Thursday, September 29, 2011

မြစ်ဆုံစီမံကိန်းကို စာရေးဆရာကြီး ဒဂုန်တာရာလည်း ကန့်ကွက်

ရန်ပိုင်
28 September 2011

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာက ပြီးခဲ့သည့် တနင်္လာနေ့က ပန်ကြား လွှာတစောင် ထုတ်ပြန်၍ ကန့်ကွက် လိုက်သည်။

ပန်ကြားလွှာ၌ ဧရာဝတီမြစ်ကြီးသည် လူများ၏ ပယောဂကြောင့် အမျိုးမျိုး ပျက်စီးနေကြောင်း၊ ယခုလည်း အစိုးရက မြစ်ဆုံတွင် ဧရာမ ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်နေခြင်းကြောင့် မြန်မာတို့၏ ဘ၀နှင့် သဘာဝကို ပျက်စီးစေပြီး အာရှဒေသ ငြိမ်းချမ်း ရေးကိုပါ ထိခိုက်စေနိုင်၍ လေးနက်စွာ ကန့်ကွက်လိုက်ကြောင်း ရေးသားထားသည်။


“လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဆက်လုပ်မှာပဲလို့ တရား လက်လွတ်ပြောတာကို ကြားလို့ ဒီပန်ကြားလွှာကို ရေးလိုက် တာ” ဟု ဆရာကြီး ဒဂုန်တာရာက ဧရာဝတီမဂ္ဂဇင်းကို ပြောသည်။

ဧရာဝတီမြစ်သည် မြန်မာပြည်သူများ အားလုံးအတွက် သဘာဝတရားက ပေးအပ်ထားခြင်း ဖြစ်သောကြောင့် ပြည် သူအားလုံးက ပိုင်ဆိုင်ကြောင်း၊ ပြည်သူ့ဆန္ဒကို လွန်ဆန်၍ ဆည်တည်ဆောက်ခြင်းကို မလုပ်သင့်ကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက ကျရောက်သည့် ဆရာကြီး၏ ၉၃ နှစ်မြောက်မွေးနေ့တွင်လည်း “ထလော့ မြစ်မင်းဧရာ” ဆိုသည့် ကဗျာတပုဒ်ကို ရေးသားပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့သေးသည်။ အဆိုပါ ကန့်ကွက်စာတွင် “ဧရာတီမြစ်ဆုံ၌ ကျည်ဆန်တွေ မစီးဆင်းပါစေနှင့် ရေတွေသာ စီးဆင်းပါစေ” ဟု မွေးနေ့ဆုတောင်း ပြုခဲ့သည်။

ဆရာကြီး ဒဂုန်တာရာသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကျိုက်လတ်ဇာတိဖြစ်ပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် သခင်ဗဟိန်း၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသည့် တိုင်းပြည်ခေါင်းဆောင်များနှင့် ၁၉၃၈ ခုနှစ် တ၀ိုက် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် လွတ်လပ်ရေးအတွက် ပါဝင်ခဲ့လှုပ်ရှားခဲ့သူဖြစ်သည်။ မြန်မာစာပေလောက၌ သြဇာ တိက္ကမ ကြီးမားသူ သက်ရှည် ကဗျာဆရာကြီး တဦးဖြစ်သည်။

မကြာသေးမီက စာရေးဆရာများ၊ ဓာတ်ပုံဆရာများ၊ ကာတွန်းဆရာ၊ အနုပညာရှင်များ ပူးပေါင်းပြီး “ဧရာဝတီကိုကယ်တင်ပါ” အမည် ဖြင့်ပြပွဲတခု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သေးသည်။

ကချင်ပြည်နယ် မြောက်ပိုင်း ရေခဲတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မေလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနားမြို့တန်ဖဲ ရွာ အနီးတွင် ပေါင်းဆုံ၍ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီ တိုင်းတို့ကို ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ်အတွင်း စီးဝင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက်၌ တရုတ်နိုင်ငံပိုင် (CPI) ကုမ္ပဏီနှင့် ပူးပေါင်းပြီး မေခ၊ မေလိခ ဆုံရာ မြစ်ဆုံ ဒေသတွင် ဆည်တည်ဆောက်ကာ ရေအားလျှပ်စစ် ထုတ်ယူ၍ တရုတ်နိုင်ငံသို့ ရောင်းချရန် စတင်ခဲ့သည်။

ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အဆိုပါ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အတွက် နိုင်ငံရေးပါတီများ၊ အနုပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၊ ပညာရှင်များနှင့် ပြည်သူများက အတိအလင်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများကို ပြုလုပ်လျှက်ရှိသည်။

Ref: ဧရာဝတီ

Read More...

ကြွက်၊ မြွေနှင့် ဧရာဝတီကိစ္စ

September 15, 2011


ကြွက်ကင်လတ်လတ်ဆတ်ဆတ်သည် မွှေးပြီး အလွန်လည်းအရသာရှိကာ စားကောင်း၏။ အထူးသဖြင့် အညာမြေပဲ ခင်းထဲက ကြွက်ကြီးများသည် အောက်ပြည် စပါးခင်းထဲက လယ်ကြွက်များထက် ပိုပြီး ဆူဖြိုးသည်ဟု ဆိုရမည်ထင်သည်။ ထနောင်းရိပ် အောက်က ထန်းဖိုဦးနှင့် မြည်းဖူးသည့် ကြွက်ကင်က အာရုံထဲ စူးနေဆဲ။ လယ်တဲလေးက ထမင်းကြမ်းခဲနှင့် ခြောက်စပ်ကြွက်ကြော် လွေးခဲ့ဖူးသည်လည်း လွမ်းစရာ ကောင်းနေဆဲ။ စပါးခင်းများ ရင့်မှည့်ရိတ်သိမ်းချိန်သည် လယ်ကြွက်တို့ ပွဲတော်ချိန်ဟု ဆိုရမည်။ လယ်ကြွက်က စပါးကို စားရုံသက်သက်မက ဖျက်လို ဖျက်ဆီးလုပ်သလို သိုမှီးလည်း ထားပြန်သေး၏။ လယ်ကြွက်တို့က လည်၏။ အဝစားပြီး အားမရသေး။ ကြွက်ကျီများတွင် ရိက္ခာလှောင်၏။ တူးကြည့် လျှင် အနှံပြည့် အဆန်အောင် စပါးခက်များ ချည်းသာ တွေ့ရမည်။ လယ်သမားတို့ ကလည်း ဟင်းစားအတွက် ကြွက်တူးရင်း ကိုယ့်စပါး ကိုယ်ပြန်ယူကြ၏။

လယ်တွင်ကြွက်နှင့်ဖါးအပြင် အခြားဝေနေယျတွေလည်း နေ၏။ ကြွက်နှင့်ဖါးကား မြွေတို့ အာဟာရ။ ကြွက်က စပါးကို စား၏။ မြွေနှင့်လူက ကြွက်ကိုစား၏။ လယ်တွင် ကြွက်သည် လူနှင့်မြွေ၏ အစားခံသက်သက်။ ထို့ကြောင့် ကြွက်ဦးရေ သိတ်မတက်။ စပါးလည်းသိတ် မပျက်။ မြွေကားအစားမခံရသေး။ ထို့အတွက် ကြွက်ဦးရေ လျော့ကျလာသလောက် မြွေ ဦးရေသိသိသာသာ တက်လာ၏။ သို့ဖြင့် မြွေကိုက်ခံရသည့် လယ်သမားအရေအတွက်လည်း တက်လာ၏။ မြွေအန္တ ရာယ် ကာကွယ်ရေး တောစီးလည်ရှည်ဖိနပ်လည်း အလုံအလောက်မရှိ။ မြွေဆိပ် ဖြေဆေးလည်း ပေါပေါလောလော မ သုံးနိုင်သည့် ဗမာပြည်တွင် တနှစ်တနှစ် ပိုးထိပြီးသေရသည့် လယ်သမားစာရင်းလည်း ရှည် ရှည်လာ၏။ ဤတွင် မြွေနှိမ် နင်းရေးများလည်း လုပ်ရပြန်၏။ အစကတော့ မြွေတွေ့ရင်သတ်နှင့်စခဲ့ပြီး နောက်တော့ ရှာသတ် သတ်ရ၏။ ထိုအဆင့် လောက်အထိ ဘာပြဿနာမှမပေါ်သေး။ မြွေဆိုးတို့ ကြမ္မာမဆိုးသေးဟု ဆိုရမည်။

မြန်မာပြည်တွင် မြွေသားစားသူဘယ်လောက်ရှိသလဲတော့ ကျနော်လည်းမသိ။ စားတော့စားကြ၏။ စားသည့်နေရာတွင် လည်း အဆိပ် မရှိသည့် လင်းမြွေလို မြွေပတုတ်လို မြွေမျိုးသာစားလေ့ရှိကြ၏။ နောက်တော့ ဘယ်သူက စတင်တွေ့ရှိ သည် မပြောတတ်။ မြွေတွင် မြွေပွေးသား စားအကောင်းဆုံးဆိုပြီး ဖြစ်လာ၏။ ဤတွင် မြွေဆိုးတို့ဘေးဆိုးဝင်ကာ ကြမ္မာ ငင်တော့၏။ စားသူများလာသည့်အလျှောက် ဝယ်လိုအားနှင့် ဈေးကွက်ရှိလာပြီး ကြက်သားထက်ပင် ဈေးကောင်းလာ တော့၏။ မူလက ကြွက်ရန်ကိုလူနှင့်အတူ ကူတိုက်ရာက တစတစအင်အားကြီး ထွားလာပြီး လူကိုရန်မူတာများတော့ တိုက်ဖော်တိုက်ဘက်အဖြစ်မှ ရန်ဘက်ဖြစ်ခဲ့သည့် မြွေသည် ယခုတော့ လူ၏အစားခံဘဝ။ ဈေးကွက်၏ ရောင်းကုန်အ ဖြစ် မျိုးကန်းရမည့်အခြေသို့ ဆိုက်ရတော့၏။ ထွန်ရေးငင်ချိန်မှ တလင်းသိမ်းချိန်တိုင်မကတော့ အချိန်ရှိသမျှမြွေမုဆိုးတို့ တောတိုးကာမြွေလည်ကြ၏။ မြွေပွေးဆိုလျှင် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတွေ ဖြစ်လာ၏။ မြွေပွေးအပေါဆုံးနှင့် အစားအခံ ရဆုံးနယ်များတွင် မင်းလှမိုးညိုလည်း ပါမည်ထင်၏။

ကျနော် မိုးညိုကိုရောက်သည့် နှစ်က လယ်တွေကြွက်ဖျက်လိုဆိုကာ လယ်သမားတွေ အကြီးအကျယ် ညည်းသံကို ကြား ရ၏။ ကျနော်က ကြွက်နှိမ်နင်းရေးမလုပ်ကြဘူးလားဟု မေးကြည့်တော့ လုပ်တာပေါ့ မလုပ်ဘဲနေမလား၊ လုပ်လည်းလုပ် လုပ်ပဲရှိတာလေ၊ ဒီကောင်တွေက လူမနိုင် နိုင်လောက်အောင်ကို ပေါက်အားကောင်းပြီး အပွားမြန်တဲ့ကောင်တွေကွ၊ အ ရင်က မြွေပေါသေးတော့ နည်းနည်းတော့ တော်သေးတာပေါ့။ အခုဟာက မြွေကလည်းမရှိတော့သလောက်ဆိုတော့ ဒီ ကောင်တွေ ပြန်ခေါင်းထောင်ထလာတာပဲ ဟုဆို၏။ သို့ဖြင့် ကြွက်ဖျက်စပါးခင်းတွေ များလာ၏။ နောက်တော့ စပါးခင်း ကနေ ကိုင်းတွေ ကျွန်းတွေတောင်ယာတွေအထိ ကြွက်တို့နယ်ချဲ့လာကြ၏။ လူ့ စားနပ်ရိက္ခာတို့ကို လုယူဖျက်ဆီးကြ၏။ ရောဂါဘယတို့ သယ်ဆောင်လာကြ၏။ သဘာဝတရားကြီးတွင် ဟန်ချက်ရှိ၏။ လူ၊ ကြွက်နှင့် မြွေတို့တွင်လည်း သဘာဝ တရား၏ ဟန်ချက်ရှိ၏။ ထိုဟန်ချက်တနေရာရာမှ စပျက်လျှင်တစုံလုံးပျက်ကာ အဆိုးသံသရာတွင် လည်ကြ၏။ ထို့ ကြောင့် သဘာဝတရား၏ ဟန်ချက်သည်မဖျက်စကောင်း။ ဖျက်လို့မရ။ မဖျက်အပ်ဟုဆိုကာ သဘာဝဝါဒီတို့က ကမ္ဘာတ ဝှမ်းလှုံ့ဆော်မှုတွေလုပ်ကာ ရှေ့ထွက်လာကြ ခြင်းဖြစ်၏။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း သိတ်ဘဝင်မ ခွေ့ကြ။ တလောကဖြစ်ခဲ့သည့် မက္ကဆီကိုပင်လယ်ကွေ့ ရေနံတူးစင်က ပိုက်ပေါက်ကာ ရေနေသတ္တဝါတွေ သေရုံမက ပတ်ဝန်းကျင်သဘာဝကြီးပါ ထိခိုက်ပြီး နိုင်ငံရေးကိစ္စအထိ ပြဿနာတွေ တက်ခဲ့ရ၏။

ရေနံသည် ခေတ်၏ လူ့ဘောင်၏လိုအပ်ချက်ဖြစ်၏။ ရေနံလိုချင်လျှင် ကမ္ဘာမြေ၏ရင်ဝကို မဖေါက်ဘဲမရ။ ဓါတ်သတ္ထုလို လျှင် ကမ္ဘာမြေ့ရင်ကို မခွဲလို့မရ။ ရေအားလျှပ်စစ်လိုလျှင် ချောင်းမြစ်တို့မနာမကျင်ဘဲမရ။ ဒါဆို ပေါက်ပေါက်၊ ပြဲပြဲ၊ နာနာ မတတ်နိုင်ဘူး။ ဖေါက်စရာရှိဖေါက်မှာပဲ ခွဲစရာရှိ ခွဲမှာပဲမတတ်နိုင်ဆိုပြီး တဇောက်ကန်းစိတ်ဖြင့် ရမ်းလို့တော့မဖြစ်။ ချင့် ချိန်ရမည်။ အချုပ်အခြာအာဏာနယ်ကမြေသည် နိုင်ငံသားတို့၏ အမိမြေဖြစ်၏။ မြေကမ္ဘာသည် လူသားတိုင်း၏ အမိမြေ ဖြစ်၏။ အမိမြေများ ဖျက်ဆီးခံရလျှင် ရင်နာဖွယ်ဖြစ်ရ၏။ လူသားဆန်သည့်လူသည် ဘယ်အမိမြေကိုမှ နာကျင်အောင် ရင်နာအောင် မလုပ်အပ်။ လူ့ဘောင်ကောင်းကျိုးနှင့် လိုအပ်ချက်အတွက် ကမ္ဘာမြေကို မဖြစ်မနေ နာကျင်အောင် လုပ်မှရ တော့မည်ဆိုလျှင်လည်း အတတ်နိုင်ဆုံး အနာအကျင်သက်သာအောင် သက်သက်ညှာညှာ လုပ်ရမည်ဖြစ်၏။ ဒါက ကမ္ဘာမြေ ကိစ္စ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ။

နောက်တခုက အမွေကိစ္စနှင့် လူကိစ္စ။ လူသားတို့ ထိန်းသိမ်းစောင့်ရှောက်အပ်သည့် အရာများတွင် ယဉ်ကျေးမှုပါသလို ထိုယဉ်ကျေးမှုများထွန်းကားစည်ပင်ရာနှင့် ဆက်နွယ်သည့် တနည်းပြောရလျှင် လူ့ယဉ်ကျေးမှုသမိုင်းနှင့်နွယ်သည့် အရာ များလည်းပါ၏။ လူ့သမိုင်း၏အရိုင်းဆန်သည့် အဖြစ်အနေမှ ယဉ်ကျေးရာအရုံဦးတို့သည် လွင်ပြင်ကျယ်မြေနိမ့်မြစ်ဝှမ်း များတွင် လာဖူးကြပွင့်ကြဝေခဲ့ကြရ၏။ ယူဖရေးတီးစ်နှင့် တိုက်ဂရစ်၊ နိုင်းလ်မြစ်နှင့်ဂင်္ဂါ၊ မြစ်ဝါနှင့် ဧရာဝတီတို့သည် လူ သား၏သမိုင်း။ လူသား၏ ယဉ်ကျေးမှု။ လူသား၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်။ ယဉ်ကျေးပြီး ယဉ်ကျေးမှုကို ထိန်းရ ကောင်းမှန်းသိသူသည် ယဉ်ကျေးမှုအမွေအနှစ်နှင့် ယင်း၏တန်ဖိုးကို သေချာစွာနားလည်၏။ ထိုသို့နားလည်မှလည်း ထို သူအား လူယဉ်ကျေးဟု ဆိုအပ်၏။ ယဉ်ကျေးမှုရှိ၍သာ လူသည်ယဉ်ကျေးရခြင်း ဖြစ်၏။ ယဉ်ကျေးသူသည် အမွေအနှစ် ကိုချစ်၏။ မိမိချစ်ရာ အမွေအနှစ်ကို မည်သူမျှမစွန့်လွှတ်ချင်။ မိမိချစ်သည့်အမွေအနှစ်တွင် ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချ ထွန်ယက်စိုက်ပျိုးခဲ့သည့် မြေ၊ ချက်မြုတ်ရာနှင့် ခေါင်းချရာ မြေလည်းပါ၏။ သည်မြေကို ဘယ်သူမှ မမေ့ရက်။ လူ့ဘောင် ၏ လိုအပ်ချက်အတွက် ယဉ်ကျေးမှုကိုဖျက်ခြင်း၊ ချစ်မြတ်နိုးရာ အမွေအနှစ်ကိုဖျက်ခြင်း၊ အဓမ္မစွန့်လွှတ်ခိုင်းခြင်းကား မ လုပ်အပ်။ မလုပ်ထိုက်သည့် ကိစ္စဖြစ်၏။ ယဉ်ကျေးမှုအမွေနှင့် ချစ်အပ်သောအရာကို မြတ်နိုးသူတို့အား ထိခိုက်ပျက်စီး စေလိုစိတ်သည် လောကဖျက်တတ်သူတို့ အတွေးမှလာသည့် အကုသိုလ်စိတ်သာ ဖြစ်၏။

နောက်တခု အခွင့်အရေးကိစ္စ။ လူသည်မမွေးခင်ကပင် အုပ်ချုပ်မည့်သူရှိနေပြီးသားဆိုသည်မှာ မှန်သော်လည်း လူသား တိုင်းတွင် မွေးရာပါ အခွင့်အရေးသည် တန်းတူရှိ၏။ ထိုအခွင့်အရေးသည် သူတပါးပေးမှရသည့် ကိစ္စမဟုတ်။ ရအောင် လုပ်ပြီးယူရသည့် ကိစ္စဖြစ်၏။ ထို့အတူ လူချင်းအတူတူ လူတယောက်က အခြားတယောက်၏ အခွင့်အရေးကို ချိုးဖေါက် ခွင့် ဘယ်သူ့တွင်မှမရှိ။ ချိုးဖေါက်လာလျှင် ချိုးဖေါက်သူအား အာခံတိုက်လှန်ပိုင်ခွင့်လည်း ရှိ၏။ တိုက်လှန်ရာတွင်လည်း ကြိုက်သည့်နည်းသုံးခွင့်ရှိ၏။ ကြိုက်သည့်နည်း သုံးခြင်းအတွက် ဘယ်သူ့ဘယ်သူမှ အပြစ်ဖို့နေစရာမလို။ မိမိ၏၊ မိမိတို့ ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် ဓါးမဦးချမြေ၊ ချက်မြုတ်ရာနှင့် ခေါင်းချရာမြေတွင် လွတ်လပ်စွာ အခြေချနေထိုင်ခွင့် လူတိုင်းတွင် ရှိ၏။ လူသည် လူပီသစွာ လူ့ဂုဏ်သိက္ခာနှင့်အညီ နေနိုင်ရန် လူ့အခွင့်အရေး ရှိကိုရှိရမည်။ ထိုအခွင့်ကို ထိ ပါးသူအား တိုက်လှန်ခြင်းသည်တရား၏။ မျှတ၏။ မတရားသဖြင့်တောင်းဆိုမှုမဟုတ်။ အဓမ္မမှု မဟုတ်။

ယခု ဧရာဝတီကို လူ့ဘောင်၏လိုအပ်ချက်ဟုဆိုကာ အညှာအတာမဖက် ရက်စက်ကြတော့မည်။ အမိမြေကို၊ ကမ္ဘာမြေ ကို နာကျင်အောင်ပြုကြတော့မည်။ သဘာဝတရားကို၊ သဘာဝတရား၏ ဟန်ချက်ကို ဖျက်ကြတော့မည်။ ယဉ်ကျေးမှုကို၊ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ကြတော့မည်။ လူသားကို၊ လူသားမွေးရာပါအခွင့်အရေးကို ထပ်ပြန်တလဲလဲ ချိုးဖေါက် ကြဦးတော့မည်။ လောက၊ မြေကမ္ဘာ၊ ယဉ်ကျေးမှု အမွေ၊ လူ့တန်ဖိုးဂုဏ်သိက္ခာကို ရစရာမရှိအောင် ဖျက်ကြတော့မည်။

ကြွက်နှင့် မြွေ၏ သဘာဝဟန်ချက်ကို ဖျက်မိသဖြင့် လူ့အကျိုးစီးပွားပျက်ရ၏။ လောက၏ သဘာဝ၏ ဒဏ်ခတ်ခြင်းဖြစ်ရ ၏။ ထိုဒဏ်ကို ဖျက်သူလောက်သာ ကွက်ခံရသည်မဟုတ် ဝင်မဖျက်သူလည်း ခံရ၏။ ဖျက်သူတို့ ဖျက်ခြင်းကြောင့် မဖျက် သူများလည်း ပျက်ကြရပြန်၏။ သူတို့ဖျက်သည့်ဒဏ်ကို ကိုယ်ပါရောခံ ဝင်ခံပေးရတော့မည်။ ဆိတ်ဆိတ်မနေခြင်းဖြင့် ထိုဒဏ်ကို ကာကွယ်နိုင်၏။ ထို့ကြောင့် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့် ဂုဏ်သိက္ခာကို ဖျက် လိုဖျက်ဆီး ပြုသူများအား ရောက်သည့်နေရာမှ ရသည့်နည်းဖြင့် တိုက်လှန်ခြင်းသည် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်းသာ ဖြစ်ရ၏။

မျိုးမြင့်ချို

Ref: နေ့သစ်

Read More...

ဘုရားသုံးဆူတွင် အခမဲ့ ဆေးစစ်

28 September 2011

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသမှ အလုပ်သမား ၃၀၀၀ ခန့်ကို ထိုင်းနယ်စပ် အာဏာပိုင်တို့နှင့် နိုင်ငံ တကာ ကူညီကယ်ဆယ်ရေး အသင်းများက တနင်္လာနေ့မှ စတင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှု အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။

“ဒီအစီအစဉ်က တပတ် ကြာပါလိမ့်မယ်။ တရက်ကို အလုပ်သမား ၆၀၀ နှုန်း စစ်ဆေးပေးမှာပါ။ ကူးစက်ရောဂါတွေ ထိုင်းနိုင်ငံထဲ ပြန့်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ ဒီအစီအစဉ်ကို လုပ်နေတာပါ” ဟု ရောဂါရှာဖွေ စမ်းသပ်သည့် အစီအစဉ်တွင် ပါဝင်သူ အရာရှိ တဦးဖြစ်သည့် Mr. Chuit Nakthongkham က ပြောသည်။

“တကယ်လို့ အလုပ်သမားတယောက်မှာ ကူးစက်ရောဂါရှိတယ် ဆိုပါစို့။ အဲဒါဆိုရင် သူ့ကို အလုပ်ခဏနားခိုင်းဖို့ အလုပ်ရှင်ကို ပြော မယ်။ ပြီးတော့ ကုသမှု ခံယူရမယ်” ဟု Mr. Chuit Nakthongkham က ဧရာဝတီကို ပြောသည်။


American Refugee Committee (ARC) က အခမဲ့ ကုသပေးမည်ဟု သူက ရှင်းပြသည်။

“တနေ့တုန်းက ကျန်းမာရေး ဆေးစစ်တဲ့အခါမှာ အဆုတ်ရောဂါဖြစ်တာ ၄ ယောက် ရှိတာ တွေ့ရတယ်” ဟု ရောဂါရှာဖွေ စမ်းသပ် သည့်အစီအစဉ်တွင် ပါဝင်ကူညီသည့် ဘုရားသုံးဆူမှ ရပ်မိရပ်ဖတဦးဖြစ်သူ နိုင်လရီရတ်က ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းအထိ စစ်ဆေးချက်အရ ကူးစက်ရောဂါ ထပ်မံတွေ့ရှိခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

“အလုပ်သမားတွေ ကူးစက်ရောဂါ ရှိလို့ မဖြစ်ဘူး။ အဲဒါ သူတို့ (ထိုင်းအစိုးရ) ရဲ့ မူဝါဒလေ” ဟု သူက ဆိုသည်။

ဘုရားသုံးဆူတွင် နေထိုင်သော ထိုအလုပ်သမားများသည် နေ့ခင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ပြီး ညပိုင်း တွင် မြန်မာပြည်ဘက်သို့ ပြန်သူများ ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကလည်း အလုပ်သမားများအတွက် ကျန်းမာရေး အခမဲ့ စမ်းသပ်စစ်ဆေးမှုများ ဤဒေသတွင် ပြုလုပ်ခဲ့ပြီးဖြစ် သည်။

“ဒီနှစ်တော့ အလုပ်သမားအရေအတွက် ပိုများလာတယ်။ မနှစ်ကဆိုရင် အလုပ်သမားက ၂၀၀၀ လောက်ပဲ ရှိတာ” ဟု ARC မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည့် ကိုမင်းမင်းက ရှင်းပြသည်။

ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုပြုသည့် နေရာကို နံနက် ၉ နာရီမတိုင်မီကပင် မြန်မာပြည်သား အလုပ်သမားများ စုဝေး ရောက်ရှိ နေကြသည်။

အလုပ်သမားများ လျှောက်လွှာပုံစံရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြီးစီးပါက ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို စစ်ဆေး ပေးကြသည်။

အလုပ်သမားအများအပြားမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး အမျိုးသမီးများက သနပ်ခါး လိမ်းထားကြသည်။

စမ်းသပ်မှုအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသည့် အနေဖြင့် အလုပ်ရှင်တို့ကလည်း လုပ်ငန်းခွင်မ၀င်ဘဲ ရောဂါရှာဖွေရေး စခန်းသို့သွားသော အလုပ်သမားများကို နေ့စားခ ပေးသည်ဟု ဆိုသည်။

“ဒီနေ့ ကျနော်တို့ အလုပ်လုပ်စရာ မလိုဘူး။ အလုပ် မလုပ်ပေမယ့် ဒီနေ့အတွက် အလုပ်ရှင်က ပိုက်ဆံပေးတယ်” ဟု အလုပ် သမားတဦးက ပြောပြသည်။

ထိုင်းနိုင်ငံ စံခလပူရီမြို့ World Vision အဖွဲ့ ၀န်ထမ်းများက ဆေးစစ်ရန်ရောက်လာသော အလုပ်သမားတို့ကို နေ့လယ်စာကျွေး ပြီး ကျန်းမာရေးပညာပေးနေကြသည်။ ကူးစက်ရောဂါ ကာကွယ်နည်း လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဖြန့်ဝေနေသည်။

နေ့လယ်စာစောင့်ဆိုင်းနေသည့် အလုပ်သမားတို့က World Vision အဖွဲ့က စီစဉ်သည့် ဘောလုံးပစ်ပြီး လက်ဆောင်ပစ္စည်းရ ယူ သော ကစားနည်းတွင် ပျော်ရွှင်စွာ ပါဝင်နေကြသည်။

Ref: ဧရာဝတီ

Read More...

မြစ်ဆုံစီမံကိန်းပြီးဆုံးမှု ၂၀ ရာခိုင်နှုန်းဝန်းကျင် ပြီးစီနေပြီဖြစ်ကြောင်း ယခုလအတွင်း ဓါတ်ပုံများအရ သိရှိရ

Tuesday, 27 September 2011

ဖော်ပြပါပုံများတွင် Asia World ကုမ္ပဏီ၏ စီမံကိန်လုပ်ငန်းခွင် အဆောက်အဦးများ အပါအ၀င် မြစ်ဆုံ စီမံကိန်း တည်ဆောက် နေမှုများကို ယခုလ အတွင်း ရိုက်ကူးထားသော ဓါတ်ပုံများ အရ တွေ့ရှိရပါသည်။










Ref: EMG News

Read More...

အာဆီယံ ညီလာခံတွင် အမေရိကန်နှင့် ရုရှ သမ္မတတို့ တက်မည်

ညီသစ်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးပွဲသို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် ရုရှသမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင် အမေရိကန်၏ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ခဲ့ကာ၊ ယခု ထိပ်သီး အစည်းအဝေးတွင်မူ သမ္မတ အိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီး ညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။

ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်း မြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။

Ref: မဇ္ဈိမ

Read More...

မြစ်ဆုံစီမံကိန်းကို စာရေးဆရာကြီး ဒဂုန်တာရာလည်း ကန့်ကွက်

ရန်ပိုင်
Wednesday, 28 September 2011

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ ကဗျာဆရာ စာရေးဆရာကြီး ဒဂုန် တာရာက ပြီးခဲ့သည့် တနင်္လာနေ့က ပန်ကြားလွှာ တစောင် ထုတ်ပြန်၍ ကန့်ကွက် လိုက်သည်။

ပန်ကြားလွှာ၌ ဧရာဝတီမြစ်ကြီးသည် လူများ၏ ပယောဂကြောင့် အမျိုးမျိုး ပျက်စီးနေကြောင်း၊ ယခုလည်း အစိုးရက မြစ်ဆုံတွင် ဧရာမ ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက် နေခြင်းကြောင့် မြန်မာတို့၏ ဘ၀နှင့် သဘာဝကို ပျက်စီးစေပြီး အာရှဒေသ ငြိမ်းချမ်းရေး ကိုပါ ထိခိုက်စေနိုင်၍ လေးနက်စွာ ကန့်ကွက် လိုက်ကြောင်း ရေးသား ထားသည်။

“လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဆက်လုပ်မှာပဲလို့ တရားလက်လွတ် ပြောတာကို ကြားလို့ ဒီပန်ကြားလွှာကို ရေးလိုက်တာ” ဟု ဆရာကြီး ဒဂုန်တာရာက ဧရာဝတီ မဂ္ဂဇင်းကို ပြောသည်။

ဧရာဝတီမြစ်သည် မြန်မာပြည်သူများ အားလုံးအတွက် သဘာဝတရားက ပေးအပ်ထားခြင်း ဖြစ်သောကြောင့် ပြည်သူ အားလုံးက ပိုင်ဆိုင်ကြောင်း၊ ပြည်သူ့ဆန္ဒကို လွန်ဆန်၍ ဆည်တည်ဆောက်ခြင်းကို မလုပ်သင့်ကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက ကျရောက်သည့် ဆရာကြီး၏ ၉၃ နှစ်မြောက်မွေးနေ့ တွင်လည်း “ထလော့ မြစ်မင်းဧရာ” ဆိုသည့် ကဗျာတပုဒ်ကို ရေးသားပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက် ခဲ့သေးသည်။ အဆိုပါ ကန့်ကွက်စာတွင် “ဧရာတီမြစ်ဆုံ၌ ကျည်ဆန်တွေ မစီးဆင်းပါစေနှင့် ရေတွေသာ စီးဆင်းပါစေ” ဟု မွေးနေ့ဆုတောင်း ပြုခဲ့သည်။

ဆရာကြီး ဒဂုန်တာရာသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကျိုက်လတ်ဇာတိဖြစ်ပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သခင်ဗဟိန်း၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသည့် တိုင်းပြည် ခေါင်းဆောင်များနှင့် ၁၉၃၈ ခုနှစ် တ၀ိုက် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂတွင် လွတ်လပ်ရေး အတွက် ပါဝင်ခဲ့ လှုပ်ရှားခဲ့သူဖြစ်သည်။ မြန်မာ စာပေလောက၌ သြဇာတိက္ကမ ကြီးမားသူ သက်ရှည် ကဗျာဆရာကြီး တဦးဖြစ်သည်။

မကြာသေးမီက စာရေးဆရာများ၊ ဓာတ်ပုံဆရာများ၊ ကာတွန်းဆရာ၊ အနုပညာရှင်များ ပူးပေါင်းပြီး “ဧရာဝတီကို ကယ်တင်ပါ” အမည်ဖြင့် ပြပွဲတခု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သေးသည်။

ကချင်ပြည်နယ် မြောက်ပိုင်း ရေခဲတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မေလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနားမြို့ တန်ဖဲ ရွာ အနီးတွင် ပေါင်းဆုံ၍ ဧရာဝတီမြစ် အဖြစ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီ တိုင်းတို့ကို ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ် အတွင်း စီးဝင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက်၌ တရုတ်နိုင်ငံပိုင် (CPI) ကုမ္ပဏီနှင့် ပူးပေါင်းပြီး မေခ၊ မေလိခ ဆုံရာ မြစ်ဆုံ ဒေသတွင် ဆည်တည်ဆောက်ကာ ရေအားလျှပ်စစ် ထုတ်ယူ၍ တရုတ်နိုင်ငံသို့ ရောင်းချရန် စတင်ခဲ့သည်။

ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အဆိုပါ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အတွက် နိုင်ငံရေး ပါတီများ၊ အနုပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ ပညာရှင်များနှင့် ပြည်သူများက အတိအလင်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများကို ပြုလုပ်လျှက်ရှိသည်။

Ref: ဧရာဝတီ

Read More...

Wednesday, September 28, 2011

ဧရာဝတီ ကို ကာကွယ်ကြစို့

အောင်ဒင်

(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီး တစ်စင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာ တွေ၊ အကွေ့အကောက် ထောင်ပေါင်း များစွာကို ဖြတ်သန်း စီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ၊ ပင်လယ်ထံ ရောက်အောင် မစီးဆင်း နိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ် ကြပါတယ်၊ မြစ်ကြီး သေဆုံးသလို မြစ်ကို အမှီပြု ရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝ ရပ်တည်မှုတွေလဲ အကြီးအကျယ်ပျက်ဆီး ကြရတာပါ၊ သဘာဝ တရားကြောင့် ဖြစ်စေ၊ လူတို့ ရဲ့ ဖန်တီးမှုကြောင့် ဖြစ်စေ လူ့သမိုင်း တလျှောက်မှာ သေဆုံး ခဲ့ရတဲ့ မြစ်ကြီးတွေ အများကြီး ရှိခဲ့ပါတယ်၊ လူ့ပယောဂကြောင့် သေဆုံး ခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီး တစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ် ကြီး (Yellow River) ပဲဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင် မြစ်ကြီးလို့ သတ်မှက် တင်စား ကြပါတယ်၊ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိခဲ့ပြီး တရုတ်ပြည် မြောက်ပိုင်း တိဘက် ဒေသက ရေခဲတောင်များ ဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော် ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ၊ တရုတ် နိုင်ငံသားတွေ အတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီး လိုပါပဲ၊ ယဉ်ကျေးမှုတို့ မွေးဖွား ရှင်သန်ရာ၊ နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝ အင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်၊ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေ ဖန်တီးတဲ့ အညစ် အကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေ ပြည့်နှက်၊ မြောက်များ လှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျိုညှစ် အနိုင်ကျင့် ခံရမှုတွေ နဲ့ သူ့ရေဟာ အရင်လို မသန့်ရှင်းတော့၊ သူ့ရေစီး ဟာ အရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏဟာ အရင်လို မများပြားတော့၊ သူ့ရဲ့ ခရီး ဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့၊ ဒီ နေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ်ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှား ပြသတဲ့ အမှတ်အသား တခု အဖြစ်နဲ့သာ ရပ်တည် နေရပါပြီ၊ တရုတ်ပြည်သူများ နဲ့ ကမ္ဘာ တဝှမ်းက တာဝန်သိ အဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအထန် ထောက်ပြ ဝေဘန်ကြလို့ အလန့်တကြား နိုးထလာတဲ့ တရုတ် အစိုးရက မြစ်ဝါမြစ် ပြန်လည် ထူထောင်ရေး စီမံကိန်းတွေ စတင် ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။

ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီ မရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရ လောက်အောင် ကိုပဲ အနိုင်ကျင့် ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံ ဒေသမှာ တရုတ် အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံ ဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ် ဓာတ်အားတွေ အလုံအလောက် ရပြီး စီးပွါးရေး ပိုမိုတိုးတက်၊ မြန်မာ စစ်ဗိုလ်တွေ နဲ့ အလိုတော်ရိ စီးပွါးရေးသမားတွေ အကျိုးအမြတ် ဖြစ်ထွန်းပြီး ဧရာဝတီ မြစ်ကြီးကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုး ဝင်ရောက်၊ မြန်မာပြည်သူတွေ ကတော့ လက်ရှိ ဆင်းရဲ နွမ်းပါးမှုထက် အဆပေါင်းများစွာ နိမ့်ကျပြီး ကုန်းကောက်စရာ မရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ၊ ဧရာဝတီကို မြစ်ဝါမြစ် လိုဘဝမျိုး မရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။

(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်က အတူတူပါပဲ၊ မြစ်ကို ဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက် ထားတဲ့ နံရံကြီး တခုပါ၊ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကို တားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ် ရေကန် ကြီး (Artificial Lake) တခုကို ဆက်စပ် တည်ဆောက်ရပါတယ်၊ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာတာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲက ရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန် နံဘေးမှာ ကပ်လျှက် တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အား လိုင်းများနဲ့ အလိုရှိတဲ့ နေရာကို ပို့ဆောင်ပါတယ်၊ ဒီမြစ်ဆုံဆည်က ရမည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်ကို တင်ပို့မှာပါ၊ ရေကာတာမှာ ရေတံခါးကြီးများ ရှိပါတယ်၊ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အား ထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများက တဆင့် မြစ်ထဲကို မလိုအပ်တော့တဲ့ ရေတွေ ပြန်ထုတ်ပေးမှာပါ၊ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီး ထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့ အထိ စုဆောင်း၊ လိုအပ်တဲ့ ပမာဏ ရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အား ထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ ရေတွေကို ရေတံခါးကြီးများက တဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ် ပေးမှာပါ၊ ဒါဟာဖြင့် ရေအား လျှပ်စစ်ဓာတ် ထုတ်မည့် ဆည် စီမံကိန်း တခုရဲ့ ယေဘူယျလုပ်ငန်းစဉ်ပါ။

ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့ အကျယ် အဝန်းက ပိုပြီး ကြီးမား ကျယ်ပြန့်၊ အဲဒီ ရေကာတာကြီး ဆောက်လုပ်ဖို့ အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီး များပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစား နာကျင်ရမှု၊ ဆုံးရှုံးမှု တွေကလဲ ပိုပြီး ကြီးမား နက်ရှိုင်း ပါလိမ့်မယ်၊ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေအားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်၊ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အထပ် ၄၉ ထပ် အဆောက်အအုံ တခုလောက် မြင့်ပါတယ်၊ ပြီးတော့ ရေလှောင် ကန်ကြီးရဲ့ ဧရိယာ အကျယ်အဝန်း ကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာ စတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန် မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူ မြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန် ပြည်ထောင်စုက ဧရိယာ စတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက် မြို့တော်ကြီးလောက်ကို ကျယ်ဝန်း လှပါတယ်၊ ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသ တဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်း ပေးရမှာဖြစ်ပြီး ကချင် လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံး ကြရမှာပါ၊ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက် ရောက်သွားတော့မည့် အမြဲစိမ်း သစ်တောကြီးတွေ၊ တောင်တန်းတွေ၊ လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုးထားကြတဲ့ ဖခင်နဂါး ကြီးနဲ့ သားနဂါးနှစ်ကောင် မွေးဘွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ၊ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့ မရနိုင်ပါ။

(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်၊
(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ ရေတွေကို ပိတ်ဆို့ ဟန့်တားပြီး နယူးယောက် မြို့ကြီးလောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံ တခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင် ကန်ကြီးထဲမှာ အရင် သိမ်းဆည်း ထားလိုက်မှာပါ၊ ဒါကြောင့်မို့ ဧရာဝတီ မြစ်ကြီးရဲ့ ပင်မ အစဟာ မေခ နဲ့ မလိခ မဟုတ်တော့ပါ၊ မြစ်ဆုံ ဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက် စီးဆင်း နိုင်မှာပါ။

(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန် အတော်ကြာ စုဆောင်းရမှာပါ၊ အချို့ ဆည်ကြီးတွေမှာ ရေကာတာ အပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်၊ ရေလှောင်ကန်ကြီး ရေစုနေတဲ့ အချိန်မှာ ဧရာဝတီ မြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။

(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီ မြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်၊ ဧရာဝတီ ပြန်လည် စီးဆင်း နိုင်ပါလိမ့်မယ်၊ ဒါပေမည့် ရေတွေက ညစ်ပါတ်ပြီး မသန့်ရှင်း တော့ပါ။

(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်း တော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံး ကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေ အတွက် ရောဂါဘယတွေ ရစေပါတယ်၊ ရေလှောင်ကန်ကြီး ကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယ ဖြန့်ဝေ တတ်တဲ့ ပိုးမွှားတွေ စုဝေးပွါးများရာ ဒေသကြီး ဖြစ်လာပြီး ပါတ်ဝန်းကျင် လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက် စေနိုင်ပါတယ်။

(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါ သယ်ဆောင် လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီ မြစ်ကြောင်း တလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာ အင်မတန် ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန်တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့ နေတာတာပါ၊ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင် ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက်မှာ မဟုတ်တော့ပါ၊ နုံးတင်မြေနု ပါးရှားသွားမည့် မြစ်ဝ ကျွန်းပေါ်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။

(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်း တလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ ဟန့်တား လိုက်ပါလိမ့်မယ်၊ ငါးမျိုးဆက်တုံးမှု၊ အရေအတွက် ရှားပါးမှုတွေက ရေလုပ်ငန်း လုပ်ကိုင်သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။

(ဆ) မြစ်ရေပမာဏ နဲ့ ရေစီးကို ဆည်ကြီး က ထိန်းချုပ်လိုက်ပြီ မို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွား လာမှုဟာ ပိုပြီး ခက်ခဲ လာပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်း များစွာဟာ ဧရာဝတီ မြစ်ကြောင်း တလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီး သွားလာရေး နဲ့ ကုန်စည် စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀% က အားကိုး နေရတာပါ၊ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ်သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီး အတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီကလွဲရင် ကျန်တဲ့ အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။

(ဈ) ရေစီးနှေးပြီး ရေပမာဏနည်းသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက် တချက်က မြစ်ရေကို အမှီပြုပြီး ပေါက်နေတဲ့ ဒီရောက်တောတွေ ပျက်စီး ကုန်ပါလိမ့်မယ်၊ ဒီရောက်တောတွေ မရှိတော့တဲ့ အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ်လက်တက်များ အတွင်း မှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများ လာပါလိမ့်မယ်၊ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီ မြစ်ဝှမ်းဒေသ ကို ခြောက်သွေ့ဇုံ အဖြစ် အသွင် ပြောင်းလိုက်ပါလိမ့်မယ်။

(ည) တခါတရံ မိုးအပြင်းအထန်နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထား နိုင်တာထတ် အဆ မတန် ပိုများ လာတတ်ပါတယ်၊ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့ အနေနဲ့ ဆည်ရေတံခါး တွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ် တတ်ကြပါတယ်၊ အဲဒီ အရေးပေါ် ရေထုတ်မှုက ဧရာဝတီ မြစ်ထဲကို တောင်ကျ ချောင်းရေတွေ ဒလဟော အရှိန်အဟုန် ကြီးမားစွာ စီးဆင်း လာသလိုမျိုး ဖြစ်ပါလိမ့်မယ်၊ မြစ်ထဲမှာလဲ ကမ်းပြိုထားလို့ သောင်တွေက ကမ်းပါးထက် ပိုမြင့် နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်၊ ကချင်ပြည်နယ် အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက် ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစား ကြရမှာပါ။

(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီလ ကနေ မေလ အတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေ ပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ် အတွင်း ရေစီးဆင်းမှု မရှိသလောက် ဖြစ်တော့မှာပါ၊ အဲဒီအချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီ မြစ်ဘက်ကို ပြန်လည် စီးဝင်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် တခုလုံး ဆားငံရေတွေ လွှမ်းသွား ပါလိမ့်မယ်၊ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အချိန်မှာ ဆားငံရေ လွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွါးကို အကြီးအကျယ် ထိခိုက်မှာ ဖြစ်သလို မြန်မာ တနိုင်ငံလုံး ဆန်စပါး ရှားပါးမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ် ပါလိမ့်မယ်။

အထက်မှာ တင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ ရှားပါး သစ်ပင်များ၊ ပန်းများ၊ ရေနေ သတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်း ပျောက်ကွယ်မှုတွေ ပေါင်းစပ် လိုက်မယ်ဆိုရင် တရုတ် အစိုးရရဲ့ ဧရာဝတီ မြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာ ကို စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိ ပျက်စီးစေမှာပါ၊ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ် ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှား ရှိရက်နဲ့ ကျနော်တို့ နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ ကြိုးစား နေတာဟာ တရုတ် အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက် ဖိနှိပ် စော်ကားနေတာလို့ ကျနော် ယူဆပါတယ်၊ တရုတ် အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာ ပြည်သူများကို လူ့အခွင့်အရေး ချိုးဖောက် နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန်မာ စစ်ခေါင်းဆောင် တွေကိုလဲ အလွန် အံ့ဩမိပါတယ်၊ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရ သူတွေပါ၊ ဧရာဝတီ ဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်၊ ဧရာဝတီ ရဲ့ကျေးဇူးတွေ သူတို့ အပေါ်မှာလဲ အများကြီး ရှိပါတယ်။

(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတ ဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပြောဆို လာကြတာ ကတော့ "ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနဲ့ ပပျောက်ရေး" ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်း ဖတ်ပွဲတွေ အကြီးအကျယ် ပြုလုပ် နေကြ တာပါ၊ ဦးသိန်းစိန်ရဲ့ စီးပွါးရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်ကလဲ၂၀၁၁ခုနှစ် မေလ ၂၀-၂၁၊ နေပြည်တော်မှာ ကျင်းပတဲ့ "ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ" မှာ "မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ" ဆိုတဲ့ စာတမ်း တစောင် တင်သွင်းခဲ့ပါတယ်၊ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဏကို ဦးစားပေး တင်ပြသွားတာ တွေ့ရပါတယ်၊ သူ့ရဲ့တင်ပြချက်တွေကတော့ လယ်ယာကဏ္ဏကို မြှင့်တင်ခြင်းဟာ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး အတွက် အဓိက ကျကြောင်း အစချီပြီး ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုကို ပြည်တွင်း ဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါး စိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံ အဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒ ချမှတ်မှု၊ ဝန်ကြီးဌာန များရဲ့ အကောင်အထည် ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဏ၊ တိကျ မှန်ကန်တဲ့ စာရင်းဇယားများ ပြုစုမှု၊ လယ်သမားများကို အခွင့်အရေး အကောင်းဆုံး ဖန်တီးပေးဖို့နဲ့ ဈေးကွက် အသစ်တွေ ရှာဖွေဖို့၊ မြေယာ ပိုင်ဆိုင်မှုတွေကို ပြင်ဆင်ဖို့ စသဖြင့် အကြံပြု ထားတာတွေ့ရပါတယ်၊ အခြား စီးပွါးရေး အကြံပေးများ ကလဲ စာတမ်းတွေ တင်ကြ၊ ဆွေးနွေး ကြပါတယ်၊ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲ ရောက်မလာတဲ့ အတွက် ဘာတွေ အကြံပြုတယ် ဆိုတာ မသိနိုင်ပါ။

ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီးရဲ့ အရေးကြီးမှု အကြောင်း တလုံးမှ မပါတာ တွေ့ရပါတယ်၊ မြန်မာနိုင်ငံ မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေး အတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးဖြစ်တဲ့ လယ်ယာကဏ္ဏကို မြှင့်တင်ရမယ်၊ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်၊ လယ်သမားတွေ အတွက် အကျိုးစီးပွါးတွေ ဖန်တီးပေးရမယ် ဆိုတာ မှန်ကန် တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ် သင့်တယ်၊ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊ အကြံပေးတာ မတွေ့ပါ၊ ကျနော်က ဆရာ ဦးမြင့်လို စီးပွါးရေး ပညာရှင် မဟုတ်ပေမည့် ဧရာဝတီကို မကယ်တင်၊ မကာကွယ် ၊ မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့ မပြောနဲ့၊ လျော့ကျအောင် တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်၊ ဧရာဝတီ မြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံး သွားခဲ့ရင် ကျနော်တို့ ပြည်သူတွေဟာ ကုန်းကောက်စရာတောင် ရှိမှာ မဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်၊ ဒါကြောင့်လဲ ဆရာဦးမြင့် အပါ အဝင် ပညာရှင်များက မြန်မာ စစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံ ဆည်တည်ဆောက်ရေး စီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆို ချင်ပါတယ်။

မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံ ကျင်းပဦးမယ်၊ အဲဒီ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး ပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရ ပါတယ်၊ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန် သိသိနဲ့ ဧရာဝတီ မြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေး ကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။

(၅) တာဝန်သိသူများက ပြောနေကြပြီ
တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံ တွင်းက လစဉ်ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုး ကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီးအောင် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ က အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြ ဆွေးနွေး နေကြပါပြီ၊ စာမဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင် တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည် နေကြပါပြီ၊ တချို့ စာရေးဆရာတွေက စာပေ ဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီ မြစ်ကြီးရဲ့ အတိဒုက္ခတွေ အကြောင်း ရဲရဲတင်းတင်း ဟောပြော နေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှု နဲ့ တာဝန်ယူမှုကို ကျေးဇူး တင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ် ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ် နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။

အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်၊ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ၊ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ စာပေ ဟောပြောပွဲ တခုမှာ ပြောခဲ့တာလို့ သိရပါတယ်၊ အဲဒီဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီး အကြောင်း ကဗျာ နှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ ဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူး ခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီမှာ မြစ်ဆုံရဲ့ အလှအပကို သူခံစား ကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာတပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က "အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့ နေရာမှာ မားမားကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ၊ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်....

"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ"
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့ အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သ၍
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။။။

ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" လို့ ရဲရဲ ဝင့်ဝင့် တင်စား ခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၁၅နှစ် ကပါ၊ ကဗျာဆရာက ဆက်ပြောပြပါတယ်၊ ရသစာပေ တခုရဲ့ တန်ဘိုးကို အချိန်ကာလနဲ့ ဒေသပေါ်မှာ ယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ ဆိုပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာ တပုဒ်၊ ကဗျာ တပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူး ဆိုရင် အဲဒီစာဟာ ကောင်းတယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာ ဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်၊ "ကျနော့်ကဗျာဟာ မကောင်းတော့ပါဘူး" တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက် ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယ ဖြစ်မိရပါတယ်… တဲ့။

ကဗျာဆရာက ဆက်ပြောပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြော ပါတဲ့၊ ပြီးတော့ မေးခွန်း ထုတ်ပါတယ်၊ အဲဒီ အသက် သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက် ရှင်သန် နိုင်ပါဦးမလား၊ အဲဒီ နာကျင် ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ် ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်၊ ကဗျာရဲ့ ခေါင်းစဉ်က "မြစ်ကော" တဲ့။

"မြစ်ကော"
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။

ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက် ရတနာတွေ၊ သဘာဝ အရင်းအမြစ်တွေ ကို မြန်မာ စစ်ခေါင်းဆောင် တွေက သူတို့ရဲ့ အရှင်သခင် တရုတ် အစိုးရထံ ပဏ္ဏာဆက်သ လာဘ်ထိုးပသ နေခဲ့တာ ကုန်သလောက် ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြား မြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ် အစိုးရထံ လက်ညှိုးထိုး ရောင်းစား လိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က "ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား" လို့ နာနာ ကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင် လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင် လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက် တာပါ၊ ဆရာ မောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီး ဘက်က အမှန်တရားကို ရဲရဲဝံ့ဝံ့ ပြောရဲသူတွေ ပို၍ပို၍ များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှား ပြင်နိုင်ကြပါစေ။

(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ
http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်၊)

(၆) မြစ်ကြီးနား၊ ငလျင် နဲ့ စက္ကန့် ၂၀
ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ "ဧရာဝတီကို ကယ်တင်ကြစို့" စာတမ်းမှာ "မြစ်ဆုံဆည်ဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ ကြောကြီးနဲ့နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ်မြုတ်သွားနိုင်တယ်" လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်၊ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန်လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာ တွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်၊ “ဒီလိုဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်”လို့ စာရေးဆရာက ဆိုပါတယ်၊တယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်၊ နဲနဲပိုရေး မိသွားတာများလား” လို့ဖြေပါတယ်၊ တယောက်ကကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ဆ ကျော်မြန်နေပြီ”လို့ ထောက်ပြပြန်ပါတယ်၊ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင် တ ရနေကြပြန်ပါတယ်၊ ကျနော်ကတော့ အံ့ဩမိပါတယ်၊ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂နာရီ၊ နာရီ ၂၀ ဆိုတာက အဓိကမဟုတ်ပါ၊ ငလျင် ဒဏ်ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ၊ စက္ကန့်၂၀ ဆို တာကို သံသယဖြစ်လို့ ကျနော့်စာတမ်း တခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ် လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်၊ စက္ကန့်၂၀ ဆိုတာကို သံသယဖြစ်ဆွေးနွေးနေမည့် အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန် ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်၊ မိုးအကြီးအကျယ်အဆက်မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအားဒဏ်မခံနိုင်ပဲ ဆည် ကျိုးတတ်ပါတယ်၊ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ဦးသေဆုံးခဲ့ရပါတယ်၊ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်းထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့ လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်၊ နောက်တကြောင်းကတော့ တရုတ် ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ၊ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီး တွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော်ပျက်ဆီး၊ လူ ၁၁သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄သောင်းကျော် သေဆုံးခဲ့ရပါတယ်။

ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့ နဲ့ ငလျင်လှုပ်လို့ စတဲ့ အကြောင်း သုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင်တဲ့ ကိစ္စပါ၊ ကျိန်ခရန် ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂နာရီမှာဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲ မျောပါပျက်စီးသွားမှာပါ။

DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂မှာ ဟောဒီလို ရေးထားပါတယ်၊ “တကယ်လို့များ ကမ္ဘာမြေကြီးက ရွေ့ လျားပြီး (မြစ်ဆုံ)ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တစ်သိန်း ခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာ ရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ကျော်နေထိုင်နေသူဖြစ်ပါတယ်၊ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေ ရိကန် ပါတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ် ပါတယ်။

(၇) အမျိုးသားရေးလှုပ်ရှားမှု
ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်၊ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန် လည် သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်၊ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံ တကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြုနေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိ ရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်၊ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ်အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်၊ ပြီးတော့လဲ ပြည်တွင်းမှာ ပြည် သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို "ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့"၊ "အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့"၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ် ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည်စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်၊ ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသ၍ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ ချမှူကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။

ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ် လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသား အချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းကြရင် တရုတ် အပါအဝင် ဘယ်နိုင်ငံခြား အစိုးရကိုမှ ကြောက်မနေရပဲ ဂုဏ်သိက္ခာရှိရှိ၊ "ကမ္ဘာတည်သ၍၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး" ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင် လာစေနိုင်မှာ ဖြစ်ကြောင်းပါ၊ ၊။

လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁



Read More...

ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ

Monday, 19 September 2011

မောင်ကိုဦး
စက်တင်ဘာ ၁၉၊ ၂၀၁၁

ဧရာဝတီ ပြသနာဟာ တစစ ကြီးထွားလာတာနဲ့ အမျှ မြန်မာနိုင်ငံမှာ အမျိုးသားရေး ပြန်လည် နိုးကြားလာပြီ လို့တောင် ပြောလို့ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ကောင်းသော လက္ခဏာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ကြီးမားတဲ့ ရလဒ် လို့လည်း ကောက်ချက် ချနိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ တနွယ်ငင် တစင်ပါ ဆိုသလို နောက်ထပ် နိုးကြား ဆောင်ရွက်လာမယ့် အမျိုးသားရေး လှုပ်ရှားမှု ကြီးကတော့ “တရုတ် ကျူးကျော်မှု” ဖြစ်လာမယ့် အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်ပ ရန်စွယ်ကို စေ့ငုကြည့်ရင် ဆွေမျိုးယောင် ဆောင်နေတဲ့ ပေါက်ဖေါ် ဟာ အဓိကပဲ ဖြစ်ပါတယ်။ တရုတ်ဟာ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက အကွက်ကျကျ ချယ်လှယ် ကိုလိုနီ ပြုနေတာကို စနစ်တကျ လေ့လာလေလေ ပိုပြီး ထင်ထင်ရှားရှား မြင်သာလေလေပဲ ဖြစ်ပါတယ်။ ခေါင်းမြီးခြုံပြီး သိုသိုသိပ်သိပ် တလမ်း၊ သိသိသာသာ တဖုံ၊ ရောရောယောင်ယောင် တသွယ်၊ မလိမ့်တပတ် တနည်း၊ စော်စော်ကားကား တမျိုး ပြုချင်သလိုပြု နုချင်သလို နု နေတာ အထင်အရှား ဖြစ်ပါတယ်။

တရုတ်ဟာ ဘာလို့ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံက ထဲထဲဝင်ဝင် ချယ်လှယ် စိုးမိုးနိုင်ဖို့ အကွက်ကျကျ လုပ်နေသလဲ။ တွေးဆဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ သစ်တော၊ လျှပ်စစ်လောင်စာ ဓါတ်ငွေ့၊ ကျောက်မြတ် ရတနာ၊ စတဲ့ သယံဇာတ တွေကြောင့်ပဲလား။ ဒါတွေတင်မက ပထ၀ီ အနေအထားအရ အနောက် နိုင်ငံတွေနဲ့ အပြိုင်အဆိုင် ချယ်လှယ်မှုမှာ မြန်မာဟာ အနောက်နိုင်ငံတွေ ဖက်က ကြည့်ရင် တရုတ်ကို ထိုးဖေါက်မွှေနှောက် ဒိုးယိုပေါက် ထိန်းချုပ်နိုင်တဲ့ နယ်မြေဖြစ်နေလို့၊ မဟာဗျူဟာမြောက် နယ်မြေဖြစ်နေလို့လား။ ကုန်သွယ် ကူးသန်းဖို့ အဆင်ပြေဆုံး ဒေသန္တရ ကြောင့်လား။ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကို ဆက်သွယ် ပေးထားတဲ့ တခုတည်းသော နိုင်ငံဖြစ်လို့လား။ ထိန်းချုပ် ချယ်လှယ်ဖို့ အလွယ်ကူဆုံးနဲ့ အားအပျော့ဆုံး နိုင်ငံဖြစ်လို့လား။ ပြည်တွင်းရေး မငြိမ်သက်မှုကြောင့် “ပွဲလန့်ဖျာခင်း” လုပ်ဖို့ အသင့်ဆုံး အခြေအနေ ကြောင့်လား။ ဒါတွေထဲက တချက်၊ ဒါမှမဟုတ် ဒီလို အချက်အလက်တွေ အများအပြားကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကစားကွင်းထဲကို ရောက်နေပြီ ဆိုတာကိုတော့ မြန်မာ နိုင်ငံသားတိုင်း သုံးသပ် နိုင်ကြပါတယ်။

ဒီလို တရုတ်က မတရားကြီးစိုးချယ်လှယ် ကိုလိုနီပြုနေတာကို စစ်တပ်က အာဏာပိုင်တွေက သိသိကြီးနဲ့ ခေါင်းငုံ့ ခံနေသလားလို့ တွေးစရာ ရှိပါတယ်။ အမျိုးကိုချစ်လို့ စွန့်လွှတ် အနစ်နာ ခံပါတယ်လို့ ကြွေးကြော်နေတဲ့ တပ်မတော်သား အားလုံးက တညီ တညွတ်တည်း တရုတ်ကို အဖေ ခေါ်ဖို့တော့ သဘော တူညီကြလိမ့်မယ် မထင်ဘူး။ အနောက် နိုင်ငံတွေကို အံတုဖို့ပဲ ဖြစ်ဖြစ်၊ အနီးကပ်ဆုံး အင်အားကြီး နိုင်ငံကို ခိုလှုံချင်လို့ပဲဖြစ်ဖြစ်၊ တရုတ်ပေးစာ ကမ်းစာကို ယူထားမိ လက်လွန် ထားမိလို့ပဲ ဖြစ်ဖြစ် အခြေအနေ အကြောင်းအရပ် တွေကြောင့် လက်ခံသူတွေက လက်ခံနေရင်တောင် လက်မခံနိုင် သူတွေကတော့ တပ်မတော်ထဲမှာ အများအပြား ရှိနေမှာပါပဲ။ အာဏာပိုင်နဲ့ ဆက်နွယ်နေတဲ့ တပ်မတော်သား တွေတောင် မကျေနပ်ရင် တချိန်လုံး ပြုသမျှနုခံ၊ ခေါင်းငုံ့ ခံနေရတဲ့ ပြည်သူတွေ အနေနဲ့ ဘယ်လိုသဘောထား ရှိလိမ့်မယ် ဆိုတာတော့ ပြောစရာတောင် မလိုဘူး ထင်ပါရဲ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ် တရုတ်ကျူးကျော်မှု မတရား စော်ကား ချယ်လှယ်ကြီးစိုးမှု တွေဟာ “လူတွင်ပါမှ ကျွှဲခိုး ” ဆိုသလို အုပ်ချုပ်သူ အာဏာပိုင်တွေမှာ အဓိက တာဝန် ရှိနေပါတယ်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်း ကြမလဲ ဆိုတာဟာ မကြာခင် ကြီးမားတဲ့ ပြသနာ ဖြစ်လာတော့မှာပါ။

တရုတ်ဟာ မြန်မာ့နိုင်ငံရေးအပေါ်မှာ အုပ်ချုပ်သူတွေဖက်က ကူညီ သယောင်ယောင်နဲ့ “သြဇာ” “ပါဝါ” ရအောင် တစိုက်မတ်မတ် အမြတ် ထုတ်ခဲ့ပါတယ်။ တရုတ် လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ် သမျှကို မြန်မာနိုင်ငံသားတိုင်း နားလည် သဘောပေါက် ကြပါတယ်။ အခုလို ပွင့်လင်းမြင်သာတဲ့ အခြေအနေလေး အနည်းငယ် ရှိလာတာနဲ့ ထင်ထင်ရှားရှား ဖြစ်လာတဲ့ ဧရာဝတီ ပြသနာ ရဲ့ နောက်ကွယ်မှာ တရုတ်ရှိနေတာ အထင်အရှား ပေါ်လာပါတယ်။

တခြားချယ်လှယ် သွေးစုတ်မှုတွေကို ခဏထားဦး။ ဧရာဝတီ ကိစ္စ တခုတည်းမှာ အခြေခံ စဉ်းစားကြည့်ရင် ….. မြန်မာနိုင်ငံမှာ မြစ်ဆုံ ရေကာတာ ဆောက်လုပ်တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ဘူးလို့ မြန်မာနိုင်ငံက လျှပ်စစ် ၀န်ကြီးက ဆိုခဲ့ပါတယ်။ ဒါဆိုရင် သဘာဝ ပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ရင် တရုတ်ဟာ ဘာလို့ သူ့နိုင်ငံထဲမှာ မဆောက်ပဲ မြန်မာနိုင်ငံ ထဲမှာ ခက်ခက်ခဲခဲ လာရောက် လုပ်ကိုင်ရသလဲ လို့ ပြန်မေးစရာ ရှိပါတယ်။ (ရောင်းလို့ဝယ်တာ။ ၀ယ်သူမှာ အပြစ်မရှိ၊) လို့ ဆိုပြီး ပြသနာဖြစ်ခဲ့ရင် တရုတ်က ရှောင်ထွက်ဖို့ ရှိပါတယ်။ အရောင်းအ၀ယ် သဘောမှာ.. ပိုင်ရှင်က ကျေနပ်လို့ ရောင်းရင် ၀ယ်သူမှာ အပြစ်မရှိဘူး ဆိုနိုင်ပေမယ့် ပိုင်ရှင်က မကြည်ဖြူ သဘောမတူပဲ “ခိုး”ရောင်းတာကို ၀ယ်ရင် “သူခိုးလက်ခံ” ဖြစ်ပါတယ်။ ပိုင်ရှင်ဆီက အတင်းလုယက်ပြီး ရောင်းရင် “ဓါးပြအားပေး အလိုတူအလိုပါ” ဖြစ်ပါတယ်။ ဥပဒေ သဘောအရ အပြစ်ရှိပါတယ်။ ဒီလို ဖြေရှင်းနိုင်ဖို့ ပိုင်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံသား တွေက တညီတညွတ်တည်း သဘောမတူကြောင်း၊ လက်မခံကြောင်း ထင်ထင်ရှားရှား ပီပီပြင်ပြင် ဆောင်ရွတ် ပြသ နိုင်ဖို့တော့ လိုပါတယ်။

တရုတ်မတရားတာသိပေမယ့် ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ ဆိုတာကို မြန်မာ နိုင်ငံသားတိုင်း တွေးချိန် ဆောင်ရွက်ဖို့ လိုလာပါတယ်။ တရုတ် မတရားမှုကို ဘာလို့ မသိကျိုးကျွန် ပြုနေကြတာလဲ၊ တရုတ်ကို ဘာလို့ မဆန့်ကျင် ကြတာလဲလို့ မေးမြန်း သံတွေလည်း ထွက်ပေါ် လာပါတယ်။ အထူးသဖြင့် ဒါမျိုး ဆန့်ကျင်ဖို့ အခြေအနေ အပေးဆုံး အဆင်ပြေဆုံး ဖြစ်တဲ့ ပြည်ပရောက် မြန်မာတွေ ဘာလုပ်နေသလဲ လို့လည်း မေးမြန်းနေကြပါပြီ။

တရုတ်ကို ကန့်ကွက်ဆန္ဒပြမယ် ဆိုရင် အကျိုးကျေးဇူး ရှိပါတယ်။ တခြား အရေးကြီးတာတွေ ခဏထားဦး။ အနည်းဆုံးတော့ မြန်မာနိုင်ငံမှာ တရုတ် ချယ်လှယ်မှုကို ကမ္ဘာက ပိုပြီး ထင်ထင်ရှား ရှား ရှိလာမှာ ဖြစ်ပါတယ်။ တရုတ်ကို ဆန့်ကျင်တာ ဆိုပေမယ့် တရုတ်လူမျိုးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ တရုတ် အစိုးရရဲ့ မတရားတဲ့ ပေါ်လစီကို ဆန့်ကျင်တာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးကို သိက္ခာကျစေ တဲ့ တရုတ် အစိုးရပေါ်လစီကို မကျေနပ်တဲ့ တရုတ်လူမျိုးတွေ ကိုယ်တိုင်က ပူးပေါင်း ဆန့်ကျင်လာဖို့ ရှိပါတယ်။ အာဏာရှင် စနစ်ကို မလိုလားသူတွေ ထောက်ခံလာဖွယ် ရှိပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေ ထောက်ခံလာဖွယ် ရှိပါတယ်။ အနောက် နိုင်ငံတွေလည်း အားပေးလာဖွယ် ရှိပါတယ်။

မှန်ပါတယ်။ တရုတ်ကို ဆန့်ကျင် ဆန္ဒပြသင့်ပါတယ်။ ဒါပေမယ့် တရုတ် သံရုံးတွေရှေ့ ကို တကမ္ဘာလုံးမှာ ရောက်ရှိနေတဲ့ မြန်မာတွေ တညီ တညွတ်တည်း ၀ိုင်းပန်း ဆန္ဒပြရုံနဲ့ တရုတ်က နောက်ဆုတ်မယ် မထင်ဘူး။ မသိကျိုးကျွှန် ပြုနိုင်ပါတယ်။ သာဓက တွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြရုံ သာမက တရုတ် သံရုံးတွေကို ကန့်ကွက်စာလည်း ပို့နိုင်ပါတယ်။ ဒါပေမယ့် တရုတ်က “ရှဲ့ရှဲ့နီ” ဆိုပြီး လက်ခံထားပြီး အမှိုက်ပုံးထဲ မပစ်လိုက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

ဒီတော့ တရုတ်ကို ဆန့်ကျင် ဆန္ဒပြကန့်ကွက်မယ်ဆိုရင် အရေးတကြီး စနစ်တကျ ပြင်ဆင် ရမှာတွေ ရှိပါတယ်။ ကြီးမားတဲ့ အန္တရာယ် ဖြစ်တာကြောင့် အကွက်ကျကျ ထိရောက်အောင် လုပ်ဖို့ လိုပါတယ်။ ဒါတွေဖြစ်လာဖို့ …………

(၁) အချက်အလက်ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံ ရှိဖို့လိုပါတယ်။ (ဖြစ်နိုင်ရင် စာတစောင်ပေတဖွဲ့ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်း စုံစုံ လင်လင်ပေါ့)
(၂) ပြည်ပက တရုတ်သံရုံးတွေ အားလုံးအပြင် တရုတ်အစိုးရ၊ မြန်မာအစိုးရ၊ အာဆီယံ၊ ဥရောပ၊ အမေရိကန် ၊ ကုလ စတဲ့ နိုင်ငံတကာ အပြင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တွေကိုလည်း တရုတ် မတရားမှု အချက်အလက် သက်သေ အထောက်အထားတွေကို ပူးတွဲ ပေးပို့ဖို့ လိုပါတယ်။
(၃) ပြည်ပရောက် မြန်မာတွေ နေ့ရက်တူ တပြိုင်တည်း နီးစပ်ရာ တရုတ် သံရုံးတွေရှေ့ ဆန္ဒပြ ကန့်ကွက်ဖို့ လိုပါတယ်။
(၄) ပြည်တွင်းက အခြေအနေ ပေးသလောက် မြန်မာ အာဏာပိုင်တွေ အပါအ၀င် တရုတ်၊ ကုလ ၊ စတဲ့ အဖွဲ့အစည်း တွေကို ကန့်ကွက်စာ ပေးပို့ သင့်ပါတယ်။
(၅) ရလာမယ့် အခြေအနေပေါ်မူတည်ပြီး ဒါဟာ အမျိုးသားရေး ဖြစ်ကြောင်း လူထုကို ကျယ်ကျယ် ပျံ့ပျံ့ လှုံ့ဆော်ဖို့ လိုပါတယ်။

ဒီလို စနစ်တကျ အကွက်ကျကျ ဆောင်ရွက်မှာသာ ထိထိရောက်ရောက် ဖြစ်လာမှာပါ။ ဒီလိုဖြစ်ဖို့ အရေးအကြီးဆုံးက အချက် အလက် ဖြစ်ပါတယ်။ အချက်အလက် ခိုင်ခိုင်လုံလုံ မရှိပဲ ကန့်ကွက် စာပို့ရင် ထိရောက်မှု အားနည်းပါတယ်။

(က) အချက်အလက်တွေစုဆောင်းရပါမယ်..။ အချက်အလက်တွေ ရနိုင်သမျှ ၀ိုင်းဝန်း စုစည်းပေးဖို့ လိုပါတယ်။ အင်္ဂလိပ် မြန်မာ ဘာသာတွေနဲ့ ပုံနှိပ်ထုတ်ဝေ သင့်ပါတယ်။
(ခ) စနစ်တကျ ၀ိုင်းဝန်းဆွေးနွေး စီစဉ်ရပါမယ်။ ပေါ်ပြူလာလမ်း မလိုက်ပဲ “ကိုယ့်အဖွဲ့က စလုပ်တာ” ဆိုတာမျိုး မဟုတ်ပဲ ပူးပေါင်း ဆောင်ရွက် ပါဝင်နိုင်ဖို့ စီစဉ်သင့်ပါတယ်။
(ဂ) ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်ဖို့ လိုပါတယ်။
(ဃ) နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး သင့်တော်မယ့် အချိန်ကို ရွေးချယ်ဆောင်ရွက်ဖို့ လိုပါတယ်။ (ဥပမာ.. တရုတ်ပြသနာ ဖြေရှင်းမှု ဟာ ဧရာဝတီ ပြသနာဖြေရှင်းမှုနဲ့ အညမည ဖြစ်သင့်ပါတယ်။ တခုဆောင်ရွက်လို့ တခုအရှိန့်လျော့သွားမှာ တိမ်မြုပ် သွားမှာမျိုး မဖြစ်အောင်ပေါ့)

ဘာပဲဖြစ်ဖြစ် တရုတ်ဟာ မြန်မာနိုင်ငံအပေါ် ဂုတ်သွေးစုတ် ချယ်လှယ် စိုးမိုး ကိုလိုနီပြု ကျူးကျော် အနိုင်ကျင့် တာတွေ များလာပါပြီ။ ဒီအတိုင်း မသိကျိုးကျွန် ပြုနေရင်တော့ တရုတ် ကျွန်ပြုတာ ခံရမယ့်ကိန်း ဖြစ်နေပါပြီ။ အမျိုးသားရေး ပြသနာ ဖြစ်ပါတယ်။ တိုင်းပြည် ချစ်သူတိုင်း တပ်မတော်သားရော၊ လယ်သမား အလုပ်သမားရော၊ စီးပွားရေးသမား နိုင်ငံရေး သမားရော ၊ ဘေးထိုင်ဘုပြော ၊ အာဏာပိုင်ရော အာဏာမဲ့ ရော အားလုံး ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမှာက တာဝန်တရပ် ဖြစ်ပါတယ်။

တခုတော့ရှိတယ်…။ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုရင် စနစ်တကျ ၀ိုင်းဝန်း ပြင်ဆင်ဖို့တော့ လိုသပေါ့ဗျာ..။

Ref: မိုးမခ

Read More...

ဆိုးတူကောင်းဖက် ခရီးအတူဆက်ကြမည်……။

မောင်ကိုဦး
September 28, 2011

အမေ ခရီးတခုကို စတင်တော့မည်။

အရင်က အမေ ဘာပဲလုပ်လုပ် ကျနော်တို့ သိခွင့်ရသည်။ အမေဘာလုပ်လုပ် ကျနော်တို့ အမေဘေးမှာ မကွဲမကွာ ရှိခဲ့ကြသည်။ အမေကို ယုံကြည်မှု အပြည့်ဖြင့် အားပေးခဲ့ ၀န်းရံခဲ့ ထောက်ခံခဲ့ကြသည်။ အမေ့ကို မနာလို မုန်းတီသူများက စွေစောင်း ကြည့်လျှင်ပင် ကျနော်တို့ မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။ အမေ အခက်အခဲဖြစ်လျှင် ကျနော်တို့ တတ်နိုင်သမျှ ၀ိုင်းကြ ၀န်းကြ အားပေး ခဲ့ကြသည်။ ထိုမျှ ကြည်ညို အားကိုးခဲ့သလို အမေကလည်း ကျနော်တို့ အတွက် အစစ ပေးဆပ် ခဲ့သည်ချည်းပင်။ အမေသည် ကျနော်တို့ အတွက် ယုံကြည်ရာ၊ အားကိုးရာ၊ ကျနော်တို့၏ လမ်းပြ၊ ကျနော်တို့၏ သူရဲကောင်း။ ကျနော်တို့၏ အာဇာနည်။

ယခု အမေ ခရီးသစ် တခုကို စတင်တော့မည်။ ထိုခရီးက နီးသလား၊ ဝေးသလား။ ခက်ခဲသလား၊ ငြိမ်းချမ်းမလား၊ အဆင်ပြေမည့် လမ်းလား၊ သူများလမ်းဖြစ်ဖို့ လမ်းခင်း ပေးရမည်လား။ အန္တရာယ် များသလား၊ အန္တရာယ် ကင်းမလား။ အဆင်းလမ်းလား၊ အတက်လမ်းလား။ ဘယ်ပုံ ဘယ်ခရီးကို ဘယ်နည်းနှင့် သွားမည်လဲ.. ကျနော်တို့ ဘာမှ သိခွင့်မရ။

ကျနော်တို့သည် အမေ့အတွက် စိုးရိမ်ကြသည်။ ယုံကြည်ကိုးစားသော ကြည်ညို အားထားသော ဦးညွှတ် အလေးထားသော အမေ့ အတွက် ကျနော်တို့ စိုးရိမ်မိသည် ကတော့ အမှန်ပင်။ အမေသည် ကျနော်တို့ ဒုက္ခရောက်အောင်တော့ လုပ်မည် မဟုတ်မှန်း ယုံကြည်သည်။ သို့သော် အမေ လျှောက်သော လမ်းမှာ အဆင်ပြေပြေ ဖြစ်ပါ့မလား ဆိုသည်ကိုတော့ စိတ်ပူ စိုးထိတ်ခွင့်တော့ ရှိသည် မဟုတ်လား။ အမေသည် ကျနော်တို့ အတွက် ဒီခရီးကို သွားမည်၊ ကျနော်တို့ တိုးတက် သာယာဖို့ ဒီခရီးကို သွားမည် ဆိုတာတော့ ချွင်းချက်မရှိ ယုံကြည်သည်။ သို့သော် အမေသွားမည့် လမ်းမှာ လမ်းကောင်းဖြစ်လျှင် ကျနော်တို့ စံရမည်။ လမ်းဆိုးဖြစ်လျှင် အမေသာမက ကျနော်တို့လည်း အခက်အခဲတွေ ဖြစ်မည် မဟုတ်လား။ အမေ့ကို ယုံသော်လည်း ကံကိုတော့ ယုံဖို့ခက်သည်။

အမေသည် သူ ဘယ်ခရီးလမ်းကို ဘယ်ပုံဘယ်သို့ ဘယ်မျှကြာကြာ ဘယ်လိုနည်းဖြင့် ဘာကြောင့် သွားမည်ကို ကျနော်တို့ လုံးလုံး မသိရသေး။ ကျနော်တို့ကို တချိန်ချိန်မှာတော့ အမေ သိခွင့် ပေးလိမ့်မည်။ အခြေအနေ ကြောင့် ကျနော်တို့ သိခွင့် မရှိသေးသည့်တိုင် အမေ၏ သွေးရင်းမောင်နှမ များတော့ သိထား သင့်သည်ထင်သည်။ ဒါကြောင့်လည်း အမေ့သား တချို့က အမေ့အတွက် ပူပန်မှုနှင့် အတူ ဘ၀င်မအေး ဖြစ်ကာ အမေ့ကို စကားနာ ထိုးကြသည် အထိပင်။

အမေ့ အကို ကျနော်တို့ ဘကြီးများ ကတော့ အမေသွားမည့် ခရီးအတွက် ကျနော်တို့ အားလုံး လိုက်ပါသွားဖို့ တိုက်တွန်း ထားသည်။ သို့သော် ဘယ်လမ်း ဘယ်စခန်း ဆိုသည်ကိုတော့ ဘကြီးတို့ပင် သိပုံမပေါ်။ ဘကြီးတို့၏ မျက်နှာသည်လည်း ကျနော်တို့ ခံစား မိသလောက်တော့ ဟိုအရင်လို တက်တက်ကြွကြွ မဟုတ်။ ဟိုအရင်လို ကြည်လင် အေးချမ်းပုံမရ။

အမေဘာလုပ်လုပ် ထောက်ခံ အားပေး လိုက်ပါရမည်မှန်သော်လည်း ကျနော်တို့ အနေဖြင့် တတ်စွမ်း သမျှတော့ ၀ိုင်းဝန်း ချင်ကြသည်။ အမေ့ ခရီးလမ်းကို အသေးစိတ် မဟုတ်တောင် အရှေ့လား အနောက်လား အထက်လား အေက်လား ဆိုတာလောက် သိရလျှင် ကျနော်တို့ တခုခု လုပ်ပေးနိုင်မည်။ ပြင်ဆင်နိုင်မည်ဟု ထင်မိသည်။ အမေ့ကို ယုံကြည် အားကိုးသည်မို့လည်း ဘာပဲဖြစ်ဖြစ် ကျနော်တို့ အသက်ပေးရမည့် လမ်းဖြစ်လျှင်ပင် ဇွတ်မှိတ်ပြီး လိုက်မည်မှာ အမှန်ပင်။ သို့သော် ကျနော်တို့ မဟုတ်တောင် အမေ့ သွေးရင်း မောင်နှမ များဖြစ်သော ဘကြီး၊ ဦးလေးများ သိမည်ဆိုလျှင်ပင် ကျနော်တို့ သည်လမ်းအတွက် လျှောက်ရတာ ပိုအားရှိမည် ထင်သည်။ နေပူမည့် ခရီးဆိုလျှင် အမေ့အတွက် ထီးမိုးပေးချင်သည်။ ရေကမ်းပေးလိုသည်။ အမေ့စိတ်ဓါတ်နှင့် အမေ့ ပေးဆပ်မှုများ အတွက် အမေ့ ကျေးဇူးတွေ အတွက် လိုအပ်လျှင် ခြေနင်းဖိနပ် အဖြစ်နှင့်ပင် ထမ်းဆောင်ဖို့ ၀န်မလေး။ ခုတော့ လိုက်သာ လိုက်ရမည်၊ ရှေ့ခရီးက ဘာမှန်းမသိ။ အမေ မောပမ်းမည့် တောလမ်းဆိုလျှင် ကျောထမ်းပြီး လိုက်ဖို့ ပြင်ချင်သည်။ အန္တရာယ် ထူပြောမည် ဆိုလျှင် ကျနော်တို့ သား၊ တူမောင်တွေက ဓါး ယူဆောင် ခဲ့ကြမည်။ အမေ ပူပင်မောမည် ဆိုလျှင် ကျနော်တို့ နှမ မေပျိုတွေက ပျားရည်ချိုတွေ ယူဆောင်ခဲ့ကြမည်။ အစည်းအပြည် မပျက်ပဲ ခရီးအတူ ထွက်ချင်ကြပါသည်။

အစဉ်အမြဲ အမေနှင့်အတူတွဲပြီး လှိုင်းကြီးကြီး လေပြေပြေ နေပူပူ မိုးခခ နှင်းကျကျ ရေကြီးကြီး ခရီး အတူတွဲ ဆက်ခဲ့တဲ့ သွေးသောက် သွေးရင်း ညီရင်း အကိုမောင်နှမတွေနဲ့ အမေချစ်တဲ့ သားသမီးမြေး တဆွေ တ၀န်းက အမေနဲ့ အတူ ရဲရဲကြီး အတူ လိုက်ကြမှာမို့… (အမေ့ခရီး အရိပ်အမြွတ်ကိုတော့) ပြောသင့် ပြောထိုက်သူတွေကို ပြောလိုက်ဖို့ လိုပြီထင်တယ် အမေ..။

ဘာပဲဖြစ်ဖြစ် အမေ့ကိုတော့ ယုံကြည်သည်ပင်။

Read More...

NLD Statement & Chair's Speech & NLD 23rd Anniversary - 27 Sep 2011

Burma Update - NLD Statement & Chair's Speech @ NLD 23rd Anniversary - 27 Sep 2011

Read More...

ကျိုးကျခဲ့သည့် မယ်ရာမို ကြိုးတံ တား ပြန်လည်တည်ဆောက် ပြီးစီး

27 September 2011
နန်းသူးလေ

ထိုင်းနိုင်ငံ- မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုဒုက္ခသည်စခန်းကို ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက မှိုင်းလုံး ကြီးချောင်းရေ နစ်မြုပ်ခဲ့သည့်အတွက် စခန်းအတွင်းရှိ ကြိုးတံတားကျိုးသွားခဲ့ပြီး ယခုအချိန်တင် ပြန်လည်ပြုပြင် ဆောက်လုပ် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားကို သြဂုတ်လ ၁၇ရက်နေ့မှ စတင်ကာ ပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၄ရက်နေ့တွင် ကြိုး တံတား တည်ဆောက်မှု ပြီးစီးသွားကြောင်း ထိုင်းမြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း TBBC မှ ၀န်ထမ်းတစ်ဦးက ပြောသည်။


သူက “တံတားကို ပြီးခဲ့တဲ့လ ၁၇ရက်နေ့က စပြီးပြင်တယ်။ အခုလ ၁၄၇က်နေ့ကတော့ ပြီးသွားတယ်။ အဲ့ဒါကြောင့် ၁၅ရက်နေ့ မှာပဲ တံတားဖွင့်ပွဲလုပ်ပြီး တံတားက အခုဆိုရင်တော့ သွားလာလို့ ရနေပါပြီ။ ကျောင်းတက်နေတဲ့ကလေးတွေကော စခန်းမှာ နေ ထိုင်တဲ့သူတွေအတွက်ကော အဆင်ပြေသွားတာပေါ့။”ဟု ပြောပြ သည်။

ထိုသို့ ပြန်လည် တည်ဆောက်ရာတွင် TBBC, IRC/RSC, SVA, Dare စသည့် NGOs အဖွဲ့အစည်းများ စုပေါင်းကာ ထိုင်းဘတ် ငွေ ၃၂၅,၈၀၀ အကုန်အကျခံ ကူညီခဲ့ကြပြီး စခန်းရှိ တာဝန်ရှိသူများနှင့် ဒုက္ခသည်များမှ စုပေါင်းကာ ပြန်လည် ပြုပြင်ခဲ့ခြင်းဖြစ် သည်ဟုလည်း ၎င်းက ဆိုသည်။

ကြိုးတံတားသည် မယ်ရာမိုစခန်းတွင်းရှိ ရပ်ကွက် ၇(A)နှင့် (B)ကို ဆက်သွယ်ပေးထားပြီး စခန်းသူ စခန်းသားများ၊ ကျောင်းသူ ကျောင်းသားများအတွက် အလွန်အရေးပါကြောင်းကိုလည်း ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပြောသည်။

မဲ့စရင်းမြို့ရှိ KRC ရုံးမှ စောတူးတူးက “စခန်းထဲမှာ ကျောင်းတက်နေကြတဲ့ ကလေးတွေအတွက် အလွန်ပဲ အရေးပါတယ်လေ။ လှေနဲ့ကူးတာ မလုံလောက်ဘူး။ တံတားရှိတော့ အလွယ်တကူ သွားလာလို့ရတယ်။ ပိုက်ဆံ အကုန်အကျ သက်သာတယ်။ နောက် ပြီး လစဉ် ရိက္ခာထုတ်တဲ့အခါမှာလည်း ပို့ဆောင်ရတာ လွယ်ကူတယ်။ ကျန်းမာရေးအတွက်ဆို ရပ်ကွက်(၇-B)မှာပဲ ဆေးရုံရှိတော့ A ဘက်ကလူတွေ နေထိုင်မကောင်းဖြစ်ရင် တံတားကနေ အလွယ်တကူ သွားလာနိုင်တယ်။”ဟု ပြောသည်။

မယ်ရာမိုကြိုးတံတားကို ၂၀၀၀-၂၀၀၁ခုနှစ်အတွင်း AMI အဖွဲ့အစည်း၏ အကူအညီဖြင့် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခု နှစ်တွင် COERR (Catholic Office for Emergency Relief)အဖွဲ့မှ တံတားကို တစ်ကြိမ် ပြုပြင်ခဲ့သေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် လူဦးရေ နှစ်သောင်းနီးပါးရှိသည့် မယ်ရာမိုစခန်းမှာ ကေအဲန်ယူ ဗဟိုဌာနချုပ်ဖြစ်ခဲ့သည့် မာနယ်ပလော ကျပြီး နောက်ပိုင်း ၁၉၉၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် ဒုက္ခသည်စခန်းတစ်ခု ဖြစ်သည်။

Ref: ကေအိုင်စီ

Read More...

ကေအဲန်ယူမိုင်းနင်းမိ၍ အရပ်သားတစ်ဦး သေဆုံးဟု အစိုးရသတင်းထုတ်ပြန်

27 September 2011
စောသိန်းမြင့်

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ၀ါးတောကြီးရွာသားကျေးရွာသားတစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်နေ့က ကေအဲန်ယူတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းတစ်လုံး တက်နင်းမိ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ယမန်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ပါရှိသည်။

အစိုးရပိုင် ကြေးမုံသတင်းစာဖော်ပြချက်အရ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၃နာရီခန့်တွင် ၀ါးတောကြီး ရွာသား နှစ်ဦးဖြစ်သည့် ကိုချစ်ထွန်းနှင့် ကိုစစ်နိုင်တို့သည် ရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် ၀ါးခုတ်နေစဉ် ကေအဲန်ယူတပ်ဖွဲ့ ၀င် များ ထောင်ထားသော မိုင်းတစ်လုံးနင်းမိ၍ ကိုစစ်နိုင် ၂၇နှစ်၏ ဘယ်ခြေချင်းဝတ်မှ ပြတ်သည့်အပြင် မေးစေ့အောက် မိုင်းစ ဖောက်ဝင်ဒဏ်ရာရှိပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ သတင်းဖော်ပြချက်အပေါ် ကရင်အမျိုးသားအစည်းအရုံးကေအဲန်ယူ၏ ဒုဥက္ကဌ စောဒေးဗစ်သကဘောက ၎င်းတို့ ကေအဲန်ယူတပ်ဖွဲ့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး အစိုးရစစ်တပ်က ရွာသားများ မနေနိုင်အောင် ရည်ရွယ်ချက် ရှိရှိ မိုင်းထောင်ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။

၎င်းက “ကေအဲန်ယူမှာက အရပ်သားတွေ သွားနေတဲ့နေရာ၊ အရပ်သားတွေ ၀ါးခုတ်၊ ထင်းခုတ်တဲ့နေရာတွေကို မိုင်း လုံးဝ မထောင် ရဘူးဆိုပြီးတော့ စည်းကမ်းသတ်မှတ်ချက်ရှိတယ်။ ဒါမျိုးနေရာတွေမှာ ထောင်တာ အစိုးရစစ်တပ်ကပဲ များတယ်။ ဆို လိုချင် တာက ရွာသားတွေ မနေနိုင်အောင် လုပ်ဆောင်တာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေ လုပ်ကိုင်စား သောက်နိုင် ရင် သူပုန်အဖွဲ့တွေ အခွန်ကောက်မယ်။ အဲသလို တွက်ချက်မှုမျိုးနဲ့ မိုင်းထောင်တာဖြစ်တယ်။”ဟု ပြောသည်။

၎င်းအပြင် လက်ရှိ မြန်မာအစိုးရသည် စည်းကမ်းရှိသည့် ဒီမိုကရေစီအစိုးရဟု ကြွေးကြော်နေသော်လည်း ယခင် စစ်အစိုးရအ တိုင်းသာ တိုင်းရင်းသားလူမျိုးစုများ ခုခံတော်လှန်စစ်ကို အကြမ်းဖက်သောင်းကျန်းသူများအဖြစ် အမြစ်ပြတ်ချေမှုန်းရေးစသည့် လမ်းစဉ်အတိုင်း လုပ်နေဆဲဖြစ်သည်ဟု ကေအဲန်ယူ ဒုဥက္ကဌက ပြောသည်။

အလားတူ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ပင် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ ဈေးတန်းသို့ ကချင်လွတ် မြောက် ရေးအဖွဲ့(KIA)က စက်တင်ဘာလ ၂၂ရက် မနက် ၃နာရီ ခန့်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် အသက် ၄၃နှစ်အရွယ် ကချင်အမျိုးသမီး ဒေါ်မရှီကော့မှာ လက်နက်ငယ် ထိမှန်သည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာအစိုးရသည် ယခင်က ကေအဲန်ယူကိုသာ သောင်းကျန်းသူဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သော်လည်း ဇူလိုင်လကတည်းက အပစ် ရပ်မှု ပျက်ပြားခဲ့သည့် ကေအိုင်အေကိုလည်း ယခုဆိုလျှင် သောင်းကျန်းသူအဖျက်သမားဟု သတင်းရေးသား ဖော်ပြ လာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ခုနှစ်မှစ၍ ယနေ့အချိန်ထိ မြန်မာ အစိုးရ အဆက်ဆက်ကို ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။

Ref: ကေအိုင်စီ

Read More...

ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ကုလမှာ တောင်းဆို

27 စက်တင်ဘာ 2011
ဦးသားညွန့်ဦး

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ မြန်ဆန် တိုးတက်လာဖို့အတွက် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ အပြောက များနေပြီး လက် တွေ့ ညီမညီကိုတော့ စောင့်ကြည့်ဖို့ လိုတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က မြန်မာအစိုးရကို ဝေဖန်သွားပါ တယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား အစိုးရတရပ် အနေနဲ့ ဒါဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခဲ့တာမို့ အပြောင်းအလဲ ကိစ္စတွေကို အတော်လေး အလေးပေးပြောတာ တွေ့ရပါ တယ်။

မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အာမခံဖို့ လိုအပ်သလို ဥပဒေ ထုတ်ပြန်တာတွေ၊ ဥပဒေ ပြင်ဆင်ချက်တွေ လုပ်သွားမှာ ဖြစ်သလို တရားရေးစနစ် ခိုင်မာ အားကောင်းလာအောင်နဲ့ နိုင်ငံသားတိုင်း ညီတူညီမျှ အခွင့် အရေးတွေ ရရှိစေဖို့ အာမခံပါတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ မြန်ဆန်လာစေဖို့အတွက် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ လိုမယ်လို့ ပြောပါတယ်။

“ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည် ကောင်းမွန်လာစေဖို့ အစိုးရက ကြိုးပမ်းတဲ့ နေရာမှာ နိုင်ငံတကာရဲ့ စီးပွားရေး အရေး ယူ ပိတ်ဆို့မှုတွေ အနှောင့်အတား ဖြစ်နေတာက ၀မ်းနည်းစရာပါ။ ဒါကြောင့် မြန်မာနိုင်ငံ အပေါ်မှာ တဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်နေတဲ့ နိုင်ငံတွေကို တိုက်တွန်းချင်ပါတယ်။ ဒီအကန့်အသတ်တွေကို ဖယ်ရှားပေးပါ။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်နိုင်ဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။” ဆိုပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး က ပြောသွားခဲ့တာပါ။

အစိုးရသစ်အနေနဲ့ မြန်မာလူထုရဲ့ လူမှုစီးပွား ဘ၀အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ စီးပွားရေး၊ လူမှုရေးနဲ့ မူဝါဒဆိုင်ရာ ပြောင်းလဲမှု အတော်များများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒီအထဲ ဆင်းရဲမွဲတေမှု လျှော့ချရေး ကြိုးပမ်းချက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။

နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ ပြောခွင့်ရသူ အီလိန်း ပီယာစန် (Elaine Pearson) ကတော့ အပြောနဲ့ လက်တွေ့ ညီမညီကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ပြည်သူတွေ အနေနဲ့ စိတ်ချလက်ချ ယုံယုံကြည်ကြည်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တင်ပြ တိုင်ကြားနိုင်ဖို့ ဆို ရင်တော့ မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းတာထက် ပိုပြီး လုပ်ဆောင်စရာတွေ ရှိပါတယ်။ မြန်မာ နိုင်ငံမှာ အစိုးရကို ဝေဖန်ပြောကြားလို့ ဖမ်းဆီး အကျဉ်းချခံရသူတွေ ရှိနေဆဲပါ။ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိက၀တ် စကား တွေထက်၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုရှိတယ် ဆိုတာကို ပြဖို့ လက်တွေ့ ဆောင်ရွက်ရမယ့် ကိစ္စတွေ ဆောင်ရွက် သွားဖို့ လိုပါတယ်။”

လက်တွေ့အားဖြင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလာဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုသလို လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ကိစ္စ လုံခြုံရေး တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးဖို့ လိုမယ်လို့ HRW က ထောက်ပြပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးကတော့ နိုင်ငံတော် သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှာ သူလုပ်ပိုင်ခွင့် ရှိတဲ့ အတိုင်း လာမယ့် သင့်လျော်တဲ့ တချိန်ချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ဖို့ ရှိတယ်လို့ အထွေထွေ ညီလာခံကို ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်တော့ဖြစ်မယ်ဆိုတာ မပါသလို နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ကိစ္စကိုလည်း တိတိကျကျ ရည်ညွှန်း ပြောဆိုမှု မရှိပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆွေးနွေးဖို့ အစိုးရ အနေနဲ့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောသွားပါတယ်။

HRW ပြောခွင့်ရသူ အီလိန်း ပီယာစန်ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ နေရာမှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်ဖြစ်စေမယ့် အခြေခံအားဖြင့် လွတ်လပ်တဲ့ အခင်းအကျင်း အခြေအနေရှိဖို့ ပိုအရေးကြီးတယ်လို့ ထောက်ပြပါတယ်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးဟာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေး ကိစ္စတွေကိုလည်း ပြောသွားပါသေးတယ်။ ဆင်းရဲ မွဲတေမှု လျှော့ချရေး ကော်မရှင်ဖွဲ့တယ် ဆိုတာတွေ ဘာတွေက သိပ်လွယ်ကူတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ မြန်မာလူထုရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းပေးမလဲ ဆိုတာ ကြည့်ရမှာပါ။ အခုဟာက ပြောတာတွေက များနေ ပါတယ်။ လက်တွေ့လုပ်တဲ့အခါမှာ ဒီအပြောနဲ့ ကိုက်ညီသလားဆိုတာ စောင့်ကြည့်ရမှာပါ။”

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အခုလက်ရှိ ဆောင်ရွက်မှုတွေမှာ ထင်သာမြင်သာ ရလဒ်တွေ ရှိထား ပါတယ်လို့ အထွေထွ ညီလာခံမှာ အခိုင်အမာ ပြောသွားပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ နောက်ပြန်လှည့်လို့ မရတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့လည်း အာမခံပါတယ်။

“မြန်မာအစိုးရ အခု ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေဟာ ထင်သာမြင်သာ ရလဒ် ရှိပါတယ်။ နောက်ကြောင်း ပြန်လှည့်လို့ မရပါ ဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အရှိန်အဟုန် ကောင်းကောင်း တက်တက်ကြွကြွ ဆောင် ရွက်နေပါတယ်။ စိန်ခေါ် အကဲစမ်းချက်တွေ ရှိပေမဲ့လို့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဆက်ပြီး လုပ်သွားဖို့ ခိုင်ခိုင်မာမာ ပိုင်းဖြတ် ထားပါတယ်။”

အခု အမေရိကန် စံတော်ချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်း အဝေး ကို ဆက်ပြီး ကျင်းပနေပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် မြန်မာ့အိမ်နီးချင်း နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး တွေလည်း တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါအပြီးမှာတော့ ဒီအဖွဲ့အနေနဲ့ ထုတ်ပြန်ချက်တရပ် ထွက်လာဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောထားပါတယ်။

Ref: ဗွီအိုအေ

Read More...

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ

27 စက်တင်ဘာ 2011
ဒေါ်ခင်မျိုးသက်

၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်း လဲမှုတွေ ဖြစ်နေပြီ၊ မြန်မာအစိုးရသစ် အနေနဲ့ မေလထဲမှာ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေး ခဲ့ပြီ ဖြစ်သလို မကြာခင် သင့်လျော်တဲ့ အချိန်အတွင်းမှာလည်း နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ် လို့ ပြောကြား ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေရာမှာ ရိုးရိုးအကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးမှုက ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ ခြေလှမ်းအဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ အကျဉ်းသား ၂၀,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကို မြန်မာအာဏာပိုင်တွေက ထောက်ပြ ပြော ဆိုလေ့ ရှိပါတယ်။ အင်္ဂါနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ဒါကို မြန်မာ အစိုးရ သစ် အဖွဲ့ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲတဲ့ ခြေလှမ်းအဖြစ်နဲ့ ရည်ညွှန်း ပြောဆိုခဲ့ပေမဲ့ မစ္စတာ ကင်တားနားကတော့ ဒါဟာ တကယ့် အပြောင်းအလဲ ခြေလှမ်းအဖြစ် မခေါ်နိုင်ဘူးလို့ ဆိုပါတယ်။

“ရိုးရိုးအကျဉ်းသားတွေအတွက် သက်သက် ရည်ရွယ် ထုတ်ပြန်တဲ့ ဒီ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးဟာ တကယ့် ပြောင်းလဲ တာလို့ မခေါ်နိုင်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် အရေးအကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ထောင်နဲ့ချီ ရှိနေပေမဲ့ ဒီ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာ တဲ့သူက ၄၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာကလည်း ဒါကိုပဲ လွှတ်ပေးဖို့ တောင်းဆိုနေတာမို့ မြန်မာအစိုးရ အနေနဲ့ အားလုံး ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

ဒီလိုလွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် တောင်းဆိုဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ လွတ်ငြိမ်းချမ်းသာခွင့်ဟာလည်း အရေးပါတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။ ကိုယ်တိုင် မြန်မာနိုင်ငံ အကျဉ်းထောင်တချို့ကို သွားရောက်ခဲ့တာမို့ ဒီအကျဉ်းထောင်တွေရဲ့ အနေအထားတွေအရ ဘယ်သူ့ကိုမှ ချုပ်နှောင်မထားသင့်တဲ့ အကျဉ်းထောင်တွေမို့ ဘယ်လွတ်ငြိမ်းချမ်းသာခွင့်မျိုးကိုမဆို အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရသစ်အဖွဲ့ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေသလို မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ပုံမှန် သုံးသပ်တဲ့ ဇွန်လ UPR လုပ်ငန်းစဉ်ပါ အကြံပေးချက်တွေထဲက ထက်ဝက်ကျော်ကို သဘောတူ လက်ခံကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ UPR လုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာနဲ့ အကြံပေးချက် ထက်ဝက်ကျော်ကို လက်ခံ တယ် ဆိုတာတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တကယ် မေးခွန်းထုတ်စရာ ရှိနေတာက ဘယ်လို အကောင်ထည်ဖော် ဆောင်ရွက် မယ် ဆိုတာပါ။ အကြံပေးချက်တွေကို လက်ခံတယ် ဆိုတာက ဘယ်လိုပုံစံနဲ့ လက်ခံမှာလဲ၊ လူ့အခွင့်အရေးကောင်စီက ပြောတဲ့ ပုံစံအတိုင်း လုပ်မှာလား၊ တခြား ကိုယ့်စိတ်ကြိုက်ပုံစံ တမျိုးမျိုးနဲ့ ဆက်ပြီး အကောင်အထည် ဖော်မှာလား ဆိုတာက မေးစရာ ဖြစ်လာပါတယ်။”

ဒါ့ကြောင့် UPR လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သတ်မှတ်ချက် ပုံစံအတိုင်း လုပ်ဆောင်ဖို့ လည်း လိုလားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ကာကွယ်စောင့်ရှောက်ဖို့ တိုးတက် မှုတွေ ရှိလာစေဖို့ ချမှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စက်တင်ဘာလ ၅ ရက်နေ့မှာ လူ့အခွင့်အရေး ကော်မရှင် တရပ် ကို ဖွဲ့စည်းပေးခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပေမဲ့ ဒီကော်မရှင်ကို သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း တရပ် အဖြစ် မစ္စတာ ကင်တားနားက မမြင်ပါဘူး။

“အစိုးရဟာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပုံစံသစ် တမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားလာပုံ ရပါ တယ်။ ဒါပေမဲ့လည်း သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှာ တကယ့် သီးခြား လွတ်လပ် တဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းတော့မယ်ဆိုရင် လွှတ်တော်ကနေ ရွေးချယ် ဖွဲ့စည်းရမှာ ဖြစ်ပေမဲ့ အခု ဒါမျိုး မတွေ့ရပါဘူး။ ဒါ့အပြင် ကော်မရှင် အဖွဲ့ဝင်တွေ ရွေးချယ်ခန့်ထားတဲ့ ပုံစံကလည်း လက်ခံနိုင်စရာ မရှိပါဘူး။

“ဒါ့ကြောင့် ဒီ လူ့အခွင့်အရေး ကော်မရှင်ကို ကျနော်တို့ အနီးကပ် စောင့်ကြည့်ဖို့ လိုပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် အခုဖွဲ့ ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကနေ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာ အောင် လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ အစိုးရသစ် အဖွဲ့က ကြိုးပမ်းမယ်လို့ ပြောဆိုနေမှုတွေ အတွက်တော့ မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သြဂုတ် လထဲမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ အောက်တိုဘာလ ၁၉ ရက်နေ့မှာ သူ့ရဲ့ တွေ့ရှိချက် တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

ခိုင်မာတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဘန်ကီမွန်း တိုက်တွန်း

27 စက်တင်ဘာ 2011

မန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေအတွက် အခွင့်အလမ်းတွေ ရှိနေပေမဲ့လို့ မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှု အတွက် လက်တွေ့ခြေလှမ်း လှမ်းသွားဖို့ လိုအပ်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်း လိုက် ပါတယ်။ အခု စက်တင်ဘာ ၂၇ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေပိုင်း အတွင်းရေးမှူးချုပ် ရဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံတွေနဲ့ အစည်းအဝေး အပြီးမှာ အတွင်းရေးမှူးချုပ်က အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အပြောင်းအလဲတွေ ဖြစ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ ဒေါ်အာင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတကာရဲ့ ရှုမြင်ချက်အတိုင်း သူ့အနေ နဲ့လည်း တထပ်တည်း ဖြစ်သလို ဒီအပြောင်းအလဲဟာ လိုအပ်ချက် ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အသွင်ကူးပြောင်းရေး လုပ်တဲ့အခါမှာ အားလုံးပါဝင်ဖို့နဲ့ နောက်ကြောင်း ပြန်မလှည့်သွားဖို့ကိုလည်း သတိပေးခဲ့ပါတယ်။


မကြာခင်သေးခင်က မြန်မာနိုင်ငံတွင်းက ထူးခြားတဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကို အသိအမှတ် ပြုသလို သမ္မတ ဦးသိန်းစိန်ရဲ့ မြန်မာ နိုင်ငံ အနေနဲ့ ကမ္ဘာနဲ့ လိုက်မီဖို့ ကြိုးစားသွားမယ့် ကတိပေးချက်ကို အတွင်းရေးမှူးချုပ်က ကြိုဆိုပါတယ်။ ပြုပြင် ပြောင်း လဲရေး ဖော်ဆောင်တဲ့ နေရာမှာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေး အင်အားစု အားလုံးတို့နဲ့ အချေအတင် ဆွေးနွေးမှု တိုးတက် ဖော်ဆောင်ဖို့ လိုအပ်သလို ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်က ပြောပါ တယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးက အထွေထွေညီလာခံအတွင်း မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ အချက်ကိုလည်း အတွင်းရေးမှူးချုပ်က သူ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ ပေးထားတဲ့ ကတိတွေအတိုင်း အနှစ် သာရရှိရှိ လက်တွေ့ ဖော်ဆောင်ဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နိုင်ငံတကာ အနေနဲ့ ထောက်ခံမှု ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ အနေ နဲ့လည်း မြန်မာလူထု ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးရေး စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရာမှာ ဆက်ပြီး အကူအညီ ပေးသွားမယ် လို့လည်း အတွင်းရေးမှူးချုပ်က သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Ref: ဗွီအိုအေ

Read More...

အပေါ်သို့