Thursday, January 24, 2008

ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်

ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်

ဒီဝဋ်က မကျွတ်ခဲ့ရခြင်းရဲ့  တရားခံဟာ
အဟိံသ လမ်းစဉ်လို့မစွပ်စွဲပါနဲ့ ။
အဲဒီ့ ကောင်းကင်မှာ
အမြင့်ဆုံး ပျံသန်းခဲ့ကြတဲ့
ရွှေဝါရောင် ဝိညာဉ်တွေက
ကမ္ဘာတုန်အောင် ငိုလိမ့်မယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ
အောင်မြင်ခြင်းတွေ ပွင့်မပေးနိုင်တဲ့ ဥယျာဉ်အိုလို့မစွပ်စွဲပါနဲ့ ။
ကမ္ဘာအရပ်ရပ်က
ပေးဆပ်ခဲ့တဲ့
သူရဲကောင်းတို့ရဲ့သွေးတွေက
ထပွက် လိမ့်မယ်။

တရားခံအစစ်ဟာ ငါတို့ပဲဖြစ်တယ်။
တော်လှန်ရေး ကစားကွက်မှာ
ကိုယ့်အသက်ကို ကိုယ်စတေးပြီး ကစားခဲ့တဲ့
သူရဲကောင်းတွေကို ဖယ်ထုတ်ကြည့်လိုက်။
ငါတို့ အများစုဟာ
ပါးစပ်ကတော့ တော်လှန်ရေး တာဝန်ကျေပါတယ်။
လက်တွေ့ကတော့ ပြည်ဖျက်ယန္တရားကြီးမှာ ခွေးသွားစိပ်အဖြစ် တာဝန်ကျေကြတယ်။
အမိန့်တွေကို နာခံရင်းက အာဏာဖီဆန်ရေးလမ်းစဉ်ကို အာနိသင်မရှိဘူးလို့ တံဆိပ်ကပ်ကြတယ်။

တစ်ဘက်သတ်ကြိုးဝိုင်းအတွင်း
သူရဲကောင်းတွေ လဲကွဲနေချိန်မှာ
ငါတို့ အများစုက
ရုပ်သေးရုပ်အဖြစ် ရန်သူကြိုးဆွဲရာ ကနေရင်းနဲ့ 
ကယ်တင်ရှင်ကို စောင့်နေတဲ့သူတွေများတယ်။
ပွဲကြည့်ရင်း မျက်ရည်ကျရုံနဲ့တော့
ဇာတ်လမ်းကလည်းပြောင်းမှာ မဟုတ်ဘူး။

လေလွတ်ရာ မိုးလွတ်ရာမှာ ဖျာအလုအယက်ခင်းနေသူတို့ ၊
တရားခံအစစ်ဟာ သင်တို့လည်းဖြစ်တယ်။
သင်တို့ခင်းထားတဲ့ ဖျာတွေအောက်မှာ
သွေးစွန်းနေတဲ့ သင်္ဃန်းစတွေရှိတယ်။
သင်တို့ နင်းထားတဲ့လမ်းမှာ မျက်ရည်တွေက မခြောက်သေးဘူး။
ရန်သူကို ကြိုးမပေးနိုင်သေးခင်
ကိုယ့်လိပ်ပြာကို အရင် ကိုယ်ကြိုးစင်တင်ကျ။

ငါတို့ အတ္တတွေ တစ်ယောက်တစ်ခွက်စီ ဝိုင်းလောင်းထားကြလို့ 
ဒီအဆိပ်ပင်ကြီး ဒီလောက်ကြီးလာတာ။
ခေတ်ကိုလက်ညှိုးထိုးပြီးတော့ တီးလုံးအပျက်နဲ့ မကကြစမ်းပါနဲ့ ။
ကိုယ့်ကိုယ်ကို ခေတ်ရဲ့သားကောင်လို့ယူဆထားရင်တော့
ခေတ်ရဲ့မုဆိုးတွေက ပစ်မှာပဲ။
မုဆိုးဆိုတာက ဦးပုသ်မစောင့်ဘူးလေ။

သွေးတွေနဲ့ ထင်းနေအောင်ရေးထားတဲ့
ရန်ငါ ပြတ်ဖို့ဆိုတဲ့ စကားလုံးနီနီရဲရဲဟာလည်း
စိမ်းစိမ်းမြင်တိုင်း လိုက်သတ်ဖို့ပြောတာမဟုတ်ဘူး။
လိပ်ပြာတွေ သန့်စင်နေဖို့ပြောတာ။
ရန်သူနဲ့ငါတို့လိပ်ပြာချင်း ကွဲနေရမယ်။
ညစ်ညမ်းနေတဲ့ ရန်သူ့လိပ်ပြာကို မိတ္တူကူးနေရင်တော့
ကိုယ့်တပ်ကိုယ်ပြန်နင်းနေရလိမ့်မယ်။
တန်ဖိုးရှိတဲ့ စကားလုံးတွေကို အနက်ရှိုင်းဆုံးအထိတွေးကြ။

ရန်သူ့လိပ်ပြာက
ဘက်သားဟန်ဆောင်ထားတဲ့ တချို့ခန္ဓာတွေမှာ ဝင်ပူးတော့
ရန်ငါ ဘယ်လို ဖြတ်ရမလဲ။
စေတနာ ပင့်သက်တွေကလည်း
ဝါးလုံးသိမ်းရိုက်ချက်တွေအဖြစ် မဆိုင်သူတွေကိုထိဦးမယ်။
မျက်နှာဖုံးစွပ်ဆိုတာကလည်း
မိုးထဲရေထဲမှာမှ ကျွတ်တတ်တာ။

သူငယ်ချင်းတို့ 
ထောက်တိုင်တွေကို ဖြိုမယ်ဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့။
ငါတို့ စိတ်ဓာတ်တွေရဲ့အနာအဆာမှန်သမျှဟာလည်း
ထောက်တိုင်တွေပဲဖြစ်တယ်။
အဲဒါတွေကို အရင်ဖြိုကြ။

ကြီးနိုင်ငယ်ညှင်း လုပ်ချင်တဲ့စိတ်ဟာလည်း
အာဏာရှင်ဝါဒရဲ့ကျူငုတ်ပါပဲ
မရသေးတဲ့လွတ်လပ်ရေးလေး
ရတဲ့အခါ အသက်ရှည်အောင်
ကိုယ့်ကျူငုတ်ကို အခုကတည်းက ကိုယ်တိုင်ခုတ်ထားကြ။

အာဏာရှင်ဝါဒဆိုတဲ့
ဒီအမြစ်နဲ့ ဒီအပင်ရှိနေသရွေ့
အကိုင်းအခက်တွေကတော့ တစ်ခက်ခုတ်လည်း နောက်တစ်ခက်ထပ်ထွက်မှာပဲ။
တရွက်ကြွေရင် နောက်တစ်ရွက်ထပ်ဝေမှာပဲ။
အမြစ်ကိုတိုက်ရိုက်ဖြိုဖို့သာ ငါတို့ပိုပြီးအာရုံစိုက်ရမယ်။
ငါတို့လိုချင်တာဟာ ဟမ္မူရာဘီပြောတဲ့ မျက်လုံးတစ်လုံးမဟုတ်ဘူး။
လူလိုရှင်သန်ခွင့်သာဖြစ်တယ်။

ဒီပုံ၊ ဒီစိတ်ဓာတ် ဒီအကြောက်တရားတွေနဲ့ 
ငါတို့ ဘာသာ လက်ခံထားတဲ့ ငရဲကို
နှလုံးသားတွေ အပြင်းထန်ဆုံးဖောက်ခွဲပြီး ထွက်ကြ။

ငါတို့ အားလုံးညီရင်
ဘဝတွေထဲက သေးသေးလေးကိုယ်စီဖဲ့ပေးပြီး မီးမွှေးကြရုံနဲ့ 
မျှော်လင့်ခြင်းမီးတောက်က ဝုန်းခနဲ ထတောက်မှာပါ။

ညာတောင်ပံက အနု၊ ဗယ်တောင်ပံက အကြမ်းနဲ
ခွပ်ဒေါင်း ခြေသံတွေ လာပြီ။

ကောင်းကင်ကို

မှတ်ချက်။ “ လေလွတ်ရာ မိုးလွတ်ရာမှာ ဖျာအလုအယက်ခင်းနေသူတို့” ဆိုတာ မိုးဒဏ်လေဒဏ်ကြောင့် မိုးလာ ခိုသူတွေ ၊ စေတနာနဲ့လုပ်နေသူတွေကိုပြောခြင်းမဟုတ်ပါဘူး။ ဒီမိုကရေစီအရေးအကြောင်းပြပြီး ကိုယ်ကျိုးရှာ နေသူတစ်ချို့ကိုသာ တိုက်ခိုက်လိုခြင်းဖြစ်ပါတယ်။

“ညာတောင်ပံက အနု၊ ဘယ်တောင်ပံက အကြမ်း” ဆိုတဲ့နေရာမှာ အကြမ်းဆိုတဲ့ စကားလုံးက အကြမ်းဖက် ဗုံး ဖောက်ခွဲမှု၊ အကြမ်းဖက် လက်စားချေမှုတွေကို ပြောတာ မဟုတ်ပါဘူး။ စနစ်တကျ လက်နက်ကိုင်တော်လှန်မှုနဲ့  အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုကို ခုခံကာကွယ်မှုကိုပြောတာဖြစ်ပါတယ်။

ကောင်းကင်ကိုဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

0 comments:

အပေါ်သို့