Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, October 11, 2012

မြေမခတဲ့ ကြယ်ကြွေည


ပုခုံးပေါ်က ခေတ်တာဝန်
ဘယ်လောက်ကျေပွန်လဲ
ဆု တွေတွဲလဲနဲ့တိုင်းတာ
အဲ့ဒါမှ……
ပြည့်စုံနိုင်ကြသလား။

သူ့ကို
ရွာငယ်ငယ်လေးမှာမွေး
လယ်သမားရဲ့ ကလေးပါပဲ။
ဘုန်းကြီးကျောင်းမှာစာသင်
တက္ကသိုလ်ကြီးတွေလဲမဝင်ဘူးပါဘူး။

နံပါတ်တုတ်အောက်မှာ
မီးဟုန်းဟုန်းတောက်ခဲ့တယ်
အတောင်ပေါက်စ ခွပ်ဒေါင်းဘဝက။
ကျွန်စိတ်မဝင်အောင်
သခင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပန်းလို မီးလိုကျင့်
စစ်သားကောင်းလည်းဖြစ်တယ်။

အင်္ဂလိပ်ကိုအာခံ
ဂျပန်ကိုတော်လှန်
ဆင်းရဲသားတွေအတွက် အမြဲမှန်ခဲ့တယ်။
ငြိမ်းချမ်းရေးကိုမြတ်နိုး
စစ်သူခိုးတွေနဲ့လမ်းခွဲခဲ့တယ်။

သူပျိုးတဲ့ပန်း
သူမနမ်းသွားရရှာဘူး။
သူ့ရွာငယ်လေး ရေးရေးတောင်
မြင်မသွားရရှာဘူး။
ရွှေတိဂုံကို ဖူးခွင့်မရပေမယ့်
ယုံကြည်ရာကို အမြစ်တွယ်
ခန့်ခန့်ထယ်ထယ် သေဆုံးခဲ့တယ်။

မျိုးဆက်ရှင်သန်ဖို့
မြောက်ဘက်ကိုပျံခဲ့တယ်။
တောင်ဘက်ပျံသူတွေကိုအားနာလို့
ကြားအလည်မှာ ရပ်မနေပါ
အဲ့ဒါမှ ရဲရင့်တဲ့ကြိုးကြာ။

ခြင်္သေ့နဲ့ယုန်ပြသာနာကို
နေသာသလိုမနေခဲ့ဘူး။
တဘဝလုံးရင်း
အားကြီးသူတွေကို
စစ်ခင်းခဲ့တယ်။

ဒါပေမယ့်….
သူ့ဧည့်ခန်းမှာ
တူနဲ့တံဇဉ် တလက်စီကလွဲ
ဆုဆိုတဲ့ တို့လို့တွဲလဲတွေ
နဲနဲမှမရှိခဲ့ဘူး။

လူထုအတွက်………
တော်လှန်ရေးနဲ့ကြီးပြင်း
တော်လှန်ရေးကိုရှုရှိုက်
တော်လှန်ရေးကိုထွေးချီ
ဆွေးဆွေးနီတဲ့ ခွပ်ဒေါင်း
အတောင်ဘယ်တုန်းကမှ မညောင်းခဲ့။

ခုတော့
သူရဲကောင်းတို့ရွာ
ဆိုင်းစု ကောင်းကင်မှာ
မြူတွေရစ်သိုင်းတဲ့
အောက်တိုဘာရဲ့ ညလည်ခင်း
အနီရောင် ကြယ်တစင်းကြွေ
သေချာတာက…………….
သူဘယ်တော့မှ မြေမခဘူး ။ ။


(သူရဲကောင်း ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော အတွက်ဂုဏ်ပြုရေးစပ်ပါသည်။)

ကမာပုလဲ

Read More...

Tuesday, June 19, 2012

မီးအိမ်ရှင် (သို့)တစက်ကျန်အထိ အလင်းပေးသွားသူ

ဒီနေ့………….

ဘုရားပေးထားတဲ့ ဒီလက်ဆောင်

ဘုရားပဲပြန်လည် ဆောင်ယူသွားခဲ့ပြီလား။

ကျနော့်အတွက်တော့ သူကိုယ်တိုင်ဟာ ဘုရားပါ။



ခွပ်ဒေါင်းတွေ ရိပ်မြုံပျောက်တဲ့

နှစ် ၅၀ မြောက်နေ့လေးကိုတောင်

ချီးမြင့်မပေးတော့ဘူးလား ဆရာ။



လူထုတွေ မနားတမ်းအပစ်ခံနေရတဲ့ ဒီလိုခေတ်ကြီးမှာ

လူထုအတွက် ပစ်သင့်တဲ့နေရာတွေကို အမြောက်နဲ့ပစ်တတ်တဲ့

ဆရာ့ရဲ့ တန်ဖိုးရှိတဲ့ ကလောင်ပေါက်ကွဲသံတွေ

ကျနော်တို့မကြား ရတော့ဘူးပေါ့ ဆရာ။



ဆရာ့လိုပစ်ရဲတဲ့သူ မရှိတော့တဲ့နောက်

အမြောက်နဲ့ပစ်စရာ လုပ်ရပ်တွေ ထပ်မကြုံဖို့ပဲ

ရင်ထဲကြိတ်ပြီးဆုတောင်း

မောင်းသူမဲ့သွားရသလိုပါပဲ ဆရာ။



အားနည်းတဲ့ဘက်က ရပ်ပေးလို့

ကွန်မြူနစ်စနစ်ကို ကြိုက်တယ်

ဒါပေမယ့်………………

ဘယ်အာဏာရှင်စနစ်ကိုမှ လက်မခံဘူး

မြင်တာကို မြင်သလိုပြောတတ်တဲ့ ဆရာ။

ယုံတာကို ယုံသလို ပြောတတ်တဲ့ ဆရာ။



အရင်းအမြစ်တွေ ပေါတဲ့မြေမှာမွေး

တပါးမြေမှာ ကျွန်သာသာအသက်မွေးနေရတဲ့

လူထုဘဝကိုထောက်ပြရင်း

ကိုယ်တိုင်လည်း လေတောင်ဝယ်ရှုနေရတဲ့ ဆရာ။



ဆရာချစ်တဲ့ နိုင်ငံကြီး

‘ဂ’ ငယ်ကွေ့လမ်းပေါ်မှာလား

တဘက်ပိတ်လမ်းထဲမှာလား

ဖြောင့်ဖျူးတဲ့လမ်းပေါ်မှာလား ဆိုတာတောင်

စောင့်မကြည့်တော့ပဲ စိတ်ချသွားပြီလား ဆရာ

ဒါမှမဟုတ်…..

ဆက်မကြည့်ရက်တော့လို့လား ဆရာ။



လူထုအတွက်မွေးဖွား

လူထုကို ဘဝတခုစာ အလုပ်အကျွေးပြု

လူထု ကိုဦးထိပ်တင်ထားတဲ့

လူထုဦးစိန်ဝင်း ဆိုတဲ့ ဆရာ ……….

နောက်နောင်ဘဝတွေမှာ

ဒီလိုစစ်အာဏာရူးတွေနဲ့ ကင်းလွတ်တဲ့

လွတ်လပ်မှုတွေ ပြည့်လျှမ်းတဲ့

စိတ်ဆင်းရဲစရာတွေ အတွက်နေရာမရှိတဲ့

သာတူညီမျှမှုတွေပြည့်ဝတဲ့

…………………………တဲ့

………………………...တဲ့

လွမ်းမောဖွယ်နေရာလေးတခုမှာ

ဆရာချစ်တဲ့ မာ့စ်၊ အိန်ဂျယ်တို့နဲ့

အေးအေးဆေးဆေး

အတွေးတွေ ဖလှယ်နေနိုင်ပါစေ ဆရာရယ်……။



သွင်အောင် (နံနက် ၄း၅၁၊ ဇွန်လ ၁၈၊ ၂၀၁၂)

Read More...

Wednesday, February 15, 2012

ကိုယ့်လက်မှတ်တော့ ထိုးရမယ်

Read More...

Thursday, December 8, 2011

‘ ရွှေနိုင်ငံက ရွှေမင်းသမီးလေးရဲ့ စိန်မင်္ဂလာဆောင် ’

ဒီဇင်ဘာ ၈ ရက် ၂၀၁၁


ကမာကောင်တွေရဲ့ မျက်ရည်ဟာ
ပုလဲတွေ ဖြစ်စေတယ် ...
ပြည်သူတွေရဲ့ မျက်ရည်ဟာ
စိန်တွေ ဖြစ်စေတယ် .....
ပန်ပါ .... မသန္တာရွှေ ...... ပန်ပါ
စိတ်လက်ချမ်းမြေ့စွာ ပန်လိုက်ပါ။

တသက်မှာ တခါပဲ ဖြစ်ခွင့်ရှိတဲ့ ‘ သတို့သမီး’
ဘ၀မှာ တခါပဲ ဆောင်ခွင့်ရတဲ့ ‘ မင်္ဂလာ’
ချစ်စရာ ရွှေမင်းသမီး ၀က်ပုတ်မလေးရေ
မင်းဦးခေါင်းထက် ဆံထုံးက စိန်ပွင့်တိုင်းမှာ
ခြေပြတ် လက်ပြတ် စစ်သားတွေရဲ့
မျက်ရည် ...... ပါတယ် ......
အချိန်တန် အိမ်ပြန်မရောက်တဲ့
သားတွေရဲ့အမေ့ မျက်ရည်ပါတယ် ...
ဒုက္ခသည်စခန်းက အိမ်လွမ်းသူတွေရဲ့
မျက်ရည် ...... ပါတယ် ......
ပြေးစရာမြေ ...... နေစရာရွာ
စားစရာ ပြောင်း ကောက် ...... စိုက်စရာ တောင်ယာ
မျှော်လင့်စရာ အနာဂတ် ......
ဘာဆို ဘာမှ မရှိတဲ့
ကရင်ဒုက္ခသည် အိုကြီးတွေရဲ့
မျက်ရည် ...... အတုံးလိုက် အတစ်လိုက် ပါတယ်။

ပြည်သူ့ ဘဏ္ဍာ၊ ပြည်သူ့ ချွေး၊ ပြည်သူ့ သွေးနဲ့
ပြည်သူတွေ တည်ဆောက်ထားတဲ့
‘ ဇေယျာသီရိ ဗိမာန်’
ဧည့်ကောင်း ဆောင်လ သံခင်း တမန်ခင်းအတွက်
မင်းတို့အတွက် ‘ သားစပ်ခန်းမ’ မဟုတ်ဘူး
ပြည်သူ့ကျောနဲ့ ခင်းထားတဲ့
မင်္ဂလာလျှောက်လမ်း ......
လှမ်းခဲ့ပါ ...... မသန္တာရွှေ ...... လှမ်းခဲ့ပါ ......
(ဖနောင့်လေးနဲ့ နင်း)
တလှမ်းချင်း လှမ်းခဲ့ပါ။

သေနတ်ပြောင်းဝက ခပ်တင်းတင်း အာဏာ
ဝီစကီ ပုလင်းဝက မူးနေတဲ့အမိန့်
ငါတို့ဘ၀က ...... မင်းတို့အတွက်
ငိုရင် ပုလဲ ...... ရီရင် ရွဲ
ချစ်စရာ ရွှေမင်းသမီး ၀က်ပုတ်မလေးရေ
မင်းရဲ့ကမ္ဘာကျော် မင်္ဂလာပွဲအတွက်
ပျော်ပါ ...... မသန္တာရွှေ ...... ပျော်ပါ
စိတ်လက် ချမ်းမြေ့စွာ ပျော်လိုက်ပါ။

ဒုက္ခအပေါင်းနဲ့
မတရား စေ့စပ် လက်ထပ်ခြင်းခံရတဲ့
ပြည်သူတွေ ......
လောကဓံတရား အကောင်းလေးပါးနဲ့
တရားဝင် ကွာရှင်း ပြတ်စဲခံရတဲ့
ပြည်သူတွေက ......
မင်းတို့ မင်္ဂလာပွဲ အတွက်
ဆုတောင်း လက်ဖွဲ့ ပေးလိုက်တယ်
ဒီလင် ဒီမယား ......
အိုအောင် မင်းအောင် ပေါင်းရပါစေ
ဒီလင် ဒီမယား ......
အိုအောင် မင်းအောင် ပေါင်းရပါစေ
ဒီလင် ဒီမယား ......
............................................................ ။


AZB


Read More...

Friday, September 16, 2011

မြစ်ကော

Fri, Sep 16th, 2011


မြစ်မကောအောင်လို့ 
သစ်တောတို့ စိမ်းရပေမည် …

ရေဝေတောတွေ ဆိုင်းစို့ စို့ 
မှိုင်းညို့ ညို့ မှုန်ရီရီ …

ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့ …

တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ 
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
………. စိုးကြောက်ဖွယ်အဖြစ်သဘော
………. မြစ်ကောတဲ့နေ့ ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)
Ref: ဧရာဝတီ မိတ်ဆွေများ

Read More...

Monday, August 8, 2011

သမီးလေးအတွက် အမှတ်တရ

August 8, 2011

တနေ့ တနေ့နဲ့
ဒီနေ့ကို
ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင်
နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ် သမီး။


သမီးရဲ့ အမေကတော့
အစိမ်းမှာ
အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ
အသာအယာ ပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင်
ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် …
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက်
လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓာတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။

ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင်
နားထောင်တတ်တဲ့ သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
အမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်

ဋ္ဌေးအောင်

Ref: နေ့သစ်

Read More...

Sunday, March 13, 2011

အဆုံးမသတ်နိုင်သော ကဗျာ (သို့) လူတွေ လှိုင်းတွေ ရေတွေ

အကဲစမ်းတာလား
အမဲဖမ်းတာလား
အမြဲကြမ်းမှာလား
ကမ္ဘာမြေဟာ ကျန်းမာရေး
မလိုက်စားသူတယောက်ရဲ့
နေထိုင်မကောင်းဖြစ်မှုမျိုးနဲ့
ပစ္စုပ္ပန်မှာ အသက် ဖုတ်လိုက်ဖုတ်လိုက် ….။

အနာဂတ်အတွက်တော့ မစဉ်းစားရဲဘူး
၂၀၁၂ ဟာ ၂၀၁၁ မှာ ရောက်လာသလား
ကမ္ဘာကြီးကို ဆေးကြောမယ့်ရက်တွေ ရောက်လာပြီလား
အဲဒီဟာတွေက မရေမရာ မသေမချာတွေပါ
သေသေချာချာ သေရွာခေါ်သွားမယ့်အရာ
ဟောဒီကမ္ဘာမှာ လာပါပြီ ဆူနာမီ…..။

လူ့သမိုင်းမှာ လူသားအကျိုးပြု နည်းပညာတွေ
တိုးတက် ထွန်းကားလာတာနဲ့ အမျှ
လူသားအကျိုးပြု ပတ်ဝန်းကျင် ရာသီဥတု
သဘာဝတရား ဆုတ်ယုတ်လာခဲ့ရပုံများ
ယုံနိုင်စရာမရှိ
ကဲ … ဟောဒီမှာကြည့်…. ဆူနာမီဆိုတဲ့ငတိ
၈.၉ ပြင်းအားရှိ ငလျင်ကြီးနောက်မှာ
အမောက်ထောင်ပြီး လိုက်ပါ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းမှာ
အိမ်တွေ ကားတွေ လူတွေ လှိုင်းတွေ ရေတွေ ရေတွေထဲမှာ
တကမ္ဘာလုံးက သန်းပေါင်းများစွာ လူသား
နာကျင်တဲ့နှလုံးသားများ ကြေကွဲ
လူသားတွေရဲ့သေပွဲ လူသားတွေရဲ့သေပွဲ
ဖန်သားပြင်ထက်မှာ မြင်ရ ကြားရ ရင်ကွဲနာကျကြပေါ့

အို ဘုရားသခင် လူသားတို့အပေါ်ထားရှိတဲ့ ကရုဏာတော်
ဘယ်အရပ်မှာ အိပ်ပျော်နေပါသလဲ…..
အို ဘုရားသခင် လူသားတို့အပေါ် ထားရှိတဲ့ မေတ္တာတော် အနန္တ
ဘယ်နေရာမှာများ ကျွံကျနေပါသလဲ …..

(ဆက်လက်ရေးသားရန် ခွန်အားမရှိတော့ပါ။ နာကျင်ကြေကွဲသောနှလုံးသားဖြင့်
မျက်ရည်များကြား ဖန်သားပြင်ပေါ်မှ မြင်တွေ့နေရသော လောကငရဲအား …)

ဆူနာမီ အစားခံရသော လူသားများ ကောင်းရာသုဂတိလားပါစေ။

ရဲရင့်သက်ဇွဲ

Ref;naytthit

Read More...

Wednesday, February 9, 2011

ချစ်သူများနေ့တဲ့လား

ဖေဖေါ်ဝါရီ ၉ ရက် ၂၀၁၁




ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...

လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေ ဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'


ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....


(အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ ...
ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို ...
သူတို့ ရင်ခုန်နေကြတယ် ...
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။)


Read More...

Monday, January 31, 2011

ထူးထူးဆန်းဆန်း ............. မြတ်ခိုင်ရေးတဲ့  ကိုဇာဂနာအတွက် ကဗျာ

''၅ဝ သူရ''

Myat Khine on Saturday, January 29, 2011

သူရ

သူရရ မရရ

သူသည် သူရဖြစ်တယ် ...



သူရ

ဘယ်သူရရ မရရ

သူသည် သူရဖြစ်တယ် ...



သူရ

ဘယ်သူခြောက်ခြောက် မခြောက်ခြောက်

မကြောက်တတ်တာသူရဖြစ်တယ်...



သူရ

ဘယ်သူမြှောက်မြှောက် မမြှောက်မြှောက်

မမြောက်တတ်တာ သူရဖြစ်တယ်...



သူရ

ဘယ်သူကျွေးကျွေး မကျွေးကျွေး

ရှိတာထုတ်ကျွေးတတ်တာ သူရဖြစ်တယ် ...



သူရ

ဘယ်သူရိုးရိုး မရိုးရိုး

ရိုးသားသူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူလှူလှူ မလှူလှူ

ရှိတာလှူတတ်သူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူစွန့်စွန့် မစွန့်စွန့်

စွန့်တတ်သူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူချော့ချော့ မချော့ချော့

မချော့တတ်သူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူကျကျ မကျကျ

မကျဆုံးတတ်သူဟာ သူရဖြစ်တယ် ...



သူရ

သင်ဟာ ပါးစပ်လေးနဲ့လေမုန်တိုင်းတိုက်ပြီး

စကားကြီး စကားကျယ်ပြောတတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာ စာရွက်ပေါ်မှာ စိတ်ကူးယဉ်စိတ်အချဉ်ဖောက်

သူတစ်ပါးဦးနှောက်ကောက်စားတတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာကိုယ်တိုင်ကိုယ်ကျိုးစွန့်အနစ်နာခံ

ဘယ်သူ့ကိုမှ တရားခံလုပ်တတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာ ခေါင်းဆောင်ကောင်းမပီသ

နောက်လိုက်များကို ထိုးချကျွေးတတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာ ရောက်ရာဘဝမှာ ခေါင်းဆောင်

ဖြစ်ရာဘဝမှာ ရင်ကော့

ဘယ်တော့မှ အလျော်အစားမလုပ်တတ်သူ

သင့်ဖခင် (ဆရာ) နန်းညွန့်ဆွေ

သင့်မိခင် (အမေ)ဒေါ်ကြည်ဦးတို့ ဈာပနကိုသော်မှ

ကိုယ်တိုင်ဂါရဝပြုခွင့်မရတဲ့ဘဝမှာ

မျက်ရည်တစ်စက်မှ မကျမှာ သေချာတယ် ...



သူရ

သင့် (၅ဝ)ပြည့်မွေးနေ့မှာ

အဖော်မပါ နံရံလေးဘက်ထဲကျင်းပ

ဘယ်လိုမှမလှလောက်ပေမယ့်...

လှချင်တိုင်းလှနေမယ့် သင့်ကတုံး ...

ပြုံးနေမှာ သေချာရဲ့ ...။





မြတ်ခိုင်

နံနက် (၉)နာရီ

၂၉၊ ဇန်နဝါရီ၊ ၂ဝ၁၁

ရန်ကုန်

Read More...

Saturday, June 19, 2010

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။

Read More...

Tuesday, May 25, 2010

အဖေသခင်စိုးမြင့်သို့

မေလ ၅ ရက် ၂၀၁၀


အဖေရေ....
အခုတော့
ရိက္ခာကိုပယ်
သိက္ခာကိုသယ်လို့
အနစ္စနယ်ကိုသွားခဲ့ပြီပေါ့
အဖေ........ မသေခင်ညနေ ရုံးတက်သေးတဲ့အဖေ
ကားမှတ်တိုင်မှာ
ကိုယ့်ကိုယ်ကို မခိုင့်တခိုင်ရပ်
လူကြပ်ကြပ်ဘတ်(စ်)ကားကိုတား
ဥက္ကလာပကိုလားဟေ့...ဟုတ်ကဲ့
လိုက်ခဲ့မယ်---လိုက်ခဲ့တယ်
အိမ်ရှေ့ရောက်ပြီး
သမီးရေ၊ ဇနီးရေ ပြန်ခဲ့ပြီဟေ့ တစ်နေ့တဲ့
(၈၇)နှစ်အဖေ့အတွက်
ထမင်းပျော့ပျော့ ဟင်းပေါ့ပေါ့
ရှိတာနဲ့တော့ ၀အောင်စားသွားခဲ့
ဒီလိုနဲ့ပဲမိုးချုပ်ခဲ့
ဒီလိုနဲ့ပဲ မိုးတွေချုပ်ခဲ့တယ်
ညီအကိုမသိတသိ အချိန်မှာ
ညီအကိုမသိတသိ အသံတွေနဲ့
တရုတ်ပြည်လုပ် ရေဒီယိုနဲ့ အလုပ်တွေရှုပ်
ညဥ့်ဦးယံကုန်လို့ မိုးစုန်းစုန်းချုပ်ပြီ ဆိုတော့
ဗုဒ္ဒရဲ့တရား (၂) နာရီလောက် အားထုတ်နေကျ
အ၀ိဇ္ဖာပစ္စယာ သင်္ခါရ - က ကမ္မဘ၀ဆိုတဲ့
သံသရာချဲ့တဲ့ တရားတွေ ရှုပွားပြီး
တစ်ညတာ တည်းခိုရှာလေရဲ့
နောက်တစ်နေ့ မိုးလင်းတဲ့အခါ
ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့
ဇနီးရဲ့ ကျန်းမာရေး - ဆေးခန်းပို့ ပေးရအုံးမှာမို့
သမီးချက်တာစား-ကောင်းတာမကောင်းတာထား
ရေချိုး ထမင်းစား နားအုံးမှဆိုပြီး
နိုင်ငံရေးခရီး အဆက်ဆက်
ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ကစ
ဒေါ်အောင်ဆန်းစုကြည်လက်ထက် အထိ
စုမိဆောင်းမိခဲ့သမျှ
နားခိုစရာ အပေါစား သစ်သား ကုလားထိုင်ပေါ်မှာ
ထိုင်ရင်းနဲ့ အိပ်
အိပ်ရင်းနဲ့ သေ
အဲဒီလို..........အခြေအနေမျိုးကို
ကမ္ဘာနေလူသားအားလုံးသို့
သတင်းပေးပို့လိုက်ပါသည် ...........ခင်ဗျား............

သခင့်သား ကမာရွတ်

Read More...

Monday, October 5, 2009

သို့ - မစ္စတာ ဂျင်ဝက်ဘ် ထံ မှ တဆင့်

သစ်ကောင်းအိမ်

အောက်တိုဘာ ၂၊ ၂၀၀၉

ကမ္ဘာအနှံ့အပြားမှာ

အကြမ်းဖက်သမားတွေကို လိုက် ရှာနေပြီး

အိမ်ဦးခန်းမှာ လူသတ်သမားတွေကို ထမင်းဖိတ်ကျွေးနေတဲ့
အို - အမေရိကား …

လူ ထူထူမှာ

လူရှိန်အောင် စစ်ပွဲလှလှတွေကို

ထည်လည်း တွဲပြတတ်သူ လူချောလူလှ အမေရိကား

သင့်မြို့လယ် ပန်းခြံတွေမှာ သင့်နိုင်ငံသား ဆယ်ယောက်လောက်က

စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ကျင်းပနေပြီး

သင့်ငယ်ထိပ်မှာ

ဒုံးကျည်ထိပ်ဖူးတွေကို ကွန်ဒုံးလို စွပ်ထားသူ အမေရိကား

အထည်ကြီးပျက်မို့ သွေးသိပ်ပျက်နေသလား အမေရိကား

ခင်ဗျားနဲ့ ကျနော့်ကြားမှာ

အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးပဲ ရှိတဲ့ အမေရိကား

ငါ့ကို အရက်ဖြတ်ဖို့ မပြောခင်

အီရတ်စစ်ပွဲကြီးကို အရင် ရပ်ပေးပါ အမေရိကား

ချောင်းနေတဲ့နဂါးနဲ့ ၀ပ်နေတဲ့ကျား သိုင်းကြမ်း ဇာတ်တော်ကြီးမှာ

ငထွားကခါးနာမှု ၀ါဒနဲ့ စေ့စပ်ဒူးထောက်ရေး ဘုရားကု ငါတို့တိုင်းပြည်ကို ကုပေးမလို့လား

အမေရိကား …

ဖနောင့်နဲ့ပေါက်သူကို

ဖိနပ်ကလေးနဲ့ ပြန်ပေါက်မိသူတွေလည်း တရားပါတယ်နော် အမေရိကား …

ခင်ဗျားနဖူးအမာရွတ် ခင်ဗျားတော့

အာဖဂန်မှာ မြေလှန်ရှာတုံး

ခင်ဗျားကိုယ်တိုင်တော့

မြွေပွေးနဲ့ သွေးကြွေးမှာ

ဖြေဆေးမရှိခဲ့ဘူး မဟုတ်လား

အိုဘယ့် ဘယ် … အိုဘယ့်

အသင် အမေရိကား။ ။

(၁၊ အောက်တိုဘာ၊ ၂၀၀၉)

Ref: မိုးမခ

Read More...

Friday, May 22, 2009

အကြောက်တရား ကင်းသူ



သူတို့က အကြိမ်ကြိမ် ချုပ်နှောင်တယ်
နှလုံးသားကို မချုပ်နှောင်ဖြစ်ဘူး
သူတို့က အမုန်းကို ဈေးကွက်တင်ပြီး ရောင်းကြည့်တယ်
ကျင့်ဝတ်သိသူတွေက ကဲကြည့်ရုံမျှနဲ့ လှည့်ထွက်သွားတာပါပဲ
ဝယ်ရကောင်းနိုး တန်ဖိုး မတွက်တတ်သူတွေက
တွေဝေနေဆဲပေါ့။

သူတို့က အကြိမ်ကြိမ် မီးတင်ရှို့တယ်
နှလုံးသားကို မလောင်ကျွမ်းနိုင်ခဲ့ဖူး
သူတို့က အပေးအယူကို ရောင်စုံချယ်ပြီး လှည့်စားကြည့်တယ်
သီလ သိသူတွေက ကဲကြည့်ရုံမျှနဲ့ လှည့်ထွက်သွားတာပါပဲ။
ဆောင်ကြဉ်းရကောင်းနိုး မှတ်ကျောက် မတင်တတ်သူတွေက
ဝေဝါးနေဆဲပေါ့။

သူတို့က အကြိမ်ကြိမ် အသေသတ်ဖို့ ကြိုးစားတယ်
ကျူပင်ခုတ် ကျူငုတ်မကျန်
အာဃာတနဲ့ ရန်ငါစည်းပြတ်ပေါ့

တကယ်တော့....
ငြိမ်းချမ်းနေသူကို မတုန်လှုပ်စေနိုင်ခဲ့ဖူး
ဘယ်တော့မှလည်း အနိုင်ရမှာ မဟုတ်ဘူး။

အမှန်တရားသိသူ
အကြောက်တရားကင်းသူ
အတ္တအခန်းကျဉ်းထဲမှာ မနေသူ
ပရအတွက် ဆောင်ကြဉ်းသူ
တရားမျှတမှုကို မြတ်နိုးသူ
ခွင့်လွတ်ခြင်းအတွက် စံပြဖြစ်သူ။

သူ့အတွက်.........
တောင်တန်းတွေက သြဘာပေးနေတယ်
မြစ်ချောင်းတွေက သံပြိုင်သီချင်းတွေ ဟစ်ကြွေးနေတယ်
ကြယ်ပွင့်တွေက ကဗျာတွေချွေချ ပေးနေတယ်။

ကမ္ဘာတခုလုံး
အုံးအုံးကျွက်ကျွက်
သိမ့်သိမ့်တုန်လျှက်ပေါ့။ ။

.... စိုင်းဘုန်းလူ ...

Read More...

Thursday, February 12, 2009

တုန်နှုန်းမပြည့်တဲ့ အမှာစာ - စိုးနေလင်း

မဇ္ဈိမသတင်းဌာန

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009


တံခါးတခုရဲ့အဖွင့်ကို

ဆယ်စုနှစ်နဲ့ချီပြီး စောင့်ခဲ့ရဖူးပြီ။

လေးအီနေဆဲ မြစ်နောက်ကျိထဲ

ရေသာများ၍ ငါးမတွေ့ခဲ့ရ

တစစဆုတ်ရုတ်ယိုယွင်း

မာန်တင်းထားသော ခန္ဓာကသာ

အခါခါ မီးနီပြလာခဲ့။


လျှောက်မြဲတိုင်းလျှောက်နေဆဲ

သွေလွဲခြင်းမဲ့ မျဉ်းတန်းပေါ်က

နတ္ထိက ခြေရာများစွာမှာ

#အာရုံမြင် ပန်းချီကားတို့ အခါခါ

လွင့်ပျောက် ...

*ကျောက်စရစ်တော မာခေါင်ခေါင်မှာ

အတောင်ကျွတ်သော ကြိုးကြာ၊ ရေရှာမရသကဲ့သို့။


နှစ်ချို့စာမျက်နှာတွေပေါ်မှာလည်း

အဖန်တလဲလဲ အမှား

သင်ခန်းစာ ခါးရှများသာ။


သည့်ထက်နာစရာ

ဘာဇာတ်များ ကျန်ပါသေးသလဲ

သဲနဲ့ပက်ထားတဲ့ အမဲသားလှည်းကို

ဆွဲနေရသော နွားများဘဝ

ဖြစ်သမျှအကြောင်းဆိုတာနဲ့တော့

ဇာတ်တော်ကို ပေါင်းမပစ်လိုက်ကြပါနဲ့။ ။

#Impressionism
*ဆရာ မောင်သာရ ရဲ့ ၀တ္ထု အမည်

REF: မဇ္ဈိမ

Read More...

အောင်ဆန်း














အမေ့အိပ်ရာဝင်ပုံပြင်ထဲက
ကျနော့ရဲ့ရော်ဘင်ဟု
အမှန်တရားအားလုံးရဲ့သေနာပတိ
ရုပ်တုထုကိုးကွယ်ရမယ့်
ငါတို့နိုင်ငံရဲ့တဆူသောဘုရား
ဝိမုတ္တိတရားဦးကိုဟောဖို့
ဥရုဝေလတောကို သူလာခဲ့တယ်။ ။

သစ်ကောင်းအိမ်

REF: နေ့သစ်

Read More...

Tuesday, December 2, 2008

ဒီတခါ နက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်ဒေလီယာ


ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး

ပြန်ထိုင်မိတဲ့
လဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက လဘက်ရည်ဆိုင်တွေ
မဟုတ်တော့ဘူး

ပြန်နားထောင်မိတဲ့ သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေ မဟုတ်တော့ဘူး

ပြန်ပေါင်းမိတဲ့ သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး

ပြန်ရောက်ခဲ့တဲ့ ငါ့မြိုလေးဟာလည်း
ငယ်ငယ်တုန်းက
မြို့လေးမဟုတ်တော့ဘူး

ငယ်ငယ်က ”မာရီလင်မွန်ရိုး” ကတော့
”မာရီလင်မွန်ရိုး” အတိုင်းလှပဆဲ

တို့အတူလွှတ်ဖူးတဲ့
စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ

တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ

နှင်းဆီလိုချိုအီတဲ့
မင်းကိုယ်သင်းရနံ့တွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထီမွှေးပျံ့ဆဲ

ပဝါတကမ်း လက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ
မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း ”ငဝန်” ဟာလည်း
ကွေ့ကောက်ဆဲ

ငြိမ်းချမ်းပါစေ ”ဒေလီယာ”
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ

ရေစီးကြမ်းတဲ့မြစ်ကို ဆန်လို့
လူသားရဲ့ ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ သယ်ဆောင်လို့ပါလား

အရှေ့ဆီမှာ
ရောင်နီလာတော့မယ် ”ဒေလီယာ”။


သစ်ကောင်းအိမ်
REF: မတ်လ၊ ၂၀၀၆၊ အမှတ် (၇၁)၊ မိုးကြိုးသတင်းစဉ်

Read More...

Monday, April 7, 2008

မဲရုံကိုသွားရမယ်

မဲရုံကိုသွားရမယ်

အညွန့်တုံးမျိုးဆက်ဘ၀ လွတ်မြောက်ကြဖို့
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ကန့်ကွက်မဲပေးဖို့ မဲရုံသွားရမယ်။

ဟိန်းနိုင်
Buram Digest မှကူးယူဖော်ပြသည်။

Read More...

သူငယ်ချင်းသို့

သူငယ်ချင်းသို့

သူငယ်ချင်းရေ-
အကယ်၍
မင်းရဲ့သားသမီးတွေ
စားစရာမရှိ
ဝတ်စရာမဲ့ဘ၀နဲ့
စစ်ကျွန်ဘဝ
ကျရောက်နေတာကို
မမြင်ချင်ဘူးဆိုရင်------။


အကယ်၍
မင်းရဲ့မိသားစုတွေ
ဆင်းရဲတွင်း
သံသရာမှာ
စုန်းစုန်းမြှုပ်ကာ
ယောက်ယက်ခတ်နေတာကို
မမြင်ချင်ဘူးဆိုရင်-----။

အကယ်၍
မင်းရဲ့အမိအဖတွေ
အိုကြီးအိုမဘ၀နဲ့
ဆေးဖိုးဝါးခမဲ့
ဒုက္ခပင်လယ်ဝေနေတာကို
မမြင်ချင်ဘူးဆိုရင်-----၊

အကယ်၍
မင်းရဲ့နှမငယ်တွေ
အသပြာအတွက်
ဘ၀တသက်ပေးရတာကို
မမြင်ချင်ဘူးဆိုရင်-------။

အကယ်၍
မင်းရဲ့ဆွေမျိုးသားချင်းတွေ
ကြုံရာကျပန်းဘ၀နဲ့
ညစာခက်နေရတာကို
မမြင်ချင်ဘူးဆိုရင်----၊

စစ်ဝါဒီတွေရဲ့
ဆန္ဒခံယူပွဲနဲ့
ရွေးကောက်ပွဲကို
ကန့်ကွက်မှ
ဖြစ်တော့မယ်
သူငယ်ချင်း။
ငါတို့ကလေးများရဲ့
အနာဂတ်အတွက်၊
ငါတို့မိသားစုတွေရဲ့
ရှေ့ခရီးအတွက်၊
ငါတို့နှမငယ်တွေရဲ့
ဘ၀ရေးအတွက်၊
ငါတို့မိဘတွေရဲ့
အိုဇာတာကောင်းဖို့အတွက်
ကန့်ကွက်ရေးလမ်းစဉ်ကို
ပြတ်ပြတ်သားသား
ရွေးလိုက်ကြစို့လား။

ခင်မမမျိုး (၅၊ ၄၊ ၂၀၀၈)

ခင်မမမျိုးဘလော့ဂ်မှ ကူးယူဖော်ပြသည်။

Read More...

Wednesday, March 5, 2008

"ငါတို့ကန့်ကွက်မဲပေးရမယ်"

"ငါတို့ကန့်ကွက်မဲပေးရမယ်"

ဗုဒ္ဓရဲ့ ဓမ္မစက်
အာဏာစက်နဲ့ဖျက်မယ်လို့
ကမ္ဘာသိစော်ကားခဲ့ပြီး
ဗုဒ္ဓသားတော်သံဃာတော်တွေကိုသတ်
ကျောင်းသားသူငယ်တွေကိုသတ်
တတ်သိပညာရှင်မှန်ရင် အပြတ်ရှင်း
တိုင်းပြည်ကိုငတ်အောင်လုပ်ထား
ဒီစစ်သားတွေက….။

ခေါင်ထိပ်တမတ်သား
စစ်တပ်ကယူထားပြီး
တကျပ်လုံးထိန်းချုပ်ဖို့
ဖွဲ့စည်းအုပ်ချုပ်ပုံ
စစ်ဥပဒေယုတ်နဲ့
တိုင်းပြည်ကိုလောင်မီးကျနေအောင်ဆက်လုပ်ဖို့
ပြည်သူ့ဆန္ဒခံယူပွဲလုပ်မတဲ့…..။

ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး
ထောက်ခံမဲပေးမိတယ်ဆိုရင်
မိမိအသက်ထွက်သွားပြီးမှ
မိမိဝိဉာဉ်က မိမိခန္ဓာကိုယ်ကိုပြန်ပြီး
အသုဘလိုက်ပို့ရမယ့်အလုပ်
မိမိကိုယ်တိုင်လုပ်လိုက်သလိုဖြစ်နေမယ်။

အဲဒါကြောင့်…..
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ငါတို့ကန့်ကွက်မဲပေးရမယ်။ ။

ဟိန်းနိုင်၊ မန္တလေး
၃၊ ၃၊ ၂၀၀၈
Burma Digest မှ ကူးယူဖော်ပြသည်။


Read More...

Roadmap

Roadmap

အာဏာရှင်စနစ်ဆိုးကို
အသက်ဆက်မယ့်
Roadmap

စစ်ကျွန်ဘ၀ကို
သက်တမ်းရှည်စေမယ့်
Roadmap

တိုင်းရင်းသား
အခွင့်အရေးတွေ
ဆုံးရှုံးစေမယ့်
Roadmap

အာဏာရူးတွေကို
မြေတောင်မြှောက်ပေးမယ့်
Roadmap

အစိမ်းသရဲ
ဗိုလ်ရှုပ်တွေကို
ဘီလူးသဘက်
ဖြစ်စေမယ့်
Roadmap

တိရစ္ဆာန်မျိုး
ကြံ့ဖွတ်တွေကို
ပိုရိုင်းစိုင်းစေမယ့်
Roadmap

ပြည်သူတို့ရဲ့
ဘ၀တွေကို
ငရဲပြည်ပို့ပေးမယ့်
Roadmap

ရှည်ရှည်ဝေးဝေး
တွေးမနေနဲ့
အဆင့်တိုင်းမှာတိုက်ဖျက်။

ခင်မမမျိုး
(၂၃၊၂၊၂၀၀၈)
ခင်မမမျိုးဘလော့ဂ်မှ ကူးယူဖော်ပြသည်။

Read More...

အပေါ်သို့