Friday, March 1, 2013

ကြွက်လည်း ကြောက်ရ … အထက်လည်း ကြောက်ရ ရန်ကုန်ရဲတို့ ဘဝ

မေရီကို
February 28, 2013

အခွံနွှာပြီးသား အုန်းသီးလုံး အရွယ်အစားရှိတဲ့ အမွှေးထူထူ အနက်ရောင် မြို့ကြွက်တွေကို လူတယောက် ဝင်ရုံသာဆံ့တဲ့ တန်းလျား ရေချိုးခန်းမှာ သိုင်းကွက်နင်းသလို ရှောင်နေရ တာက အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက် မထူးဆန်းတော့။

ဒါ့အပြင် ကိုလိုနီခေတ် အချိန်ဝန်းကျင်ကတည်းက ဆောက်လုပ်ထားခဲ့တယ်လို့ မသေမချာ ကြားဖူးနားဝ သူသိထားတဲ့ မိသားစု ၄ ယောက် နေသာရုံ ဆယ်ပေပတ်လည် အခန်းထဲမှာ အနှစ် ၃၀ နီးပါး နေခဲ့ရတာဟာလည်း သူ့အတွက် နေသားကျနေပါပြီ။


ဒီ ဆယ်ပေပတ်လည် အခန်းကျဉ်းလေးဟာ သူ့မိသားစုရဲ့ ထမင်းဝိုင်း နေရာလည်းဖြစ်သလို၊ တနေ့တာ ပင်ပန်း နွမ်းလျ မှုတွေအတွက် အိပ်စက် အနားယူတဲ့ အိပ်စရာနေရာလည်း ဖြစ်နေပါတယ်။ ဒီနေရာကျဉ်းလေးဟာပဲ နေ့လယ် နေ့ခင်း ဘက်တွေမှာ ဧည့်သည် ဧည့်ခံရာ ဧည့်ခန်းနေရာလည်း ဖြစ်ပြန်ပါတယ်။

အပြင်ပန်း ပုံသဏ္ဍာန်အားဖြင့် ကြည့်မယ်ဆိုရင် ရှေးခေတ် တိုက်အိုကြီး တလုံးဆိုပေမယ့် ဒီဘက်ခေတ်ရဲ့ အရည်အသွေး မကောင်းတဲ့ အထပ်မြင့် တိုက်တွေလောက်ကိုတော့ ဒီတိုက် အိုကြီးကမမှုလောက်ပါ။ ဒါပေမယ့် တိုက်အိုကြီးရဲ့ အတွင်းပိုင်းမှာ လှေကား အတက်အဆင်း မျက်နှာကျက်တွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ အုတ်သားတွေ ကွာကွာ ကျလာ တာကို ရှောင်ရှား ရတာကတော့ သူ့အတွက် အလေ့အကျင့် တခုဖြစ်လို့နေပါပြီ။

ဒါကတော့ ရန်ကုန်မြို့လယ်က ရဲတပ်ကြပ်တဦးရဲ့ ဇနီးတယောက် မိသားစုနဲ့အတူ ရဲဝန်ထမ်း တိုက်မှာနေ နေရတဲ့ ပြဿနာ တွေ အများကြီးထဲကမှ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ် အနည်းငယ်ကို ဖော်ပြလိုက်တာပါ။

ဒီရဲစခန်းကြီးဟာ ရန်ကုန်မြို့လယ်ခေါင်က အထပ်မြင့် အဆောက်အဦးသစ်တွေ အကြားမှာ မခန့်သလို ဖြစ်နေရတဲ့ ကျောက်တံတား ရဲစခန်းတည်ရှိရာ အဆောက်အဦး အိုကြီးပဲဖြစ် ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ရဲဝန်ထမ်းတဦးရဲ့ မိသားစုဘဝလို နောက်ထပ်အလားတူ ရဲဝန်ထမ်း မိသားစုတွေ အများကြီး ရှိနေပါသေးတယ်။

ယခင် စစ်အစိုးရ လက်ထက် ကတည်းက သူတို့ရဲ့ နာမည်ကြားရုံနဲ့ မြန်မာနိုင်ငံသား တော်တော်များများရဲ့ မနှစ်မြို့ခြင်းကို ခံနေရဆဲဖြစ်တဲ့ အောက်ခြေအဆင့် ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေဟာ လက်တွေ့မှာ ရပ်တည်ရေးအတွက် ခက်ခဲ လွန်းနေတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ အရေးကြီးဆုံး တာဝန်တွေထဲကမှ တခုဖြစ်တဲ့ ပြည်သူ့ရဲ ဝန်ထမ်းတာဝန်ကို ထမ်းဆောင်နေရပေမယ့် သူတို့ တော်တော်များရဲ့ ဘဝတွေဟာ ဘာအာမခံချက်မှ မရှိဘူးလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ရဲဝန်ထမ်း တဦးက ဆိုပါတယ်။

ဧရာမ ကြွက်ကြီးတွေနဲ့ မိတ်ဆွေသဖွယ် အတူယှဉ်တွဲပြီး ဆယ်ပေပတ်လည် အခန်းကျဉ်းအတွင်း မိသားစုလေးငါးခြောက် ယောက် နေထိုင်ရခြင်းဆိုတဲ့ အနေအထိုင် ဆင်းရဲခြင်းဒုက္ခ တွေအပြင် အထက်အရာရှိကို မလွန်ဆဲရဲတဲ့ အခက်အခဲတွေ၊ တခြား ပြဿနာပေါင်းများစွာတွေကိုလည်း နေ့စဉ်ဆိုသလို ရဲဝန်ထမ်းတွေ ရင်ဆိုင်နေရတာပါ။

“ဒီကြွက်ကြီးတွေကတော့ ကျမတို့အတွက် ရိုးနေပါပြီ။ ကျမလို အသန့်ကြိုက်တဲ့သူတောင် ဒီကြွက်တွေကို မထူးဆန်း တော့ပါဘူး။ အခန်းက ကျဉ်းလိုက်တာဆိုပြီး မနေချင်လို့မှမရတာ။ ဒီလိုပဲ နေလာရတာ နှစ်သုံးဆယ်ပဲ ပြည့်တော့မယ်” လို့ အသက် ၆၀ ရှိပြီဖြစ်တဲ့ ရဲဝန်ထမ်းရဲ့ ဇနီးဖြစ်သူက ရယ်ရယ်မောမော ဆိုပါတယ်။

အထက်အရာရှိ များရဲ့ အမိန့်အာဏာကို မလွန်ဆန်ရဲတဲ့ ရဲဝန်ထမ်းနဲ့ သူတို့မိသားစုတွေရဲ့ အနေအထားက မြို့လယ်ခေါင် တည့်တည့်မှာ ဧရာမကြွက်ကြီးတွေနဲ့ အတူနေထိုင်ရတဲ့ အခြေအနေလိုပဲ ဆိုးဝါးတယ်လို့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။

“မြို့လယ်ခေါင်မှာနေပြီး ကြွက်လည်းကြောက်ရ၊ အထက်လူကြီးလည်း လန့်နေရ၊ သူတို့မိန်းမတွေကိုလည်း ကြောက် နေရတာပါ” လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ သာမန် ရဲဝန်ထမ်းတွေဟာ မြို့နယ်မှူးအဆင့်နဲ့ ခရိုင်မှူးအဆင့်ရှိတဲ့ သူတို့ရဲ့ အထက်လူကြီးတွေက အာဏာနဲ့ခိုင်းစေတဲ့ တာဝန်မဟုတ်သော အလုပ်များကို တာဝန် ချိန်များမှာလည်း လုပ်ပေးနေရတယ်လို့ ကျောက်တံတား မြို့နယ်မှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။

အောက်ခြေရဲဝန်ထမ်းတွေကို မြို့နယ်မှူးအဆင့် ရဲအရာရှိတွေက မှုခင်းဂျာနယ်တွေ ရောင်းခိုင်းတာမျိုး၊ သူတို့ အိမ်ကလုပ်တဲ့ မုန့်တွေကို မဝယ်မနေရ လက်ငင်း ငွေချေစနစ်နဲ့ ရဲဝန်ထမ်းတွေကို တဆင့် ပြန်ရောင်းခိုင်းတာမျိုးတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျောက်တံတားမြို့နယ်က ရဲဝန်ထမ်းတဦးက “အထက်အရာရှိက ကျနော်တို့အောက်ခြေ ဝန်ထမ်း တွေကို မှုခင်းဂျာနယ်တွေ ရောင်းခိုင်းတယ်၊ သူတို့လုပ်တဲ့ ပဲမုန့်တွေကို အတင်းယူပြီး ရောင်းခိုင်းတယ်။ ကျနော်တို့က အဲဒါတွေကို အရင်ဆုံး သူတို့ကို လက်ငင်း ပိုက်ဆံရှင်းပေးရတယ်။ မယူချင်လို့မရဘူး။ အဲဒီတော့ ကျနော်တို့ရဲတွေမှာ သူတို့ ထိုးရောင်းတဲ့ ဂျာနယ်တွေ၊ မုန့်တွေ အပြင်မှာ ရောင်းမကုန်ရင် အလကားသက်သက် ပိုက်ဆံရှုံးတယ်ဗျာ” လို့ ပြောပါတယ်။

အခုလို ပြဿနာတွေအပြင် စခန်းမှူးကတော်၊ မြို့နယ်မှူး ကတော်တွေရဲ့ အာဏာနဲ့ ခိုင်းစေမှုတွေကိုလည်း ရဲဝန်ထမ်းတွေရဲ့ ဇနီးသည်တွေက မကြာခဏဆိုသလို ရင်ဆိုင်နေရတယ်လို့ သိရတယ်။

“ကျမတို့နေရတော့ တော်တော် စုတ်စုတ်နေရာမှာ။ ကတော်တွေ ဒီကိုလာမယ်ဆို ဘုရားပန်းလဲထားရ၊ အိမ်က ကလေးတွေကို အဝတ်သန့်သန့် ဝတ်ပေးရနဲ့ မလိုတာတွေ တကယ် လုပ်ပါတယ်။ ပြီးတော့ စခန်းမှူးကတော်တွေက ခဏခဏ ဟိုကြေး၊ ဒီကြေးနဲ့ ပေးရတာတွေလည်း ရှိသေးတယ်။ ကျမတို့ရဲမိန်းမတွေက ယောင်္ကျား လုပ်စာ မလောက်မငှလို့ အပြင်ထွက် ဈေးရောင်းရပါတယ်ဆိုမှပဲ ရဲစခန်းထဲ အလှည့်ကျ ကင်းစောင့်ပေးရတာ ရှိသေးတယ်” လို့ ရန်ကုန်မြို့လယ် ရဲစခန်းတခုက ရဲဝန်ထမ်းတဦးရဲ့ အသက် ၃၀ အရွယ် ဇနီးသည်တဦးက ပြောပါတယ်။

ဒါ့အပြင် ခရိုင်မှူးအဆင့်ရှိတဲ့ ရဲအရာရှိတွေကို နယ်ထိန်းတာဝန်ကျ ရဲဝန်ထမ်းတွေက တလတကြိမ် သတ်မှတ်ငွေ ထည့်ဝင်ပြီး ကန်တော့ရတဲ့ အခြေအနေတွေလည်း ရှိသေးတယ်လို့ ရဲဝန်ထမ်းတွေဆီက သိရပါတယ်။

“ရန်ကုန်မှာမှ မဟုတ်ဘူး။ နယ်တွေမှာလည်း အောက်ခြေ ရဲဝန်ထမ်းတွေ ဘယ်လိုနေရ နေရ အထက်က ဂရုမစိုက်ဘူး။ရန်ကုန်မှာဆို ပိုဆိုးတယ်။ တချို့ ရဲစခန်းတွေကျတော့ အထပ်မြင့် တိုက်ခန်းတွေ ဆောက်ပေးထားတယ်။ တော်တော် များများ ရဲစခန်းတွေကတော့ စုတ်ချာလွန်းပါတယ်။ ကျနော်တို့ နေနေရတဲ့ ဘဝက ရဲဆိုတဲ့ နာမည်ကြားရုံနဲ့ လူတွေ နှာခေါင်းရှုံ့ခံရ တာတွေနဲ့တော့ အသားကျနေပါပြီ” လို့ လှိုင်မြို့နယ် ရဲ စခန်းက ရဲဝန်ထမ်းတဦးက ပြောပါတယ်။

ရဲအရာရှိ အများစုဟာ အကျင့်ပျက် ချစားမှုတွေကို ပြောင်ကျကျ ပြုလုပ်နေကြ ပေမယ့် ရပိုင်ခွင့်မရှိတဲ့ အောက်ခြေ ရဲဝန် ထမ်းတွေရဲ့ လစာဝင်ငွေတွေကတော့ သူတို့မိသားစုကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်ဘူးလို့ သိရပါတယ်။

ကျပ် ၄ သောင်းကနေ ၇ သောင်းအထိသာ အမြင့်ဆုံးရရှိတဲ့ သာမန်တပ်ကြပ်အဆင့် ရဲဝန်ထမ်းတွေဟာ အများပြည်သူဆီက အဂတိလိုက်စားဖို့ အခွင့်အလမ်းတောင် မရှိသလောက် ဘဲလို့ ပုစွန်တောင်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ် တဦးက ပြောပါတယ်။

“နယ်ထိန်း ဖြစ်ရင်တော့ ကိုယ်ရတဲ့ နယ်မြေမှာ ရပိုင်ခွင့်လေးတွေ ရှိပါတယ်။ ဒီအပိုင်းမှာ ရာနှုန်းပြည့် ရိုးရိုး သားသား လုပ်ပါတယ် ဆိုတာ ရှားပါတယ်။ တချို့ ရဲဝန်ထမ်းတွေ ကျတော့ လည်း နည်းနည်းပါးပါးလောက်ပဲ ယူကြပါတယ်။ အဲဒီလိုမှမယူရင် ကျနော်တို့တွေမှာ ရတဲ့လစာနဲ့က မလောက်ဘူး။ လစာတွေသာ ကောင်းနေရင် ဒီလိုအဖြစ်တွေလည်း ရှိမှာ မဟုတ်ပါ ဘူးဗျာ” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။

တရိပ်ရိပ် တက်လာတဲ့ ကုန်ဈေးနှုန်းတွေရဲ့ နောက်ကို လိုက်မမီနိုင်ဆဲ ဖြစ်နေသည့် တခြားသာမန် အစိုးရဝန်ထမ်း တွေလိုပဲ ရဲဝန်ထမ်း မိသားစုဝင်တွေဟာလည်း တဘက်တလမ်းကနေ ဝင်ငွေရရှိဖို့ စီးပွားရှာကြရတယ်လို့ ရဲမိသားစုဝင်တွေ ဆီက သိရပါတယ်။

“ကျမ အမျိုးသားရတဲ့ ဝင်ငွေက တလ ကျပ် ၆ သောင်း။ ရဲလုပ်သက်က ဆယ်နှစ်ကျော်ပြီ။ သူ့လစာက မိသား စုကို မထောက်ပံ့နိုင်တော့ ကျမအပါအဝင် သားသမီး ၂ ယောက်စလုံး အပြင်အလုပ် ထွက်လုပ်ရတယ်။ ရဲတွေက ပိုက်ဆံရပါတယ်၊ ရပါတယ်ဆိုတာ သာမန်ရဲဝန်ထမ်းတွေ မဟုတ်ပါဘူး။ ဒါကို သိစေချင်တယ်” လို့ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရဲဝန်ထမ်းတဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

ရဲယူနီဖောင်းတွေကိုလည်း သူတို့ ကိုယ်ပိုင်ဝင်ငွေနဲ့ ချုပ်လုပ်ဝတ်ဆင်ရပြီး ငွေကြေးမတတ်နိုင်တဲ့ ရဲဝန်ထမ်းတွေ အတွက် ကတော့ စုတ်ချာလွန်းတဲ့ ဘွတ်ဖိနပ်တရံကိုပဲ အမြဲအသုံးပြု နေရပါတယ်လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

“လူကြီးလမ်းကြောင်းတွေရှိရင် ဝတ်ရတဲ့ ခါးရှည် ယူနီဖောင်းတွေကို ကိုယ့်ဘာသာ ဝယ်ဝတ်ရတာ။ ဖိနပ်လည်း ကိုယ့်ဘာသာ ကိုယ်ပဲ။ ရဲ ခါးပတ်လည်း ကိုယ့်ဘာသာကိုယ်ပဲ။ အများစု ကတော့ မတတ်နိုင်ကြလို့ ကျနော်တို့ အောက်ခြေ ရဲတွေရဲ့ အသွင်အပြင်က အမြဲတမ်း မသားမနား ဖြစ်နေရတယ်” လို့ လှိုင်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ် တဦးက ပြောပါတယ်။

အစိုးရဆီက ရရှိတဲ့ လစာဝင်ငွေဟာ ကျပ် ၁ သိန်းမပြည့်ပေမယ့် တရားခံတွေကို ရုံးထုတ်တဲ့အခါ ရှိလာတဲ့ ကုန်ကျစားရိတ်၊ တရားခံတွေ သွားရောက် ဖမ်းဆီးတဲ့အခါ ကုန်ကျတဲ့ စားရိတ်တွေကိုလည်း ရဲဝန်ထမ်းတွေ အိတ်စိုက်ရတယ်လို့ ရဲဝန်ထမ်း တွေက ဆိုပါတယ်။

“သန်လျင်ကို တရားခံ သွားထုတ်ရတယ်။ အသွားအပြန် ကားငှားရတယ်။ ကျပ် တသောင်းကျော် ကျတယ်။ ပြန်ထုတ် လို့မရဘူး။ ပြောလို့လည်း မရဘူး။ ဘာမှလည်း မတတ်နိုင်ဘူး” လို့ အထက်ပါ ရဲဝန်ထမ်းတွေထဲက တဦးက ပြောပါတယ်။

အခက်အခဲပေါင်း များစွာကို နေ့စဉ်ရင်ဆိုင် ကျော်ဖြတ်နေရတဲ့ သာမန်ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေဟာ အစစအရာရာ ပြောင်းလဲတိုးတက်လာပြီ၊ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီဆိုတဲ့ မြန်မာပြည်ကြီးမှာ မပြောင်းမလဲ အရင်အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ် တိုက်သစ်တွေကြားက ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကျောက်တံတားရဲစခန်း ဝန်ထမ်းလိုင်းခန်းတခု မှာတော့ ရဲတပ်ကြပ်ကြီးရဲ့ အသက် ၆၀ အရွယ် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ပင်စင်ရမယ့် မကြာတော့မယ့် အချိန်တခုကို ကြွက်တွေနဲ့ အတူ နေထိုင်ရင်း စောင့်မျှော် နေတယ်လို့ ဆိုပါတယ်။

Ref: ဧရာဝတီ

Read More...

မလက်တို အဓိကရုဏ်း ဥပဒေဘောင်အတွင်းမှ ဆက်ဖြေရှင်းမည်

စနေလင်း
February 28, 2013

ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု အတွင်းရှိ အသိမ်းခံရသော လယ်မြေများကို ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ အဓိကရုဏ်း ဖြစ်ခဲ့ပြီးနောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်နေမည့်အစား ဒေသခံများဘက်က ငြိမ်းငြိမ်းချမ်းချမ်းဖြင့် တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ညက ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊ ဆရာတော် ဥူးပါမောက္ခ၊ မစိုးရိမ် တိုက်သစ် ဆရာတော် အရှင် ၀ီရသူတို့နှင့် ဒေသခံ လယ်သမားများ တွေ့ဆုံပွဲတွင် တက်ရောက်လာသော လယ်သိမ်းခံ ရွာသားများက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။


ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန် ဒေသခံများအတွက် လိုအပ်သော လမ်းညွှန်မှုများကို ပေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့ပေါ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းထွန်းက ပြောသည်။

“ဆရာတော်များရဲ့ မိန့်မှာချက်အတိုင်း ဒေသခံတွေ ဥပဒေဘောင်ထဲက ဆော်ရွက်နိုင်ဖို့ ကျနော်တို့ဘက်က ကူညီပါ့မယ်။ ဒီနေ့ အဲဒါကို စတင် အကောင်အထည် ဖော်ပါ့မယ်” ဟု ကိုထွန်းထွန်းက ဆိုသည်။

ယနေ့ နောက်ဆုံး အခြေအနေအရ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဘက်နှင့် ဒေသခံများ ၂ ဖက်စလုံး တင်းမာမှုများ လျော့ကျသွားပြီ ဖြစ်ကြောင်း၊ တဖက်နှင့်တဖက် လက်နက်ကိုင် ဆောင်ကာ အသင့် အနေအထားမျိုး မပြင်ဆင်ထားတော့ကြောင်း ၄င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ရာမှ ညနေပိုင်း အချိန်တွင် အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ခဲ့ကြပြီး ည ၇ နာရီအချိန်မှ သန်းခေါင် ၁၂ နာရီအချိန်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် အရပ်သား ၁၅ ဦး ထိခိုက်ဒဏ်ရာဖြင့် မအူပင်ဆေးရုံသို့ ရောက် ရှိလာခဲ့ကြောင်း မအူပင် ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်စိုးက ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်လည်း အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရသည့် နောက်ထပ် အရပ်သား ၄ ဦး ဆေးရုံသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ဒဏ်ရာရသော တပ်သား ရဲကျော်သူသည် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း အစောပိုင်း သတင်းများက ရေးသားကြသော်လည်း မအူပင် ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်စိုးကမူ အဆိုပါရဲတပ်သားမျာ တုတ်ဒဏ်ရာကြောင့် ဦးခေါင်းရိုး ကျိုးပြီး ဒဏ်ရာပြင်းထန်သောကြောင့် ရန်ကုန်ဆေးရုံးကြီးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဒေသခံများက ကျည်ဆံ ထိမှန်သူ ၄ ဦးရှိသည်ဟု ပြောဆိုကြသော်လည်း ကျည်ဆံထိမှန်သော ဒဏ်ရာဖြင့် အရပ်သား လူနာများ ရှိမရှိကို မအူပင် ဆေးရုံက အတည်ပြုချက် မပေးပေ။ အသားကို ဖောက်ထွင်းသွားသည့် ဒဏ်ရာများ တွေ့ရှိရသော်လည်း ဒဏ်ရာထဲတွင် ကျည်ဆံ မတွေ့ရှိရကြောင်းနှင့် ဒေသခံလူနာများကို ရာဇဝတ်မှု လူနာ (PC) အဖြစ် ဆေးကုသပေး ခြင်းမျိုး မရှိကြောင်းလည်း ဒေါက်တာ မြင့်စိုးက ပြောသည်။

အသိမ်းခံထားရသော လယ်များသည် မိမိတို့ဘ၀အတွက် အရေးပါသောကြောင့် ထိုလယ်များကိုသာ ပြန်လိုချင်ကြောင်း မအူပင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည့် မလက်တိုကျေးရွာအုပ်စု၊ အဓိတ်ကျေးရွာမှ မစိန်ဝင်းက ဆိုသည်။

“ဒီလို အရိုက်ခံလိုက်ရတဲ့ ဖြစ်ရပ်တွေနဲ့ ပက်သက်ရင် ကျမကတော့ ဒီလယ်ပဲ လိုချင်တယ်။ ဒီလယ် သိမ်းပိုက်ခံလိုက်ရတဲ့ အချိန်ကတည်းကိုက ကျမတို့ ဒုက္ခရောက်ခဲ့ရတယ်။ အဲဒီဒဏ်ကို မခံနိုင်လို့ ထဖြစ်တာပါ။ သေသေကြေကြေဆိုပြီး ရင်ဆိုင်ကြတာ။ ရခွင့်ရထိုက် ရှိရမယ်ဆိုပြီး ရင်ဆိုင်တာ” ဟု မစိန်ဝင်းက ပြောသည်။

မအူပင်ဆေးရုံတွင်ပင် ဆေးကုသမှု ခံယူနေရသည့် ရဲတပ်သား အောင်စိုးနိုင်က မိမိတို့ အကြီးအကဲများက ဒေသခံများနှင့် ညှိနှိုင်းသော်လည်း ဒေသခံများက လက်မခံသည့်အတွက် အကြီးအကဲများက အမိန့်ပေးသည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအဓိကရုဏ်း ဖြစ်နေသည့် အချိန်တွင် မိမိသည် အရှေ့ဆုံးနေရာတွင် ရှိမနေသောကြောင့် မည်သည့်ဘက်မှ စတင် ရိုက်ပုတ်ကြသည်ကို မသိကြောင်း ဧရာဝတီသို့ ပြောသည်။

မိမိတို့သည် နိုင်ငံရေး ဆိုသည်ကိုလည်း နားမလည်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့် အပေါ်တွင်လည်း မည်သို့မျှ မှတ်ချက် မပြုလိုကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အတူ ဆေးကုသမှု ခံယူနေရသော ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခရေကုန်းရဲစခန်းမှ ရဲတပ်သား ကိုဇော်မင်းထွန်း ကလည်း မိမိတို့က အေးအေးချမ်းချမ်းပင် ဖြစ်စေချင်သည့် အတွက် လူကြီးများကိုယ်တိုင်း ညှိနှိုင်းခဲ့သော်လည်း ဒေသခံများဘက်မှ လက်မခံခဲ့ကြောင်း၊ ထို့အတွက် တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်ခဲ့ရကြောင်း ပြောသည်။

“ကျနော်တို့လည်း မဖြစ်စေချင်ပါဘူးဗျာ။ ကျနော်တို့က အဓိကရုဏ်းတွေကို ဖြေရှင်းရမယ့် စည်းကမ်းအတိုင်း သူတို့ကို ကြေညာတယ်။ ကျနော်တို့က ညှာပါတယ်။ ကျနော်တို့ လုပ်ချင်ရင် သူတို့နာကြမှာပေါ့။ အမျိုးသမီးတွေက ရှေ့မှာနေကြတာ” ဟု ၄င်းက ဆိုသည်။

ဒေသခံများအနေဖြင့် ယခုကဲ့သို့ လုံခြုံရေးယူသည့် ရဲများကို ရင်ဆိုင်မှု မပြုလုပ်ခင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များထံသို့ စာပို့အကြောင်းကြား အကူအညီတောင်းခြင်း မပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်လျှင်လည်း ပြေလည်လိမ့်မည်ဟု မယုံကြည်ကြောင်း ဒေသခံများက ပြောသည်။

မိမိတို့အနေဖြင့် လုပ်ပိုင်ခွင်ရှိသည့် အခြေအနေထက် ကျော်လွန်ပြီး ဒေသခံများအပေါ် လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိကြောင်း၊ ပြည်သူများဘက်မှလည်း ဥပဒေနှင့် တာဝန်များကို လိုက်နာ ရန် လိုအပ်ပြီး မလိုက်နာသည့်အတွက် ယခုကဲ့သို့ မဖြစ်သင့်သည်များ ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း မအူပင်မြို့နယ် ရဲမှူး တင့်ဆွေက ဖေဖော်ဝါရီ ၂၇ ရက် နေ့ညတွင် ရွှေည၀ါဆရာတော် အပါအ၀င် ဆရာတော်များနှင့် တွေ့ဆုံစဉ်က လျှောက်ထားခဲ့သည်။

ဆရာတော် အရှင် ဝီရသူက “ဒီပဋိပက္ခတွေ ဖော်ဖို့က မျှတဖို့လိုတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းက နည်းလမ်းကျပေမယ့် ရွာသားတွေက အာဏာပိုင်တွေဘက်ကို ယုံကြည်မှု မရှိကြ သေးဘူး။ အဲဒါကို ပြန်တည်ဆောက်ဖို့ လိုတယ်။ ဒီလိုဖြစ်လာဖို့ကလည်း ထင်သာမြင်သာ ရှိဖို့လိုတယ်” ဟု ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် အဓိကရုဏ်းနှင့် ပတ်သက်၍ မလက်တို ကျေးရွာအနီး အော့ချက်ဒ် ကုမ္ပဏီပိုင် ဧက ၅၅၀ ရှိ ငါးမွေးကန်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ဗေဒါစာသင်ကျောင်းမှ လင်းပိုင်စိုး၏ လှုံဆော်မှုဖြင့် လူအင်အား ၁၀၀ ခန့်က စပါးစိုက်ပျိုးရန် အကြောင်းပြ၍ ဥပဒေမဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီ မန်နေး ဂျင်းဒါရိုက်တာ ဒေါက်တာ မြင့်စိန်က အမှုဖွင့် တိုင်ကြားခဲ့သဖြင့် မြို့နယ်အဆင့် တာဝန်ရှိသူများက လာရောက်ဖျောင်းဖျခဲ့ကြောင်း၊ နောက်ပိုင်းတွင် လူအုပ်စုမှာ ၂၀၀ ဦးအထိ ရှိလာပြီး ပုဒ်မ ၁၄၄ ထုတ်ခဲ့ကြောင်း ရေးသားထားသည်။

ဆက်လက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့က လက်နက်များဖြင့် ခြောက်လှန့်လူစုခွဲခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာတွင် မအူပင်ခရိုင် ရဲတပ်ဖွဲ့ဝင်များက ဆက်လက် တာဝန်ယူ စောင့်ကြပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်

ကိုသားညွန့်ဦး

28.02.2013
မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ် ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုး သမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗွီဒီယိုကို ကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။”

ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါ လို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေ တွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗွီဒီယိုရုပ်ပုံတွေကို အရေး ယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗွီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလား လက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရ ပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင် အမူအကျင့်တွေ ကို ပြောင်းလဲဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနား က ပြောပါတယ်။

“လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေ မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့ အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်း ပဋိပက္ခ ဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။”

လက်ပံတောင်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာ ထွက်လာမယ် လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြ တဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင် မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။

“ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖို့ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။”

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်း ယူခဲ့တဲ့နောက်၊ အခု အသုံးမပြုဘဲ ထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန်းရင်း ဆန်ခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက် ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။


Ref: ဗွီအိုအေ

Read More...

ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်

28.02.2013

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ ဆယ်နှစ်နီးပါး ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်ပြီဖြစ်ပါတယ်။

လာမယ့် သီတင်းပါတ် ၂ပါတ်မှာ စတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်ကို ကြာသပတေးနေ့က ထိုင်းအကြီးတန်း အရာရှိတွေနဲ့ NRF တော်လှန်ရေး တပ်ဦးက ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ လက်မှတ်ရေးထိုးကြတာဖြစ်ပြီး အဲဒီမှာ ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်ကလည်း မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေတာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ထိုင်းအစိုးရကလိုလားနေသလို အခုလို ဆွေးနွေးဖို့ သဘောတူညီချက် ရခဲ့တာအတွက် ထိုင်းဝန်ကြီးချုပ်က ကြိုဆိုလိုက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ်ကလည်း ဒီလို ဆွေးနွေးဖို့ သဘောတူညီမှု ရတာဟာ ငြိမ်းချမ်းရေးအတွက် အစလို့ ဆိုပါတယ်။

မလေးရှားအခြေစိုက် NRF အဖွဲ့ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း မူဆလင် အများစု နေထိုင်ရာဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖြစ် ပါတယ်။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွင်း တခြားလက်နက်ကိုင်အဖွဲ့တွေက သဘောတူညီမှု ရှိမရှိတော့ မသိရသေးပါဘူး။

ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှာ ၂၀၀၄ ခုနှစ်ကစပြီး အကြမ်းဘက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွါးခဲ့ရာက လူပေါင်း ၅ ထောင်လောက် သေဆုံးခဲ့ရပါတယ်။


Ref: ဗွီအိုအေ

Read More...

ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ

28.02.2013

ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ဟာ ၈ နှစ် နီးပါးလောက် ပုပ်ရဟန်းမင်းကြီး တာဝန်အဖြစ် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အနားယူလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပုပ်ရဟန်းမင်းကြီးရာထူးကနေ အနားယူလိုက်တာကြောင့် နှစ်ပေါင်း ၆၀၀ အတွင်း ရိုမန်ကက်သလစ် ဘာသာရေး ဂိုဏ်းခေါင်းဆောင်အဖြစ်ကနေ ဆန္ဒအလျှောက် ပထမဆုံး အနားယူလိုက်သူဖြစ်လာပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ ကြာသာပတေးနေ့ ဒေသစံတော်ချိန် ညနေ ၈ နာရီကစပြီး ရာထူးကနေ တရားဝင်နှုတ်ထွက်ပြီဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ပုပ်ရဟန်းမင်းကြီး အဖြစ်ကနေ တရားဝင်နှုတ်ထွက်တဲ့အနေနဲ့ ရောမမြို့အပြင်ဘက်က Gandolfo ရဲတိုက်ကို ကြာသာပတေးနေ့ အစောပိုင်းက ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဒေသစံတော်ချိန်ညနေ ၈ နာရီမှာတော့ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး နေထိုင်တဲ့နေရာက ဂိတ်ပေါက်က ဆွစ်နိုင်ငံသားအစောင့် ၂ ယောက်ဟာ တံခါးကို ပိတ်ပြီး အဲဒီနေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာပြုလုပ်တဲ့ သီးခြားနှုတ်ဆက်ပွဲအတွင်း ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြောခဲ့တာမှာတော့ - သူ့ကို ဆက်ခံတဲ့ ပုပ်ရဟန်းမင်းကြီးကို သူ့အနေနဲ့လည်း အကြွင်းမဲ့ ရိုသေကိုင်းရှိုင်းပြီး၊ လေးလေးစားစားနဲ့ ဆက်ဆံသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတွေ ကိုလည်း ညီညွတ်ကြဖို့ နဲ့ သူတို့ထဲမှာ အနာဂတ်ကျရင် ပုပ်ရဟန်းမင်းကြီးဖြစ်လာမယ့်သူရှိတယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။


Ref: ဗွီအိုအေ

Read More...

အမေရိကန်အစိုးရ အသုံးစရိတ်ဖြတ်တောက်မှု သောကြာနေ့ စတင်

28.02.2013

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ သောကြာနေ့ကစလို့ အစိုးရ အသုံးစရိတ် ၈၅ဘီလျံ ဒေါ်လာ လျှော့ချ ဖြတ်တောက်ရမဲ့ အခြေအနေကို ရှောင်ရှားနိုင်ရေး အဆိုပြုကြတဲ့
ဥပဒေ ကြမ်းတွေကို ဆီးနိတ်လွှတ်တော်မှာ ပယ်ချလိုက်ကြတဲ့အတွက် အသုံးစရိတ် ဖြတ်တောက်မှုတွေကို ရှောင်ရှားလို့ မရတော့တဲ့ အနေအထားမှာ ဖြစ်နေပါတယ်။

ဘယ်နေရာတွေမှာ အသုံးစရိတ်တွေ ဖြတ်တောက်မလဲဆိုတာကို သမ္မတအနေနဲ့ ပိုပြီး ရွေးချယ် ဆုံးဖြတ်နိုင်မဲ့ Republican တို့ရဲ့ အဆိုပြုချက်ကို ကြာသပတေးနေ့ က Democratic တွေ က ပယ်ချခဲ့ပါတယ်၊ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်တွေကို အခွန်တိုးကောက်ရေးနဲ့ လယ်ယာ စိုက်ပျိုးရေး အသုံးစရိတ်ထောက်ပံ့မှု အစီအစဉ်တွေကို ရပ်ဆိုင်းရေး၊ Democrat တွေရဲ့ အဆိုပြုချက်ကိုလဲ Republican တွေဖက်က ပယ်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့ကစလို့ မဖြစ်မနေ အလိုအလျောက် အသုံးစရိတ် ဖြတ်တောက်ရတော့မယ် ဆိုရင် အစိုးရဌာနတွေ အားလုံးအပေါ်မှာ သက်ရောက်မှုတွေ
ရှိမှာဖြစ်ပါတယ်။ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လျှော့ချရမှာဖြစ်ပြီး အစိုးရဝန်ထမ်း အများအပြားဟာလည်း လစာမဲ့ခွင့်တွေကို ယူကြရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေကို ရှောင်ရှား နိုင်ရေးအတွက် သမ္မတအိမ်ဖြူတော်နဲ့ Congress လွှတ်တော်တို့က ပြေလည်အောင် အပေး အယူ မလုပ်နိုင်ကြတဲ့အပေါ်မှာလဲ တော်တော်များများက အားမလို အားမရဖြစ်နေကြ ပါတယ်။


Ref: ဗွီအိုအေ

Read More...

တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည်

မခင်ဖြူထွေး
28.02.2013

၂၀၁၁ ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းနဲ့ အပေါင်းပါ သုံးယောက်ရဲ့ အယူခံကို တရုတ်နိုင်ငံ ကူမင် (Kunming) တရားရုံးက ပလပ် ခဲ့ပြီးတဲ့နောက် ဒီကနေ့ သောကြာနေ့မှာ သူတို့ကို သေဒဏ်စီရင်ဖို့ အမိန့်ချမှတ်ထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ပြည်သူ့တရားရုံးက သူတို့လေးဦးကို ဆေးထိုးပြီး အဆုံးစီရင်မှာဖြစ်တယ်လို့ ကူမင်ပြည်သူ့တရားရုံးက ပြောပါတယ်။

နော်ခမ်း ဟာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နန်နိုင်ငံတွေ ကို ဖြတ်သန်း စီးဆင်းနေတဲ့ မဲခေါင်မြစ်တလျှောက် လှုပ်ရှားနေတဲ့ အကြီးဆုံး မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် ဖြစ်ပါတယ်။ နော်ခမ်းနဲ့အတူ သေဒဏ်ချမှတ်ခံရသူ သုံးယောက်ကတော့ ထိုင်းနိုင်ငံက Hsang Kham၊ နိုင်ငံမဲ့တဦးဖြစ်တဲ့ Yi Lai နဲ့ လာအိုနိုင်ငံက Zha Xika တို့ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်း တရုတ်ကုန်တင်သဘောင်္ နှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ ကူမင် တရားရုံးမှာ နော်ခမ်းနဲ့ အပေါင်းအပါတွေကို ရုံးတင်စစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ နော်ခမ်းနဲ့ အပေါင်းပါ သုံးယောက်ကို သေဒဏ်အပြစ်ပေးတဲ့အခါ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ အပြင် ကူမင်မြို့ မှာရှိတဲ့ ထိုင်းနဲ့ မြန်မာ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေအနေနဲ့ လာရောက်ကြည့်ရှု တွေ့ဆုံနိုင်ဖို့အတွက် တရားရုံးက စီစဉ်ပေးထားပါတယ်။ သေဒဏ်စီရင်ပြီးတဲ့အခါ အပြစ်ပေးခံရ သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ သေတမ်းစာနဲ့ ကျန်ရစ်တဲ့ ပစ္စည်းပစ္စယတွေကို သူတို့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေကို လွှဲပြောင်း ပေး အပ်သွားမှာလည်း ဖြစ်ပါတယ်။

သေဒဏ် မစီရင်ခင်အချိန်အထိ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးပြီး သူတို့ကို သေသေချာချာ ထိန်းသိမ်းထားတယ်လို့ ယူနန်ပြည်နယ် အကျဉ်းထောင်အုပ်ချုပ်ရေးမှူး Zhao Biao က ပြောပါတယ်။

“သူတို့လေးယောက်ကို သေဒဏ်ချမှတ်လိုက်ပြီးတဲ့နောက် သူတို့တွေ အတော်ကြီး တုန်လှုပ်ချောက်ခြားသွားကြတယ်။ သူတို့ဆက်ပြီး အသက်ရှင်နေထိုင်လိုတဲ့အကြောင်း အကြီး အကျယ် ပြသခဲ့ကြပါတယ်။ ခုချိန်မှာ သူတို့လုံခြုံရေးအတွက် စိုးရိမ်စရာမရှိတဲ့ သီးသန့်အကျဉ်းထောင်တွေထဲမှာ သူတို့ကို ကျနော်တို့ ထိန်းသိမ်းထားသလို ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ပေးထားပါတယ်။” - လို့ ယူနန်ပြည်နယ် အကျဉ်းထောင်အုပ်ချုပ်ရေးမှူး ပြောသွားတာပါ။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်း ကို လာအိုအာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း ရွှေတြိဂံဒေသမှာပဲ ဖမ်းမိခဲ့ပြီးတဲ့နောက် တရုတ်အာဏာပိုင်တွေရဲ့ လက်ထဲ လွှဲပြောင်းပေးခဲ့တာပါ။ ဧပြီလအတွင်း သူ့ကိုမဖမ်းဆီးမိခင် ရက်ပိုင်းအလိုမှာ ထိုင်းအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က သူ့ကို ဖမ်းဆီးနိုင်ရင် ဆုငွေ ထိုင်းဘတ် ၂ သန်း ပေးမယ် လို့ ကြေညာခဲ့တာ ရှိသလို တရုတ်နိုင်ငံကလည်း နော်ခမ်းကို ဖမ်းဆီး သုတ်သင် နိုင်ဖို့ အတွက် မောင်းသူမပါတဲ့ အဝေးထိန်း ဒုံးယာဉ်သုံးပြီး မြန်မာနိုင်ငံ နယ်မြေထဲအထိ တိုက်ခိုက် နှိမ်နင်းဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေတြိဂံဒေသ အတွင်းလှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းဟာ ဘိန်းဘုရင်ခွန်ဆာရဲ့ MTA ခေါ် မော်ထိုင်း တပ်ဖွဲ့ဝင်တယောက် ဖြစ်ပြီး ၁၉၉၆ ခုနှစ်က ဘိန်းဘုရင်ခွန်ဆာ လက်နက်ချပြီးတဲ့နောက်မှာ တာချီလိတ်မြို့နယ် ဟောင်လိတ် ပြည်သူ့စစ် ခေါင်းဆောင် တယောက် ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ

ကျော်သိင်္ခ
28.02.2013

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်ပိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ် ဘူးလို့ အမေရိကန် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံရေး နဲ့ စီးပွားရေးအပြင်၊ လူ့အခွင့်အရေး အခြေခိုင်ဖို့ အမေရိကန်က လိုလားတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကြားနာစစ်ဆေးပွဲမှာ အမေရိကန် ထိပ်ပိုင်းခေါင်းဆောင်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမေရိကန် စီးပွားရေးကိုယ်စားလှယ်တွေ နဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေး ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy တို့ဟာ မနေ့က ပြု လုပ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲ မှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေအပြင်၊ အနာဂတ်မှာ အမေရိကန် နဲ့ မြန်မာ စစ်ရေးအရ ဆက်ဆံရေး နဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအခန်းဏ္ဍ နဲ့ ပက်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုအနေနဲ့ ဒီ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကနေတဆင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း တွေ နဲ့ အလုပ်အကိုင် ရရှိရေးကို မျှော်လင့်နေကြတာဖြစ်တယ်လို့လည်း မစ္စတာ Posner က ပြောပါတယ်။ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ရာမှာ အမေရိကန်အနေနဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ မူဝါဒအရ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"မြန်မာနိုင်ငံ နဲ့ မြန်မာနိုင်ငံသားတွေ အောင်မြင်တိုးတက်ဖို့အတွက် ကျနော်တို့ လိုလားပါတယ်။ ဒီလိုဖြစ်လာဖို့က နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ စီးပွားရေးမှာ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့လိုသလို နိုင်ငံရေးစနစ်မှာလည်း လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အခြေခံဖို့ လိုပါတယ်။ အဲဒီနှစ်ရပ်က အတူတကွ ဒွန်တွဲနေရမှာဖြစ်ပါတယ်။ ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီကို သံဓိဌာန်ခိုင်မာစွာ မဖော်ဆောင်တဲ့ နိုင်ငံမှာဆိုရင် နိုင်ငံခြားကုမ္ပဏီတွေ နဲ့ ရင်းနှီးမြှုပ်နှံမှုက မလွယ်ပါဘူး။ ကျနော် မြင်ရသ လောက်က တော့ ကျနော်တို့ရဲ့ အကျိုးစီးပွားကတော့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ မူဝါဒဖြစ်ရမှာပါ။”

အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ စစ်တပ်ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ မပြုလုပ်ဖို့ကို လည်း အမေရိကန်အစိုးရအနေနဲ့ ကုမ္ပဏီတွေကို ကန့်သတ်ထားကြောင်းလည်း မစ္စတာ Posner က ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်တပ်ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ ပြောနေသလို၊ တခြား အကန့်အသတ်တွေ လည်း ကျနော်တို့ ချထားပါတယ်။ ဒါ့အပြင် ပြန်ပြီးတော့ အစီရင်ခံဖို့ လိုအပ်ချက်တွေလည်း ကျနော်တို့ ချမှတ်ထားပါတယ်။ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး တော့ လေးစားလိုက်နာဖို့ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အလုပ်သမားရေး နဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီတွေက လေ့လာဖို့ကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ခရိုနီတွေအပေါ်မှာ ကျနော်တို့ ဒဏ်ခတ် ပိတ်ဆို့မှုတွေလည်း ချမှတ်ထားပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျနော်တို့ လျှော့ပေးမှာမဟုတ်ပါဘူး။ ဒီကိစ္စတွေဟာ ကျနော်တို့ အလေးထားတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်”

ဒါ့အပြင် အမေရိကန် မြန်မာ စစ်ရေးဆက်ဆံရေး နဲ့ ပတ်သက်ပြီးတော့လည်း သူက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်ပြောခဲ့သလိုပါ။ အောက်တိုဘာလတုန်းက လူ့အခွင့်အရေး အခြေတင်ဆွေးနွေးမှုမှာ အမေရိကန် အာရှပစိဖိတ်ရေးရာ စစ်ဌာနချုပ်က ဗိုလ်ချုပ် ဝက်ရှင်းစကီး အပါအ၀င် ထိပ်တန်း အမေရိကန် စစ်ဖက်အရာရှိတွေ ပါဝင်ခဲ့ပါတယ်။ သူက စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ်တဲ့ ကိစ္စအကြောင်း၊ တပ်အုပ်ချုပ်မှုအကြောင်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လေ့ကျင့်သင်တန်းတွေ အကြောင်း၊ ပြီးတော့ ဥပဒေ ချိုးဖောက်ရာမှာ တာဝန်ခံမှုအကြောင်း စတာတွေကို သူက ဆွေးနွေးခဲ့ပါတယ်။ ဒါက စစ်တပ်အနေနဲ့ ပြုမူဆောင်ရွက်သင့်တဲ့ အကြောင်းတွေပါ။ ဒီအချက်တွေ နဲ့ ပတ်သက်ပြီး ကျနော်တို့ အရပ်ဖက်ကိုသာမက ၊ စစ်ဖက်က ပုဂ္ဂိုလ်တွေကိုလည်း အလားတူမျိုး အရိပ်လက္ခဏာတွေပြသင့်ပါတယ်”

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ ဆက်ပြီးဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို မြန်မာအစိုးရ နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေ တာက စောလွန်းနေသေးတယ်လို့လည်း ဒီပွဲမှာတက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးရဲ့ လက်ထောက် စေ့စပ်ညှိနှိုင်းရေးမှူး Ah Noh က ပြောပါတယ်။

“အခုအချိန်က အရမ်းစောလွန်းနေသေးတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အပြောင်းအလဲက ရန်ကုန် နဲ့ မန္တလေးမှာပဲရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲတယ် ဆိုတာကလည်း အောက်ခြေအထိ မရောက်သေးဘူး။ အစိုးရကို တရားဝင်လုပ်ပိုင်ခွင့်ပေးတာ နဲ့ အထောက်အပံ့ပေးဖို့ဆိုတာ စစ်တပ်ကနေ အခု ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အခုချက်ခြင်း ရပ်တန်းက ရပ်ရမယ်။ မရပ်သေးသရွေ့ မဖြစ်နိုင်သေးပါဘူး”

ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးရဲ့ လက်ထောက်စေ့စပ်ညှိနှိုင်းရေးမှူး Ah Noh က ပြောသွားတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အထောက်အပံ့တွေ ဆက်ပြီး ပေးသွားမှာဖြစ်သလို၊ မြန်မာနိုင်ငံ နဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy က ပြောပါ တယ်။


Ref: ဗွီအိုအေ

Read More...

Thursday, February 28, 2013

မြေကွက်ပိုင်ဆိုင်မှုပုံစံ(၁၀၅) တစ်ခုမကရှိနေသည့် နောင်ချိုဒေသခံများ

ဗိုဟိန်(မြစ်မခ)
28 Feb, 2013

ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း၌ ဒုဋ္ဌ၀တီမြစ်ဖြတ်ကာ နောင်ချို-တောင်းခမ်း-တောင်ကြီးကား လမ်း ဖောက်လုပ်နေ မှုကြောင့်အိမ်ခြံမြေဈေးများ မြင့်တက်လာသည်နှင့် အမျှမြေယာပိုင်ဆိုင်မှုအငြင်းပွားဖွယ် ကိစ္စများမှာ တရားရင်ဆိုင်ရသည် အထိဖြစ်ပွားမှုများလာကြောင်း နောင်ချိုဒေသခံတို့က ဆိုသည်။

နောင်ချို၊ တောင်းခမ်း၊ အင်တော၊ ကျောက်ဂူ၊ ရပ်စောက်၊ တောင်ကြီးမော်တော်ကားလမ်းစီမံကိန်း ပြီးစီးပါက ဒုဋ္ဌ၀တီမြစ်ကို ဖြတ်၍ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဆက်သွယ် နိုင်မည်ဖြစ်သည့်အတွက်နောင်ချိုမြို့ နယ်အတွင်း၌ ပြီးခဲ့သည့် ၂နှစ်တာကာလအတွင်းကထက်အိမ်ခြံမြေဈေးမှာ ထက်ဝက်ကျော် မြင့်တက်လာ ချိန်တွင် ယခုကဲ့သို့မြေနေရာပိုင်ဆိုင်မှု ပုံစံ(၁၀၅) ထပ်နေသည့် အမှုများပြားလာခြင်းဖြစ်သည်။

အဆိုပါ ပုံစံ(၁၀၅)နှစ်ခု သုံးခု လေးခုအထိ ပိုင်ဆိုင်သူများနေသည့်ပြဿနာအတွက် တာဝန်ခံမြေရှင်း ပေးမည့်သူမှာ မြို့နယ်အတွင်း၌လက်ရှိအချိန်အထိ မရှိဖြစ်နေကြောင်း ဒေသခံတို့က ဆိုသည်။

နောင်ချိုမြို့အတွင်း၌ ပုံစံ(၁၀၅) ထပ်၍ ပိုင်ဆိုင်သူတစ်ဦးထက်မကရှိနေသည့် ရပ်ကွက်များမှာ တောင်ရပ်ကွက်၊ ဈေးရပ်ကွက် ဘူတာရပ်ကွက်နှင့်နမ့်ဆောင် ဟူးကျေးရွာများ ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ကို ဆင်းရဲနွမ်းပါးတယ်ဆိုပြီး မတရားလုပ်တယ်လို့ပဲထင်ပါတယ်။”ဟုတောင်ရပ်ကွက်မှ ပုံစံ(၁၀၅) ကိစ္စ အမှုရင်ဆိုင်နေရသူ ဒေါ်အမာရီက ပြောသည်။

ဒေါ်အမာရီပိုင်ဆိုင်သည့် မြေကွက်မှာယခင်မြို့တော်စည်ပင်သာယာရေးအတွက်ဟုဆိုကာ မြေယာ ချထား ပေးသည့်

မြေကွက်ဖြစ်ကြောင်း ၄င်းတို့စတင်နေထိုင်စဉ်က တောအနေအထားသာရှိသေးကြောင်းကိုလည်း သိရသည်။

၎င်းနှင့် မြေယာအမှုအခင်းဖြစ်ပွားနေသူမှာ ပြင်ဦးလွင်မြို့နေဒေါ်ရိုစီဖြစ်ကြောင်းနှင့် ၄င်းထံတွင် ပုံစံ ၁၀၅ မရှိပဲ

မြေပေးမိန့်သာရှိကြောင်း၊ သူမ၏ ပုံစံ၁၀၅ အား ခေတ္တငှားရမ်းကာ မိတ္တူကူး၍၃ လအကြာမှ မြေစာရင်း၌ ပုံစံ(၁၀၅) ပြုလုပ်၍ ပုဒ်မ ၁၆၄ မြေပေးမိန့်နှင့်၎င်းအား တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု ဒေါ်အမာရီ က ဆိုသည်။

မြို့နယ်အတွင်း၌ မြေပိုင်ဆိုင်ခွင့် ပုံစံ(၁၀၅) ပိုင်ရှင် နှစ်ဦး၊သုံးဦးအထိ ရှိနေကြောင်းကိုလည်း မြိုနယ်အုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

“မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု အားနည်းချက်တွေကြောင့် ပြသာနာတွေအဖြစ်များရတာပါ၊ ပုံစံ(၁၀၅) နှစ်ခု ထပ်နေတဲ့ အမှုတွေ ရှင်းနေရတာလည်းရှိပါတယ် ”ဟု နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြိုနယ်ထွေ/အုပ်ရုံးမှ ယခင်တာဝန်းရှိသူများကွင်းဆင်းစစ်ဆေးမှုအားနည်းချက်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအားစစ်ဆေးလျက်ရှိကြောင်း၊ ပုံစံ(၁၀၅) အမည် ပေါက်မပေါက်၊ မြေစာရင်း၌မြေလွတ်/မြေရိုင်းစာရင်း သက်ရောက်ခြင်း ရှိ/မရှိကိုလည်း စစ်ဆေးနေကြောင်း၎င်းက ဆက်ပြောသည်။

ယခင် န၀တ အစိုးရလက်ထက်က ထုတ်ထားပေးသည့် ပုံစံများရှိနေခြင်း၊ ဋ္ဌာနဆိုင်ရာတာဝန်ရှိသိများမှ သတင်းအမှောင်ချထားခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်သည်ဟု တောင်သူအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်ထံမှသိရသည်။

နောင်ချိုမြို့၌ လွန်ခဲ့သည့်ဆယ်နှစ်ဝန်းကျင်က အနည်းဆုံးကျပ်သောင်းဂဏန်းဝန်းကျင်မှ အများဆုံး ကျပ်တစ်သိန်းခွဲဝန်းကျင် သာဈေးရှိခဲ့သည့် တောင်ရပ်ကွက်မှ ပေ(၈၀×၆၀) မြေကွက်များမှာ လက်ရှိတွင်ကျပ်သိန်းတစ်ရာဝန်းကျင်မှ သိန်းတစ်ရာကျော်အထိ ဈေးပေါက်နေသဖြင့်ပိုင်ဆိုင်မှု အရှုပ်အထွေးဖြစ်လာရ သည်ဟု ပုံစံ(၁၀၅)ထပ်၍အမှုရင်ဆိုင်နေရသူ များထံက သိရသည်။

“ပထမဆုံး ပုံစံ၁၀၅ ထုတ်ပေးထားတာကို၊ နောက်ထပ် ၁၀၅ ကဘယ်လိုပေါ်လာလဲမသိဘူး။သတင်းစာ ထဲမှာလည်း အဲဒါတွေကို ပြန်သိမ်းထားတယ်ဆိုတာ ရှင်းပြီးသား။ နဂိုက ချုံပုတ်တွေ ပဲရှိတဲ့နေရာကို ရှင်းလင်း ပြီး အိမ်ဆောက်ပြီးမှ အခုမြေဈေးတွေ ကောင်းလာမှ ဒါတွေပေါ်လာတာ။ မတရားသဖြင့် အာဏာနဲ့ လုပ်လို့ကျွန်တော်တို့က ပြောရတာပါ”ဟု အမှုရင်ဆိုင်နေရသူ မမြင့်မြင့်သန်း၏ဦးလေးဦးတင်ဦးက ပြောသည်။

နဂိုလူမှ ခြံဝန်းမခတ်၍ ပစ်ထားသည့်မြေအား အေးချမ်းဖြိုးမှပြန်လည်သိမ်းယူပြီးနောက် မြေနေရာပြန်ချထား ပေးရာ၌ ယခုကဲ့သို့ပုံစံထပ်သည့် အမှုဖြစ်ပွားရခြင်းနှင့် တရားလို မမြင့်မြင့်သန်းမှာမြိုနယ်အဆင့်တွင်ရုံး၍ ခရိုင်အဆင့်ရောက်ရှိနေပြီဖြစ်ကြောင်းပြည်နယ်အထိတက်ရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။

၂၀၁၁ခုနှစ် စက်တင်ဘာလအတွင်းက မြေယာများ၌ဆောက်အဦးဆောက်လုပ်ခြင်းမရှိသည့်မြေနှင့် ၀န်းခြံမခတ်ထားသည့် မြေများအားပြန်သိမ်းမည်ဟု ပုံစံ(၁၀၅)နှင့်ပတ်သက်၍ ကြေညာချက်အားနိုင်ငံပိုင် သတင်းစာများမှတဆင့်ကြေညာခဲ့ကြောင်းကိုလည်း သိရသည်။

၎င်းတို့နည်းတူ ပုဒ်မ(၄၇၇)ပိုင်နက်ကျူးလွန်မှုနှင့်အမှု့ရင်ဆိုင်နေရသူတောင်ရပ်ကွက် ကွင်းအမှတ် (၂၃)ဦးပိုင် (၁၆၂)ပိုင် ဦးအောင်မြင့်ဦးမှလည်း၎င်းကြုံတွေ့နေရသည့် အခက် အခဲအား ယခုကဲ့သို့ဆိုသည်။

“ကျွန်တော့်မှာ မြေပေးမိန့်အပါအ၀င်ထောက်အထားတွေခိုင်ခိုင်လုံလုံရှိပါရက်နဲ့ ပုံစံအသစ် ထုတ်ပေးတာ၊ တရားရုံးမှာ လွဲမှားစွာ ဆုံးဖြတ်တာနဲ့ ကျွန်တော့်မှာ ခံနေရတယ်၊ ကျွန်တော် မိန်းမလည်းဒီကိစ္စတွေကြောင့်ပဲ လေဖြတ် သွားတယ်၊ ဒီလို မြေစာရင်းနဲ့ တရားရုံးကမမှန်မကန်ဆုံးဖြတ်ချက်တွေကြောင့် ကျွန်တော်တို့တစ်တွေ ဒုက္ခရောက်နေရ တယ်”ဟုဦး အောင် မြင့်ဦးက ပြောသည်။

၎င်းအနေဖြင့် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ လက်ရှိအချိန်အထိဦးမောင်မြင့်နှင့် တရားရင်ဆိုင်နေ ရဆဲဖြစ်သည်။

အဆိုပါ ပုံစံ(၁၀၅)ထပ်ရခြင်းအကြောင်းအရင်းများနှင့်ပတ်သက်၍နောင်ချိုမြို့နယ်မြေစာရင်းရုံးသို့ ဆက်သွယ် မေးမြန်းရာယခင်လူများပြုလုပ်ခဲ့သည့် ကိစ္စများဖြစ်သည့်အတွက်ဖြေ ကြား နိုင်ခြင်းမရှိဟုသာ ဖြေကြားခဲ့သည်။

နောင်ချိုမြို့နယ် တရားရုံး၌ တန်ဖိုးကျပ်သိန်း(၁၀၀)အောက်ရှိမြေယာအမှုများကိုသာ ကိုင်တွယ်ဆုံးဖြတ်လျှက် ရှိပြီး ကျပ်သိန်း(၁၀၀)အထက်မြေယာတန်းကြေးရှိ အမှုများကိုမူ ခရိုင်ရုံှး၌တရားစွဲဆိုနိုင်ကြောင်းအမှုရင်ဆိုင် နေရ သူများထံက သိရသည်။

“မြို့နယ်ရုံးက ဆုံးဖြတ်တာမှန်သမျှကို ခရိုင်ရုံးက ဒီအတိုင်းပဲပြန်ချနေတော့ ကိစ္စကို လွတ်တော်က ကိုင်တွယ် မှပဲ တရားရေးမဏ္ဍိုင်ကအဆင်ပြေမှာပါ”ဟု တောင်သူအကျိုးဆောင် အသင်းဥက္ကဋ္ဌ ဦးစိုးမြင့် မြို့နယ်၏တရားစီ ရင်ရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

မြို့နယ်အဆင့် တရားရုံးများမှ တရားစီရင်ချက်ချရာ၌ ယခင်စနစ်ဆိုးဖြစ်သည့် ငွေများတရားနိုင်သည့်စနစ်မှ မလွတ်မြောက်နိုင်သေးကြောင်းကိုလည်း ကျောက်မဲမြို့ခံ ဥပဒေ ပညာရှင်တစ်ဦးက ဆိုသည်။

"အောက်ခြေအဆင့် တရားစီရင်ရေးကဏ္ဍတွေမှာတော့ အရင်ကအတိုင်းပဲ မပြောင်းလဲသေးဘူး၊ မြို့လေးတွေဆိုတော့ ပိုဆိုးတာပေါ့ "ဟု ဥပဒေပညာရှင်ဦးဝင်းအောင်က ပြောကြားခြင်းဖြစ်သည်။

နမ်ဆောင်ဟူးကျေးရွာနေ ဒေါ်မိုးယဉ်မှာလည်း ၄င်းပိုင်ဆိုင်သည့်ကံကြီးလမ်းဘေးမှ ပေ(၈၀×၆၀)အကွက် အတွက် ပုံစံ(၁၀၅)နှင့်မြေပေးမိန်၎င်း၌ရှိသော်လည်း (၆)လနှင့် အဆောက်အဦး ဆောက်လုပ်ခြင်းမပြုသဖြင့်အေးချမ်းဖြိုးဥက္ကဋ္ဌမှ သိမ်းယူလိုက်သည့်အပေါ်တွင်ကျေနပ်မှုမရှိကြောင်းကိုလည်း သိရသည်။

အလားတူ နမ့်ဆောင်ဟူးကျေးရွာမှ မခိုင်ခိုင်လွင်ကလည်း ၄င်းပိုင်ဆိုင်သည့်ကွင်းအမှန်(၈၉)မှ (၁.၃)ဧက အကျယ်အ၀န်း ရှိမြေအား ၆၀၆ တပ်ရင်းမှူးမှ၎င်းပိုင်ဆိုင်သည့် မြေကွက် ပုံစံ(၁၀၅)အား အတုဟုဆိုကာ (၃)လအတွင်း ဖယ်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ နောင်ချိုမြိုနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တဆင့် လွှတ်တော်သို့စာတင် ထားကြောင်းကို လည်း သိရသည်။

“အရင်က နယ်မြေအေးချမ်းမှုမရှိလို့ မြေအသိမ်းခံခဲ့ရတယ်၊ အခုနယ်မြေလည်းအေးချမ်းပြီ၊ ပွင့်လင်းတဲ့ ဒီမိုကရေစီခေတ်မှာ မြေကိုဖယ်ပေးရမယ်ဆိုရင်တော့မဖယ်ပေးနိုင်ဘူး၊ ပြန်ရချင်တယ်”ဟု မခိုင်ခိုင်လွင်က ပြောသည်။

အဆိုပါ မြေယာအမှုအခင်းများအတွက် အုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းဋ္ဌာနနှင့်ခရိုင်နှင့်မြို့နယ် တရားရုံးများ၌ တာဝန်ရှိကြောင်း၊ ၄င်းတို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးရမည့် ကိစ္စများဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမှ ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းက ဆိုသည်။

“မြေယာအမှုအခင်းတွေအတွက် ပြည်သူတွေအပေါ် ဒီလိုမတော်မတရားမလုပ်ပါနဲ့လို့သက်ဆိုင်ရာဋ္ဌာနတွေကို လမ်းညွှန်ပေးဖို့လို့ အပ်ပါတယ်၊ နိုင်ငံတော်အနေနဲ့ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့ဆိုရင် သူ့ဝန်ကြီးဋ္ဌာနတွေကို ရှင်းပြ၊ ၀န်ကြီးဋ္ဌာနတွေကလည်း အကျိုးစီးပွားရှိကြတော့ဆက်စပ်နားလည်အောင် သေချာ ရှင်းပြ ဖို့လိုတယ်၊ ဒါမှဖြစ် နေသေးတယ်ဆိုရင်တော့ သက်ဆိုင်ရာဝန်ကြီးတွေကို အပြောင်း အလဲလုပ်လိုက်တာပဲကောင်းတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားခဲ့သည်။

Ref: မြစ်မခ

Read More...

နွေရာသီမွန်စာပေသင်တန်းများ၌ ရိုးရာအကများပါ သင်ကြားပေးရန် ကော်မတီမှစီစဉ်

မိုးမြင့်ကျော်(မြစ်မခ)
28 Feb, 2013

မွန်တိုင်းရင်သားများအနေနှင့် မွန်စာပေနှင့် မွန်စကား တတ်မြောက်မှု အလွန်နည်းပါးလာသည့်အတွက် သာကေတ၊ မြောက်ဒဂုံ၊ ထန်းတပင်အစရှိသောမြို့နယ်ပေါင်း ၃၀ ၀န်းကျင်၌ နွေရာသီ မွန်စာပေသင်တန်း များအား ပြုလုပ်နေပြီး မွန်စာပေ၊ စကား သာမကပဲ မွန်ရိုးရာအကများပါ သင်ကြားပေးမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။


“မွန်စာပေနဲ့ မွန်စကားတတ်တဲ့သူတွေ တော်တော်လေးနည်းလာတယ်။ ကျွန်မတို့ မွန်စာပေတွေ မွန် စကားတွေ မေ့ကုန်မှာကြောက်လို့ နွေရာသီ မွန်စာပေသင်တန်းတွေ ဖွင့်ထား တယ်။ သုံး လေး နှစ် အတွင်းမှာ တော်တော်လေးတော့ အရှိန်ရလာပါတယ်။ မနှစ်ကဆို နယ်မြေသုံးဆယ်လောက် ကျယ်ကျယ်ပြန်ပြန့် လုပ်နိုင်ခဲ့တယ်။ မွန် ရိုးရာအကတွေ ပါသင်ပေးဖို့ အစီအစဉ်ရှိပါတယ်။” ဒု ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။

မြန်မာဖတ်စာမှ မွန်ဖတ်စာသို့ ဘာသာပြန်ရာ၌ သဘာဝခြင်း မတူညီသောကြောင့် အခက်အခဲရှိနေခြင်းဖြစ်ပြီး မွန်စာပေအား အချိန်အတိုင်းအတာတစ်ခုအထိ သင်ကြားခွင့်ရနိုင်မည် မဟုတ်ဟု ၎င်းကပင်ပြောသည်။

“အရင်ကျွန်မတို့ ငယ်ငယ်က ၄ တန်းထိ မွန်ကျောင်းတွေမှာ မွန်စာသင်ရတယ်။ အရင်ကတည်းက မွန်ဖတ်စာ ရှိတယ်။ ဒါပေမယ့် နိုင်ငံတော်ကနေ အဲ့ဒါကို မယူဘူး။ မြန်မာဖတ်စာကို မွန်လိုဘာသာပြန်ရတာဆိုတော့ မွန်ဖတ်စာနဲ့ သဘာဝခြင်းမတူတော့ တိုက်ရိုက်ဘာသာပြန်ဖို့ ခက်တယ်။ သင်ရိုးကို ပြန်ပြုစုဖို့တော့ လုပ်ထား တာပေါ့နော်။ ဘယ်တော့ စသင်နိုင်မယ် ဆိုတာ မသိသေးဘူး။” ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဒု ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။

မွန်စာပေမှာ ကိုလိုနီလက်ထက်ကျောင်းများတွင် ဘာသာတစ်ရပ်အနေနှင့် သင်ကြားခွင့်ရခဲ့ကြောင်း ယခုလို အချိန်၌ မွန်စာပေအား ပြန်လည်သင်ကြားခွင့် ပြုသင့်ကြောင်းကိုလည်း (၆၆) နှစ်မြောက် မွန်အမျိုးသားနေ့တွင် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဌနိုင်ဖေသိန်းက ပြောသွားသည်။.

“မွန်စာသမိုင်းမှာလည်း ကျန်စစ်သားမင်းလက်ထက်ထိ မွန်စာပေကိုသုံးစွဲးခဲ့ပါတယ်။ မွန်စာပေကို ကိုလိုနီ လက်ထက်ကျောင်းတွေမှာ ဘာသာတစ်ရပ်အနေနဲ့ သင်ကြားခဲ့ပါတယ်။ နိုင်ထွန်းသိန်း ဟာဆိုရင် အရင်က မွန်ပညာအုပ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကိုလိုနီလက်ထက်က တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုကို မပျောက် ပျက်အောင် ထိန်းသိမ်းခဲ့ပြီး အခုကောင်းသောအစိုးရ သန့်ရှင်းသောအစိုးရ လက်ထက်မှာဆိုရင် ဒီလို အခွင့်အရေးကိုပေးသင့်ပါတယ်လို့ တိုက်တွန်းအပ်ပါတယ်။” ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေသိန်းက ပြောသည်။.

ယခင် ဦးနေ၀င်းအစိုးရလက်ထက်၌ မွန်အမျိုးသားတစ်ဦးဖြစ်သူ ဓါတုဗေဒ၀န် နိုင်ချစ်ကောင်းမှ ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်၍ မှုလတန်းကျောင်းများတွင် မွန်တိုင်းရင်းသားများ မွန်စာပေ သင်ကြားနိုင်ရန် ပြုလုပ်ပေးခဲ့ပြီး ၁၉၆၇ ခုနှစ်မှစ၍ သင်ကြားခွင့် မရရှိတော့ကြောင်း သိရသည်။

“အခုနောက်ပိုင်းဆိုလို့ရှိရင် အိမ်တွေမှာလိုက်ပြီး သင်ပေးတာတွေရှိတယ်။ ဘုန်းကြီးတွေ ဆရာမတွေက ရပ်ကွက်ထဲက မွန်တိုင်းရင်းသားတွေကို လိုက်စုပြီးတော့ မွန်စာတွေကိုကြိုး စားပြီးသင်ပေးနေပါတယ်။ အရင်က မွန်စာပေကို ကျောင်းတွေမှာတစိတ်တပိုင်း သင်ယူခွင့်ရခဲ့တယ်။ အဲ့ဒီလိုမျိုးပြန်ရချင်ပါတယ်။” ဟု မွန်တိုင်းရင်းသူတစ်ဦးဖြစ်သူ မိနွန်ထောက ပြောသည်။

Ref: မြစ်မခ

Read More...

ဈေးကွက်အတွင်း Nissan ပစ္စည်းရှား၍ ၀ယ်ယူလိုသူများ အခက်တွေ့

မြတ်မိုးကျော်(မြစ်မခ)
28 Feb, 2013

ရန်ကုန်ကားအရောင်းပြခန်းဈေးကွက်၌ Toyota ၊ Suzuki နှင့် Honda ကားအမျိုး အစားများမှာ အမျိုးအစား စုံလင် စွာတွေ့ ရသော်လည်း Nissan ကားအတွက်မှု စုံလင်စွာ မရှိသည့်အတွက် ကားဝယ်သူများအခက်တွေ့နေကြောင်း သိရသည်။

``အရင်တုန်းကတော့ ကားစီးမယ်ဆိုရင် Caldina တို့ Prado တို့လို၊ Toyota တို့ Suzuki တို့လောက်ပဲ သိကြတယ်၊ တခြားကားအမျိုးအစားဝယ်ချင်တဲ့သူတွေ ကလည်း အဲဒီကားအမျိုးအစားအကြောင်းကို နားမလည်တော့ ကိုယ်နားလည်တဲ့ ကားတွေမှာပဲလည်နေကြတယ်´´ ဟု နှစ် ၂၀ ကျော် ကား အကျိုးဆောင် ကိုဇော် က ပြောသည်။


ယခုနောက်ပိုင်း လူကြိုက်များသည့် Toyota၊ Suzuki နှင့် Honda ကား ကုမ္မဏီများမှ ကားအမျိုးအစားမျိုးစုံ တင်သွင်းလာကြသည်။ ယခုနောက်ပိုင်း ၄င်း ကားများအား ၂၀၁၀ မော်ဒယ်အထိ တန်ဖိုးကြီးကားများ တင်သွင်းလာကြသည်။

၂၀၁၀ ခုနှစ်အကုန်တွင် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင် ရာမှ ဖြေလျှော့မှုများများစွာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကားဈေးကွက် အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကားအမျိုးအစုံ တင်သွင်းလာခဲ့ကြသည်။

``၂၀၁၀ တို့လို Latest Model တွေကျတော့ ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ ၀ယ်ကြတယ်၊ ဒါပေမဲ့ Toyata ၊ Suzuki တို့လို ကားတွေပဲ များတယ်၊ တခြား ကားတွေ သိပ်မများကြဘူး၊ အခုနောက်ပိုင်း ကားလာဝယ်ပြီဆိုရင် အရင် ကလို အူတူတူတွေ မဟုတ်ကြတော့ဘူး၊ တစ်ခါတစ်လေ ၀ယ်သူတွေကတောင် ကားအကြောင်း ပိုသိလို့ ကိုယ်က ဘာမှမပြောဘဲ ငြိမ်နေရတာတွေတောင် ရှိတယ်´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Roomမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။

သို့သော် Nissan ကားများသည် Car Show Room များတွင် ရောင်းချမှု အားနည်းနေပြီး ကားအမျိုးအစား မစုံလင်မှုကြောင့် အဆိုပါကားအမျိုးအစား ၀ယ်ယူလိုသည့် ၀ယ်လက် များအတွက် အခက်အခဲရှိနေခြင်းဖြစ်သည်။

``ကျွန်တော် အခုထိ Nissan Safari (2007 Model) လိုချင်လို့ လိုက်ရှာနေတာ မတွေ့သေးဘူး၊ တွေ့တော့လည်း ကားက Second Hand ပဲရှိတယ်၊ ကားသွင်းတဲ့ ကုမ္မဏီကို သွားမေးတော့လည်း သူတို့က ဒီကားတွေဘက်ကို မချိတ်ထားဘူးတဲ့၊ Car Show Room ဆိုတာ ကားအမျိုးအစား စုံအောင် လုပ်ထားသင့်တယ်´´ ဟု Nissan ကားအမျိုးအစား ၀ယ်ယူလိုသူ ကိုအာကာမှ ပြောသည်။

အထူးသဖြင့် Nissan ကားအမျိုးအစားများတွင် Safari(4700 CC) ၊ Teranno Regulus(3200 CC)၊ Cedric(2500 CC) ကဲ့သို့သော မော်ဒယ်မြင့်ကားများ Car Show Room များတွင် မရှိသလောက် နည်းပါးကြောင်း ကားဝယ်ယူ လိုသူများနှင့် Car Show Room များမှ သိရသည်။

``ကျွန်တော်တို့ Car Show Room တွေက Customer တွေကို ဦးစားပေး တယ်ဆိုပေမဲ့ အနည်းနဲ့ အများဆိုရင်တော့ အများကိုဦးစားပေးမှာပဲ၊ လူနည်းစုက ၀ယ်ချင်တဲ့ Nissan ကားတွေထက် လူကြိုက်များ လူဝယ်များတဲ့ကားတွေပဲ သွင်း တာ သဘာဝပဲလေ´´ ဟု သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ ပြောသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့ထိ စည်းကြပ်ဆောင်ရွက်ပေးခဲ့သော စာရင်းများ အရ ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များမှာ လူစီးယာဉ် (၁၀၅၇၉၈) စီး၊ ဘတ်စ်ကား (၁၄၃၇) စီး၊ ကုန်တင်ယာဉ် (၆၁၅၁) စီး စုစုပေါင်း (၁၁၃၃၈၆) စီး ရှိသည်။

Ref: မြစ်မခ

Read More...

ခရီးသွားဝန်ဆောင်မှုကဏ္ဍအတွက် နံပါတ်အပြာသုံးရမည်ဖြစ်သော်လည်း နံပါတ်နက် အသုံးပြုမှုများနေ

ရွှေစင်စုလတ်(မြစ်မခ)
28 Feb, 2013

ပြည်တွင်းနိုင်ငံခြားသားခရီးသွားလာရေးဝန်ဆောင်မှု ကဏ္ဍအတွက် မြန်မာ့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနတွင် လိုင်စင်လျှောက်ပြီး နံပါတ်အပြာ များကိုသာ အသုံးပြုခွင့်ပြု ပေးထားသော်လည်း၊ တရားဝင် အသိမှတ်ပြု ထားခြင်းမရှိသည့် နံပါတ်အနက်နှင့် အနီရောင်များကိုပါ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

မြန်မာ့ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနက နိုင်ငံခြားသား ခရီးသွားလာရေး ၀န်ဆောင်မှု ကဏ္ဍတွင် အသုံးပြုရမည့် ကားများကို လိုင်စင်လျှောက်ထားပြီး နံပါတ် အပြာများနှင့် တရားဝင်သတ်မှတ်ပေးထားကြောင်း ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အဆိုပါတရားဝင်သတ်မှတ်ထားသော ကားများကိုသာ သုံးစွဲသင့်ကြောင်း၊ သုံးစွဲကြ ရန်လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်ဟိုတယ်ဇုန်များ အလိုက် ပညာပေးထားပြီး ဖြစ်ကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာန၊ မြန်မာ့ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ပြောဆိုချက် အရ သိရှိရသည်။


`သတ်မှတ်ထားတဲ့ ကားနံပါတ်ပြား အပြာတွေကတော့ တရားဝင်တာပေါ့၊ ခုတော့ နံပါတ် နက်တွေကိုလည်း ရောသုံးနေတာပဲ၊ ၀န်ကြီးဋ္ဌာနကလည်း ဘာမှ အရေးယူတာတွေ မလုပ်တော့ ဒီလိုပဲ သုံးနေကြတာပဲ။ ဧည့်သည်အ၀င်များပြီး ကားရှားနေလို့လည်း ခုလို သုံးနေကြတာပါ`ဟု Myanmar Tourism ServiceCompany မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်အတွင်းသို့ နိုင်ငံခြားသား ၀င်ရောက်မှုများနေသောကြောင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေဖြင့် တရားဝင် သတ်မှတ်ထားသော ကားရှားပါးခြင်းများနှင့် ကြုံတွေ့နေ ရသောကြောင့် နံပါတ်အနက်နှင့် တခါတရံ နံပါတ်အနီများကိုပါ ငှားရမ်းလုပ်ကိုင်လာကြောင်း ကားငှားလုပ်ငန်းလုပ်ကိုင်သူများ၊ ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

“အခုနောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြားသား ၀င်လာတာကလဲ တစ်နေ့တစ်နေ့များ လာတယ်။ ကားအငှား ကုမ္ပဏီတွေလည်း ပိုများ လာတယ်ဗျ၊ ငွေကြေး တတ်နိုင် သှုတွေက ဒီ Tour ကားငှားတာတွေကို စီးပွားရေုးတစ်ခုလို လုပ်လာကြတာ” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ Tour ကားငှားခြင်းလုပ်ငန်းတွင် နှစ်ချုပ်၊ လချုပ်အပြင် တနေ့ချင်း အငှားလိုက်ခြင်းများလည်းရှိပြီး ကားငှားခနှုန်းထား များကို ကားအမျီုးအစားအပေါ် မှုတည်၍သော် လည်း ကောင်း၊ ခရီးအကွာအဝေးလမ်းကြောင်းအပေါ်တည်၍လည်းကောင်း ကားငှားခ နှုန်းထားများအပြောင်းအလဲရှိကြောင်း ကားငှားရမ်းသူများထံက သိရှိရသည်။

အငှားလိုက်နေသော ကားအမျိုးအစားများမှာ ရွှေငါး၊ Mark II၊ Alphard၊ SuperCustom၊ Hi-Ace၊ Crown၊ မာစီဒီး စသည့်ကား အမျိုးအစားများဖြစ်သည်။

“နိုင်ငံခြားသား လူအရေအတွက်နဲ့ ပိုက်ဆံသုံးနိုင်အပေါ် မူတည်ပြီး Tourကုမ္ပဏီတွေက ငှားတာပါ။ တချို့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေဆို မာစီဒီး အထိတောင် တောင်းဆိုတာမျိုးတွေရှိတယ်”ဟု နိုင်ငံခြားခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ကားငှားရမ်းသူများအနေဖြင့် နိုင်ငံခြားသား ခရီးသွားကဏ္ဍ၀န်ဆောင်မှု ပေးရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဋ္ဌာနတွင် လိုင်စင်လျှောက်ထားရမည်ကို တွန့်ဆုတ်နေရခြင်းမှာ ခရီးသွားရာသီမှာ ၆ လခန့်သာရှိခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

`ခရီးသွားရာသီက ၆လ ဆိုတော့ နောက်၆လမှာလုပ်ငန်းက နားထားရတယ် ၆ လပဲ အလုပ်လုပ်ရမှာဆိုတော့ လိုင်စင် လုပ်ထားရင် တိုးအတွက်ပဲ သီးသန့် လုပ်ထားရသလို ဖြစ်နေ တယ်၊ အဲဒါကြောင့် မလျှောက်ချင်တာပါ`ဟု ကားငှားရမ်းသူ တစ်ဦးက ပြောသည်။

ကားနံအပြာ အသုံးပြုခြင်းကြောင့် ပေးဆောင်ရမည့် အခွန်များအား လုပ်ကိုင်ရမည့် ကာလနှင့် နှိုင်းစာရှောင်တိမ်းလိုခြင်းကြောင့် ယခုကဲ့သို့ နံပါတ်အနက်များကို အလျင်း သင့်သလို အသုံးပြုမှုများနေခြင်းဖြစ်ကြောင်းကိုလည်း ခရီးသွားဝန်ဆောင်မှု ကားအငှားဈေး ကွက်အတွင်းမှ သိရသည်။

Ref: မြစ်မခ

Read More...

မြန်မာနိုင်ငံမှတင်သွင်းသည့် ထုပ်ပိုးစားသောက်ကုန်အချို့ အိန္ဒိယပိတ်ပင်

ကိုဒေ(မြစ်မခ)
28 Feb, 2013

မြန်မာနိုင်ငံမှအိန္ဒိယနိုင်ငံသို့ တင်သွင်းသော ထုပ်ပိုးစားသောက်ကုန်ပစ္စည်းများအနက်မှ အမှတ်တံဆိပ်မပါသော ကုန်ပစ္စည်း များ၊ တင်သွင်းခွင့်လိုင်စင်မရှိသော ကုန်ပစ္စည်းများ၊ ထုတ်လုပ်သူအမှတ်တံဆိပ်၊ ထုတ်လုပ်သည့် အမှတ်စဉ်နှင့် ရက်လွန် ရက်စွဲမပါဝင်သော ကုန်ပစ္စည်းများအား အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်လိုက်သည်။

ဤအမိန့်ကြေငြာစာကို ရမ်မူဘက်၊အိန္ဒိယ ကျန်းမာရေးနှင့် မိသားစုလူမှုဖူလုံရေး အတွင်းရေးမှူး၊ စားသောက်ကုန်များအန္တရာယ်ကင်းရှင်းရေးဥက္ကဌမှ ဖေဖော်ဝါရီ (၂၇)ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


တင်သွင်းခွင့်အပိတ်ပင်ခံရသော ကုန်ပစ္စည်းများမှာ Mikko Nutritious Cereal ( High Calcium )-25kg,Mikko ( 3 in 1 instant coffee mix ),ကြော်လှော်ထားသော ထုပ်ပိုးအစား အသောက်များ၊နို့ နှင့်နို့ထွက်စားသောက်ကုန်များ နှင့် ကြာရှည်ခံအောင်ပြုလုပ်ထားသော အသီးနှင့် ငါးများ ပါဝင်ကြောင်း အိန္ဒိယအွန်လိုင်း မီဒီယာ E- PAO.netမှ သတင်းထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ ထုပ်ပိုးစားသောက်ကုန်များကို ပိတ်ပင်ရခြင်းမှာ အိန္ဒိယ စားသောက်ကုန်အန္တရာယ်ကင်းရှင်းရေးဥပဒေ ၂၀၀၆ခုနှစ်မှ အမှတ် ၂၅ နှင့် ၂၆ ကို ၎င်း၊ အိန္ဒိယ စားသောက်ကုန် အန္တရာယ်ကင်းရှင်းရေးဥပဒေ ၂၀၁၁ခုနှစ်မှ အမှတ် ၂၂ ကို ၎င်းဖောက်ဖျက်ကျူးလွန်သောကြောင့်ဖြစ်သည်ဟု အမိန့်ကြေငြာစာတွင် ဖော်ပြထားသည်။

အိန္ဒိယ စားသောက်ကုန်အန္တရာယ်ကင်းရှင်းရေး ဥပဒေ၂၀၀၆ခုနှစ် အမှတ်စဉ် ၂၆တွင် ထုတ်လုပ်သူသည် မိမိ စားသောက်ကုန်၏ အန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်မှုကို တာဝန်ယူရမည်ဟု ဖော်ပြပါရှိသည်။


Ref: မြစ်မခ

Read More...

လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးသာ သဘောကျသည်ဟုဆိုသည့် ရေလောင်းရွာသားများ

မောင်ယဉ်ကျော်(မြစ်မခ)
28 Feb, 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေလောင်းအုပ်စု ရွာသစ်ကလေးကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်တင်ြှေမှာက်မည်ဆိုပါက ကျေးရွာခံများက ကန့်ကွက် သွားမည်ဟု ဒေသခံများထံက သိရသည်။

“အုပ်ချုပ်ရေးမှူး ရွေးပွဲစလုပ်ကတည်းက (၇)ကြိမ်ရှိပြီ အလုပ်အကိုင်ပျက်ရတယ်။ အတိအလင်း မြို့နယ်က ဆင်းတာတော့ နှစ်ခါရှိပြီ။ အခုဟာက(၂၀၁၁)နှစ်ကတိုင်ထားတဲ့ တိုင်စာ ကြောင့်ဆိုပြီး အုပ်ချုပ်ရေးမှူး ပြန်ရွေးမယ်လို့ ဆိုတယ်။ တင်တုန်းကလည်း ခရိုင်က မစစ်ဆေးဘူး၊ အောက်ခြေကနေတင်တယ် ပြီးရင် မြို့နယ်ကနေ ရွေးထားတာ ဖြုတ်ရင် အရင်လုပ် တဲ့ဥက္ကဌကတည်းက ဖြုတ်လေ ဘာလို့ တင်မြောက်ပြီးမှ ဘာလို့ ဖြုတ်ချတာလဲ။ ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ အခုဟာက အထက်ကလည်း မပြတ်သားလို့ အောက်ကရွာတွေပဲ ပဋိပက္ခဖြစ်တော့မယ်။” ဟု ရေလောင်ကျေးရွာမှ ဆယ်အိမ်မှူးဖြစ်သူ ဦးရဲဝင်းကပြောသည်။


ရေလောင်းရွာမှ လက်ရှိအုပ်ချုပ်ရေးမှူး ဦးခင်မောင်ငြိမ်းအား ၂၀၁၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရွေးကောက်ပွဲ ဥပဒေနှင့်အညီရွေးချယ် တင်မြှောက်ခဲ့ကြောင်း ကျေးရွာမှလည်း သဘေတူစွာနဲ့လက်ခံခဲ့ကြောင်း သိရှိရသည်။

၂၀၁၁ခုနှစ်က တိုင်စာကိစ္စမှာလည်း အဆိုပါအုပ်ချုပ်ရေးမှူးအား မြို့နယ်မှခေါ်ယူတွေ့ပြီး ဖြေရှင်းပေးခဲ့ကြောင်း ရေလောင်ရွာခံတစ်ဦးက ဆိုသည်။

အဆိုပါတိုင်စာမှာ တောင်သူတွေများမှ လျော်ကြေးမရသည့် မြေကွက်များကို ကျေးရွာဥက္ကဌမှ အထက်ကို အကြောင်း မကြားမှုနှင့် ပတ်သက်သည့် တိုင်စာဖြစ်ကြောင်း ရေလောင် ကျေးရွာသားများ အနေဖြင့် လက်ရှိ ဥက္ကဌကိုသာ ခန့်ထားစေချင်ကြောင်း ဆက်လက်ပြောပြသည်။

“ ဘိုင်လေး(ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး)က ၂၀၁၁ ခုနှစ်တိုင်စာကြောင့် ပြန်ရွေးရတယ်လို့ ပြောတယ်။ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးကပြောတယ်။ ပြန်လည်လုပ်တာ ရွေးတာ သုံးကြိမ်ရှိပြီ။ ၁၉ ရက် ၁၂လ ၂၀ ၁၂တုန်း က တစ်ခါ ပြန်ရွေး တယ် ၂၀ မှာအတည်ပြုတယ် ၂၂ရက်မှာ အတည်ပြုတာ အခုမြို့နယ်ကနေ တိုင်စာရှိ လို့ ပြန်လည်ရပ်နားတယ်လို့ ဘိုင်လေးကပြောတယ်။” ဟု ဆယ်အိမ်မှူး ဦးစိုးလွင် က ပြောသည်။

ရေလောင်ကျေးရွာသို့ မြို့နယ်အကြီးအကဲတစ်ချို့လာရောက်ခဲ့သော်လည်း ရွာခံများကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့သောကြောင့်အုပ်ချုပ်ရေးမှုး ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြော ဆိုခြင်း မရှိပဲ ပြန်လည်ထွက်ခွာ သွားကြောင်း ငြိမ်သက်သောအချိန်မှသာ လာရောက် ရွေးကောက် သွားမည်ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦး၏ ပြောဆိုမှုအရ သိရသည်။

ရေလောင်းအုပ်ချုပ်ရေးမှူး ပြဿနာနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူးမှာ ၎င်းအနေဖြင့်ရေလောင်းအုပ်ချုပ်ရေးမှူးရွေးပွဲနှင့်ပတ်သက်၍ မသိရှိကြောင်း ဖြေကြားခဲ့သည်။

Ref: မြစ်မခ

Read More...

CPU နိုင်ငံတကာသုံးငွေကြေးကတ်များ စတင်အသုံးပြုနိုင်

ဥာဏ်ဥာဏ် (မြစ်မခ)
28 Feb, 2013

နိုင်ငံတကာသုံး ငွေကြေးကတ် CPU ကတ်များအား MPU Network ချိတ်ဆက်ထားသော ATM စက်များနှင့် ငွေပေးချေနိုင်သည့် နေရာများတွင် ယခုလနောက်ဆုံးအပတ်မှ စ၍ သုံးစွဲနိုင်ပြီဖြစ်သည်။

Payment Union Card ကိုင်ဆောင်ပြီး ပြည်ပမှ မြန်မာနိုင်ငံသို့လာရောက်သူများအနေဖြင့် ငွေကြေး သယ်ယူစရာ မလိုဘဲ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် မြန်မာကျပ် ငွေထုတ်ယူ သုံးစွဲနိုင်မည်ဖြစ်သလို ဟိုတယ်နှင့် အခြားဝန်ဆောင်ခများအတွက်လည်း CPU ကတ်ဖြင့် ငွေပေးချေ နိုင်ပြီဖြစ်သည်။


“အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အလည်အပတ် ဖြစ်ဖြစ် လာရောက်သူတွေက MPU ရဲ့ POS စက်တွေမှာ ငွေပေးချေနိုင်ပြီ ဖြစ်ပါတယ်” ဟု MPU အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။

Myanmar Payment Unioin ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင် ဘဏ်(၃)ဘဏ်အပါအ၀င် ပုဂ္ဂလိက ဘဏ် (၁၄)ဘဏ် စုစုပေါင်း အဖွဲ့ဝင်ဘဏ် (၁၇)ဘဏ်နှင့် စတင် ဖွဲ့စည်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ က အဖွဲ့ဝင် ဘဏ်များမှ MPU Debit Card များအား ပြည်တွင်း ၌ သုံးစွဲ နိုင်ရန် ထုတ်ဝေခဲ့ကြောင်း သိရသည်။

“၂၀၁၃ ခုနှစ် မှာလည်း မြန်မာနိုင်ငံ အနေနဲ့ Sea Game ကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမှာ ဖြစ်တယ် CUP နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံတကာကတ်တွေ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်” ဟု MPU အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။

လက်ရှိ ပည်တွင်း MPU Network အတွင်း အဖွဲ့ဝင် ဘဏ်များ ATM စက် စုစုပေါင်း ၁၉၈ လုံးနှင့် POS စက် ၄၆၅ လုံးရှိနေပြီ ဖြစ်သည်။

အဆိုပါ China Union Pay သည် ၂၀၀၂ ခုနှစ်မှာ တရုတ်ပြည်မှာ စတင် တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ CUP ကတ်များ လက်ခံသုံးစွဲလျက် ရှိသည်။

မြန်မာနိုင်ငံသားများ ပြည်ပကိုသွားပါက ပြည်တွင်းဘဏ်ထုတ် Union Pay Card (Debit Card) များကို ကိုင်ဆောင်ပြီး နိုင်ငံတကာ၌ သုံးစွဲနိုင်အောင်ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။


Ref: မြစ်မခ

Read More...

အပေါ်သို့