စောဇင်ညီ
ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ်
စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြော သွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ (MPC)တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။
“ကျနော်တို့  မကြာခင်မှာ ကရင်ပြည်နယ်ကို သွားမှာပါ။ အဲဒီက ဒေသခံတွေကို မကြောက်ဖို့  တရားသွားဟောပါမယ်” ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောသည်။
ထိုသို့ ဟောပြောရခြင်းမှာ ကရင်ပြည်နယ်ရှိ ဒေသခံများမှာ နှစ် ၆၀ ကျော် စစ်ပွဲဒဏ်များ ခံစားခဲ့ရကာ တပ်မတော်အား ကြောက်ရွံ့ခြင်းနှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများအား ကြောက်ရွံ့ခြင်းများ ယခုအချိန်အထိ ခံစားနေရ သောကြောင့် ဖြစ်ကြောင်း ဦးစိုးသိန်း က ရှင်းပြသည်။
မကြောက်တရား ဟောပြောမည့် အစီအစဉ်တွင် အစိုးရအဖွဲ့ အပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သင့်ပြီး ပါဝင်မည်ဆိုပါက ၎င်းတို့နှင့်လာရောက် ဆက်သွယ် ရမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွား သည်။
“စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ ဒေသခံတွေဟာ စိတ်ဒဏ်ရာတွေ ရလာပါတယ်။ အဲဒီစိတ်ဒဏ်ရာ ပြင်ဖို့ဟာက ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးအကြီး ဆုံးလုပ်ငန်းပါပဲ။ အဲဒါတွေကို ကုပေးနိုင်ဖို့ အန်ဂျီအိုတွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မယုံတဲ့လူတွေ သွားကုလို့လည်း အဆင်မပြေ နိုင်ဘူးလေ” ဟု သမ္မတရုံးဝန်ကြီးတဦး ဖြစ်သည့် ဦးအောင်မင်း က ဆိုသည်။
အဆိုပါ မကြောက်တရား ဟောပြောခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ လုပ်ငန်းများဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးစင်တာမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုအစီအစဉ်နှင့် ပတ်သက်၍ KNU အဖွဲ့မှ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုးကြီးဖောဒိုက “ဒီအစီအစဉ်ဟာ ကောင်းပါတယ်။ တပ်မတော်က ကြောက် စရာ မလိုဘူး ဆိုတာကို အစိုးရဘက်က ပြောတာကို ပြည်သူ့နားနဲ့ ဆက်ဆက်ကြားရတော့ ဒေသခံတွေရဲ့  စိတ်ခံစားချက်တွေ ပေါ့သွားတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ ဒေသများတွင် ငြိမ်းချမ်းရေးရရှိပြီဟု ဆိုသော်လည်း ဒေသခံများအား တပ်မတော် ဝန်ထမ်းများမှ မတရားပြု ကျင့်မှုများ ရှိနေသေးပြီး တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ရှိသည်ဟု ဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ကရင်လူမှု အဖွဲ့အစည်း တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျမတို့ နယ်မှာ ငြိမ်းချမ်းရေးရရှိပြီ ဆိုပေမယ့်လည်း တပ်မတော်ရဲ့ အတင်းအဓမ္မ ပြုကျင့်မှုတွေ ခံနေရတုန်းပါပဲ။ ဥပဒေအရ ခြိမ်းခြောက်မှုတွေလည်း ခံနေရပါသေးတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်သည် ပြည်တွင်း စစ်ပွဲများ အနှစ် ၆၀ ကျော် ရင်ဆိုင်ခဲ့ရသော ပြည်နယ်တခု ဖြစ်ကာ စစ်ကြောင့် တိမ်းရှောင်နေရသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များ ထိုင်းနိုင်ငံတွင် အများဆုံး နေထိုင်ကြရသေးသည်။ ၎င်းတို့အထဲမှ အများစုမှာ ငြိမ်းချမ်းမှု ရရှိပြီဖြစ်၍ ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ဦးအောင်မင်း က ပြောကြားသွားသည်။
Ref: မဇ္ဈိမ
Tuesday, January 29, 2013
ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်
ကိုရီးယား သမ္မတသစ် ဖြစ်လာမည့် အမျိုးသမီးနှင့် ဒေါ်စု တွေ့မည်
နေမျိုး
ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည်၏ ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံ၏ သမ္မတသစ် ဖြစ်လာမည့် မစ္စပက်ဂျုံဟေး Ms. Park Geun-hye နှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။
ဖေဖော်ဝါရီလတွင် ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်မည့် အသက် ၆၀ အရွယ်ရှိ ပက်ဂျုံဟေးနှင့် ဆိုးလ်မြို့တော်တွင် တွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံမှုတခုအဖြစ် The Korea Herald က ရေးသားထားသည်။
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသလို ပက်ဂျုံဟေး၏ ဖခင် ထိုစဉ်က ကိုရီးယား သမ္မတ ပက်ချုံဟီး သည်လည်း ၁၉၇၉ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသူ ဖြစ်သည်။
ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ရှိ 'မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်း' မှ လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခံရစဉ်က ချီးမြှင့်ခံထားရပြီးဖြစ်သည်။
ထိုဖောင်ဒေးရှင်းမှာ ၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ ကိုရီးယားလူထု၏ ဒီမိုကရေစီရရှိရေး အုံကြွမှုကြီးတွင် အာဏာရှင် ချန်ဒူးဝှန်၏ စစ်တပ်မှ အကြမ်းဖက် နှိမ်နင်းမှုကြောင့် လူ ၂,၀၀၀ ခန့် သေဆုံးခဲ့ရသည်ကို အထိမ်းအမှတ်ပြု၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းစုမှ တနင်္လာနေ့တွင် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြုံချွမ်းမြို့ တောင်တန်းဒေသတွင် ကျင်းပမည့် အထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်သည်။
လက်ရှိ ကိုရီးယား သမ္မတ လီမြောင်ဘက် ၂၀၁၂ ခုနှစ်၊ မေလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်လည်း အောက်တိုဘာလအတွင်း ကိုရီးယားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။
နှစ်နိုင်ငံ သမ္မတများ အောက်တိုဘာလက တွေ့ဆုံစဉ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဓါတ်ငွေ့ လုပ်ငန်းနှင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံနေကြသည့် နိုင်ငံများထဲတွင် တောင်ကိုရီးယား နိုင်ငံလည်း ပါဝင်သည်။ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင်လည်း များစွာ ရင်းနှီးမြှုပ်နှံထားပြီး သဘာဝ အရင်းအမြစ် စူးစမ်းရှာဖွေရေး၊ သတ္ထုတွင်း၊ စွမ်းအင် သန့်စင်ရေး၊ သဘာ ဝဓါတ်ငွေ့ဖြင့် လည်ပတ်သည့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တခု တည်ဆောက်ရေး၊ နည်းပညာ ကဏ္ဍနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍများတွင် ပါဝင် လုပ်ဆောင်နေသည်။
တောင်ကိုရီးယား စီးပွါးရေး လုပ်ငန်းများသည် ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင် ၅၀၀ မီဂါဝပ် လျှပ်စစ်ဓါတ် အားပေး စက်ရုံတရုံ နှင့် လျှပ်စစ် ဖြန့်ဖြူးရေး ကွန်ယက်ကို ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံအတွင်း စတုတ္ထ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ဇူလိုင်လ အထိ အမေရိကန် ဒေါ်လာ ၂.၉၅၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍအနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း စီမံကိန်း ၁၁၃ ခုတွင် အမေရိကန် ဒေါ်လာ ၁၄.၁၈၁ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။
Ref: မဇ္ဈိမ
ပိုမိုအာနိသင်ထက်သည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထုတ်မည်
ခင်မျိုးသွယ်
ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ်
သိုးဦးနှောက်ကို အခြေခံ၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းထက် ပိုမို အာနိသင် ထက်မြက်သည့် ကြက်၊ ဘဲ သန္ဓေကို အခြေခံ၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။
“ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ သိုးဦးနှောက်ကို အခြေခံပြီး ထုတ်လုပ်တဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထက် ပိုမိုအာနိသင် ထက်မြက်တဲ့ ကြက်ဘဲ သန္ဓေကို အခြေခံပြီး ထုတ်လုပ်မယ့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် က ပြောကြားခဲ့သည်။
သိုးဦးနှောက်ကို အခြေခံထုတ်လုပ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံအပါအဝင် နှစ်နိုင်ငံလောက် တွင်သာ ထုတ်လုပ်လျက်ရှိနေပြီး နိုင်ငံအများစုမှာ ကြက်ဘဲသန္ဓေကို အခြေခံ၍ ထုတ်လုပ်သည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကိုသာ ထုတ်လုပ်သုံးစွဲလျက် ရှိသည်ဟု ဆိုသည်။
“အခုအချိန်မှာ ပိုမိုအာနီသင်ထက်မြက်ပြီး ပိုမို ဘေးအန္တရာယ်ကင်းတဲ့ Cell Culture Vaccine (CCV) ဆိုတာ ပေါ်နေပြီ ဖြစ်ပါတယ်။ CCV ဆိုတဲ့ ကြက်ဘဲ သန္ဓေကနေ ထုတ်တဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ကျယ်ကျယ် ပြန့်ပြန့် သုံးလာကြပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆက်လက် ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားသူ ၂၀၅ ယောက်ရှိပြီး ၂၀၁၁ ခုနှစ်အတွင်း ၂၄၀ ဦးရှိကာ ဖြစ်ပွားခဲ့သူအားလုံး သေဆုံး ခဲ့သည်ဟု ဆိုသည်။
“ခွေးကိုက်ခံရတယ် ဆိုကတည်းက ကာကွယ်ဆေးထိုးနိုင်ဖို့ လိုပါတယ်။ ဘယ်လိုခွေးမျိုး ကိုက်ရင် ကာကွယ်ဆေး ထိုးရမလဲဆိုတဲ့ မေးခွန်းထက် မြန်မာ အပါအဝင် အာရှဒေသ၊ အာဖရိကဒေသ၊ အမေရိက မြောက်ပိုင်းရှိ လူတိုင်း ဘယ်ခွေးကိုက်ကိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးသင့်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်” ဟု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားသူ အထွေထွေရောဂါကု ဆရာဝန်
ဒေါက်တာ တင်ဆန်း က ပြောသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၅၅,၀၀၀ ဦး ရှိနေကြောင်း သိရသည်။
“ခွေးကိုက်ခံရတယ် ဆိုတာနဲ့ ကာကွယ်ဆေး ထိုးနိုင်အောင် အာနိသင် ထက်မြက်တဲ့ ဆေးတွေ လွယ်လွယ်ကူကူ ရှိနေအောင် စီစဉ်ပေးသင့်ပါတယ်။ လူတိုင်း ဝယ်ယူအသုံးပြုနိုင်အောင်လည်း ပြည်သူတွေ လက်လှမ်းမီတဲ့ ဈေးနှုန်း ဖြစ်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ခွေးလေခွေးလွင့် နှိမ်နင်းရေးတွေကို ထိထိ ရောက်ရောက် ဆောင်ရွက်သင့်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနမှ ဦးဝင်းထိန် က အကြံပြုပြောဆိုသည်။
မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှ ၂၀၁၀-၁၁ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၁၇,၄၅၆ လုံး ထုတ်လုပ်ခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ၁၆,၇၂၅ လုံး ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
Ref: မဇ္ဈိမ
အရပ်ဘက် လူ့အဖွဲ့စည်းများ အရေးပါကြောင်း သမ္မတရုံးဝန်ကြီးများ ပြော
ကိုကိုအောင်
ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ်
အရပ်ဘက် လူ့အဖွဲ့စည်းများ ပါဝင်လာပါမှ ဒီမိုကရေစီ ဖော်ဆောင်ရေး အောင်မြင်နိုင်မည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC)တွင်ပြုလုပ်သော အရပ်ဘက်လူမှု အဖွဲ့စည်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
“ကျနော်တို့ လူတစုတည်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့ မရပါဘူး။ တပြည်လုံးက လူတွေ ပါမှ ရမှာပါ။ အရပ်ဘက် လူ့အဖွဲ့စည်းတွေ အများကြီး ပါမှ တိုင်းပြည် တိုးတက်မှာပါ။ အရပ်ဘက် လူ့အဖွဲ့စည်းများ ပါမှ ဒီမိုကရေစီ အောင်မြင် နိုင်ပါမယ်။ သူတို့က အပြောင်းအလဲမှာ အဓိက အား တခုပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က ဆိုသည်။
သမ္မတရုံးဝန်ကြီးတဦးဖြစ်သည့် ဦးအောင်မင်းကလည်း “နိုင်ငံရေးတင် မကဘူး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ အရပ်ဘက် လူအဖွဲ့စည်းတွေ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ အစိုးရချည်း ကိစ္စတိုင်း မလုပ်နိုင်ပါဘူး။ ပြည်သူနဲ့ ပူးပေါင်း လုပ်ရပါမယ်။ ဒီနေရာမှာ NGO တွေက အရေးပါ လာပါတယ်” ဟု ပြောသည်။
အရပ်ဘက်လူအဖွဲ့စည်းများအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးအတွက်လည်း အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် လိုအပ်ကြောင်းလည်း ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ပြောဆိုသွားသည်။
“အရင်ကဆို အပြင်က NGO တွေက အစိုးရကို မယုံဘူး။ အစိုးရလည်း သူတို့ကို မယုံဘူး။ ကျနော်တို့ မြန်မာငြိမ်းချမ်းရေးစင်တာကို တည်ဆောက်တာက NGO ဆန်ဆန် ပြုလုပ်သွားဖို့ ဖွဲ့ထားတာပါ” ဟု ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကချင် ငြိမ်းချမ်းရေးကွန်ယက်၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်၊ အဖြူရောင်တွဲလက်များ၊ University Christian Movement စသည့် NGO စုစုပေါင်း ၄၆ ခုမှ ကိုယ်စားလှယ်ပေါင်း ၉၀ ကျော်တက် ရောက်ခဲ့သည်။
“အစိုးရက အရပ်ဘက် လူ့အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပါဝင်ဖို့ ပြောတာ ကောင်းတာပေါ့။ ကျနော်တို့ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေအနေနဲ့လည်း ပါဝင်ချင် ပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ထဲထဲဝင်ဝင် ပါဝင်ခွင့်ပေးဖို့တော့ ပြောချင်ပါတယ်” ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠု က ဆိုသည်။
Ref: မဇ္ဈိမ
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်
စောဇင်ညီ
ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ်
ပြည်တွင်းငြိမ်းချမ်းရေးကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ဇန်န၀ါရီလ ၂၇နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ၌ ပြုလုပ်သည့် အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည်။
“ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီ အစိုးရတရပ် တက်လာမယ်၊ အဲဒီအစိုးရ အတွက် ဒီပြသနာတွေ မထားခဲ့ချင်ဘူး။ အဲဒီအစိုးရအဖွဲ့ဟာ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ်” ဟု ဦးအောင်မင်းက ပြောခဲ့သည်။
ထိုသို့ ပြောရခြင်းမှာ ယခုတက်လာသည့် ဒီမိုကရေစီ အစိုးရသည် ပထမဆုံး အစိုးရဖြစ်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်း များအား ဦးစွာဆောင်ရွက်ရမည် ဖြစ်ကြောင်း ထိုမှသာ နောင်တက်လာမည့် အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်း များအား ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၀န်ကြီးမှ ဆိုသည်။
ဝန်ကြီး၏ ပြောကြားချက်ကို ကချင်ပြည်နယ် အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင် က ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များမှာ နှေးကွေးသည့် အပိုင်းတွေ ဖြစ်ပြီး ထိုးစစ်ရပ်ကာ အမှန်တကယ် ဆွေးနွေးရန် လိုသည်ဟု မဇ္စျိမကို ပြောသည်။
“လုပ်ဆောင်ချက်အပေါ် မူတည်ပါတယ်။ အမှန်တကယ် သဘောထား ဖြူဖြူစင်စင်နဲ့ ငြိမ်းချမ်းရေး လုပ်ချင်ရင်တော့ ၂၀၁၅အထိတောင် မလိုပါဘူး။ ၂၀၁၃မှာတောင် ပြတ်နိုင်ပါတယ်။ လက်နက်မချ ရင်တော့  ဆော်မယ်ဆိုတဲ့  မူကြီးပဲ ထားလို့ မဖြစ်ဘူးပေါ့ ။သဘောထား ကြီးနိုင်ရင်တော့  ယုံကြည် မှုတွေရလာမှာပါ။” ဟု ၎င်းက သူ့အမြင်ကို ပြောပြ
သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း ၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကာ အရပ်ဖက် လူမှု အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် အပြန်အလှန် မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေး ဖော်ဆောင်မည့် လုပ်ငန်းစဉ်များတွင် မကြာခင် ပါဝင်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးများ၏ ပြောကြားချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေ ပါဝင်လာဖို့ လိုကြောင်းနှင့် ၎င်းတို့ ပါဝင်လာလျှင် ယုံကြည်မှုပိုတိုးလာနိုင်သည်ဟု ဦးဆန် အောင်က ပြောသည်။
၎င်းက “ အခုပာာက မယုံကြည်လို့  အချင်းချင်း သံသယဖြစ်နေတာ ခက်တာပေါ့ ။ KIA ဘက်က သံသယရှိတဲ့ အတိုင်း အမှန်တကယ်ဘဲ ဖြစ်လာတယ်ဆို တော့ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေအနေနဲ့  အာမခံပေးဖို့ လည်းခက်နေတယ် ” ဟု မဇ္ဈိမသို့ ပြောသည်။
ယခုအချိန်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် KIA , KIO အဖွဲ့တို့နှင့်သာ ကျန်ရှိပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆိုပါ အဖွဲ့များမှ ချိန်းဆိုသည့် အချိန်အား စောင့်မျှော်လျှက် ရှိသည် ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ပြောခဲ့သည်။
Ref: မဇ္ဈိမ
မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှုအတွက် ဂျပန်က ဒေါ်လာ သန်း ၅၀၀ ချေးမည်
ရတနာဦး
ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ်
နှစ် ၃၀ ကြာ အဆင့်ဆင့်ပြုလုပ်သွားမည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင် က ပြောသည်။
ထိုစီမံကိန်းကို ဂျပန်နိုင်ငံရှိ JICA အဖွဲ့အစည်းနှင့် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း လုပ်ဆောင်ကြမည်ဖြစ်ပြီး ပထမ ငါးနှစ်တာကာလ (၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ)တွင်ပင် ကနဦး ခန့်မှန်းတွက်ချက်မှုအရ ဒေါ်လာ ၂,၂၄၅ သန်း ကုန်ကျမည် ဖြစ်သည်။ ယင်းအတွက် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ပြီး ဒေါ်လာသန်း ၅၀၀ ကိုလည်း အတိုးနှုန်းနည်းဖြင့် ချေးသွားမည် ဖြစ်သည်။
စီမံကိန်းတွင် ရန်ကုန်မြို့တော် ဧရိယာအား တိုးချဲ့မှုများ အပါအဝင် တန်ဖိုးနည်းအိမ်ယာ စီမံကိန်း၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့်မိလ္လာ စနစ်များ စသည်တို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် စီမံချက်များ ပါဝင်သကဲ့သို့ စီးပွားရေးဇုန်အသစ်များ ဖော်ထုတ်ခြင်းတို့ပါ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
“ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ JICA အဖွဲ့အစည်းက ရန်ကုန်မြို့ပြဧရိယာ ထပ်ပြီး တိုးချဲ့မယ်ဆိုရင် သန်လျင်၊ ကျောက်တန်း၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်နဲ့ တွံ့တေး မြို့နယ်တွေမှာ မြေဧကပေါင်း ၃၇၀,၀၀၀ ကျော် ထပ်မံ တိုးချဲ့နိုင်တယ်လို့ အကြံပြုထားပါတယ်။ ရန်ကုန်မှာ လက်ရှိ အခြေအနေအရ မြေကို လူနေအိမ်ခြေအဖြစ် အသုံးပြု ထားတဲ့ ရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပြီး စက်မှုကဏ္ဍအတွက် ၆ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုထားတဲ့
အတွက် အနာဂတ် မြို့ပြ စီမံကိန်းအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာပါတယ်” ဟု စည်ပင်၊ မြို့ပြစီမံကိန်း ဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းလှိုင်ထွန်း က ပြောသည်။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဆင့်မြင့် ရထားလမ်းများ ဆောက်လုပ်ခြင်း၊ မြို့ပတ် ရထားစနစ် အဆင့်မြှင့် တင်ခြင်းတို့ကို ကာလတို လုပ်ဆောင် ချက်အဖြစ် အမြန်လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် မတ်လမှ စက်တင်ဘာလအတွင်း ပို့ဆောင်ရေး မဟာစီမံကိန်း၏ ဦးစားပေး စီမံကိန်းများအတွက် ရှေ့ပြေး လေ့လာဆန်းစစ်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး အသေးစိတ်ဒီဇိုင်းများကို ၂၀၁၄ ခုနှစ်တွင် ရေးဆွဲမည်ဖြစ်၍ လုပ်ငန်းရှင်များအား တင်ဒါ ခေါ် ယူ သွားမည်ဟု သိရသည်။
ယခုပြုလုပ်မည့် စီမံကိန်းတွင် အစိုးရဌာနပိုင် မြေများနှင့် လယ်မြေများ အများဆုံး ပါဝင်ပြီး မြေလွတ်မြေရိုင်းများတွင် အဓိက တိုးချဲ့သွားမည်ဖြစ်ကာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း ရန်ကုန်အား ချဲ့နိုင်ရန် သမ္မတက မြေဧက လေးသောင်းကျော်ကို စည်ပင်သို့ ခွင့်ပြုခဲ့သည်။ သို့ရာတွင် JICA မှ အကြံပြုထားသည့် မြေနေရာများနှင့် သမ္မတမှ ခွင့်ပြုထားသည့် မြေနေရာတို့မှာ မတူညီသည့်အတွက် ပညာရှင်များက ယင်းမြေနေရာများ တိုးချဲ့နိုင်ရေး
အတွက် သမ္မတထံ ဆက်လက်တင်ပြသွားမည် ဖြစ်သည်။
ရန်ကုန်မြို့တွင် လက်ရှိ အိမ်ထောင်စု အရေအတွက် ၁.၀၅ သန်း ရှိပြီး နှစ်စဉ် အိမ်ထောင်စု ၂၆,၀၀၀ ခန့် တိုးပွား လျက်ရှိကြောင်း စည်ပင်မှ စစ်တမ်းတွင် ဖော်ပြထားသည်။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျေးလက်နေ ပြည်သူများ သိသိသာသာ တိုးပွားလာ၍ ရန်ကုန် စည်ပင်နယ်နိမိတ်ကို ၁၉၅၈ ခုနှစ်တွင် သာကေတ၊ တောင် ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ၁၉၇၄ ခုနှစ်တွင် အင်းစိန်အထိနှင့် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ အထိ တိုးချဲ့ခဲ့သဖြင့် ရန်ကုန်စည်ပင် နယ်နိမိတ် ဧရိယာ ၃၀၆ စတုရန်းမိုင် အတွင်း လူဦးရေ ၅.၂ သန်းအထိ နေထိုင်လာကြသည်။
Ref: မဇ္ဈိမ
Monday, January 28, 2013
အမဲသား စား၍ ဆေးရုံရောက်သူ နှစ်ဦး အဆိပ်မိခြင်း ဟုတ်မဟုတ် စစ်တွေတွင် စမ်းသပ်နေ
January 28, 2013
သန်းမင်းထိုက် ( စစ်တွေ )
ယမန်နေ့က စစ်တွေမြို့ ရူပမြောက်ရပ်ကွက် ငပိန်လမ်း၊ မူလတန်းကျောင်းရှေ့ရှိ အိမ်တစ်အိမ်မှ လူ ၂ ဦးအား အမဲသား ချက်စားရာမှ ဆေးရုံ တင်ပို့ခဲ့ရသဖြင့် သူတို့မှာ အဆိပ်မိခြင်း ဟုတ်မဟုတ်ကို စစ်တွေ ဆေးရုံကြီးတွင် စမ်းသပ် နေသည်ဟု သိရသည်။
လူနှစ်ယောက်အား အမဲသားစား၍ ဆေးရုံ တင်ပို့ခဲ့ရပြီး အမဲသား မကျက်တကျက်ကို ကျွေးသည့် ခွေးနှစ်ကောင် အနက် တစ်ကောင်မှာ အဆိပ်မိ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
သူတို့အား ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်တွင်ဆေးရုံသို့ စစ်ဆေးရန် ယူဆောင်သွားခဲ့ကြောင်း၊ အတော် အတန် စားမိသော ကိုဇော်နိုင်ဆိုသူ မှာ စားပြီး နေမကောင်း ဖြစ်လာကြောင်း၊ ဆေးဆိုင်မှ ဆေးဝယ် ကျွေးရာ အစားများကို အန်ခဲ့ကြောင်း၊ အမဲသား တစ်တုံးသာ စားသော ကိုအောင်ဆန်း မှာ စားပြီး နာရီဝက်ခန့် အကြာတွင် ခြောက်ကြိမ်အန်ခဲ့ကြောင်း ဆွေမျိုး တစ်ဦးက ပြောဆိုသည်။
ဆေးရုံအုပ် ဦးအောင်ချေ၏ သား ကိုထွန်းနိုင်ချေ က ပြောပြရာတွင်″ လူနာနှစ်ဦးမှာ ခုဆိုရင် စကားလဲ ပြောနိုင်ပါပြီ ။ သူတို့က အမဲသား မစားခင် အရက်တွေလဲသောက်ထားတော့ အရက်ကလဲမူး အမဲသားကလဲ သွေးတက်စာ ဆိုတော့ မူးပြီး အန်တာ လဲဖြစ်နိုင်တယ်။ အဆိပ်ပါ မပါကိုတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ဆိုသည်။
လူနာ (၂) ဦးနှင့် သေဆုံးသွားသော ခွေးကိုပါ စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
“ ဆရာဝန်ကြီးတွေ ကိုယ်တိုင် သူတို့ရဲ့ သွေးတွေကို စစ်ဆေးနေပါတယ်။ ခွေးကတော့ သေသွားပါတယ်။ ခွေးကို ခွဲစိပ်လိုက်တော့ အာခေါင်မှာ အမဲရိုးတွေက ထောက်နေတာကိုတွေ့ရပါတယ်။ အဆိပ်သင့် မသင့်ကိုတော့ ခု ဆရာဝန်တွေက စမ်းသပ်နေပါတယ်။ ဖြစ်နိုင်ရင် ရန်ကုန်ကို စမ်းသပ်ရန် ပို့ဆောင်မှာ ဖြစ်မှာတယ်″ ဟု ပြောသည်။
စစ်တွေမြို့ အစားအစာများ ရောင်းချရာတွင် အဆိပ်ပါသော သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူ လူထုက ဝေဖန် သံများ ထွက်ပေါ်နေသော်လည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြန်ကြားရေး ဌာ အတွင်းရေးမှူး ဦးဝင်းမြိုင် က “ ဒါတွေဟာ ကောလ ဟာလဖြစ်ပါတယ်” ဟု ဆိုကာ ပယ်ချထားသည်။
“ ခု အမဲသားကိစ္စ ကို အစိုးရက ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဒေသခံတွေက အထူး စိတ်ဝင်စားနေပါတယ်” စစ်တွေ ဒေသခံ ရူပ ရွာသား တစ်ဦးက ဆိုသည်။
အမဲသားမှာ ၄င်းအိမ်ရှင်၏ အသိ ဆိုက္ကား ဆရာတစ်ဦးက ရွာသာယာ ရပ်ကွက်မှ ဝယ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်ရက် များကလည်း ဝယ်ယူပေးဖူးကြောင်း အိမ်ရှင်က ပြောသည်။ အဆိုပါ သတင်းမှာ စစ်တွေမြို့တွင် ပျံ့နှံ့လျှက် ရှိနေသည်ဟု သိရသည်။
Ref: နိရဉ္စရာ
၁၃ နှစ်ကျော်ကြာနေထိုင်ခဲ့သောအိမ် အဓမ္မဖြိုဖျက်ခံရ၍ မိသားတစ်စု ဒုက္ခရောက်
January 28, 2013
မောင်ရမ္မာ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၃ နှစ်ကျော်နေထိုင်လာသော နေအိမ်ကို ခရစ်ယန်သင်္ချိုင်းမြေဟုဆိုကာ သက်ဆိုင်ရာ အာဏာပိုင်များက လယ်ယာမြေများကိုသိမ်းယူပြီး နေအိမ်ကိုပါ ဖြိုဖျက်ပစ်ခဲ့သဖြင့် မိသားစုများ နေထိုင်ရေး အခက်အခဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။
“ကျွန်တော် အဲဒီနေရာမှာ နေတာ ၁၃ နှစ်ရှိပါပြီ။ အခုကျမှ ဂရမ်မရှိဘူးဆိုပြီး လယ်မြေကိုသိမ်း၊ လူကိုပါ အတင်းအဓမ္မ နှင်ထုတ်ပြီး အိမ်ကိုပါ ဖြိုဖျက်ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစု ဒုက္ခဖြစ်နေပါတယ်။ အိမ်ကိုဖြိုဖျက်ပြီးတော့ အိမ်အသုံး အဆောင်တွေနဲ့ အ၀တ်အစားတွေကိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦင်္းထွန်းအောင်ဖြူက သိမ်းယူသွားတယ်” ဟု အိမ်ဖြိုဖျက် ခံရသူ ဦးဝေကျော်အောင်က နိရဉ္စရာသို့ပြောသည်။
အသိမ်းခံရသော လယ်ယာမြေနှင့် ဖြိုဖျက်ခံရသော အိမ်မှာ မြေပုံမြို့တဖက်ကမ်းရှိ ၀ါးချွိန်ပြင်ကျေးရွာနေ ဦးဝေကျော် အောင်နှင့်ဇနီး ဒေါ်စိန်ညွန့်ဦးတို့ နေထိုင်သော နေအိမ် ဖြစ်သည်။
ယခုကဲ့သို့ အိမ်ဖြိုဖျက်ခံရသည်သာမက အိမ်အသုံးအဆောင်ပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးက သိမ်းဆည်းထား သဖြင့် အခုအခါ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု သူက ပြောသည်။
“ အခု စားဝတ်နေရေးက အခက်အခဲဖြစ်နေပါတယ်။ အိပ်ဖို့ဆိုရင် သူများအိမ်တွေမှာ အိပ်ရပြီးတော့ စားတဲ့အခါ မိသားစု တွေအိမ်မှာ စားနေရပါတယ်” ဟု ဦးဝေကျော်အောင်က ပြောသည်။
ဦးဝေကျော်အောင်တို့အိမ်ကို သက်ဆိုင်ရာ ခရစ်ယာန်သင်္ချိုင်းမြေဟု ဆိုကာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးထွန်းဝင်းက တရားစွဲဆိုပြီး အနိုင်ရရှိသွားသဖြင့် ဇန္န၀ါရီလ ၂၆ ရက်နေ့က လာရောက် ဖြိုဖျက်ပစ်ခြင်းဖြစ်သည်။
ဖြိုဖျက်ခံရသော အိမ်မှာ လွန်ခဲ့သော ၁၃ နှစ်က အဖွားကြီးတဦးထံမှ ဦးဝေကျော်အောင်အား လုပ်ကိုင်စားသောက်ရန် ပေးထားသော မြေနေရာဖြစ်သည်။
သက်ဆိုင်ရာမှ လာရောက်ဖြိုဖျက်သောအချိန်တွင် လယ်ပိုင်ရှင် အဖွားကြီးက ဟန့်တားခဲ့သော်လည်း မရဘဲ ဖြိုဖျက်ပစ်ခဲ့ သည်ဟု လယ်ပိုင်ရှင် အဘွားကြီးက ပြောသည်။
“ သူတို့ လာရောက် ဖျက်ဆီးတဲ့ အချိန်မှာ အိမ်မှာလဲ သူတို့ လင်မယားမရှိကြဘူး။ အဲဒီအချိန်မှာ သူတို့ရောက်လာ ကြတယ်။ ကျွန်မက ဒီနေရာတွေဟာ သူတို့လင်မယားကို လုပ်စားဖို့ ပေးထားတဲ့ ငါရဲ့လယ်ယာ မြေဖြစ်တယ်ဆိုပြီး ဟန့် တားပါတယ်။ ဒါပေမယ့် တရားရုံးကလူတွေ၊ ရဲတွေနဲ့ ခရစ်ယာန်အဖွဲ့ကလူတွေက ဖြိုဖျက်သွားကြတာ ဖြစ်ပါတယ်။”
ဖြစ်ပျက်ပုံနှင့်ပတ်သက်ပြီး ဒီမိုကရေစီအဖွဲ့ချုပ် မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက နိရဉ္စရာသို့ ပြောသည်။
“ ကြံ့ခိုင်ရေးဖက်က လူက ခရစ်ယန်သင်္ချိုင်းမြေဆိုပြီး ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက တရားစွဲတယ်။ အိမ်ချင်တွေ ဖက် ကလဲ အဲဒီနေရာမှာ ၁၃ နှစ်တိတိ လုပ်ကိုင်စားသောက်လာပြီဖြစ်တယ်။ ဒါပေမယ့် သူတို့က မြေဂရမ်တွေ ခံလို့မရှိပေမယ့် လယ်ရှင် အဖွားကြီးတဦးဆီက လုပ်စားဖို့ ပေးထားတာဖြစ်တယ်ဆိုပြီး ပြောပေမယ့် တရားသူကြီးတွေနဲ့ ပေါင်းပြီး တရားကို အနိုင်ယူသွားတာ ဖြစ်ပါတယ်။”
ယခု ဖြိုဖျက်ခံရသော အိမ်နှင့်အပါအ၀င် စပါးတစ်ရာခန့်ထွက်သော လယ်မြေနှင့် ဥယျာဉ်ခြံတို့ကို လွန်ခဲ့သည့် နှစ်အနည်း ငယ်က မြေပုံမြို့တွင် တာဝန်ကျခဲ့သော စာရေးမ တစ်ဦးက ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးထွန်းဝင်းကို လက်တို့စနစ်ဖြင့် ရောင်းချခဲ့သည့်ဟု သိရသည်။
ဦးထွန်းဝင်းက တရားမ၀င် လက်တို့စနစ်ဖြင့် ၀ယ်ယူထားသော လယ်ယာမြေကို ခရစ်ယာန်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကာ တပတ် လှည့်ဖြင့် ခရစ်ယာန်သင်္ချိုင်းမြေဟု အမည်တတ်ကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု ဒေါ်မပုချေက ပြောသည်။
အိမ်ဖြိုဖျက်ခံရသူ ဦးဝေကျော်အောင်မှာ သူတို့အိမ်နှင့် ဥယျာဉ်ခြံမြေကို ပြန်လည်ရရှိရေးအတွက် ယခုအခါ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မြေပုံမြို့နယ်ကို တိုင်ကြားထားသည်ဟု ပြောသည်။
Ref: နိရဉ္စရာ
မလေးကို လှေဖြင့် ခိုးထွက်မည့်သူ ၃၇ ဦးကို ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ဖမ်းဆီး
January 28, 2013
မလေးရှားနိုင်ငံကို မော်တော်ဘုတ် တစ်စီးဖြင့် ခိုးထွက်မည့်ဆဲဆဲ လူအုပ်စု တစ်ခုကို မြန်မာနယ်စပ် အနီးတွင် တည်ရှိသော ကော့စ် ဘဇားမြို့တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံသို့ ခိုးထွက်ရန် ကော့စ်ဘဇားမြို့ရှိ ဟိုတည် တစ်ခုတွင် တည်းခိုနေစဉ် ဘင်္ဂလာဒေခ်ျ မူခင်း နှိမ်နှင်းရေး အထူး တပ်ဖွဲ့ (RAB) က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ၃၇ ဦးထဲတွင် မြန်မာနိုင်ငံမှ သူတို့အဆို ရိုဟင်ဂျာ မွတ်ဆလင် ရှစ်ဦးပါဝင်ပြီး ကျန်လူများမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်သည်ဟု ဆိုသည်။
အသက်အရွယ် အလယ်အလတ်ရှိသူ (၃) ဦးအား အဆိုပါ ခရီးစဉ်နှင့် ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးလိုက်သည်ဟု ရဲက ပြောသည်။ ဖမ်းဆီးခံရသူများမှာ အမ်းဒီ ကမဲလ်၊ အဘဒူလ် ဂေါ့ဖားနှင့် ဟိုတည် မန်နေဂျာ နုရ်အာလန်တို့ ဖြစ်ကြသည်။
ဖမ်းဆီးခံခဲ့ရသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသားအများစုမှာ ဘိုဂရာ၊ ဆတ်ကီရာ၊ ဂျီဆိုး၊ကုခ်ျတီယာ၊ စစ်တကောင်းနှင့် ကော့စ်ဘဇား မြို့များမှ ဖြစ်ကြသည်။
ဖမ်းဆီးခံရသူ ဘိုဂရာမှ အာတူယာ ရာဟမန်က သူအား ပွဲစားဖြစ်သူ ဟာရှိမ်းမှ တာကာငွေ နှစ်သိန်း နှစ်သောင်း ပေးပါက မလေးရှားသို့ အလုပ်ကောင်းကောင်း ရရန် ပို့ပေးမည် ပြောသဖြင့် မလေးရှားသို့ သွားရောက်ရန် ရောက်ရှိလာကြောင်း ပြောကြားသည်ဟု ဆိုသည်။
သူတို့အား ဟိုတည်ရှိ အခန်း (၃) ခန်းတွင် ဇန္န၀ါရီလ အလယ်လောက်ကပင် စုဆောင်းထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ဖမ်းဆီးခံရသူများနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တချို့ကို RAB မှ ကော့စ်ဘဇား ရဲစခန်းသို့ ယမန်နေ့ နေ့လည်က လွဲပြောင်းပေးလိုက်သည်ဟု ဆိုသည်။
Ref: နိရဉ္စရာ
ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် ပြန်ဆက်သွယ်ရ
January 28, 2013
ရက်အတန်ငယ် ပျောက်ဆုံးနေခဲ့သော ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်နှင့် များမကြာမှီက ပြန်လည် ဆက်သွယ် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ရက္ခိုင့် တပ်မတော်မှ ပြောခွင့်ရသူ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်မှ ပြန်လည် ဆက်သွယ် ရရှိခြင်းကို အတည်ပြု ပြောကြားသည်။
“ ဒီကနေ့ နံနက်ကဘဲ ပြန်လည် အဆက်အသွယ် ရပါတယ်။ လုံခြုံတဲ့ နေရာ ကို ပြန်လည် ရောက်ရှိနေပါပြီ။ အခုလောလောဆယ်တော့ ဒီလောက်ဘဲ အကြမ်းဖျင်းပြောလို့ ရမှာပါ” ဟု ဆိုသည်။
ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်သည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဇန္န၀ါရီလ ၂၅ ရက်နေ့က အပြန် ယူနန်ပြည်နယ် ကူမင်း လေဆိပ်အရောက် တွင် တရုတ်ရဲများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။
“ တရုတ်ရဲတွေက ဖမ်းဆီးပြီး ခရီးသွားလက်မှတ်တွေကို သိမ်းဆည်းတာတွေ ရှိသလို ဆုတ်ဖြဲ ပစ်တာတွေလည်း ရှိတယ်လို့ သိရှိရတယ်။ နောက်ပိုင်းမှာ ဒီက လူကြီးတွေ၊ မဟာမိတ်တွေရဲ့ ကူညီ ဆောင်ရွက်ပေးမူကြောင့် အခုတော့ ဘေးကင်းတဲ့ နေရာကို ရောက်ရှိနေပါပြီ” ဟု ဆို သည်။
ဗိုလ်မှူးကြီး ထွန်းမြတ်နိုင် ပြန်လည် လွှတ်မြောက်လာသဖြင့် ကူညီ ဆောင်ရွက်ပေးသူ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်းဆက် သွယ်ပြီး မေးမြန်း စုံစမ်းလာသူများ၊ သူ့အတွက် စိုးရိမ်ခဲ့ကြသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဒုဗိုလ်မှူးကြီး ညိုထွန်း အောင် မှ ပြောကြားသည်။
ရက္ခိုင့်တပ်မတော်သည် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) နယ်မြေတွင် အခြေစိုက်ပြီး မျိုးဆက်သစ် ရခိုင်လူငယ်များမှ ဦးဆောင် တည်ဆောက်နေကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် အင်အား ထောင်ဂဏန်းနီးပါး ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
Ref: နိရဉ္စရာ
ကျောက်ဖြူ ရခိုင် ဒုက္ခသည်စခန်းတွင် အိမ်သာ မလုံလောက်၍ အခက်ကြုံ
January 26, 2013
မောင်ရမ္မာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဘုရားကြီးတောင်ခြေရင်းရှိ ကညင်တော (ရခိုင်)ဒုက္ခသည်စခန်းတွင် အိမ်သာ လုံလောက်မူ မရှိသဖြင့် အခက်ကြုံတွေ့နေကြရသည်ဟု ဒုက္ခသည်များက ပြောသည်။
ကညင်တော ဒုက္ခသည်စခန်းမှာ ယခင်က အိမ်ထောင်စု ၃၆ စုဆောင်ရှိခဲ့သော်လည်း နောက်ထပ် အိမ်ထောင်စု ၁၇ စု ထပ် တိုးလာရာမှ အိမ်သာ မလုံလောက်မူ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒုက္ခသည် တစ်ဦးက ဆိုသည်။
“ အရင်က အိမ်ထောင်စုက ၃၆ စု ရှိရာကနေ အခု ၅၃ စုဖြစ်သွားပြီ။ အဲဒီ အထဲမှာ အိမ်သာက စုစုပေါင်း ၆ လုံးဘဲ ရှိတယ်။ ယောက်ျား အတွက် ၃ လုံး၊ မိန်းမအတွက် ၃ လုံး၊ မနက် အိပ်ရာက ထတာနဲ့ အိမ်သာတက်ရတာ အခက်အခဲ ဖြစ်နေပါ တယ်။”
ကညင်တော ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၅၃ စုတွင် ပျမ်းမျှ လူဦးရေ ၃၀၀ နီးပါးရှိနေသည့်အတွက် သက်ဆိုင်ရာမှ အိမ်သာများကို တိုးချဲ့ တည် ဆောက်ပေးရန် လိုအပ်သည်ဟု ဒုက္ခသည်စခန်းကို သွား ရောက်ခဲ့သူ ဦးညီချေက နိရဉ္စရာသို့ ပြောသည်။
၎င်းပြင် ဒုက္ခသည်များမှာ မြေကြီးပေါ်တွင် ဖျာခင်း အိပ်နေကြသဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ကိုညီချေက ဆက်ပြောသည်။
“နောက်ပြီး ကျွန်တော် မြင်ခဲ့တာက ဒီလောက် ချမ်းအေးတဲ့ ရာသီမှာ မြေပြင်မှာ ဖျာခင်းပြီး အိပ်နေကြရတယ်။ အခုလို အေးတဲ့ရာသီမှာ ဖျာခင်းပြီးအိပ်နေရတာကြောင့် သက်ကြီးတွေနဲ့ ကလေးတွေ နေမကောင်းဖြစ်နေကြတာတွေလဲ တွေ့နေရပါတယ်။ သူတို့ကို နေရာ ထိုင်ခင်း ကောင်းကောင်းမွန်မွန် စီစဉ်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။
သောက်သုံးရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ယခုအချိန်တွင် ရေလုံလောက်မှုရှိနေသော်လည်း တပေါင်း၊ တန်းခူးလ နွေရာသီတွင် သောက်သုံးရေ အခက်အခဲ ဖြစ်လာနိုင်သဖြင့် ယခုအချိန်ကပင် ကြိုတင် စီစဉ်ထားရန် လိုသည်ဟု ဆိုသည်။
ဒုက္ခသည်များ နေထိုင်ရေးနှင့် စားဝတ်နေရေးကို Better Life Organization အဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
ကျောက်ဖြူရှိ Better Life Organization ရုံးကို နိရဉ္စရာက ကညင်တော ရခိုင်ဒုက္ခသည်စခန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက သူတို့အနေဖြင့် သတင်းဌာနများ၏ မေးမြန်းချက်များကို ဖြေကြားပိုင်ခွင့်မရှိကြောင်းနှင့် အဖွဲ့တာဝန်ရှိသူ ဦးဟန်သာမောင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပါဟုဆိုကာ ဖုန်းချ သွားခဲ့သည်။
အောက်တိုဘာလ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သော ကျောက်ဖြူ အရေးအခင်းတွင် မီးရှို့ဖျက်ဆီး ခံလိုက်ရသော အိမ်ထောင်စုများကို ရခိုင်ဒုက္ခသည်စခန်းနှင့် မူဆလင်ဒုက္ခသည်စခန်းဟူ၍ စခန်းနှစ်ခု ဖွင့်လှစ်ကာ ထားရှိသည်။
ကညင်တော ဒုက္ခသည်စခန်းတွင် ရခိုင်ဒုက္ခသည် ၃၀၀ ၀န်းကျင်နှင့် မွတ်ဆလင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၁၄၀၀ ခန့်ရှိ သည်ဟု သိရသည်။
မွတ်ဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို အစိုးရကတာဝန်ယူ ကူညီပေးထားပြီး သူတို့အား ပြင်ဖြူမော်၊ ငသန့်သာ ကျွန်းနှင့် အစိုင်းကြီးကျွန်းတို့တွင် နေရာချပေးရန် အာဏာပိုင်များက စီစဉ်ခဲ့သည်။
သို့သော်လည်း အဆိုပါ နေရာ (၃) ခုစလုံးအပေါ် ဒေသခံများက လက်မခံသဖြင့် ကျောက်ဖြူမှ မွတ်ဆလင်များကို ပြန်လည် နေရာချ ထားရေးမှာ မရေရာ မသေချာဘဲ ဖြစ်နေကြောင်း သတင်းများ ရရှိ သည်။
Ref: နိရဉ္စရာ
ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ် ခိုးယူရန် ကြိုးပမ်းသူတစ်ဦးကို ဖမ်းဆီးရမိ
28 January 2013
ဖိုးခွါးလေး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အရှိ ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းသူတစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်နေ့၊ မနက် ၁နာရီတွင် မြို့ခံများက နောက်မှလိုက်လံ၍ ဖမ်းဆီးရမိခဲ့သည်ဟု ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “အမှတ် ၃ရပ်ကွက်၊ ဦးမုတ်ဆိတ်အိမ်ကို ညက ၁နာရီလောက်မှာ ဆိုင်ကယ်ခိုးဘို့ သူလာတဲ့အချိန်မှာ ဦးမုတ်ဆိတ်က နိုး လာတယ်။ ဦးမုတ်ဆိတ်က သူ့တူ လင်းလင်းနဲ့ ဝတုတ်တို့ နှစ်ယောက်ကိုခေါ်ပြီးတော့ လိုက်တယ်။ နောက် သူခိုးလို့ အော်ကြ တော့ အနီးအနားက လူတွေလည်း ၀ိုင်းလိုက်တာ မိသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြို့ခံများက ဆိုင်ကယ်ခိုးရန် ကြိုးပမ်းသူကို နှင်းဆီလမ်းအထွက် ၅လမ်းတွင် ဝိုင်းဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမိချိန်တွင် ဓါးမတစ် လက်၊ ခေါက်ဓါးတစ်လက်၊ ခေါင်းစွပ် တစ်လုံးနှင့် လက်နှိပ်ဓါတ်မီးတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သူက ဆက်ပြောသည်။
အဆိုပါ ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းသူမှာ ဘုရားသုံးဆူမြို့ရှိ ငုဝါလမ်း၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅နှစ်အ ရွယ် ဦးစိုးဝင်း (ခေါ်) ငါးခြောက် (ခေါ်) ရည်ဝင်း ဖြစ်ပြီး ၎င်းအား ဖမ်းမိပြီးနောက် ရဲစခန်းသို့ လွဲပြောင်းလိုက်ကာ လက်ရှိတွင် အမှုရင်ဆိုင်နေရသည်ဟု သိရသည်။
ထို့အပြင် ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီးခံရသူသည် ယခင်က မွန်ပြည်နယ်၊ ရေးမြို့နယ် အဆင်ကျေးရွာတွင် လူသတ်မှုဖြင့် ဝရမ်း ထုတ်ခံ ထားရသူဖြစ်ကာ ဘုရားသုံးဆူမြို့တွင် လာရောက်နေထိုင်နေသူဖြစ်ကြောင်း အဆိုပါအစိုးရနှင့် နီးစပ်သူတစ်ဦးက ပြော ဆိုသည်။
လက်ရှိ ဘုရားသုံးဆူမြို့တွင် လောင်းကစားဝိုင်းများဖြစ်ကြသည့် ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင်ဝိုင်းနှင့် အံဂလုံဝိုင်းများ စသည့် လောင်း ကစားဝိုင်းများ အဆက်မပြတ်ရှိသလို ခိုးယူဖောက်ထွင်းမှု အပါအ၀င် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှု နှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု မြို့ခံများက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅ရက်နေ့ကလည်း မြ၀တီမြို့တွင် ယမန်နှစ်က ရွှေဆိုင်လုယက်သွားသူများကို မြ၀တီမြို့ ဒုစရိုက်နှိမ်နင်း ရေး ရဲဝန်ထမ်းများက ဖော်ထုတ်ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
Ref: ကေအိုင်စီ
အမည်မသိ အဖွဲ့တစု လောင်း ကစားဝိုင်းငွေများ လုယက်သွား
26 January 2013
မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်အပိုင်ရှိ ၀မ်းစကင်းကျေးရွာတွင် ယမန်နေ့ညက အာဝါဒေး(စုပေါင်းလောင်းကစားပွဲ) ကျင်းပရာသို့ အမည်မသိ သေနတ်သမားတစ်စု ၀င်ရောက်လာပြီး လောင်းကစားဝိုင်းများမှ ငွေကြေးများကို လုယက်ယူငင်သွားခဲ့သည်။
ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံတစ်ဦးက “အာဝါဒေးမှာ ဇာတ်ပွဲမကခင် ည ၉နာရီခွဲကျော်ကျော် ကားနှစ်စီးနဲ့ ဆိုင်ကယ်နှစ် စီး ၀င်လာပြီး ကစားဝိုင်းတွေက ငွေတွေအကုန်လုံး သိမ်းယူသွားတယ်။ ၀င်လာတာနဲ့ အကုန်ခေါင်းငုံ့။ တယောက်မှ မော်မကြည့် နဲ့။ အကုန်ပစ်ထည့်လိုက်မယ်လို့ ပြောတယ်။ အဖြစ်အပျက်က ၅မိနစ်ကျော်လောက်ပဲ သိပ်မကြာဘူး”ဟု ကေအိုင်စီသို့ ပြော သည်။
ယခု အာဝါဒေးပွဲကို မွန်ငြိမ်းချမ်းရေးအဖွဲ့မှ ပြုလုပ်သည်ဟု ခေါင်းစဉ်တပ်ထားကာ နယ်ခြားစောင့်တပ်များက လုံခြုံရေးအဖြစ် တာဝန် ယူထားသော်လည်း ၎င်းအမည်မသိအဖွဲ့များ ရုတ်တရက် ၀င်ရောက်လာပြီး ခြိမ်းခြောက်ပြောဆို လုယူသဖြင့် လုံခြုံရေး ယူထားသူများ လည်း ထွက်ပြေးသွားကြသည်ဟု မြင်တွေ့သူများက ပြောဆိုသည်။
ဇန်န၀ါရီလအတွင်း ၀မ်းစကင်းရွာတွင် အာဝါဒေးပွဲကို တစ်ရက်ခြားခန့် ပြုလုပ်ကျင်းပခဲ့သလို ဇာတ်ပွဲကိုလည်း ဟန်ပြအဖြစ် တစ်ည ၄သိန်းကျပ်ဖြင့် ငှားထားသည်ဟု သိရသည်။
အဆိုပါ လောင်းကစားဝိုင်းများမှ ငွေလုယက်ယူငင်သွားသူများမှာ ရဲ၊ အကောက်ခွန်၊ စစ်တပ် စသည့်အဖွဲ့စုံမှ ဖြစ်သည်ဟု ပွဲ လာသူများက ခန့်မှန်းပြောဆိုနေကြသော်လည်း ထိုကိစ္စမှာ မြ၀တီမြို့နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းသာ ဖြစ်နိုင်သည်ဟု အမည်မ ဖော်လိုသူ ရဲအရာရှိတစ်ဦးက ယခုလို ပြောသည်။
“အမှန်တော့ အာဝါဒေးပွဲဟာ တရားမ၀င်ဘူးလေ။ ဒီမြို့မှာက လက်နက်ကိုင်အဖွဲ့တွေက များတော့ အခုဖြစ်တာလည်း သူတို့ အချင်းချင်း ဖြစ်တာဖြစ်မှာပါ”ဟု ၎င်းရဲအရာရှိက ကေအိုင်စီသို့ ပြောသည်။
Ref: ကေအိုင်စီ
ဟားတိုက်ရယ်တယ် မထင်လိုက်နဲ့ ငြုပ်သီးစပ်လို့
28 January 2013
M. ထက်ခေါင်
(၁)
ကချင်ပြည်နယ်အတွင်း ရန်သူစစ်အုပ်စုက ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်တို့ဖြင့် နေ့စဉ်ရက်ဆက် ကျူးကျော် ထိုးစစ်ဆင်လျက်၊ ကချင်ပြည်သူများအား စော်ကား သတ်ဖြတ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် ကေအိုင်အို၏ စစ်ရေး နိုင်ငံရေး အသာစီးရရှိ လာမှုနှင့်အတူ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအဲန်အက်ဖ်စီ၏ အခန်း ကဏ္ဍသည်လည်း ထင်ရှား တောက် ပြောင်လာချိန်၊ ယူအဲန်အက်ဖ်စီ အဖွဲ့တွင် အထင်ကရ အဖွဲ့ဝင်တဦးဖြစ်သော ကေအဲန်ယူ၏ အခန်းကဏ္ဍမှာမူ ကရင်လူထု များအကြား မှာပင် ရေပန်းမစားတော့ဘဲ ဖြစ်လာသည်။ တချိန်တည်းမှာပင် စစ်ကို အယောင်ပြ ရပ်ဆိုင်းခိုင်းနေသည့် အရပ်ဝတ်အရေခြုံ လူထု ဆန္ဒမပါသော မဲလိမ်မဲခိုး သမ္မတနှင့် လူထုဆန္ဒကို မျက်ကွယ်ပြုကာ စစ်အုပ်စု လက်က သုံးတောင်ဝှေးအဖြစ် မိမိကိုယ်မိမိ ထိုးအပ် ခဲ့သော ဒေါ်အောင်ဆန်းစုကြည်တို့၏ ဂုဏ်သတင်းမှာလည်း ပျက်ယွင်းမှေး မှိန်လာခဲ့ပြီ ဖြစ်လေသည်။
နယ်မြေအတွင်း ကျူးကျော်လာသည့် တိုက်လေယာဉ်များ၊ စက်သေနတ်များ၊ စွမ်းအားပြင်း အမြောက်ကြီးများ၊ မီး လောင်ဗုံး အပါအ၀င် ဓာတုဗုံးလက်နက် ကြဲချခြင်းများကို ခိုင်မာပြတ်သားသည့် ရပ်တည်ချက်ဖြင့် မဆုတ်မနစ် တွန်းလှန် လျက်ရှိသော ကေအိုင်အိုကို ကမ္ဘာက အာရုံစိုက်လာကြပြီ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂကကော အမေရိကန်ကပါ မခံမရပ်နိုင် ဖြစ်လာကြပြီး ဗြိတိန်ကလည်း စီးပွားရေးပိတ်ဆို့ မှုများ ရပ်ဆိုင်းခဲ့သည့်ကိစ္စအပေါ် ပြန်လည် စဉ်းစားသုံးသပ်မည်ဟု ဆိုလာပြီ ဖြစ်သည်။
ပြည်တွင်းပြည်ပမှ ဆန္ဒပြ တောင်းဆိုမှုများနှင့် တွန်းအား ဖိအားအမျိုးမျိုး အရှိန်မြင့်လာသည့် အချိန်မှာပင် ဒေါ်အောင် ဆန်းစုကြည်ထံမှ လှုပ်သည်ဆိုရုံကလေး မပွင့်တပွင့် အသံထွက်လာခဲ့သည်။ တဦးနှင့်တဦး အပြန်အလှန် လေးစား နားလည်မှု မရှိ၍ ဤကဲ့သို့ စစ်ပွဲများ ဖြစ်ပေါ်နေရကြောင်း ဟူသောစကားကို တဖန်ပြန်၍ အပ်ကြောင်း ထပ်လာသည်။ ဘယ်သူက ဘယ်သူ့ ကို မလေးစားတာလဲ၊ ဘယ်သူက လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းဥပဒေတွေကို စတင်ချိုးဖောက်တာလဲ၊ ဘယ်သူက ကျူး ကျော်စော်ကားတာလဲ ဆိုသည်ကိုတော့ တိတိပပ ခြေခြေမြစ်မြစ် ထုတ်ဖော်မပြော။ ထိုကိစ္စကို ဖြေရှင်းရန်အတွက် တကယ် တမ်း တဦးပေါ်တဦး လေးစားနားလည်မှု ရှိလာအောင် ဘယ်လိုလုပ်သင့်သလဲ၊ တကယ်တမ်း ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ် ထိုက်တာတွေက ဘယ်ပုံဘယ်နည်း ဆိုသည်ကိုလည်း လမ်းညွှန် မပေး။
နေ့စဉ် နာရီစက္ကန့်နှင့်အမျှ အရေးကြီးနေချိန် ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်သည့်အဖွဲ့က ကြားဝင်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ သည့်အပြင် မီဒီယာများကပါ ၀ိုင်းဝန်းတိုက်တွန်းကြသည်ကို အရေးမထားသလို နေခဲ့ပြီး “နိုင်ငံတော်အစိုးရက တာ ၀န်ပေးရင် လုပ်မယ်” ဆိုသည့်စကားတခွန်းသာ ပြောလျက် မျက်နှာလွှဲနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ အရေခြုံ အစိုးရက ကချင်အရေးနှင့် ပတ်သက်၍ ဘာတာဝန်မျှ မပေးပဲ ယခုလို ပြောလာရသည်မှာ ဗြိတိန်၏ ပြန်လည်စဉ်းစားမည်ဆိုသည့် မက် ဆိတ်ဂ်ျကြောင့် စစ်အုပ်စု၏ မြားဦး သူမဘက်သို့ လှည့်မလာခင် ကြိုတင် ထွက်ပေါက်ရှာလိုက်ခြင်းမျိုးသာ ဖြစ်လေသည်။ အစ က ငါမပြောလား ဆိုသည့် သဘောမျိုး သူမ ပြော၏။
(၂)
ယခုဖြစ်နေသည့် အခြေအနေက အတော်ပင် ရှုပ်ထွေးလာသည့် အခြေအနေဖြစ်သည်။ ယခင်နှစ်များကထက်ပို၍ နက် နဲသိမ်မွေ့လာ သည့် အခြေအနေမျိုး၊ ရန်နှင့်ငါ ပူးပေါင်းသွားကြသောကြောင့် ဘယ်ဟာကရန် ဘယ်ဟာကငါ ဟူ၍ ပီပီပြင်ပြင် သတ်မှတ်၍ မရနိုင်သည့် အခြေ အနေမျိုး၊ ရန်ငါ မကွဲတော့ပဲ ရန်သူ ပျောက်လာသည့် အခြေအနေမျိုး၊ ရန်ငါ ခွဲခြား ရှင်းလင်းရေး လုပ်ရာတွင် အမှားအယွင်း အတိမ်းအ စောင်း မခံနိုင်သည့် အခြေအနေမျိုး၊ ဖိနှိပ်သူနှင့် အဖိနှိပ်ခံ တော်လှန်သူများ တဘက်နှင့် တဘက် ပူးပေါင်းသွားမိကြပြီး ထွေးရောယှက် တင် အားပြိုင်နေကြသည့် အခြေအနေမျိုး ဖြစ်လေသည်။
ကာလကြာရှည်စွာ ကြိုးပမ်းတောင်းဆိုခဲ့ကြသော သုံးပွင့်ဆိုင်ဆွေးနွေးရေးမှာ အများမျှော်လင့်သည့်အချိန်တွင် မျှော် လင့်သလို ဖြစ်ပေါ် မလာဘဲ အများမမျှော်လင့်သည့်အချိန်၊ ကြိုတင်မှန်းဆမထားသည့် အနေအထားမျိုးဖြင့် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်လေသည်။ ဒီမိုကရေစီရေး အဖွဲ့အစည်းများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်အုပ်စု ဟူသည့် သုံးဦးသုံးစုစလုံးက မိမိတို့၏ ရန်သူများကို ပူး၍သတ်ရန် အသီးသီးက ဆုံး ဖြတ်လိုက်ကြပြီးနောက် ပေါ်ပေါက်လာခဲ့သော နိုင်ငံရေး အရှုပ်အထွေး ဖြစ်သည်။
စစ်အုပ်စုနှင့် ပူးပေါင်းပြီး လုပ်ကိုင်ကြရန် ပြည်တွင်းထဲ ပြန်ဝင်သောအဖွဲ့တွေ ရှိလာသည်။ အချို့အဖွဲ့များက ရန်သူနှစ် ခြိုက်အားရစေမည့် အပြုအမူ အပြောအဆိုများ လှုပ်ရှားမှုများကို လုပ်လာကြသည်။
ကချင်ဘက်မှာ စစ်အုပ်စုတပ်များ အတောမသတ် ကျူးကျော်စော်ကားနေမှုကို လျစ်လျူရှုကာ ဒေသတွင်း ဖွံ့ဖြိုးတိုး တက်ရေး စီးပွားရေး ဦးမော့လာနိုင်ရေး အယောင်ပြ စစ်အုပ်စု ခရိုနီများနှင့် ပူးပေါင်း ကိုယ်ကျိုးရှာလာကြသော လက်နက်ကိုင် အဖွဲ့အချို့လည်း ရှိလာသည်။
တချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို အပစ်ရပ်နိုင်ရေး ဘိန်းစိုက်ခွင့်များပေးပြီး အကြီးအကျယ် ချမ်းသာ စေခဲ့သည့် အဖြစ် မျိုးတွေ ရန်သူက လုပ်ခွင့်ပေးလာပြန်သည်။ ဒေသတွင်းမှာ ဆည်မြောင်းတာတမံများ၊ စက်မှုဇုံများကြောင့် ဒေသခံတွေ ပြောင်းရွှေ့ရ အခက်တွေ့ကြရသည်။ သက်မွေးဝမ်းကျောင်း ဘ၀ရပ်တည်နေသည့် ကွမ်းသီးခြံ၊ ရော်ဘာခြံ၊ သီးစုံ ဥယျာဉ်ခြံမြေများနှင့် အိုးအိမ်တို့ကို မဖြစ်စလောက် လျော်ကြေးကလေးများဖြင့် လက်လွှတ်ဆုံးရှုံးခံရသော ဒေသခံတို့ မချိတင် ကဲ ဖြစ်ကြရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးယိုယွင်းမှုများအတွက် ကန့်ကွက်လှုပ်ရှားနေသော မြစ်ချောင်းစောင့် ကြည့်ရေးအဖွဲ့နှင့် ကမ္ဘာမြေစိမ်းလန်းလိုသူတို့၏ မျက်နှာကို ခြေနှင့်ကျောက်လိုက်သလိုပင် ဖြစ်လေသည်။
စစ်အုပ်စုနှင့်ပေါင်း၍ ပြုပြင်ပြောင်းလဲမှုများကို တစတစလုပ်ယူရန်ကြံရင်း သူမကိုယ်တိုင် စစ်အုပ်စု၏ အသုံးချခံဘ၀သို့ ရောက်သွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ထံမှ လူထု၏ ဝေဖန်တင်ပြ ပြောဆိုလာမှုများကို ထီမထင်စော်ကားသည့် အပြောအ ဆို အပြုအမူများကို တွေ့လာ ရသည်။ လူထု ယုံကြည်လေးစား ချစ်ခင်သူတဦးက လူထုအရေးကို အလေးမထား၊ လူထုသဘော ထားကို မျက်ကွယ်ပြုလာသည့်အဖြစ်မှာ ဗမာပြည်ကို စစ်ကျွန်ဘ၀ထဲ နစ်ပြီးရင်းနစ်နေစေတော့သည်။
စစ်အုပ်စုက နှစ်ပေါင်းများစွာ တိုက်၍ မနိုင်နိုင်၊ အမြစ်မပြုတ်နိုင်သည့် တော်လှန်ရေး အဖွဲ့အစည်းများကို ဗကပ၏ ပန် ဆန်း၊ ကေအဲန်ယူ၏ မာနယ်ပလောတို့ကို သပ်လျှိုဖြိုခွဲခဲ့သလိုမျိုး၊ မဖြစ်စလောက် အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်ကာ နည်းမျိုးစုံဖြင့် အယုံသွင်း ကပ် ပေါင်းပြီး အုပ်စီးချုပ်ကိုင် ချေမှုန်းပစ်ရန် ကြိုးပမ်းလာသည်။
နိုင်ငံရပ်ခြားမှာ ရောက်နေသော ဒီမိုကရေစီရေး အဖွဲ့အချို့မှာ မိမိတို့လုပ်ထားသော ဘလက်လစ်အတွင်း စစ်အုပ်စုဝင် များကို ဖော်ထုတ် မှတ်တမ်းတင်ထားရမည့်အစား၊ စစ်အုပ်စု လုပ်ထားသော ဘလက်လစ်စာရင်းက ပယ်ဖျက်ခံခဲ့ရသည့်အပေါ် ကျေးဇူးတင်မဆုံး ဖြစ်နေကြပြီး ပြည်တွင်းပြန်ဝင်လာရန် ဖိတ်ကြားခံရသည်ကိုလည်း ၀မ်းမြောက်ဂုဏ်ယူနေကြသည်။
အဖွဲ့များအားလုံးပင် ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ် ကိုယ့်သူပေါင်း သူ့ကိုယ်ပေါင်း လုပ်ကိုင်ကြရင်း ရန်ငါ မကွဲပြားတော့ သည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။ တော်လှန်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများထဲမှာ ရန်သူပျောက်သည့် အခြေအနေ ရှိလာသော်လည်း လူထုကတော့ ရန်သူမပျောက်။ လူထုသည် မိမိတို့ ဆန့်ကျင်တိုက်ဖျက်ရမည့် ရန်သူကို ဘယ် သောအခါမျှ မျက်ခြည်မပြတ်။
(၃)
“တတိုင်းတပြည်လုံး ဆင်းရဲငတ်ပြတ်နေချိန်မှာ ကိုယ်တယောက်တည်း ချမ်းသာနေတယ်ဆိုတာ အင်မတန်မှ ရှက်စရာ ကောင်းတယ်” ဟူသော စကားမျိုး ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းက ပြောခဲ့ဘူးသည်။ သို့ရာတွင် ယနေ့လက်ငင်းကာလ တွင်မူ ဒေါ်အောင်ဆန်း စုကြည်သည် ခရိုနီတို့၏ အန်တီစု ဖြစ်၍နေလေပြီ။ “ခရိုနီတွေကို သံသယအကျိုး ခံစားခွင့်ပေးပြီး အပြစ် မရှိဘူးလို့ သတ်မှတ်ရမယ်၊ အပြစ်တွေလုပ်ခဲ့ရင်လည်း ပြင်ဆင်ခွင့်ပေးရမယ်”ဟု သူမ ဆို၏။
ပတ်ဝန်းကျင် နေရာထိုင်ခင်း ကြပ်တည်း ကျဉ်းမြောင်းသော ရပ်ကွက်အတွင်းမှ ပုံမကျပန်းမကျ သုံးထပ်တိုက်ငယ်၏ တခြမ်းကို ကျပ်သိန်း လေးထောင်ကျော် ငါးထောင်နီးပါး ပေါက်ဈေးရှိနေချိန်၊ ခရိုနီ နှစ်ဦးသုံးဦးထံမှ ကျပ်သိန်းတစ်ထောင်ကျော် ခန့် ပညာရေးရံပုံငွေ လေလံ တင်ပစ္စည်း ရောင်းချငွေကလေးများ ရလိုက်ရုံဖြင့် ခရိုနီတွေနှင့် ပူးပေါင်းလုပ်ဆောင်ရသည်ကို နှစ်ခြိုက် ကြည်နူးနေသော ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ခရိုနီတွေ သိမ်းယူထားသည့် လယ်မြေများကြောင့် ဒုက္ခရောက်နေကြရ သော အနယ်နယ် အရပ်ရပ်မှ လယ် သမားများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ နေ့လုပ်နေ့စား အောက်ခြေအလွှာများ၏ ငိုရှိုက်သံကို အနည်းငယ်မျှ နားစိုက် ကြည့်သင့်လေသည်။
ယခင်က ဒေါ်အောင်ဆန်းစုကြည်လုပ်သမျှ ဘေးမှနေ၍ ထိန်းကွပ် ၀န်းရံ ထောက်ခံပေးခဲ့သော သတင်းစာဆရာကြီး ဦးဝင်းတင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ခရိုနီမျက်နှာ ရွှေချသည့်ကိစ္စကို လက်မခံနိုင်ချေ။ တိုင်းပြည်ကို ဓားပြတိုက်၊ အနုကြမ်း စီး၊ အလွဲသုံးစားလုပ်၊ အချောင်နှိုက်လာခဲ့သည့် သူခိုးသူဝှက် အကြီးစားတွေကို ပြန်လည်ဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း နှင့် မီဒီယာတရားခွင်မှ လူထုတရားခွင်၊ ကမ္ဘာ့တရားခွင်အရောက် ပို့ဆောင်ကြရမည်ဖြစ်ကြောင်း သူ့သဘောထားကို ထုတ်ဖော် ပြောကြားသည်။ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ ဆောင်ရွက်နေသော ကိုထင်ကျော်ကလည်း ခရိုနီတွေကို လုံးဝ လက်မခံ။ ခရို နီဆိုတာ ကြီးကြီးသေးသေး အများ ပြည်သူကောင်းကျိုးကို ဘယ်တော့မှ မကြည့်တတ်ဘူးဟု ဆို၏။ ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ယိုင်နဲ့နေသော သဘောထား အတွေးအခေါ်များကို အချိန်မနှောင်းမီ ပြုပြင်ထိန်းကျောင်းသင့်ပြီ ဖြစ်၏။
(၄)
ကချင်က ယူအဲန်အက်ဖ်စီ၏ မူအတိုင်း ရပ်တည်၏။ အပစ်အခတ်တွေရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးတော့မည်ဟု စစ် အုပ်စုဘက်က ကမ်းလှမ်းလာသည်ကို တဖွဲ့ချင်းအနေဖြင့် နိုင်ငံရေး မဆွေးနွေးပဲ နိုင်ငံရေး ပြဿနာကို ယူအဲန်အက်ဖ်စီအနေဖြင့် သာ ဆွေးနွေးမည်ဟု ပြောဆိုလိုက်သည်မှာ တပ်ပေါင်းစု အဖွဲ့အစည်းတရပ်အနေဖြင့် လေးစားဖွယ်ကောင်းသော ရပ်တည်ချက် ဖြစ်လေသည်။
ကချင်ဘက်က ရပ်တည်ချက် မှန်ကန်သော်လည်း စစ်အစိုးရ ထောက်ခံသော ကေအဲန်ယူ ခေါင်းဆောင်သစ်များကိုမူ ယူအဲန်အက်ဖ်စီ အနေဖြင့် မယုံမရဲ ရှိလာပုံရသည်။ ပြီးခဲ့သည့် ရက်များအတွင်း ကေအဲန်ယူ ခေါင်းဆောင်သစ်များကို သွား ရောက်တွေ့ဆုံကာ ယူအဲန် အက်ဖ်စီမှာ ဆက်လက် ဆောင်ရွက်ဖို့၊ ယူအဲန်အက်ဖ်စီနှင့် မကင်းကွာဖို့၊ တပ်ပေါင်းစု၏ မူဝါဒရေးရာ ပိုင်းအရ နိုင်ငံရေး ဆွေးနွေးပွဲများ၌ ယူအဲန်အက်ဖ်စီနှင့် တပေါင်းတစည်းတည်း ရှိဖို့၊ ဆွေးနွေး ပြောဆိုခဲ့ကြောင်း သိရသည်။
(၁၅)ကြိမ်မြောက် ကွန်ကရက်အပြီး အရေခြုံသမ္မတသိန်းစိန်၏ ဖိတ်ခေါ်မှုဖြင့် နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ရ သော ကေအဲန်ယူ ခေါင်းဆောင်သစ်များ အဖို့၊ စစ်အုပ်စုနှင့်တွေ့ဆုံပြောဆိုခဲ့သည့် ဆွေးနွေးချက်များ မူများနှင့် ယူအဲန်အက်ဖ်စီ ၏ တပ်ပေါင်းစုမူများအကြား သဘောထားကွဲလွဲမှု မရှိစေရန်အတွက် ယူအဲန်အက်ဖ်စီက ကေအဲန်ယူကို သီးခြားတွေ့ဆုံရခြင်း ဖြစ်၏။ ကေအဲန်ယူကမူ အပစ်အခတ် ရပ်ရေး ခိုင်မာအောင် ဆက်လက်လုပ်ဆောင်ရန်အတွက် တဖွဲ့ချင်းအနေဖြင့် တွေ့ဆုံသွား မည်ဖြစ်သော်လည်း နိုင်ငံရေးကိုတော့ ယူအဲန် အက်ဖ်စီနှင့် ဆွေးနွေးသည့် မူကိုသာ ဆက်လက်ကိုင်စွဲသွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ယူအဲန်အက်ဖ်စီ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန် ချက်တွင် ပါရှိသည့်အတိုင်း အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို ယူအဲန်အက်ဖ်စီ တဖွဲ့ တည်းက ဦးဆောင်သွားမည် ဆိုသည့်အချက်မှာမူ မိမိတို့၏ ပေါ်လစီနှင့် ကိုက်ညီမှု မရှိကြောင်း ပြောသည်။
တကယ်တော့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် မတူချေ။ ငြိမ်းချမ်းရေးမှာ အပစ်အခတ်ရပ်စဲရေး တွင် ပါဝင် မည်ဖြစ်သော code of conducts များထက် ပို၍ အဆင့်မြင့်သည့် ဆွေးနွေးညှိနှိုင်းမှု ဖြစ်သည်။ ထာဝစဉ်တည်တံ့ခိုင် မြဲမည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်မှာ နိုင်ငံရေး ဆွေးနွေးမှုများနှင့်လည်း ဆက်စပ်နေမည် ဖြစ်သည်။ အပစ်ရပ်ရေး နှစ်ဘက် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း သဘောတူညီမှုများကို တဖွဲ့ချင်းအနေဖြင့် ဆွေးနွေးနိုင်မည် ဖြစ်သော်လည်း ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆွေးနွေးမှုအဆင့်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုကိုတော့ ယူအဲန်အက်ဖ်စီက ကိုင်မည်ဆိုသည်မှာ တရား နည်းလမ်းကျသည့် မူဝါဒ ဖြစ်သည်။
ထို့အပြင်လည်း ယူအဲန်အက်ဖ်စီ၏ ဦးဆောင်မှုသည် တဖွဲ့တည်း၏ ဦးဆောင်မှု မဟုတ်ချေ။ ယူအဲန်အက်ဖ်စီသည် တပ်ပေါင်းစုဖြစ်၏။
မိမိ တော်လှန်ရေးအဖွဲ့အစည်းကို မိမိ ပြန်လည်ဝေဖန်ထောက်ပြရသည့်အလုပ်မှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်၏။ မည်သူမျှ ထိုအလုပ်မျိုးကို လုပ်လိုကြမည်မဟုတ်။ နိုင်ငံနှင့်အ၀ှမ်း လေးစားချစ်ခင်ကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း မဝေဖန်ချင်။ သူမအပေါ် ဝေဖန်ပုတ်ခတ်နေသော ရန်သူ့မီဒီယာများနှင့် တတန်းတစားတည်း သတ်မှတ်ခံ ရမည့်အဖြစ်မျိုး၊ ရန်သူဝမ်း သာကျေနပ်မည့် အဖြစ်မျိုးကို မလိုလား။ မပြောမဖြစ်လွန်းလို့သာ ပြောရ ရေးရခြင်း ဖြစ်သည်။
“ကရင်တွေ အသုံးမကျဘူး။ နည်းနည်းမှကို အသုံးမကျဘူး။ ငါလည်း ကရင်ပါဘဲကွာ။ စိတ်ထဲ မကောင်းလွန်းလို့ ပြော ရတာပါ”ဟု ဆိုတတ်သော ဒူးပလာယာခရိုင် ဥက္ကဌကြီး ဖူးတာအယ်၏ စကားလိုပင် မပြောလိုသောစကားတွေကို ပြောနေ ရေး နေရခြင်းမှာ ရေးပျော်လွန်း၍ မဟုတ်။ မချိ၍ သွားဖြဲနေသည်ကို ရယ်ပြသည်ထင်သည့်အဖြစ်မျိုး မဖြစ်စေလိုချေ။
(၅)
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော “Dictator watch” ၏ ဆောင်းပါး ၂စောင်ကိစ္စ။ “Treachery in the Karen National Union” ကေအဲန်ယူအတွင်း သစ္စာမဲ့ခြင်းနှင့် “The Karen Purge and Coup” ကရင်အာဏာသိမ်းပွဲ။ အွန်လိုင်းပေါ် အတော်ကလေးပြန့်နှံ့နေသော ထိုဆောင်းပါးများနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ကရင်လူထုနှင့် အဖွဲ့အစည်းများအနေဖြင့် ကေအဲန်ယူ၏ (၁၅)ကြိမ်မြောက်ကွန်ကရက်၏ ရွေးကောက်ပွဲပုံစံနှင့် ကွန်ကရက်မှ ရွေးကောက်လိုက်သော ခေါင်းဆောင်သစ် များအပေါ် သင်္ကာမရှင်း ဖြစ်ကြရသည်။ ရွေးကောက်ပြီး ရက်ပိုင်းအတွင်းမှာပင် ခေါင်းဆောင်သစ်တွေကို နေပြည်တော်က ခေါ်ယူတွေ့ဆုံလိုက်သည့် ကိစ္စနှင့် ပတ်သက်၍လည်း ဘ၀င်မကျ ဖြစ်ကြ ရသည်။ အစဉ်အလာရှိသော စစ်ရေး နိုင်ငံရေး ခေါင်း ဆောင်များ ကြီးငါးကြီးတွင် မပါဝင်တော့သည့် အဖြစ်ကိုလည်း နားမ လည် နိုင် သူတွေ များစွာရှိသည်။ ယုံကြည်အားထားစရာ ပုဂ္ဂိုလ်များ၏ ဦးဆောင်မှုမပါရှိပဲ ကရင့်တော်လှန်ရေး ဘယ်နည်း ဘယ်ပုံ ရှေ့ဆက်မလဲ ဆိုသည်ကို ရင်တမမ စောင့်ကြည့်နေ ကြသူတွေလည်း ရှိ၏။
ရွေးကောက်ပွဲရလဒ်အဖြစ် ထွက်ပေါ်လာသော ပုဂ္ဂိုလ်များမှာ ခေါင်းဆောင်သစ်တွေဟု ဆိုသော်လည်း အများစု သိကျွမ်းရင်းနှီးထားပြီး လေးစားရင်းစွဲ ရှိကြသော လူဟောင်းတွေ ဖြစ်သည်။ သူ့အတိုင်းအတာနှင့်သူ ပေါက်ရောက် တွင်ကျယ် ကြသူတွေလည်း ဖြစ်သည်။ ခေါင်းဆောင်သစ်များကို ပုဂ္ဂိုလ်ရေးအရ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုဖို့ရန် သင့်သော်လည်း မယုံမရဲ ဖြင့် ၎င်းတို့၏ ခြေလှမ်းကို အကဲခတ် နေကြသူတွေလည်း အတော်များများ ရှိနေသည်။
အဖွဲ့အစည်းအတွင်း သံသယဖြစ်မှုများမှသည် မကျေနပ်မှုများနှင့် ပွင့်အံမှုများ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက တဘက်က လည်း ပြန်လည် ချေပထိုးနှက်ခြင်းများ၊ တဘက်နှင့်တဘက် ပုတ်ခတ် စော်ကားမှုများ ရှိလာမည်ဖြစ်ပြီး အာဏာရှိသူမှနေ၍ အင်အားသုံး ဖိနှိပ်ပိတ်ပင်မှုများ လုပ်မည်ဆိုပါက အဖွဲ့အစည်းအတွင်းသာမက အမျိုးသားများအတွင်း စည်းလုံးညီညွှတ်ရေးကို ပါ ထိခိုက်လာနိုင်မည်ဖြစ်၏။ အချို့ပုဂ္ဂိုလ် များက ထိုကိစ္စများ တအုံနွေးနွေးဖြင့် ပိုမိုကျယ်ပြန့်မှု ရှိမလာစေရန်အတွက် တကယ် တမ်း ဖြစ်သင့်ဖြစ်ထိုက်သော ဗဟိုကော်မတီနှင့် ဦးစီးခေါင်းဆောင်များကို ပြန်လည်ရွေးကောက်စေလိုကြသည်။ အချို့ကလည်း ပြန်လည်ရွေးကောက်ရမည့် အလုပ်မှာ မလွယ်ကူကြောင်း၊ ကလေးကစားသည့် အလုပ်မျိုး မဟုတ်ကြောင်း၊ ယခုတက်လာသည့် ခေါင်းဆောင်များကို စစ်အစိုးရဘက်ကပါ အသိအမှတ် ပြုထားကြပြီး ဖြစ်၍ အချို့ပုဂ္ဂိုလ်များကို အမြင်မရှင်းနိုင်သည့်တိုင် ညီလာ ခံသက်တမ်းတခုတော့ အောင့်အည်းသည်းခံကြရမည်ဟု ဆိုကြသည်။
အချို့ကမူ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်သူ အမြင်မရှင်းကြသူတွေ အားလုံး ချုပ်တည်းသည်းခံ နိုင်ကြမည်ဆိုလျှင် ကောင်းသော်လည်း လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ ခေါင်းဆောင်အချို့၏ လုပ် ဆောင်မှုများအပေါ် ဘ၀င်မကျ ဖြစ်နေကြသူများအနေဖြင့် ရှေ့လာမည့် ခေါင်းဆောင်မှု သက်တမ်းအတွင်း အမှားအယွင်းများ ထပ်မံ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြ သည်။ အဖွဲ့အစည်းအတွင်း ပွစိပွစိဖြင့် မကျေမလည် ဖြစ်နေကြရမည့်အစား ပြည်တွင်း ပြည်ပ ကျယ်ပြန့်စွာ ပါဝင်နိုင်မည့် အင်တာနက် အွန်လိုင်းမှပင်ဖြစ်စေ ဆန္ဒခံယူမှု ပြန်လည်ပြုလုပ်သင့်သည်ဟု အချို့က ဆိုကြ သည်။ အချို့က အွန်လိုင်းက ဆန္ဒခံယူရေးမှာ တိကျ ခိုင်မာမှု မရှိနိုင်ကြောင်း၊ အိုင်တီ နည်းပညာအမျိုးမျိုးနှင့် ဟက်ကာများ ခေတ်စားနေသည့် ယခုအချိန်တွင် အဖွဲ့အစည်းတရပ်အနေဖြင့် အရေးကြီးသော ဗဟိုခေါင်းဆောင်များ ရွေးချယ်ရန်အတွက် ကိုယ်စားလှယ်များကို အင်တာနက်မှနေ၍ မဲပေးရွေးကောက်ခိုင်း သည့်အဖြစ် မှာ မသင့်လျော်သည့်အပြင် လုံခြုံမှုလည်း မရှိနိုင် ဟု ဆိုကြသည်။ အဖွဲ့အစည်းအတွက် အရေးကြီးသော ကိစ္စဖြစ်၍ ညီလာခံတခုကို အကျဉ်းရုံး၍ပင်ဖြစ်စေ ပြန်လည် ကျင်းပသင့် သည်ဟု ဆိုသူများလည်း ရှိသည်။
တကယ်တော့ ညီလာခံတခု ဖြစ်ဖို့ရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း၊ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ နယ်မြေတွင်း အခြေအနေ၊ ခရီးလမ်းပန်းအခြေအနေ၊ ရာသီဥတုအခြေအနေနှင့် ညီလာခံ ကျင်းပမည့် နေရာဒေသအနေအထား၊ ကျင်းပမည့် အခမ်း အနား၊ နေရာထိုင်ခင်းနှင့် စားသောက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးကဏ္ဍများအတွက် ကုန်ကျမည့် စရိတ်စကများ စသဖြင့် အချိန်ယူ၍ စီစဉ်ကြရကြောင်း၊ သို့ရာတွင် ညီလာခံ ကွန်ကရက်ကို အစအဆုံး ပြန်လည် ကျင်းပရန် လို မည်မဟုတ်ပဲ ကွန်ကရက်တက် ရောက်ခဲ့သော ပုဂ္ဂိုလ်များကို ထပ်မံ ဖိတ်ကြားကာ ဗဟိုဦးစီးခေါင်းဆောင် ရွေးကောက်ပွဲ သက် သက်ကိုသာ ၂ရက် ၃ရက်ကြာမျှ အသစ်တဖန် ကျင်းပမည်ဖြစ်သောကြောင့် မည်သို့မျှ အပမ်းကြီးစရာ မရှိကြောင်း၊ ယခုလို ပွင့်လင်းရာသီချိန် တစ်လနှစ်လအတွင်းမှာပင် ဖြစ်မြောက်အောင် ဆွေးနွေး ညှိနှိုင်းကာ အကောင်အထည် ဖော်နိုင်ကြမည်ဖြစ် ကြောင်း အချို့ပုဂ္ဂိုလ်များက ဆိုကြသည်။
ညီလာခံကို ကဖျက်ယဖျက် လုပ်လိုသူများ၊ ရန်သူ၏ ထိုးစစ်ဆင် နှောက်ယှက်မှုများ ပေါ်ပေါက်မလာနိုင်ရန်လည်း တာဝန်ရှိခေါင်း ဆောင်များက ကိုင်တွယ် ဖြေရှင်းသွားရမည်ဖြစ်သည်ဟု ၎င်းတို့ ဆို၏။ လုပ်ပိုင်ခွင့် ပြည့်ဝသော ရွေးကောက်ပွဲ ကော်မရှင်သစ်၏ စီစဉ်မှုဖြင့်၊ လွတ်လပ်စွာ ပေးအပ်သော လျှို့ဝှက်ဆန္ဒမဲများကို ယုံကြည်အားထားရသည့် အသိသက်သေများ ရှေ့မှောက်၊ ပွင့်လင်း မြင်သာမှုရှိစွာ ရေတွက်ပြီးသည့်နောက် လက်ရှိ ခေါင်းဆောင်သစ်များပင် ပြန်၍ရမည်ဆိုသည့်တိုင် ကေ အဲန်ယူ အဖွဲ့အစည်းအနေဖြင့် ကော ပြည်တွင်းပြည်ပ ကရင်ပြည်သူလူထုအနေဖြင့်ပါ အမြင်ရှင်းနိုင်ကြမည်ဟု ထိုပုဂ္ဂိုလ်များက ယူဆလေသည်။
(၆)
စစ်အုပ်စု၏ လွှတ်တော်ထဲမှာ ကြံ့ဖွံ့အမတ်တဦးက ကေအိုင်အိုကို အပြတ်ချေမှုန်းပြီးမှသာ ငြိမ်းချမ်းရေး တည်ဆောက် သင့်ကြောင်း အဆိုတင်သွင်းသည့်အပေါ် ကြံ့ဖွံ့အမတ်အများစုက ထောက်ခံဆွေးနွေးကြကြောင်း သတင်းကို ဖတ်လိုက်ရ သည်။ ထိုအဆိုကို ကန့် ကွက်ဆွေးနွေးသူတွေတော့ မရှိ။ တိုင်းပြည်ထဲ အလုပ်သမား၊ လယ်သမား ဆန္ဒပြ တောင်းဆိုပွဲတွေ လူမျိုးရေး ဘာသာရေး အဓိက ရုဏ်းတွေ ကျူးကျော်စစ်ပွဲတွေဖြင့် ပွက်လောရိုက်နေချိန် ပြည်တွင်း ပြည်ပခရီးစဉ်များ ၂၀၁၅အ တွက် စည်းရုံးဟောပြောပွဲများဖြင့် အလုပ်များပြနေခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ ယခုတကြိမ်တွင်လည်း လွှတ်တော်တွင်း ၌ ရှိမနေချေ။
အကြမ်းမဖက်သည့်အတွက်ဟူသော ခေါင်းစဉ်ဖြင့် မယောင်ရာဆီလူး ချီးမြှင့်လိုက်သော ဆုကိုယူရန် အမေရိကား သို့သွားနေပြီ ဖြစ်သည်။ ကိုရီးယားကိုလည်း ၀င်လိုက်ဦးမည်ဖြစ်ပြီး ဟောင်ကောင်သို့ပင် သွားရောက်လည်ပတ်ချင်သေးသည်ဟု သူမ ဆို၏။ ရောမက နီရိုးဘုရင်၏ စောင်းသံကလေးကို နားဆင်လိုက်ရသကဲ့သို့ ရှိလေသည်။
အချို့သော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အချို့က ကြံ့ဖွံ့အုပ်စု၏ သဘောထား အပေါ် ကန့်ကွက် ပြောဆိုကြမည်ကို ယုံမှားသံသယ ဖြစ်စရာမလိုချေ။ သို့ရာတွင် အဲန်အယ်လ်ဒီ၏ ရပ်တည်ချက်ကမူ တိုင်းရင်း သား ပြည်သူလူထုနှင့် ကင်းကွာစပြုလာပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်တွင်း၌ ရှိမနေသော်လည်း ကြားဖြတ်ရွေးကောက်ပွဲအတွင်း တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက မဲပေးခဲ့ကြသော အဲန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရှိနေ၏။ လူထုဘက်က ရပ်တည်ရမည့် အတိုက်အခံပါတီဝင်များသည် “လွှတ်တော်ထဲဝင်တာ အစိုးရကို အတိုက်အခံလုပ်ဖို့ မဟုတ်ဘူး”ဟု ပြောခဲ့ဖူးသော ဒေါ် အောင်ဆန်းစုကြည်၏ စကားသံအောက် ကချင်ကို ချေမှုန်းမည့်ကိစ္စအ ပေါ် ကန့်ကွက်ပြောဆိုရေး တုတ်တုတ်မျှ မလှုပ်နိုင်ပဲ ရှိနေကြ လေသည်။
အဲန်အယ်ဒီက ကန့်ကွက်ပြောဆိုသည့်တိုင်၊ အဆုံးအဖြတ်အတွက် မဲခွဲမည်ဆိုပါက ၂၅ကျပ်သားနှင့် ကိုယ်စားလှယ်အ များစု ရှိနေသော ကြံ့ဖွံ့ဘက်ကသာ အနိုင်ရသွားမည် ဖြစ်သည်။ သို့ရာတွင် နှစ်ရက်သုံးရက်အတွင်း စစ်ဆင်ရေးကို အပြင်းအ ထန် ပြုလုပ်ပြီးသည့်နောက် ဗျူဟာအရ အရေးပါသည့် နေရာအချို့ကို ထပ်မံသိမ်းယူလိုက်နိုင်ပြီဆိုလျှင် စစ်အုပ်စုနှင့် အရေခြုံ အစိုးရတို့အနေဖြင့် လွှတ်တော်က ဆုံးဖြတ်လိုက်သလိုမျိုး ကေအိုင်အေကို အပြတ်မချေမှုန်းတော့ပဲ သဘောထားကြီးဟန် ဆောင်ကာ စစ်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း နာမည်ကောင်းယူ၍ ကြေညာကြမည် ဖြစ်လေသည်။
(၇)
ကေအဲန်ယူ တပ်မဟာ(၅)က သူ့နယ်မြေအတွင်း ၀င်ရောက်လာသော စစ်အုပ်စု၏ ရိက္ခာယာဉ်တန်းကို စီးနင်းသိမ်း ပိုက်ကာ ဆန်အိတ် ၄၀၀ကျော်နှင့် ဆီ၊ ဆား၊ ငါးပိ၊ ပဲ၊ လ္ဘက်ခြောက်၊ သကြား၊ နို့ဆီ၊ အမဲဗူးနှင့် အရက်ဖာများ အပါအ၀င် ရိက္ခာ ပစ္စည်းများကို မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကြားရသည်။ ကားတွေကိုတော့ ဘာမျှမလုပ်ပဲ ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။ တပ်မဟာ(၅)အနေဖြင့် ရန်သူအပေါ် သဘောထားကြီးကြောင်းနှင့် ဂရုမစိုက်ကြောင်း ပြလိုက်ခြင်းပင် ဖြစ်သည်။
ကော်သူးလေနယ်မြေတွင်းမှ အခြားတပ်မဟာများအတွင်းမှာလည်း ဤကဲ့သို့ပင် ဖြစ်သင့်သည်။ ရန်သူနှင့် ၎င်းတို့ခရိုနီ များ၏ ဒေသဖွံ့ဖြိုး ရေးအယောင်ပြ စီးပွားရေး မက်လုံးပေး သွေးဆောင်မှုများနောက် အငိုက်မိစွာ လိုက်ပါနေ၍ မဖြစ်။ အပစ်အခတ် ရပ်ရေး ပဏာမသဘော တူညီမှုမျှသာ ရရှိသေးပြီး ပိုမိုခိုင်မာအောင် ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေမှာ ပင် စစ်အုပ်စုက ကော်သူးလေနယ်မြေအတွင်း ၎င်းတို့ တပ်များကို တိုး၍ချထားပြီး တပ်တည်နေရာတွေကိုလည်း တိုး၍ ယူထား စေကာ ရိက္ခာပစ္စည်းများ မပြတ် ပို့ဆောင်လျက်ရှိသည်။ ၎င်းတို့ တပ်စခန်းတွေကို သစ်လုံးကြီးများ၊ သွပ်များ၊ အုတ်အင်္ဂတေ များဖြင့် အခိုင်အမာ တည်ဆောက်ကာ စစ်ရေးအရ အသုံးပြုသည့် ဆက် သွယ်ရေးမြောင်းများ၊ ဘန်ကာများကိုလည်း တူးဖော် လုပ်ကိုင်ထားကြသည်။
ကချင်နှင့် ဖြစ်နေသော စစ်ပွဲကို ကျန်တိုင်းရင်းသားအဖွဲ့များ သွားရောက်မကူညီနိုင်စေရန်၊ ကချင်ကို တိုက်ခိုက်နေစဉ် ကရင်တို့ ရှမ်း တို့ဘက်မှာပါ တိုက်ပွဲများ ဖြစ်ပေါ်လာပြီး အရူးမီးဝိုင်းဘ၀ မရောက်ရစေရန်၊ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်များကို ခပ်လွယ်လွယ် ခပ်မြန်မြန် ရယူထားစဉ်အတွင်းမှာပင် အချိန်မဖြုန်းတတ်သော ရန်သူသည် လာလတ္တံ့ သော စစ်ပွဲအတွက် ဒေသတိုင်း၌ အစစအရာရာ ပြင်ဆင်ထားပြီး ဖြစ်နေလေပြီ။
ယူအဲန်အက်ဖ်စီ အဖွဲ့ဝင်များအဖြစ် ကချင်တွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စကို စစ်ရေး နိုင်ငံရေးအရ ထိရောက်စွာ ၀ိုင်း ရံအကူအညီ မပေးနိုင်၍သော်လည်းကောင်း၊ မိမိတို့နယ်မြေအတွင်း ကျူးကျော် ၀င်ရောက်အခြေချလာမည့် စစ်အုပ်စုတပ်များ ကို ပြောဆို၊ ဆွေးနွေး၊ သတိပေး မောင်းထုတ်ခြင်းများ မလုပ်နိုင်ခဲ့လျှင်သော်လည်းကောင်း၊ ရန်သူ စစ်အုပ်စုအနေဖြင့် ကချင် ကို အတိုင်းအတာတရပ်အထိ ချုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်တို့ဘက်သို့ ခြေလှမ်း များ တိုးချဲ့ချုပ်ကိုင်လာမည့်အရေးမှာ မြေကြီးလက်ခတ်မလွဲ ပေါ်ပေါက်လာတော့မည် ဖြစ်လေသည်။
Ref: ကေအိုင်စီ
NLD ပညာရေးကွန်ယက်က မဲဆောက်ရှိ ရွှေ့ပြောင်းကျောင်းများ သို့ ကျပ်သိန်း ၁၂၀ လှုဒါန်းမည်
26 January 2013
စောထွန်းလင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပညာရေးကွန်ရက်မှ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအတွက် ဖွင့် လှစ်ထားသည့် မြန်မာရွှေ့ပြောင်းကျောင်းများ သို့  ဇန်န၀ါရီ ၂၇ရက်နေ့တွင် ကျပ်သိန်း ၁၂၀ သွားရောက်လှုဒါန်းမည်ဖြစ်ကြောင်း ယင်းကွန်ယက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောသည်။
“လာမဲ့ တနင်္ဂနွေနေ့ ဇန်န၀ါရီ ၂၇ရက်နေ့ မှာ မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားကလေးတွေအတွက် ဖွင့်ထားတဲ့ Migrant ကျောင်းကို ကျပ်သိန်း ၁၂၀ သွားလှုဖို့ ရှိပါတယ်”ဟု ဒေါက်တာသိန်းလွင်က ကေအိုင်စီသို့ ပြောကြားသည်။
အဆိုပါ ကွန်ယက်အနေဖြင့် ၄င်းတို့ ရန်ပုံငွေများထဲမှ တိုင်းရင်းသားဒေသများရှိ ကျောင်းများသို့ ကျပ်သိန်း ၅၀၀ လှူဒါန်းသွားရန် ရှိပြီး ယခုလှူဒါန်းမှုမှာ ယင်းအစီအစဉ်တွင် ပါဝင်နေပြီး ယခု ဇန်န၀ါရီ နောက်ဆုံးအပတ်အတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်ရှိ ကျောင်းများသို့ သွားရောက်လှူဒါန်းရန်ရှိကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပညာရေးကွန်ယက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ၂၇နှင့် ၂၈ရက်နေ့တို့တွင် ရန် ကုန်မြို့  ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုးထားသည့် ဆွယ်တာအကျီင်္နှစ်ထည် လေလံတင် ရောင်းချခဲ့ရာ စုစု ပေါင်း ရန်ပုံငွေ ကျပ်သိန်း ၅၀၀၀ကျော်ရရှိခဲ့သည်။
ထိုရောင်းချငွေထဲမှ ကုန်ကျငွေများ ပြန်နုတ်ပါက ကျပ်သိန်း ၃,၀၀၀ကျော်ကျန်ရှိကြောင်း ယင်းရန်ပုံငွေများထဲမှ တိုင်းရင်းသား ဒေသများ သို့ ကျပ်သိန်း ၅၀၀လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Ref: ကေအိုင်စီ








BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88