Friday, January 25, 2008

ချစ်သူများနေ့ကဗျာကြောင့် ကဗျာဆရာထောင်နန်းစံ

ချစ်သူများနေ့ကဗျာကြောင့် ကဗျာဆရာထောင်နန်းစံ
၂၄ ဇန်န၀ါရီ ၂၀၀၈

ဇန်န၀ါရီလ (၂၀) ရက်ထုတ် အချစ်ဂျာနယ်တွင် ကဗျာဆရာစောဝေ၏ "ဖေဖော်ဝါရီ ၁၄ ရက်" အမည်ရှိ ချစ်သူ များနေ့အတွက် အထိမ်းအမှတ်ပြုကဗျာတပုဒ်ပါရှိခဲ့ရာ အာဏာပိုင်များက ၎င်းကဗျာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား လျှို့ဝှက်ရည်ညွှန်းထားသည်ဟုဆိုကာ ဆရာစောဝေကို ဖမ်းဆီးလိုက်သည်။

ယင်းကဗျာမှာ အမြင်အရ အချစ်အကြောင်းရေးစပ်ထားခြင်းဖြစ်သော်လည်း ကဗျာစာကြောင်း (၈) ကြောင်း၏ ပထမစာလုံး (၈) လုံးကို တဆက်တည်းဖတ်လိုက်ပါက "အာနာရူးကြီး မှူးကြီးသန်းရွှေ" ဟူသော စာသား ဖော်ပြ နေသည်ဟု အာဏာပိုင်တို့က စွပ်စွဲနေသည်။ ယင်းစကားဝှက်သတင်းကြောင့် ဂျာနယ်စောင်ရေ တသောင်း ကျော် တခဏအတွင်းရောင်းကုန်သွားပြီး ကျန်ရှိသည့်ဂျာနယ်များကို အာဏာပိုင်တို့က အရောင်းသမားများထံမှ လိုက်လံသိမ်းဆည်းခဲ့သည်။

အချစ်ဂျာနယ်ထုတ်ဝေသူမှာ ၁၉၉၈ ခုတွင် ဂျပန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံနေရာမှ နအဖထံလက်နက်ချခဲ့သူ ကဗျာ ဆရာ၊ ကျောင်းဆရာဟောင်း မောင်ပန်းမွှေးဖြစ်ပြီး အယ်ဒီတာချုပ်မှာ နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း၏ အလိုတော်ရိအဖြစ်ကျော်ကြားသူ မြတ်ခိုင်ဖြစ်ကာ နှစ်ဦးစလုံးစာပေစိစစ်ရေးရုံးမှ ဆင့်ခေါ်ဖြေရှင်း ချက်တောင်းခံရသည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ချစ်သူများနေ့အကြောင်းကို စာနယ်ဇင်းများတွင် ဖော်ပြခွင့်လည်း ပေးလေ့မရှိပါ။

ယခုလစောစောပိုင်းကလည်း သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလီဦးစီးသည့် စစ်အစိုးရလိုလားသော မြန်မာ တိုင်းမ်းဂျာနယ်မှ နွယ်နွယ်အေးနှင့် သတင်းထောက်ချုပ် ၀င်းကျော်ဦးမှာ ဂြိုလ်တုစလောင်းလိုင်စင်ကြေး ၁၆၆ ဆ တိုးမြှင့်မှုသတင်းဖော်ပြမိသဖြင့် အလုပ်မှထုတ်ခံရသည်။

ကဗျာဆရာစောဝေသည် ကွယ်လွန်သွားသည့် အိပ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်ဝေဒနာသည်မိဘများမှ ကျန်ရစ်ခဲ့ သည့်မိဘမဲ့ကလေးများနှင့် အခြားမိဘမဲ့ကလေးများအားစောင့်ရှောက်ပေးသည့် 'အဖြူရောင်သက်တန့်' အဖွဲ့ တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူလည်းဖြစ်သည်။


0 comments:

အပေါ်သို့