Friday, July 15, 2011

အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2011-07-14

လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံ့တာဝန်တွေကို အမြန် ဆောင်ရွက်ဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။


“ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက် အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။ ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမည့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက် တာတွေကို အမြန်ဆုံး လုပ်တာဟာ တိုင်းပြည် အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုလည်း လုပ်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။”

သောကြာနေ့တိုင်း RFA က အပတ်စဉ် တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ် အတွက် သောတရှင် တဦးက လက်ရှိ အစိုးရရဲ့ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ဖြေကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံကို သောကြာနေ့ည တက်ဆက်မယ့် `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြစ်ဆုံရေကာတာ ဆက်လက်တည်ဆောက်

2011-07-14

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် မဖော်ဖို့ ပညာရှင်တွေ တားမြစ်တဲ့ကြားက တရုတ် အစိုးရပိုင် ကုမ္ပဏီနဲ့ မြန်မာ အစိုးရနဲ့ နီးစပ်တဲ့ အေရှားဝေါလ် ကုမ္ပဏီတို့က ရှေ့ဆက် ဆောင်ရွက်နေတယ်လို့ Burma Rivers Network မြန်မာ မြစ်များ ကွန်ယက် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။


စာမျက်နှာ ၉၄၀ ကျော်ပါ Environmental impact assessment ပတ်ဝန်းကျင် ထိခိုက်မှု သုံးသပ်ချက်မှာ ဧရာဝတီ မြစ်ဆုံမှာ ဒီလို ဧရာမ ရေကာတာကြီး ဆောက်လုပ်ဖို့မလိုအပ်ဘူးလို့ဖော်ပြထားပါတယ်။

Environmental impact assessment EIA ဆိုတဲ့ မဲခေါင် မြစ်ဝှမ်းဒေသမှာ ဆည်တွေ မဆောက်လုပ်ခင် ကြိုတင် တိုင်းတာ ဆန်းစစ်ချက်မှာ ရေကာတာ တည်ဆောက်မှာကို ကန့်ကွက် တားမြစ်ထားပေမဲ့ ဆောက်လုပ်နေတယ်လို့Burma Rivers Network အဖွဲ့က မအာနန်က ပြောပါတယ်။

"၂၀၀၉ ခုနှစ်ကထဲက ထုတ်ထားတဲ့ လေ့လာမှု EIA မှာ မြန်မာ ပြည်သူ လူထုတွေကို ပြရမယ်ဆိုပြီး ပညာရှင်တွေက ပြောထားတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဗမာအစိုးရတွေက ဖွက်ထားတယ်။ ဘယ်တုန်းကမှလည်း ပြည်သူ လူထု ဆီလည်း မရောက်ဘူး။"

ဒီလေ့လာချက်အတွက် ရေကာတာ ဆောက်လုပ်မည့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းက ငွေကြေး အကုန်အကျခံပြီး မြန်မာနိုင်ငံက ဘန်ကာလို့ အတိုကောက် ခေါ်တဲ့ Biodiversity and Nature Conversation Association ဇီဝ မျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေး အသင်းနဲ့ တရုတ်နိုင်ငံက CISPDR- Changjiang Instituite of surveying, planning, design and research – Changjiang စစ်တမ်း၊ စီမံကိန်း၊ ဒီဇိုင်းနဲ့ သုတေသန အဖွဲ့တို့က ပညာရှင် ၈၀ ပါတဲ့ အဖွဲ့က ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ကနေ မေလအထိ ၅ လ ကြာ ကွင်းဆင်း စစ်ဆေးပြီး ရေကာတာ မဆောက်လုပ်ဖို့သတိပေး ပြောကြားခဲ့တာပါ။

ဒီမတိုင်ခင်ကလည်း ဂျပန်နိုင်ငံက လေ့လာရေး အဖွဲ့ တခု လာရောက် တိုင်းတာ စစ်ဆေးဖူးပြီး မြစ်ဆုံမှာ ရေကာတာ တည်ဆောက်ရင် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်၊ လူနေမှု ဘ၀တွေလည်း ပျက်ပြားမှာမို့ ရေကာတာ လုပ်ဖို့လက်လျှော့ သွားဖူးပါတယ်။
Ref: အာရ်အဖ်အေ

Read More...

ရပ်ဝေးထောင်ဝင်စာ ၁၅ မိနစ်သာ ခွင့်ပြု

2011-07-14

နိုင်ငံရေး အကျဉ်းသားတွေကို ဝေးလံတဲ့ထောင်တွေကို ပို့ထားတဲ့ အတွက် မိသားစု လာရောက် တွေ့ဆုံဖို့ ခက်ခဲတဲ့ အပြင် လာရောက်ချိန်မှာလည်း မိနစ် အနည်းငယ်သာ တွေ့ဆုံခွင့် ရတဲ့ အကြောင်း သိရပါတယ်။


ပြီးခဲ့တဲ့ အပတ်ထဲက ရန်ကုန်မြို့ ကနေ ကျောက်ဖြူထောင်ကို ပို့ထားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုမျိုးမင်းကို ထောင်ဝင်စာ တွေ့ချိန်မှာ ထောင်တာဝန် ရှိသူတွေက တာဝန်အရ ဆိုပြီး ၁၅ မိနစ်သာ တွေ့ခွင့် ပြုခဲ့တဲ့ အကြောင်း ဇနီးဖြစ်သူ မနီနီမာက RFA ကို ပြောပါတယ်။

၂၀၀၈ ခုနှစ်က တရားမ၀င် သင်းပင်း ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၈ နှစ် ချခံထားရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူ ကိုမျိုးမင်းကို ခရီးဝေးလွန်းတဲ့ အတွက် သူ့အနေနဲ့ ၂ နှစ်လောက်ကြာမှ တစ်ခေါက်လောက်သာ ထောင်ဝင်စာ သွားတွေ့ နိုင်တယ်လို့ ဇနီးဖြစ်သူ မနီနီမာ က ပြောပြပါတယ်။

ကိုမျိုးမင်းကို ၂၀၀၈ ခုနှစ်က HRDP ခေါင်းဆောင် ဦးမြင့်အေးတို့ နဲ့ အတူ ဖေါက်ခွဲရေး အမှု၊ တရားမ၀င် အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် စစ်ကြောရေးမှာ ညှဉ်းပန်း နှိပ်စက် ခံရပြီးနောက် ထောင်ဒဏ် ချခံခဲ့ရ ပါတယ်။ အင်းစိန်ထောင်မှာ ၄ လနေပြီး ကျောက်ဖြူထောင်ကို ပို့ခဲ့တာ ဖြစ်ပါတယ်။

ကိုမျိုးမင်းရဲ့ ဇနီးသည်မှာ ခလေး ၄ ယောက်နဲ့ အတူ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အတွက် ထောင်ဝင်စာ ပေးစရာ ယူဆောင် သွားနိုင်တာ မရှိသလို၊ တွေ့ချိန်မှာလည်း ထောက်လှမ်းရေးက အနားမှာ စောင့်ပြီး ရေးမှတ်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသား တွေကို ဖမ်းဆီး ထောင်ချတဲ့အပြင် သူတို့ရဲ့ မိသားစုကိုပါ ဒဏ်ပေးထား သလို ဖြစ်နေကြောင်း ဇနီးဖြစ်သူ မနီနီမာ က ပြောပါ တယ်။

ကိုမျိုးမင်းဟာ ကျောက်ဖြူထောင်မှာ ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ကြည့်မြင်တိုင် မြို့ နယ်၊ စိတ်ကြီးဦးမြ ရပ်ကွက်မှာ နေထိုင် သူဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ ကိုမျိုးမင်းဟာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အစိုးရသစ် လက်အောက် အကောက်ဂိတ်များ ကုလားတန်မြစ်ကြောင်းတွင် သောင်းကျန်းနေ

7/14/2011
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့အထက်ပိုင်း မြန်မာနှင့် အိန္ဒိယ အကြား ကုန်သွယ်ရာ ကုလားတန် မြစ်ကြောင်း တလျှောက်တွင် ဒေသ အစိုးရ အာဏာပိုင်များက ဖွင့်လှစ်ထားသော အကောက်ဂိတ် များကြောင့် ကုလားတန် မြစ်ကို မှီပြီး လုပ်ကိုင် စားသောက် နေကြသော ပြည်သူများ အထူး ဒုက္ခ ရောက်လျှက် ရှိကြောင်း သိရသည်။

ကျောက်တော်- ပလက်ဝနှင့် အိန္ဒိယ နယ်စပ် တရောက်ထိ ကုလားတန် ဖြစ်ကြောင်း တလျှောက်တွင် အာဏာပိုင်များက ဖွင့်လှစ်ထားသော အကောက်ဂိတ်ပေါင်း အနည်းဆုံး ၂၀ ခုရှိပြီး အဆိုပါ အကောက်ဂိတ်များက တရာမ၀င် ကုန်ပစ္စည်း များသာမက တရားဝင် ကုန်ပစ္စည်းများကိုပါ အကောက် ကောက်ခံနေကြောင်း သိရသည်။


" ပါဝင်ပတ်သက်နေတဲ့ ဌာနတွေကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အကုန်လုံးပါဘဲ ခင်ဗျား။ စစ်တပ်၊ ရဲ၊ သစ်တော၊ တခြား မြို့နယ် အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါဝင် ပတ်သက် နေပါတယ်။ ကျောက်တော်ကနေ ပလက်ဝ၊ အဲဒီက တဆင့် အိန္ဒိယ နယ်စပ် တရောက်ထိ ရေလမ်း ခရီးတလျှောက်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်" ဟု ကုလားတန် မြစ်ကြောင်းအတိုင်း စုန်ဆန် သွားလာ နေသော စက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။

ကုလားတန် မြစ်ကြောင်း တလျှောက် ဖွင့်လှစ်ထားသော အကောက်ဂိတ်များကို သူ မှတ်မိသလောက် သူက ယခုကဲ့သို့ ပြောသည

" ကျောက်တော်မြို့ကနေ နယ်စပ်အထိ ၂၀ ခုရှိတဲ့ အထဲမှာ ကျောက်တော်မြို့ဆိုရင် ကျောက်တော် မြို့မဂိတ် ဖြစ်ပါတယ်။ အဲဒီမြို့မဂိတ်မှာဆိုရင် ရဲ၊ SP၊ ဆိပ်ကမ်းရဲ (ရေယာဉ်)၊ စရဖ၊ မယက (အခု မြို့နယ် အုပ်ချုပ်ရေး အဖွဲ့) ဌာနပေါင်းစုံ ပါဝင် ပါတယ်။ နောက်တခါ စကခ ၉ က ဖွင့်ထားတဲ့ ရွှေပြည် ကျေးရွာ အကောက်ဂိတ်၊ တင်းမကျေးရွာ ဖွင့်လှစ်ထားတဲ့ တင်းမ ရဲစခန်း အကောက်ဂိတ်၊ ပီဟုမ်း အကောက်ဂိတ်၊ မီးဝနဲ့တဖက် တကမ်းမှာ ကျောက်တော်မြို့နယ်အဆုံးနားမှာ ဖွင့်ထားတဲ့ ဂိတ်၊ အကောက်ဂိတ်တွေကတော့ အများကြီးပါဘဲ" ဟုသူက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန် မြစ်ကြောင်း တလျှောက်ဖွင့်လှစ်ထားသော အကောက်ဂိတ် များမှာ ဒလက်မေ ဂိတ်၊ ငတက် အကောက်ဂိတ် ၊ နှုံးဗူး အကောက်ဂိတ်၊ တောင်ပြို အကောက်ဂိတ်၊ တုန်းမောင်းဝ အကောက်ဂိတ်၊ တရွန်အိုင် အကောက်ဂိတ် ၊ တရွန်အိုင်နှင့်ချင်းလက်ဝ ကြားမှာ စစ်တပ် လှုပ်ရှားစစ်ကြောင်းများက ဖွင့်လှစ်ထားသော အကောက်ဂိတ်များ ဖြစ်ကြသည်။

" သူတို့ဘယ်လို ကောက်တယ်ဆိုရင် ရခိုင်ကနေ အိန္ဒိယကို ယူတဲ့ ၀က်တကောင်ကို ဂိတ်တိုင်းက ၅၀၀ ကျပ် ကောက်ယူ ပါတယ်၊ ပိဿာ ၂၅ ပိဿာ ရှိတဲ့ ဒေသအခေါ် ငပိ တကိုင် ဆိုရင် ၅၀၀ ကျပ် ကောက်ပါတယ်။ ငါးခြောက်အိတ်ကတော့ အကြီးအငယ်အလိုက် တအိတ်ကို ကျပ် ၅၀၀ ကနေ ၁၀၀၀ ကျပ်ထိ ကောက်ပါတယ်။ အကောက်ဂိတိတွေက ကောက်တာ အားလုံးကို ပေါင်းလိုက်ရင် ၀က်တကောင် ကျောက်တော်က အိန္ဒိယ နယ်စပ်ထိ ရောက်ဖို့ကျပ် ၇၀၀၀၀ မှ ၈၀၀၀၀ထိ ပေါက်ပါ တယ်။ တခြားကုန်တွေလည်း ဒီအတိုင်းဖြစ်ပါတယ်။ အိန္ဒိယကို ရောက်ရင် အမြတ်ကျန်ရုံဘဲ ကျန်ပါ တယ်။ ဒါကလည်း ၀က်အကောင်ကြီးတွေမှ တွက်ခြေကိုက်တာပါ" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ အကောက်များသော်လည်း အိန္ဒိယနယ်စပ်တွင် ၀က်သားတစ်ကီလို ၂၅၀ ရူပီ ဈေးရှိသဖြင့် အိန္ဒိယသို့ဝက်တင်ပို့ ရသည်မှာတွက်ခြေကိုက်ကြောင်းသူက ပြောဆိုသည်။

" ငွေလှဲနှုန်းမှာ အိန္ဒိယ တစ်ရူပီကို မြန်မာကျပ်ငွေ ၁၆ ကျပ်ဈေးရှိတော့ မြန်မာဘက်က ကုန်တွေ အိန္ဒိယကို တင်ပို့ရတာ တွက်ခြေကိုက်ပါတယ်။ ၀က်ကတော့ အများကြီး တင်ပို့ပါတယ်" ဟု သူက ပြောသည်။

အိန္ဒိယနှင့် ရခိုင်ပြည်နယ် အကြားကုန်သွယ်ရာတွင် ရခိုင်ဘက်မှ ၀က်၊ ကြက်၊ ဆိတ်၊ ငပိ၊ ငါးခြောက်၊ ဆားနှင့် စိုက်ပျိုးသီးနှံ များကို တင်ပို့ကြပြီး အိန္ဒိယဘက်မှ အိမ်သုံးဆေးဝါး အမျိုးမျိုး၊ အပ်ခြုပ်စက်များ၊ ကွမ်းစားဆေးရွက်ကြီး၊ ကွမ်းယာမွှေးများ၊ ငရုပ်ကောင်းစေ့၊ ဂျင်းနှင့် အိန္ဒိယ နိုင်ငံထုတ် လူအသုံး အဆောင် ပစ္စည်းများနှင့် အိုးခွက်များးကို တင်သွင်းကြသည်ဟု သိ ရသည်။

Ref: နိရဉ္စရ

Read More...

Thursday, July 14, 2011

အလုပ်သမား ၄ ထောင်ကျော် တောင်ကိုရီးယားသို့ စေလွှတ်မည်

14 July 2011

အလုပ်သမား ၀န်ကြီးဌာနက ယခုနှစ်တွင် မြန်မာအလုပ်သမား ၄၁၀၉ ဦးကို EPS (Employment Permit System) စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။


မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ အရာရှိတဦးက “၄၁၀၉ ဦးဆိုတာက ကိုရီးယားအစိုးရက ရန်ကုန်မှာ စစ်ဆေးတဲ့ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (Korera Language Test) အောင်ထား ပြီးသားသူတွေပါ။ ကိုရီးယား အလုပ်ရှင်တွေဆီ ကို အလုပ်သမားတွေရဲ့ ကိုယ်ရေးအကျဉ်းတွေပို့ပြီး အလုပ်ရှင်ကြိုက်လို့ခေါ်တာနဲ့ ချက်ချင်း ကိုရီးယား သွားလို့ရအောင် စီစဉ်ပေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကိုးရီးယားအစိုးရနှင့် မြန်မာအစိုးရအကြား ၂၀၀၈ ခုနှစ်က ချုပ်ဆိုခဲ့သော နားလည်မှု စာချွန်လွှာအရ နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှု စနစ် (EPS) ဖြင့် စေလွှတ်ရန် သဘောတူညီခဲ့သည်။

မူလတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ဆောင်ရွက်လျက်ရှိသော ရွှေအင်းဝ ပြည်ပအလုပ်အကိုင် ရှာဖွေ ရေးအေဂျင်စီက အလုပ်သမားဝန်ကြီးဌာန ကိုယ်စား မြန်မာအလုပ်သမားများ စေလွှတ်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ရွှေအင်းဝ ကုမ္ပဏီနှင့် ကိုရီးယား အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (Korea Human Resources Development) နှင့် ပြသနာများဖြစ်ပွားပြီးနောက် မြန်မာအလုပ်သမား ပို့ဆောင်မှု ရပ်ဆိုင်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အလုပ်သမားဝန်ကြီးဌာနက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီဆိုသော အမည်ဖြင့် ထူထောင်ကာ မြန်မာအလုပ်သမားများကို တောင်ကိုရီးယား စေလွှတ်ရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတဦးက “အလုပ်တွေက စက်မှုကုန်ထုတ်လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မျိုးစုံပဲ။ ၂ နှစ်စာချုပ်နဲ့ သွား အလုပ်လုပ်ရမယ်။ ၂ နှစ်ဆိုပေမယ့် ၁ နှစ်ပြည့်ပြီးရင် ပြန်ချင်ရင်ပြန်၊ မပြန် ချင်ရင်လည်း ဆက်ပြီး ကိုရီးယားမှာ အလုပ်လို့ရတယ်” ဟု ပြောသည်။

တောင်ကိုရီးယားသို့ သွားရောက်မည့် မြန်မာအလုပ်သမားတိုင်းသည် မသွားရောက်မီ သိန်း ၃၀ တန်ဖိုးရှိ အာမခံစာချုပ် ချုပ်ဆို ရမည်ဖြစ်ပြီး ကိုရီးယားရောက်ရှိချိန် လုပ်ငန်းခွင်မှ ထွက်ပြေးပြီး တရားမ၀င် အလုပ်သမားဘ၀ဖြင့် တခြားအလုပ်များသို့ ပြောင်းရွှေ့ လုပ်ကိုင်လျှင်လည်းကောင်း၊ အလုပ်စာချုပ်သက်တမ်း မပြည့်မီ မြန်မာနိုင်ငံ ပြန်လာလျှင်သော်လည်းကောင်း မြန်မာ အလုပ်သမားဝန်ကြီးဌာနသို့ လျှော်ကြေးပေးရမည်ဟု ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရှိရသည်။

အလုပ်သမားတဦးလျှင် ကိုရီးယားနိုင်ငံသို့ သွားရောက်ရေး ဝန်ဆောင်ခအဖြစ် အလုပ်သမားဝန်ကြီးဌာနသို့ ကျပ် ၈ သိန်း ပေး ဆောင်ရမည်ဖြစ်ပြီး ရရှိလာသော ၀င်ငွေခွန်ကိုလည်း မြန်မာအစိုးရသို့ တရားဝင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လူငယ်အများအပြား စိတ်ဝင်စားကြကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောသည်။

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီ ပိုင်ရှင်တဦးက “မလေးရှားလည်း ခေတ်မကောင်း၊ စင်ကာပူလည်း မကောင်း၊ ထိုင်း ကလည်း တွက်ခြေမကိုက်ဘူး။ စင်ကာပူ သွားမယ်ဆိုရင် အနည်းဆုံး သိန်း ၂၀ တော့ ကုန်တယ်။ အဲဒီတော့ ၀န်ဆောင်ခ သက်သက်သာသာနဲ့ ကိုရီးယားနဲ့ မြန်မာအစိုးရ လုပ်တဲ့ EPS ကိုရီးယားအလုပ်အကိုင်ကိုပဲ လူငယ်တွေ စိတ်ဝင်စားကြတယ်။ အလုပ်သမားတယောက်မှ ၈ သိန်းပဲ ကုန်မှာဆိုတော့ အားလုံးလက်လှမ်းမီတယ်။ လူငယ်တွေက အခု ကိုရီးယားကားကြည့်၊ ကိုရီးယားစကားပြောကျင့်ပြီး ကိုရီးယားအလုပ်လုပ်သွားဖို့ပဲ စိတ်သန်နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ အရှေ့ပိုင်းတက္ကသိုလ်တွင် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတွင် ၄၅၂၃ ဦးဖြေဆိုခဲ့ပြီး ၄၁၀၉ ဦး အောင်မြင်ခဲ့သည်။

ကိုရီးယား ဘာသာစကား အရည်အချင်းစစ် ဖြေဆိုရန် စာမေးပွဲကြေး ပေးသွင်းရမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၉ နှစ် အတွင်း၊ ထောင်မကျဖူးသူ၊ တောင်ကိုရီးယားမှ နှင်ထုတ်ထားခြင်းမခံရသူများ ဖြစ်ရမည်ဟု မြန်မာတိုင်းမ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းမှုများကြောင့် လူငယ်အများစုသည် မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီး၊ ကိုရီးယား၊ ဂျပန် အပါအ၀င် စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင် ပေါများသော နိုင်ငံများသို့ ပြောင်းရွှေ့ လုပ်ကိုင်ကြသည်။

ရန်ကုန်မြို့တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၀၀ ကျော်ရှိသည်။

Ref: ဧရာဝတီ

Read More...

မြန်မာစစ်တပ် ကလေးစစ်သားစုဆောင်းမှု ပိုမိုတိုင်ကြားခံရ

လင်းသန့်
14 July 2011

မြန်မာအစိုးရ စစ်တပ်တွင်း ရှိနေသော ကလေးစစ်သားများနှင့် ပတ်သက်သည့် ပြဿနာ တိုင်ကြားမှုများမှာ ယခုနှစ်တွင် ပိုမိုတိုးမြင့် လာကြောင်း ရန်ကုန် အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံး တာဝန်ခံက ပြောသည်။


ILO သို့ တိုင်ကြားထားသည့် ကလေးစစ် သားများနှင့် ပတ်သက်သည့် အမှုအရေ အတွက်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ အထိ စာရင်းအရ ၄၂၄ မှုရှိကြောင်း၊ အဆိုပါ အမှုများထဲမှ အာဏာ ပိုင်များထံသို့ ILO မှ တင်ပြထားသည့် အမှု ၃၂၆ မှုရှိကြောင်း၊ စစ်ဆေးဆဲ မပြီးပြတ်သေးသော အမှုစုစုပေါင်း ၂၄၂ မှုရှိကြောင်းနှင့် ဖြေရှင်း ပြီး မိဘရပ်ထံ ပြန်လည် လွတ်မြောက်လာသော ကလေးစစ်သား စုစုပေါင်း ၁၇၂ ယောက် ရှိ ကြောင်း ILO နှင့် ဆက်သွယ် ဆောင်ရွက် သူများကွန်ရက်၏ ယခုနှစ် ဇူလိုင် စစ်တမ်းတွင် ဖော်ပြထားသည်။

ှုILO မှ အာဏာပိုင်များထံ တင်ပြထားသော အမှုများထဲတွင် အသက် ၁၆ နှစ်နှင့်အထက်၊ ကလေးစစ်သားထဲတွင် အကျုံးမဝင် သော အမှုများလည်း ပါဝင်နေကြောင်း သိရသည်။

နိုင်ငံတကာ ဥပဒေအရ အစိုးရစစ်တပ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းသည် အသက် ၁၅ နှစ်အောက် ကလေး သူငယ်များကို စစ်သားအဖြစ် မစုဆောင်းရန် ကန့်သတ် ထားသည်။ ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်း ခြင်းသည် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တင်နိုင်သည့် စစ်ရာဇ၀တ်မှု မြောက်ကြောင်းလည်း အတိအလင်း ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ILO ရုံးမှ ကလေးစစ်သားအမှု စတင်ကိုယ်တွယ်ခွင့်ရခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားမှု ၁၃ မှု၊ ၂၀၀၈ ခုနှစ်တွင် ၃၁ မှု၊ ၂၀၀၉ ခုနှစ်တွင် ၈၁ မှုနှင့် ၂၀၁၀ ပြည့်နှစ်တွင် ၂၁၀ မှုအထိ ရှိလာကြောင်း တိုင်ကြားချက်များအရ သိရသည်။

“အခုနှစ် တိုင်ကြားမှုက အရင် ၃ နှစ်တိုင်ကြားမှုနဲ့ အရေအတွက်တူလာတာ သတိထားမိစရာ ဖြစ်တယ်။ ကျနော်တို့ ဆီက ပညာပေး စာစောင်တွေ ဖြန့်ဝေတာကြောင့်လည်း လူတွေက ဥပဒေအရ တိုင်ရမှန်းသိလာတာကြောင့်လည်း ဖြစ်နိုင်တယ်” ဟု ILO ရန်ကုန်ရုံးခွဲ တာဝန်ခံ မစ္စတာ စတိဖ်မာရှယ် က ရှင်းပြသည်။

ကလေးစစ်သားကိစ္စ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေသည့် ကိစ္စများအတွက် စိုးရိမ်နေရဆဲ ဖြစ်ပြီး ကမ္ဘာ့ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းကာ ပူးတွဲကော်မတီ တရပ်အနေဖြင့် အဆိုပါ ကိစ္စရပ်များ ပပျောက်ရေး အစီအစဉ်များကိုလည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်ရေး၊ ကလေးစစ်သား စုဆောင်းမှုကိစ္စတို့နှင့် ပတ်သက်ပြီး စစ်ဘက် တာဝန်ရှိသူများ၏ လုပ်ဆောင်နေမှုများသည် စိုးရိမ်ဖွယ် အခြေအနေရှိနေကြောင်း ILO နှင့်ချိတ်ဆက် အကူအညီပေးနေသည့် ကွန်ယက်အဖွဲ့ဝင်များကလည်း ပြောသည်။

“အခုတိုင်စာတွေက ဒီလပိုင်းလေးအတွင်းမှာပဲ တော်တော်များလာတယ်။ အခု အရွယ်မရောက်သူ ကလေး စစ်သား စုဆောင်းမှု တိုင်ကြားထားတဲ့အထဲက ကျနော်ကူညီနေတဲ့ အမှုကိုပဲ ၁၀ မှုကျော် ရှိတယ်။ ဒီကာလမှာ သိသိသာသာ တိုးလာတယ်” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နေ ကလေးစစ်သား အရေး ဆောင်ရွက်ပေးသူ ဦးသက်ဝေက ဆိုသည်။

နအဖစစ်အစိုးရက အရွယ်မရောက်သေးသည့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သား အဓမ္မစုဆောင်း ခံရမှုကြောင့် ILO ရုံးသို့ တိုင်ကြားမှုများမှာ တနှစ်ထက်တနှစ် မြင့်တက်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် သို့မဟုတ် ရဲဘက်စခန်းများတွင် စစ်ပြေးမှုဖြင့် ပြစ်ဒဏ်ကျနေသော ကလေး စစ်သားများ ကိစ္စ ILO သို့တိုင်တန်းလာသည့်အမှုမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လအထိ ၁၂ မှုရှိပြီး ပြန်လည် လွတ်မြောက် လာသူ ၄ ဦး ရှိသည်။

ရဲဘက်စခန်းများနှင့် အကျဉ်းထောင်များအတွင်း ကလေးစစ်သားများ ဖမ်းဆီးထိမ်းသိမ်းထားမှု မည်မျှရှိသည်ကို တိကျစွာ သိရှိ နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ILO အရာရှိများ ပူးပေါင်းကာ ၀င်ရောက် စစ်ဆေးမှသာ ခိုင်မာသည့် သတင်းအချက်အလက်များကို ခြေရာခံမိနိုင်မည် ဖြစ်ကြောင်း ကလေးစစ်သား အရေး ကူညီဆောင် ရွက်ပေးနေသည့် ကွန်ယက်အဖွဲ့ဝင်များက ထောက်ပြထားသည်။

ကလေးစစ်သား စုဆောင်းမှု မြင့်မားလာရခြင်းမှာ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား စစ်ရေး တင်းမာမှုများကြောင့် စစ်တပ်အောက်ခြေပိုင်းတွင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကွန်ယက်အဖွဲ့ဝင် ကိုစိုးက ပြောသည်။

“တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာတွေကြောင့် အခုဆို ကလေးစစ်သားတွေက တပ်က ထွက်ပြေးတာများလာ တယ်။ ဒီတော့ စစ်ပြေးမှုနဲ့ ထောင်ကျနေတာလည်း များလာတယ်” ဟု ၎င်းက ဆိုသည်။

ယခုဖြစ်ပွားနေသည့် ကချင်နှင့် ရှမ်း ပြည်နယ်ဒေသများတွင် စစ်ပွဲများဖြစ်ပွား လာသည့်အတွက် ကလေးစစ်သား စုဆောင်မှု တိုးမြင့် လာခြင်းရှိ၊ မရှိကို ဧရာဝတီက မစ္စတာ စတိဖ်မာရှယ်အား မေးမြန်းရာတွင် ၎င်းအနေဖြင့် အဆိုပါ သတင်းကို မကြား ရသေးကြောင်း တုန့်ပြန်ဖြေကြားသည်။

ကလေးစစ်သား စုဆောင်းမှုနှင့်ပတ်သက်၍ ပွဲစားအဖြစ် လုပ်ကိုင်နေသူများမှာ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များ၊ စစ်တပ်နှင့်နီးစပ်သူများသာဖြစ်ကြောင်း၊ ယခုကာလ ပေါက်ဈေးမှာ ကလေးစစ်သားတဦး အတွက် ကျပ် ၅ သောင်း မှ ၇ သောင်းထိ ရှိကြောင်း ကလေးစစ်သားအရေး ကူညီပေးနေသူ တဦးဖြစ်သည့် ကိုမောင်မောင်က ပြောသည်။

“အခုဟာက သူတို့လူတွေကပဲ လုပ်စားနေတာ။ အထက်က သိရက်နဲ့ မသိချင်ယောင် ဆောင်နေတယ်။ ဈေးကောင်းရ တော့ လူရောင်းပွဲလို ဖြစ်နေတယ်။ ILOနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း သိပ်အားမရဘူး” ဟု သူက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တင်ပြထားသော ကလေးစစ်သားအရေး၊ စစ်မက်ဖြစ် ပွားနေသော ဒေသများတွင် ကျောင်းများ၊ ဆေးရုံများဖျက်ဆီး တိုက်ခိုက်ခံရမှုနှင့် ကလေးများအပေါ် မတရား ညှဉ်းပန်း နှိပ်စက်မှုများ လုပ်နေ သည့် သက်ဆိုင်ရာ အစိုးရ စစ်တပ်များ၊ လက်နက်ကိုင် အဖွဲ့များ၏ ကျူးလွန်မှုများကို အရေး ယူနိုင်ရေး အစီရင်ခံစာတရပ်အား ကုလသမဂ္ဂ လုံခြုံရေးကောင်းစီ အစည်းအဝေးတွင် မကြာသေးခင်က တညီတညွတ် တည်း ထောက်ခံခဲ့သည်။

“အဲဒီလို ကျူးလွန်နေတဲ့ အထဲမှာ မြန်မာအစိုးရစစ်တပ်ပါနေတယ်လို့ သတိပေးလိုက်တာဖြစ်တယ်။ ဒါကြောင့် အရေးယူနိုင်တော့ မှာပါ။ ကလေးစစ်သားအရေး ကိုင်တွယ်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို မြန်မာပြည် ၀င်ပြီး ထောင်တွေ၊ ရဲဘက်တွေထိပါ စစ်ဆေးခွင့်ရဖို့ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု ကုလ သမဂ္ဂဆိုင်ရာ ညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောသည်။

Ref: ဧရာဝတီ

Read More...

အစိုးရတပ်နှင့် KIA ဆက်လက် တိုက်ခိုက်

သန်းထိုက်ဦး
14 July 2011

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ဆက်သွယ် ပြောဆို နေကြသော်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်ဟု KIA က ပြောသည်။


ယမန်နေ့က KIA ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် အစိုးရတပ်များနှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ဧရာဝတီကို ပြောသည်။

တိုက်ပွဲတွင် ဒဏ်ရာ ရသွားသော အစိုးရတပ်မှ ၃ ဦး နမ္မတူ ဆေးရုံတွင် ရောက်နေသည်ဟု သိရ ကြောင်း ဗိုလ်မှူးကြီး ဇော်ရော က ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်စခန်း များသည်လည်း ယမန်နေ့ ညနေပိုင်းအထိ ၆ ရက်ကြာ တိုက်ခိုက်ခံခဲ့ရ သည် ဟု ဆိုသည်။

အစိုးရက ကချင်ဒေသ တိုက်ပွဲအခြေအနေအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့က နှစ်ဘက် အဆင့်မြင့်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တွေ့ဆုံပြီး အပစ်ရပ်ရေး ဆွေးနွေး ခဲ့ကြသေးသည်။ ၄ ရက် အကြာတွင် အစိုးရက KIA ကို စာတစောင် ပေးပို့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု ကာလအတွင်း တိုက်ခိုက်ခြင်း မပြုရန် ကမ်းလှမ်းခဲ့သည်။

KIA ကလည်း ဆက်လက် ညှိနှိုင်းလိုကြောင်း ရက်ပိုင်းအတွင်း စာပြန်လိုက်သည်။

ဤအတောအတွင်း အဆက်အသွယ် မရှိကြဘဲ ပစ်ခတ်မှုများသာ ဖြစ်ပွားနေသည်ဟု KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေး လျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် ယနေ့ တွေ့ဆုံမည်ဟု သိရကြောင်း ဦးလနန်က ပြောသည်။

သွားရောက် တွေ့ဆုံမည့်သူများထဲတွင် ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ပါဝင်မည် ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ် ရှိကြောင်း သူက ပြောသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခ တချို့ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

ပြီးခဲ့သည့်လတွင်မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက် ခိုလှုံနေကြသည်။

Ref: ဧရာဝတီ

Read More...

ဒုတိယမြောက် သံတမန်တဦး အမေရိကန်တွင် ခိုလှုံခွင့် တောင်းပြန်

လင်းသန့်
14 July 2011

သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အစိုးရ တက်လာပြီး ရက်ပေါင်း ၁၀၀ ကျော် အတွင်း မြန်မာသံရုံးမှ ဒုတိယမြောက် ဝါရင့် သံတမန်တဦး အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံခွင့် တောင်းခံလိုက်သည်။


ဝါရှင်တန်မြို့ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမ အတွင်းဝန် ဦးစိုးအောင်သည် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသည့်စာကို အမေရိကန်နိုင်ငံ ခြားရေး ၀န်ကြီးဌာနသို့ ဇူလိုင်လ ၁၃ ရက်နေ့စွဲ ဖြင့် ပေးပို့လိုက်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

“မြန်မာအစိုးရရဲ့ သံတမန်နောက်တဦး အခုလို အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုလိုက် တာဟာ အစိုးရကို အကာ အကွယ် ပေးဖို့ ၀န်ထမ်းတွေ ကိုယ်တိုင်က အယုံအကြည်မရှိတော့ တာကို ပြသတာဖြစ်တယ်” ဟု အဝေးရောက် ညွန့်ပေါင်း အစိုးရ အဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအဖြစ် ပြောင်းခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေပြီး နိုင်ငံတကာ သံတမန်မျက်နှာစာတွင် သံအရာရှိများအနေဖြင့် အစိုးရကို အကာအကွယ်ပေးရေးတွင် အခက်အခဲများ ရှိလာကြောင်း၊ ဦးစိုးအောင် ခိုလှုံခွင့်တောင်းခြင်းမှာ မကြာသေးမီက ခိုလှုံခွင့်တောင်းခံခဲ့သည့် ဒု သံမှူး ဦးကျော်ဝင်း၏ နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ် နိုင်ကြောင်း ဒေါက်တာ သောင်းထွန်းက ဆက်ပြောသည်။

ဇူလိုင်လ ၄ ရက်နေ့က ဒု သံမှူး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးအတွက် ဦးစိုးအောင်ကို နေပြည်တော်သို့ ၂၄ နာရီအတွင်း ပြန်လာရန် မြန်မာအစိုးရက ဆင့်ခေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ခိုလှုံခွင့်တောင်း ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း VOA မြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စစ်သံမှူးရုံးမှ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ကျ ၀န်ထမ်းတဦးကလည်း အလားတူ ငြင်းဆိုခဲ့သည်။

ဒု သံမှူး ဦးကျော်ဝင်း၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံပြီးနောက် နောက်ဆက်တွဲအဖြစ် ၀ါရှင်တန်ရှိ မြန်မာ သံအရာရှိတချို့ကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ လုပ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ကတော့ အခုလို မြန်မာထိပ်တန်း သံတမန်တွေ ခိုလှုံခွင့်တောင်းခံလာပြီး အစိုးရကို သစ္စာမခံတော့တာကို ကြိုဆို ပါတယ်” ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။

သံအရာရှိ၊ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်လည်း ၂၀၀၅ ခုနှစ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံခဲ့သည်။

ဦးကျော်ဝင်းက နိုင်ငံရေးခိုလှုံခွင့်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ရေးသားခဲ့သောစာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနအတွင်း အရပ်ဘက်နှင့် စစ်ဘက် ၀န်ထမ်းများအကြား ခွဲခြားမှုများရှိနေသည်ဟု ဖော်ပြခဲ့သည်။

ဦးစိုးအောင်သည်လည်း အရပ်ဘက်မှလာသော ဝါရင့်သံအရာရှိတဦးဖြစ်ပြီး ၁၉၇၉ ခုနှစ်မှ စတင်ကာ နိုင်ငံခြားရေး ၀န်ကြီးဌာန တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုင်း၊ စင်ကာပူ၊ ဆွစ်ဇာလန်နိုင်ငံ တို့ရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဦးစိုးအောင်သည် ၂၀၀၈ ခုနှစ်မှ ယခုနောက်ဆုံးအချိန်ထိ ၀ါရှင်တန် မြန်မာသရုံးတွင် ပထမအတွင်းဝန်အဖြစ် တာဝန် ယူခဲ့သူ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

မောင်ထိပ်ကွက်ကို နှိပ်စက်သူ ​ထောင် ၇ နှစ် ချမှတ်ခံရ

July 13, 2011
နော်နိုရင်း

ဧရာဝတီတိုင်း ​ ဟင်္သာတမြို့​က ၉ နှစ်အရွယ် မိဘမဲ့​က​လေး​ငယ် ​မောင်ထိပ်ကွက် (​ခေါ်) စိုး​ထက်​အောင်ကို အပြင်း​အထန် နှိပ်စက်သူ ကိုစနိုး​ကို ဟင်္သာတမြို့နယ် တရား​ရုံး​က ​ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။

ဒီ​နေ့​ ဇူလိုင်လ ၁၃ ရက်​နေ့​ မွန်း​လွဲမှာ အမိန့်​ချလိုက်တာလို့​ ​မောင်ထိပ် ကွက်ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ မြို့နယ်ဥပ​ဒေအရာရှိ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။


“ကျ​နော်တို့​ ဘက်က တရား​ရုံး​က​နေ ချနိုင်တဲ့​အတိုင်း​အတာက​နေ အာဏာအပြည့်​ချတာဖြစ်ပါတယ်။ နိုင်ငံ​တော်ဘက်က တရား​မျှတတယ်လို့​ ကျ​နော်တို့​ ​ပြောလို့​ရပါတယ်။ တရား​ခံဘက်က​တော့​ ပြစ်ဒဏ်များ​တယ်လို့​ ထင်ရင် အဆင့်​ဆင့်​ တရား​ရုံး​တွေမှာ အယူခံဝင်​ရောက်ဖို့​ သူ့​မှာ အခွင့်​အလမ်း​ ရှိပါတယ်။”

ပုဒ်မနှစ်ခုစလုံး ​ပေါင်း​ ၈ နှစ်ကျခံရမှာဖြစ်​ပေမယ့်​ မြို့နယ်တရား​ရုံး​အ​နေနဲ့​ စီရင်ပိုင်ခွင့်​အများ​ဆုံး​ ၇ နှစ်ဖြစ်တာ​ကြောင့်​ ၇ နှစ်ချ မှတ်တာလို့​ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ အရ ​ထောင်ဒဏ် ၇ နှစ်၊​ ပုဒ်မ ၃၄၂ အရ ​ထောင် ၁ နှစ်၊​ ပြစ်ဒဏ်များ​ကို တ​ပေါင်း​တည်း​ ကျပါ​စေလို့​ ချမှတ်ပါတယ်။ တ​ပေါင်း​တည်း​ ကျခံ​စေဆို​တော့​ အများ​ဆုံး​ကို ယူရပါတယ်။ ပြစ်မှုဥပ​ဒေအရ တရား​ခံ အပြစ်ရှိတယ်၊​ မရှိနဲ့​ အပြစ်​ပေး​ဖို့​ဟာကိုပဲ ဆုံး​ဖြတ်တာပါ။ ​လျော်​ကြေး​ပေး​တယ်ဆိုတာက တရား​မ​ကြောင်း​အရ စွဲဆိုမှ ရတာပါ။”

ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ ဟာ တသက်တကျွန်း​ဖြစ်​စေ၊​ ၁၀ နှစ်အထိ ​ထောင်ဒက်တမျိုး​ ဖြစ်​စေ ချမှတ်နိုင်ပြီး​ ပုဒ်မ ၃၄၂ က​တော့​ တနှစ်အထိ ​ထောင်ဒဏ်ဖြစ်​စေ၊​ တ​ထောင်အထိ ​ငွေဒဏ်ဖြစ်​စေ၊​ နှစ်ရပ်စလုံး​ဖြစ်​စေ ချမှတ်ရမယ်လို့​ ဥပ​ဒေမှာ ပြဋ္ဌာန်း​ထား​ပါတယ်။

ဒါ​ပေမယ့်​ မြို့နယ်တရား​ရုံး​မှာ အများ​ဆုံး​ပြစ်ဒဏ် ၇ နှစ်သာ ချမှတ်ပိုင်ခွင့်​ရှိတာ ဖြစ်ပါတယ်။

you and me လက်ဖက်ရည်ဆိုင်မှာ စား​ပွဲထိုး​လုပ်​နေတဲ့​ ​မောင်ထိပ်ကွက်ကို ဆိုင်ရှင်သား​မက် ကိုစနိုး​က ကြိုး​တုပ်ရိုက်နှက်၊ မီး​ပူနဲ့​ကိုယ်လုံး​တွေကို ကပ်လို့​ ဒဏ်ရာအပြင်း​အထန်ရခဲ့​ပါတယ်။

ဒီကိစ္စမှာ ကိုစနိုး​ရဲ့​ ဇနီး​သည်ပါ ပါဝင်တယ်လို့​ ကာယကံရှင် က​လေး​ငယ် ​ပြော​ပေမယ့်​ တရား​ရုံး​ ထွက်ဆိုတဲ့​အချိန်မှာ ​ပြောဆိုတာ မရှိတဲ့​အတွက် ကိုစနိုး​ရဲ့​အမျိုး​ သမီး​ကို တရား​မစွဲတာလို့​ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။

သူ့​အတွက် အမှတ် (၁) ရဲစခန်း​က တရား​လိုအဖြစ် အမှုဖွင့်​ဆောင်ရွက်ခဲ့​ဖြစ်ပြီး​ ကျုး​လွန်သူ ကိုစနိုး​ကို ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ အပြင်း​အထန်နာကျင်​စေမှုနဲ့​ ပုဒ်မ ၃၄၂ မတရား​ချုပ်​နှောင်မှု စတဲ့​ ပုဒ်မနှစ်ခုနဲ့​ တရား​စွဲဆိုထား​တာဖြစ်ပြီး​ ဒီက​နေ့​ အပြီး​သတ် အမိန့်​ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမှုချမှတ်ထာနဲ့​ပတ်သက်ပြီး​ လူ့အခွင့်​အ​ရေး​ ကာကွယ်မြှင့်​တင်သူများ​ ကွန်ရက်အဖွဲ့ဝင်တဦး​က အခုလို ​ဝေဖန်ပါတယ်။

“ပြစ်ဒဏ်က တ​ပေါင်း​တည်း​ ကျခံတာက​တော့​ ကျ​နော်တို့​ မ​ကျေနပ်ဘူး​။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​ လူအခွင့်​အ​ရေး​ဟော​ပြောပွဲကို လုပ်ခဲ့​တဲ့​ ၂၀၀၆ ခုနှစ်တုန်း​က ကိုမြင့်​နိုင် အရိုက်ခံရတုန်း​က အရိုက်ခံရတဲ့​ ကိုမြင့်​နိုင်ကလည်း​ ​ထောင်ကျတယ်။ အဲတုန်း​က​တော့​ ပြစ်ဒဏ်က တ​ပေါင်း​တည်း​ အကျမခံရဘူး​။ လူ့အခွင့်​အ​ရေး​ဟော​ပြောပွဲက နှစ်ရွာလုပ်တယ်။ တရွာမှာလုပ်တဲ့​အမှုတမှုကို ​လေး​နှစ်၊​ ​လေး​နှစ်နဲ့​ တရပ်ကို ရှစ်နှစ်အကျခံရတယ်။ အခု ဒီလို လူ့အခွင့်​အ​ရေး​ကို ချိုး​ဖောက်တဲ့​လူကို​တော့​ တ​ပေါင်း​တည်း​ ကျခံ ရပြီး​ လူ့အခွင့်​အ​ရေး​ကို မချိုး​ဖောက်နိုင်​အောင် ပညာ​ပေး​ ​ဟော​ပြောတဲ့​လူကို​တော့​ တရပ်ဆီကျခံတယ်ဆိုတာက​တော့​ ကျ​နော် တရား​သူကြီး​ကိုလည်း​ မ​ကျေနပ်ဘူး​၊​ ဥပ​ဒေအရာရှိ ​မောင်​မောင်ကြည်ဝင်း​ကိုလည်း​ မ​ကျေနပ်ဘူး​။ အဲဒါက​တော့​ လူ့အခွင့်​အ​ရေး​ ကာကွယ်မြှင့်​တင်သူတ​ယောက်အ​နေနဲ့​ ​ပြောတာပါ။”

Ref: ဒီဗွီဘီ

Read More...

အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ

July 13, 2011
နန်းမြနဒီ

ရှမ်း​ပြည်နယ် ​တောင်ပိုင်း​ ​ကျေး​သီး​မြို့နယ်တွင်း​မှာ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​တိုက်ပွဲမှာ အစိုး​ရတပ်ဘက်က ​လေယာဉ်နဲ့​ ဗုံး​ ကြဲချသွား​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အက်စ်အက်စ်​ အေတပ်ဖွဲ့​တွေနဲ့​ အစိုး​ရတပ် ခလရ ၂၈၆၊​ ၂၈၇ တို့​နဲ့​ ဝမ်ဟိုင်း​ဌာနချုပ် ဝန်း​ကျင် လွိုင်ဆိုင်း​တောင်၊​ ဝမ့်​ကိုင်ဖိုက် (ကြက်ဖြူရွာ) ရွာအနီး​မှာ ဒီမနက်က​နေ အခုထိ ဆက်လက်ဖြစ်ပွား​နေတုန်း​ပဲလို့​ သူက ​ပြောပါတယ်။


စိုင်း​ လောဝ်ဆိုင်က “မ​နေ့​က သူတို့​ထိုင်ထား​တဲ့​ ​ရှေ့​တန်း​စခန်း​ကို ကျ​နော်တို့​က သိမ်း​ဆည်း​ရမိပါတယ်။ သူတို့​က အခု​ပြောတဲ့​ (ဝမ်ဆိုင်း​) ​တောင်​ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျ​နော်တို့​တပ်​တွေက လိုက်ရင်း​နဲ့​ ပိတ်ထား​တဲ့​သ​ဘောဖြစ်ပါတယ်။ သူတို့​ကိုကူညီဖို့​အတွက် ဒီ​နေ့​မွန်း​လွဲပိုင်း​ တနာရီ​ကျော်​လောက်မှာ ​ဝေဟင်က​နေ အမ်အိုင်ဂျီ ၂၆ အမျိုး​အစား​ တိုက်​လေယာဉ်လို့​ယူဆရတဲ့​ ​လေယာဉ်နှစ်စင်း​နဲ့​ ကျ​နော်တို့​ အက်စ်အက်စ်​အေတပ်​တွေကို ဗုံး​ ၁၀ လုံး​ကြဲသွား​တယ်” လို့​ ​ပြောပါတယ်။

တိုက်ပွဲဖြစ်ရာ ​နေရာဟာ ဝမ်ဟိုင်း​ဌာနချုပ်ရဲ့​ အ​နောက်​မြောက် ၁၃ မိုင်ခန့်​အကွာမှာ ဖြစ်​နေတာလို့​ ရှမ်း​တပ်မ​တော် တပ်မှူး​ငယ် တဦး​က ​ပြောပြီး​ လက်ရှိ အစိုး​ရတပ်က အင်အား​ ၂၀၀ ​လောက်က လွိုင်စိုင်း​တောင်​ပေါ်​ရောက်​နေပြီး​ ​အောက်မှာ ရှမ်း​တပ်မ​တော် အင်အား​ ၄၀၀ ​လောက်က ပိတ်ထား​တယ်လို့​ ​ပြောပါတယ်။

ဒါ့​အပြင် အစိုး​ရတပ်ကို စစ်ကူလာတဲ့​ ခလရ (၆၄) တပ်ရင်း​ကို ရှမ်း​တပ်က ​ကျေး​သီး​မြို့နယ် ​နောင်ဆွမ်း​ရွာအနီး​မှာ ဒီမနက် ၂ နာရီခန့်​က တိုက်ခိုက်လို့​ စစ်သား​ ငါး​ဦး​ထက်မနည်း​ ဒဏ်ရာရခဲ့​တယ်လို့​ ​ပြောပါတယ်။

ရှမ်း​ ပြည်တိုး​တက်​ရေး​ပါတီ (အက်စ်အက်စ်ပီပီ) ရဲ့​ ​ပြောခွင့်​ရ ဗိုလ်မှူး​တ​ယောက်က​တော့​ အစိုး​ရ​ခြေလျင်တပ်က ကူညီဖို့​ ခက်ခဲ သွား​တဲ့​နောက် ​ဝေဟင်က​နေ ရုရှား​လုပ်​လေယာဉ်​တွေနဲ့​ ဗုံး​လာကြဲတာဖြစ်သလို ဒီ​လေယာဉ်​တွေ ပြန်သွား​ပြီး​တဲ့​နောက် ​သေနတ် သံ​တွေ ကြိုး​ကြား​ထွက်​နေတုန်း​ပဲလို့​ပြောပြီး​ ဝမ်ဟိုင်း​နား​က တပ်​တွေ ဆုတ်ခွာဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

“သူတို့​က ကျ​နော်တို့​ ဝမ့်​ဟိုင်း​တ​လျှောက် အဲဒီ သွား​မယ့်​ လမ်း​မှာ အ​ခြေပြုထား​တဲ့​ တပ်​တွေ ရှိတာ​ကော သူတို့​ တဆင့်​ပြီး​တဆင့်​ ​ချေမှုန်း​ပြီး​ ဝမ့်​ဟိုင်း​ကို ဖြိုမယ့်​သ​ဘော ဖြစ်တယ်​လေ။ ဒါ​ကြောင့်​လဲ ကျ​နော်တို့​ ဌာနချုပ် သူတို့​လက်ထဲ မကျ​အောင် ကျ​နော်တို့​က ဖြစ်နိုင်သ​လောက် ကျ​နော်တို့​က ခုခံပြီး​ ကာကွယ်ထား​ရမှာပဲ​ပေါ့​။ ဖြစ်နိုင်ရင်​တော့​ ကျ​နော်တို့​က စစ်​ရေး​နဲ့​ မ​ဖြေရှင်း​ချင်ပါဘူး​။ ကျ​နော်တို့​နယ်​မြေထဲမှာ ထိုး​စစ်ဆင်​နေတဲ့​တပ်​တွေ​ကြောင့်​ ကျ​နော်တို့​ ပြည်လူထုလည်း​ အခုဆိုရင် ပုံမှန်ဆန်​ရေစပါး​ ရှား​ပါး​တဲ့​ အချိန် ဆို​တော့​ ​တော်​တော် ဒုက္ခ​ရောက်​နေတယ်​လေ။ ထိုး​စစ်ဆင်​နေရင် ဘယ်​တော့​မှ ပြီး​ဆုံး​နိုင်မယ် မဟုတ်ဘူး​လို့​ ကျ​နော်တို့​ ခံယူထား​တယ်။”

အစိုး​ရတပ်​ တွေက ဝမ့်​ဟိုင်း​ဌာနချုပ်အ​ခြေပြု ရှမ်း​ပြည်တပ်မ​တော်နဲ့​ ဒီနှစ်ဆန်း​ကတည်း​က ဆက်တိုက် တိုက်ပွဲဖြစ်​နေတာပါ။ အစိုး​ရဘက်က ​ကေအိုင်အိုနဲ့​ အပစ်ရပ်ဖို့​ ကြိုး​ပမ်း​တာ ​တွေ့​ရ​ပေမယ့်​ ရှမ်း​တပ်မ​တော်နဲ့​ အပစ်ရပ်ဖို့​ ကြိုး​ပမ်း​တာ မ​တွေ့​ရ​သေး​ပါဘူး​။

Ref: ဒီဗွီဘီ

Read More...

မြစ်ဆုံ​ရေကာတာ ဆက်မ​ဆောက်သင့်​ဟု ပညာရှင်များ​ ​ပြော

July 13, 2011
သူရိန်စိုး

မြစ်ကြီး​ နာမြို့​အထက် ၂၆ မိုင်က မြစ်ဆုံ​ရေကာတာစီမံကိန်း​ဟာ ​ဒေသခံလူထု​တွေအပြင် မြန်မာနိုင်ငံရဲ့​ အသက်​သွေး​ကြောဖြစ်တဲ့​ ဧရာဝတီမြစ်ကို မှီခို​နေကြတဲ့​ ပြည်သူအ​ပေါင်း​ကို အကျိုး​ဆုတ်ယုတ်​စေတာ​ကြောင့်​ စီမံကိန်း​ဖျက်သိန်း​သင့်​တယ်လို့​ အကြံပြုထား​တဲ့​ အစီခံစာ တ​စောင် အခုရက်ပိုင်း​အတွင်း​ ထွက်​ပေါ်ခဲ့​ပါတယ်။

ဒီအစီရင်ခံစာဟာ Environmental Impact Assessment သဘာဝပတ်ဝန်း​ကျင် ထိခိုက်မှု ဆန်း​စစ်ခြင်း​၊​ (EIA) လို့​ခေါ်တဲ့​ တရုတ်-မြန်မာပညာ ရှင်အဖွဲ့က ၂၀၀၉ ခုနှစ် ​အောက်တိုဘာလကတည်း​က ​ရေသား​ပြီး​ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုး​ရ​တွေကို အစီရင်ခံခဲ့​တာပါ။


စာမျက်နှာ ၉၀၀ ​ကျော်ပါတဲ့​ ဒီအစီရင်ခံစာမှာ မြစ်ဆုံစီမံကိန်း​နေရာဟာ စစ်ကိုင်း​ ငလျင် ပြတ်​ရွေ့​ကြောနဲ့​နီး​တာ​ကြောင့်​ ငလျင်လှုပ်ခဲ့​ရင် မြစ်ကြီး​နား​မြို့ဟာ အချိန်အနည်း​ငယ်အတွင်း​ ​ရေမြုပ်နိုင်တယ်လို့​ သတိ​ပေး​ထား​တဲ့​အပြင် ဧရာဝတီမြစ်​အောက်ပိုင်း​မှာလည်း​ စိုက်ပျိုး​ရေး​လုပ်ငန်း​၊​ ငါး​ဖမ်း​လုပ်ငန်း​နဲ့​ ​ရေ​ကြောင်း​ကတဆင့်​ ခရီး​သွား​လုပ်ငန်း​တွေ ထိခိုက်မယ်လို့​ 
ရေး​သား​ထား​ပါတယ်။

ဒါ့​အပြင် ​မေခ၊​ မလီခ မြစ်ဆုံ​ဒေသဟာ ဇီဝမျိုး​ပွား​မှု ကြွယ်ဝတဲ့​ဒေသဖြစ်ပြီး​ ဒါ​တွေကိုလည်း​ ထိခိုက်​စေမှာပါ။

သန်း​ပေါင်း​ များ​စွာ​သော ပြည်သူ​တွေရဲ့​ အကျိုး​စီး​ပွား​ကို ​ရှေး​ရှုတဲ့​ ပညာရှင်​တွေရဲ့​ အစီရင်ခံစာကို တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုး​ရ​တွေက ​ချောင်ထိုး​ခဲ့​ပြီး​ စီး​မံကိန်း​ကို ဆက်လက်အ​ကောင်ထည်​ဖော်ခဲ့​ကြပါတယ်။

သဘာဝပတ်ဝန်း​ကျင် ​လေ့​လာ​စောင့်​ကြည့်​သူ​တွေက​တော့​ EIA ရဲ့​ အစီရင်ခံစာကို ​ဒေသခံ ပြည်သူ​တွေသိ​အောင် ချပြ သင် တယ်လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံ မြစ်​ချောင်း​များ​ဆိုင်ရာ ကွန်ရက်အဖွဲ့က ညှိနှိုင်း​ဆောင်ရွက်​ရေး​မှူး​ ဦး​စိုင်း​စိုင်း​က “ဒီမြစ်စုံဟာဆိုရင် မြစ်ကြီး​နား​ရဲ့​ အထက်ဘက်မှာ ရှိတယ်​ပေါ့​နော်။ အကယ်​ရွေ့​ ဒီ​ရေကာတာ တည်​ဆောက်ပြီး​ရင် ဒီ​ရေကာတာက ဒီမြစ်ဆုံကို ပိတ်လိုက် မယ် ဆိုရင် ဒီ​အောက်မှာ ရှိ​နေတဲ့​ အဓိက အနီး​ဆုံး​ မြစ်ကြီး​နား​ရဲ့​ လူထုပတ်ဝန်း​ကျင် လူထုအ​ခြေအ​နေ ပတ်ဝန်း​ကျင် အ​ခြေအ​နေ ဘယ်လို​ပြောင်း​လဲသွား​ နိုင်သလဲ​ပေါ့​နော်။ ​နောက် မြစ်ကြီး​နား​တောင် မကဘူး​ ကျ​နော်တို့​ မြန်မာနိုင်ငံ အလယ်ပိုင်း​ကော၊​ ဧရာဝတီ မြစ်ဝကျွန်း​ပေါ်​ကော​ပေါ့​။ အကယ်​ရွေ့​ ဒီမြစ်ကို လျှပ်စစ်အား​ လည်ပတ်ဖို့​အတွက် စစ်လိုက် ​ဆေး​လိုက်တဲ့​အချိန်မှာ ​ရေတက်နှုန်း​က သဘာဝအလိုက် မဟုတ်​တော့​ဘူး​။ အဲဒါ​ကြောင့်​ လူထုရဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ ဘယ်လို ​ပြောင်း​လဲသွား​မလဲဆိုတာ အဲဒါ စဉ်း​စား​ကြည့်​လိုက်​ပေါ့​နော်။ ”

ဒေသခံ​တွေဟာ ဒီစီမံကိန်း​ မစခင်ကတည်း​က သက်ဆိုင်ရာ အာဏာပိုင်​တွေကို ​ရေကာတာ မ​ဆောက်ဖို့​ အကြိမ်ကြိမ် ​တောင်း​ဆိုခဲ့​ကြပါတယ်။

တရုတ်အစိုး​ ရပိုင် CPI ကုမ္ပဏီနဲ့​ မြန်မာဘက်က Asia Wealth ကုမ္ပဏီ​တွေက မြစ်ဆုံ​ရေကာတာ စီမံကိန်း​ အပါအဝင် ​ရေကာ တာ ၇ ခုကို ဧရာဝတီမြစ်ဖျား​ခံရာ​ဒေသမှာ တည်​ဆောက်​နေတာပါ။ ဒီစီမံကိန်း​တွေကရလာတဲ့​ လျှပ်စစ်ဓာတ်အား​ကို​တော့​ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အသုံး​ချမှာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

Read More...

နယ်ခြား​စောင့်​တပ်ဖွဲ့ဝင် ၅ ဦး​ ဒီ​ကေဘီ​အေနှင့်​ ပူး​ပေါင်း

July 13, 2011
နော်နိုရင်း

ဗိုလ်မှူး​ကြီး​စောချစ်သူရဲ့​ လက်​အောက်ခံ နယ်ခြား​စောင့်​တပ်ဖွဲ့ဝင် ၅ ဦး​ ဒီ​ကေဘီ​အေတပ်ထံ ဒီက​နေ့​ ပြန်လည်ပူး​ပေါင်း​ခဲ့​ပါတယ်။

ဗိုလ်မှူး​ကြီး ​စောချစ်သူ ထိန်း​ချုပ်တဲ့​ လက်​အောက်ခံ တပ်ရင်း​ ၁၀၁၇ က တပ်ကြပ်ကြီး​ ​စောအယ်​တောအပါအဝင် အဖွဲ့ဝင် ၅ ဦး​ ဒီ​ကေဘီ​အေ ၉၀၇ တပ်ရင်း​မှူး​ထံမှာ ပူး​ပေါင်း​တာဖြစ်ပါတယ်။


လက်နက်ကြီး​ ၇၉ မမ ၂ လက်အပါအဝင် လက်နက် ၇ ခု နဲ့​ လာ​ရောက်ပူး​ပေါင်း​တာလို့​ ပူး​ပေါင်း​သူ တပ်ကြပ်ကြီး​ ​စောအယ်​တောက ​ပြောပါတယ်။ နယ်ခြား​စောင့်​တပ်အဖြစ်မ​နေချင်ပဲ ဒီ​ကေဘီ​အေအဖြစ် ရပ်တည်ချင်တာ​ကြောင့်​ ပူး​ပေါင်း​တာလို့​ တပ်ကြပ်ကြီး​အယ်​တောက ​ပြောပါတယ်။

လာ​ရောက်ပူး​ပေါင်း​သူ​တွေဟာ နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၇ တပ်ရင်း​မှူး​ ဗိုလ်မှူး​ကြီး​ ​စောဒီး​ဒီရဲ့​ တပည့်​တွေဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလကုန်က ကရင်ပြည်နယ် မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့ဟာ မြိုင်ကြီး​ငူ​ဒေသကို တပ်အင်အား​နဲ့​ ဝိုင်း​ခဲ့​ပါတယ်။

အဲဒီ​နောက် ဇွန်လလယ်ပိုင်း​ကစပြီး​ မြိုင်ကြီး​ငူရှိ နယ်ခြား​စောင့်​အား​လုံး​ ဒီ​ကေဘီ​အေ တံဆိပ်ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။ အခု​နောက်ပိုင်း​ ဗိုလ်မှူး​ကြီး​ ​စောချစ်သူ ထိန်း​ချုပ်တဲ့​ လက်​အောက်ခံတပ်​တွေ ဒီ​ကေဘီ​အေနဲ့​ ပူး​ပေါင်း​လာတာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

Read More...

အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြု

13 ဇူလိုင် 2011
ဒေါ်ခင်မျိုးသက်

မြန်မာအစိုးရ စစ်တပ်က အကျဉ်းသားတွေကို ရှေ့တန်း စစ်မျက်နှာတွေမှာ ပေါ်တာအဖြစ် သုံးနေတာတွေကို ရပ်တန်းက ရပ်ပစ်ဖို့အတွက် နယူးယောက်မြို့ အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ကြီးနဲ့ KHRG ခေါ် ကရင် လူ့အခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေမှာ ပေါ်တာအဖြစ် အခိုင်းခံနေရာက ထွက်ပြေး လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး Dead Men Walking လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို ပြုစုပြီး ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ အကျဉ်းသားတွေကို စစ်မြေပြင်အတွက် ပေါ်တာအဖြစ် အသုံးပြုပြီး နှိပ်စက်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်တာမို့ ဒီကိစ္စအတွက် နိုင်ငံတကာ ကော်မရှင်ဖွဲ့ စုံစမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒီနေ့ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းယူခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Human Rights Watch အဖွဲ့ကြီးနဲ့ KHRG ကရင် လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီနေ့ ထုတ်ပြန်လိုက်တဲ့ Dead Men Walking လူသေများ လမ်းလျှောက်ခြင်းဆိုတဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် တက်လာခဲ့ပေမဲ့ အရင် စစ်အစိုးရ လက်ထက်ကအတိုင်း လုပ်ဆောင်နေတာတွေကို နိုင်ငံတကာက သိအောင် တင်ပြတာလို့ KHRG အဖွဲ့ တာဝန်ခံ ကိုဖိုးရှမ်းက ဘန်ကောက်က သတင်းထောက်များ အသင်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

“အကျဉ်းသားတွေကို မြန်မာစစ်တပ်က ရှေ့တန်းမှာ ပေါ်တာအဖြစ် သုံးပြီးတော့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတဲ့ အပေါ်မှာ ၁၉၉၂ ကတည်းက စပြီးတော့ KHRG က မှတ်တမ်းတင်ခဲ့ပါတယ်။ အခု အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဟာ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသတွေမှာ ၂၀၁၀ ကနေ ၂၀၁၁ ခုနှစ်အတွင်း အစိုးရတပ်က ပေါ်တာအဖြစ် သုံးနေတဲ့ နေရာကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသား ၅၈ ယောက်ကို KHRG က တွေ့ဆုံ မေးမြန်းခဲ့တာတွေကို အခြေခံထားတာ ဖြစ်ပါတယ်။”

ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို အစိုးရ တာဝန်ခံတွေက ရှေ့တန်းကို ခေါ်လာပြီး နှိပ်စက် ညှဉ်းပန်းမှုတွေ လုပ်တဲ့အတွက် ဒါဟာ စစ်ရာဇ၀တ်မှု မြောက်တယ်လို့ အစီရင်ခံစာ တာဝန်ခံ ကိုစောဖိုးဇော်က ပြောပါတယ်။

“အကျဉ်းသားတွေကို အစိုးရ အာဏာပိုင်တွေ၊ အကျဉ်းထောင် အရာရှိတွေနဲ့ စစ်တပ်အရာရှိတွေ ပူးပေါင်းပြီးတော့ ရှေ့တန်းတွေ ခေါ်လာကြတယ်။ အကျဉ်းသားတွေကို ရှေ့တန်းမှာ ပစ္စည်းတွေသယ်ဖို့ လားတွေ၊ မြင်းတွေလိုမျိုးပဲ၊ လူလိုသဘောမထားတော့ဘူး၊ အလေးအပင်တွေ သယ်ခိုင်းပြီး အစာလည်း ၀အောင် မကျွေးဘူးလို့ ထွက်ပြေးလာတဲ့ အကျဉ်းသားတွေက ပြောပါတယ်။

“တော်တော်ဆိုးတာက အစိုးရတပ်တွေ ၀င်လာတဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ထောင်ထားတဲ့ မိုင်းတွေရှိတယ်။ အဲဒီနေရာတွေ ရောက်တဲ့အခါ ဒီအကျဉ်းသားတွေကို ရှေ့ကနေ သွားခိုင်းတယ်။ မိုင်းထိပြီး သေသွားတဲ့လူ၊ ခြေပြတ်လက်ပြတ်နဲ့ တစစီ ဖြစ်သွားတဲ့ အကျဉ်းသားတွေလည်း ရှိတယ် ဆိုပြီးတော့ ထွက်ပြေးလာတဲ့ အကျဉ်းသားတွေကလည်း ပြောကြတယ်။

“သူတို့ ထွက်ပြေးလို့လည်း မရဘူး၊ ထွက်ပြေးရင်လည်း သူတို့က ပစ်သတ်တယ်ပေါ့။ အခု နိုင်ငံတကာ ဥပဒေအဖွဲ့တွေနဲ့ ကျနော်တို့ ဆွေးနွေးတိုင်ပင်ကြည့်တဲ့ အခါကျတော့ ဒါတွေက တကယ်ပဲ စစ်ရာဇ၀တ်မှု မြောက်တယ်ပေါ့။ လူသားတွေအပေါ် လူမဆန်တဲ့ အပြုအမူတွေနဲ့ ကျူးလွန်နေတာပေါ့။ ၂၀၁၀ ဒီဇင်ဘာ ရွေးကောက်ပွဲအပြီး ဖြစ်လာတဲ့ အစိုးရ နောက်ပိုင်း ဒါ အပြစ်ကျူးလွန်တဲ့ဟာတွေ ကျနော်တို့ မှတ်တမ်း တွေ့ရှိရပါတယ်။”

မြန်မာအစိုးရ စစ်တပ်ရဲ့ ပေါ်တာဆွဲပြီး အဓမ္မလုပ်အား ခိုင်းစေနေမှုတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီးကလည်း တောင်းဆိုခဲ့ပါတယ်။ Human Rights Watch အဖွဲ့ကြီးရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး အီလိန်း ပီယာစင်ကတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ဒီ ရာဇ၀တ်မှု ကျူးလွန်နေတာတွေကို သေသေချာချာ သိရအောင် ပထမဆုံး နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“နိုင်ငံတကာက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မြန်မာစစ်တပ်က ချိုးဖောက်တဲ့အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာက ဥပဒေ ချိုးဖောက်ပေမဲ့ အပြစ်ပေးမခံရဘဲ အကာအကွယ် ပေးထားတာကို တွေ့ရပါတယ်။ ဒါကို ၁၉၉၅ ခုနှစ်ကတည်းက ကျမတို့က ထောက်ပြခဲ့တာမို့လည်း ဒီလိုဖြစ်နေတာ ကြာနေပြီလို့ ဆိုရမှာပါ။ ဒီပြဿနာတွေ ပြေလည်စေဖို့အတွက် နိုင်ငံတကာက ပါဝင်ဖြေရှင်းမှ ရမှာပါ။

“ဒါကြောင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်အောင်လို့ ကော်မရှင်တရပ် ဖွဲ့ပေးဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေး ကောင်စီကပဲဖြစ်ဖြစ် စပြီးတော့ အရေးယူ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

ဒီလို စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က စတင်ပြီး တောင်းဆိုခဲ့တာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံခဲ့သလို အမေရိကန်နဲ့တကွ EU၊ အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကပါ ၀ိုင်းဝန်း ပံ့ပိုးပေးကြဖို့လည်း ပြောပါတယ်။

“မကြာသေးခင်ကပဲ အမေရိကန် လွှတ်တော် ကြားနာစစ်ဆေးပွဲ တခုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ သူက နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ထောက်ခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့တာပါ။ ဒါကြောင့် အရင် ကတည်းက ကော်မရှင် ဖွဲ့ရေးကို ထောက်ခံထားတဲ့၊ မြန်မာ့အရေးကိုလည်း အာရုံစိုက်ပြီး ဆောင်ရွက်နေတဲ့ အမေရိကန် အစိုးရ အနေနဲ့ အခုထက် ခြေတလှမ်းတိုးပြီး တခြား ကမ္ဘာ့နိုင်ငံတွေပါ ပါဝင်လာအောင် ဦးဆောင် ကြိုးစားပေးဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် အိမ်နီးချင်း နိုင်ငံတွေနဲ့ အထူးသဖြင့် အာဆီယံကပါ မြန်မာလူထုအတွက် ပံ့ပိုးပေးဖို့လည်း Human Rights Watch အဖွဲ့ကြီးနဲ့ KHRG ကရင် လူ့အခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုခဲ့ပါတယ်။

Ref: ဗွီအိုအေ

Read More...

အမေရိကန်၊ ဂျပန် အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုမည်

13 ဇူလိုင် 2011

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉၉၉ ခုနှစ်က အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်နဲ့ ဗိုလ်လုပွဲ တက်သွားပါပြီ။ အလားတူပဲ ဂျပန်အသင်းလည်း အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ပါ့ခ် ဘရူဝါ (Parke Brewer) ပေးပို့ထားတဲ့ သတင်းနဲ့အတူ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ ၅ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ကစားခဲ့တဲ့ ပွဲတိုင်းမှာ အမေရိကန် အမျိုးသမီးအသင်း တခုပဲ ပြိုင်ပွဲတိုင်းမှာ ဆီးမီးဖိုင်နယ် တက်ဖူးတဲ့ အသင်းပါ။

ဒါပေမဲ့ အမေရိကန်တို့ အနေနဲ့ ချန်ပီယံဖလားတွေကို ၁၉၉၁ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲနဲ့ ၁၉၉၉ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတွေမှာပဲ ရဖူးတာပါ။ ၁၉၉၉ ခုနှစ် ပြိုင်ပွဲမှာတော့ တရုတ်အသင်းကို ပင်နယ်တီကန်ပြီး အနိုင်ရလိုက်တာပါ။ နောက် ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တို့မှာ ကစားတဲ့ ပွဲတွေမှာတော့ တတိယနေရာ အသီးသီး ရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြင်သစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလိုက်တဲ့အတွက် ၁၉၉၉ ခုနှစ်နောက်ပိုင်း အမေရိကန်အသင်းဟာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်တက်တာ ဖြစ်ပါတယ်။

အမေရိကန်အသင်းက လော်ရန် ချိန်နီ (Lauren Chaney) ကော်နာကန်လိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အပ်ဘီ ၀မ်ဘက်ခ် (Abby Wambach) က ခေါင်းတိုက်သွင်းလိုက်တဲ့အတွက် ၁ ဂိုးစီ သရေကျနေရာကနေ အမေရိကန်တို့ ပထမ အနိုင်ဂိုးကို သွင်းလိုက်နိုင်တာပါ။ အဲဒီဂိုးဟာ ဒီနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွင်း ၀မ်ဘက်ခ်ရဲ့ တတိယဂိုးဖြစ်ပြီး သူမရဲ့ ဘောလုံးသမား ဘ၀တလျှောက် ၁၂ ဂိုးမြောက် ဖြစ်တာကြောင့် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေအတွင်း ဂိုးအများဆုံး သွင်းထားတဲ့ အမေရိကန် ကစားသမား မစ်ရှဲလ် အေကာစ် (Michelle Akers) နဲ့ ဂိုးအရေအတွက် အတူတူပဲ ဖြစ်သွားပါတယ်။

အမေရိကန်တို့အတွက် ပထမဂိုးကို လော်ရန် ချိန်နီက ပွဲစပြီး ၉ မိနစ်မှာပဲ စတင် သွင်းယူလိုက်တာပါ။ ဒါပေမဲ့ အဲဒီဂိုးဟာ ၀မ်ဘက်ခ်ရဲ့ အကူအညီကြောင့် သွင်းလိုက်နိုင်တာလို့ ချိန်နီက ESPN သတင်းဌာနကို ပြောပါတယ်။

“သူက အချိန်ကိုက်ပြီး နေရာမှန်မှာ ရောက်နေရုံတင် မကဘူး၊ ကျမ အတူကစားဖူးတဲ့ သူတွေထဲမှာတော့ သူဟာ စိတ်ကောင်းအရှိဆုံး ကစားသမားပါပဲ။ နောက်ဆုံးမှာတော့ သူမ မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်ဆိုတာ ကျမ သိနေပါတယ်။”

တတိယမြောက် အနိုင်ဂိုးကိုတော့ အမေရိကန်အသင်းက အသက်အငယ်ဆုံး ကစားသမား အဲလက်စ် မော်ဂန် (Alex Morgan) က ပြင်သစ် နောက်တန်းလူတွေကို ဖြတ်ကျော်ပြီး ပွဲပြီးခါနီး ၈၂ မိနစ်မှာ သွင်းယူလိုက်တာပါ။

ဘရာဇီးအသင်းကို ပင်နယ်တီသွင်း အနိုင်ယူလိုက်ပြီးတဲ့နောက် သူတို့နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ အပြည့်ရှိနေခဲ့တယ်လို့ အမေရိကန်အသင်းရဲ့ ဂိုးသမား ဟုပ် ဆိုလို (Hope Solo) က ပြောပါတယ်။

“ဒါဟာ ဒီအသင်းရဲ့ စိတ်ဓာတ်ပါပဲ။ ကျမတို့ဟာ ကျမတို့ တိုင်းပြည်အတွက် ကစားခဲ့ကြတာပါ။ ကျမတို့ နိုင်ကို နိုင်ရမယ်ဆိုတာ ကျမတို့ စိတ်ဓာတ်ပါပဲ။ ကျမတို့ဘက်ကို အသွင်းခံလိုက်ရတဲ့ ဂိုးဟာ မပေးသင့်ဘဲ ပေးလိုက်ရလို့ ကျမ စိတ်တိုခဲ့ပေမဲ့ ငါတို့တော့ ရှုံးမှာပဲဆိုတဲ့ စိတ်မျိုး တခါမှ မ၀င်ခဲ့ဘူး။ ကျမတို့ ဒီအကျပ်အတည်းကို ကျော်လွန်ပြီး နိုင်မယ်ဆိုတာကို သိနေတယ်။”

အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲအပြီး ဗုဒ္ဓဟူးနေ့ တနေ့တည်းမှာပဲ ဆွီဒင်နဲ့ ဂျပန်အသင်းတို့ ဒုတိယ ဆီမီးဖိုင်နယ်ပွဲ အဖြစ်နဲ့ ဆက်ကစားခဲ့ကြပါတယ်။ လက်ရှိချန်ပီယံလည်းဖြစ်၊ အိမ်ရှင်အသင်းလည်းဖြစ်တဲ့ ဂျာမဏီအသင်းကို နိုင်ပြီး ဆီမီးဖိုင်နယ် တက်လာတဲ့ ဂျပန်အသင်းက ဆွီဒင်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး ပထမဆုံးအကြိမ် အဖြစ်နဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေမှာတော့ ချန်ပီယံ ၂ ခါရဖူးတဲ့ အမေရိကန်နဲ့ အခုမှ ပထမဆုံးအကြိမ် ဗိုလ်ပွဲကို တက်ဖူးတဲ့ ဂျပန်အသင်းတို့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Ref: VOA

Read More...

လူ့အခွင့်အရေး အစီအစဉ်သစ် တရုတ်ကြေညာ

3 ဇူလိုင် 2011

လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင်လုပ်ဖို့ အနောက်နိုင်ငံတွေက ဖိအားပေးတာကို ခံနေရတဲ့ တရုတ်အစိုးရက ဒီမိုကရေစီ ချဲ့ထွင်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး အားကောင်းစေဖို့ ရည်ရွယ်တယ်လို့ဆိုတဲ့ လုပ်ငန်းစီမံကိန်း အသစ်တခုကို ရေးဆွဲနေတယ်လို့ ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ စီမံကိန်း အသစ်ထဲမှာ ပြည့်စုံပြီး စည်းစနစ်ကျတဲ့ လူ့အခွင့်အရေး ရည်မှန်းချက်တွေနဲ့ အဲဒီရည်မှန်းချက်တွေ ရရှိ အောင်မြင်ဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းအဆင့်တွေ ထည့်သွင်းထားတယ်လို့ နိုင်ငံတော်ကောင်စီ သတင်းနဲ့ ပြန်ကြားရေး အကြီးအကဲ ၀မ်န်ချန်း (Wang Chen) ကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။

ဒီစီမံကိန်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ နိုင်ငံတော်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးရုံးတို့က ပူးတွဲ အကောင်အထည်ဖော် ကြီးကြပ်မယ်လို့ ဆင်ဟွာက ဆိုပါတယ်။

တရုတ်အစိုးရဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအပေါ် အာဏာရှင် ဆန်ဆန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ အနောက်နိုင်ငံ အစိုးရတွေက အမြဲလို ဝေဖန် ပြောဆိုလေ့ ရှိပါတယ်။ ဒီလွတ်လပ်ခွင့်တွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ အဓိက သီအိုရီတွေနဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။

တရုတ်တို့ဘက်ကတော့ လူသန်းပေါင်း ၁,၃၀၀ တို့ရဲ့ လူနေမှု အဆင့်အတန်း တိုးတက်တဲ့ အပေါ်မှာ လူ့အခွင့်အရေး ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။

Ref: VOA

Read More...

အပေါ်သို့