်းစဉ်နဲ့။ တော်တော်များများက စာတွေလည်း ရေးတာ တွေ့ရတယ်။ အစိုးရ ဆိုတာ တိုင်းသူ ပြည်သူတွေကို ရင်ဝယ်တိုက်ကဲ့သို့ သနား ချစ်ခင်ရမယ် ဆိုတဲ့ အရေးသား မျိုးပေါ့။ ဒီ အရေးသားမျိုးက လုံးဝ မှားတဲ့ အရေးသားမျိုး ဖြစ်တယ်။ အဲ့တော့ ပြည်သူပြည်သားများကို ရင်ဝယ်သား ကဲ့သို့ ချစ်ခင်ရမယ် ဆိုတော့ အစိုးရက မိဘနေရာ ရောက်သွားတာပေါ့ ဘုရားကအောက် မျောက်က အထက် ဖြစ်နေတယ် တစ်ကယ် တိုင်းပြည်ရဲ့ မိဘက မဲဆန္ဒရှင် ပြည်သူလူထု ဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူလူထုက ရွေးချယ်ပြီး တာဝန် ပေးထားတယ်။ အဲ့အတွက် ပြည်သူလူထုက ပြည်သူ့ ဘဏ္ဍငွေက နေပြီး လစာ ရိပ်က္ခာငွေတွေ ပေးထားတယ် ရှေးအင်္ဂလိပ်ခေတ် ကတည်းကိုက အစိုးရနှင့် တကွ အစိုးရ ၀န်ထမ်း အားလုံးကို (Public servent) လို့ ခေါ်တယ် ပြည်သူ့ အစေခံ ခပ်ရင်းရင်းပြောမယ် ဆိုရင် ပြည်သူ့ ၀န်ထမ်းပေါ့ ပြည်သူ့ ၀န်ကို ထမ်းနေရတာ။ အခုတော့ စောစောက ပြောတယ် အစိုးရ ဆိုတာ မိဘနဲ့ တူတယ်တို့ အစိုးရဆိုတာ တိုင်းပြည်ရဲ့ အာဏာပိုင်ဘဲ ဆိုတဲ့ အသုံး အနှုန်းတွေကြောင့် ပညတ်သွားရာ ဓတ်သက်ပါ ဖြစ်သွားပြီးတော့ ၀န်ထမ်းတွေက သူ့တို့ရုံး သူတို့ထံ သူတို့ဌာမှာ သူတို့သာလျှင် အရှင်သခင် ဖြစ်ပြီးတော့ သူတို့ကို လခပေးထားတဲ့ ပြည်သူလူထုကို ကြိမ်းလိုက် မောင်းလိုက် ဆဲလိုက်၊ ဆိုလိုက် အာဏာ အမျိုးမျိုး ပြလိုက် ဆိုတာတွေ လုပ်တယ်။ အဲ့ဒါတွေက ခုဏက စကားလုံးတွေက လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းပစ် လိုက်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီစကားလုံး အသုံးအနှုန်း တွေကိုဘဲ အာဏာပိုင်များတို့ အာဏာပိုင် အဖွဲ့အစည်း များတို့ တိုင်းပြည်ရဲ့ မိဘတို့ ဆိုတဲ့ အသုံးအနှုန်း တွေကို ဒီမိုကရေစီ ခေတ်မှာ မသုံးအပ်တော့ဘူး ဒီစကားလုံးတွေကို ဖျောက်ပစ်ဖို့ လိုတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီအာဏာပိုင် တွေကို မဲဆန္ဒပိုင်ရှင် ဒီ ပြည်သူ လူထုက အာဏာပိုင်ဘဲ ပြည်သူက ရွေးပြီးတော့မှ သူတို့ကို ခန့်ထားတာ ဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်း ဆိုတာကလည်း ပြည်သူလူထုဘဲ ဖြစ်ရမယ် အာဏာပိုင် ပုဂ္ဂိုလ်များဆိုတဲ့ ပြည်သူလူထုဘဲ ဖြစ်ရမယ်။ ဌာနဆိုင်ရာ အရာရှိတွေက အာဏာပိုင် မဟုတ်ဘူး။ ဌာနဆိုင်ရာ အရာရှိတွေက (Public servent) ပြည်သူ့ အစေခံတွေဘဲ ပြည်သူ့ အစေခံ ဆိုတော့ သူတို့က ပြည်သူကို အမြဲတမ်း ရိုသေနေရမယ်။ ပြည်သူကို ဦးထိပ်ထားရမယ် ပြည်သူကို အလုပ်အကျွေး ပြုရမယ်။ အဲ့ဒါတွေက မင်းတို့ လူငယ်တွေ မကြားရ မမြင်ရ မတွေ့ရတဲ့ စကားလုံးလေးတွေ အဆုံးမ လေးတွေဘဲ အဲ့ဒါတွေကို မင်းတို့ကို သိအောင် ပြောပြတာ။
မေး။ ဆရာတို့ ခေတ်တုန်းက သတင်းယူတဲ့ အခါမှာကော လုံခြုံရေး အရ ဆိုပြီး စစ်ဆေးတာမျိုးတွေ၊ သတင်းသမား မလာရ ဆိုပြီး ပိတ်ပင်တာ မျိုးတွေ ရှိခဲ့ပါသလား ဆရာ။
မရှိပါဘူး ဆရာတို့တုန်းက လွတ်လွတ်လပ်လပ် ဘယ်သတင်း မဆို လွတ်လွတ်လပ်လပ် ယူခွင့် ရှိပါတယ်။ ၀န်ကြီးများ ရုံးမှာတောင်မှ သတင်းထောက် တစ်ယောက်က တံခါးမရှိ ဓားမရှိ ၀င်သွားလို့ရတယ်။ ၀န်ကြီးရဲ့ အခန်းထဲကို ၀န်ကြီး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၀င်သွားလို့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်တောင်းနေလို့ မရဘူး အသိပေးစရာလည်း မလိုဘူး ၀န်ကြီးကို လွတ်လွတ် လပ်လပ် စကားပြောလို့ ရတယ်။ မေးချင်တာတွေလည်း မေးလို့ရတယ် အဲ့ဒါနဲ့ ပတ်သက်ပြီး ပြန်ရေးလို့ရတယ် အဲ့ဒါ ဒီမိုကရေစီခေတ်။ အခုဟာ ဒီထိန်းချုပ်မှု ပေါ်မှာ ( control) ပေါ့ သူတို့ရဲ့ အစီအမံ ထိန်းချုပ်မှုနဲ့ လိုက်ပြတယ် ဆိုရင် ဒါဟာ လွတ်လပ်တဲ့ သတင်းယူခွင့် မဟုတ်တော့ဘူး။ သူတို့ မြင်စေချင်တာကိုဘဲ ပြတယ် သူတို့ ပြောစေချင်တဲ့ လူတွေနဲ့ဘဲ တွေ့ပေးမယ် သူတို့ပြောခိုင်းတာ ပြောမယ့် လူတွေနဲ့ဘဲ တွေ့ပေးမယ် အဲ့ကတည်းက ပြည်သူလူထုက သတင်းအမှန်ကို မသိနိုင်တော့ဘူး ပြည်သူလူထုက သတင်း အမှန်ကို မသိတော့ဘူး ဆိုရင် ပြည်သူ လူထုက မှန်ကန်တဲ့ ဆန္ဒမဲ ပေးခွင့် ဆန္ဒမဲ ပေးနိုင်ခြင်း ဆုံးဖြတ်နိုင်ခြင်း ဆိုတာလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။ မဲပေး ရွေးကောက်ပွဲ လုပ်နိုင်တယ် ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ဖို့ ဖြစ်တယ်။ ပြည်သူလူထုက အခု ရွေးကောက်ပွဲမှာ ၀င်မယ့် ပါတီ တွေရဲ့ (Policy) တွေက ဘာလဲ တိတိကျကျ မှန်မှန်ကန်ကန် သိဖို့ လိုအပ်တယ်။ သူတို့ မေးချင်တာတွေကိုလည်း မေးခွင့်ရှိတယ်။ သူတို့ သိဖို့အတွက် သတင်းထောက်တွေ ကလည်း မေးပေးရမယ်။ လူပုဂ္ဂိုလ်ဆိုင်ရာ တွေကလည်း ဒီလူပုဂ္ဂိုလ်တွေက ဘယ်လို လူပုဂ္ဂိုလ်လဲ တို့ရဲ့ မဲဆန္ဒနယ်ဟာ အမတ်အဖြစ်နဲ့ အရွေးခံမယ့် သူဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဘယ်လို အစဉ်အလာ ရှိခဲ့သလဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေ လုပ်ပေးခဲ့ ဖူးသလဲ သို့မဟုတ်ရင်လည်း ကိုယ့်အကျိုးစီးပွား အတွက်ဘဲ တစ်သက်လုံး ကိုယ်ကျိုး ရှာလာတဲ့ လူစားမျိုးဘဲလား ဘယ်သူတေတေ ငတေဘဲ ဆိုတဲ့ လူစားမျိုးလား ဆိုတာ ပြည်သူလူထုက သိရှိဖို့အတွက် သတင်းစာတွေက ဒါတွေကို ဖော်ထုတ်ပြီးတော့ ရေးသား ပေးရမယ် အဲ့ဒါမှ သတင်းစာ သမားရဲ့ တာဝန်ကျေတယ်။ သတင်းသမား ဆိုတာ ပြည်သူကို (infrom) လုပ်ဖို့ ပြည်သူ သိချင်တာတွေကို သိအောင်လုပ်ပေးဖို့ ဒါ သတင်းသမားရဲ့ အဓိက တာဝန်ဘဲ အဲ့ဒါ မလုပ်ပေးနိုင်ဘူး ဆိုရင် သတင်းသမားရဲ့ တာဝန် မကျေတော့ဘူးပေါ့။ အခု သတင်းသမားတွေဟာ ပုံစံ အမျိုးမျိုးနဲ့ ကြိုးစားနေကြတယ်။ ကြိုးစား နေသော်လည်း ကြိုးစားသမျှက ပြည်သူလူထုဆီ မရောက်ဘူး အဲ့တော့ သူတို့ ကြိုးစားသမျှဟာ အလကား ဖြစ်သွားတယ် အဲ့လိုဖြစ်အောင် ဖန်တီးတယ် ဆိုကတည်းက အဲ့ဒါ ဒီမိုကရေစီ စနစ်လို့ မခေါ်နိုင်တော့ဘူး။
မေး။ ဆရာတို့တုန်းက ရွေးကောက်ပွဲ အခြေအနေနဲ့ သမီးတို့ ခေတ်ရဲ့ ရွေးကောက်ပွဲ အခြေအနေကို မြင်ရတော့ ဘယ်လို သုံးသပ် မိပါသလဲ ဆရာ။
`၁၉၆၀ ခုနှစ် သန့်ရှင်းတည်မြဲ အဓိကပြိုင်ကျတဲ့ နောက်ဆုံး ပြိုင်ကျတဲ့ ရွေးကောက်ပွဲ ပေါ့နော် အဲ့ရွေးကောက်ပွဲမှာ ဆိုရင် မဲပေးတဲ့နေ့ ညနေစောင်းက စပြီးတော့ ဒီ မြို့တော် ခန်းမကြီးမှာ မဲရေတွက်တယ် မဲရေတွက်တဲ့ အခါမှာလည်း အမတ်လောင်းတွေ သူတို့ရဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲရေတဲ့ နေရာမှာ ထိုင်ပြီးတော့ ကြည့်နေလို့ ရတယ်။ မဲဆန္ဒနယ်တစ်ခု ကြေညာပြီးတိုင်း ရေတွက်ပြီးတိုင်း မြို့တော်ခန်းမ အပေါ်ကနေ အသံချဲ့စက် ကြီးနဲ့ မဲစာရင်းတွေ ကြေညာပေးတယ်။ အဲ့နေ့က မြို့တော် ခန်းမရှေ့ ဆူးလေပန်းခြံ တစ်ဝိုက် သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စောင့်ကြည့် နေကြတယ်။ လူအုပ်ကြီးကလည်း တစ်ညလုံး စောင့်ကြည့်တယ်။ မဲရေတဲ့ လူတွေကလည်း တစ်ညလုံး ရေတယ်။ တစ်ညလုံး ရေပြီး မဲဆန္ဒနယ် တစ်နယ်ပြီးတိုင်း ရေပြီးတိုင်း ကြေညာပေးတယ်။ လက်ခုပ် သံတွေလည်း တစ်ဖြောင်းဖြောင်းပေါ့ အဲ့လို ဒီနေ့ မဲပေးတယ် ဒီနေ့ အဖြေက ထွက်လာတယ်။ မဲရေတဲ့ အခါလည်းဘဲ ပြည်သူ လူထုက ခုဏက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက အောက်မှာ စောင့်ကြည့် နေတယ်။ မြို့တော်ခန်းမ ပေါ်က မဲရေတဲ့ နေရာမှာလည်းဘဲ အမတ်လောင်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေက မဲရေတာတွေကို ထိုင်ပြီးတော့ စောင့်ကြည့်နေ လို့ရတယ်။ အဲ့လို ပွင့်လင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်လည်းဘဲ ဒီရွေးကောက်ပွဲမှာ တရား မမျှတဘူးတို့ ဘာတို့ ဆိုတဲ့ အသံတွေ သိပ်ပြီးတော့ မထွက်ဘူး။ တစ်ချို့ နယ်တွေမှာ ဆိုရင် လက်နက်ပြပြီး ခြိမ်းခြောက်တာတို့ ဘာတို့ အနိုင်ကျင့်တာတို့ ရှိကြတာပေါ့လေ။ ရှိတာနဲ့ ကန့်ကွက်စာတွေ တင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကနေ အရေးယူခဲ့ရမှုတွေ လည်းရှိတယ်။ အခုခေတ်ကျတော့ မဲပေးပြီး ဘယ်နှစ်ရက်နေမှ ဘာကို ကြေညာမယ် ဆိုတာလည်း ဆိုတာ မသိဘူး။ မဲရေတွက်တဲ့ နေရာမှာ ခုဏက ပြောသလို ပြည်သူလူထုက စောင့်ကြည့်၊ မကြည့်ဆိုတာ မသိရဘူး၊ အဲ့တော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း ယုံစားလို့ မရဘူးပေါ့၊ တံခါးပိတ်ပြီး လုပ်ချင်ရာ လုပ်မယ် ဆိုတာကတော့ လုံးဝကို မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ဘဲ ဆရာက မြင်တယ်။ ဖတ်ရပါတယ် သတင်းစာတွေမှာလဲ ဖတ်ရတယ် ဆက်တိုက်ပေါ့ မဲပေးဖို့ လှုပ်ဆော်တဲ့ ဆောင်းပါးတွေ ဖတ်နေရတယ် ဒီမိုကရေစီ စနစ်ကို သွားဖို့ အတွက် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခင်း အကျင်းလေးတွေက စပြီးတော့ ဒီမိုကရေစီ သဘောသက်ဝင် နေဖို့တော့ လိုအပ်တယ်။ အခုကျတော့ ရွေးကောက်ပွဲကို မဲထည့်နိုင်ဖို့ ကျတော့ လှုပ်ဆော်ကြတယ် စည်းရုံးလို့ရတယ်။ မဲမထည့်ဘဲနဲ့ နေလို့ရတယ် လို့ပြောတယ် အဲ့ဒီလူတွေကျတော့ ဖမ်းတယ်။ အဲ့လို ဆောင်ပါးမျိုး ရေးလို့မရဘူး အဲ့လိုစကားမျိုး ပြောလို့ မရဘူး ဆိုတာက ဒီမိုကရေစီနဲ့ တံတားတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ် ဒီမိုကရေစီ ဆိုတာက လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ် တစ်ခြားမှာ ဘင်္ဂလားဒေ့ရှ်က ရွေးကောက်ပွဲတွေ လုပ်သွားတယ်။ အရင်တုန်း ဘနဘီရာပိုတို တို့ ခေတ်တုန်းက ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲ လုပ်တယ် ဘနဘီရာပိုတို တို့က သပိတ်မှောက်တယ် သပိတ်မှောက်တဲ့ အကြောင်းကိုလည်းဘဲ ဆန္ဒပြကြတယ်။ ထုတ်ဖော်ပြတယ် လုပ်ခွင့်ရှိတာဘဲ ဒီမိုကရေစီဆိုတာက လူတိုင်းက အညီအမျှ ပြောခွင့်ရှိရမယ် အခုဟာက ထောက်ခံတဲ့ လူကျတော့ ပြောနိုင်တယ်။ မထောက်ခံတဲ့ လူကျတော့ ပြောခွင့်မရှိဘူး။ ဆိုကတည်း ကိုက ဒါက ဒီမိုကရေစီစနစ် မဟုတ်တော့ဘူး ဆရာ ဟိုတစ်နေ့က သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မီဒီယာမေးလို့ ဆရာဖြေခဲ့ သလိုပေါ့ သတင်းစာ လွတ်လပ်ခွင့် နဲ့ စစ်တပ်နဲ့ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ်။ စစ်တပ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် အုပ်ချုပ်ရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တပ်ထဲမှာ ဒီမိုကရေစီနဲ့ အုပ်ချုပ်လို့ မရဘူး အမိန့် ပေးတာကို အမိန့် ပေးတဲ့အတိုင်း နာခံပြီးတော့ လိုက်နာရမယ်။ စစ်မြေပြင်မှာ အမိန့်ပေးတဲ့ အတိုင်း မလိုက်နာလို့ ရှိရင် စစ်မြေပြင်မှာသာ ဆိုလို့ရှိရင် တာဝန်ရှိတဲ့ စစ်ဗိုလ်က အဲ့ဒီ ငြင်းဆန်တဲ့ စစ်ဗိုလ်က ပစ်သတ်ခွင့်ရှိတယ်။ ဒါစစ်တပ် အဖွဲ့အစည်း သူ့စစ်တပ် အဖွဲ့အစည်းက တစ်သွေး တစ်သံ တစ်မိန့် နဲ့ အုပ်ချုပ်မှရတယ်။ အဲ့ဒါကို (civil society) ဘက်ကို ယူလာလို့ မဖြစ်ဘူး။ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ ဆိုတာက ဒီမိုကရေစီ အရ အုပ်ချုပ် လုပ်ကိုင်ရတာ ဖြစ်တယ်..။ လူတွေမှာ ပြန်လည် မေးခွန်းမေးခွင့် ငြင်းပယ်ခွင့် စောတက တက်ခွင့် ရှိကိုရှိရမယ်။ အဲ့ဒါမှသာ တိုင်းပြည်က ဖွံ့ဖြိုး တိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်တယ်။ အဲ့ဒီလို စောတက တက်ခွင့်တွေ ငြင်းဆန်ခွင့်တွေ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့်တွေ မရှိတော့ဘူး ဆိုရင် အရင် မစလ ခေတ်က ဖြစ်ခဲ့ သလိုမျိုးဘဲ ဘ၀ရှင် မင်းတရားကြီး အမိန့်ပေးသမျှ အကုန်လုံးကို ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်နာရတယ်။
အကုန်လုံး ဘ၀ရှင်မင်းတရားကြီးကို မှန်ပါ့ဘုရား ကောင်းပါ့ဘုရား မှန်ပါ့ ဘုရားချည်းဘဲ ကန်တော့ ဦးတင် နေရတယ်။ အဲ့ဒီအတွက် တိုင်းပြည်ဟာ ငါးပါးမှောက်ခဲ့ပြီ ၈၈ က ကျခဲ့ပြီ အခု ဒီဘက် ဆယ့်လေးနှစ် ကာလမှာ လည်းဘဲ ၂၂ နှစ် ကာလမှာ လည်းဘဲ မဆလ ခေတ်ကလိုဘဲ သွားနေပြီ။ လူတွေက အောက်က အဆင့်ဆင့် ကောင်းတာတွေဘဲ (Report) တင်ကြတယ် ဆိုတာတွေ အနိဌာ ရုံတွေ မကောင်းတာတွေ ဆိုလို့ရှိရင် လူကြီးတွေ မသိအောင် ဖုံးကြတယ်၊ ဖိကြတယ်၊ လိမ်ကြတယ်၊ ညာကြတယ်။ ဒါကြောင့်မို့ စာရင်းအင်းတွေ တောင်မှ တိုင်းပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာလည်း မသိဘူး တိုင်းပြည်မှာ လယ်ယာ ဘယ်လောက်ဧက တစ်တိုင်းပြည်လုံးမှာ စိုက်ပျိုးဧက ဘယ်လောက်လဲ ဆိုတာလည်း မသိဘူး။ စပါး တစ်ဧကမှာ ဘယ်လောက်ဧက ထွက်တယ် ဆိုတာလည်း အမှန်အတိုင်း မသိဘူး။ သတင်းစာထဲမှာတော့ စပါးတွေက ဧက တစ်ရာ တစ်ဧကကို တင်း ၁၅၀ ထွက်တယ်တို့ တင်း ၂၀၀ ထွက်တယ်လို့ တင်နေကြတာ တကယ့် တစ်ကယ်တော့ ဒါတွေက အမှန် မဟုတ်ဘူး ဆရာတို့က အညာသား ဆိုတော့ အညာ အကြောင်း ကောင်းကောင်း သိတယ် အညာမှာ စပါးတင်း လေး၊ ငါးဆယ် ကိုတောင် အနိုင်နိုင် မိုးမှန်မှ လေမှန်မှ စပါး နဲနဲ ထွက်တာ အဲ့ဒါကို စပါးတင်း ၁၅၀ ထွက်တယ် ၂၀၀ ထွက်တယ် ဆိုပြီး ညာပြီး အစီရင်ခံကြတယ်။ အဲ့ဒီ အခါကျတော့ စီမံကိန်း ရေးဆွဲတဲ့ အခါကျတော့ အလွဲ အမှားတွေ ဖြစ်ပြီး ဒုက္ခ ရောက်ခဲ့ကြရတယ။် အဲ့ဒီလို ဘာကြောင့် ဖြစ်ရလဲဆိုရင် တစ်သွေး တစ်သံ တစ်မိန့် စစ်တပ်ကို အုပ်ချုပ်တဲ့ ပုံစံနဲ့ အရပ်ဘက် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့ အတွက် ဒါတွေဖြစ်ရတာ ဒါတွေ မဖြစ်စေချင်ရင် ဒီဟာကို ဆရာတို့က ပြောင်းလဲပစ်မှ ရမယ် ဒီမိုကရေစီ အရပ်ဘက် လူ့အဖွဲ့အစည်းကို စစ်တပ် အုပ်ချုပ်သလို အုပ်ချုပ်လို့ မရဘူး စစ်တပ်ပုံစံ သွင်းလို့ မရဘူး ဆိုတာကို သဘောပေါက် နားလည်ဖို့ လိုတယ်။
မေး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပေမဲ့ လက်ရှိအခြေအနေကို ဆရာဘယ်လို မြင်မိပါသလဲ။
ဆရာကတော့ အစောကြီးကတည်းက ဒါတွေကို သိထားပြီးသား မြင်ထားပြီးသား ဖြစ်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အစောကြီး ကတည်းက ဆရာ ပြောထားပြီးတဲ့ အတိုင်းပေါ့ စစ်တပ်နဲ့ ဒီမိုကရေစီ ဆိုတာ တံတားတစ်လမ်း သံတစ်လမ်း ဖြစ်တယ်။ အဲ့တော့ စစ်တပ်က ဒီမိုကရေစီ ရောက်အောင် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပေးမယ်လို့ ဆရာက မယုံခဲ့ဘူး။ မယုံခဲ့တဲ့ အတွက် မီဒီယာတွေ မှာလည်း ဆရာပြောခဲ့ပြီ ဆောင်းပါး အဖြစ်နဲ့လည်း ဆရာရေးခဲ့ပြီ ခေါင်းစဉ်ကတောင်မှ ယိမ်းကတဲ့ အထဲ မပါတော့ဘူးတဲ့။ ဒီမိုကရေစီ ယိမ်းကတဲ့ အထဲ ဆရာ ၀င်မပါတော့ဘူးလို့ ဆရာပြောခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆရာက ရွေးကောက်ပွဲနဲ့ ပတ်သက် တာတွေ ဒီမိုကရေစီနဲ့ ပတ်သက်တာတွေ ပြောလဲ မပြောတော့ဘူး။ ရေးလည်း မရေးတော့ဘူး။ မသိ ကျိုးကျွန်ဘဲ နေလိုက်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ဆရာက မယုံကြည်ဘူး။ မယုံကြည်တဲ့ အတွက် ဆရာက အဲ့လို ပျက်ပျက်ဘဲ ပြောခဲ့တယ်။ အခုလည်းဘဲ ဒါက လက်တွေ့ ဖြစ်လာရပြီ။ သူတို့နဲ့ ရသလောက်ကလေး တိုးပြီးတော့ လုပ်ကြတာပေါ့ ဆိုပြီး ၀င်လာတဲ့ နိုင်ငံရေး ပါတီတွေ တောင်မှ နှာဖူးတွေ့ ဒူးတွေ့ တွေ့တဲ့ အခါကျတော့ သူတို့ ကောင်းကောင်းကြီး အကြောင်း သိကုန်ကြပြီး (complain) တွေ အမျိုးမျိုး တက်နေကြတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကန့်ကွက်စာတွေ အမျိုးမျိုး ပို့နေကြတယ်။
သို့သော်လည်း ဘာမှ မထူးခြားဘူး အဲ့ဒါကို ဆရာ့အနေနဲ့ ကတော့ ဒီလွှတ်တော် ပြီးသွားရင်လည်း ဘာမှ ထူးမယ်လို့ မထင်ဘူး ရွေးကောက်ပွဲ ပြီးသွားလည်း ဘာမှ ထူးမယ်လို့ မထင်ဘူး။ ဒါကြောင့်မို့ ဆရာက ပြောခဲ့ပြီ အရင်တုန်းကလည်း ဆရာ အကြိမ်ကြိမ် ပြောခဲ့တယ်။ ၇၄ တုန်းကလိုဘဲ ဘာမှ မထူးပါဘူးလို့ ၇၄ တုန်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမရှိတာ ထပ်စာရင်တော့ ရှိတာက ကောင်းတာပေါ့ ဆိုပြီးတော့ ထောက်ခံ ခဲ့ကြတာဘဲ။ မဲပေးခဲ့ကြတာဘဲ။ အဲ့ဒီနောက် ရွေးကောက်ပွဲတွေ သုံးလေးကြိမ် လုပ်ခဲ့တာဘဲ တိုင်းပြည်ရဲ့ အခြေအနေက ဘာထူးလဲ ဘာမှမထူးဘူး။ အဲ့လို ရွေးကောက်ပွဲတွေ အခြေ အတင်လုပ်ရင်း တိုင်းပြည်ဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်သွားတာဘဲ။ အခုလည်းဘဲ ဒီရွေးကောက်ပွဲ ပြီးလည်းဘဲ အသွင်သဏ္ဍာန် သာလျှင် ပြောင်းသွား တာပေါ့။ အနှစ်သာရက ပြောင်းမသွားဘူး အနှစ်သာရက ပြောင်းသွားတယ်။ ရွေးကောက်ပွဲ ပြီးသွားလည်းဘဲ ဒီလို အခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ ရလိမ့်မယ်လို့ မထင်မိဘူး။ ဒါ ဆရာတစ်ဦးတည်းရဲ့ ထင်မြင်ချက်ဘဲ။ ၇၄ တုန်းက ဗိုလ်ချုပ်ကြီး နေ၀င်းက နေပြီးတော့ ဦးနေ၀င်းကို အာဏာ လွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ်သား အစိုးရ ပေါ်လာခဲ့တာဘဲ အခုလည်းဘဲ ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးသိန်းစိန်ကို အာဏာ လွှဲပေးလိုက်တဲ့ အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရ ပေါ်လာမှာဘဲ ဒါဘဲ ကွာခြားသွားမှာဘဲ အနှစ်သာရ အားဖြင့်တော့ ဘာမှ ထူးခြားမှာ မဟုတ်ဘူးလေ။
ဗိုလ်ချုပ်ကြီးသိန်းစိန်က စစ်သားဘဲ ဦးသိန်းစိန်ဖြစ်သွားလည်း သူ့ရဲ့ ခံယူချက်တွေ သူ့ရဲ့ အမှုအကျင့်တွေ သူ့ရဲ့စရိုက်တွေ ကတော့ စစ်သား စရိုက်ဘဲ ရှိနေအုန်းမှာဘဲ အဲ့တော့ ဆရာကတော့ အနှစ်သာရ အရ ဘာမှ ထူးမယ်မထင်ဘူး။
မျှဝေသောမြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။
Ref: ဒေါင်းမာန်ဟုန်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ရွေးချယ်
Monday, 31 January 2011
ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စစ်အစိုးရ၏ နံပါတ် ၃ အဆင့် ခေါင်းဆောင် သူရ ဦးရွှေမန်းအား ရွေးချယ် လိုက်သည်။
အများ ယုံကြည် ယူဆသကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင်ကသာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကြိုတင် တစ်ပြေးနေသည့် သူရ ဦးရွှေမန်း သမ္မတ ဖြစ်မည် ဆိုသော အချက်မှာ ပျက်ပြယ်သွားပြီး သမ္မတရာထူးကို ဝန်ကြီးချုပ် ဦးသိန်းစိန် ရရှိလိမ့်မည်ဟု ယနေ့ ခန့်မှန်းနေကြသည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်ကို ရွေးချယ် လိုက်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာထူးများကို မဲခွဲ ဆုံးဖြတ်သော်လည်း တက်ရောက်သူများ ထဲတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ အများစု ဖြစ်နေသောကြောင့် ကြံ့ဖွံ့ ပါတီဝင်များသာ ရရှိခြင်း ဖြစ်သည်ဟု ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များက ပြောကြသည်။
“တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကလည်း လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေ အတွက် တင်သွင်းတာ ရှိပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက အင်အား များနေတော့ သူတို့ဘက်ကပဲ မဲများသွားတဲ့ သဘောပါ” ဟု ပါတီ ကိုယ်စားလှယ် တဦးက ဆိုသည်။
ယနေ့ သဘာပတိအဖြစ် ဆောင်ရွက်သည့် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပါတီစွဲ မထားကြရန်၊ ပုဂ္ဂိုလ်စွဲ မထားကြရန်နှင့် ပါတီအချင်းချင်း ဝေဖန် တိုက်ခိုက်မှုများ မပြုလုပ်ရန် မှာကြားသည်ဟု လွှတ်တော် တက်ရောက်ခဲ့သော ကိုယ်စားလှယ်များက ပြောသည်။
ဒုတိယ သမ္မတ ၃ ဦးကို မနက်ဖြန် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်မည်ဖြစ်ပြီး တပတ် အတွင်း အစိုးရသစ် ဖွဲ့စည်းမည် ဖြစ်ကြောင်းလည်း သိရသည်။
ပါတီ ကိုယ်စားလှယ် တဦးက မနက်ဖြန်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင်လည်း ယနေ့ မဲခွဲသည့် ပုံစံအတိုင်း ဒုတိယ သမ္မတ များကို ရွေးချယ်မည် ဖြစ်သောကြောင့် အင်အား ကြီးမားနေသည့် ကြံ့ဖွံ့ ပါတီဝင်များ ထဲကသာ ဒုတိယ သမ္မတများ ဖြစ်ခွင့်ရှိမည်ဟု ယူဆကြောင်း ပြောသည်။
တိုင်းရင်းသားပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများ အနေနှင့် ယနေ့ စတင်ကျင်းပသည့် လွှတ်တော် အစည်း အဝေးတွင် ပြောကြားသည် များကို ထိုင်နားထောင်ရုံသာ ရှိသောကြောင့် စိတ်ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။
“ဒီနေ့ လွှတ်တော်ကြီးကတော့ ဘာမှ ပျော်စရာမကောင်းတဲ့၊ ထူးခြားမှု မရှိတဲ့ သာမန် အစည်းအဝေး တခုပါပဲ” ဟု လွှတ်တော်သို့ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောပြသည်။
ဆက်လက်၍ ၎င်းက ခန့်မှန်းထားပြီးဖြစ်သော လုပ်ထုံး လုပ်နည်းများ အတိုင်းသာ ကျင်းပသွားသည့် အစည်းအဝေး တရပ်သာဖြစ်သည်ဟု ဆိုသည်။
ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ စတင် ကျင်းပသော လွှတ်တော် အစည်း အဝေးသည် ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
မနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို သီးသန့် ခွဲခြားကာ ကျင်းပသော်လည်း နေ့လယ် ထမင်းစားပြီးချိန်တွင် ၎င်းလွှတ်တော် ၂ ရပ်ကိုပေါင်း၍ ပြည်ထောင်စု လွှတ်တော်ဟု အမည်တပ်ကာ ကျင်းပခဲ့ကြောင်း၊ အဆိုပါ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိအဖြစ် တာဝန်ယူသည် ဟူ၍ လည်းကောင်း သိရသည်။
ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အများစုနှင့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၆၀၀ ကျော် တို့သည် ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြရာ၌ တပ်မတော်သား ကိုယ်စားလှယ်များက ၎င်းတို့ သက်ဆိုင်ရာ ယူနီဖောင်းများဖြင့် တက်ရောက်ကြသည်။
တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ ကိုယ်စားလှယ်များက တခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့် ဒီမို ကရက်တစ် အင်အားစုများအား စကားပြောဆိုခြင်း၊ ရင်းနှီး နွေးထွေးခြင်း မရှိဟု ကိုယ်စားလှယ်များက ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုအရ သူရ ဦးရွှေမန်း အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များ၊ ဝန်ကြီးများက နေ့လယ်စာကို သီးသန့် စားသောက်သည်ဟု သိရသည်။
ယနေ့တွင် ကိုယ်စားလှယ်များအား စိစစ်ခြင်း၊ အစည်းအဝေး သဘာပတိ ရွေးချယ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ကတိ သစ္စာပြုခြင်း၊ ပြည်သူ့ လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့အား ရွေးချယ်ခြင်း၊ ရွေးချယ် ခံလိုက်ရသော လွှတ်တော် ဥက္ကဋ္ဌများက သဘာပတိ ထံမှ တာဝန်များ လွှဲပြောင်းယူပြီး နောက်တနေ့ အစီအစဉ်များကို လွှတ်တော် ဥက္ကဋ္ဌများက ချမှတ် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့သည်။
လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို တက်ရောက်ခွင့် မပြုသော်လည်း သတင်းထောက် အများစုမှာ နေပြည်တော်တွင် ရောက်ရှိ နေကြသည်။
နေပြည်တော်တခွင်တွင် လုံခြုံရေး အထူး တိုးမြှင့်ထားပြီး လွှတ်တော် အဆောက်အအုံ သို့ သွားရာ ကားလမ်းမကြီးကို မည်သူမျှ ဖြတ်သန်းခွင့် မပြုတော့ကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။
ရန်ကုန်ရှိ ပြည်သူလူထုမှာ နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးကို စိတ်ဝင်စားခြင်း မရှိကြကြောင်း ရန်ကုန် အခြေစိုက် သတင်း အယ်ဒီတာ တဦးက ပြောသည်။
“ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ရွေးကောက်ပွဲတုန်းက အလိမ်ခံထားရတော့ လူတွေက အခု လွှတ်တော်ကလည်း ဘာမှ ထူးမှာ မဟုတ်ဘူး ဆိုပြီးပဲ ပြောနေကြတယ်” ဟု သူက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတအဖြစ် တာဝန် ယူသွားမည်ဟု နေပြည်တော် စစ်တပ် အသိုင်း အ၀န်းနှင့် အစိုးရ ၀န်ထမ်း အသိုင်းအဝန်းက ထင်မြင် ယူဆခဲ့ကြသည်။
Ref: ဧရာဝတီ်
စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး
တနင်္လာ, 31 ဇန်နဝါရီ 2011
မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှမ်းမိုး ထားလိမ့်မယ် ဆိုတာကို မူလကတည်းက မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန် ကြေညာပြီးသား ဖြစ်ပါတယ်။
“အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က ပြောထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တရပ်ကို မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ် ပြုဖို့ ငြင်းပယ် ခဲ့တာကိုလည်း စိတ်ပျက် မိတဲ့ အကြောင်း ပြောပါတယ်။
တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို အသိအမှတ် ပြုတာဟာ မြန်မာ အာဏပိုင်တွေ အတွက် အခွင့်အလမ်း တရပ် ဖြစ်တယ် လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာ အာဏာ ပိုင်တွေဟာ နောက်ထပ် အခွင့်အရေး တရပ်ကို ဆုံးရှုံး နစ်နာ ခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် လွှတ်တော်တွေ ကိုလည်း ခေါ်ယူ ကျင်းပ ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။
သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော် သမ္မတ ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာနိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု စတင်မယ်လို့ မျှော်လင့်ရပါတယ်။
အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရရှိ လာနိုင်လိမ့်မယ်လို့ မယူဆ ကြပါဘူး။
Monday, January 31, 2011
အီဂျစ်နိုင်ငံမှာ ၆ ရက်မြောက်နေ့ အဖြစ် ဆက်လက် ဆန္ဒပြ
တနင်္ဂနွေ, 30 ဇန်နဝါရီ 2011
သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ရေးကို ဆန့်ကျင် ကန့်ကွက်တဲ့ သောင်းချီတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲတွေ ၆ ရက်မြောက်နေ့အဖြစ် ကိုင်ရိုမြို့နဲ့ အလက်ဇန္ဒရားမြို့တွေက လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်နေပါတယ်။
တိုက်လေယာဉ်တွေက ကောင်းကင်မှာ ပျံဝဲနေတဲ့ အချိန်မှာ လူထုကြီးက ကိုင်ရို Tahrir ရင်ပြင်မှာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ကတည်းက သေဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲ တရပ်ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြတာပါ။ ဆုတောင်းပွဲအပြီးမှာ ဆန္ဒပြသူတွေက ဆင်းပေး၊ ဆင်းပေးလို့ အာရပ်လို ကြွေးကြော်ခဲ့ကြပါတယ်။
လမ်းတွေပေါ်မှာ စစ်တပ် အကြီးအကျယ် ချထားပါတယ်။ အကြမ်းဖက်တာတွေ ဖြစ်ခဲ့တာကြောင့် အင်္ဂါနေ့ကတည်းကဆိုရင် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြရပြီး ခန့်မှန်း လူ ၁,၀၀၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။
အပိတ်ပင်ခံထားရတဲ့ Muslim Brotherhood နိုင်ငံရေးပါတီက အဖွဲ့ဝင် အနည်းဆုံး ၃၄ ယောက်ဟာ ဆန္ဒပြ သူတွေက ထောင်တွေကို သိမ်းပိုက် လိုက်ပြီးတဲ့နောက် တနင်္ဂနွေနေ့က ထောင်ထဲက ထွက်လာ ခဲ့ကြပါတယ်။
ပါတီ ပြောရေးဆိုခွင့်ရှိသူက ဒီသတင်းကို တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အင်္ဂါနေ့ ကတည်းက ဖြစ်ခဲ့တဲ့ ကိုင်ရို၊ အလက်ဇန္ဒရားနဲ့ တခြား အီဂျစ်မြို့တွေမှာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကာလအတောအတွင်း အကျဉ်းသား ထောင်ပေါင်းများစွာ လွတ်လာခဲ့တဲ့ အထဲမှာ မူဆလင် ညီအကိုတော်များ အဖွဲ့က အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: VOA News
နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ
Friday, 28 January 2011
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံး ပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာများက ပြောသည်။အားအင်ကုန်ခမ်း၍ ပစ္စည်းမထမ်းနိုင်သူများနှင့် ထွက်ပြေးသူများကို နအဖ တပ်မ၂၂ လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) ၂၀၈ တပ်ဖွဲ့ ၀င်များက တခြားသော အကျဉ်းသားများ ရှေ့တွင်ပင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက် လာသည့် အကျဉ်းသား ပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ် ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။
ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့် ပေးပါလို့ ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။
ပစ္စည်း မထမ်းနိုင်သည့် ပြည် ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ် ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။
"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ် လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေ မခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကို ကြိမ်းတယ်၊ အသတ် ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို (၁၈) နှစ်နဲ့ အောင်သူဝင်း (၁၇) နှစ်" ဟု ၎င်းက ပြောပြသည်။
ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံ ဖမ်းဆီးပြီး တဦးကို နားထင်သေနတ် တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင် တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသား ပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။
အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှ တဆင့် လွန်ခဲ့သည့် ရက်ပိုင်း အတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။
၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်းနိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိ လာကြ သူများဖြစ်သည်။
ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်မဟာ ၇ မှ လက်ခံ စောင့်ရှောက် ထားပြီး ယခုလ အတွင်း မာနယ်ပလော ဒေသမှ ထွက်ပြေးလာသည့် အကျဉ်းသား ပေါ်တာ ၄၀ ခန့် ရှိသွားပြီဟု တပ်မဟာ ၇ မှ တပ်မှူးတဦးက ပြောဆိုသည်။
KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၂၂ သည် ယမန်နေ့က လှိုင်းဘွဲ့မြို့နယ် ခေါတူးခီး ရွာ ရှိ ကရင် နယ်ခြား စောင့် တပ်ရင်း ၁၀၁၅ ၏ ရှေ့တန်း ကင်းစခန်း တခုကို ၀င်ရောက်စီးနင်းရာ ဗိုလ်ကြီး အဆင့်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦး ကို လက်နက်မျိုးစုံ ၁၄ လက်နှင့်အတူ သိမ်းဆီး ရမိခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်များ ဖြစ်ပွား နေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့ သည်။
ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက် လိုသောကြောင့် ဇန်န၀ါရီ လဆန်းပိုင်း ကလည်း အကျဉ်းသား ပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင် လာခဲ့ကြသေးသည်။
Ref: ဧရာဝတီ်




BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88